ဓမ္မာသောကမင်းသည် ဘာသာသွေး အလွန်ထက်သန်လှ၏။ ထိုသို့ ထက်သန်သောကြောင့်ပင် ရှစ်သောင်းလေးထောင် ကျောင်းတိုက် စေတီများကို တည်ဆောက်ပူဇော်ရုံဖြင့် အားမရပဲ အိမ်ရှေ့မင်းလောင်း သားတော်ကို ရဟန်းပြုပေးနိုင်လောက်အောင် သာသနာတော် ထွန်းကားစေလိုသော သဒ္ဓါ ဆန္ဒ ပြင်းပြလေသည်။ ဗုဒ္ဓဘာသာ ဖြစ်သည်မှစ၍ တိုင်းပြည်ကိုလည်း ဗုဒ္ဓတရားတော်နှင့်အညီ အုပ်ချုပ်၏။ လူနှင့် ဆိုင်သော တရားစာ တချို့ကိုလည်း ကျောက်စာထွင်း၍ လူမြင်ကွင်းမှာ စိုက်ထူထား၏။ ဗုဒ္ဓဘာသာဝင်ဖြစ်၍ တိုင်းပြည်ကို သိမ်သိမ်မွေ့မွေ့ အုပ်ချုပ်ခါမှသာ တိုင်းပြည်ငြိမ်ဝပ်ပိပြားပါသေးသတဲ့။ ထိုဓမ္မာသောကမင်း၏ သားတော်ဖြစ်သော အရှင်မဟိန္ဒသည် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွတော်မူသောအခါ ဓမ္မာသောကမဟာရာဇာ၏ အကြည်တော် (အဆွေတော်) ဖြစ်သော ဒေ၀ါနံ ပိယတိဿမဟာရာဇာသည် ဗုဒ္ဓသာသနာတော်ကို လွယ်ကူစွာ လက်ခံ၍ မကြာမီပင် သီဟိုဠ် တစ်ကျွန်းလုံးကို ဗုဒ္ဓသာသနာ လွှမ်းဖုံးစေပါသည်။ ဤနည်းအားဖြင့် ဓမ္မာသောကမဟာရာဇာ၏ ဘာသာသွေးသည် ဒေ၀ါနံပိယတိဿမဟာရာဇာသို့ ကူးစက်ပြန့်ပွားခဲ့လေသည်။
ဒုဋ္ဌဂါမဏိမင်း၏ ဘာသာသွေး
အရှင်မဟိန္ဒ၏ ကြိုးစားမှုကြောင့် သီဟိုဠ်ကျွန်း၌ သာသနာတော် ခိုင်မြဲသောအခါ ကျွန်းသူ ကျွန်းသားနှင့် ဘုရင် မိဖုရားတို့သည် ဘာသာသွေး ထက်သန်ကြ၏။ ဒုဋ္ဌဂါမဏိမင်းကား ထူးထူးခြားခြား ဘာသာသွေးများသော မင်းပေတည်း။ သာသနာတော်ကို အန္တရာယ်ပြုမည့် ကျေးကုလားတို့ကို နှိမ်နှင်းဖို့ စစ်တိုက်ထွက်ရာ၌ပင် ရဟန်းတော်များကို ပင့်၍သွား၏။ ထိုမင်းသည် စစ်တိုက်ထွက်ခါနီး၌ အောက်ပါအတိုင်း အဓိဌာန်ပြုလေ့ရှိ၏။
“ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့ စွန့်စွန့်စားစား ငါကြိုးစားသည် စိတ်ထား ငါ့မှာ အမြဲတည်း။”
ဆိုလိုရင်းမှာ -“ငါချမ်းသာဖို့ အကျိုးငှာ စစ်တိုက်ခြင်းဖြင့် ယခုလို အပင်ပန်းခံသည် မဟုတ်၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် တာရှည်စွာ တည်နိုင်ဖို့ အကျိုးငှာသာ ဗုဒ္ဓဘာသာကို အန္တရာယ်ပြုမည့် ရန်သူများကို နှိမ်နင်းရပါသည်”ဟု ဆိုလိုသည်။ ထိုမင်းသည်ပင် စုတေခါနီး၌ စစ်တိုက်စဉ်က အလွန်အားကိုးရသော ထိုအချိန်မှာပင် ရဟန်းပြု၍ ရဟန္တာဖြစ်သော အဘယမထေရ်၏ တရားကို နာယူရင်း စုတေ၍ တုသိတာနတ်ပြည်၌ ဖြစ်လေသည်။
အရှင်အရဟံနှင့် အနော်ရထာ
အိန္ဒိယ - သီဟိုဠ်ဝယ် ရှေးရှေး ရဟန္တာအရှင်မြတ်များနှင့် ရှေးရှေး သာသနာပြုမင်း အများတို့ သာသနာအရေး ဘာသာသွေးကို နွှေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ ရဟန်းတော် အရှင်မြတ်များနှင့် မင်းတရားတို့လည်း ဘာသာသွေး မအေးခဲ့ကြပါ။ အရှင်အရဟံနှင့် အနော်ရထာမင်းတို့သည် ယုတ်မာညစ်ညမ်းသော အရည်းကြီးခေါ် ရဟန်းအတုများကို အတင်း ပြုပြင်ခဲ့ကြပါသည်။ ဆက်ပါဦးမည် - အစစ်အမှန်ကို အကြောင်းပြု၍ အတုအပ အယောင်အဆောင်များ ရှိနေခြင်းမှာ ထုံးစံဓမ္မတာလို ဖြစ်နေ၏။ ဥပမာ-ရွှေအစစ် စိန်အစစ်၏ အဖိုးတန်မှုကို အကြောင်းပြု၍ ရွှေအတု စိန်အတုများ ပေါ်ပေါက်လာသကဲ့သို့တည်း။ အစစ်နှင့် အတုနှစ်မျိုး ရှိပြန်လျှင် အသိဉာဏ်ရှိသူ သို့မဟုတ် ကံကောင်းသူတို့သာ အစစ်ကို သုံးစွဲရ၍ ဉာဏ်မရှိ-ကံမရှိသူတို့မှာ အတုကိုသာ သုံးစွဲရလေသည်။
ဤသာသနာရေး၌ကား ရှေးရှေးကပင် အစစ်နှင့်အတု ဒွန်တွဲကာ ဉာဏ်ရှိသူ ကံရှိသူတို့သည် အစစ်ဘက်မှာ ပါဝင်၍ ဉာဏ်မရှိသူ ကံမရှိသူတို့ကား အတုဘက်၌ ရောက်ရှိနေကြလေသည်။ ထို့ကြောင့် အရှင်အရဟံနှင့် အနော်ရထာ မင်းတရားတို့ အရည်းကြီးများကို မနှိမ်နင်းရသေးမီ အချိန်က ဉာဏ်မရှိသော၊ ဉာဏ်ရှိသော်လည်း ကံမရှိသော တိုင်းသူပြည်သားတို့သည် အရည်းကြီးတို့ ဟောပြောသမျှကို သဘောကျကျ မကျကျ လိုက်နာ၍ နေခဲ့ကြရလေသည်။ ဘုန်းကံလည်းရှိ ဉာဏ်လည်းရှိသော အနော်ရထာမင်း လက်ထက်ကျမှ အရှင်အရဟံ ကြွလာ၍ သာသနာအစစ်အမှန်ကို သိသဖြင့် ယုတ်မာညစ်ညမ်း ဆိုးသွမ်းသော အရည်းကြီးတို့ကို ဖယ်ရှားလျက် အစစ်အမှန် သာသနာကို ကိုးကွယ်ကြရပေသည်။
(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အမှတ်(၂၁)ကျမ်းစာ ဘာသာသွေး၊ စာမျက်နှာ - ၅၉ မှ ကူးယူပါသည်။)
သူနာကြိုက်ဓာတ်စာ
ယခုအခါ သာသနာတော်ကို ပြုပြင်လိုသော ပုဂ္ဂိုလ်များ အတော်ကလေး လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ။ လှုပ်လှုပ်ရွရွ ဖြစ်လာရခြင်းမှာလည်း “ဤအတိုင်းသွားလျှင် မြန်မာနိုင်ငံသာသနာသည် သိပ်မကြာတော့”ဟု အမြင်ပေါက်သူတွေ များလာသောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသာသနာသည် တစ်နည်းအားဖြင့် ဆေးမှားမခံသော သူနာနှင့် တူပါသည်။ ဘာဆေးမျှ မကျွေးပဲ လက်ရှိဓာတ်စာများနှင့် ထားလျှင် ဤသူနာသည် သူ့အလိုလို တဖြည်းဖြည်း သွားရရှာပါလိမ့်မည်။ ခေတ်ပေါ်ဆေးများကို တိုက်ကျွေးကုသပါလျှင်ကား အနာနှင့် ဆေးသင့်အောင်ပေးဖို့ အရေးကြီးပါသည်။ ဆေးတစ်ချက်မှားလျှင် ဖြတ်ကနဲ သွားပါလိမ့်မည်။ ဤဥပမာဖြင့် ဘာကို ဆိုလိုပါသလဲဟု မေးလျှင် လက်ရှိ စာသင် စာချ စာမေးပွဲ ကျင်းပ၍ ဘုရားပွဲ ကျောင်းပွဲ ကထိန်ပွဲ ရှင်ပြုပွဲစသော ပကာသနဒါနမှုနှင့် အပျော်အပါး ဒါနမှုတို့သည် သူနာကြိုက်ဓာတ်စာများနှင့် တူ၏။ ဘာကြောင့်နည်း? မျှော်လင့်ချက်မရှိသော လူမမာကို “စားချင်တာ စားပါစေတော့”ဟု ဆေးကုဆရာက ပြောသဖြင့် ဆွေမျိုးများက စားချင်တာ ပေးနေသည်နှင့် တူသောကြောင့်တည်း။ ဤနည်းကို “ဖြေဖြေသွားမည့် သူနာကြိုက်ဓာတ်စာပေးနည်း”ဟု ဆိုလိုပါသည်။
(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အမှတ်(၂၁)ကျမ်းစာ ဘာသာသွေး၊ စာမျက်နှာ - ၈၁ မှ ကူးယူပါသည်။)
Shared from Kaung Kin Thit
No comments:
Post a Comment