Sunday, March 10, 2013

***တရားအားထုတ်နေစဉ် ခန္ဓာကိုယ်အနေအထား ပြင်သင့်၊ မပြင်သင့်နှင့် ပတ်သက်ပြီး ဆရာတော်ဦးဇောတိက၏ ဖြေကြားချက်***


ဒကာမ - တရားထိုင်မယ်ဆိုလို့ရှိရင် လူက စပြီးတော့ ထိုင်နေတဲ့ ပုံစံကနေပြီးတော့ ပုံစံမပျက်အောင် တတ်နိုင်သမျှ ကြိုးစားပြီးတော့ ထိုင်ပါတယ်ဘုရား၊ ထိုင်တော့လည်း ဝေဒနာတွေဘာတွေ ပေါ်တော့ လိုက်မှတ်နိုင်ပါတယ်ဘုရား၊ ဒါပေမယ့် ဒီဝေဒနာကို သက်သာအောင်လို့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်က နည်းနည်းတော့ ထိုင်တဲ့ ပုံစံမပျက်ဘူးပေါ့ဘုရား။ ရှေ့တိုးနောက်ဆုတ်နဲ့ ကိုယ်အနေအထားကို သက်သာအောင် ထုံတာ ကျင်တာတွေ လျော့အောင်တော့ လုပ်တာပေါ့ဘုရား၊ တခါတလေကြလို့ရှိရင် သည်းညည်းမခံနိုင်လောက်အောင်ဖြစ်တယ်၊ ဒါပေမယ့်လည်း ထိုင်နေရင်းကနေ ကိုယ်က အထိုင်မပျက်သွားစေချင်တော့ စိတ်ကိုအတင်းချုပ်တည်းပြီးတော့ အဲလိုလိုက်လုပ်နေလို့ရှိရင် အဲ့ဒါကြ ဘယ်လိုမျိုး အကျိုးတွေ ဖြစ်လာမလဲဘုရား..။


ဆရာတော် - အဲ့လိုစိတ်ကို အတင်းချုပ်တည်းထားလို့ရှိရင် ကြာရင် မခံနိုင်တာကြီးကို ဇွတ်အောင့်ခံနေရသလို ဖြစ်ပြီး စိတ်ထဲမှာ ဒေါမနဿတွေ ဖြစ်လာမယ်.နော်၊ ခန္ဓာကိုယ်မှာ ဒုက္ခဝေဒနာဖြစ်လာရင် စိတ်မှာ ဒေါမနဿဆိုတဲ့ ဝေဒနာ ဖြစ်တယ်၊ မကျေနပ်မှု၊ မခံချိ မခံသာ ဖြစ်နေတယ်၊ စိတ်ဆိုးနေတယ်၊ စိတ်က ဒါကြီးကို မလိုချင်တော့ဘူး၊ အဲ့တော့ ကိုယ်သိထားတဲ့ အတွေးစိတ်ကသာ ငါမလှုပ်ပဲနဲ့ နေရမှာလို့ ဒီလိုသတ်မှတ်ထားတာကိုး.. ဒါကိုယ့်ကိုယ်ကို သတ်မှတ် ပေးထားတာ သို့မဟုတ် တစ်စုံတစ်ယောက်က ပြောထားတာကိုး.. နော်၊ အဲ့တော့ မလှုပ်ရဘူးဆိုတဲ့ သဘောထားကြီးနဲ့ အတင်းအကျပ်ကြီး နေတော့ နေသာနေရတာ စိတ်ထဲတော့ ဒေါသဖြစ်နေတယ်။

အဲ့တော့ ထိုင်တဲ့အခါမှာ တတ်နိုင်သလောက် ဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာကိုတော့ သည်းခံပါလို့တော့ ပြောချင်တယ်..နော်၊ အဲ့ဒီ ဖြစ်ပေါ်နေတဲ့ ဝေဒနာရဲ့ သဘာဝကိုလည်းပဲ ပိုပြီးတော့ သိအောင် အာရုံစိုက်ပါ.. နော်၊ သူ့ကို နာမည် မတပ်ပါနဲ့၊ ဘာနာမည်မှ မတပ်နဲ့၊ နာမည်မတပ်ဘဲနဲ့ကိုပဲ သူဖြစ်ပေါ်နေပုံ အချင်းအရာကို စိတ်နဲ့ကပ်..ပြီးတော့ သိနေပါ..နော်၊ အဲ့လိုသိလို့ရှိရင် တခါတလေ နာမည်မတပ်ဘဲနဲ့ စိတ်ကို အာရုံထဲမှာ သေချာကပ်ထားတဲ့အခါ အာရုံရဲ့ သဘာဝဟာ ကိုယ်နဂိုက သိထားသလို တစ်မျိုးတည်းမဟုတ်ဘဲနဲ့ သူ့မှာ အမျိုးမျိုး ဖြစ်နေတာကို တွေ့ရတယ်..နော်၊ ဥပမာ- နာတယ်ဆိုတာ တစ်ခုတည်းကို သေချာအာရုံပြုကြည့်ရင် နာတယ်ဆိုတဲ့ နာမည်ကို ဖယ်လိုက်ပြီးတော့ သေချာကြည့်လို့ရှိရင် နာသလိုလို၊ အောင့်သလိုလို၊ ကိုက်သလိုလို၊ ဆူးသလိုလို မပြောနိုင်ဘူး၊ တခါတလေ mixed အကုန်လုံးဟာ ရောနေသလိုဖြစ်တယ်..နော်၊ အဲ့တော့ သူ့ရဲ့သဘာဝကို ပိုပြီးတော့ စိတ်ဝင်စားပြီးတော့ အထဲရောက်အောင် ကြည့်ပါ..နော်၊

ပြီးတော့ နာတာကြီးက အတုံးလိုက်အခဲလိုက်ကြီးလို့ထင်ရတတ်တာကိုး။ တကယ်သေချာကြည့်လို့ရှိရင် အတုံးလိုက် အခဲလိုက်ကြီးမဟုတ်ဘဲ သူက တိမ်ခိုးလိုလို မီးခိုးလိုလိုပဲ အမြဲတမ်း ပုံသဏ္ဍာန်ပြောင်းနေသလို ဖြစ်နေတာ၊ ပုံစံတော့တကယ်မရှိဘူးပေါ့လေ။ စိတ်ကထင်ရတာနော်၊ အဲ့တော့ သူ့ရဲ့ သိမ်မွေ့တဲ့ အပြောင်းအလဲလေးတွေကိုပါ လိုက်ပြီးတော့ ကြည့်..ပြီးတော့ သိလို့ရှိရင် တခါတလေ အဲ့ဒါကို စိတ်ဝင်စား..ပြီးတော့ နေတော့တာ၊ သူ့ကိုစိတ်ဝင်စားနေတယ် ဆိုရင်ကိုပဲ စိတ်ထဲမှာ ဒေါမနဿ မဖြစ်တော့ဘူး..နော်၊ အဲ့တော့ စိတ်ဝင်စားမှုရှိဖို့ အင်မတန်လိုတာ။

အဲ့တော့ လူတွေဟာ ကိုယ်ခံချင်တဲ့ ဝေဒနာမျိုးကို ခံစားရလို့ရှိရင် ဒေါမနဿ မဖြစ်ဘူး၊ တခါတလေ နာတဲ့ဝေဒနာသည်ပင်လျင် ခံလို့ကောင်းတာရှိတယ်နော်၊ ဥပမာ- အကြမ်းစားဆိုပါတော့။ တစ်ယောက်ယောက်က ကိုယ့်ကို နှိပ်ပေးနေတာ။ တံတောင်ဆစ်နဲ့ ထောက်ပေးနေတာ သို့မဟုတ် လက်နဲ့ နှိပ်ပေးနေတာ။ ခံရတဲ့ ဝေဒနာရဲ့ (nature) ကို တကယ်ကြည့်မယ်ဆိုရင်တော့ နာတာပဲ. နော်၊ တချို့ အနှိပ်သန်တဲ့သူဆိုရင် နှိပ်လိုက်လို့ရှိရင် အမလေး.. ကျွတ်.ကျွတ် ကျွတ်.ကျွတ်နဲ့တောင် စုတ်သပ်နေတာနော်၊ ဒါပေမယ့် သူ ဆက်နှိပ်စေချင်တယ် ၊ ဆက်နှိပ်နေ ကိစ္စမရှိဘူး၊ တချို့ အနင်းခံတယ်။ လူတစ်ကိုယ်လုံးကြီးနဲ့ တက်နင်းတာ။ ဝေဒနာက ဘယ်လိုဝေဒနာလဲ မေးလို့ရှိရင် နာတာပဲ၊ ဒုက္ခဝေဒနာပဲနော်၊ ဒါပေမယ့် ဒုက္ခဝေဒနာပင် ဖြစ်သော်လည်း ကိုယ်က ခံချင်လို့ ခံနေတာဆိုတော့ ဒါကိုပဲ သဘောကျနေတယ်၊ အဲ့လိုပဲ ဖြစ်တတ်တယ်၊ အဲ့တော့ တရားထိုင်တဲ့ အခါမှာလဲပဲ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို မခံချင်စိတ်အားကြီးရင် မခံသာတဲ့သဘောကပိုဆိုးတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ဝေဒနာကို မခံချင်စိတ် မရှိဘဲနဲ့၊ လိုလိုချင်ချင် ကြည့်မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့သဘောက ခံရတာ သက်သာသလို ရှိတယ်နော်။

တခြားလည်း ဒီလိုဘ။ဲ ဥပမာ စဉ်းစားကြည့်။ ဥပမာ- ငရုပ်သီး အစပ်ကို ကြိုက်တဲ့လူဟာ အင်မတန် စပ်တာကို စားရတာ သူ့မှာ အရသာရှိတယ်၊ နှာရည်တွေ တရွဲရွဲနဲ့ စားနေရတာကိုပဲ သူ့မှာ သိပ်အရသာ ရှိနေတယ်၊ တရှုးရှုး တရှဲရှဲနဲ့ပဲ အရသာရှိတယ်လို့ ထင်နေတယ်၊ ဒီစပ်တာကိုပဲ မကြိုက်တဲ့သူက သွားစားရလို့ရှိရင် သူ့မှာ သည်းမခံနိုင်လောက်အောင် ကြီးမားတဲ့ ဒုက္ခဝေဒနာ ဖြစ်လာတယ်နော်၊ အဲ့တော့ သည်းခံနိုင်တယ် သည်းမခံနိုင်ဘူး၊ ဒေါမနဿ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကိုယ်က အဲ့ဒီအာရုံပေါ်မှာ ထားနေတဲ့ သဘောထားပေါ်မှာ မူတည်တယ်၊ အဲ့တော့.. အဲဒီဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတဲ့ အဲ့ဒီ သဘောထားလေးတွေကို သိဖို့ လိုသေးတယ်နော်၊ အဲ့ဒီသဘောထားလေး နည်းနည်း ပြောင်းသွားတာနဲ့ ခံသာတယ်၊ မခံသာဘူးဆိုတဲ့ သဘောက အများကြီးပြောင်းသွားတာ တွေ့ရတယ်နော်။

တကယ်ပဲ သည်းမခံနိုင်လောက်အောင် နာလာပြီဆိုရင်တော့ ပြင်ရမှာပေါ့၊ မပြင်လို့ရှိရင်လည်း ဆက်ပြီးတော့ တရားအားထုတ်လို့က မကောင်းတော့ဘူး၊ Agitation သိပ်များလာပြီ. နော်၊ ဒုက္ခဖြစ်လာရင် စိတ်ထဲမှာ agitation ဖြစ်လာတယ်။ စိတ်က ယောက်ယက်ခတ်လာတယ်၊ လှုပ်လာတယ်၊ တုန်လာတယ်၊ သည်းမခံနိုင်တော့ဘူးနော်၊ အဲ့ စိတ်ရဲ့ တုန်ခါမှုက သိကို သိနေရတာနော်၊ တခါတလေ ဘယ်လောက်ထိတောင် သိရသလဲဆိုတော့ အဲ့ဒီ မခံနိုင်တာကြီးကို ကြိတ်မှိတ်ခံတော့ အဲ့ဒီလူရဲ့ မျက်နှာကို ကြည့်၊ မျက်နှာကြီးက tense ဖြစ်နေတယ်နော်၊ တခါတလေ အံတောင်ကြိတ်ထားတယ်၊ အတင်းကြီး အံကြိတ်ပြီးတော့ သည်းခံနေတာ၊ အဲ့လောက်ကြီးဖြစ်လာရင်တော့ မကောင်းတော့ဘူးလို့ ထင်တယ်၊ ပြင်သင့်ပြီလို့ ထင်တယ်နော်၊

အဲ့တော့ ပြင်တဲ့အခါမှာ အလျင်စလို မပြင်ပါနဲ့၊ ဖြည်း..ဖြည်း..လေး ပြင်ပါနော်၊ သတိလေးနဲ့ သေချာကြည့်၊ အဲ့ဒီ ခံနေရတဲ့ ဝေဒနာကြီးရဲ့ သဘောကိုလည်း သိတယ်၊ ဒီဝေဒနာကြီးကို စိတ်ကမခံနိုင်တော့ဘူး ဆိုတာကိုလည်း သိတယ်နော်၊ မခံချင်တော့ဘူး၊ မခံနိုင်တော့ဘူး၊ ပြင်ချင်ပြီ။ အဲ့ဒီ ပြင်ချင်တဲ့ စိတ်ကလေးကိုပါ သိပြီးတော့ နည်းနည်း. နည်းနည်း..နည်းနည်း ပြင်ပါ၊ ချက်ခြင်းကြီး ဗြုန်းကြီး အများကြီး မပြင်လိုက်နဲ့နော်။

ဥပမာ- ခါးကိုဆန့်တော့မယ်ဆိုရင် နည်းနည်းလေး ဆန့်ကြည့်လိုက်၊ အဲ့ဒီ နည်းနည်းလေး ဆန့်ကြည့်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုကို သိရမယ်၊ အဲ့ဒီ နည်းနည်းလေး ဆန့်တဲ့အတွက်ကြောင့် အဲ့ဒီ ခါးဘက်မှာရှိတဲ့ muscle တွေမှာ tension ပြောင်းသွားတယ်နော်၊ နည်းနည်းလေး နေရာပြင်လိုက်တာနဲ့ တစ်ပြိုင်တည်း သူ့ရဲ့ tension ဟာ ပြောင်းသွားတယ်၊ နဂိုတုန်းက အများကြီး tense ဖြစ်ပြီး ထားရာကနေ အခုလို နည်းနည်းလေး tension လျော့သွားတယ်၊ အဲ့ဒီ လျော့သွားတဲ့ tension ကို သိဖို့လိုတယ်နော်။ အသာလေး လိုက်ပြီး ပြီးမှ နည်းနည်းလေး ထပ်ပြင်ကြည့်။ tension ပြောင်းသွားတယ်၊ နည်းနည်းလေး နေသာသလို ရှိလာတယ်၊ အဲ့ဒါလေးကို သိတယ်၊ အဲ့ဒီ tension လေးပြောင်းသွားတဲ့အခါမှာ စိတ်က ဘယ်နှယ့်ဖြစ်သွားလဲ၊ အဲ့ဒီစိတ်ကိုပါ ကြည့်ရမယ်နော်၊ ခန္ဓာကိုယ်မှာ tension နည်းနည်းလျော့သွားရင် စိတ်မှာလဲ tension နည်းနည်းလျော့သွားတယ်၊ သူနဲ့ ပတ်သက်ပြီးတော့ တင်းထားတဲ့ စိတ်ကြီးက နည်းနည်းလျော့သွားတယ်၊ စိတ်က နည်းနည်းလေး ကျေနပ်သလို ဖြစ်လာတယ်၊ မခံသာတဲ့သဘော နည်းနည်းလျော့သွားတော့ နည်းနည်း ကျေနပ်မှု ရလာတယ်၊ နောက် နည်းနည်း.ထပ်ပြင်ကြည့်၊ နောက် နည်းနည်း.ထပ်ပြင်ကြည့်။ နောက်ဆုံး ကိုယ်လိုချင်တဲ့ အနေအထား ရောက်တဲ့အခါမှာ ဒီခန္ဓာကိုယ်ပေါ်မှာ မခံသာတဲ့ သဘောမရှိတော့ဘူး၊ သူ့နေရာမှာ tension ကြီးကလဲ လျော့သွားပြီ၊ စိတ်ကလည်းပဲ လျော့လျော့လေးဖြစ်သွားပြီ၊ ကျေနပ်သွားပြီ၊ အဲ့ဒီလို process တစ်ခုလုံး ဖြစ်တာကို သတိလေးနဲ့ ကပ်ပြီးတော့ လိုက်ကြည့်လို့ရှိရင် ပြင်လိုက်တဲ့ အတွက်ကြောင့် သတိ၊ သမာဓိ ပျက်မသွားဘူး၊ သတိ၊ သမာဓိက continuous ဖြစ်နေတယ်၊ တဆက်တည်း ပါသွားတယ်နော်၊ အဲ့တော့ အရေးကြီးတာက သတိ၊ သမာဓိ တဆက်တည်း ဖြစ်ဖို့ပဲ၊ ပြင်တာ မပြင်တာက အဓိက မဟုတ်ဘူးနော်။

ဥပမာ- စင်္ကြန်လျှောက်ရင်းနဲ့ တရားအားထုတ်တယ်ဆိုပါတော့၊ တရားအားထုတ်တာ ထိုင်တလှည့်၊ လျှောက်တလှည့်ဆို သိပ်ကောင်းတာ၊ အဲ့ဒီတော့ လျှောက်ရင်းနဲ့ တရားအားထုတ်တဲ့သူဟာ ခန္ဓာကိုယ် အနေအထားဟာ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း ပြောင်းသွားတယ်နော်၊ တချိန်လုံး ပြောင်းနေတယ်၊ တစ်လှမ်းပြီး တစ်လှမ်းဆိုတာ တစ်ကိုယ်လုံး ပြောင်းသွားတယ်၊ တစ်ကိုယ်လုံး လှုပ်တယ်၊ ခြေတစ်လှမ်း လှမ်းလိုက်ဖို့ဆိုတာက ခန္ဓာကိုယ် တစ်ကိုယ်လုံး တစ်နေရာမှ မကျန်အောင်လှုပ်သွားတာ၊ လက်လွှဲတယ်ဆိုရင် လက်အနေအထားတွေ ပြောင်းသွားတယ်နော်၊ ခန္ဓာကိုယ်ဟာ ခြေထောက် တစ်ချောင်းကနေ နောက်တစ်ချောင်းကို weight ကိုပြောင်းပြီးတော့ ယူရတဲ့အတွက်ကြောင့် တစ်ကိုယ်လုံးမှာ balance ပြောင်းသွားတယ်၊ မပြောင်းတဲ့နေရာရယ်လို့ မရှိဘူး၊ ဖနောင့်ကို ချလိုက်တာနှင့် တစ်ပြိုင်နက်ထဲ ငယ်ထိပ်အထိအောင် အဲ့ဒီ ဆောင့်လိုက်တဲ့ အားက ရောက်တယ်၊ သတိထားကြည့်ရင် သိတယ်နော်၊ အဲ့ဒီတော့ တစ်ကိုယ်လုံး ဒီလောက်ကြီး ပြောင်းလဲနေတာတောင်မှ သတိနဲ့ကပ်ပြီးတော့မှ လျှောက်နိုင်လို့ရှိရင် တရားအားထုတ်လို့ ရတာဘဲ။ စင်္ကြန်ကမ္မဋ္ဌာန်းကို အားထုတ်လို့ ရတာဘဲ။ အဲ့ဒီတော့ လျှောက်နေတုန်းတောင် တရားအားထုတ်လို့ရတယ် ဆိုတော့ ထိုင်နေတုန်းမှာ နည်းနည်းပါးပါး ပြင်တာ ကိစ္စမရှိပါဘူး၊

သမာဓိကို ဦးစားပေးတဲ့သူအဖို့ဆိုရင်တော့ နည်းနည်းလေး ပြင်တာနဲ့ သမာဓိပျက်တယ်လို့ ယူဆမှာပဲနော်၊ သတိကို ဦးစားပေးတဲ့ သူဆိုရင်တော့ နည်းနည်းလေး ပြင်ချင်တဲ့ စိတ် ဖြစ်နေကတည်းက သိတယ်၊ နည်းနည်းလေးပြောင်းကတည်းက ပြောင်းတာလေးကို သိတယ်။ နောက်ဆုံး ပြီးသွားတဲ့ အထိ အဆင့်ဆင့်၊ အဆင့်ဆင့် ပြင်သွားတာ ပြောင်းသွားတာကို သိတဲ့အတွက်ကြောင့် သူ့ကို သတိပျက်သွားတယ်လို့ ပြောလို့မရဘူးနော်၊ ၀ိပဿနာက သတိကို ဦးစားပေးတယ်။ သမထက သမာဓိကို ဦးစားပေးတယ်။

အဲ့တော့ သမထ သဘောမျိုး တစ်ခုမှ တစ်ခုဆိုမှ ဒီတစ်ခု၊ တခြား အာရုံကို ပြောင်းလဲပြီးတော့ မရှု့တဲ့ သဘောရှိတာကိုး။ သမထက။ ဒါကိုမှ ဒါဆိုပြီးတော့ select လုပ်ထားတဲ့သူ အဖို့ကတော့ ပြင်ချင်တဲ့စိတ် ဖြစ်ကတည်းကိုးက သူက နဂိုအာရုံကပြောင်းသွားပြီ၊ ပျက်သွားပြီလို့ ဆိုရတော့မှာနော်၊ အဲ့တော့ ဒီသဘာဝ ၂ ခု မတူတာကို နည်းနည်း သိဖို့လိုတယ်၊ အဲ့တော့ နာရီဝက်လောက် ကြာရင် နည်းနည်းလေး ခါးညောင်းသလို ဖြစ်လာပြီ၊ ပြင်ချင်ရင် အသာလေး ပြင်လိုက်။ တစ်နာရီလောက်ကြာလာရင် နည်းနည်းလေး မခံသာလောက်အောင် ညောင်းတဲ့ သဘောလေးဖြစ်လာမယ်ဆိုရင် အသာလေး.. ပြင်လိုက်ရုံဘဲ။

စပြီးတော့ ထိုင်ကတည်းက အသက်သာဆုံး အနေအထားကို ရွေးပါ။ ထိုင်နေကျ လူဆိုသိတယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ထိုင်လို့ရှိရင် အသက်သာဆုံး ရှိမလဲ၊ တင်ပါးဘက်မှာ စောင်လိုဟာမျိုးကို ခေါက်ပြီးတော့ (၃) လက္မလောက် ထူအောင် ခုပြီးတော့ ထိုင်လို့ရှိရင် ထိုင်ရတာ ပိုသက်သာတယ်၊ ပိုသက်သာရင် ကြာကြာ ထိုင်နိုင်တာဘဲ။ ကြာကြာထိုင်နိုင်တာထက် ပိုအရေးကြီးတာက တစ်ဆက်တည်းသိတာ၊ ကြာကြာပင် ထိုင်နိုင်သော်လည်းပဲ သိတာက တစ်ဆက်တည်း မဖြစ်လို့ရှိရင် တရားအားထုတ်ရတာ အကျိုးမများဘူး၊ အဲ့ဒီတော့ ပုံစံအရေးမကြီးပါဘူးနော်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ မဟာသတိပဋ္ဌာနသုတ်၊ သံယုတ်ပါဠိတော်မှာပါတယ်။ မဟာသတိပဋ္ဌာနသုတ်သံယုတ်ဆိုတာရှိတယ်၊ အဲ့ဒီမှာ ကာယနုပဿနာအပိုင်းမှာ “သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ” ဆိုပြီးတော့ ဘုရားကဟောထားတာ ရှိတယ်၊ “ကွေးတဲ့အခါမှာ၊ ဆန့်တဲ့အခါမှာ၊ သတိနဲ့ ဉာဏ်နဲ့ ယှဉ်ပြီးတော့ ပြုလေ့ရှိ၏” တဲ့၊ ပြုလေ့ရှိ၏ဆိုတာက ဘယ်သူလဲဆိုတော့ သတိနဲ့ နေတဲ့သူဟာ အဲလိုဘဲ ပြုလေ့ရှိတယ်.. နော်၊ သတိပဋ္ဌာန်တရားကို အားထုတ်တဲ့သူဟာ ကွေးတဲ့အခါ၊ ဆန့်တဲ့အခါမှာ သတိနဲ့ ပြုလေ့ရှိတယ်တဲ့၊ အဲ့ဒီ အပိုဒ်ကိုဘဲ အဋ္ဌကထာမှာ အဓိပ္ပါယ် အကျယ်ဖွင့်တဲ့ အခါကြတော့ သူက “လက်ခြေတို့ကို တာရှည်စွာ ကွေးထာသည်ဖြစ်စေ၊ ဆန့်ထားသည်ဖြစ်စေ၊ မခံသာသော ဒုက္ခဝေဒနာတို့သည် မကြာမကြာပေါ်ကုန်၏” တဲ့။ ဒုက္ခဝေဒနာပေါ်လို့ရှိရင် စိတ်ထဲမှာ ဒေါမနဿဖြစ်တော့မယ်နော်။ စိတ်ထဲမှာ ဒေါမနဿ ဖြစ်လို့ရှိရင် စိတ်က လှုပ်လာတယ်။ တုန်ခါလာတယ်။ Agitation ရှိလာတယ်။ “ဒေါမနဿ ဝေဒနာ မကြာမကြာ ဖြစ်လို့ရှိရင် စိတ်တည်တံ့မှုကို မရနိုင်” တဲ့၊ “စိတ်တည်တံ့မှုကို မရနိုင်လို့ရှိရင် ကမ္မဋ္ဌာန်းမကြီးပွား” တဲ့။၊ ကမ္မဋ္ဌာန်းမကြီးပွားလို့ရှိရင် မဂ်ဖိုလ်ကို မရဘူး။

အဲ့တော့ “လက်ခြေတို့ကို တာရှည် ကွေးထားသည်ဖြစ်စေ၊ ဆန့်ထားသည်ဖြစ်စေ မခံသာသော ဒုက္ခဝေဒနာတို့သည် ပေါ်ကုန်၏” ဆိုတာ အဲဒါ သဘာဝဘဲ။ သာမန်လူတွေ နေ့စဉ် သူတို့ဟာ သူတို့ တရားအားမထုတ်ဘဲ ထိုင်နေလည်းဘဲ ကြာရင်တော့ ညောင်းလာတာဘဲ။ မခံသာတဲ့ ဒုက္ခဝေဒနာ ပေါ်တာဘဲ၊ သို့သော် သာမန်အခြေအနေမှာ အဲဒါကို ၁ မိနစ်တောင်မှ သည်းခံပြီးတော့ မနေဘူး၊ နည်းနည်းလေး မနေနိုင်တာနဲ့ ချက်ခြင်းပြင်တာပဲ၊ အဲ့တော့ လူတွေကို သာမန်အခြေအနေမှာ ထိုင်တဲ့အခါမှာကြည့်နေ။ ၁ မိနစ် တစ်ခါလောက် ရွှေ့နေတာဘဲ။ ပြင်နေတာဘဲ။ ၂ မိနစ် တစ်ခါ၊ ၃ မိနစ် တစ်ခါလောက် ရွှေ့နေ၊ ပြင်နေတာပဲ။ တစ်ခုခုကို အင်မတန် စိတ်ဝင်စားလို့ စူးစိုက်နေတဲ့ အခါမျိုးမှာတော့ မပြင်ပဲနဲ့ နေတာ ကြာချင် ကြာမယ်၊ ဥပမာ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ TV program တစ်ခုခုကို ကြည့်နေတဲ့အခါမျိုးမှာ။ သို့မဟုတ် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်အုပ်ကို ဖတ်နေတဲ့အခါမျိုး ဆိုပါတော့။ စိတ်ဝင်စားမှုအားကြီးလို့ ဒီထဲမှာ စိတ်ကစူးဝင်နေတဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကို သိပ်မပြင်ဘူး၊ ဒါတောင်မှ unconsciously နည်းနည်းတော့ ပြင်တယ်နော်၊ သာမန်အခြေအနေ မဟုတ်တဲ့ အခါမျိုးမှာကြရင်တော့ ၁ မိနစ်/ ၂ မိနစ်လောက် နေရင် နည်းနည်းပြင်ပြီ။ ၁ မိနစ်/ ၂ မိနစ်လောက်နေရင် နည်းနည်းပြင်ပြီ။ အဲ့ဒီတော့ မခံသာတဲ့အဆင့်ကို မရောက်လာဘူး…နော်။

တရားထိုင်တဲ့အခါကြတော့ ကိုယ့်ရဲ့သဘောထားကိုက ငါငြိမ်ငြိမ်လေး ထိုင်မယ်ဆိုတဲ့ သဘောထားက ရှိနေတယ်၊ ကိုယ့်ကိုယ်ကို ဒီလိုသတ်မှတ်ထားပြီ။ ငါငြိမ်ငြိမ်လေးထိုင်မယ်၊ ကြာကြာထိုင်မယ်၊ ငြိမ်ငြိမ်လေး ကြာကြာထိုင်တာနှင့် တစ်ပြိုင်နက်ပဲ ခန္ဓာကိုယ်မှာ မနေသာတဲ့ သဘောဟာ ကြာလေ ဆိုးလေ၊ ကြာလေ ဆိုးလေ၊ ကြာလေ ဆိုးလေဖြစ်လာတယ်။ ဘာမှ ထူးဆန်းတာမဟုတ်ဘူး။ တချို့က ဝေဒနာပေါ်လာတယ်တဲ့။ ဝေဒနာဟာ အမြဲတမ်း ပေါ်နေတာပါ။ တရားမထိုင်လဲ ပေါ်နေတာပဲ၊ ဒါပေမယ့် တရားမထိုင်တဲ့ အခါမှာ မခံသာတဲ့ အဆင့်ကို မရောက်ခင် ပြင်လိုက်တယ်။ တရားထိုင်တဲ့အခါကြတော့ မပြင်ဘူး၊ မပြင်တော့ တဖြည်းဖြည်းနဲ့ မခံသာတဲ့ အဆင့်ကို ရောက်လာတာဘဲ။ အဲ့ဒီတော့ သည်းခံနိုင်သလောက် သည်းခံပြီးတော့ နောက်ဆုံး မခံသာတဲ့ အခါမှာ သတိလေးနဲ့ သိပြီးတော့ ပြင်လိုက်ပါ၊ ဘုရားက ကွေးတဲ့အခါ၊ ဆန့်တဲ့အခါ သတိလေးနဲ့ ပြုပါတဲ့၊ မကွေးရဘူး၊ မဆန့်ရဘူးလို့ မဆိုဘူးနော်။

အနေအထားကို ပြင်တယ်ဆိုတာ နည်းနည်းလေး ကွေးပေးတယ် သို့မဟုတ် နည်းနည်းလေး ဆန့်ပေးလိုက်တယ်။ အခုလို ထိုင်နေတော့ ခါးလေးက နည်းနည်းလေး ကွေးနေတယ်၊ ကြာလာရင် သိလာပြီ။ ကျောမှာ တင်းပြီးတော့ မခံသာတဲ့ tension ကြီး ဖြစ်လာပြီ နော်၊ နည်းနည်းလေး ဆန့်ပေးလိုက်တာနှင့် တစ်ပြိုင်နက် နည်းနည်းလေး နေသာတယ်။ ဒီ tension ဟာ ဘယ်လောက်ထိအောင် တင်းသလဲသိလား။ ခုနက ဒီလိုလေးနေလို့ တင်းနေတဲ့ tension ဟာ ဒီထိအောင်ရောက်တယ်၊ ဒီနေရာမှာပါ တင်းနေတယ်၊ ကျောကို ဒီလို ဆန့်လိုက်တဲ့အခါ ဒီနေရာမှာပါ tension ပြောင်းသွားတာကို သိရတယ်၊ စမ်းကြည့်စမ်းပါ၊ သိနိုင်ပါတယ်နော်၊ ခန္ဓာကိုယ် တစ်နေရာရာမှာ tension ရှိလာရင် အဲ့ဒီ tension ဟာ ဒီမှာထိအောင် လာပြီးတော့ တင်းလာတယ်၊ သူနဲ့ အကြောချင်း ဆက်နေတယ်လို့ မဆိုလိုဘူးနော်၊ muscle ချင်း ဆက်နေလို့ မဟုတ်ဘူး၊ စိတ်က တင်းနေတာနော်၊ စိတ်က တင်းနေတော့ အဲ့ဒီ tension က တစ်ကိုယ်လုံးမှာ တင်းနေတာ၊ အနေအထားလေး နည်းနည်းလေး ပြင်လိုက်တာနဲ့ တစ်ကိုယ်လုံးပဲ နေရတာ နည်းနည်းသက်သာသွားတယ်၊ ပြင်တဲ့အခါမှာ သက်သာသွားတဲ့ သဘောလေးကို သိပြီးတော့ ပြင်ပါ.. နော်။

Typed By: စေတနာရှင်တစ်ဦး

အသံဖိုင် နားဆင်ရန် - http://minus.com/l1RR0227h1L88

(ပထမ အသံဖိုင် သီးသန့်တင်ပေးထားတာမှာ ကော်နက်ရှင် အခက်အခဲကြောင့် နားထောင်လို့မရကြတဲ့ မိတ်ဆွေများအတွက် စာဖြင့် ပြန်လည် တင်ပြပေးလိုက်ပါသည်။)

မူလ ပို့စ် -
https://www.facebook.com/photo.php?fbid=529949367027736&l=1fff1af389

Shared from Vimuttisukha Bliss (FB)

No comments:

Post a Comment