Saturday, June 30, 2012

ဆင်းရဲခြင်းများနှင့် မိတ်ဖွဲ့ခြင်း

“သတ္တ၀ါတို့ အဖို့၌ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ဟူ၍ ဒုက္ခနှစ်မျိုး ရှိပေရာ၊ ကိုယ်၏ ဆင်းရဲခြင်းသည် ရံဖန်ရံခါမျှသာ ကြုံရ တတ်သော ဒုက္ခမျိုး ဖြစ်၍ စိတ်ဆင်းရဲမှု သည်သာလျှင် မနေတတ်သူများ အဖို့၌ မကြာခဏ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၏။” ဟူသော စာပိုဒ်လေးကို အမှတ်မထင် ဖတ်လိုက်မိတော့ ကိုယ့်ကိုယ်ကိုယ် မနေတတ်တာကို သွားမြင် မိပါတယ်။ ဆရာကြီး ရွှေဥဒေါင်း၏ စာပေတို့ကား ထိလှပေစွ။ တကယ်တန်း စဉ်းစားကြည့်လိုက်တော့ ဆင်းရဲ နှစ်မျိုးထဲက စိတ် ဆင်းရဲခြင်းသည် လွန်စွာမှ အခံရခက်လှပါတယ်။ လူတိုင်းလည်း ဘယ်လောက်ပဲ ပြည့်စုံစေကာမှု စိတ်ဆင်းရဲမှုကတော့ ကြုံကြရတာချည်းပါပဲ။ 

ဆင်းရဲခြင်းကို သေချာ ခွဲကြည့်ပြန်တော့ လက်ငင်းကြုံနေရတဲ့ ဆင်းရဲ၊ အတိတ်ကို ပြန်တွေး၍ ခံစားရသော ဆင်းရဲရယ်၊ နောက် အနာဂါတ်အတွက် မှန်းမျှော်တွေးဆမိခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဆင်းရဲလို့ ဆိုပြီး သုံးမျိုး တွေ့ရတယ်နော်။ ဒီသုံးမျိုးထဲကမှ လက်ရှိကြုံရတဲ့ ဆင်းရဲထက်ကို အတိတ်နဲ့ အနာ ဂါတ်ကြောင့် ရတဲ့ ဆင်းရဲက ပိုနေပါတယ်။ လူတိုင်းကို အလွန်ကဲဆုံး စိတ် ဆင်းရဲမှု ဖြစ်စေတာကတော့ လွန်လေပြီးသော အတိတ်အဖြစ်အပျက်ကို ပြန်လည် ဖော်ထုတ် တွေးတောမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အင်း အနာဂါတ် ကတော့ ကိုယ်ဖြစ်ချင်တာတွေ ကြိုတွေးနေရလို့လားမသိဘူး။ ဖြစ်ချင်တာက အကောင်းတွေချည်းဆိုတော့ အနာဂါတ်ကြောင့် စိတ်ဆင်းရဲရတာက နည်း တယ်ထင်တာပဲ။ 

တကယ်လက်တွေ့ကျ ကြိုတွေးထားတဲ့ အကောင်းတွေချည်း က ဖြစ်မလာလို့ လက်ငင်းအချိန်မှာတွေ့ရတဲ့ မထင်ထားပဲ ရလာတဲ့ အရာတွေ အပေါ် မကျေနပ်ပြန်တော့ တစ်ခါ စိတ်တွေက ဆင်းရဲ ရပြန်တာလေ။ အဲလို ကြုံလာတဲ့ အချိန်မှာ ဆင်းရဲရတာကတော့ ထားပါတော့လေ။ အဲဒီဆင်းရဲခြင်းသည် တစ်ခဏအချိန်လေးများပဲ ကုန်ဆုံး ပျောက် ကွယ်သွားပြီမို့ နောက်တစ်ခဏ အချိန်မှာတော့ သူဟာ အတိတ် ဖြစ်သွား ပြီနော်။ ဥပမာ ကိုယ့်ကို ကဲ့ရဲ့ပြစ်တင်မှု ခံရတယ် ထားတော့။ အဲဒီ ကဲ့ရဲ့မှုက ပြင်းထန်ရင် ပြင်းထန်သလောက် စိတ်ပေါက်မိမယ်ထား။ အဲဒီ အချိန်လေး ကုန်သွားတဲ့နောက် တစ်ခဏ အချိန်မှာ အဲဒီ ကဲ့ရဲ့မှုဟာ အတိတ်ဖြစ် သွားပြီနော်။ ကဲ့ရဲ့သူကလည်း တစ်ကြိမ်ပဲ ပြုလုပ်သွားတာပါနော်။ ဒါပေမယ့် ခံရတဲ့သူအဖို့ ဒါကြီးကိုပဲ အကြိမ်ကြိမ် ပြန်စဉ်းစားပြီး ရင်ထဲမှာ အသစ် အသစ်သော ဆင်းရဲမှုတွေက အကြိမ်ပေါင်းများစွာ ဖြစ်နေရပြန်တယ်။ ဒါသည်ပင် လွန်လေပြီးသော အတိတ်က ဖြစ်ရပ်များကို ပြန်လည် စဉ်းစား မိတိုင်း ဆက်ပြီးခံနေရတဲ့ ဆင်းရဲပါလားလို့ သိလာရပါတယ်။ 

ဒါဆို အတိတ်ကို မသွားပါနဲ့လား။ သွားတာနဲ့ ဆင်းရဲမယ်နော် လို့ဆို ပြန်တော့လည်း မစဉ်းစားဘဲ မနေနိုင်တာကို တွေ့ရပြန်တယ်။ အင်း…ဒါဆိုရင် တော့ ဒီစိတ်ဆင်းရဲမှု သံသရာက လွတ်ဖို့ အကြောင်းမမြင်တော့တာမို့ နည်း လမ်းလေးတော့ ရှာပါဟ ဆိုတော့ အဓိက အဆောင်လေးရှိဖို့ လိုလာပါတယ်။ အဲဒါကတော့ “သတိ” ရှိဖို့ပဲပေါ့။ ဘာကို သတိနဲ့ စောင့်မှ ရမှာလဲဆိုရင် ဒီစိတ် ကလေးရဲ့ ဘေးမှာ သတိကိုယ်ရံတော်လေး ချထားမှ ဖြစ်မှာပါနော်။ သတိက စိတ်ကလေးကို ပစ္စုပ္ပန်မှာ နေနိုင်ဖို့ စောင့်ထိန်းပေးတဲ့ သဘောပါပဲ။ ဒီနေရာမှာလည်း သတိနဲ့ သမ္မာသတိ ကွဲပြီးသိဖို့ လိုလာပါတယ်။ သတိကတော့ လမ်းကူးတဲ့အခါ ကားမတိုက်မိအောင် သတိထားတာမျိုး။ ရေစိုနေသော ကြမ်းပြင်မှာ ချော်မလဲအောင် သတိထားသွားတာမျိုးကို ပြောတာပါနော်။ အဲ..သမ္မာသတိ ကတော့ မိမိတို့ စိတ်ကို အလိုမရှိအပ်သော အာရုံမျိုးမှာ မျောပါမသွားစေဖို့ အကျိုးရှိစေမယ့် အာရုံတို့မှာသာ ထားနိုင်စေဖို့ ထိန်းကျောင်းပေးတဲ့ သတိကို ပြောတာပါနော်။ 

ဘယ်လိုလုပ်ရင် ထိန်းနိုင်မလဲဆိုတော့။ ကိုယ်လုပ်မယ့် အလုပ်ကို လုပ်နေစဉ်မှာကိုပဲ သိပေးနေရမယ်လေ။ တွေးနေရင်းနဲ့ တွေးနေပါလားလို့ သိလိုက်တယ်ဆိုရင် ဒီအတွေးက လူမိသွားလို့ ပြေးရပြီလေ။ အဲလိုပဲ ခု စာရိုက် နေတဲ့အခိုက် စာရိုက်နေတယ်နော်။ မအားသေးဘူး။ တောင်တွေးမြောက်တွေး မလုပ်ချင်နဲ့လို့ သတိပေးထားရပါတယ်။ အင်း..လက်က စာရိုက်ရင်းက စိတ်ကလေးကို လှမ်းလှမ်းပြီး ကြည့်ပေးနေရတာနော်။ ခုတော့ လိမ္မာရှာပါတယ်။ စာလုံးတွေ နောက်လိုက်ပြီး သိနေတယ်လေ။ အင်း ဒါဆို ပစ္စုပ္ပန်ပေါ်မှာ ရောက်နေတဲ့အချိန်လည်းဖြစ်၊ ဒေါသဖြစ်စရာ အာရုံနဲ့လည်းကင်းနေတော့ ငြိမ်နေရှာပြန်ပါတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ အဲလို ငြိမ်ငြိမ်လေး နေရတာကို ငြီးငွေ့လာပြီနဲ့ တူပါရဲ့။ ဒါပြီးရင် ဘာတွေ လုပ်ရဦးမယ်ဆိုတဲ့ လုပ်စရာ အလုပ်လေးတွေဆီကို စိတ်က လှမ်းနေပြန်ပါပြီ။ အင်း တော်တော်တော့ ထိန်းဖို့ ခက်သား။ ခုပဲ ငြိမ်နေတယ် ပြောတုန်း မလုပ်ရသေးတဲ့ အနာဂါတ်ကာလကို ရောက်သွားပြန်ပါပြီ။ ဟော ပြောရင်းနဲ့တောင် ကြည့်ပါဦး။ အတိတ် အတွေး များဆီသို့ လှည့်တော့မယ့် စိတ်ကလေးရဲ့ လည်တိုင်လေးကို ခပ်ဆတ်ဆတ်လေး သတိနဲ့ လှမ်းထိန်းလိုက်ရင်း “အားလုံးပဲ ဆင်းရဲလွတ်ရာသို့ သမ္မာသတိ နှင်တံလေးနဲ့ ထိန်းလို့သာ သွားကြပါစို့”လို့ လှမ်းပြောလိုက်ပါတယ်နော်။

Posted by dimplemit on ဒီဇင်ဘာ 12, 2011 at 10:31am
Myanmar Friends Day Group

တရားမှန်ကိုရှာဖွေသူတိုင်းအတွက်

ဤအချက်သည် အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်လို့ “ဒသကနိပါတ်အင်္ဂုတ္ထိုရ်” ပါဠိတော် “ရှင်ပုဏ္ဏိယ”နှင့် “ဗုဒ္ဓ” မြတ်စွာတို့ အမေးအဖြေလုပ်ကြပုံကို ထုတ်ဖော်ပြပါမည်။
မေး= လူတိုင်းတရားဥာဏ် ပေါက်ရောက်နိုင်ပါသလား မြတ်စွာဘုရား။
ဖြေ=လူတိုင်း တရားဥာဏ် မပေါက်ရောက်နိုင်ဘူး ချစ်သား။
မေး=ပေါက်ရောက်နိုင်ရန် ဘယ်အချက်ပေါ်မှာ တည်ပါသလဲ မြတ်စွာဘုရား။
ဖြေ=ယုံကြည်မှုရှိခြင်း မရှိခြင်းပေါ်၌ တည်ပါတယ် ချစ်သား။
မေး=ယုံကြည်မှုရှိတော့ ဘာဖြစ်ပါသလဲ ဘုရား။
ဖြေ=ယုံကြည်မှုရှိမှသာလျှင် သူတော်ကောင်းထံ၌ ဆည်းကပ်နိုင်ပါတယ်။ ဒါကြောင့် တရားဥာဏ်
ပေါက်ရောက်မှုဟာ သူတော်ကောင်းထံမှာ ဆည်းကပ်ခြင်း မဆည်းကပ်ခြင်းပေါ်၌ တည်ပါတယ် ။
မေး=သူတော်ကောင်းထံ၌ ဆည်းကပ်တိုင်း တရားသိနိုင်ပါသလား မြတ်စွာဘုရား။
ဖြေ=တရားမသိနိုင်ပါဘူး ချစ်သား။
မေး=တရားသိနိုင်ခြင်းသည် ဘယ်အချက်ပေါ်မှာ တည်နေပါသလဲ မြတ်စွာဘုရား။
ဖြေ=ထိုသူတော်ကောင်းနှင့် ဆွေးနွေးခြင်း မဆွေးနွေးခြင်းပေါ်မှာ တည်နေပါတယ် ချစ်သား။
မေး=ဆွေးနွေးတိုင်းလဲ တရားသိနိုင်ပါသလားဘုရား။
ဖြေ=ဆွေးနွေးတိုင်းလဲ တရားမသိနိုင်ပါချစ်သား။
မေး=သည်လိုဆိုပါလျှင် တရားသိနိုင်ခြင်းသည် ဘယ်အချက်ပေါ်မှာ တည်နေပါသလဲ ဘုရား။
ဖြေ=ဆွေးနွေးတဲ့အခါမှာ ကောင်းစွာ နားထောင်ခြင်း မထောင်ခြင်းပေါ်၌ တည်ပါတယ်။
မေး=ကောင်းစွာနားထောင်တိုင်း တရားရနိုင်ပါသလားဘုရား။
ဖြေ= ကောင်းစွာနားထောင်တိုင်းလည်း တရားမရနိုင်ပါချစ်သား။
မေး=တရားမရနိုင်တာ ဘယ်အကြောင်းပါလဲဘုရား။
ဖြေ=နားထောင်ပြန်လျှင် မှတ်သားမှုရှိခြင်း မရှိခြင်းပေါ်၌ တည်ပါတယ် ချစ်သား။
မေး=မှတ်သားမှုရှိတိုင်းရော တရားရနိုင်ပါသလား ဘုရား။
ဖြေ=မရနိုင်ပါ ချစ်သား။
မေး=မရနိုင်သော အကြောင်းက ဘယ်လိုပါလဲ ဘုရား။
ဖြေ=မှတ်သားမှုရှိပြန်လျှင်လဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်မှု မဆင်ခြင်မှုပေါ်၌ တည်ပါတယ် ချစ်သား။
မေး=ဆင်ခြင်တိုင်းလည်း တရားရနိုင်ပါသလား။
ဖြေ=တရားမပေါက်နိုင်ပါဘူးချစ်သား။
မေး=တရားမပေါက်နိုင်သော အကြောင်းက ဘယ်လိုပါလဲဘုရား။
ဖြေ=တရားကို လက်တွေ့ကျင့်သုံးခြင်း မကျင့်သုံးခြင်းပေါ်မှာ တည်ပါတယ်ချစ်သား။
လက်တွေ့ကျင့်သုံးလျှင်တရားဥာဏ်ပေါက်ပါတယ်။လက်တွေ့မကျင့်သုံးလျှင်တရားဥာဏ်မပေါက်
နိုင်ပါဘူး ချစ်သားပုဏ္ဏိယ။
တရားမှန်ကို ရှာဖွေလိုသူတိုင်း “အရှင်ပုဏ္ဏိယ” နှင့် ဗုဒ္ဓရှင်တော်မြတ်စွာဘုရားတို့ ဖော်ပြခဲ့တဲ့ အမေး အဖြေတွေကို “အနုလုံ” “ပဋိလုံ” အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတော့ ဖတ်ရှုကြစေလိုပါတယ်။

မှတ်ချက်။ ။ ဆရာတော် သုဝိစိတ္တ ရေသားပြုစုထားသော ဗဟုသုတ ပဒေသာ အမှတ်(၁) စာအုပ်မှ ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

Posted by dimplemit on မတ် 5, 2012 at 9:11am
Myanmar Friends Day Group

ပရဟိတအကြောင်း သိကောင်းစရာ

ယနေ့ခေတ်တွင် “ပရဟိတ”ဟူသောစကားလုံးဝေါဟာရကို နေရာများစွာတွင်အသုံးပြုနေကြသည်ကို တွေ့ရသည်၊၊ မည်သို့သောလုပ်ငန်း မျိုးသည် ပရဟိတအစစ်အမှန်ဖြစ်သည်နှင့်၊ ပရဟိတဝေါဟာရ၏ မူလရင်းမြစ်အဓိပ္ပါယ်ကို စာဖတ်သူသို့တင်ပြဆွေးနွေးလိုက်ရပါသည်၊၊

မြန်မာစာပေနှင့်ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကိုအခြေပြုထားသည့်အတွက် ဗုဒ္ဓဘာသာ၏မူလစာပေ ဖြစ်သည့် ပါဠိစာပေမှ ဝေါဟာရစကားလုံး များစွာကို နေ့စဉ်ဘ၀လုပ်ငန်းစဉ်များတွင် အသုံးပြုထားသည် ကို တွေ့ရနိုင်ပါသည်၊၊

“ပရဟိတ”ဟူသောဝေါဟာရသည် မူလအားဖြင့် ပါဠိစာပေဝေါဟာရတစ်ခုဖြစ်သည်၊၊ သို့သော် ဗုဒ္ဓဘာ သာဝင်တို့သည် မြန်မာဝေါဟာရကိုထက် ပါဠိစကားလုံးကိုပို၍နှစ်သက်စွာအသုံးပြုခဲ့ကြရာမှ“ပရဟိတ”ဟုကြားလိုက်လျင် ‘အများအကျိုးပြုလုပ်ငန်း’ဟူ၍ ကလေးသူငယ်များအထိပင် နားလည်သဘော ပေါက်လာခဲ့ကြသည်၊၊

ပါဠိဝေါဟာရစကားလုံးများကို မြန်မာတို့ကသာအလေးအနက်တန်ဖိုးထားပြီး နေ့စဉ်သုံးစကားများတွင် ထည့်သွင်း၍ ပြောဆိုကြသည်ဟု အထင်ရှိခဲ့ဖူးသည်၊၊ သီရိလင်္ကာနိုင်ငံသို့ရောက်သောအခါတွင်မှ မြန် မာတို့ထက် သီရိလင်္ကာလူမျိုးတို့က ပါဠိစာပေဝေါဟာရများကိုပိုမို၍နှစ်သစ်ပြီး၊ အလေးအနက်ထား အသုံးပြုသည်ကို သတိပြုမိတော့သည်၊၊

သို့သော် သီရိလင်္ကာလူမျိုးတို့သည် ပါဠိဝေါဟာရများကိုအသုံးပြုရာတွင် မြန်မာတို့ကဲ့သို့စကားလုံး တိုက်ရိုက်အသုံးမပြုဘဲ ဒေသအသံထွက် များနှင့်ရောနှောပြီး အသုံးပြုကြလေသည်၊၊ ဥပမာ မြန်မာတို့ သည် တစ်စုံတစ်ခုသောအကြောင်းကြောင့်ဆင်မပြေဖြစ်လျင် “ဒုက္ခ,ဒုက္ခ”ဟုဆိုကြ သည်၊၊ သီရိ လင်္ကာတို့ကမူ“ဒုက္ခိုက်,ဒုက္ခိုက်”ဟု ဆိုကြလေသည်၊၊

ပါဠိစကားလုံးဝေါဟာရအားဖြင့် “တစ်နံပတ်=ဧက”ကို ‘ဧကိုက်’၊ “နှစ်နံပတ်=ဒွေ”ကို ‘ဒေကိုက်’၊ “သုံးနံပတ်=တေ”ကို ‘တူနိုက်’စသည်အားဖြင့် ဂဏန်းဝေါဟာရများတွင်လည်း ပါဠိဝေါဟာရကိုပင် ဒေသသံရောလျက် အသုံးပြုကြလေသည်၊၊

ထို့ပြင် ထမင်းစားသည်ကို ပါဠိဝေါဟာရအားဖြင့် ‘ခါဒတိ’ဟု ခေါ်သည်ကို သီရိလင်္ကာတို့သည် ထမင်း စားရန်ပြောသောအခါ ‘ခါန၀’ဟု၎င်း၊ ရေသောက်သည်ကို‘ဘောန၀’ဟု၎င်း၊ အိပ်သည်ကို‘နိတိ’ဟု၎င်း၊ သွားသည်ကို‘ယာန၀’၊ လာသည်ကို‘ဧန၀’ဟု၎င်း၊ ပါဠိစကားလုံးများ ကိုချည်း အသုံးပြုထားကြသည်ကို လေ့လာရသည်၊၊

လူနာမည်များကိုလည်း ပါဠိလိုအမည်မှည့်ခေါ်ကြသည်ကို တွေ့ရသည်၊၊ မြန်မာတို့သည် ပါဠိစကားလုံး ဆိုလျင် ဘုရားစကားတော်များဖြစ်သည်ဟု တချို့ဝေါဟာရများကို မသုံးရဲကြပေ၊၊ သီရိလင်္ကာတို့ကမူ ပါဠိစကားလုံးတိုင်းကို ရဲရဲဝံ့ဝံ့အသုံးပြုကြလေသည်၊၊

သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတွင်ကပ်နေသည့် အရက်သမားကပ္ပိယကြီး၏ အမည် သည် “တဏှင်္ကရ”ဟူ၍မှည့်ထားပါသည်၊၊ မြန်မာစာသင်သားသံဃာတော်တို့ ဘုရားဖူးနှင့်ဟိုဟိုသည် သည်သွားရာတွင် အသုံးပြုငှားရန်းသည့်ကားသမားလေး၏အမည်သည် “ဇနက”ဟူ၍ခေါ်ပါသည်၊၊

အခြား “သိဒ္ဓတ္ထ”ဟူ၍နာမည်မှည့်ထားသူ၊ “ရာဟုလ”အမည်မှည့်ထားသူများကိုလည်းတွေ့ရသည်၊၊ ထိုအမည်များအားလုံးပင် နှစ်ကျိပ်ရှစ်ဆူ ဘုရားအမည်နှင့် ရဟန္တာသာဝကကြီးများ၏အမည်များဖြစ်ပါ သည်၊၊ အမျိုးသ္မီးအမည်များသည်လည်း ပါဠိအမည်များဖြစ်ပါသည်၊၊

သီရိလင်္ကာ ဘာသာဗေဒပညာရှင်တို့၏အဆိုအရ သီရိလင်္ကာ၏နေ့စဉ်သုံးဝေါဟာရစကားလုံးတစ်ရာမှ ရှစ်ဆယ်ရာခိုင်နှုံးသည် ပါဠိသက်ဝေါဟာရများချည်းသာဖြစ်ကြောင်း သိရပါသည်၊၊ ကျန်နှစ်ဆယ်ရာ ခိုင်နှုံးသည် “တမီးလ်”နှင့်၊ “သက္ကတ”ဝေါဟာရများဖြစ်ကြောင်း လေ့လာသိရှိရပါသည်၊၊

သမိုင်းအထောက်အထားများအရ မြန်မာတို့သည်ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာများအထံမှ ရရှိထားသည်ဖြစ်ရကား သီရိလင်္ကာ လူမျိုးတို့၏အတုကိုလိုက်၍ ပါဠိဝေါဟာရစကားလုံးများကို အလေး ထားပြီး၊ အသုံးပြုခဲ့ကြဟန်ရှိကြောင်း အကဲခပ်ရပါသည်၊၊

“အလင်းစက်အရှင်”နှင့်ခင်မင်သည့် သီရိလင်္ကာလှပျိုဖြူလေး၏အမည်သည် “အဘယရတနာ”ဟုခေါ် ပါသည်၊၊ ပုဂံရာဇ၀င်အဆိုအရ မြန်မာတို့ ချစ်မငြီးသည့် “ကျန်စစ်သားမင်းကြီး”တွင် မိဖုရားအချောအလှ လေးယောက်မျှရှိသည်ဟု ဆိုပါသည်၊၊

အကြီးဆုံးမိဗုရားခေါင်ကြီးကို“အပါယ်ရတနာ”ဟု ခေါ်ပါသည်၊၊ မြန်မာသမိုင်းပညာရှင်တစ်ဦးမှ“အပါယ် ရတနာမိဗုရားကြီး”နှင့်ပတ်သက်၍ မြုပ်ကွယ်နေသည့်သမိုင်းအချက်အလက်တစ်ခုကို ဆွေးနွေးထား သည်ကို မဂ္ဂဇင်းတစ်စောင်တွင်ဖတ်ရဖူးပါသည်၊၊

အပါယ်ရတနာသည် မြန်မာလူမျိုးမဟုတ်ဘဲ၊ သီရိလင်္ကာနိုင်ငံဟုယ္ခုအခါခေါ်သည့်၊ ရှေးခေတ်အခေါ် “တမ္ဗဒီပ”နိုင်ငံတော်မှ သီရိလင်္ကာတို့ အခေါ်အားဖြင့် “ရာမညဘုရင်-ကျင်စွတ်သား”အားဆက်သထား သည့်“တမ္ဗဒီပ”လှပျိုဖြူတစ်ပါးသာဖြစ်ကြောင်း၊ အမည်စင်စစ်မှာ “အဘယရတနာ” ဟုခေါ်တွင် ကြောင်း ဆွေးနွေးတင်ပြထားပါသည်၊၊

အကြောင်းပြချက်အနေအားဖြင့် အကုသိုလ်များသဖြင့် ကျရောက်ခံစားရမည့်အပါယ်လေးမျိုးကို မည် သူကမှ“ရတနာ”တပ်၍ ခေါ်ဆိုမည် မဟုတ်ဘဲ၊ “အဘယရတနာ”ဟူသောအမည်ကသာ ခေတ်များစွာ ပြောင်းလဲပြီး၊ သဒ္ဒဗေဒပိုင်းဆိုင်ရာအသံပြောင်းလဲရာမှ “အဘယ်ရတနာ” (သို့မဟုတ်)“အပါယ်ရတ နာ”ဟုခေါ်တွင်ခဲ့ကြဟန်ရှိကြောင်း ဆိုပါသည်၊၊

သမိုင်းကြောင်းအရ အနော်ရထာခေတ်တွင် သီရိလင်္ကာတို့သည် မြန်မာတို့အထံမှစစ်ရေးအကူအညီ များစွာကို အကူအညီတောင်းခဲ့ ရသောကြောင့်၎င်း၊ ရှေးခေတ်ဘုရင်များသည်သ္မီးဆက်သ၍ အင်အား ကြီးသည့် တိုင်းခြားဘုရင်များကိုမိတ်ဖွဲ့သော အစဉ်အလာရှိခဲ့ သောကြောင့်၎င်း ဖြစ်နိုင်ခြေရှိသည်ဟု ဆိုပါသည်၊၊

ပါဠိဝေါဟာရများကို နေ့စဉ်သုံးစကားတွင် သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံတို့ အသုံးပြုကြပုံခြင်းတူပုံကို ထင်သာသည့် အကြောင်းကို တင်ပြခြင်းဖြစ်ပါသည်၊၊

“အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့် “ပရဟိတ”ဟူ၍ပါဠိဝေါဟာ ရကိုအသုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာ လူမျိုးတို့ယူဆကြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်း များကို ခေါ်ဆိုလေ့ရှိကြပါသည်၊၊

စာဖတ်လေ့လာကြသူများအထဲတွင် ပရဟိတလုပ်နေသူများစွာပင်ရှိ ကြောင်း သိရပါသည်၊၊ မည်သို့သောအလုပ်ကို ပရဟိတဟူ၍ခေါ်ကြောင်းနှင့်၊ ပရဟိတလုပ်လိုသူ တစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်နှင့်လုပ်ဆောင်ချက်ကိုမေးကြသူများလည်း ရှိပါသည်၊၊

အရှင်အနေဖြင့် “ပရဟိတ”အကြောင်းကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်တင်ပြ ဆွေးနွေးပါမည်၊၊ “ပရဟိတ” ပါဠိဝေါဟာရကိုနားလည်ရန်အတွက် “အတ္တဟိတ”ဝေါဟာရနှင့် နှိုင်းယှဉ်၍ လေ့လာရပါမည်၊၊

အတ္တဟိတပုဒ်ကို“ကိုယ်ကျိုး”ဟူ၍ လေ့လာရပါသည်၊၊ ပရဟိတပုဒ်ကို“အခြားသူ၏အကျိုး”ဟူ၍ မူရင်း ပါဠိပုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် သိရပါသည်၊၊ စကားလုံး၏ရင်းမြစ်ကိုလေ့လာကြည့်လျင် “အတ္တ ဟိတ”ကို မိမိ၏ကိုယ်ကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟုဆိုလိုကြောင်း သိရပါသည်၊၊

(အင်္ဂလိပ်လို အတ္တဟိတကို Self Welfare, ပရဟိတကို Social Welfareဟု ဘာသာပြန်နိုင်ပါသည်၊၊ တချို့ပါဠိစကားလုံးများကို အင်္ဂလိပ်လိုဘာသာပြန်လိုက်လျင် ပို၍နားလည်ရလွယ်ကူသောကြောင့် အင်္ဂ လိပ်လိုမှတ်လိုသူများ မှတ်သားနိုင်ပါသည်၊၊)

“ပရဟိတ”ဟူသည်မှာ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟူ၍ ယေဘုယျအဓိပ္ပါယ်သတ်မှတ် နိုင်ကြောင်း လေ့လာရပါသည်၊၊

ပရဟိတအကြောင်းကို မြတ်စွာဘုရားရှင်သင်ပြထားသည့် ဟောပြောပို့ချချက်များအတိုင်းမလေ့လာမှီ “လူတစ်ယောက်၏ဘ၀တွင် အတ္တဟိတနှင့် ပရဟိတမည်သည်က ပို၍အရေးပါကြောင်းကိုသုံးသပ်ရန် အထူးလိုအပ်ပါသည်၊၊”

သက္ကတကျမ်းများတွင် လူတစ်ယောက်၏ဘ၀အတွက် အတ္တဟိတသည်ပို၍အရေးပါကြောင်းကို ဖော်ပြ ထားသည်ကို လေ့လာရပါသည်၊၊ အတ္တဟိတကိုပြည့်စုံလုံလောက်သည်အထိ ကျိုးစားဖြည့်ဆည်းပြီးမှ ပရဟိတကိုလုပ်သင့်ကြောင်း ဆိုထားပါသည်၊၊

ပါဠိစာပေတွင် ထိုကဲ့သို့ဖော်ပြချက်တစ်စုံတစ်ရာကိုမတွေ့ရသော်လည်း အတ္တဟိတကိုပြည့်စုံစေရန် မဖြည့်ဆည်းဘဲ ပရဟိတကိုလုပ်သူထက်၊ အတ္တဟိတကိုအောင်မြင်တိုးတက်ရန်ကျိုးစားသူကသာ ပို၍မြင့်မြတ်သည်ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်၊၊

အနှစ်ချုပ်ဆွေးနွေးရလျင် အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုး စားသင့်သည်ဟု မှတ်ယူရပါမည်၊၊ အကြောင်းမှာ “အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊ ပရဟိတကိုခြေလှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”

မှန်ပါသည်၊၊ များစွာသောပရဟိတအဖွဲ့အစည်းကြီးများတွင် ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ ပြဿနာများစွာဖြစ်ပေါ်ပြီး အဖွဲ့အစည်း ရည်ရွယ်ချက်များပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြသည်အထိပြဿနာ ကြီးများဖြစ်လေ့ရှိကြသည်ကို တွေ့ရပါသည်၊၊

ကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှပရဟိတပါရမီရှင်များအထဲတွင် ဗုဒ္ဓရှင်တော်သည် စံနမူနာ ပြုရန်အကောင်းဆုံး ပရဟိတသမားဖြစ်ကြောင်း ဆိုကြပါသည်၊၊ ဗုဒ္ဓ၀င်ကျမ်းများကို စနစ်တကျလေ့ လာကြည့်လျင် ဗုဒ္ဓရှင်တော်သည်လည်း အတ္တဟိတကို အကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်း ကျိုးစားပြီးမှ အဆုံးစွန်အောင်မြင်သည့်ပရဟိတလုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရပါသည်၊၊

အထက်ပါဆွေးနွေးတင်ပြချက်နှင့် သာဓကများကိုသုံးသပ်၍ တိကျသည့်အဖြေကိုထုတ်ကြည့်လျင် လူတစ်ယောက်၏ဘ၀တွင် အတ္တဟိတ(ခေါ်)မိမိဘ၀ပြည့်စုံမှုကို ဦးစွာအလေးထားပြီး၊ ကျိုးစားဖြည့် ဆည်းသင့်ကြောင်း မှတ်သားရပါမည်၊၊

မိမိဘ၀တွင် အခြေခံလိုအပ်ချက်များကို ခိုင်မာပြည့်စုံသည်အထိကျိုးစားပြီးမှသာ ပရဟိတလုပ်သင့် ကြောင်းနှင့်၊ သို့မှသာလျင် အောင်မြင်ပြီး၊ အများလေးစားအတုယူအားကျရလောက်သည့် ဖြောင့်မတ် မှန်ကန်တိကျသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါ သည်၊၊

ပရဟိတနှင့်ဆက်စပ်၍ မူလဝေါဟာရများတည်ရှိရာ ပါဠိစာပေကျမ်းစာများတွင် အောက်တွင်ဆွေးနွေး တင်ပြထားသည့်အတိုင်း တွေ့ရပါသည်၊၊

ကမ္ဘာလောကတွင် လူအမျိုးအစား(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင် ဖော်ပြထားပါသည်၊၊ အတ္တဟိတသုတ်တွင် အကျဉ်းမျှ ဖော်ပြထားသည်ကို “ရာဂ၀ိနယသုတ်”နှင့်အခြားသုတ်ပေါင်းများစွာတွင် အသေးစိတ်အကျယ် ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊

“လူ(၄)မျိုး”

(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)

(၂) အခြားသူ၍၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)

(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)

(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)

လူအမျိုးအစား(၄)မျိုးတွင် ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုပါသည်၊၊ အတ္တဟိ တတစ်ခုတည်းကိုပြုလုပ်သူသည် ပရဟိတသီးသန့်ပြုသူထက်ပို၍ မြတ်သည်ဟုဆိုပါသည်၊၊

အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊ အစွန်းနှစ်ဘက်တွင်မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု ဖော်ပြထားပါသည်၊၊

အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ် သည်ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရပါသည်၊၊ ထို့ကြောင့် ပရဟိတလုပ်ငန်းတွင် စိတ်ဝင်စား သည့် စာဖတ်သူများ သင့်တော်သည့်ရွေးချယ်မှုကို ပြုနိုင်ပြီဟုယူဆပါသည်၊၊

မူလပါဠိစာပေတစ်ရပ်လုံးတွင် အသုံးပြုဖော်ပြထားသည့် “ပရဟိတ”စကားလုံးသည် နယ်ပယ်များစွာ ကျယ်ဝန်းသည်ကို တွေ့ရပါသည်၊၊ ဗုဒ္ဓအဘိဓမ္မာတွင် “ငါ”နှင့် “အခြားသူ”ဟူ၍မရှိဘဲ ခန္ဓာငါးမျိုးတို့ အချိုးကျ ဖွဲ့စည်းတည်ဆောက်ထားသည်ကို “လူ”ဟူ၍ခေါ်ဆိုသည်ဖြစ်ရကား မိမိကိုယ်တိုင်ထမင်းဆာ သဖြင့် ထမင်းစားသည်ကိုပင် ပရဟိတဟူ၍ခေါ်နိုင်ကြောင်း မှတ်သားရပါသည်၊၊

အခြားသော မိမိဘ၀ပြည့်စုံမှုအတွက် ပညာသင်ယူခြင်း၊ စီးပွားရှာဖွေခြင်း၊ မိသားစုကိုပြုစုလုပ်ကျွေး ခြင်းများကို ပရဟိတဟူ၍ခေါ်ဆိုနိုင်ကြောင်းကို သိသာလှပါတော့သည်၊၊ အင်္ဂလိပ်စာပေတွင် Charity Begins at Home.ဟုဆိုပါသည်၊၊ “ဒါနဆိုတာ မိမိအိမ်မှစတင်ပြုလုပ်ရသည်ဟု ဆိုလိုပါသည်၊၊”

ထို့ကြောင့် ပရဟိတဟူသည်မှာ အဖွဲ့အစည်းကြီးများတည်ထောင်၍ ဆိုင်းဘုတ်နာမည်ကြီးကြီးများချိပ် ဆွဲပြီးလုပ်ကိုင်မှ မဟုတ်ပေ၊ မိမိဘ၀အတွက် ပြည့်စုံအောင်ကျိုးစားခြင်းများ၊ မိသားစုကိုလုပ်ကျွေးခြင်း များအားလုံးပင် ပရဟိတနယ်ပယ်တွင် ပါဝင်လေသည်၊၊

ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင် လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုလုပ်ငန်းများ၊ ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောင့်မှုလုပ် ငန်းများတွင် ကိုယ်စိတ်နှစ်၍လုပ်ကိုင်နိုင်သူဖြစ်ပါမူ အတိုင်းထက်အလွန်လောက တာဝန် ကျေပွန်သူ၊ လူလိမ္မာဟူ၍ ခေါ်ဆိုထိုက်ပါတော့သည်၊၊

ဤတွင် ပရဟိတအကြောင်း လေ့လာတင်ပြချက်စာတမ်းသည် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါသည်၊၊ အလင်းစက်အရှင်၏ အမြင်ကိုတင်ပြပါပါမူ လူတိုင်းလူတိုင်းသည် မိမိဘ၀ပြည့်စုံမှုကို ထိထိရောက်ရောက် ကျိုးစားသင့်လှပါသည်၊၊

ကျိုးစားအောင်မြင်ပြီးမှသာလျင် ပတ်ဝန်းကျင်နှင့်လောကအကျိုးအများအကျိုး စွမ်းအားရှိသမျှပြုလုပ် သင့်သည်ဟု ယူဆပါသည်၊၊ ထိုသို့မဟုတ်မူဘဲ ပညာရေးတစ်ပိုင်းတစ၊ စီးပွားရေးတစ်ပိုင်းတစမျှနှင့် ဘ၀တွင်ယောင်ဝါးဝါးဖြင့်အဆုံးမသတ်သင့်ဟု မြင်ပါသည်၊၊

“အလင်းစက်”ရေးသားသမျှစာတမ်းများသည် ပညာရပ်သုတေသနဆန်စွာ ပညာရေးရှုဒေါင့်ဖြင့်ချည်း ကပ်တင်ပြသည့်အတွက် ဘာသာရေးနှင့် ဘာသာရေးစာပေများအပေါ်တွင် ရိုးရာအစွဲရှိသူများအနေ ဖြင့် ကြမ်းရှသည့်ရေးသားဟန်များအဖြစ် မြင်ရတတ်ပါသည်၊၊

ထို့အပြင် ရေးသားမှုတွင် အမှားပြုပြင်ဖွယ်ရာများနှင့်၊ မူလစာပေ၏အာဘော်နှင့်လွဲချော်သည့်ရေးသား ချက်များတွေ့ရှိလျင် အကြံပြုဆွေး နွေးကြဖို့ရိုးသားပွင့်လင်းစွာ ဖိတ်ခေါ်အပ်ပါသည်၊၊

ဗုဒ္ဓစာပေနှင့်အတွေးအခေါ်များကို လေ့လာဖတ်ရှုကြသူများအားလုံးတို့သည် ဗုဒ္ဓစာပေဖြင့် မိမိတို့၏ဘ၀ကို အလင်းပေးနိုင်သူများဖြစ်ကြပြီး၊ ကမ္ဘာ့လူအများကိုလည်း စာပေအလင်း၊ ဘ၀အလင်းပေးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလျက်စာတမ်းကို အဆုံးသတ် လိုက်ရပါသည်၊၊ ၊၊

{ကျမ်းညွန်း/ အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ-ဆ၀ါလာတသုတ်၊ ခိပ္ပသန္တိသုတ်၊ အတ္တဟိတသုတ်၊ သိက္ခာပဒသုတ်နှင့်၊၊ ပဉ္စကနိပါတ-ပ.ဒု.တ.စ.ပဉ္စမဟိတသုတ်၊၊ အဌကနိပါတ-မဟာနာမသုတ်၊ ဇီဝကသုတ်တို့ကိုကိုးကားလျက် ဤစာတမ်းကိုရေးသားအပ်ပါသည်၊၊}

{စာကြွင်း}

စာတမ်း၏အစပိုင်းတွင် “ပရဟိတ”ဟူသောစကားလုံးဝေါဟာရသည် အနက်အဓိပ္ပါယ်ကျယ်ပြန့်သည် ဟုဆိုခဲ့ပါသည်၊၊ ဆက်လက်၍ “ပရဟိတ”စကားလုံး၏ လေးနက်ကျယ်ပြန့်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက် များကို မူလကျမ်းများအတွင်ဖွင့်ဆိုထားသည့်အတိုင်း တင်ပြလိုက်ပါသည်၊၊

ယ္ခုအခါ “ပရဟိတ”နှင့်ဆက်စပ်၍ မူလသုတ်များတွင်ဖော်ပြထားသည်ကို တင်ပြဆွေးနွေးပါမည်၊၊ ဆွေးနွေးတင်ပြပါ သုတ်များအားလုံးသည် မြတ်စွာဘုရားရှင် သင်ပြဟောပြောထားသည့် ပါဠိတော် သုတ်များ ဖြစ်ပါသည်၊၊ (သုတ္တ=သုတ်=story)

ရာဂ၀ိနယသုတ်တွင် လူ(၄)မျိုးနှင့်ဆက်စပ်၍ အောက်ပါအတိုင်းဖွင့်ဆိုပါသည်၊၊

ကိုယ်တိုင်တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းအောင် ကျိုးစားပြီး၊ အခြားသူတို့အား တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုများမှ ကင်းဝေးအောင် မတိုက်တွန်းသူသည် အတ္တဟိတကိုသာဖြည့်ဆည်း သူဟု ခေါ်ပါသည်၊၊

ကိုယ်တိုင်တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းအောင်ကျိုးစားမှုမရှိဘဲ၊ အခြားသူများအား တပ် မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းသင့် ကြောင်းတိုက်တွန်းသူမျိုးကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

ကိုယ်တိုင်လည်း တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းဝေးစေရန်မကျိုးစား၊ အခြားသူများကို လည်း မတိုက်တွန်းသောသူမျိုးသည် အတ္တဟိတလည်းမရှိ၊ ပရဟိတကိုလည်းမပြုသူ ဟုခေါ်ပါသည်၊၊

ကိုယ်တိုင်နှင့်အခြားသူများကိုပါ တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုများမှကင်းဝေးစေရန်ကျိုးစား တိုက်တွန်းသူမျိုးကို နှစ်ဘက်လှအတ္တဟိတ နှင့်ပရဟိတပြည့်စုံသူဟု ခေါ်ဆိုပါသည်၊၊

ခိပ္ပနိသန္တိသုတ်တွင် ပရဟိတနှင့်ဆက်စပ်၍ လူအမျိုးအစား(၄)မျိုးကို အောက်ပါအတိုင်းဖော်ပြထား သည်ကို တွေ့ရပါသည်၊၊

လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်သည်၊ ပညာတတ်သည်၊ ကိုယ်ကျင့်ကောင်းသည်၊ သို့သော် အပြောအဆိုမတတ်၊ အခြားသူများ၏ အကျိုးစီးပွားကို မညွန်ပြတတ်၊၊ ထိုကဲ့သို့သော လူမျိုးများကို အတ္တဟိတကိုဖြည့်ဆည်းသူဟု ခေါ်ဆိုပါသည်၊၊

လူအချို့သည် အပြောအဆိုကောင်းသည်၊ အခြားသူများ၏အကျိုးကို ညွန်ပြတတ်သည်၊၊ သို့သော် ကိုယ့်အတွက် အကျိုးနှင့်အပြစ်ကို နားလည်မှုမရှိ၊ ပညာမတတ်၊ ကိုယ်ကျင့်တရားမရှိ၊၊ ထိုကဲ့သို့သော လူမျိုးများကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်မှုမရှိ၊ ပညာမတတ်၊ ကိုယ်ကျင့်တရားမရှိ၊၊ ထို့အပြင် အခြားသူအပေါ်တွင်လည်း အပြောအဆိုမတတ်၊ အကျိုးစီးပွားကိုမညွန်ပြတတ်၊ ထိုသူမျိုးသည် အတ္တ ဟိတနှင့်ပရဟိတနှစ်မျိုးလုံး မရှိသူဟုခေါ်ပါသည်၊၊

လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်သည်၊ ပညာတတ်သည်၊ ကိုယ်ကျင့်တရားကောင်းသည်၊၊ အခြားသူများအပေါ်တွင် အပြောအဆိုလိမ္မာပါးနပ်သည်၊ အကျိုးစီးပွားကို ညွန်ပြတတ်သည်၊၊ ထိုကဲ့သို့ သောလူမျိုးကို ပရဟိတနှင့်အတ္တဟိတနှစ်မျိုးလုံးတွင် ကျွမ်းကျင်သူ ဟုဆိုပါသည်၊၊

သိက္ခာပဒသုတ်တွင် ဖော်ပြထားသည့်ပရဟိတနှင့်ဆက်စပ်သည့် သင်ပြချက်ကိုအောက်ပါအတိုင်း လေ့လာနိုင်ပါသည်၊၊

ကိုယ်တိုင် ငါးပါးသီလကိုစောင့်ထိမ်းပြီး၊ အခြားသူများအားစောင့်ထိမ်းရန်အတိုက်တွန်းသူကို အတ္တ ဟိတကိုသာ ကျင့်သုံးသူဟုခေါ်ပါသည်၊၊

ကိုယ်တိုင်က ငါးပါးသီလကိုစောင့်ထိမ်းမှုမရှိဘဲ၊ အခြားသူများအားစောင့်ထိမ်းရန် တိုက်တွန်းသူမျိုးကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

ကိုယ်တိုင်လည်း သီလမရှိ၊ အခြားသူများအားလည်း သီလရှိစေရန်တိုက်တွန်းမှုမရှိသောသူမျိုးသည် အတ္တဟိတနှင့်ပရဟိတနှစ်မျိုးလုံး မရှိသူဟုဆိုပါသည်၊၊

ကိုယ်တိုင် သီလစောင့်ထိမ်းပြီး အခြားသူများအားလည်း စောင့်ထိမ်းရန်တိုက်တွန်းသူမျိုးကို ပရဟိတ နှင့်အတ္တဟိတနှစ်မျိုးလုံးပြည့်စုံသူဟု ခေါ်ပါသည်၊၊

အခြားသော ပရဟိတနှင့်ဆက်စပ်သည့် သုတ်များစွာလည်းရှိပါသေးသည်၊၊ ပ.အင်္ဂုတ္တရနိကာယ်တွင် ပထမ.ဒု.တ.စ.ပဉ္စမသုတ်တို့တွင် အောက်ပါအတိုင်းလေ့လာရပါသည်၊၊

သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိ၊ ၀ိမုတ္တိညာဏဒဿနဟူသော တရားငါးမျိုးတို့ကို ကိုယ်တိုင်၏ဘ၀တွင် ဖြစ်ပေါ်အောင်ဖြည့်ဆည်းသူကို အတ္တဟိတပြုသူဟု ခေါ်ပါသည်၊၊ အခြားသူ၏ဘ၀အတွက် ဖြည့်ဆည်း ပေးသူမျိုးကို ပရဟိတလုပ်သူဟု ခေါ်ပါသည်၊၊

အတ္ထကနိပါတ၊ မဟာနာမသုတ်တွင် မဟာနာမ်သာကီဝင်မင်းကြီးသည် မြတ်စွာဘုရားအား အဘယ်သူသည် အတ္တဟိတကိုကျင့်သုံးမည်ပါသနည်း၊ မည်သူသည်ပရဟိတကိုကျင့်သုံးသူမည်ပါ သနည်းဟု မေးသည်ကို မြတ်စွာဘုရားရှင်သည် တိကျစွာဖြေကြားတော်မူခဲ့ပါသည်၊၊

အတ္တဟိတ=ကိုယ်ကျိုးတစ်ခုတည်းကို ကျင့်သုံးသူ၊၊ ၊၊

(၁) ကိုယ်တိုင် သဒ္ဓါ သီလ၊ စာဂနှင့်ပြည့်စုံ၍ အခြားသူကိုပြည့်စုံစေရန် မတိုက်တွန်းသူ၊

(၂) ကိုယ်တိုင်သံဃာကိုဖူးမြင်လို၍၊ သူတစ်ပါးတို့ဖူးမြင်ခွင့်ရစေရန်အားမထုတ်သူ၊

(၃) ကိုယ်တိုင်သူတော်ကောင်းတရားနာလို၍၊ အခြားသူတို့နာယူခွင့်ရစေရန် အားမထုတ်သူ၊

(၄) ကိုယ်တိုင်တရားစကားကိုမှတ်သားမှုရှိပြီး၊ သူတစ်ပါးတို့ကိုမှတ်သားရန်မတိုက်တွန်းသူ၊

(၅) ကိုယ်တိုင်ဆင်ခြင်သုံးသပ်တတ်ပြီး၊ သူတစ်ပါးကိုဆင်ခြင်သုံးသပ်ရန် မတိုက်တွန်းသူ၊

(၆) ကိုယ်တိုင်တရားအားလျော်စွာကျင့်သုံး၍၊ သူတစ်ပါးကိုကျင့်သုံးရန်မတိုက်တွန်းသူ၊

အထက်တွင်ဆွေးနွေးတင်ပြထားသည့် ခြောက်မျိုးသောလူတို့သည် အတ္တဟိတတစ်ခုတည်းကိုသာ ကျင့်သူများဖြစ်သည်ဟု မြတ်စွာဘုရားရှင်ညွန်ပြထားပါသည်၊၊

ပရဟိတ၊ အတ္တဟိတနှင့်ပြည့်စုံသူ၊၊ ၊၊

(၁) ကိုယ်တိုင် သဒ္ဓါ သီလ၊ စာဂနှင့်ပြည့်စုံ၍ အခြားသူကိုပြည့်စုံစေရန် တိုက်တွန်းသူ၊

(၂) ကိုယ်တိုင်သံဃာကိုဖူးမြင်လို၍၊ သူတစ်ပါးတို့ဖူးမြင်ခွင့်ရစေရန်အားထုတ်သူ၊

(၃) ကိုယ်တိုင်သူတော်ကောင်းတရားနာလို၍၊ အခြားသူတို့နာယူခွင့်ရစေရန် အားထုတ်သူ၊

(၄) ကိုယ်တိုင်တရားစကားကိုမှတ်သားမှုရှိပြီး၊ သူတစ်ပါးတို့ကိုမှတ်သားရန်တိုက်တွန်းသူ၊

(၅) ကိုယ်တိုင်ဆင်ခြင်သုံးသပ်တတ်ပြီး၊ သူတစ်ပါးကိုဆင်ခြင်သုံးသပ်ရန် တိုက်တွန်းသူ၊

(၆) ကိုယ်တိုင်တရားအားလျော်စွာကျင့်သုံး၍၊ သူတစ်ပါးကိုကျင့်သုံးရန်တိုက်တွန်းသူ၊၊

အထက်တွင် တင်ပြဆွေးနွေးထားသည့် လူများသည်ပရဟိတနှင့်အတ္တဟိတနှစ်မျိုးလုံးကို ပြည့်စုံစွာ ကျင့်သုံးသူများဖြစ်သည်ဟု မြတ်စွာဘုရားရှင် သုံးသပ်တော်မူပါသည်၊၊

ဤမျှတင်ပြဆွေးနွေးခဲ့သည်များကို လေ့လာဖတ်ရှုပြီးလျင် ပရဟိတအကြောင်းကို ကောင်းကောင်းသ ဘောကျလောက်ပြီဟု ယူဆပါသည်၊၊ အခြားသော ပါဠိတော်၊ အဌကထာနှင့် ဋီကာကျမ်းများတွင် လည်း ပရဟိတအကြောင်းအရာကို များစွာပင်ဖွင့်ဆိုထားပါသေးသည်၊၊

စာဖတ်သူအနေဖြင့် ပရဟိတနှင့်ဆက်စပ်သည့် မူလမြတ်စွာဘုရားရှင်၏ ဟောပြောသင်ပြချက်များကို စနစ်တကျလေ့လာဖတ်ရှုပြီး၊ အတ္တဟိတနှင့်ပရဟိတဟူသည်ကို အသေးစိတ်နားလည်ပြီး၊ မိမိဘ၀ အတွက် အရေးပါသည်ကိုကျိုးစားဖြည့်ဆည်းနိုင်မည်ဟု ယူဆပါသည်၊၊ ပရဟိတလုပ်ငန်းများတွင် ၀ါသနာထုံသူဖြစ်ပါလျင်လည်း မြတ်စွာဘုရားရှင်ညွန်ပြထားသည့် ပရဟိတသမားကောင်းမျိုးဖြစ်စေ ရန်အထူးကျိုးစားသင့်ကြောင်း အကြံပြုရပါသည်၊၊ ၊၊

အရှင်ကေ၀လ(အလင်းစက်)
 {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
 မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

Shared from Shwe Yee

Friday, June 29, 2012

အသည်းရောင် အသားဝါ (ဘီ)ရောဂါ Hepatitis ( B ) Infection

(သိထားတော့ ကာကွယ်နိုင်တာပေါ့ Mg Mandalay )

အသည်းရောင် အသားဝါ ဘီရောဂါ ဟာ လတ်တလော ကမ္ဘာမှာ ကူးစက်မှု မြင့်မားနေဆဲ ရောဂါတစ် မျိုးဖြစ် ပါတယ်…

ယင်းသို့ လတ်တလော ကူးစက်ခံ ရသူများ ထဲတွင် အသက် ၂၅မှ ၄၄ နှစ် အတွင်း ကူးစက်ခံ ခြင်းမှာ (3.1 cases per 100,000 population) အမြင့်မား ဆုံးဖြစ် ပါတယ်..

အသက် ၁၅နှစ် အောက် ကူးစက် ခံရမှု နှုန်းမှာ အနိမ့်ဆုံး ဖြစ်ပါတယ် (0.02 per 100,000)…
၎င်းအချက် အလက် များကို ကြည့်ခြင်းဖြင့် ရောဂါပိုး အဓိက ကူးစက်မှုမှာ လိင်ဆက် ဆံခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊
ရောဂါပိုး ရှိသောသွေး ထိတွေ့ ၀င်ရောက်ခြင်း များကြောင့် ဖြစ်ကြောင်း သိသာ စေပါတယ်…
အသည်းရောင် ဘီ ကာကွယ် ဆေးကို ကလေးများ ပုံမှန် ထိုးနှံ ပေးခြင်း ကလည်း ငယ်ရွယ် သူများ ကူးစက် ခံရမှု လျော့နည်း စေပါတယ်…

အသည်းရောင် ဘီ ရောဂါပိုး ဟာ ဒီအန်အေ ဗိုင်းရပ်စ် (DNA Virus) အမျိုးအစား ဖြစ်ပါတယ်…
အန်တီဂျင် (Antigen) နှစ်မျိုး ရှိပြီး ဗိုင်းရပ်စ် အတွင်းပိုင်း (Core )အင်တီဂျင် (HBcAg) နဲ့ ဗိုင်းရပ်စ် အပြင်ပိုင်း
(Surface) အင်တီဂျင် (HBsAg) တို့ ဖြစ်ပါတယ်.. အသည်းရောင် ဘီ ဗိုင်းရပ်စ် ပိုး ခန္ဓာကိုယ် တွင်းသို့ ကူးစက် ၀င်ရောက် လာပါက ခန္ဓကိုယ် ရောဂါ ခုခံမှု စနစ် (Immune System) မှ တန်ပြန် အင်တီ ဘော်ဒီ (Antibody) များထုတ်လုပ် ပါတယ်.. Antibody to HBsAg (Anti-HBs), Antibody to HBcAg (Anti-HBc) များဟာ ခန္ဓကိုယ် မှ ထွက်ရှိလာ တဲ့ အင်တီ ဘော်ဒီများ ဖြစ်ပါတယ်.. အဲဒီ အင်တီဂျင်၊ အင်တီ ဘော်ဒီ တွေကို သိထား ခြင်းဖြင့် ရောဂါပိုး စစ်ဆေး ရာမှာ၎င်း၊ ရောဂါပိုး ၀င်ရောက်မှု အခြေ အနေကို ၎င်း စမ်းသပ်ရာမှာ အသုံးဝင် ပါတယ်…

အသည်းရောင် ဘီရောဂါပိုး ဟာ လူ့ခန္ဓာ ကိုယ်ရဲ့ သွေး၊ သုတ်ရည်၊ ယောနိရည်၊ နို့ရည်၊ တံတွေး တို့မှာ တွေ့ရှိ ရပါတယ်.. ဒါ့ကြောင့် ရောဂါ ကူးစက် နိုင်တဲ့ နည်းလမ်းများ ကတော့ ရောဂါပိုး ရှိသူနှင့် လိင်တူ လိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုး ပါသော ဆေးထိုးအပ် ဆေးထိုးပြွန် ဆေးမင် ကြောင်ထိုး ဓါတ်အပ်စိုက် စသည်တို့ ပြုလုပ်ခြင်း၊ ရောဂါပိုး ပါသော သွေးသွင်း မိခြင်း၊ ကိုယ်ဝန် ဆောင် မိခင်မှ ကလေး သို့ကူး စက်ခြင်း၊ ရောဂါပိုး ပါသော သွေး (သို့) တံတွေး ထိထားသော သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓား သုံးစွဲခြင်း တို့ ဖြစ်ပါတယ်…

လတ်တလော အသည်းရောင် ဘီပိုးဝင် လက္ခဏာ များမှာ ရောဂါ ပိုးဝင်ရောက်ပြီး ၁လမှ ၄လ အတွင်း ဖြစ်ပေါ် လေ့ရှိ ပါတယ်… အသည်းရောင် ဘီပိုး ဟာ အသည်းကို တိုက်ရိုက် ထိခိုက် ရောင်ရမ်း စေတာ မဟုတ်ဘဲ ခန္ဓာကိုယ် ရောဂါ ခုခံမှု စနစ် (Immune system) က အသည်းရောင် ဘီပိုး ကို ခုခံ တိုက်ဖျက် ရာမှ မိမိ အသည်း ကိုပါ ထိခိုက် ရောင်ရမ်း ရခြင်း ဖြစ်ပါတယ်… ဒါ့ကြောင့် ခန္ဓာကိုယ် ခုခံမှု စနစ် အားကောင်း ပါက ရောဂါပိုး ကို ကင်းစင် အောင် ပိုမို တိုက်ထုတ် နိုင်ပြီး လတ်တလော အသည်းရောင် လက္ခဏာ ပိုမို ပြင်းထန် တတ်ပါတယ်… ခန္ဓာကိုယ် ခုခံမှု စနစ် လျော့နည်း ပါက လတ်တလော အသည်းရောင် လက္ခဏာ ခံစား ရမှု နည်းပြီး ရောဂါပိုး ကင်းစင် အောင် တိုက်ထုတ် နိုင်မှု နည်းပါး ပါတယ်… အဲဒါကြောင့် ကလေး သူငယ် အထူးသဖြင့် ၁နှစ် အောက် ကလေးများ ရောဂါ ကူးစက် ခံရပါက ၉၅% မှာ နာတာရှည် ပိုးသယ် ဆောင်ပြီး နာတာရှည် အသည်းရောင် ခြင်းပိုမို ဖြစ်ပွား စေပါတယ်.. လူကြီး များတွင် ၅% ကသာ နာတာရှည် ပိုးသယ်ဆောင် ပြီ်း ကျန် ၉၅% က လတ်တလော အသည်းရောင် ပြီး ပိုးကင်းစင် သွားတတ် ပါတယ်… လတ်တလော အသည်းရောင် ဘီ ပိုးဝင် လက္ခဏာ များမှာ

* တုပ်ကွေး ကဲ့သို့ ကိုက်ခဲ နာကျင် ဖျားနာခြင်း၊
* မျက်လုံးနဲ့ အသားများ ၀ါလာခြင်း၊
* နုံးခွေ အော့အန်ခြင်း၊
* အစာ စားချင်စိတ် မရှိခြင်း၊
* အသည်းရောင် ခြင်းကြောင့် ၀မ်းဗိုက် ညာဖက် အပေါ်ပိုင်း နာကျင်ခြင်း၊

တို့ ဖြစ်တတ် ပါတယ်…

နာတာရှည် အသည်းရောင် ဘီပိုး သယ်ဆောင်သူ များဟာ အများ အားဖြင့် ရောဂါ လက္ခဏာ မပြ ကြပဲ နှစ်ပေါင်း များစွာ ကြာတဲ့ အခါ အသည်းခြောက် ရောဂါ (Cirrhosis of Liver) နဲ့ အသည်း ကင်ဆာ ရောဂါ ဖြစ်ပွား စေတတ် ပါတယ်… နာတာရှည် ဘီပိုး သယ်ဆောင် သူများရဲ့ ၁၅ မှ ၂၀% ဟာ ၅နှစ်မှ ၂၀နှစ် အတွင်း အသည်းခြောက် ရောဂါ ဖြစ်ပွား တတ်ပါတယ်… အသည်းရောင် ဘီရောဂါ ပိုး နာတာရှည် သယ်ဆောင်သူ များ အနေ ဖြင့် အသည်းကို ထိခိုက် စေတဲ့ အပြု အမူ၊ အစား အသောက် ၊ ကိုယ်ခံအား ကျဆင်း စေတဲ့ ဆေးဝါးများ များကို ဂရုပြု ရှောင်ရှား ရပါမယ်.. အရက်၊ ဘီယာ၊ ထန်းရည်၊ ၀ိုင် စသည် တို့ကို လုံးဝ ရှောင်ရှား ရပါမယ်… ပန်းနာ၊ အဆစ် အမြစ် ကိုက် ရောဂါ တို့အတွက် သောက်သုံး သော ပရက်နီဆလုံး (Prednisolone)၊ အချို့ အရေပြား ရောဂါ များနဲ့ အဆစ်နာ အတွက် သုံးသော မက်သို ထရက်ဇိတ် (Methotrexate)၊ အချို့ ကင်ဆာ ရောဂါ များတွင် သုံးသော ဆိုက်ကလို ဖောစဖမိုက် (Cyclophosphamide) ဆေးများ သုံးစွဲ နေရ ပါက အသည်း ရောင်ခြင်း ကို ပိုမို ဆိုးရွား စေသဖြင့် ရပ်နား သင့်ပါတယ်…

ရောဂါ စစ်ဆေးမှု တွင် အဓိက အားဖြင့် HBsAg ကိုသာ နေရာ တကာ တွင်တွင် ကျယ်ကျယ် စစ်ဆေး နိုင်ပါတယ်… ရောဂါပိုး ၀င်ရောက်ပြီး ၄ ပတ် အကြာ တွင် စစ်ဆေး တွေ့ရှိ နိုင်ပြီး ရောဂါပိုး ကင်းစင် အောင် ခုခံအား ကောင်းသော သူများတွင် လတ်တလော အသည်းရောင် ပြီး ၄လ အကြာ တွင် ၎င်း HBsAg ပျောက်ကွယ် လေ့ရှိ ပါတယ်… နာတာ ရှည် ပိုးသယ် ဆောင်သူ များတွင် မူ နှစ်ပေါင်း များစွာ ဆက်လက် စစ်ဆေး တွေ့ရှိ နိုင်ပါတယ်… အသည်း ရောင်ဘီ ပိုးဝင် ရောက်၍ လတ်တလော အသည်းရောင် အသား ၀ါဖြစ်ပြီး ရောဂါပိုး ကင်းစင် သွားသူ များ အနေဖြင့် တစ်သက်တာ အသည်း ရောင်ဘီ ရောဂါပြီး သူ (Life-long Immunity) အဖြစ် နေထိုင် နိုင်ပါတယ်… အောက်ပါ ဇယား အရ စစ်ဆေး ကြည့်ရှု ခြင်း ဖြင့် ရောဂါ အခြေ အနေ ကို အနီး စပ်ဆုံး သိရှိ နိုင်ပါတယ်..

ရောဂါ ကုသမှု အနေဖြင့် လတ်တလော အသည်းရောင် ဖြစ်နေသူ များသည် သီးသန့် ကုသမှု မလိုအပ် ပဲ အနားယူခြင်း၊ အာဟာရ ပြည့်ဝ အောင် ပုံမှန် စားသောက် ခြင်းတို့ သာလိုအပ် ပါတယ်… နာတာရှည် ပိုးသယ် ဆောင်သူ များသည် လည်း အသည်းကို ထိခိုက် စေသော အပြု အမူ၊ အစား အစာ ရှောင်ရှားပြီး အာဟာရ ပြည့်ဝအောင် နေထိုင် စားသောက် သင့်ပါတယ်… အချို့ ပိုးအရေ အတွက် များနေသူ များအတွက် ပိုး အရေ အတွက် လျော့နည်း စေရန် ဆရာဝန် ညွှန်ကြား သည့် အတိုင်း ဆေးထိုး ဆေးစား ပြုလုပ် နိုင်ပါတယ်…

ရောဂါ ကာကွယ်ရေး အနေဖြင့် အသည်းရောင် ဘီပိုး ၀င်ရောက် ဖူးခြင်း မရှိ ပါက အသည်းရောင် ဘီ ကာကွယ် ဆေးကို ထိုးထား ခြင်းဖြင့် ကာကွယ် နိုင်ပါတယ်… မိမိ အိမ်သား တစ်ဦး တွင် ဘီပိုး ရှိနေ သူများ၊ ကျန်းမာရေး ၀န်ထမ်း များ၊ အသည်း ရောင် စီပိုး ရှိနေ သူများ တွင် နောက်ထပ် ဘီပိုး မ၀င် အောင် ကာကွယ် ရန်လို သူများ သည် အသည်းရောင် ဘီ ကာကွယ် ဆေးကို မဖြစ် မနေ ထိုးနှံ သင့်ပါတယ်… ကလေး များတွင် အသည်းရောင် ဘီ ပိုးဝင် ရောက်ပါက နာတာရှည် ပိုးသယ် ဆောင်သူ ဖြစ်နိုင်ခြေ အလွန် များ သဖြင့် ပုံမှန် ကာကွယ် ဆေးထိုး စီမံ ချက် အရ ထိုးပေး နေပြီ ဖြစ်ပါတယ်… အသည်းရောင် ဘီပိုး ရှိသူ မိခင် မှ မွေးဖွား သော ကလေး များကို မွေးပြီး ၁၂ နာရီ အတွင်း ပုံမှန် အသည်းရောင် ဘီ ကာကွယ် ဆေး အပြင် Hepatitis B Immune Globulin (HBIG) ကို ထိုးပေး သင့် ပါတယ်… ဒါ့ကြောင့် အသည်းရောင် ဘီ ရောဂါ ၀င်ရောက်ဖူး ခြင်းမရှိ သူများ သည် ကာကွယ်ဆေး ကို စနစ် တကျ ထိုးနှံ ၍ ကာကွယ် ထားသင့် ကြောင်း ရေးသား လိုက်ရ ပါတယ်… အားလုံး ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..

Shared from Mg Mandalay

ဆီးချိုပျောက်နည်းမျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ ....( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine )


အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ
ဦးစန်းမောင် (မန်း)

Shared from Mg Mandalay

Thursday, June 28, 2012

အသုဘရှုတယ်ဆိုတာ...

“အသုဘရှုတယ်၊ အသုဘရှုတယ်” ဆိုတဲ့စကားကို ပြောလေ့ရှိကြတယ်။ တချို့က အသုဘရှုတယ်၊ ရှုတယ် ဆိုတာ ဘယ်လိုရှုရမှာလဲ? တချို့ ကဆောင်းပါးတွေနဲ့ရေးကြတယ်။ အသုဘရှုတယ်ဆိုတာ သုဿန်က သင်္ချိုင်းတွေ သွားပြီးရှုတယ်လို့ တချို့ လည်း အဲလိုရေးတာတွေလည်း တွေ့ဖူးသေးတယ်။ အမှန်က အသုဘရှုတယ်ဆိုတာ မိမိခန္ဓာကိုယ်ကို ပြန်ရှုရမှာနော်။ မှတ်ထားကြ။ မိမိရဲ့ ခန္ဓာကိုယ်ကို ပြန်ရှုရမှာ။ အခု ဒီနေရာမှာ တိုက်ဆိုင်လာလို့ အသုဘရှုနည်းပြောမယ်။

အသုဘရှုနည်းပုံမှန် -
မိမိက အိပ်ယာပေါ် ပက်လက်လှန်အိပ်နေလိုက်။ ခြေလက်တွေ ဆန့်ဆန့်ထား၊ မျက်စိမှိတ်ထား၊
စိတ်အာရုံဖြင့် မိမိခန္ဓာကိုယ်ကို ကြည့်ပါ။ စိတ်အာရုံဖြင့် မိမိ ခန္ဓာကိုယ်ကို ကြည့်တော့ အိပ်ယာပေါ် ပက်လက်လှန်ဆန့်ဆန့် အိပ်နေပုံမြင်ရမယ်။
အခုငါ ၀ိညာဉ်မချုပ်သေးလို့ ဒီတိုင်းရှိတာ။ ၀ိညာဉ် ချုပ်သွားလို့ရှိရင် ငါ့ရဲ့  ဒီခန္ဓာကိုယ်ကြီး သေပြီးတော့ အသုဘကြီးဖြစ်မှာ။ အဲဒီလို နှလုံးသွင်းလိုက်ပါ။
အဲဒီတော့ မိမိခန္ဓာကိုယ်ကြီးဟာ အသုဘအဖြစ်ကြီးကို မြင်လာလိမ့်မယ်။ ကိုယ့်ခန္ဓာ ကိုယ့် ဖာသာကြည့်တော့ ကိုယ့်ဖာသာကိုယ်မြင်တယ်။ ကိုယ်နဲ့မဆိုင်သလိုလို ဆိုင်သလိုလိုလည်း ထင်တတ်တယ်။ ပိုင်ပိုင်ကြီးကြည့်ရတယ်။ အဲဒီလိုကြည့်ပါများလာတော့ အသုဘကို ကိုယ့်ဖာသာကိုယ်မြင်ပြီမှတ်။

အသုဘဆိုတာ မတင့်တယ်တာပြောတာ။ အခု အသက်ဝိညာဉ် မချုပ်သေးခင်က အသုဘအစိမ်းခေါ်တယ်။ ၀ိညာဉ်ချုပ်ပြီးတဲ့အခါကျတော့ ကြွေပြီးအသုဘခေါ်တယ်။ အညှာမှ ကြွေပြီးသော သစ်သီးမှည့်ကဲ့သို့ ကြွေပြီးသော အသုဘခေါ်တယ်။ မကြွေခင် ၀ိညာဉ်မချုပ်သေးခင်က သရက်သီးများ အညှာနဲ့ တန်းလန်းရှိသော (သရက်သီး) အသီးကဲ့သို့ အညှာမကြွေသေးတော့ အသုဘအစိမ်းခေါ်တယ်။ တို့ဝိညာဉ်မချုပ်သေးတော့ ဒီခန္ဓာကိုယ်ကတော့ အသုဘတော့ အသုဘပါပဲ။ တင့်တယ်ခြင်းမရှိဘူး။ တင့်တယ်ခြင်းမရှိသော်လည်းပဲ ၀ိညာဉ်တန်းလန်း ရှိနေသောကြောင့်၊ အညှာမှ မကြွေသေးသောကြောင့် အသုဘအစိမ်းခေါ်တယ်။

ဒီခန္ဓာကိုယ်ကြီး အသုဘကြီးပဲလို့ မြင်ပြီဆိုတော့ နှစ်သက်မှု၊ တွယ်တာမှု ဘာမှမရှိတော့ဘူး။ နှစ်သက်မှု၊ တွယ်တာမှု မရှိတော့ခြင်းက အမြတ်ထွက်လာတယ်။ ခန္ဓာကိုယ်လည်း တွယ်တာမှုမရှိဘူး၊ (ခန္ဓာ)ကိုယ်သာမဟုတ်သေးဘူး။ ပစ္စည်းဥစ္စာလည်း တွယ်တာမှု မရှိဘူး။ ဘုန်းကြီးဆိုလို့ရှိရင် ကျောင်းကန်လည်း တွယ်တာမှုမရှိဘူး။ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းလို့ အသုဘပုံကို ပိုင်ပိုင်မြင်ထားသော ဘုန်းကြီးများ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းထားလေ့မရှိဘူး။ ဘာမှမက်မောခြင်း မရှိဘူး။ အဲဒီလိုဘုန်းကြီးက ကျောင်းကန်နဲ့စပ်လို့ စကားလည်း ပြောလိမ့်မယ် မဟုတ်ဘူး။ စိတ်တွေက အလိုလို အေးချမ်းပြီးတော့ ရဟန္တာပုဂ္ဂိုလ်လိုလိုကို ထင်ရလောက်အောင် စိတ်တွေက အေးချမ်းပျော့ပျောင်း သွားတယ်။ လူလည်း ဒီအတိုင်းပါဘဲနော်။ အဲဒါမှတ်ထားကြ။

အသုသ အသုဘ ဆိုလို့ ခက်ခက်ခဲခဲ ရှုရတာမဟုတ်ဘူး။ ဒီစကားနဲ့ဆက်လို့ ရှေးကဆိုရိုးရှိတယ်။“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့စကား ရှေးလူကြီးတွေစကား။ အသုဘ မသာအိမ်ကို တစ်ခေါက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့၊ ဥပုသ်စောင့်၊ တရားနာ ဆယ်ခေါက်သွားတာထက် မသာတစ်ခေါက် သွားလိုက်ခြင်းက ပို၍ခရီးရောက်တယ်။ တနည်းအားဖြင့် ညီမျှသော ကုသိုလ်ရှိတယ်လို့ ဆိုတယ်။ ဆိုလိုသည်မှာ အသုဘ ရုပ်ကြီးကြည့်ပြီးတော့ကာ သြော်...သူ့ခမျာ သေရှာလို့ တကယ် အသုဘ အစစ်ဖြစ်ပြီ။ ငါ့ခန္ဓာကိုယ်လည်း ဒီလိုဖြစ်မှာပဲ၊ အဲဒီလိုတွေးဆကြည့်တော့ကာ အသုဘရှုခြင်း အဓိပ္ပါယ်ရောက်တယ်။ ရှေးအခါက အသုဘနဲ့ စပ်လို့ ဘုန်းကြီးတွေပင့်စာရေးသောအခါ ဘယ်ရွာက ဘယ်သူကွယ်လွန်သွားလို့ အသုဘရှုစား ကြွတော်မှုပါလို့ ပင့်လေ့ရှိကြတယ်။ ဘုန်းကြီးတွေကို။ လူများကိုလည်း အသုဘရှု တရားနာကြွကြပါလို့ ဖိတ်စာရိုက်လေ့ရှိကြတယ်။ လူအများ အသုဘရှုလား မရှုလားတော့ မသိဘူး။ အသုဘတော့ပို့ကြတယ်။ အသုဘပို့တယ်ဆိုတာ ဒီလိုအသုဘရှုနည်းကို ကြည့်ကြ။ ရုပ်ခန္ဓာက သေတ္တာထဲထည့်ထားလို့ မမြင်ရသော်လည်း အဲဒီထဲမှာ ရုပ်ကြွင်းခန္ဓာကြီးက နှစ်သက်ဖွယ် မရှိတော့ဘူး။ ပုပ်ပွနေမယ့်၊ မပုပ်ပွသေးသော်လည်း ပုပ်ပွဖို့ရန် ရှေးရှုနေတဲ့ စပ်ဆုတ်ရွံ့ရှာဖွယ် ခန္ဓာကိုယ်ကြီးဘဲ။ ငါ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ။ အဲဒီလိုတင်စားကြည့်ရင် အဲဒါအသုဘရှုခြင်းပြီးသွားတယ်နော်။

ပြီးတော့ တို့ခန္ဓာကိုယ်တွေဟာ အသက်မသေသေးခင် အသုဘစိမ်းတွေ လှုပ်ရှားနေကြတာ။ အမှန်စင်စစ် နှစ်သက်ဖွယ်မရှိ၊ မတင့်တယ်သော အသုဘတွေ။ မတင့်တယ်သောကြောင့် ဒီခန္ဓာကိုယ်ကြီး တင့်တယ်စေခြင်း အကျိုးငှာ ရေချိုးပေးရတယ်။ အ၀တ်တန်ဆာ ဆင်ကြတယ်။ သနပ်ခါးနံ့သာတွေ လိမ်းလို့ ပြုကြ ပြင်ကြတယ်။ အသုဘကြီး ပြင်နေကြတာနော်။ သေပြီးသား အသုဘကြီးကို ပန်းကုံးကြီးတွေ ထောင်လို့၊ မတင့်တယ်တာတွေကို တင့်တယ်ပါစေခြင်း အကျိုးငှာ လှပသော အ၀တ်ကလေးတွေဖုံးလို့၊ အဲဒီလို ပြုပြင်ကြသကဲ့သို့ တို့ခန္ဓာကိုယ်ကြီးလည်း မတင့်တယ်သော အသုဘကြီးတင့်တယ်အောင် သနပ်ခါးလိမ်းရတာ၊ မိန်းမတွေ ကျောက်ပြင်ပေါ် သနပ်ခါး တရွှဲရွှဲနဲ့ သွေးကြတယ်။ အဲဒီအသုဘကြီးကို ပြင်ကြတာအဲဒါ။ ငါဟာ အသုဘကြီးကို ပြင်နေတာဘဲလို့ နားလည်ကြနော်။ ငါ့အသုဘကြီး ငါပြင်ထားတာ။ သူကလည်း သူ့အသုဘကြီး သူပြင်လာတာ။ အမယ်.. အသုဘကြီး ပြင်လာလိုက်တာ သနပ်ခါးချောင်းကြီးတွေ ကွက်လို့၊ နှုတ်ခမ်းနီကြီးတွေ ဆိုးလို့၊ ခေါင်းမှာလည်းပန်းတွေ ပန်လို။့ သူတို့ အသုဘကြီးတွေ ကိုယ့်ဟာကိုယ် ပြင်လာကြတာ။ နားလည်ကြရဲ့ လား။ ဟုတ်ကဲ့လား။ ကိုယ့်အသုဘကိုယ် ပြင်ကြတာနော်။ သေပြီးတဲ့အခါ ကိုယ့်အသုဘကို သူများပြင်ကြမှာ။

Shared from Vimuttisukha Bliss

သေတတ်ဖို့လည်း လိုသေးတယ်

by နေဇင်လတ်
Ref: http://www.shweamyutay.com/

ငယ်စဉ်က “သေတတ်ဖို့ လိုသည်” ဟုပြောသံကို ကြားရသောအခါ ထေ့ပြုံးပြုံးမိ၏။ အရွယ်ရလာသော အခါ “ငါရော သေတတ်ပါရဲ့လား”ဟု ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးမိသည်။ လောကုတ္တရာ စာပေ အချို့ကို လေ့လာမိသော အခါ နက်နဲခြင်း သဘောတွေကို တွေ့ရ၏။ သေချာသည်က “လူတိုင်းကောင်းစွာ မသေတတ်ကြ”။ ကိုယ်လည်း မသေချာ။ ဆရာဦးတော်(အမရပူရ)၏ “သေခြင်းဆိုင်ရာ အဘိဓမ္မာနှင့် သောတာပန်”ကို ဖတ်ရသော အခါ လွယ်လွယ်ရှင်းရှင်း၊ စကားပြေတို့ဖြင့် ရေးထားသည်ဖြစ်၍ တစ်ဆင့်ပွား မျှဝေ လိုလာသည်။ ပိုင်းခြား သိရမည့် တရား၊ ပယ်ရမည့် တရား၊ မျက်မှောက်ပြုရမည့် တရားနှင့် ပွားများရမည့် တရားတို့ကို ကောင်းစွာ သိရှိ သဘောပေါက်ပြီး ဆင်ခြင် နှလုံးသွင်း၊ ကျင့်ကြံ အားထုတ်ခြင်းဖြင့် ကောင်းစွာ သေတတ်၊ တစ်ဖန်ပဋိသန္ဓေ ပြန်နေနိုင် ရန်ရေးသားထားသည်။ သေခြင်းတရား ကို အဖန်ဖန် နှလုံးသွင်းနေပါက မရဏ နုဿတိကို စွဲမြဲစွာ အားထုတ်နေခြင်း ဖြစ်၍ ခန္ဓာငါးပါး၌ ငြီးငွေ့ပြီး နိဗ္ဗိန္ဒ ဥာဏ်ရရှိရာ ခန္ဓာငါးပါးကို မလိုချင် မတပ်မက်သော ၀ိရာဂဥာဏ် ရရှိမည်ဟု ဆိုသည်။ ဤဥာဏ်သည် နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်သည့် ဥာဏ်ဖြစ်၏။

သေခြင်းဆိုင်ရာ အဘိဓမ္မာကို...

- သေခြင်းအား နားလည်မှု

- ဒုက္ခနှင့်သုခတို့ကို သိရှိမှု

- ရှာမှီးခြင်း မလွဲမှု

- ဆုတောင်းမလွဲစေမှု

- အစမ်းသေကြည့်မှု တို့ဖြင့် အပိုင်းလိုက် ဖော်ပြထားသည်။

ကြိုတင်မသိနိုင်သောတရားငါးမျိုး

ဇီဝတံ ဗျာဓီ ကာလောစ၊ ဒေဟ နိက္ခေပနံ၊ ဂတိ။ « ၀ိသုဒ္ဓိမဂ် »

- မည်သူမျှ ဘယ်အရွယ်တွင် သေရမည်ကို မသိနိုင်ခြင်း

- မည်သို့သော ဝေဒနာ၊ အန္တရာယ်ဖြင့် သေဆုံးမည်ကိုမသိနိုင်ခြင်း

- ဘယ်အချိန်ကာလတွင် သေရ မည်ကို မသိနိုင်ခြင်း

- ဘယ်နေရာမှာ သေရမည်ကို မသိနိုင်ခြင်း

- သေပြီးနောက် အခြားမဲ့၌ ဘာဖြစ်မည်ကို မသိနိုင်ခြင်း လူတိုင်း တစ်နေ့ သေကြရမည် ဖြစ်သည်။ သိက္ခာ ရှိရှိ၊ သတိရှိရှိနှင့်သာ သေခြင်းတရား ကို ရင်ဆိုင်နိုင်အောင် အားထုတ်သင့်သည်။ သေခြင်းကိုကား ရှောင်လွှဲ၍ မရနိုင်။

လေးမျိုးနှင့် သေကြ

- အာယုက္ခယဟူသောသက်တမ်း ကုန်၍ သေရခြင်းမျိုး

- ကမ္မက္ခယဟူသော ကံအစွမ်း ကုန်၍ သေရခြင်းမျိုး

- ဥဘယက္ခယဟူသော

သက်တမ်းလည်းကုန်၊ ကံအစွမ်း

လည်းကုန်၍ သေရခြင်းမျိုး

- ဥပစ္ဆေဒက ဟူသော သက်တမ်း နှင့် ကံအစွမ်းရှိသေးသော်လည်း ပိုအား ကြီးသော အကုသိုလ်ကံ တစ်ပါးပါးက ဖြတ်တောက်၍ သေရခြင်းမျိုးဖြစ် သည်။

အချိန်မရွေး သေနိုင်သည်ဖြစ်၍ သက်ရှိထင်ရှား ရှိနေစဉ် အတွင်း မိမိ အတွက်၊ အများအတွက် တစ်စုံတစ်ရာ သော အကျိုးတစ်ခုခု ဖြစ်ထွန်းအောင် ပြု နိုင်သူဖြစ်ရန် ကြိုးစားသင့်သည်။ တစ် ရက်၊ တစ်ရက်ဖြင့် ဖြတ်ကျော်နေရခြင်း သည် တစ်ရက်၊ တစ်ရက်သေရန် ပို၍ နီးကပ်လာနေခြင်းဖြစ်သည်ကို နှလုံးမူ ထားတတ်ရန်ဖြစ်သည်။

တုန်လှုပ် မနေနဲ့

အသေချာဆုံး တစ်ခုက တစ်နေ့နေ့ တွင် သေကြရခြင်းသာဖြစ်သည်။ သေ ခြင်းကို မမျှော်လင့်ထားသူများ ဆောက် တည်ရာ မရဖြစ်ခဲ့လျှင် စိတ်အစဉ်တွင် သန့်ရှင်းစင်ကြယ်မှု မရှိနိုင်၊ ထိုသော မသန့်စိတ်ဖြင့်သေခဲ့လျှင် ဒုဂ္ဂတိဘုံသို့ ရောက်၏။ ကိုယ်တစ်ယောက်တည်း ရွေး၍သေရသည်မဟုတ်၊ သေကြသည့် သူများထဲမှာ ကိုယ်လည်းပါသည်ဟု အသိထားတတ်ရန်ဖြစ်သည်။ အစမ်း သေကြည့်ထားလျှင် တုန်လှုပ်မှု လျော့ နည်းပါမည်။ မရဏနုဿတိကို အကြိမ် ကြိမ်ပွားများထားလျှင် သက်လုံပို၍ ကောင်းလာပါလိမ့်မည်။

အသေကြောက် ပုဂ္ဂိုလ်လေးယောက်

- ကာမဂုဏ်တို့၌ တပ်မက်ခြင်း မကင်းသေးသူ

- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း မကင်းသေးသူ

- မကောင်းမှုသာပြုခဲ့ပြီး ကောင်းမှုမပြုရသေးသူ

- သူတော်ကောင်းတရား၌ ယုံမှား၍ အဆုံးအဖြတ်သို့ မရောက် သေးသူ

အသေမကြောက် ပုဂ္ဂိုလ်လေးယောက်

- ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်းသူ

- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း ကင်းသူ

- ကောင်းမှုသာပြုခဲ့ပြီး မကောင်း မှု မပြုသူ

- သူတော်ကောင်းတရားတို့၌ ယုံ မှားခြင်းကင်းသူ၊ အဆုံးအဖြတ် သို့ရောက်ပြီးသူ

သေပြီးနောက် ဘယ်ဘုံရောက်

ဗုဒ္ဓက ၃၁ ဘုံရှိသည်ဟု ဟော ကြားခဲ့ပြီး ဖြစ်သည်။ ဗြဟ္မာ့ဘုံ ၂၀၊ ကာမဘုံ ၁၁ ဖြစ်၏။ ဈာန်အဘိညာဉ် ရအောင် ကျင့်ကြံနိုင်သူများ ဗြဟ္မာ့ဘုံ ၂၀ သို့ ရောက်နိုင်ကြသည်။ မကျင့်နိုင် လျှင် ကာမဘုံ ၁၁ ဘုံသို့ ပြန်ရောက် သည်။ အပယ် ၄ ဘုံ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်) နှင့် ကာမသုဂတိ (၇) ဘုံ (လူ့ဘုံနှင့် နတ်ပြည်ခြောက် ထပ်) အနက် တစ်ဘုံဘုံသို့ ရောက်ကြရ သည်။ အပယ် ၄ ဘုံကား မည်သူမျှ မရောက်လိုသောဘုံ ဖြစ်၏။

လူ့ပြည်၊ နတ်ပြည်သည် ရောက်ချင်တိုင်း မရောက်နိုင်သော နေရာများ ဖြစ်သည်။ သေခါနီး စက္ကန့်ပိုင်းကာလတွင် စိတ်ထားတတ်ဖို့ အရေးကြီး၏။ မရဏဿတိဇော ဟု ခေါ်သည်။ စိတ်ထားတတ်လျှင် လူ့ဘုံ၊ နတ်ဘုံသို့ ရောက်နိုင်ပြီး စိတ်မထားတတ်လျှင် အပယ်လေးဘုံသည် အသေအချာ ရောက်ရမည့် နေရာများဖြစ်သည်။

ဂတိငါးမျိုး၊ ဘ၀ငါးမျိုး

- ဒေ၀တာဂတိ (နတ်ပြည်ခြောက်

ထပ်၊ ဗြဟ္မာနှစ်ဆယ်တွင် နတ်

ဗြဟ္မာဖြစ်ခြင်း)

- မနုဿဂတိ (လူ့ပြည်၌ လူပြန် ဖြစ်ခြင်း)

- တိရစ္ဆာနဂတိ (တိရစ္ဆာန်ဖြစ် ခြင်း)

- နိရယဂတိ (ငရဲဘုံ၌ ငရဲသား ဖြစ်ခြင်း)

- ပေတဂတိ (ပြိတ္တာဘုံ၌ ပြိတ္တာ ဖြစ်ရခြင်း)

အပေါ်ဂတိနှစ်မျိုးသည် အောက် ဂတိသုံးမျိုးနှင့် အကြီးအကျယ် ကွာခြား ၏။

ကံမှပဋိသန္ဓေ

မွေးသည်မှသေသည်အထိ ထို ဘ၀မှ ပိုင်ဆိုင်သောအသိတို့ဖြင့် လူတစ် ယောက်သည် ဒုစရိုက်အကုသိုလ်များကို မရေမတွက်နိုင်အောင် ပြုခဲ့နိုင်သလို၊ အသိမှန်ဖြင့် သုစရိုက်၊ ကုသိုလ်များကို လည်း များပြားစွာ ဆောင်ရွက်နိုင်ပါ သည်။

ကုသိုလ်၊ အကုသိုလ်တို့ကိုပြုလုပ် ရာတွင် ပြုဖြစ်အောင် စေ့ဆော်တိုက်တွန်း သော “စေတနာ”ကို “ကံ”ဟုခေါ်သည်။ ကုသိုလ်ကံသည် အကုသိုလ်ကံထက် အင်အားကြီးမားသည်မှန်သော်လည်း သာမန်အားဖြင့် လူတို့သည် ကုသိုလ် ထက် အကုသိုလ်ပြုမှု အရေအတွက်က ပို၍များသည်။ လူတစ်ဦးတွင် တစ်ပြိုင် နက်ထဲ “ကုသိုလ်စိတ်” နှင့် “အကုသိုလ် စိတ်”တို့ ယှဉ်တွဲ၍ မဖြစ်ပေါ်။ စိတ်တစ်ခုခု ရှိနေလျှင် အခြားစိတ်တစ်ခုက ဖယ်ပေးရသည်။ တစ်နေ့တာတွင် မည် သည့်စိတ် ပိုများသည်ကို ဆန်းစစ်နိုင် ၏။

ကံ (၄)မျိုး၏ အကျိုးပေးမှု အစီအစဉ်

ကုသိုလ်၊ အကုသိုလ်တို့ကို ပြုလုပ် ခဲ့သောသူတစ်ဦးအတွက် မည်သည်တို့ က ဦးစွာ အကျိုးပေးမည်ကို ဗုဒ္ဓက ဟောကြားနိုင်ခဲ့ခြင်းသည် အခြားဘာ သာများနှင့် တူနှိုင်း၍မရသော ပညာ တစ်ပါးဖြစ်၏။

- ဂရုကကံ (ပထမအင်အားကြီး

ဖြင့် အကျိုးပေးသည့်ကံ)

- အာသန္နကံ (ဒုတိယအင်အား ကြီးဖြင့် အကျိုးပေးသည့်ကံ)

- အာစိဏ္ဏကံ (တတိယအင်အား

ဖြင့် အကျိုးပေးသည့်ကံ)

- ကဋတ္တာကံ (စတုတ္ထအင်အား

သေးဖြင့်အကျိုးပေးသည့်ကံ)

ဂရုကကံသည် အလွန်အင်အား ကြီးသောကံ ဖြစ်၏။ အခြားကံတို့ကို ဖြတ်တောက် နိုင်စွမ်းလည်း ရှိသည်။ကြီးလေးသော ကံဟုလည်း ခေါ်ပြီး အမိ၊ အဖ၊ ရဟန္တာသတ်သူ၊ သံဃာ သင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်း တည်အောင် လုပ်သူတို့၏ အကုသိုလ်မှ ဖြစ်ပေါ်လာသော ကံ ဖြစ်သည်။ ရှောင် လွှဲ၍မရ၊ ထိုကံ ကျူးလွန်ခဲ့သောသူ သည် သေချာပေါက် အ၀ီစိ ငရဲသို့လား ရမည်ဖြစ်သည်။ အခြားကုသိုလ်များနှင့် မဆယ်နိုင်၊ မကယ်နိုင်ချေ။ ဒေ၀ဒတ်၊ အဇာတသတ်တို့သည် ဂရုကကံကို ခံကြရသူများ ဖြစ်သည်။

ဒုတိယ အင်အားကြီး အကျိုးပေး သည် အာသန္နကံဖြစ်သည်။ သေခါနီး ပြုသော ကုသိုလ်၊ အကုသိုလ် (သို့ မဟုတ်) ရှေးကပြုခဲ့သော “ကံ” တို့ကို ပြန်လည်သတိရ၊ အောက်မေ့ခြင်း၊ ဆင် ခြင်မိခြင်းဖြစ်လျှင် ထိုကံသည် ဒုတိယ အင်အားရှိစွာ အကျိုးပေးသည်။ အကု သိုလ်ဇောစိတ်ဖြင့်သေလျှင် အပါယ်သို့ ကျပြီး ကုသိုလ်ဇောစိတ်ဖြင့်သေလျှင် သုဂတိသို့လားမည်ဖြစ်သည်။

တတိယအကျိုးပေးမှာ အာစိဏ္ဏ ကံ ဖြစ်သည်။ သေခါနီး ဇောတွင် အာသန္နကံ မရှိပါက ဘ၀တစ်သက် တာပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့ ၏ အင်အားများရာကံက အကျိုးပေး ပါမည်။ အင်အားအနည်းဆုံး ကံမှာ ကဋတ္တာ ကံဖြစ်သည်။ အမှတ်မထင်ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးပေး ဖြစ်သည်။

ဗုဒ္ဓပြောတဲ့ပညာ

ဗုဒ္ဓက ပညာကို အလေးထား ဟောသည်။ ထိုပညာသိသည် သေခါနီး အထိ အသုံးဝင် အကျိုးပေးသည်။ အာ သန္နကံ (သေခါနီးပြုသောကံ) သည် အာစိဏ္ဏကံထက် (တစ်သက်တာပြု သောကံ) အင်အားပိုကြီးသည်ဟု ဆို ထားသည်။ တစ်သက်တာ အကုသိုလ် ပြုထားသူသည် သေခါနီးစိတ်ထား တတ်၊ အာရုံပြုတတ်လျှင် ဇောကောင်း ၍ ထိုကံစွမ်းအားကြောင့် ပဋိသန္ဓေ ကောင်းတွင် နေရမည်ဖြစ်သည်။ သို့ သော်လည်း တစ်သက်တာအကုသိုလ် များလာသူတစ်ဦးအနေဖြင့် အနည်း အများ သတိရ၊ ဆင်ခြင်မိနိုင်သဖြင့် နဂို ကတည်းက အကုသိုလ် မများရန် လိုသည်။

ထို့ကြောင့် သေခါနီးလူတစ်ဦး အတွက် ကုသိုလ်၏အာသန္နကံ စွမ်း အားကြီးရန် အခြားအကုသိုလ်ဖြစ်စေ သည့် တပ်မက်မှုများ၊ ပူလောင်မှုများ၊ မကြား၊ မမြင်ရန်လိုသည်။ ထိုဇောအား ကြီးသဖြင့် သေခါနီးသူတစ်ဦး ဇောမှန် ရန် ကြိုတင်စီမံထားသင့်သည်။ ဤ သည်မှာပင် လေးနက်သော အသိပညာ ၏ အသုံးချရာ၊ ချကြောင်းတစ်ခုဖြစ် သည်။

ဆောင်ပါ၊ ရှောင်ပါ

သုဂတိဘ၀ (လူ၊ နတ်) ရောက်ရန် သေအံ့ ဆဲဆဲ၌ ကုသိုလ်စိတ် အစဉ်ဖြစ်စေရန် အာသန္န ကံကုသိုလ်၊ ကုသိုလ်ဇော စောရန် လိုအပ်သည်။ ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး တို့၏ဂုဏ်ကို ဆင်ခြင်ပွားများ အောက် မေ့နေတတ်ရန်ဖြစ်သည်။ ထိုသို့ ဆင်ခြင်နိုင်ရန်လည်း အလေ့အကျင့်ကောင်းများ ရှိထားရန်လို၏။ ဒါန၊ သီလ၊ ဘာဝနာ တို့ကို မသေခင်က စဉ်ဆက်မပြတ်ရင်း နှီးထားသင့်သည်။ ထိုမှရသော အလေ့ အကျင့်တို့ဖြင့် သေခါနီး၌ ကောင်းသော ဇောတို့ကို ဖြစ်စေနိုင်သည်။

အာသန္နကံ ကုသိုလ်ဇောစောနိုင် ရန် ရှေးမဆွကပင် ဒါန၊ သီလ၊ သမာဓိ၊ ပညာဖြင့် တရားတော်တို့ကို ပွားများ အားထုတ်ပြင်ဆင် လေ့ကျင့်ထားသင့် သည်။ မသေခင်က အကုသိုလ်တို့ကို ရှောင်ရှားသင့်၏။ တစ်သက်လုံး အကုသိုလ်တို့ဖြင့် ရင်းနှီးလာသူ တစ် ယောက်အနေဖြင့် သေခါနီးကုသိုလ် ကုသိုလ် အာသန္နကံကိုဆင်ခြင်လျှင် သေချာပေါက် လူတိုင်းရမည်ဟု အာမ-မခံနိုင်။

တရားအားထုတ်ပါ

တရားအားထုတ်မှုဟူသည် ၀ိ ပဿနာအလုပ် တစ်နည်းအားဖြင့် ဥာဏ် အလုပ်၊ ပညာ အလုပ်ဖြစ်သည်။ ထို ပညာဥာဏ်ဖြင့် ဆင်ခြင်နှလုံးသွင်းမှု ကောင်းစေသည်။ ဇာတိကိုဖြစ်စေသော တဏှာကိုချုပ်အောင် ပညာဖြင့်သာ ဆင်ခြင်နိုင်သည်။ ၀ိပဿနာသည် ထိုင်ခြင်း သက်သက် မဟုတ်၊ ပညာဖြင့်ရှုခြင်း၊ ဆင်ခြင်ခြင်းသာ ဖြစ်သည်။ ထိုင်ပြီး ပညာဖြင့် မဆင်ခြင်နိုင်လျှင် အားထုတ်သည် မမည်။

မသိခြင်းသည် အ၀ိဇ္ဇာဖြစ်၍ ထို အ၀ိဇ္ဇာကြောင့် တဏှာဒိဋ္ဌိ ဖြစ်သည်။ “ငါ” ဟူသော အတ္တအခြေခံတို့ဖြင့် အရာ ရာကို မြင်လာလေ့ရှိသည်။ တကယ် တော့ “ငါ” ဟူသည်မရှိ၊ ဤသို့မြင်ခြင်း သည် သမ္မာဒိဋ္ဌိÓဏ်ဖြင့် ၀ိဇ္ဇာဖြစ်ခြင်း ဖြစ်သည်။

သောတာပန်

သောတာပန်ဆိုသည်မှာ နိဗ္ဗာန်သို့ သွားရာ လမ်းမကြီးပေါ်သို့ ရောက်ရှိ သွားပြီးသူဖြစ်သည်။ အပါယ်လေးပါး အတွက် တံခါးပိတ်၍ နိဗ္ဗာန် အတွက် စိတ်ချရသူလည်း ဖြစ်သည်။ နိဗ္ဗာန် မရောက်မီ အများဆုံး နေရမည့် (၇) ဘ၀ တွင်လည်း မြတ်သော အမျိုးချည်း၌ ပဋိသန္ဓေ တည်မည့်သူ ဖြစ်သည်။ ကိလေ သာ (၁၅၀၀) တွင် သောတာပန်သည် “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကိုသာ ပယ်သတ် ရသေးသောသူ ဖြစ်သည်။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို ငါ့ပိုင်၊ ငါ့ဥစ္စာဟု ခြွင်းချက်မရှိ ယုံကြည်သူသည် အတ္တဒိဋ္ဌိ သို့မဟုတ် သက္ကာယဒိဋ္ဌိ ဖြစ်၏။ ခန္ဓာ၊ ရုပ်နာမ်သည် ငါ “ဟုတ်သလော” “မဟုတ်သလော” ဟု နှစ်ခွဖြစ်မှု ယုံ မှားခြင်းသည် “၀ိစိကိစ္ဆာ” ဖြစ်သည်။ သောတာပန်တွင် ဤတရားနှစ်ပါး ပြတ်သားရှင်းလင်းပြီး ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနများကား ကျန် သေးသည်။ လောကီ ကာမဂုဏ်တို့၌ မွေ့လျော်ဆဲ ဖြစ်သည်။ သို့သော်လည်း လူသာမန်တို့လောက် မပြင်းထန်လှ။

ကိလေသာမှာ အရေအတွက်အား ဖြင့် (၁၅၀၀) ရှိသည်။ အလုံးစုံခန်းလျှင် ရဟန္တာဖြစ်၏။ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာပယ် နိုင်၍ ကိလေသာ (၁၂၀၀) ကျန်လျှင် သောတာပန်ဖြစ်သည်။ သောတာပန် သည် စာတတ်သူများအတွက် မဟုတ်၊ အသိပေါက်သူ၊ ပညာကြီးသူများမှာသာ ဖြစ်သည်။ သိမှု၊ ပညာသည်သာ အဓိကဖြစ်သည်။

- ဆရာ သိ
- စာ သိ
- နှလုံး သိ ဟူသော အသိ သုံးမျိုးရှိ၏။

ဆရာက မှတ်ခိုင်း၍သိသော သိမှု သည် (ဆရာ သိ) ဖြစ်ပြီး စာများများ ဖတ်ကာ စာသိမျှသိခြင်းကို (စာ သိ) ဟု ဆိုသည်။ ပညာဖြင့်ယှဉ်၍ နက်နက် နဲနဲသိပြီး “လိုက်နာကျင့်သုံးနိုင်” သော အဆင့်ကိုသာ (နှလုံး သိ) ဟု သတ်မှတ် သည်။ ထို နှလုံးသိ-အသိကသာ သောတာပန်ဖြစ်စေသောအသိ ဖြစ်၏။

- ဧကဗီဇ သောတာပန်

- ကောလံကောလ သောတာပန်

- အတ္တက္ခတ္တုပရမ သောတာပန် ဟူ၍ရှိသည်။

ပထမအမျိုးအစား သောတာပန် မှာ ထိုဘ၀မှာ သောတာပန်ဖြစ်၍ ထို ဘ၀မှာပင် ပရိနိဗ္ဗာန်ဝင်သည့် သောတာ ပန် ဖြစ်သည်။ ဒုတိယ သောတာပန်မှာ အများဆုံး ခြောက်ဘ၀နေပြီး ပရိနိဗ္ဗာန် ၀င်သော သောတာပန်အမျိုးအစားဖြစ် သည်။ တတိယအမျိုးအစားမှာ ၇ ဘ၀နေပြီး ပရိနိဗ္ဗာန်ဝင်သော သောတာ ပန်မျိုးဖြစ်သည်။ ထို့ကြောင့် သောတာ ပန်ဖြစ်လျှင် အများဆုံး ၇ ဘ၀သာ နေရလေ့ရှိပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင် ကြရသည်။

အခြေခံတရား (၄) ပါး

- ပိုင်းခြားသိရမည့်တရား ဖြစ်သည်။

(ခန္ဓာငါးပါး၊ ရုပ်နာမ်ဖြစ်လျက် တရား သာရှိ၍ အို၊ နာ၊ သေ၊ ဒုက္ခဘေးဆိုးမှ မလွတ်သော “ဒုက္ခသစ္စာ”ဖြစ်သည်။)

- ပယ်ရမည့်တရား ဖြစ်သည်။

(လိုချင်တပ်မက်မှု ၊ တဏှာစွဲလမ်းမှု တို့ကြောင့် ဖြစ်ပေါ်လာသော “သမုဒယ သစ္စာ” ဖြစ်သည်။)

- မျက်မှောက်ပြုရမည့်တရား ဖြစ်သည်။

(လိုချင်မှု၊ တဏှာသမုဒယကို မဂ်Óဏ် ဖြင့်ပယ်ကာ ခန္ဓာ၊ ဇာတိချုပ်သော ဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းသောတရား “နိရောဓ သစ္စာ” ဖြစ်သည်။)

- ပွားများရမည့်တရား ဖြစ် သည်။

(သမုဒယကိုပယ်၍ ဒုက္ခကို ပိုင်းခြား သိလျက် နိရောဓသစ္စာကို မျက်မှောက် ပြုရန် အမှန်မြင်သိ ဆုံးဖြတ်နိုင်ရန် အား ထုတ်မှု “မဂ္ဂသစ္စာ” ဖြစ်သည်။ “ဒုက္ခ သစ္စာ” တစ်ပါးကို အသေအချာသိလျှင် ကျန်သုံးပါးအလိုလိုသိလာနိုင်သည်။)

မဂ္ဂင်ရှစ်ပါး

ပညာဦးစီး (ပညာမဂ္ဂင်)

၁။ သမ္မာဒိဋ္ဌိ (အမြင်မှန်) ၂။ သမ္မာသင်္ကပ္ပ (အကြံမှန်) သီလဦးစီး (သီလမဂ္ဂင်)

၃။ သမ္မာဝါစာ (အပြောမှန်)

၎။ သမ္မာကမ္မန္တ (အလုပ်မှန်)

၅။ သမ္မာအာဇီဝ (အသက်မွေးမှန်)

သမာဓိဦးစီး

၆။ သမ္မာဝါယာမ (၀ီရိယမှန်)

၇။ သမ္မာသတိ (သတိမှန်)

၈။ သမ္မာသမာဓိ (သမာဓိမှန်)

မဂ္ဂင်ရှစ်ပါးကိုစုလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သုံးခုရ။

သေလျှင်မခက်တော့ပါ

စိတ်မထားတတ်လျှင် သေရမှာ ကြောက်ကြ၏။ စိတ်ထားတတ်လျှင် သေမှာ မကြောက်တော့၊ ကိုယ်တစ်ဦး တည်း သေရသည် မဟုတ်၊ ရှေးက သေပြီးကြသူများ၊ ကိုယ့်နောက်မှာ သေ ကြဦးမည့်သူများနှင့် ဖြစ်သည်။ တကယ်တော့ စက္ကန့်မလပ် ဆဲလ်များ သေနေကြသည်။ နေ့စဉ်အမျှ အိပ်ပျော် ခြင်းဖြင့် ခေတ္တ သေနေကြခြင်းလည်း ဖြစ်သည်။ သံသရာ တစ်လျှောက် ဘ၀ များစွာ သေခဲ့ကြဖူးသူများလည်း ဖြစ် သည်။ တစ်ဘ၀စာသေရန် ကြောက်ဖို့ မလိုတော့။ သေခါနီး ဘ၀ကူးကောင်း ရန်သာလိုသည်။ ဇောကောင်းရန်ဖြစ်၏။ အားကြီးသောကံတို့၏ အကြောင်းကို သိခြင်းဖြင့် အသေကောင်းနိုင်ကြသည်။ တစ်စုံတစ်ရာ ကြိုတင် ပြင်ဆင်ထားနိုင်၏။ သေခါနီးမှာ နောင်တတွေ ရတတ် ကြ၏။ နောင်တများမရအောင် မသေခင်က နေတတ်ဖို့၊ ရှင်သန်တတ်ဖို့ လိုသည်။ သေခါနီး နောင်တရသည့်သူများ ကုသိုလ် အာသန္နကံ အားမကောင်းနိုင်။

ဤသဘာဝများသိလျှင် မသေခင် ကတည်းက ကုသိုလ်များ၍ အကုသိုလ် ရှောင်နိုင်ရန် ဖြစ်သည်။

နေဇင်လတ်

(စာကိုး -ဦးတော်(အမရပူရ)၏ သေခြင်းဆိုင်ရာ အဘိဓမ္မာနှင့် သောတာပန်၊ ဤစာဖြင့်ထပ်မံ ပူဇော်အပ်ပါသည်။)

သေတတ်ဖို့လည်း လိုသေးတယ်

Written by နေဇင်လတ်

Know how to die (သေတတ်ဖို့လည်း လိုသေးတယ်) by Nay Zin Latt (နေဇင်လတ် )

http://www.shweamyutay.com/ မရဏ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ

Shared from U Ko Ko Aung

Attachment

1. What is wrong with wanting material things to make life more comfortable?

If it is a real requirement, there is nothing wrong, provided you do not become attached to it. For example, you are thirsty, you need water-so you work, get it, and quench your thirst. But if it becomes an obsession, that does not help at all; it harms you. Whatever necessities you require, work to get them. If you fail to get something, then smile and try again in a different way. If you succeed, then enjoy what you get, but without attachment.


2. You spoke about non-attachment to things. What about persons?

Yes, persons also. You have true love for the person, compassionate love for this person, this is totally different. But when you have attachment, then you don't have love, you only love yourself, because you expect something -material, emotional etc - from this person. With whomever you have attachment, you are expecting something in return. When you start truly loving this person, then you only give, a one-way traffic. You don't expect anything in return, then the attachment goes. The tension goes. You are so happy.


3. How can the world function without attachment?

If parents were detached then they would not even care for their children. How is it possible to love or be involved in life without attachment? Detachment does not mean indifference; it is correctly called "holy indifference". As a parent, you must meet your responsibility to care for your child with all your love, but without clinging. Out of pure, selfless love you do your duty. Suppose you tend a sick person, and despite your care, he does not recover. You don't start crying; that would be useless. With a balanced mind, you try to find another way to help him. This is holy indifference : neither inaction or reaction, but real, positive action with a balanced mind.


4. Isn't performing a right action a kind of attachment?

No. It is simply doing your best, understanding that the results are beyond your control. You do your job and leave the results to nature, to Dhamma.


.....then it is being willing to make a mistake?


If you make a mistake you accept it, and try not to repeat it the next time. Again you may fail; again you smile and try a different way. If you can smile in the face of failure, you are not attached. If failure depresses you and success makes you elated, you are certainly attached.



Shared from U Ko Ko Aung

Monday, June 25, 2012

ဘက်မလိုက်ကြားနေ " မဇ္ဈိမ "

“အမှားအမှန်ကို ဆုံးဖြတ်ပေးရမည့်ပုဂ္ဂိုလ်က သိလျက်နဲ့ အမှန်ဘက်က မရပ်တည်ဘဲ ကြားနေတယ်ဆိုတာဟာ အမှန်ကို မျက်ကွယ်ပြုပြီး အမှား ဘက်လိုက်တာနဲ့ အတူတူပါပဲ” (ဟေမဝတသုတ္တန်)

“မဇ္ဈိမပဋိပဒါဆိုတာ ဘက်မလိုက်တဲ့ ကြားနေဝါဒလို့ ဆိုလိုတာပဲ မဟုတ်လား”ဆိုတဲ့စကားကို ကြားရတဲ့အခါတိုင်း ကဿပဘုရားရှင်ရဲ့ သာသနာမှာ နောက်ဆုံးဝိနည်းဓိုရ်ဆရာတော်ကြီးနှစ်ပါး နောင်တပူပန် ဖြစ်ရပုံကို သတိရမိလေ့ရှိတယ်။


လွန်ခဲ့ပြီးတဲ့ အန္တရကပ်တစ်ကပ်သာသာအချိန် လူတို့ရဲ့ သက်တမ်းအနှစ်နှစ်သောင်းတန်းတုန်းက ကဿပမြတ်စွာဘုရားရှင် ပွင့်တော်မူပါတယ်။ အန္တရကပ်ဆိုတာ လူတို့ရဲ့ သက်တမ်း အသင်္ချေအထိတက်ပြီး ဒုစုရိုက်တရားတွေ ထူပြောလာတဲ့အခါ တဖြည်းဖြည်း(၁၀)နှစ်တန်းအထိ လျော့တယ်၊ အဲဒီနောက် သံဝေဂ တွေရကြလို့ ဒုစရိုက်တွေ ရှောင်ကြဉ်လာတဲ့အခါ တဖြည်းဖြည်း အသင်္ချေတန်းအထိ ပြန်တက်ပြန်တယ်။ အဲဒီလို အတက်အကျ တစ်စုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်တာပါ။

ဒီလို အတက်အကျဖြစ်ရာမှာလည်း တက်ကပ်ကာလမှာ ဘုရားရှင်တို့ မပွင့်ပေါ်ဘူး၊ ဆုတ်ကပ်ကာလ အသက်တစ်သိန်းတန်းနဲ့ တစ်ရာတန်းရဲ့ ကြားကာလမှာသာ ပွင့်တော်မူရိုး ဓမ္မတာဖြစ်ပါတယ်။ သံဝေဂဉာဏ်နဲ့ သင်္ခါရတရားတို့ကို လက္ခဏာများ ပီပြင်ထင်ရှားတဲ့ကာလ ဖြစ်လို့ပါ။ တစ်သိန်းတန်းအထက်မှာဆိုရင်လည်း သံဝေဂဉာဏ်ဖြစ်ခဲတယ်၊ တစ်ရာတန်းအောက် ရောက်ပြန်တော့လည်း ကိလေသာ အပူရှိန် ပြင်းလွန်းတယ်၊ ဒါကြောင့် သမပိုင်းဇုန်လို့ခေါ်ရမယ့် တစ်သိန်းနဲ့ တစ်ရာကြားမှာ ဘုရားရှင်တို့ ပွင့်ပါတယ်။

ကဿပဘုရားရှင်က ဆုတ်ကပ်ကာလ အနှစ်နှစ်သောင်းတန်းမှာ ပွင့်တော်မူပါတယ်။ အဲဒီနောက်(၁၀) နှစ်တန်းထိတက်၊ ပြီးတော့ အသင်္ချေတန်းအထိ ပြန်တက်၊ တက်ပြီးလို့ ပြန်အကျ အနှစ်တစ်ရာတန်းမှာအခု ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတာဖြစ်လို့ ကနေ့ကစပြီး နောက်ပြန်ရေတွက်ရင် တက်ကပ်၊ ဆုတ်ကပ် တစ်စုံခေါ်တဲ့ အန္တရကပ်တစ်ကပ်သာသာ လူတို့ရဲ့ သက်တန်းအနှစ်နှစ်သောင်းတန်းမှာ ကဿပဘုရားရှင် ပွင့် တော်မူတယ်လို့ နားလည်ရပါမယ်။ (မင်းကွန်းဆရာတော် ဟောစဉ် ပ-၁၉၃)

သက်တော်ရှည်ဘုရားရှင်တို့ရဲ့ သာသနာမှာ တပည့်သားစဉ်ဆက် ရှင်ရဟန်းပြုပေးဖို့ အာဏာဝိနည်းကံ ရယ်လို့ ပညတ်သတ်မှတ်ပေးခဲ့တာ မရှိဘူး၊ တပည့်ကြီးများကသာ ရှင်ရဟန်းပြုပေးခွင့်ရှိတယ်၊ အဲဒီကနေ နောက်တစ်ဆက်ရောက်ရင် ရှင်ရဟန်း အစဉ်အဆက်ပြတ်ပြီ။

ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါ အသမ္ဘိန္နဓာတ်လို့ခေါ်တဲ့ တစ်ခုတည်း ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်ကို စေတီတော်ကြီးတည်ပြီး ပူဇော်ပွဲကျင်းပတဲ့အခါ အမျိုးကောင်းသားနှစ်ယောက်တို့ သာသနာတော်ကို ကြည်ညိုလွန်းလို့ ရဟန်းပြုကြပြီး အသက်ငယ်ကြသေးတဲ့အတွက် ပရိယတ္တိဓုရကို ထမ်းဆောင်ပြီး စာပေသင်ကြားပို့ချကြတယ်။ တစ်ပါးတစ်ပါးမှာ တပည့်ငါးရာစီနှင့် စာပေပရိယတ္တိသင်ကြားပို့ချ ပေးနေကြတဲ့ ဆရာတော်နှစ်ပါးတို့ဟာ ဖြစ်ပေါ်လာသမျှ ဝိနည်းမှုခင်းများကိုလည်း ဆုံးဖြတ်ပေးကြလို့ ဂိုဏ်းဆရာကြီးများလည်းဖြစ်၊ ဝိနည်းဓိုရ်ကြီးများလည်း ဖြစ်ကြပါသတဲ့။

အဲဒီအချိန်မှာပဲ “ပွဲကောင်းတုန်း ခဲကျ”ဆိုသလို တောရွာတစ်ရွာမှာ ရဟန်းနှစ်ပါး ပြဿနာဖြစ်ကြတယ်၊ တစ်ပါးက အဓမ္မဝါဒီ၊ တစ်ပါးက ဓမ္မဝါဒီပေါ့၊ အဓမ္မဝါဒီရဟန်းရဲ့ လုပ်ရပ်တွေကို ဓမ္မဝါဒီပုဂ္ဂိလ်က အမြင်မတော်လို့ ပြောတဲ့အခါ အဓမ္မဝါဒီပုဂ္ဂိလ်က လက်မခံတဲ့အပြင် ငေါက်ဆတ်ဆတ် မာကျောကျောနဲ့ “မင်း ဘယ်လောက် တတ်လို့ သိလို့လဲ” ဆိုတဲ့ သဘောမျိုးနဲ့ ပြန်ပြောတော့ ဓမ္မဝါဒီပုဂ္ဂိလ်လေးက “ဝိနည်းဓိုရ် ပုဂ္ဂိုလ်များ သိကြပါ လိမ့်မယ်”လို့ ပြောလိုက်တယ်။

ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးတွေ ဆုံးဖြတ်တာကိုခံရရင် သာသနာဘောင်မှာ ဆက်လက်ရပ်တည်ခွင့် မရနှိုင် တော့ဘူးဆိုတာ သဘောပေါက်တဲ့ အဓမ္မဝါဒီပုဂ္ဂိုလ်ဟာ မမှန်ကန်သူတို့ရဲ့ ထုံးစံအတိုင်း အကြံအဖန်လုပ်ဖို့ ကြိုးစားတော့တယ်၊ ပြီးတော့ ဗာရာဏသီပြည်မှာရှိတဲ့ ဝိနည်းဓိုရ် ဆရာတော်ကြီးတွေရှေ့မှာ ကန်တော့ပွဲကြီးတွေ ဟိန်းနေအောင် ပြင်ပြီး ကန်တော့တယ်၊ ပထမတော့ နိဿရည်းခံ တပည့်ခံပြီး စသင်ချင်လို့ပါလို့ လျှောက်ထား တယ်၊ နောက်တော့ ဆရာတော်ကြီးတွေနဲ့ ရင်းနှီးအောင် ဝတ်ကြီး ဝတ်ငယ်တွေပြု၊ နေ့နေ့ညည ခြေဆုပ်လက် နယ် အနင်းအနှိပ်ပါ အားလုံးပြုပေးတယ်။ ဆရာတော်ကြီးတွေ သူ့စကားကို ဘယ်လိုမှ မငြင်းပယ်ရက်လောက် အောင်အထိ ရင်းနှီးလာတော့မှ သူ့ရဲ့ လိုရင်းကိစ္စကို လျှောက်ထားတော့တယ်။

ဆရာတော်ကြီးများက ပထမတော့ သူ့စကားကို ငြင်းပယ်သေးတယ်၊ “ဝိနည်းဓိုရ်ခုံရုံး ရောက်လာတဲ့ အမှုကို အမှန်အတိုင်း မဆုံးဖြတ်လို့ မဖြစ်ဘူး” ဆိုပြီးတော့ပေါ့။ ဒီတော့ အဓမ္မဝါဒီကိုတော်က “ဒီလိုပြုခဲ့ရင် တပည့်တော်မှာ ဆောက်တည်ရာမရ ဖြစ်သွားရပါလိမ့်မယ်ဘုရား၊ တပည့်တော်ရဲ့ မကောင်းမှုဟာ တပည့်တော် ကံနဲ့ တပည့်တော်ရှိပါစေ၊ ဆရာတော်တို့လည်း အပြစ်မဖြစ်ရလေအောင် ဘယ်လိုမှ မဆုံးဖြတ်ဘဲ ကြားနေ တော်မူပေးရင် တော်ပါပြီ”ဆိုပြီး သနားလောက်အောင် ဟီးချ ငိုကြွေးလျှောက်ထားပါတော့တယ်။
(မင်းကွန်းဆရာတော် ဟောစဉ်-၂၁၁)

ဒါနဲ့ နောက်ဆုံးတော့ ဆရာတော်ကြီးတွေလည်း အားနာပါးနာနဲ့ “ဒီအမှုကို ဆုံးဖြတ်မပေးပဲ ကြားနေ ပါတော့မယ်”လို့ ဝန်ခံလိုက်ရတော့တယ်။ အဲဒီခေတ်မှာ မုသာဝါဒကံဆိုတာ အောက်တန်းအကျဆုံး ဒုစရိုက် (မုသာဝါဒဿ ဇန္တုနော၊ နတ္တပါပံ အကာရိယံ)ဖြစ်လို့ “ဆိုခဲစေ မြဲစေ” ဆိုတဲ့အတိုင်း ဝိနည်းဓိုရ် ဆရာတော်တို့ ရဲ့ စကားဟာ အတည်ဖြစ်တယ်လို့ အဓမ္မဝါဒီပုဂ္ဂိုလ်က သိလိုက်တယ်။

သူ့လုပ်ဖွယ်ကိစ္စ အောင်မြင်ပြီဆိုတော့ အဓမ္မဝါဒီပုဂ္ဂိုလက သူ့အရပ်သူပြန်ပြီး ဓမ္မဝါဒီပုဂ္ဂိုလ်အပေါ် ရှေးကထက်ပိုပြီး မထီမဲ့မြင် နိုင်ထက် စီးနင်းလုပ်လာတယ်။ ဒါနဲ့ ဓမ္မဝါဒီပုဂ္ဂိုလ်က မနေသာဘဲ မြို့ကိုသွားပြီး စုံစမ်း ကြည့်တယ်၊ အဓမ္မဝါဒီပုဂ္ဂိုလ်ကလည်း နောက်တစ်နေ့မှာ မြို့ကို လိုက်သွားတယ်။

မြို့ကိုရောက်လို့ အခြေအနေအားလုံးကို စုံစမ်းသိတဲ့အခါ ဝိနည်းဓိုရ်ဆရာတော်ကြီးများက အမှုကို လက်ခံစစ်ဆေးခြင်း မပြုတော့ဘူး၊ ဒီကိစ္စမှာ ကြားနေလိုက်တယ်ဆိုတဲ့ အကြောင်းသိရတော့တယ်။ ဒါနဲ့ အဓမ္မ ဝါဒီပုဂ္ဂိုလ်က ဓမ္မဝါဒီပုဂ္ဂိုလ်ကို “ကိုယ်တော့အမှုရှုံးပြီ၊ ဒီကနေ့ကစပြီး ကျောင်းပြန် မလာနဲ့”လို့ ခြိမ်းခြောက် ကြိမ်း မောင်းပြီး သူ့အရပ်သူ ပြန်သွားတယ်။

ဓမ္မဝါဒီပုဂ္ဂိုလ်လေးကတော့ သူ့အရပ်သူလည်း မပြန်ဝံ့တော့ဘူးဆိုတော့ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးတွေထံ ဝင်ပြီး နောက်ဆုံးလျှောက်ထားသွားတဲ့ စကားတွေဟာ ကြင်နာစရာ၊ ရင်နာစရာ အပြည့်နဲ့ပါပဲ။

“အရှင်ဘုရားတို့ဟာ သာသနာကို မစောင့်ဘဲ ပုဂ္ဂိုလ်ကိုစောင့်ကြတယ်။ ဒီနေ့ကစပြီး အရှင်ဘုရားတို့ဟာ ဘယ်လိုကိစ္စမျိုးကိုမှ မဆုံးဖြတ် သင့်တော့ဘူး။ ခုအချိန်ကစပြီး ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူ သွားပါပြီ၊ ကဿပဘုရားရှင်ရဲ့ သာသနာတော်ဟာ ပျက်စီးခြင်းမလှ ပျက်စီးသွားပါပေါ့ဘုရား” တဲ့ အဲဒီလို ပြောဆိုငိုကြွေးမြည်တမ်းပြီး ကိုယ်တော်လေးလည်း ဦးတည်ရာကို တစ်ခါတည်း ထွက်သွားတော့တယ်။
(မင်းကွန်းတိပိဋကဓရဆရာတော် စောစဉ်-၂၁၅)

ဟုတ်ပါတယ်။ သက်တော်ရှည်ဘုရားရှင်တို့ရဲ့ သာသနာမှာ နောက်ဆုံး ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ အမှန် တရားကို လက်မခံတော့ရင် သာသနာလည်း ပျက်သွားပါပြီ၊ သာသနာရဲ့အခြေခံဖြစ်တဲ့ ဝိနည်းကံ၊ သီလသိက္ခာ မရှိရင် ကျန်တဲ့သိက္ခာတွေလည်း တိုးတက် ဖြစ်ထွန်းခွင့် မရှိတော့ပါဘူး၊ ဒါကြောင့်လည်း ဓမ္မဝါဒီပုဂ္ဂိုလ်လေးက “ခုချိန်ကစပြီး ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီ”လို့ ငိုကြွေးမြည်တမ်း သွားတာပါ။

ကိုယ်တော်လေး ထွက်သွားပြီးတဲ့နောက် ဝိနည်းဓိုရ်မထေရ်ကြီးတွေ နောင်တပူပန်ဖြစ်ပြီး၊ ညည်းညူ တဲ့စကားကလည်း သူတို့ရဲ့ သနားကမား ရွံစရာလုပ်ရပ်ကို အထင်းသား ဖော်ပြနေသလိုပါပဲ။

“ငါတို့ဟာ ပုဂ္ဂိုလ်ကိုစောင့်ရှောက်လိုကြတဲ့အတွက် ဘုရားသာသနာဆိုတဲ့ ရတနာထုပ်ကြီးကို ချောက် ကမ်းပါးကြီးထဲ ပစ်ချမိကြပြီ”တဲ့။ မိမိအနေနဲ့သွားပြီး သတိရလေ့ရှိတယ်ဆိုတာ ဒီသံဝေဂ စကားကိုပါပဲ။

ဒီလိုနဲ့ နောင်တပူပန်တွေ နှိပ်စက်ပြီး မဂ်ဖိုလ်တရားထူးလည်း အားထုတ်လို့ မရတော့ဘဲ သက်တမ်း ပြည့်တဲ့အခါ ပျံလွန်တော်မူကြတယ်။
အမှားနဲ့အမှန်ကို အဆုံးအဖြစ်ပေးရမည့် ပုဂ္ဂိုလ်က သိလျက်နဲ့ အမှန်ဘက်မှာ မရပ်တည်ဘဲ ကြားနေတယ်ဆိုတာ တကယ်တော့ အမှန်ကို မျက်ကွယ်ပြုပြီး အမှားဘက် လိုက်တာနဲ့ အတူတူပါပဲ။

ဒါကြောင့်လည်း သီလနဲ့ ပတ်သက်လို့ တခြားညစ်နွမ်းမှုမရှိဘဲ အနှစ်နှစ်သောင်းနီးပါး ရဟန်းတရားအားထုတ်ခဲ့ကြပေမဲ့အထက်သုဂတိဘုံတွေမှာ မဖြစ်ရဘဲ ဟေမဝတနဲ့ သာတာဂိရိဆိုတဲ့ နတ်ဘီလူး စစ်သူကြီးတွေ သွားဖြစ်ရတယ်။

“ကောင်းမှု မကောင်းမှုတို့နဲ့ ပတ်သက်လို့ “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ဝေစုယူ” ဆိုတဲ့ အတိုင်း ဆရာတွေလုပ်သမျှကို စိတ်တူ ထောက်ခံခဲ့ကြတဲ့ နောက်လိုက်တပည့် ရဟန်းငါးရာစီတို့လည်း ဘာတရားထူးမှ မရကြဘဲ နောက်လိုက်နတ်ဘီလူး စစ်သည်တွေ ဖြစ်သွားကြရတယ်။

ဒီဖြစ်ရပ်တွေကို ကြည့်ရင် အမှားနဲ့ အမှန်ဆိုတဲ့ ဘက်နှစ်ဘက်ရှိတဲ့ နေရာမျိုးမှာ အမှား၊အမှန်ကို ကွဲကွဲ ပြားပြား သိရှိပြီးရင် အမှန်ဘက်ကို ရဲရဲလိုက်ဖို့ လိုပါတယ်။ ဘက်မလိုက်ဘူး ကြားနေတယ်ဆိုတာဟာ မသိလို့ ရှိရင်တော့ ရပ်တည်ချက် မရှိသူ၊ တွေဝေသူလို့ပဲ ဆိုရမယ်။ သိလျက်နဲ့ဆိုရင်တော့ အမှန်ဘက် မလိုက်သူဟာ အမှားဘက် အလိုလို ရောက်သွားပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရှေးဆရာတော်ကြီးများက-
မှားမှန်အဖြစ် စိစစ်ရဲစေ၊
မှားအမှန် ဝေဖန်သိရဲစေ။
မှားမှန်ဝေခွဲ ပြောရဲကြစေ၊
အမှားလှန် အမှန်ကျင့်ရဲစေ။ လို့ ဆုံးမခဲ့တာပါ။

အမှန်တရားနဲ့ ပတ်သက်ရင် ရဲရဲ ဘက်လိုက်တတ်ကြပါစေလို့ ဆိုချင်တဲ့ သဘောပါ။
ဒီစာရဲ့ အစမှာပြောခဲ့တဲ့ “မဇ္ဈိမပဋိပဒါဆိုတာ ဘက်မလိုက်တဲ့ ကြားနေဝါဒလား”ဆိုတဲ့ပြဿနာကတော့ အထက်ပါဖြစ်ရပ်နဲ့ မတူပါဘူး၊ စဉ်းစားကြည့်ရင် လုံးဝခြားနားနေပါတယ်။

မဇ္ဈိမပဋိပဒါမပေါ်မီ ရှိနေတဲ့ အစွန်းနှစ်ပါးဆိုတာ အမှားနဲ့အမှန်ဆိုတဲ့ ဘက်နှစ်ဘက် မဟုတ်ပါဘူး၊ ပြုမှုဆောင်ရွက်ပုံအရ အချင်းချင်း ဆန့်ကျင်ကြလို့သာ အစွန်းနှစ်ပါးလို့ ဆိုရပေမဲ့ ဘက်အနေနဲ့ ပြောရရင်တော့ ဓမ္မစကြာမှာ ပြဆိုထားတဲ့အတိုင်း “အနရိယော အနတ္ထ သံဟိတော= အရိယာတို့ လက်မခံတဲ့ အကျိုးမဲ့ လမ်းစဉ်”ချင်း အတူတူဖြစ်လို့ “အမှား”ဆိုတဲ့ ဘက်တစ်ဘက်တည်းသာ ဖြစ်ပါတယ်။ တစ်ဘက်တည်းသာ ဖြစ်တဲ့အတွက် “ကြား”ဆိုတာလည်း မရှိနိုင်တော့ပါဘူး။

ဒါကြောင့်“မဇ္ဈိမပဋိပဒါ”ဆိုတာ နေစရာ “ကြား”လည်းမရှိ၊ လိုက်စရာ “ဘက်”လည်းမရှိဘဲ၊ သဗ္ဗညု ဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့အခါမှာသာ ဖော်ထုတ်ဟောကြားနိုင်တဲ့ လမ်းစဉ်မှန်ဖြစ်တယ်လို့သာ ဆိုရပါလိမ့် မယ်။

ဒီလမ်းစဉ်ကို ကျင့်သုံးရာမှာ အာရုံငါးပါးကိုရော၊ ခန္ဓာကိုယ် အပင်ပန်းခံမှုကိုပါ လိုအပ်သလို အသုံးချနိုင် တယ်ဆိုတာနဲ့ ပတ်သက်ပြီး သဘောပေါက်နိုင်ဖို့အတွက် အာရုံတို့ရဲ့ အဆင့်သုံးဆင့်ကို နားလည်ဖို့ လိုမယ်ထင် ပါတယ်။

ဘယ်လောကီအာရုံမှာမဆို အဿာဒလို့ခေါ်တဲ့ သာယာဖွယ်အဆင့် အာဒီနဝ လို့ခေါ်တဲ့ အပြစ်မကင်း (ချွတ်ယွင်းဖေါက်ပြန်)ခြင်းသဘောရှိတဲ့ အဆင့်၊ နိဿရဏ လို့ခေါ်တဲ့ လွတ်မြောက်မှုအဆင့်ဆိုပြီး သုံးမျိုးသုံး ဆင့်ရှိပါတယ်။ ဒီအဆင့်များဟာ တစ်ဆင့်ထက် တစ်ဆင့် နက်နဲသိခဲတဲ့ သဘောလည်း ရှိပါတယ်။

ကာမသုခလ္လိကာနုယောဂ သမားများကတော့ အာရုံတို့ရဲ့ အာဒီနဝ ပိုင်းအထိ တိုးတက် သိမြင်လာတဲ့ အတွက် အာရုံခံစားမှု အားလုံးကို စွန့်လွှတ်ပြီး အစွန်းရောက်အောင် ခန္ဓာကိုယ်ကို ညှင်းပန်းကျင့်ကြံ ရုန်းကန်ရင်း သံသရာမှာ မျောနေကြသူများလို့ ဆိုရပါလိမ့်မယ်။

မဇ္ဈိမပဋိပဒါလမ်းကို သဘောပေါက်သူများကတော့ အတွင်း အနှစ်ဖြစ်တဲ့ နိဿရဏအဆင့်အထိ နားလည်သဘောပေါက်ကြတဲ့အတွက် အဲဒီနိဿရဏအဆင့်အထိ ရောက်အောင် မဇ္ဈိမယာဉ်ကို လှော်ခတ်ရာမှာ အပေါ်ယံနှစ်ဆင့်တို့ကို လိုအပ်သလို အသုံးပြုကြတာပါ။ နိဿရဏဆိုတဲ့ အဆင့်အထိ ရည်မှန်းပြီး အသုံး ချတာဖြစ်လို့ အပေါ်ယံအဆင့်များနဲ့ ထိပေမယ့် မငြိဘူးလို့ ဆိုရတာပါ။ သြဃတရဏသုတ်မှာ ဟော တော်မူတဲ့ “မရပ်လည်း မရပ်၊ မကူးလည်းမကူးဘဲ၊ သြဃလေးပါးမှ လွတ်တယ်”ဆိုတဲ့ ပဟေဠိဆန်ဆန် တရားတော် အဓိပ္ပာယ်ဟာ ဒီသဘောကို ပြောလိုရင်းပါပဲ။

မဇ္ဈိမမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ရဲကြပါစေသော်….

ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )
Shared from Shwe Yee

ထူးထူး ခြားခြား မြန်မာပြည်က အထူးဘတ်စ်ကား


ဒီတစ်ခေါက် ကျွန်တော်သဘောင်္မှ ပြန်လာတော့ မြန်မာနိုင်ငံမှာ အတော်ထူးခြားသော

အပြောင်းအလဲများကြုံရပါသည်…တစ်ခေါက်တစ်ခါပြန်လာတိုင်းလည်း ကြုံနေရခြင်းဖြစ်သည်… ဒါပေမယ့်

ဒီတစ်ခါကတော့ အတော် ပြောင်းလဲသွားသည်ဟု ဆိုရမည်ဖြစ်သည်…. ရှော့ပင်းမောများ

အပြိုင်းအရိုင်းပေါ်ထွက်လာသည်…. ဆယ်လိုတိတ်ကပ်ပိုက်ဆံများ အတော်ပပျောက်သွားသည်…

ဒေါ်အောင်ဆန်းဆုကြည် ၏ပုံများ လွတ်လပ်စွာဝယ်ယူခွင့်ရလာသည်…

ဒီမိုကရေစီလမ်းကြောင်းပေါ်အမှန်တကယ်နီးပါးလျှောက်လှမ်းလာသည်…. ကြားဖြတ်ရွေးကောက်ပွဲမှာ

ခွပ်ဒေါင်းတွေ အပြတ်အသတ်နိုင်ပြန်သည်…ကားဈေးတွေ တမဟုတ်ချင်းထိုးကျသွားသည်… လွတ်လပ်စွာ

ကားတင်သွင်းခွင့်တွေပေးလာသည်…. ဖုန်းဈေးတွေ ထိုးကျကုန်သည်…. ဘတ်စ်ကားများ လည်း

အတော်ပေါများလာပါသည်…..

ပြောချင်သည်က အဲဒိ ဘတ်စ်ကားပဲဖြစ်သည်… ဘတ်စ်ကားများ ပေါများ လာတာ ၀မ်းသာစရာပေါ့ဆိုတော့..

လက်ခံပါသည်… တကယ်ကို ၀မ်းသာစရာကောင်းပါသည်…

မထသကလည်း.. အထူးယာဉ်များ ပြေးဆွဲပေးသည်… ပါရမီကားများ လည်း

အတော်များလာသည်…အဓိပတိက လည်း ဖြူနီဝါပြာ စသဖြင့် လိုင်းပေါင်းများ စွာပြေးဆွဲပေးနေသည်…

အလွန်ကောင်းပါသည်…. ကားကို ရုံးဆင်းရုံးတက်ချိန်လောက်မှ လွဲရွှေ့ ကျန်အချိန်များတွင် သက်တောင့်

သက်သာ ထိုင်စီးနိုင်လာပါသည်…

သို့ သော် ကျွန်တော် အတော်ကလေး မရှင်းသည့် အချက်တစ်ချက်ကို တွေ့ရပါသည်… အထူး.. (special)

ဆိုသည်.. ယာဉ်လိုင်းများက .. လူတစ်ဦးကို နှစ်ရာကောက်ပါသည်…. အဓိပတိက လည်း ထူးတယ်ဟု ဆိုကာ

ဘယ်စီးစီးနှစ်ရာကောက်သည်…. ၃၉ အထူးဆိုလျှင်တစ်ခါတစ်လေ .. သုံးရာတောင်

တောင်းတတ်သေးသည်… ရွှေဧည့် သည် ကတော့ နှစ်ရာဖြစ်လိုက်သုံးရာဖြစ်လိုက်

ကောက်ချင်သလိုကောက်သည်….

ဒီလိုတွေ ကောက်တာတော့ ဟုတ်ပါပြီ.. အဲဒီ အထူးယာဉ်တွေက ဘာထူးခြားလို့ တုန်းဆိုတော့…. ထိုင်ခုံ ပိုများ

ပြီး ပေါက်ပြဲနေသော ဆိုဖာများရှိနေခြင်းမှ လွှဲရွေ ဘာမှ ပိုမထူးတာတော့ သေချာသည်…

ထိုင်ခုံပြည့်လျင်မတ်တပ်လည်း တင်သည်…. ဒါဆို ဘာလို့ နှစ်ရာကောက်တာလဲ စဉ်းစားလို့ မရဖြစ်မိသည်….

ထိုင်ခုံဆိုလို့ လည်း… ထိုင်ခုံဆိုရုံပဲဖြစ်သည်… ကျွန်တော်က သဘောင်္သားဆိုတော့

ဘိုက်အနည်းငယ်ရွှဲပါသည်… ဂတ်စ်အိုးများ… ပေါ်တွင်… စောင့်ကြောင့်ထိုင်ရုံသာသာ ထိုင်ခုံများ.. မှာ..

အတော်ကလေး… ဒုတ်ခပေးပါသည်… နောက်တစ်ခုက သုံးယောက်ခုံဟု ဆိုသော ခုံမှာ.. လူခပ်ပိန်ပိန်…

သုံးယောက်သာ ကျပ်ညပ်ထိုင်နိုင်ရုံဖြစ်နေသည်…. ကျွန်တော့ စိတ်ထင်… အီသီယိုးပီးယားမှ လူများ ကျော

အကျယ်နှင့် တိုင်းရွေ့ လုပ်ထားသော ထိုင်ခံဖြစ်မည်ထင်သည်… ဒီကြားထဲ ထိုင်ခုံတွေမှာ လူများများ

ထိုင်နိုင်အောင်… ရှေ့ ခုံနောက်ခုံကို ကျပ်ညပ်ထားပါသည်… တစ်ခုတော့ ကျေးဇူးတင်စရာရှိသည်…

ကျန်းမာရေးရှုထောင့်မှကြည့်လျှင်ဖြစ်သည်.. မြန်မာပြည်မှ ဘတ်စ်ကားစီးလိုလျှင်…အဆီအဆိမ့်လျှော့စား….

အငန်လျှော့စား ပိန်အောင်လုပ်… မဟုတ်လို့ ကတော့ တက်စီးဖို့ ပင်မစဉ်းစားလေနှင့်……

တစ်ခါကဆို ကျွန်တော်အတော်လေးဒုတ်ခရောက်ပါသည်… တက်လိုက်သည်က ၁၅၇ ဖြစ်သည်

မြောက်ဥကလာသွားသော ကား…. အဆင်ပြေရာခုံဆိုတော့.. နှစ်ယောက်ထိုင်ခုံတစ်လုံးမှာ

ဝင်ထိုင်လိုက်သည်… ကိုယ်က လူဝမဟုတ်လား… သုံူးယောက်ထိုင်ခုံဆိုလုံးဝမဖြစ်… ဒါပေမယ့်

ထုံးစံအတိုင်းဒူးက မလွတ်.. ဒူးကို နည်းနည်းလျှောပြီး ရှေ့က ခုံအောက်မှာ သွင်းစီးရသည်… ထိုင်ရတာကို က

အတော်ကိုးလို့ ကန့်လန့်ဖြစ်နေသည်… ကားစထွက်တော့…. ဘရိတ်ကို စောင့် အုပ်တိုင်း… ကျွန်တော့

ပေါင်းနှင့်… ရှေ့ ခုံမှ သံတန်းသွားသွားစောင့်မိပါသည်….စီးလာရင်းကနေ .. ကျွန်တော်ကျွန်တော့

ခြေထောက်ကို ပြန်ထိလို့ မရဖြစ်လာသည်…. ကျင်လာသည်.. ထုံလာသည်… ဒါနဲ့ ကြိတ်မှိတ်စီးလြာ့ပီး ..

မြောက်ဥကလာ ရောက်တော့မှ… ဆင်းလိုက်သည်… ထုံးစံအတိုင်း အလယ်လမ်းမှာ လူပြည့်တင်ထားတာမို့

အတော်တိုးထွက်ရသည်….. စပါယာလေးကလည်း ကူတော့ ကူညီရှာပါသည်… ကားအောက်ရောက်တော့

ကျွန်တော့ ခြေထောက်က လမ်းလျှောက်လို့ မရတော့ .. အတော်ထုံပြီး ကျင်နေပြီ..

အေးစက်စက်ကြီးဖြစ်နေသည်… ကြွက်တက်ချင်သလိုပင်ဖြစ်လာသည်…

ဒီအတိုင်းခပ်ကြာကြာလေးရပ်နေရင်းခြေထောက်ကို ခါလိုက်ပြန်ဆန့်လိုက် လုပ်တော့ မှ

အနည်းငယ်သက်သာပြီးလှမ်းလျှောက်လို့ရသည်…..

ဒါက ထိုင်ခုံကိတ်စဖြစ်သည်… အထူးထိုင်ခုံဟု သာ ကျွန်တော်မှတ်ယူထားလိုက်ပါသည်…

နောက်တစ်ချက်က လူပြည့်တင်သည့်ကိတ်စ…. ဒါကလည်း နှစ်ဦးနှစ်ဘက်လုံးတာဝန်ဖြစ်သည်.. အစက

ထိုင်ခုံပြည့်သာ လူတင်သည်ဆိုသောကားများ.. ထိုင်ခုံပြည့်လူတင်ရန်.. ထိုင်ခုံနေရာနွေ အများကြီးလုပ်ပြီး….

လူသွားလမ်းကို ကျဉ်းနိုင်သမျှ ကျဉ်းထားလိုက်သည်….. အခုတော့ ထိုင်ခုံပြည့်လျှင်…

မတ်တပ်ပါတင်လာသည်.. ဘယ်သူမှလည်း မဖမ်း.. မတား…

ခရီးသည်ဘက်ကလည်း အိမ်မြန်မြန်ရောက်ချင်ဇောဖြင့် မတ်တပ်လည်း လိုက်သည်… လိုက်တော့

တင်သည်ပေါ့…. ဒိကိတ်စက ..အတက်အဆင်းကျမှ ဒုတ်ခရောက်တော့ သည်…အလယ်လမ်းက

ကျဉ်းလွန်းသောကြောင့်… ထွက်သည်အခါ အတော်တိုးထွက်ရသည်.. ဒီလောက်ကျဉ်းတဲ့ အလယ်လမ်းမှာ

လူနှစ်ယောက်စီကို ကျောကပ်ရွေ့ စနစ်တစ်ကျ ထည့်တတ်သော စပါယ်ယာနေရာချတတ်ပုံကို ကြိတ်ရွေ့

ပင်ချီးကျူးမိသေးသည်…ကျွန်တော်က ခပ်၀၀မို့… ပို ဒုတ်ခရောက်ပါသည်… အချို့ ခရီးသည်များ ကတော့

နားလည်မှုရှိကြသည်.. ကိုယ်ကို ယို့ ပေးတာ ဘာညာလုပ်သည်… တစ်ချို့ကျတော့ ခပ်မာမာပဲဖြစ်သည်.. ဒါကို ကိုယ်က အတင်းတိုးမိပြန်လျှင်လည်း… (အဲလောက်ဝရင်လည်း ဘတ်စကားစီမနေပါနဲ့လား…. )ဘာညာနှင့် အပြောခံရပါသည်…. (မကြားတကြားဖြစ်သည်) ကျွန်တော်ကလည်း လူစွာပဲကို .. ဒါမျိုးပြောလို့ ကတော့...  ပိုဖိပြီးတိုးပြစ်လိုက်သည်ချည်း.. ကိုယ်က ခံရသည်မဟုတ်သူက အတိုးခံရသူ သူပဲနာမည်.. ထားပါလေ…

ဒီကြားထဲ အထိမခံရွှေပန်းကန် မမများနှင့်တွေ့လို့ ကတော့ သေပြီသာမှတ်.. (ဘာလို့ အတင်းတိုးတာလဲ…

နင့်အကြံသိတယ်နော်.. ဟင်းဟင်း ဘာညာ) လုပ်တတ်သေးသည်.. အဲဒီလို အော်လို့် ချောချောလှလှ

ချစ်စရာလေးဟု မထင်ပါနှင့်.. ရွက်ကြမ်းကို နှစ်ရေသုံးရေကြိုထားတဲ့ ရုပ်ကို မှ အသက်က ..သုံးလေးဆယ်..

အပျိုမှ အတော်ဟိုင်းသောအရွယ်မျိုးဖြစ်သည်.. ဒါကြီးတွေက ပို တတ်သည်ပဲလေ… ကြည့်ရှောင်ရပါသည်…

ဒါက အလယ်လမ်းပြသနာဖြစ်သည်… ထူးလည်း ထူးတဲ့ အလယ်လမ်းမို့ အထူးအလယ်လမ်းဟု သာ

မှတ်ယူထားလိုက်ပါသည်…

နောက်ပြသနာတစ်ခု က…. စပါယ်ယာဖြစ်သည်…

ဒီကိတ်စကို အရင်ကတော့ ဂျာနယ်တွေမှာ စပါယ်ယာတွေ အတော်ဆိုးလို့ ရေးလိုက်ကြတာ.. စပါယ်ယာများ

အတော်ကလေးငြိမ်ကုတ်သွားသေးသည်… အခု တစ်စခန်းပြန်ထလာပြန်သည်…. ကဲ

ပြန်ပြောရလျှင်သဘောင်္သားမို့ ကျွန်တော်က ၀ပါသည်… တစ်ရက်တော့… မထသ ၃၉ အထူးကားကို အိမ်ရှေ့

မှတ်တိုင်ကနေတက်စီးလိုက်သည်… မထသစပါယ်ယာများ ကလည်း ယူနီဖောင်းနှင့်ဖြစ်သည်.. သို့ သော်

ရင်ဘတ်ဟပြဲ … ကွမ်းတပြစ်ပြစ်… ဘောင်းဘီခေါက်လျှက်နှင့်… ဒါတွေထားပါလေ.. ရာသီဥတုက ပူသကိုး…

သူတို့ ကိတ်စပဲပေါ့… ကားပေါ်ရောက်တော့ ကျွန်တော့လို ပဲ ခပ်၀၀တစ်ယောက်ကရှေ့နားမှာစီးလာသည်..

ကျွန်တော်လည်း အနောက်ကို မတိုးတော့ အရှေ့ ကိုသာတိုးပြီး… ထိုခပ်၀၀လူအနားကို သွာ့းရပ်လိုက်သည်..

အနောက်ကို တိုးလျှင် လမ်းပိတ်တယ် ဘာညာ အပြောခံရဥိးမည်မဟုတ်လား.. နားလည်ပါသည်…. ဒါနဲ့

အလုံနားကမှတ်တိုင်တစ်ခုရောက်တော့…. စပါယ်ယာ တစ်ယောက်က နောက်တစ်ယောက်ကို ပြောသည်…

(ဟေ့ကောင်လူခေါ်လေကွာ… တင်မယ်.. ဒီတစ်မှတ်တိုင် အကုန်တင်မယ်)

ဒါကို နောက်စပါယ်ယာက… ကျွန်တော်တို့ နှစ်ယောက်ကို လက်ညှိုးထိုးပြီး

(မင်းကြီးတော်ကြီးထဲမှ.. ဟို အတ်တဘောနှစ်ယောက်တောင်တင်ထားတာ ဘယ်နားသွားတင်မလဲ…)

ဟုပြောပါသည်…

ကျွန်တော်အတော်စိတ်ကို ထိန်းပါသည်…. ဘာပြန်ပြောရမှန်းလည်း မသိပါ….. စကားကလည်း

ပါးစပ်ကထွက်မလာပါ… ဒေါသထွက်လွန်းလို့ဖြစ်သည်…. ဒါနဲ့ တိုင်စရာ ဖုန်းနံပါတ်ကို လိုက်ရှာဖို့

သတိရလိုက်သည်.. လိုက်ရှာသည်.. တွေ့ပါပြီ…. ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုသည့် စာတန်း… အောက်က

ဖုန်းနံပါတ်ကို တော့ မီးကပ်သည် တိတ် (Electrical tape) အမဲဖြင့် ကပ်ထားပါသည်…. မမြင်ရပါ….

ကောင်းရော ဘယ်ကို သွားတိုင်ရမည်နည်း…. ဒီအတိုင်းပဲ အောင့်အီးသည်းခံပြီး စီးလာလိုက်ရသည်…..

ဒါက တစ်ကြိမ်ဖြစ်သည်… ဒီလိုပဲ အကြိမ်ကြိမ်ကြုံရပါသည်… ကျွန်တော်တို့ နားက မှတ်တိုင်က

လူအတက်နည်းတာမို့ ကားကို အရှိန်လျှော့ပြီး နောက်ကနေတွန်းချတာ…

(ယောက်ကျားလေးတစ်ယောက်တည်းဆရာရေ.. ဆို အသင့်သာပြင်ထားပေတော့ .. နောက်ဆို

ဘတ်စ်ကားစီးဖို့ လေထီးခုန်သင်တန်းတက်ထားသင့်သည်ဟုထင်သည်) ….

တက်ခါနီးနောက်ကားလိုက်လာလို့ဆိုပြိး.. အတင်းမောင်းထွက်ပြေးတာ… စကားကို မခြေမငံ့ပြောတာ…

ရပ်မယ့်မှတ်တိုင်မှာ မရပ်ပဲ… နောက်တစ်မှတ်တိုင်ကို ကျော်ရပ်ပြီး ဆင်းခိုင်းတာ…. တွေးရင်

ဒေါသထွက်စရာတွေချည်းဖြစ်သည်…..

ဒါနဲ့ တစ်ခေါက်တော့ တိုင်ဖြစ်အောင်တိုင်ဦးမည်ဟုတေးထားပြီး…ကားပေါ်တက်တိုင်းဖုန်းနံပါတ်ကို

ရှာပါတော့သည်… ကံကောင်းထောက်မစွာ တွေ့ပါသည်…. တစ်စီးဆိုမှ ဒီတစ်စီးတည်းဖြစ်သည်… ဒါသူတို့

မီးကပ်တိတ်နဲ့ ကပ်ဖို့ မေ့နေတာဖြစ်မည်…. မှတ်ထားလိုက်သည်….

အိမ်ရောက်တော့ မှ ဖုန်းဆက်တိုင်ပါသည်….. တစ်ဘက်မှ အေးဆေးစွာပဲပြန်အဖြေပေးပါသည်….

(စိတ်ချပါကျွန်တော်တို့ အရေးယူလိုက်ပါမယ်)

ကျွန်တော်အတော်ကျေနပ်သွားသည်.. ဒါနဲ့ နောက်နေ့ မနက်ကားစီးသည်.. ဒီအချိန်ဒီကားနဲ့

တိုက်ဆိုင်နေကျမို့… ဒီစပါယ်ယာကို တွေ့နေရသည်…. ထားပါလေ.. မနေ့ ကမှ ပြောထားတာဆိုတော့..

နောက်မှပြောမယ်ထင်တယ်ပေါ့….

ဒါနဲ့ နောက်တစ်ရက်နှစ်ရက် သုံးရက်.. တစ်ပတ်… သိပ်မဟုတ်တော့… ကျွန်တော်တိုင်ထားတာကို ဘာမှ

အက်ရှင်မယူ… ကျွန်တော်ဖုန်းထပ်ဆက်သည်…ကားနံပါတ်.. စပါယ်ယာ နံပါတ်.. နာမည်နှင့်တကွ..

တိုင်ကြားပြန်ပါသည်….

အေးဆေးစွာပဲအဖြေပေးပါသည်..

(စိတ်ချပါကျွန်တောတို့ ထိရောက်စွာအရေးယူလိုက်ပါမယ်)

ဒါပဲဖြစ်သည်…. ဒီတစ်ခါတော့ မကျေနပ်နိုင်…. နောက်နေ့ မနက်.. ထို စပါယ်ယာရဲ့ ကားကို

ထိုင်စောင့်နေလိုက်သည်… လာပါပြီ.. စပါယ်ယာကတော့ အေးဆေးပဲဖြစ်သည်… မျက်နှာကမာမြဲမာသည်..

ဟောက်မြဲဟောက်သည်.. ပါးစပ်စည်းမရှိမြဲမရှိပြောနေသည်….. ဒီကြားထဲ လမ်းမှာတွေ့သော

မိန်းကလေးများကို လှမ်းစလိုက်သေးသည်.. … (သဲလေး…. ဟေ့.. လိုက်ခဲ့လေ.. အိမ်ကို ဘာညာ) ပေါ့….

ကျွန်တော်စိတ်ကို လျှော့လိုက်ပါသည်…. ဘာမှ မတတ်နိုင်ပါ…..

နောက်လပေါင်းများစွာအထိ ထို စပါယ်ယာ အေးဆေးစွာပဲ… အလုပ်လုပ်နေပါသေးသည်….

ဒါက စပါယ်ယာတွေဖြစ်သည်… ကျွန်တော်ဘာမှ မတတ်နိုင်ရခြင်းကို လည်း စိတ်မပျက်တော့ ပါ….

သူတို့ က အထူးစပါယ်ယာတွေ မဟုတ်လား……. ဒီလိုသာ မှတ်ယူထားလိုက်ပါတော့သည်…..

အထူးကားများ၏ထူးခြားမှုများကပြောလျှင်ကုန်ဖွယ်ရှိမည်မထင်ပါ…အထူးဒရိုင်ဘာများရဲ့ ..

ကားချင်းပြိုင်မောင်းတာ…

တစ်ချိန်တည်းမှာ သုံးစီး (ဥပမာ အဓိပတိအ၀ါချည်းသုံးစီး) ပြိုင်ရပ်လို့… နောက်တစ်စီးစီးဖို့

နာရီနဲချီစောင့်ရတာ… အဲ မကျေနပ်လို့လည်း စပါယ်ယာတွေကို သွားမပြောလေနှင့်… ဟိုတစ်လောက

စပါယယ်ယာတွေ သွေးစည်းညီညွတ်ပြီး… ရပ်ကွက်ထဲ ၀င်ရိုက်သွားတယ်ဆိုလား…

ဒါမျိုးတွေလည်းရှိသေးသည်… (တစ်ခါတစ်ခါ စဥ်းစားမိသည် .. ကျွန်တော်သာ game developer ဖြစ်လျှင်..

ဖော်မြူလာဝမ်းလို ကားမောင်ပြိုင်ပွဲနေရာမှာ…. မထသ.. အဓိပတိ ပါရမီ.. ရွေဧည့်သည်.. စတဲ့ ဘတ်စ်ကားတွေ

အစားထိုးပြီး.. ရန်ကုန်လမ်းများမှာ ပြိုင်ခိုင်းသည့်.. game မျိုးရေးကြည့်မှာပဲဟုဖြစ်သည်…

အတော်ရောင်းကောင်းမည်ထင်သည်…)

ကျွန်တော့ အတွေးတွေ မှားနေကြောင်းတဖြည်းဖြည်းတော့ နားလည်လာပါသည်…. အထူးကားများ

မထူးခြားဆိုသည် အတွေးများ .. ကို လက်မခံတော့ပါ…. မှန်ပေသည်… အထူးကားများ အင်မတန်ကို

ထူးခြားပါသည်…. နှစ်ရာတန်အောင်လည်း သည်းထိတ်ရင်ဖိုဖြစ်ရပါသည်…. Junction square မှ သရီးဒီ ကို

နှစ်ထောင်သုံူးထောင်ပေးမကြည့်ပါနှင့်….. နှစ်ရာအကုန်ခံပြီး အထူးကားကို သာတက်စီးလိုက်ပါ….

သရီးဒီမဟုတ်… မြင်ကွင်း အတော်ကျယ်သော အရသာနှင့် သည်းထိတ်ရင်ဖိုကော.. ဒေါမနသပါ

ပွားနိုင်ပါသည်…တယ်လည်း ထူးခြားသည့် အထူးကားများ ပဲဖြစ်ပါသည်….

ဒါနဲ့ ဒီတစ်ခေါက်ပြန်မလာ ခင်…. နောက်ဆုံးရောက်ခဲ့ သည် ကနေဒါနိုင်ငံက ဗန်ကူးဗါး..(Vancouver)

ဆိပ်ကမ်းမှာ ကမ်းဆင်းရင်း… ဘတ်စ်ကားစီးရတာကို သွားသတိရပါသည်…

ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရင်း ကားလာတော့ ကျွန်တော်တို့ က မြန်မာပီပီ.. ကိုယ်အရင်တက်ဖို့

ထရပ်လိုက်ပါသည်… ဘေးဘီကို ကြည့်တော့ ဘယ်သူမှ ထမရပ်.. ကားဂိတ်မှ

ထိုင်ခုန်တွင်ခပ်အေးအေးပဲထိုင်နေသည်…ကားကရပ်တော့ မှ… ထလာကြသည်…

ကားကလေးဘီးလုံးရပ်ပါသည်… ကားပေါ်ရောက်ရောက်ချင်းပိုက်ဆံပေးရန်စပါယ်ယာရှာသည်.. မရှိပါ..

ကနေဒါဘတ်စ်ကားမှာ စပါယ်ယာမပါပါ… ပိုက်ဆံအကြွေစေ့ထည်သောစက်ကလေးသာပါပါသည်…

ကားစီးချင်လျှင် အကြွေစေ့လဲထားရပါသည်…. အကြွေစေ့ကို လည်း ကြိုက်တဲ့ စတိုးဆိုင်မှာ လဲနိုင်သည်….

စီးနေကျ ခရီးသည်များ အတွက်တော့ ..ကဒ်ပြားလေးများ ပြစီးလျှင်ရပြီ…. ကျောင်းသားများ အတွက်က

..ကျောင်းသားကဒ်ပြရုံဖြင့်စီးနိုင်သည်.. ပိုက်ဆံပေးစရာမလို… ကားခက .. ကနေဒါဒေါ်လာ

..နှစ်ဒေါ်လာခွဲဖြစ်သည်….. ဖြစ်ချင်တော့ ကျွန်တော်တို့ တက်သည် ကားက… ဒရိုင်ဘာကလှမ်းပြောသည်…

( Today is ur luckyday… our machine is out of order ) ဟု ဆိုပါသည်… ပိုက်ဆံထည့်တဲ့စက်ပျက်နေလို့

ပိုက်ဆံပေးစရာမလို.. ဒီတိုင်းစီးနိုင်သည်…. တယ်ဟုတ်တဲ့ ကနေဒါပါတကား… ပိုက်ဆံစက်ပျက်လို့ ..

ကားမဆွဲဘူးဆိုတာမရှိ…… ဒရိုင်ဘာကလည်း ဒီမှာလို ကော်မရှင်နဲ့ .. percentage နဲ့ ပေးတာမျိုးမဟုတ်လို့…

အေးအေးဆေးဆေးပဲမောင်းသည်… သူလစာက ပုံမှန်ရနေသည်ပဲ…. အဲ.. ဒီကြားထဲ.. ပိုက်ဆံထည့်ပြီးလျှင်

ticket လက်မှတ်လေး တစ်စောင်စက်က ဖြတ်ပေးတတ်သေးသည်… တကယ်လို့ ကိုယ်သွားတဲ့ နေရာမှာ

သိပ်ကြာကြာမနေပဲ သူတို့ လက်မှတ်မှာရေးထားတဲ့ အချိန်အတိုင်းပြန်လာနိုင်လျှင်..

အပြန်ကားခပေးစရာမလို… အလကားစီးနိုင်သေးသည်…… ကားကလည်း ချောင်လို့ ချိလို့…. ဘယ်သူမှလည်း

လုမတက်… တက်စရာလည်းမလို… ဒီတစ်စီးလွတ်သွားလည်း

နောက်သုံူးလေးမိနစ်စောင့်လျှင်နောက်တစ်စီးလာနိုင်သေးသည်….

နေချာစဉ်းစားကြည့်တော့ .. ကျွန်တော်တို့ ပေးလိုက်သော နှစ်ဒေါ်လာခွဲမတန်ပါ… သဲထိတ်ရင်ဖိုလည်း မရှိ….

ဘာလည်းမရှိ…. နောက်ကတွန်းချတာတွေ ဘာတွေ မပါ… အတော်ပြင်းစရာကောင်းသော

ကနေဒါဘတ်စ်ကားပါပေ…..

ထားပါလေ ဒါကလည်း သူ့အရပ်နဲ့ သူဖာတ်မဟုတ်လား.. အဲဒီက ဒရိုင်ဘာတွေ ဒီမှာ

လာမောင်းကြည့်စေချင်သည်…အထူးဒရိုင်ဘာများ ၀ိုင်းရယ်လိုက်မယ့်ဖြစ်ချင်း….

ကျွန်တော်ကတော့ .. အထူးကားသိပ်မစိးတော့ ပါ… သည်းထိတ်ရင်ဖို တွေသိပ်များ

လျှင်နှလုံးရောဂါရမည်ဆိုးရွေ့ .. ရိုးရိုးငါးဆယ်ကားသာပြောင်းစီးပါသည်…. ငါးဆယ်ကားကတော့

အဆင်ပြေသည်… ထိုင်ခုံမရလို့ မတ်တပ်စီးတောင်… သက်တောင့် သက်သာ ရှိသည်..ဆင်လျှင်လည်း

တိုးစရာနေရာကျယ်သည်…..

အငြိမ့်မင်းသမီးများ ရည်းစားထားတော့ ဆိုသလိုပဲ….. သဘောင်္သားများ ဘတ်စကားစိးတော့

ဒီလိုပဲဖြစ်တတ်ပါသည်လေ……………………………………….

စာကြွင်း.... ပြောဖို့ တစ်ခု ကျန်ခဲ့သေးတယ်... ကနေဒါဘတ်စ်ကားမှာ.. ဒရိုင်ဘာက အင်တာကွန်းက နေ... မှတ်တိုင်ပဲကျေငြာတာဗျ... မီးပွိုင့်ဖြတ်မယ် တန်းတွေ ဂွင်းတွေ ကိုင်ထားတို့ .. လက်တို့ တောင်းရင် ရှက်ဖို့ ကောင်းတယ်.. တို့ တိုးစမ်းပါဗျာ အနောက်မှာ အချောင်ကြီးပါတို့။... ဆိုင်းဘုတ်တက်မယ်ဆရာရေတို့ ... နောက်ကားပါမလာ ဘူး.. ကျောက်ချလိုက်တို့.... ဆင်းဆင်းဆင်း..... တက်တက် တို့ မပြောဘူးဗျာ... ဘာမှ မကြားရတော့ ဆားမပါတဲ့ဟင်းကြီး စားနေရသလို ပေါ့ရွှတ်ရွှတ်တောင်ဖြစ်နေသေး..

by: လင်းလွန်းညို

"ဆရာတော် ဦးဇောတိက" ရဲ့  "ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်" စာအုပ်မှ

သူဟာ ဟန်လုပ်လေ့ မရှိဘူး။ စိတ်ထဲက မပါဘဲ စကားကို ကြားကောင်းအောင် မပြောဘူး။ များသောအားဖြင့် ရိုးရိုးတည့်တည့်ပဲ ပြောတတ်တယ်။ သူ့ ကို စိတ်စေတနာမှန်နဲ့  ဝေဖန်တာကိုတော့ အေးအေးဆေးဆေးခံယူတယ်။ သူ့ ဥာဏ်နဲ့ သူ ချင့်ချိန်တယ်။ ဝေဖန်မှုကြောင့် တုန်လှုပ်မှု မရှိဘူး။ သူ့ အလုပ်သူ ဆက်လုပ်နိုင်တယ်။

သူဟာ သူတစ်ပါးက သူ့ ကို လွှမ်းမိုးလို့  မရအောင်၊ ချယ်လှယ်လို့  မရအောင် နေတတ်တယ်။ သူများရဲ့ ပြဿနာထဲကို ဝင်မစွက်ဘူး။ တတ်နိုင်တာကို အကူအညီပေးပြီး ရှင်းအောင် နေတယ်။

သူဟာ လူတွေကို ကြည့်တဲ့ အခါမှာ အပေါ်ယံကို ကြည့်လေ့ မရှိဘူး။ မျက်စိနဲ့  မြင်နိုင်လောက်တာကိုပဲ ကြည့်တာ မဟုတ်ဘူး။ လူမျိုးခွဲခြားတာ၊ အသားအရောင် ခွဲခြားတာ၊ ရုပ်ရည် ခွဲခြားတာ၊ အဆင့်အတန်း ခွဲခြားတာ မရှိဘူး။ လူတွေရဲ့ စိတ်ထဲ၊ နှလုံးထဲ ရောက်အောင်၊ မြင်အောင် ကြည့်လေ့ ရှိတယ်။ လူတိုင်းမှာ မြင့်မြတ်တဲ့ စိတ်ထား ရှိတယ်လို့  သူ ယုံကြည်တယ်။

သူနဲ့ ပတ်သက်ပြီး နောက်တစ်ခု ထူးခြားတာက သူ့ ရဲ့  ရိုးသားမှုပဲ။ သူဟာ ဘယ်သူ့ ကိုမှ မလှည့်စားဘူး။ သူ့ ကိုယ်သူလည်း မလှည့်စားဘူး။ သူ ပြောသမျှ၊ လုပ်သမျှ အားလုံးဟာ သူ တကယ်လုပ်ချင်လို့  စိတ်ပါ လက်ပါ ပြောတာ၊ လုပ်တာ ချည်းပါပဲ။

အသိ မိတ်ဆွေ တစ်ယောက် လွဲနေတာ၊ မှားနေတာ ရှိရင် အဆင်ပြေတဲ့ အချိန် ၊ အဆင်ပြေတဲ့ နေရာမှာ အေးအေးဆေးဆေး ပြောပြတယ်။ လူကြားထဲမှာ အရှက်မခွဲဘူး။

သူဟာ လူမြင်ကောင်းအောင်၊ လူအထင်ကြီးအောင်၊ သူများ အကဲ့ရဲ့ လွတ်အောင် ဆိုပြီး စားတာ၊ နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာ မရှိဘူး။ လူ အထင်ကြီးအောင် မလုပ်ဘူး။ သဘောထားသေးတဲ့သူတွေ အပြစ်မရှိ အပြစ်ရှာပြီး ပြောတာကို မကြောက်ဘူး။ သူ့ အကြောင်း လူတွေ ဘာပြောကြသလဲ ဆိုတာကို သူ အာရုံ မပြုဘူး။ စိတ်မဝင်စားဘူး။ လူတွေ ဝေဖန်တာကို ဖြေရှင်းချက် မပေးဘူး။ ဖြေရှင်းချက်ပေးနေရင် ဆုံးမှာ မဟုတ်ဘူး။

သူဟာ သူ့ စိတ်ကို သူ ကောင်းကောင်းသိတဲ့သူ ဖြစ်တယ်။

Shared from အနှိုင်းမဲ့ စာတိုပေစများ

Thursday, June 21, 2012

မေတ္တာ…



ကိုယ့်သန္တန်မှာ ကုသိုလ်ဓါတ်ဖြစ်ပွားဖို့အတွက်က လိုရင်းပဲ။ နားလည်ပြီလား....။

အဲဒီတော့ တစ်ဘက်သားကို နှလုံးအေးအောင်၊ စိတ်တိုင်းကျအောင် မေတ္တာနှင့် ယှဉ်ပြီးတော့ကာ ချစ်တဲ့စိတ်နှင့် ပွားရမှာ။

အဲဒီတော့ ချစ်တဲ့စိတ် ပေါ်လာရင် ပေးရတာလည်း ၀န်မလေးတော့ဘူး။ နည်းနည်းချစ်ရင် နည်းနည်း ပေးနိုင်တယ်၊ များများချစ်ရင် များများပေးနိုင်တယ်။ တအားချစ်ရင် အသက်ပါပေးနိုင်တယ်။သဘောပေါက်လား။ ချစ်တဲ့စိတ်သာ ပေါ်ပါစေ။ ဒါလိုရင်း အချက်ပဲ။ ဒီတော့ ကုသိုလ်အားလုံးရဲ့  လိုရင်းအချက်ဟာ မေတ္တာပဲ။ သဘောပေါက်ပြီနော်။ လိုရင်းဟာ ဘာတဲ့တုန်း။ မေတ္တာ…။

တကယ်ချစ်တဲ့စိတ် ထားရမယ်နော်။ မိခင်ဟာ တစ်ဦးတည်းသော သားလေးအပေါ်မှာချစ်တဲ့စိတ်မျိုးတဲ့၊ အသက်ပါပေးတဲ့ စိတ်မျိုးဖြစ်နေတာ။ အဲဒီစိတ်မျိုးနဲ့ သတ္တ၀ါများအပေါ်မှာ ထားရမယ်။ အပိုင်းအခြားမရှိ ထားရမယ်။ ငါ့မိသားစု၊ သူ့မိသားစု နယ်နိမိတ် မခြားရဘူးတဲ့။ အဲဒီစိတ်မျိုး ထားနိုင်ပြီဆိုရင် ကျန်တဲ့ဒါနကအစ ပါရမီအကုန် အောင်တာပဲ။ ပုညဆိုတဲ့ ကောင်းမှုဝင်တော့မှာပဲ။ နားလည်ပြီလား။

အဲဒီတော့ ဘယ်သူ့အပေါ်ကိုဖြစ်ဖြစ် ကြည့်လိုက်လို့ရှိုရင် အပြစ်မရှာရဘူး၊ အမုန်းမထားရဘူး။ နားလည်ပြီလား။ အတင်းမပြောရဘူး၊ စိတ်ထဲကလည်း မပြောရဘူး၊ ပါးစပ်ကလည်း မပြောရဘူးနော်။ ချစ်တတ်အောင် ကြိုးစားရတယ်။ နားလည် ခွင့်လွှတ်ပြီးတော့ ရင်ထဲမှာ တန်ဖိုးထားရမယ်။

ဒီနေရာမှာ မေတ္တာနဲ့ ချစ်ပုံချစ်နည်းက (တခြားချစ်ပုံချစ်နည်းတွေနှင့်) မတူဘူးနော် ။ သေချာမှတ်ပါ။ အခု ဘုန်းဘုန်းတို့ သိတာတွေနဲ့ တခြားစီပဲနော်။ ကုသိုလ်ရဲ့  အခြေခံလေးကို သေချာမှတ်ကြ။

ဒီကုသိုလ်ဓါတ် ဖြစ်ဖို့အရေးက မေတ္တာဓါတ် အခြေခံမှရတာတဲ့။ မေတ္တာဆိုတာ ပါဠိစကားဖြစ်နေတယ်။ ဒါကို ဘာသာပြန်ရတာ အင်မတန် ခက်တယ်။ ဘုရားပေးတဲ့ ဥပမာနဲ့မှ သဘောပေါက်မှာနော်။ မိခင်က သားလေး တစ်ယောက်ထဲ ရထားတဲ့အပေါ်မှာ ထားတဲ့ မေတ္တာမျိုး ဆိုတော့ကာ အချက်တွေက ဆရာတော်ကြီးတွေ ကြိုးစား ပြန်ကြတာနော်။ ကိုယ့်သားလေးကို ကြည့်ပြီးတော့ကာ မတောင်းပဲနဲ့ ကလေးလေးက ဆယ်လသားဆိုရင် စကားမပြောတတ်သေးဘူး။ သို့သော် ကလေးငိုတာနဲ့ အမူအယာကြည့်ပြီးတော့ကာ ကလေးရင်ထဲမှာ ဘာလိုနေတယ်ဆိုတာကို ဖော်နိုင်ကြတယ်။ သဘောပေါက်ရဲ့လား။ အဲဒီတော့ ကိုယ့်ကိုယ်နဲ့ သူ့စိတ် စိတ်ဝင်စားနိုင်ရမယ်။

အဲဒီတော့ ၁) က ကိုယ့်ကိုယ်နဲ့သူ့စိတ် ဖြစ်နေတယ်လို့ မှတ်ရမယ်။ ကိုယ်လုံးကတော့ ကိုယ့်ကိုယ်ပဲ။ စိတ်က သူ့စိတ်တဲ့။ အဲဒီလိုနေနိုင်မယ်ဆိုရင် မေတ္တာရဲ့  အခြေခံ အကြောင်းတစ်ချက်ပေါ်လာတယ်။

ပြီးရင် ၂) က တစ်ဖက်သားကို တကယ်တန်ဖိုးထားရမှာ။ တန်ဖိုးထားရမှာနော်။ ကိုယ့်သားသမီးလေးတွေ ဘယ်လောက် အရုပ်ဆိုးဆိုး ချစ်တာပဲ။ တန်ဖိုးထားတာပဲ။ ဘယ်လောက်မိုက်မိုက် တန်ဖိုးထားကြတယ်မဟုတ်လား။ အဲဒီအတိုင်းပဲ။ တကယ်တန်ဖိုးထားရမှာ။ တဖက်သားကို တန်ဖိုးထားပြီး တကယ်ချစ်ရမယ်။ စိတ်ဝင်စားရမှာ။ နားလည်ပြီနော်။ တဖက်သားကို ဂုဏ်ပျက်အောင် တန်ဖိုးကျအောင် မတွေးရဘူး။ မပြောရဘူး။ တန်ဖိုးမချပစ်ရဘူး။ မုန်းရင် တန်ဖိုးချပစ်တာ။ အလကားပါကွာ။ ဘယ်လောက်ရှိရှိ။ ဒီလိုဟာ တန်ဖိုးချတာ။ နားလည်မလား။ အဲဒီလိုမျိုးမရှိရဘူး။ တန်ဖိုးချရင် ကိုယ့်စိတ်က စွမ်းအားကျသွားပြီ။ အပူဓါတ်ထွက်ပြီ။ တန်ခိုးကျတော့မယ်။ တူသော အကျိုးပေးလိမ့်မယ်။ ကိုယ့်ကိုမုန်းတဲ့ သူတွေပေါ်လာတော့မှာပဲ။ နားလည်မလား။ ဒီ(ကိုယ်)ထဲစွမ်းအားမဟုတ်တာ ၀င်သွားတာကိုး။ စိတ်အစာ စားမှားသွားတာကိုး။ သဘောပေါက်ရဲ့ လား။ သေချာမှတ်နော်။

ပြီးရင် ၃) က တန်ဖိုးထားတဲ့ အပြင်မှာ တန်ဖိုးထားရင် မှားချင်သလောက် မှားပါစေ။ နားလည်ခွင့်လွှတ်ရမယ်။နားလည်ခွင့်လွှတ်တဲ့စိတ် ရှိကိုရှိရမယ်။ ကိုယ့်ကိုယ်ကအစနော်။ အကုန်လုံး ခွင့်လွှတ်ရမှာနော်။ နားလည်ခွင့်လွှတ်ရမှာ။ အဲ… ခွင့်မလွှတ်နိုင်ဘူးဆိုရင်တော့ ပူနေမှာပဲ။ အရာရာကို နားလည် ခွင့်လွှတ်ပေးနိုင်ကြတဲ့စိတ်က မိခင်စိတ်ပဲ။ သားသမီးတွေ ဘယ်လောက်ဆိုးဆိုး နားလည်ခွင့်လွှတ်ကြတာပဲနော်။ ဘယ်လောက်မှားမှား၊ ကြိုက်သလောက်မှား။ တစ်ခါမှားလည်းပဲ ပြောသာပြောတာ။ ခွင့်လွှတ်တာပဲ။ နှစ်ခါမှားလည်း ခွင့်လွှတ်ပဲ။ ဆယ်ခါမှားလည်း ခွင့်လွှတ်ပဲ။ သေသည့်ထိ ခွင့်လွှတ်တုန်းပဲ။ ခွင့်လွှတ်လို့ မဆုံးမှ မဆုံးနိုင်တာနော်။ သူက မေတ္တာအားကိုး။ သဘောပေါက်ရဲ့လား။ မေတ္တာတကယ် ရှိသွားရင် နားလည်ခွင့်လွှတ် နိုင်ကြတယ်။ ခွင့်မလွှတ်တော့ဘူး။ တစ်သက်လုံးမုန်းတယ်ဆိုရင် ဒါမေတ္တာ ကင်းမဲ့သွားလို့။ အဲဒီအမုန်းဓါတ်ဝင်ရင် ကိုယ်ပဲစွမ်းအားကျသွားတာပဲ။ သဘောပေါက်လား။ အားလုံးအပေါ်ကို တန်ဖိုးထားရမယ်။ တကယ်ချစ်ရမယ်၊ နားလည် ခွင့်လွှတ်တတ်ရမယ်။

ပြီးရင် နံပါတ် ၄) က ကောင်းစားစေချင်တဲ့စိတ် မလျှော့ရဘူး။ သူ့အပေါ် တိုးတက်ကောင်းမွန်တာကိုပဲ တောင့်တရမယ်။ ကောင်းစားစေလိုသောစိတ်တဲ့။ အမြဲရှိရမယ်။

ဒါကိုယ့်ကိုယ်ကို ကြိုးစားကြ။ ကိုယ့်ကိုယ်နဲ့ သူ့စိတ်နော်။ စိတ်ဝင်စားပြီးတော့ တကယ်တန်ဖိုးထားရမယ်၊ ကောင်းစားစေလိုတဲ့ စိတ်ရှိရမယ်၊ နားလည်ခွင့်လွှတ်ရမှာနော်။ အဲဒီလိုစိတ်မျိုးနဲ့ တကယ်ချစ်ရမှာ၊ တကယ်တန်ဖိုးထားရမှာ။ အဲဒီစိတ်သာ ဘုန်းကြီးတို့မွေး။ အကုန်အောင်မြင်ပြီသာ မှတ်တော့။ နားလည်မလား၊ ကောင်းပြီနော်။ မခက်ဘူးနော်။

များသောအားဖြင့် လူတွေက ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားပြီးတော့ ကိုယ့်ကိုယ်နဲ့ကိုယ့်စိတ် လုပ်နေကြတာ။ ဒီကစတာ။ အဲဒါ မာနသမားတွေ၊ အယူသမားတွေ။ နားလည်မယ်နော်။ ကိုယ်ဖြစ်ချင်တာပဲ လျှောက်တွေးနေတော့ ကိုယ့်ကိုယ်နဲ့ကိုယ်စိတ်။ သူများဘက်က လှည့်မစဉ်းစားဘူး၊ ဘယ်တော့မှ မအောင်ဘူး၊ နားလည်မလား။ အပူဓါတ်ပဲထွက်နေမှာပဲ။ အဲ…ဖြစ်ရမှာက ကိုယ့်ကိုယ်နဲ့ သူစိတ်ဖြစ်ရမှာ။ စိတ်ဝင်စားပြီးတော့ တဖက်သားရင်ထဲအေးအောင် ဘာလုပ်ပေးရမလဲဆိုပြီး တန်ဖိုးထားပြီးတော့ကာ ကောင်းစားစေချင်တဲ့စိတ်ကို မွေးရမှာ။ မှားလည်းပဲ နားလည်ခွင့်လွှတ်တယ်။ ပြီးတာ ပြီးခဲ့ပြီ။ ထားပစ်ခဲ့။ တအားချစ်နေရမှာ။ အဲဒီစိတ်မျိုး များများ ထားနိုင်လို့ရှိရင် ဒါနက အစ အကုန်အောင်ပြီပဲ။ အောင်ရင် စွမ်းအား ပြည့်လာတာပဲ။ ဘုရားအလောင်းတော်တွေလည်း ကျင့်ခဲ့ကြတာ ဒီကစတာပဲ။ သဘောပေါက်ပြီလား။ အဲဒီတော့ ရုပ်တွေကအစ အကုန်ကြည်လင်ပြီး ပြောင်းတော့တာပဲ။ ရပြီနော်။

ဒါက နိယာမတရားကြီးတဲ့။ ကမ္ဘာ့အစဉ်အလာ နိယာမတရားကြီးတဲ့။ လမ်းဟောင်းကြီးခေါ်တယ်။ ဘုရား၊ ပစ္စေကဗုဒ္ဓတွေလည်း ဒီကပဲ သွားတာပဲ။ နိဗ္ဗာန်လမ်းအထိ ပေါက်တာနော်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းက ဒီကချည်းသွားတာပဲ။ အဲ…ဆန့်ကျင်ဘက် ကျင့်တဲ့ပုဂ္ဂိုလ်ကတော့ ဆုံးရှံးတဲ့အထဲမှာ အကုန်ပါတာပဲ။ အပယ်လေးပါးသွားကြမှာပဲ။

Pilot ဆရာတော် ဟောကြားသည်။

Shared from Vimuttisukha Bliss

Sunday, June 17, 2012

အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော

ပစ္စုပ္ပန်သည် ဘာမဆို လိုသလို ရသော အချိန်ကောင်း

ပစ္စုပ္ပန်သည် တိုက်ရိုက်ထိ ဘ၀ကို ဆိုချေရာ ယခုလက်ရှိ မျက်မြင်ဘ၀သည်လည်း ပစ္စုပ္ပန်အမည်ရ၏။ လက်ရှိဘ၀၏ ရောက်ဆဲအချိန် အရွယ်အခိုက်ဟူသော ကာလ၀ယ် ခဏများသည်လည်း ပစ္စုပ္ပန်ပင် အမည်ရ၏။ တကယ်တိုက်ရိုက် ထိကား ဤရောက်ဆဲအခိုက်ပင်တည်း။

ပစ္စုပ္ပန်သည် တိုက်ရိုက်ထိ ဘ၀ကို ဆိုချေရာ ယခုလက်ရှိ မျက်မြင်ဘ၀သည်လည်း ပစ္စုပ္ပန်အမည်ရ၏။ လက်ရှိဘ၀၏ ရောက်ဆဲအချိန် အရွယ်အခိုက်ဟူသော ကာလ၀ယ် ခဏများသည်လည်း ပစ္စုပ္ပန်ပင် အမည်ရ၏။ တကယ်တိုက်ရိုက် ထိကား ဤရောက်ဆဲအခိုက်ပင်တည်း။

မျက်စိအားဖြင့် တစ်မှိတ်မျှသော ထိုအခိုက်…

စက္ကန့်အားဖြင့် တစ်ချက်မျှသော ထိုအခိုက်…

ထိုမျှ တိုတောင်းလှသော အခိုက်ကလေးများသည်…

ငါးပြားစေ့သည် သူ့ချည်းထား သူ့တန်ဖိုးထား နားမလည်သော်လည်း တစ်စေ့နှင့်တစ်စေ့ ထပ်၍ထပ်၍ ငါးစေ့၊ ဆယ်စေ့၊ အစေ့ နှစ်ဆယ်မှသည် နှစ်ရာ၊ နှစ်ထောင်၊ နှစ်သောင်း၊ နှစ်သိန်းမှ သိန်းနှစ်ဆယ်အထိ ထိုငါးပြားစေ့ တန်းစီတန်းစီ၊ စုမိသွားပါသော်ကား မတ်မှကျပ်၊ ကျပ်မှဆယ်၊ ဆယ်မှရာ၊ ရာမှထောင်၊ ထောင်မှသောင်း၊ နောက်ဆုံး သိန်းပေါင်းကြီး ဖြစ်သွားတော့ကာ တန်ဖိုး တက်တက်လာသည့်ပမာ . . .

ဤအခိုက်ကလေးများသည်လည်း တစ်ခုလျှင်တစ်ခု ထိစက်၊ အခိုက်ကလေးများ တွဲလျက်တွဲလျက် တိုးတက်လာကြ ပါမူကား ကြီးမားသော ကောင်းကံ အဆောက်အဦကြီးများလည်း ဖြစ်လာနိုင်၏။

ကျင်းပြည့်၊ ကံပြည့်၊ ပင်လယ်ပြည့်မိုး မရှိ။ စက်တန်းကျမှ ပြည့်စေခြင်းပင် မဟုတ်လော။ ထိုမျှ တန်ဖိုးကြီးလှသော အခိုက်ကလေးများအတွင်း သင်သည်လည်းကောင်း၊ ငါသည်လည်းကောင်း၊ အများသည်လည်းကောင်း၊အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော သုံးချက် ဇယ်ဆက်ဘိသို့ စက်တန်းကျ ချပေးနိုင်ကြမူကား . . .

ထိုကံများကပင် အတိတ်ကံကောင်းများကိုလည်း ပြောင်းပေးထားပြီး ဖြစ်ချေသည်။

ထိုကံများကပင် လက်ငင်းကံကောင်းကျိုး ကန်သင်းချိုး၍ တိုးယူပြီး ဖြစ်နေမည်။

ထိုကံများကပင် လက်ငင်းဝယ် အလှည့်မရ၊ နောင်မှ နောင်ကာလဖြင့် စောင့်ဆိုင်းနေကြမည်။ ကံသွင်းစေတနာသည် အဆိပ်တို့၏ အဆိပ်ထက် အဆများစွာ ထိပ်တက်နေတတ်ချေရာ…

ကံကောင်းစေတနာ တစ်ချက်ထိကလည်း ကာလသုံးစုံ အကုန် ပြည့်ဝစေနိုင်သည်။ ဘုရားရှင်၏ ဘုန်းတော်ကံတော်အနန္တ ထိုစေတနာ၏ ထိချက်မှ ထသည်ချည်းသာ။

ကံဆိုးစေတနာ တစ်ချက်ထိကလည်း ကာလသုံးစုံ အကုန်လျှင် ဆုတ်ယုတ်စေနိုင်သည်။ ဘုရားရှင်၏ ၀ိပါက်တော်များ ထိုစေတနာ၏ ထိချက်များ အချခံရခြင်းသာ။

ကန်သည် ငါးမွေးသူတို့အတွက် မရှိမဖြစ်သော အရာတည်း။ (မဟာဗောဓိမြိုင်ဆရာတော်)

Shared from အရှင် သီရိဓမ္မ

အတိတ်မျှော်ကိုး ကံထီထိုးနေစရာ မလို၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမည်

ကံမကောင်းသည်ကို နတ်သံနှော၊ လူရှေ့ သွားမပြောမိစေနှင့်

သင်သည် လူရှေ့သူရှေ့သွား၍ ကျုပ် ကံမကောင်းလိုက်တာဗျာများ သွားမညည်းတွားမိစေနှင့်။

သင်သည် လူရှေ့သူရှေ့သွား၍ ကျုပ်ကံကိုက ဆိုးလွန်းလှပါသကောများ သွားမညည်းတွားမိစေနှင့်။

ထိုနှယ်သော ကံမကောင်းစကား လူကြားသွား၍ ညည်းတွားပြနေခြင်းသည် ကိုယ်လုပ်တာ မကောင်းသေးကြောင်းဖြင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း၍ ကိုယ်မကောင်းကြောင်း အပေါင်းသို့ သွားရောက်ကြွေးကြော်နေခြင်းပင်။

ကံမကောင်းဟူသောစကား မိမိလုပ်ရပ် မှားနေသေးကြောင်း၏ ၀န်ခံစကားတည်း။

ကံမကောင်းဟူသောစကား ကောင်းသောအလုပ် မလုပ်မိသေးခြင်း၏ ၀န်ခံစကားတည်း။

လူသားတိုင်း၌ ရိက္ခာထုပ် နှစ်ထုပ် အမြဲပါနေကြ၏။

တစ်ထုပ်ကား သူတော်ကောင်းတို့နှင့် ပေါင်း၍ ရှာမှီးခဲ့ကြသော ကောင်းထုပ်၊ …

တစ်ထုပ်ကား သူယုတ်မာများနှင့် ပေါင်း၍ စုဆောင်းခဲ့ကြသော မကောင်းထုပ်။

တစ်ဖန် ထိုနှစ်ထုပ်ကို ဖွင့်ထုတ်ယူရန် ခလုတ်ကလည်း နှစ်ခုပင်။

တစ်ခုကား သုစရိုက်တရားဆယ်ပါး။ သဒ္ဓါ၊ သတိ စသည် သူတော်ကောင်းတရားတည်း။

တစ်ခုကား ဒုစရိုက်တရားဆယ်ပါး။ ကာမစ္ဆန္ဒ၊ ဗျာပါဒ စသည် သူယုတ်မာတရားတည်း။

ထိုသို့ သူ့အထုပ်နှင့် သူ့ခလုတ် အတည့်ထားရှိချေရာ…

ကောင်းထုပ်ကို ကြိုက်စိတ်၊ မနောဒုစရိုက် စသည်တို့ဖြင့် ရိုက်ချိုးဖွင့်လှစ်၍ မပွင့်စေနိုင်။

(ကောင်းထုပ်ကို ဒုစရိုက်တရားဆယ်ပါးဖြင့် ဖွင့်၍ မရနိုင်၊ ကောင်းထုပ်ကို သုစရိုက်တရား ဆယ်ပါးဖြင့် ဖွင့်ရမည် - ဟူလို။)

မကောင်းထုပ်ကိုလည်း ဟိရီ သြတ္တပ္ပစသည် သုစရိုက်တို့ဖြင့် ထိုးဖွင့် ဖွင့်၍ မပွင့်စေနိုင်။

ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလိုက်သော အာမခံသော့သည် ထုတ်လုပ်ကတည်းက သော့တံနှင့် သော့အိမ် ချိန်တည့်၍ ထုတ်လုပ်ပေးထားရာ ထိုသော့အိမ်ကို ထိုသောတံမှတစ်ပါး အခြားအခြားတို့ဖြင့် အစားထိုးဖွင့် ဖွင့်၍ မရချေ။

ထိုသော့တံသည်လည်း ထိုသော့အိမ်မှတစ်ပါး အခြားအခြားတို့ အပေါက်သွားရောက်၍ မပွင့်စေချေ။

သည့်ပမာလျှင်...

ငါချမ်းသာသလို သူတို့လည်းပဲ ချမ်းသာရန် ငါ့သုခ တစ်ဝက်မျှပေးမည်ဟူသော မေတ္တာ၊ ကိုယ်ချင်းစာထား မေတ္တာပွားဖြင့် ဝေစားမျှစား ပြုကျင့်ခဲ့သော ဒါနကံ၊ …

ငါမဆင်းရဲသလို ခမျာတို့လည်းပဲ မဆင်းရဲစေရ။ သူ့ဒုက္ခ တစ်ဝက်မျှယူမည် ဟူသော ကရုဏာ၊ ကိုယ်ချင်းစာထား မေတ္တာပွားဖြင့် ရှောင်လားတိမ်းလား စောင့်စည်းခဲ့သော သီလကံ၊ …

ထိုကောင်းကံများမှ ရသော ဤလူ့ဘ၀နှင့် လူ့ဘောဂတို့ကို ကံ၊ ဉာဏ်၊ ၀ီရိယတို့အစား တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ငါဖို့ ကြိုးစားမည် - ဒိဋ္ဌိ၊ ငါကောင်းစားစေရမည်- တဏှာ။ ငါကြံ ဘာခံနိုင်မှာလဲ-မာန။ ရှေ့တန်းချ၍ မရ,မက ဇ,ပြနေပါသော်ကား ...

ကြက်တို့သည် အိပ်တန်းဆင်းမှ အိပ်တန်းတက်ထိ အစာထုပ်ကို ယက်ယက်၍ ကုတ်ထုတ်နေကြသော်မှလည်း ဇလုပ် မပြည့်တတ်။

ထိုကြက်တို့သည် ...

အစာကို ကောင်းစွာမရှာ။ မာန်စိတ်မွှန်လျှင် တွန်၊ မ,စိတ်မွှန်လျှင် ကုပ်၊ ငါစိတ်မွှန်လျှင် ရန်လုပ်ဖြင့် ယုတ်စိတ် ၀င်နေခြင်းကြောင့်တည်း။

လူသားများသည်လည်း ဟောင်းကံကို ကောင်းကံဖြင့် ဖော်ထုတ်နိုင်ရန် စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိစသည် ဒုစရိုက် အယုတ်တရားများအစား စိတ်ကို အေးစေတတ်သော သဒ္ဓါ၊ သတိတို့တွင် ကံ၊ ဉာဏ်၊ ၀ီရိယ တန်ဆာဆင်၍ လွှတ်ပေးတတ်ပါမူကား …။

စမ်းရေမည်သည် ယမန်နှစ် မိုးတွင်းကြွင်း မြေအောင်းရေများပင်။ ထိုစမ်းရေသည် ပူလွန်းသောဒေသ၊ အရိပ်မဲ့သော ဒေသ၊ မာကြောသော ကြပ်တီးပြင် စသည်တို့၌ မစီးဆင်း။ တစ်စက်အောင်း၊ နှစ်စက်အောင်းဖြင့်လည်း မစီးဆင်း။

စင်စစ် စမ်းရေမှန်သမျှ အေးဆေးသော၊ အရိပ်ခိုခွင့်ရသော နူးညံ့သော နေရာဒေသတို့ရှိ များပြားသော မြေအောင်းရေမျိုးမှသာ စီးဆင်းရိုး ရှိချေသည်။ ရေခိုးကို နွေခိုးမှုတ်၊ ရေခိုး ရေခိုးချင်း လှုပ်ပေးမှ ဆင်းသောအမျိုးတည်း။

လူတိုင်းပင် ကံကောင်းချင်ကြ၏။ ကောင်းချင်ကြသဖြင့်လည်း ကောင်းမည်ထင်သောအလုပ် ရွေးလုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း ကောင်းသင့်သလောက် မကောင်း။

ထိုလူသားတိုင်း ဘုရားနှင့် မတွေ့ဘူးသော လူသား မရှိ။ သာသနာနှင့် မဆုံဖူးကြသော လူသားလည်း မရှိ။ မိမိတို့ ယုံကြည်မူ ကိုးကွယ်ဝတ်ပြုမှု လုပ်၍ ထုပ်ထားခဲ့သော ကံရိက္ခာထုပ် မမြှုပ်ဖူးသူ မရှိ။

ထိုကံစုအားလုံး ပွင့်ပေါ်မည်ဆိုလျှင် ထားစရာပင် မရှိ၊ လုပ်စရာလည်း မလိုပြီ။ သို့သော် ထိုကောင်းကံစုများတို့သည် လူသားတို့၏ တစ်နေ့တာ၏ အချိန်ပြည့်ကို ငါ၊ ငါ့မယား၊ ငါပိုင်သည်မှပင် တဏှာထည်လဲ၊ မာနထည်လဲ၊ ဒိဋ္ဌိထည်လဲ တည်းဟူသော အမှိုက်, ခဲ, သလဲတို့ကချည်းသာ ဖုံးလွှမ်းထားလေ့ရှိကြရာ အပြုတ်ထုတ်ဖို့ကား ဟုတ်နိုင်လွန်းမှသာ။

တစ်ဖန် တစ်ချက်တစ်ကြိမ် တစ်ခါထိန်မျှ ပွင့်ခွင့်ရသော ထိုကံပွင့်များတို့သည် ထိုထိုကိလေသာ အမှိုက်တို့အကြား ခေါင်းထိုးလျက်က မြုပ်ဝင်သွားကြသည်ဖြစ်ရာ…

သဒ္ဓါ-သတိ-အသိတို့ သန်လွန်းမှ ပေါ်ဖို့ မြင်သည်။

ကံ၊ ဉာဏ်၊ ၀ီရိယတို့ ထက်လွန်းမှ ထွက်ဖို့ ပြင်သည်။ လူသားတိုင်း ကံကောင်းချင်ကြ၏။ ကံကောင်းချင်ကြသဖြင့်လည်း ကောင်းမည်ထင်သည့် အလုပ် ရွေးလုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း ကောင်းလျက်က မကောင်း။ လူဆိုကတည်းက ကံကောင်းလွန်လွန်း၍ ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်၏။ သို့တစေလည်း လူဖြစ်လျက်နှင့် လူအလုပ် မလုပ်က ကောင်းကံ မဆက်လာတော့ပြီ။

တိရစ္ဆာန်သည် ကြိုက်လျှင် လိုက်၏။ မကြိုက်လျှင် တိုက်၏။ မသိလျှင်ကား အမိုက်၌ မေ့၊ အတွေ့၌ မှေး၊ တွေးလျှင်လည်း ခပ်ရေးရေးသာ။

တိရစ္ဆာန်ကား အတွေ့၌ မှေး၊ ထိုရေးရေးမျှ မမြင်ကြောင့် အကျိုးရှိ (အပြစ်မဲ့)နှင့် (အပြစ်ရှိ) အကျိုးမဲ့ အတွဲ - ခွဲ၍ မသိတတ်။ ယူဖို့ကျ ဝေး။ ကြိုက်၍ကောင်းသော အကောင်းနှင့် ကောင်း၍ကြိုက်သော အကြိုက် နှိုက်မကြည့်တတ်။ သိဖို့ကျ ဝေး။

လူမှာမူကား ထိုသို့ မဟုတ်သင့်ကြပြီ။

အမှန်သိသည် လူ၌သာ နားသက်၏။

အမှန်သိသလောက် အမှန်လုပ်ပိုင်ခွင့်လည်း လူ၌သာ နားသက်၏။

ထိုလူသား ကောင်းသောအကြံ၊ မှန်သောအလုပ်၊ ဟုတ်သောအပြောတို့တွင် ကံအပေါ်၌ ယုံကြည်ခြင်း၊ မိမိသတ္တိ၌ ယုံကြည်ခြင်း၊ နည်းပေးလမ်းပြဆရာသမားများ၏ သိက္ခာ၌ ယုံကြည်ခြင်း - သဒ္ဓါသုံးချက်ဆင့်တို့နှင့်အတူ မိမိလက်ထဲသို့ ပစ္စုပ္ပန်တည့်တည့်ရှေ့ လာရောက်တွေ့ဆုံနေကြသော လူ့ဘ၀နှင့် လူ့ဘောဂတို့ကို သတိတမာန် ဉာဏ်ဝယ်နောက်ပါး ၀ီရိယတွန်းအားများဖြင့် ကံရိက္ခာထုပ် အတွင်းထား ဖော်စားတတ်မှသာ လူ့အရာ ၀င်ကြမည်။

ကံအတိုးပေး ကြွေးရှင်နေရာမှ နေ၊ လက်ခံစားတတ်မှ လူတွင်သည်။

ကံအတိုးပေး ကြွေးငှားနေရာမှ နေ၊ ချေးငှားသုံးနေက လူဖြစ်သော်မှ လူအရာ မ၀င်။

သုကမ္မေ လဘမာနေန၊ ဥပတ္ထမ္ဘေန သာဓုနာ။

အတီတမ္ပိ မာဇပ္ပတိ၊ အနာဂတမ္ပိ မာပတ္တိ။

တုမှသာ ဟတ္ထမုဋ္ဌိယာ၊ စေတနာယ ကာယကမ္မံ။

ဝစီ ၀ါ မနော ကမ္မကံ၊ တီဏိမာနိ ကမ္မာနိဝေ။

သုဒ္ဓိယာ သုဒ္ဓ သုသုဒ္ဓံ၊ ပုနပ္ပုန္နံ ၀ိသောဇေဟိ။

အထခေါ တီတပုညောပိ၊ ပစ္စုပ္ပန္နောပိ ပုညော သော။

သုဋ္ဌုသန္နိ ဇိကာရကေန၊ အာဂမေယျာသိ ပစ္စက္ခံ။

သုကမ္မေ လဘမာနေန- ကံကောင်းကံမ ရလိုလှသော၊ သာဓုနာစ - သူတော်ကောင်းများသည် လည်းကောင်း၊ သု ကမ္မေ ဥပတ္ထမ္ဘေန - ကံကောင်းကံစ ထောက်မလိုလှသော၊ သာဓုနာစ - သူတော်ကောင်းများသည်လည်းကောင်း၊ အတီတမ္ပီ မာဇပ္ပတိ - အတိတ်မျှော်ကိုး ကံထီထိုးနေစရာ မလို။ အနာဂတမ္ပိ မာပတ္တိ - အနာဂတ်ကောင်းရာ ဆုတောင်းပေးနေစရာ မလို။ ဝေ - စင်စစ်၊ တုမှသာ ဟတ္တမုဋ္ဌိယာ - သင့်လက်ထဲ အမြဲဆုပ်ကိုင်ထားသော၊ စေတနာယ - စေတနာ၏၊ ကာယကမ္မံ ၀ါ - ကိုယ်လျှင်လှုပ်ရှား အမူအကျင့်များကိုလည်းကောင်း၊ ၀စီကမ္မံ - နှုတ်ဖွင့်ပြောကြား ဆိုစကားများကိုလည်းကောင်း၊ မနောကမ္မံ ၀ါ - စိတ်ဖြင့်စဉ်းစား အကြံအစည်များကိုလည်းကောင်း၊ သုဒ္ဓိယာ - စင်ကြယ်နေရာမှ၊ သုဒ္ဓ သုသုဒ္ဓိ - စင်ကြယ်သထက် စင်ကြယ်အောင်၊ ပုနပ္ပုန္နံ - ထပ်ချည်းတလဲ တကဲကဲ၊ ၀ိသောဇေဟိ - ဆေးကြော၍သာ နေပါလေတော့။

အထခေါ - ထိုသို့ ကံဟောင်းပြုပြင် ကံသစ်ကို တီထွင်နေပါသော်၊ သော ပုညော - ယခုပြုရ ထိုပုဉ်းကံ အထောက်အမသည် ၊၀ါ - (ကြောင့်)၊ အတီတ ပုညောပိ - အတိတ်ကံဟောင်း ပုညဆောင်းများလည်း၊ သုဋ္ဌုသန္နိ ဇိကာရကေန - ကောင်းစွာစုစည်းပြီး အခြေအနေဖြင့်၊ ပစ္စက္ခံ - မျက်မြင်ကိုယ်တွေ့ သင့်လက်ဝယ်ရှေ့သို့၊ အာဂမေယျာသိ - ဆိုက်ရောက်လာပါအံ့။ ပစ္စုပ္ပန္နေပိ - ယခုလုပ်ရပ်ကောင်းမှုနှင့်စပ် ကောင်းကျိုးထပ် အမြတ်ရကလည်း၊ သုဋ္ဌုသန္နိ ဇိကာရကေန - ကောင်းစွာစုစည်းပြီး အခြေအနေဖြင့် (၀ါ) တစ်လုံးတစ်ခါတည်း၊ ပစ္စက္ခံ - မျက်မြင်တပ်အပ် ယုံကြည်နိုင်လောက်ရာ အမြတ်သို့(၀ါ)သည်၊ အာဂမေယျာသိ - ဆိုက်ရောက်၍သာ လာပါချေအံ့။ (မဟာဗောဓိမြိုင်ဆရာတော်)

[ကံကောင်းကံမ ရလိုလှသော - ကံကောင်းကံစ ထောက်မခြင်းကို ရလိုလှသော သူတော်ကောင်းများသည် အတိတ်မျှော်ကိုး ကံထီထိုးနေစရာ မလိုပေ။ အနာဂတ်ကောင်းဖို့ရာ ဆုတောင်းပေးနေစရာလည်း မလိုပေ။ စင်စစ် သင့်လက်ထဲ တွင် အမြဲ ဆုပ်ကိုင်ထားသော စေတနာ၏ ကိုယ်အမူအကျင့်များကိုလည်းကောင်း၊ နှုတ်ဖွင့်ပြောကြား ဆိုစကားများကို လည်းကောင်း၊ စိတ်ဖြင့်စဉ်းစား စိတ်အကြံအစည်များကိုလည်းကောင်း စင်ကြယ်နေအောင်၊ ကံသုံးပါး စင်ကြယ်သည်ထက် စင်ကြယ်အောင် ထပ်ခါတလဲလဲ ဆေးကြော၍သာ နေပါလေ။ ထိုသို့ ကံဟောင်းပြုပြင် ကောင်းကံသစ်ကို တီထွင်နေပါသော် ယခုပြုရ ထိုကုသိုလ်ကံ အထောက်အမကြောင့် အတိတ်ကုသိုလ်ကံဟောင်းများလည်း ကောင်းစွာစုစည်းပြီး အခြေအနေဖြင့် မျက်မြင်ကိုယ်တွေ့ သင့် လက်ဝယ်ရှေ့သို့ ဆိုက်ရောက်လာပါအံ့၊ ကောင်းကျိုးပေးပါအံ့။ ယခုလုပ်ရပ် ကောင်းမှုနှင့်စပ် ကောင်းကျိုးထပ် အမြတ်ရကလည်း ကောင်းစွာစုစည်းပြီး အခြေအနေဖြင့် တစ်လုံးတစ်ခဲတည်း မျက်မြင်တပ်အပ် မယုံကြည်နိုင်လောက်စရာ အမြတ်သို့ /အမြတ်သည် ဆိုက်ရောက်၍သာ လာပါချေအံ့။ ]

Shared from အရှင် သီရိဓမ္မ

Thursday, June 7, 2012

ပြတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မ တစ်ယောက်ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့်ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူးတစ်ခုရပြီး ပေါင်မုန့်အပိုတစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေတဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်မှာ ထားထားလိုက်ပါတယ်။ အဲဒီပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ အဝေးတစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းတတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖို့ဆိုပြီး မြို့ကို ထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက် သတင်းမကြားရတာ ကြာပြီဖြစ်တဲ့ သူမ သားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ် ကင်းရှင်းအောင် ဆုတောင်းနေရတာ ဖြစ်ပါတယ်။




အိမ်ရှင်မရဲ့ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ စထားတဲ့နေ့ကစပြီး လာလာယူတဲ့သူက ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါတယ်တဲ့။ အဲဒီ အဖိုးကြီးဟာ ပေါင်မုန့်ကို ယူပြီးတိုင်း အိမ်ရှင်တွေကို ကျေးဇူးတင် ဝမ်းမြောက်တဲ့ အပြုအမူ ပြရမဲ့အစား စကားတစ်ခွန်း ကိုသာ ထပ်တလဲထဲ ရွတ်ဆိုပြီး အဝေးကို ထွက်ခွာသွားတတ်ပါတယ်။ သူဆိုသွားတဲ့ စကားက "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့ စကားဘဲဖြစ်ပါတယ်။


အိမ်ရှင်မဟာ နေ့တိုင်းနေ့တိုင်း ပေါင်မုန့်တစ်လုံးတစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက်မှာ တင်ထားမြဲ တင်ထားပြီး သူမသားလေး ဘေးရန် ကင်းရှင်းပြီး ပြန်ရောက်လာစေကြောင်း ဆုတောင်းလေးရှိသလို ခါးကုန်ကြီးဟာလည်း နေ့စဉ်နေ့တိုင်း အဲဒီပေါင်မုန့်ကို လာလာ ယူမြဲဖြစ်ပါတယ်။ လာယူတိုင်းလည်း သူ့ပါးစပ်ကနေ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာသွားလေ့ရှိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကြာလာတဲ့အခါကျတော့ အိမ်ရှင်မရဲ့စိတ်ထဲမှာ ခံရခက်လာပါတယ်။ ပေါင်မုန့်ကို နေ့တိုင်းလာယူပေမဲ့ ကျေးဇူးတင်စကား၊ ကျေးဇူးတင်တဲ့ အမူအရာ တစ်ခွန်းမှ ပြောဖော်မရဘဲ သူ ပြောနေကျ စကားကိုသာ သူ့ဖာသူ တီးတိုး ရေရွတ် ပြောဆိုသွားခဲ့ပါတယ်။
"မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကိုသာ ကြားနေရတော့ အိမ်ရှင်မဟာ ဒေါသထွက်သလို ဖြစ်လာပါတော့တယ်။ "ဒီခါးကုန်းကြီးဟာ နေ့တိုင်းနေ့တိုင်း ငါထားထားတဲ့ ပေါင်မုန့်လာလာယူပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောဖို့ မသိတတ်ဘူး ။ ဘာမဟုတ်တဲ့ စကားတွေဘဲ ပြောပြောသွားတယ်။ ဘယ်လိုလူစားမျိုးလဲ မသိဘူး" လို့ တွေးမိပြီး "ဒီလောက်တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင်စကား ပြောဖို့ ဝန်လေးတတ်တဲ့ ဒီခါးကုန်းကြီး နောက်ကို ငါထားတဲ့ ပေါင်မုန့်တွေ လာမယူတော့ အောင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်" လို့ စိတ်ကူးရေရွတ်မိပါတယ်။


အဲဒီလိုနဲ့ မိုးခပ်ဖွဲဖွဲ ရွာနေတဲ့ တစ်ရက်မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပိုတစ်လုံး ဖုတ်မဲ့အထဲကို အဆိပ်တစ်မျိုးကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ်ကိုထည့်ပြီး ဖုတ်မယ် ပြင်နေတုန်းမှာ အိမ်ရှင်မရဲ့လက်တွေဟာ တစ်ဆတ်ဆတ် တုန်ယင်လာပြီး " ငါ ဘာတွေ လုပ်ဖို့ စိတ်ကူးနေတာလဲ။ ပေါင်မုန့်ကို မရှိနွမ်းပါးသူ ဘယ်သူဘဲယူယူ ဆိုတဲ့ စိတ်ကူးနဲ့ ပြူတင်းပေါက်နားမှာ ထားဖို့ ငါ နေ့စဉ်ဖုတ်နေတာဘဲ။ ဒီခါးကုန်းကြီး ကျေးဇူးတင်တင် မတင်တင်၊ ငါစေတနာ ပျက်စရာလိုလို့လား " လို့ အသိတရား ပြန်ဝင်လာပြီး အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို မီးဖိုထဲ ပစ်ချလိုက်ပြီး နောက်ထပ် အသစ်တစ်လုံးကို ထပ်မံပြုလုပ်ပြီး ပြူတင်းပေါက်ပေါ် တင်ထားလိုက်ပါတော့တယ်။


လာနေကျအတိုင်း ခါးကုန်းကြီးပေါ်လာပြီး အိမ်ရှင်မထားထားတဲ့ ပေါင်မုန့်ကို ယူပြီး ခါတိုင်းလို "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို ရေရွတ်ပြီး ထွက်သွားပြန်ပါတယ်။ အဲဒီနေ့ ညနေမှာတော့ သူမတို့ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။ တံခါးလည်း ဖွင့်လိုက်ရော အံ့သြစရာကို သူမ တွေ့လိုက်ရပါတယ်။ အဲဒါက စာမလာသတင်းမကြား အတန်ကြာ ပျောက်နေတဲ့ သူမရဲ့ သားဟာ တံခါးရှေ့ကို ရောက်နေခဲ့ပါပြီ။ သူမရဲ့သားဟာ ကျုံလှီ ပိန်ခြုံးနေပြီး အဝတ်အစားတွေဟာလည်း စုတ်ပြဲညစ်နွမ်းလို့ နေပါတယ်။ ပြီးတော့လည်း အင်အားချည့်နဲ့ မောပန်းပြီး အလွန်တရာမှာ ဆာလောင် ငတ်မွတ်နေတဲ့ ပုံ ပေါ်ပါတယ်။


သူမ သားလေးဟာ မိခင်ဖြစ်သူကိုလည်း မြင်ရော အားရဝမ်းသာ ပြေးဖက်လိုက်ပြီး " မေမေရယ် ကျွန်တော်ဖြင့် အိမ်ကိုတောင် ပြန်မှ ရောက်ပါတော့မလားလို့ ။ ခုမှဘဲ စိတ်အေးရတော့တယ်" လို့ ပြောလိုက်တော့ မိခင်ဖြစ်သူက "ဘာတွေများဖြစ်ခဲ့လဲ သားရယ်.. မေမေ့ကို ပြောပြပါဦး" လို့ ပြန်မေးပါတယ်။ သားဖြစ်သူက " ကျွန်တော် မြို့ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး တိုက်ပွဲတွေကို ရှောင်ကွင်းပြီးလာခဲ့ရတယ်။ တောထဲ တောင်ထဲကိုလည်း ဖြတ်ခဲ့ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့တဲ့ နေရာရောက်တော့ ကျွန်တော့်မှာ ဘာမှ စားစရာမရှိတော့ဘူး ဝယ်စားဖို့ ငွေလည်း မရှိတော့ဘူး။ အစာမစားရတာ ကြာတော့ အားပြတ်ပြီး လဲကျတော့မလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တော့ သေတော့မယ်လို့ကို အောက်မေ့တော့တာဘဲ။ အဲဒါ ဒီမနက်မှာ ခါးကုန်းအဖိုးကြီးတစ်ယောက်က ကျွန်တော့်ဘေးကနေ ဖြတ်သွားတော့ သူ့လက်ထဲမှာ ကိုင်လာတဲ့ ပေါင်မုန့်တစ်လုံးကိုတွေ့လိုက်ရလို့ ကျွန်တော်လည်း ပေါင်မုန့်တစ်ဖဲ့လောက် ကျွေးပါလို့ တောင်းပန်ပါတယ်" လို့ ပြောပြပါတယ်။


အဲဒီတော့ ခါးကုန်းကြီးက ပေါင်မုန့်ကို သားကို ကျွေးရဲ့လား လို့ မိခင်က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီးဟာ ကျွန်တော့်ကို သူ့လက်ထဲက ပေါင်မုန့်တစ်လုံးလုံးကို ပေးခဲ့ပြီး " ဒီပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျရိက္ခာဘဲ။ ဒါပေမဲ့ ဒီပေါင်မုန့်တစ်လုံးလုံး မင်းကို ပေးခဲ့ပါမယ်. ဘာဖြစ်လို့လဲ ဆိုတော့ ခုချိန်မှာ ငါ့ထက် မင်းက ဒီပေါင်မုန့်တစ်လုံးကို ပိုလိုအပ်နေတဲ့သူ ဖြစ်နေလို့ပါဘဲ" လို့ ပြောသွားခဲ့တာပါ။ ကတယ်ကို ကျွန်တော့်ရဲ့ အသက်သခင်လို့ ပြောရမယ် မေမေရေ. အဲဒီပေါင်မုန့်သာ ကျွန်တော် မစားရရင် ဒီကိုတောင် ရောက်အောင် လာနိုင်ဖို့ မမြင်တော့ပါဘူး။ ကျွန်တော်ဟာ အစာငတ်ပြီး သေရုံသာ ရှိပါတော့တယ် လို့ ပြောပြလိုက်ပါတယ်။


သားရဲ့ စကားကို ကြားရတော့ မိခင်ဖြစ်သူက အံ့သြထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မူးမေ့လဲကျမတတ် ခံစားလိုက်ရတဲ့အတွက် တံခါးဘောင်ကို လှမ်းထိန်းလိုက်ရပါတယ်။ သူမဟာ ဒီမနက်မှာ ပေါင်မုန့်ထဲကို အဆိပ်ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါသေးတယ်။ ဒီမနက်မှာ အဲဒီပေါင်မုန့်ကို ခါးကုန်းကြီးကသာ ယူသွားမိခဲ့ရင် အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို စားမိသူက သူမရဲ့ အချစ်ဆုံး သားလေးဖြစ်မှာ အသေအချာပါ။ အဲဒီလိုသာဆိုရင် သူမ သားလေးကိုလည်း ဆုံးရှုံးရဖို့ သေချာသလောက် ရှိပါတယ်။ အဲဒီတော့မှ ခါးကုန်းကြီး ပြောပြောသွားတဲ့ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် နားလည်မိရပါတော့တယ်။



ခါးကုန်းကြီးကို အဆိပ်မိစေချင်စိတ်နဲ့သာ ပေါင်မုန့်ထဲ အဆိပ်ထည့်ပြီးသာ ဖုတ်ခဲ့မိရင် အဲဒီမကောင်းတဲ့ စိတ်ထားရဲ့ အကျိုးဆက်ဟာ သူမသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်းတဲ့စိတ်ရိုင်းကို ဖယ်ပြီး စိတ်ကောင်းကောင်းဖြင့် ပေါင်မုန့်အကောင်းကိုသာ ဖုတ်ဖြစ်ခဲ့တဲ့အတွက် သူမသားလေး ပြန်ရောက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမပြူတင်းပေါက်မှာ နေ့စဉ်ထားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကလေးက သူမသားအသက်ကို ကယ်လိုက်တာသာ ဖြစ်ပါတော့တယ်။ မိခင်ဖြစ်သူဟာ သူမရဲ့ တစ်သက်တာမှာ မကောင်းမှုကိုလုပ်ဖို့ ဘယ်တော့မှ ကြံစည်ဖြစ်တော့မှာ မဟုတ်တာ သေချာပါတယ်။


ကောင်းမှုတစ်ခုခု(သို့မဟုတ်) ကောင်းသည်၊ မှန်သည်ဟု မိမိလေးနက်စွာ ယုံကြည်ထားသည့် အရာတစ်ခုခုကို ပြုလုပ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ အသိပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ချီးကျူးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မိမိလုပ်လက်စ ကောင်းမှုဟု မိမိယုံကြည်သော အလုပ်ကို ပြုလုပ်မြဲ ဆက်ပြုလုပ်ပါ။ ထိုကောင်းမှုနှင့် ထိုက်တန်သော ကောင်းကျိုးကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင်ကိုယ်တိုင် သေချာပေါက် ပြန်လည်ခံစားရမည်ဖြစ်သည်။


The Good You Do, Comes Back To You ( Author Unknown) ကို ဘာသာပြန်ပါသည်။ အားလုံးဘဲ ကောင်းကျိုးချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေရှင်။
Shared from အစိမ်းရောင်လွင်ပြင်