Thursday, November 29, 2012

ဒွိဟိတ်လား၊ တိဟိတ်လား.......

မိမိဒွိဟိတ်လား တိဟိတ်လား သိချင်ရင် သမထ၊ ၀ိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့်လိုက်ပါ။
သမထဘာဝနာပွားကြည့်လို့ ပဋိဘာဂနိမိတ်ကိုရရင် တိဟိတ် လို့သိပါ။
ဝိပဿနာဘာဝနာပွားကြည့်လို့ ဥဒယဗ္ဗယဉာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လဲ တိဟိတ်လို့သိပါ။.... သေက္ဈတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနီယကျမ်းမှာ -
တိဟိတ်ဒွိဟိတ်ဝိစိကိစ်၊ ချိတ်၍ထားပါဘိ၊
ကိုယ်တိုင်သိရန် ကိုယ်တိုင်ကြံ၊ သည်းခံကြိုးစားကြည့်၊

ပဋိဘာဂါ သမထာ၊ ထင်လာတိဟိတ်သိ၊
ဥဒယဗ္ဗယာ ၀ိပဿနာ၊ ထင်လာတိဟိတ်သိ။..... ပဋိဘာဂနိမိတ်ထင်ပုံ
ပဋိဘာဂ ဆိုသည်မှာ မြန်မာလို အတူ (သို့) အတု ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။
ဥပမာ – ပထ၀ီကသိုဏ်းကို အားထုတ်တဲ့သမထသမားတစ်ယောက်ဟာ မြေညက်ကိုယူပြီး မိမိတထိုင်သာ အမြင့်နံရံမှာ အ၀ိုင်းတစ်ခုလုပ်ပြီး ကပ်ထားရပါမယ်။ အဲဒီမြေ၀ိုင်းကို စိုက်ကြည့်ပြီး ပထ၀ီကသိုဏ်း – မြေ၀ိုင်း- မြေ၀ိုင်းလို့ စိတ်ထဲဆိုနေရပါတယ်။ ဈာန်နားနီးလာတဲ့ ဥပစာရသမာဓိ အဆင့်ဆင့် လောက်ရောက်ပြီဆိုရင် အဲဒီမြေ၀ိုင်းကြီးဟာ မျက်စိထဲက မပျောက်တော့ဘူး။ မျက်စိဖွင့်ထားသည်ဖြစ်စေ၊ မှိတ်ထားသည်ဖြစ်စေ အဲဒီမြေ၀ိုင်းကြီးကို တမြင်တည်းမြင်နေတော့တာပဲ။ အဲဒီလို သမာဓိစွမ်းအားကြောင့် မျက်စိထဲမှာမြင်လာတဲ့မြေ၀ိုင်းဟာ နံရံမှာကပ်ထားတဲ့မြေ၀ိုင်းမဟုတ်တော့ဘူး။ အတုပေါ်လာတဲ့မြေ၀ိုင်းတစ်ခုပဲ။ ဒါ့ကြောင့် မျက်စိထဲမှာ အလိုလိုမြင်လာတဲ့မြေ၀ိုင်းကို ပဋိဘာဂနိမိတ် လို့ သမထအရာမှာ သုံးပါတယ်။
လယ်တီဆရာတော်ဘုရားကြီး၏ တိဟိတ်အဆုံးအဖြတ်
ဆရာတော်ဘုရားကြီးက ဓါတ်တွေ ပရမတ်တွေကို မပျင်းမရိစိတ်ဝင်စားတယ်။ မဂ်ဖိုလ်ကို ပြင်းပြင်းထန်ထန်လိုချင်တယ်ဆိုရင် တိဟိတ်လို့ မှတ်လို့ မိန့်တော်မူတာကို တစ်ဆင့်မှတ်သားရဘူးပါတယ်။
မိမိဟာ ဒွိဟိတ်ဖြစ်နေစေဦးတော့ ၀ိပဿနာတရားကိုတော့ ကြိုးကိုကြိုးစားသင့်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ကြိုးစားတဲ့အတွက် အလကား မဖြစ်ပါဘူး။
ဒီဘ၀မဂ်ဖိုလ်မရဘူးပဲထား။ စူဠသောတာပန်ပုထုဇဉ်အဖြစ်ကတော့ ဧကန်မုချရောက်ပါတယ်။ ဒီအဆင့်ရောက်တယ်ဆိုရင် သုဂတိဘ၀လည်းမြဲတယ်။ နောက်ဘ၀နတ်ပြည်ကျရင်လည်း မဂ်ဖိုလ်ကို တစ်ခဏခြင်းရနိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သောတာနုဂတိသုတ်မှာ ဟောတော်မူထားပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီးက
တိဟိတ်ဟုတ်ပါ့မလား။ ဒွိဟိတ်များ ဖြစ်နေမလားနဲ့။ ဒါက ဘုရားရှင်အရာ.. ကိုယ့်အရာ မဟုတ်ဘူး။ ဒီတော့ အကျိုးမများမှာကို မတွေးကြနဲ့။
အလုပ်လုပ်ဖို့သာ ကိုယ့်တာဝန်။ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာ သံသယ မရှိကြနဲ့။

ဒွိဟိတ်ကုသိုလ် နှင့် တိဟိတ်ကုသိုလ်
ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုလုပ်တဲ့အခါမှာ ကာမာဝစရကုသိုလ်စိတ်တွေ ကုဋေသိန်းချီဖြစ်ပြီးတော့ ဒီစိတ်တွေချုပ်ငြိမ်းကြတဲ့အခါ စိတ်အစဉ်မှာ ကာမာဝစရကုသိုလ်ကံတွေ ကုဋေသိန်းချီ ကျန်ရစ်တယ်။
ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာ ကံ-ကံ၏အကျိုးကိုသိတဲ့ဉာဏ် မယှဉ်ပဲလုပ်ရင် ဉာဏ၀ိပ္ပယုတ် (ဉာဏ်မယှဉ်တဲ့) ကာမာဝစရကုသိုလ်စိတ်တွေ ဖြစ်ပါတယ်။
ဒီစိတ်တွေမှာ အလောဘနဲ့ အဒေါသ ဟိတ်နှစ်ခုပဲပါတယ်။ အမောဟဆိုတဲ့ ဉာဏ် မပါဘူး။ ဒါ့ကြောင့် ဒီစိတ်တွေကို ဒွိဟိတ်စိတ်လို့ ခေါ်တယ်။
ဖြစ်ပေါ်တဲ့ကုသိုလ်ကို ဉာဏ၀ိပ္ပယုတ်ကုသိုလ် (၀ါ) ဒွိဟိတ်ကုသိုလ် လို့ ခေါ်ပါတယ်။

Shared from Ma Htar Htar Moe (FB)

**မိမိသည်ဘယ်အမျိုးအစားထဲ ပါဝင်နေသလဲ**


ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်၏၊ မပေးသည်ကို ယူ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏၊ မဟုတ် မမှန်သည် ကို ပြောဆို၏၊ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်၏၊ ရဟန်းတို့ ဤသူကို သူယုတ်မာဟု ဆိုအပ်၏။

ရဟန်းတို့ သူယုတ်မာအောက် သူယုတ်မာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကို
လည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မပေးသည်ကို ယူ၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ယူခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၌ ဆောက်တည် စေ၏။ မိမိလည်း မဟုတ်မမှန်သည်ကို ပြောဆို၏၊ သူတစ်ပါး ကိုလည်း မဟုတ်မမှန်သည်ကို ပြောဆိုခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်၏၊ သူတစ်ပါးကိုလည်း မေ့လျော့ကြောင်း ဖြစ်သော သေအရက် သောက်ခြင်း၌့ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်မာအောက် သူယုတ်မာဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျော့ကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းထက် သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိလည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မပေးသည်ကို ယူခြင်းမှ ရှောင် ကြဉ်၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ် ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မေ့လျော့ကြောင်းဖြစ်သော သေ အရက်သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းထက် သူတော် ကောင်းဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

သပ္ပုရိသဝဂ် ၁-သိက္ခာပဒသုတ်

Shared from Ko Min Aung Naing (FB)

Tuesday, November 27, 2012

နေရာ

မကြာခင် အခုနေရာကနေ အခြားတစ်နေရာကို ပြောင်းရွှေ့ရတော့မယ်လို့ ပြောသံတွေကြားနေတော့ နေရာ အကြောင်းလေးတွေ ဆက်တွေးမိတယ်။ ရန်ကုန်ရောက်တော့ အန်တီသစ္စာအလင်း (ဒေါက်တာသန်းသန်းစိန်) နဲ့တွေ့ပြီး စကားတွေပြော၊ အန်တီတိုက်တဲ့ သရက်သီးဖျော်ရည်သောက်လို့ အချိန်ကုန်ခဲ့ရတယ်။ အန်တီက ဆရာတော်ဦးသာဓိန ဆီ သွားဖို့ တိုက်တွန်းတာနဲ့ပဲ ဆရာတော်ကျောင်းကို ရောက်ဖြစ်တယ်။ ဆရာတော်နဲ့ အတိတ်တုန်းက အကြောင်း၊ အခု အခြေအနေတွေ အကြောင်း ဆက်စပ် ပြောဖြစ်ခဲ့ကြတယ်။

ဟိုအရင်ကတော့ ကျောင်းပညာရေးသပ်သပ် ဖြစ်နေတာမလို့ တရားအလုပ်ကို တစိုက်စိုက်မတ်မတ် လုပ်ကိုင်နိုင်ကြတယ်။ အခုအချိန်မှာ တာဝန်ယူနေရတဲ့ အပိုင်းတွေ ရှိနေကြလို့ အရင်လို မလုပ်ဖြစ်တော့တဲ့ အကြောင်း၊ မခိုင်မြဲတဲ့အတွက် ပြောင်းလဲသွားတတ်တဲ့ အကြောင်းလေးတွေပြောရင်း ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မိတာ အကြိမ်ကြိမ်ပါပဲ။

လွန်ခဲ့တဲ့နှစ်က မနှစ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေခဲ့ရတယ်။ နေ့စဉ် မနက်မိုးလင်းကစလို့ စိတ်မချမ်းမြေ့စရာနဲ့ပဲ ကြုံရတယ်။ တခါတလေတော့လည်း လောကဓံတရားလို့ အမြဲနှလုံးသွင်းပြီး စိတ်ကျေနပ်အောင် နေတတ်ပေမယ့် တခါတလေကျတော့လည်း ညစ်နွမ်းမိတယ်။ ကိုယ့်စိတ်ဘာဖြစ်နေလဲဆိုတာတော့ သတိလက်လွတ် မဖြစ်သွားခဲ့ပါဘူး။ တခါတလေ အန်တီသစ္စာအလင်းဆီ ဖုန်းဆက်ပြီး သားကိုတရားဟောပါဦးလို့တောင် ပြောမိတယ်။ အန်တီကပြောတယ်။ တချိန်က တကယ့်စာမေးပွဲ ဖြေတာမဟုတ်သေးဘူးတဲ့။ အခုမှ တကယ့်စာမေးပွဲ ဖြေနေရတာ။ အရင်က ကျက်မှတ်ခဲ့တာတွေကို အခုမှ ပြန်ဖြေရတာတဲ့။ အခုတော့ တကယ်ဖြေနိုင်အောင် သားကြိုးစားနေပါလို့ အသိပေး ပြောခဲ့ဖူးတယ်။

အတူတူနေကြတဲ့ အစ်ကိုတစ်ယောက်က ပြောကြတယ်။ ရောမရောက်ရင် ရောမလိုကျင့်လိုက် ညီလေးတဲ့။ အဲဒါနဲ့ “ကောင်းတဲ့နေရာရောက်လို့ ကောင်းတာတွေကို လိုက်ကျင့်ရရင် တော်သေးတာပေါ့။ မကောင်းတဲ့နေရာကို ရောက်လို့ မကောင်းတာတွေကို လိုက်ကျင့်ရင်တော့ ဘ၀တွေ ခါးသီးရတော့မယ်” လို့ ပြန်ပြောမိခဲ့တယ်။ “မသင့်တော်တဲ့နေရာကို ရောက်နေခဲ့ရင်တောင် သင့်တော်တဲ့အကျင့်တွေကို ဖျောက်မပစ်ပါနဲ့” လို့ မှာကြားဆုံးမတော်မူတဲ့ ဆရာတော်အရှင်ဆေကိန္ဒရဲ့ တရားစကားကို နားထဲမှာ အထပ်ထပ်ကြားယောင်ခဲ့ပါတယ်။

တခါတလေတော့လည်း ဘ၀မှာ မိမိနှစ်သက်တဲ့ ပတ်ဝန်းကျင်ရောက်ရင်ပျော်လိုက်၊ မနှစ်သက်တဲ့ ပတ်ဝန်းကျင် ရောက်တော့ စိတ်ညစ်လိုက်နဲ့ ရောထွေးနေတာပါပဲ။ သံသရာအနေနဲ့ ကြည့်ရင် သုဂတိဘ၀အဖြစ်နဲ့ ကျင်လည်လိုက် ဒုဂ္ဂတိဘ၀အဖြစ်နဲ့ ကျင်လည်လိုက်နဲ့ ဘ၀သံသရာ လည်နေကြရတာပါ။ မိမိရောက်နေတဲ့ နေရာကို ပြန်ကြည့်လိုက်တော့ သံသရာခရီးမှာ ရွေးချယ်ရမယ့် လမ်းတွေရဲ့ လမ်းဆုံလေး တစ်ခုအဖြစ် မြင်ယောင်လာမိတယ်။ လူ့ဘ၀မှာ ကျင့်ကြံအားထုတ်နိုင်ခွင့်ရှိတာကို။ ဒါ့ကြောင့်လည်း ဗုဒ္ဓမြတ်စွာက လူ့ဘ၀ရဖို့ ခဲယဉ်းကြောင်း ဟောတော်မူခဲ့ခြင်းပဲ လို့ ယုံကြည်မိပါတယ်။

အခုဆို တို့ဘ၀တွေလည်း သက်တမ်းတစ်ဝက်နီးပါး ရောက်နေပြီပေါ့။ ကံကောင်းလို့ ကျန်နေတဲ့ လက်ရှိအချိန်နဲ့ မိမိတို့ နှစ်သက်ရာ ကျင့်ကြံအားထုတ်နိုင်တဲ့ နေရာမှာ ဘယ်လို နေထိုင်သွားကြမလဲ စဉ်းစားသင့်တယ်။ ခက်တာက တရားအလုပ်ဆိုတာနဲ့ ဆရာစွဲတွေ နည်းစနစ်စွဲတွေ ဝေဖန်နေတာနဲ့ လိုရင်းကို မရောက်နိုင်ကြဘူးဖြစ်နေတယ်။ တရားအကြောင်း ဆွေးနွေးရင် ငြင်းခုန်ချင်ကြတာ။ ကိုယ်ပြောတာမှ အမှန်၊ ကိုယ်ကြံတာမှ အဟုတ်လို့ စွဲကိုင်ချင်ကြတာ။ စာပေလေ့လာ၊ တရားနာတာကို ထိုင်ပြီးအားထုတ်တာလောက် ခရီးမရောက်နိုင်ဘူးလို့ ယူစွဲတာ စသဖြင့် ကြုံတွေ့ဖူး ပါတယ်။


ငြင်းခုန်တာနဲ့ ပတ်သတ်လို့ -

ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။

ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထို မသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်း နိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။ ဟု ဗုဒ္ဓမြတ်စွာက မိန့်ကြားတော်မူခဲ့ပါတယ်။

တချို့က ငြင်းရခုန်ရတာ၊ ကုတ်ကပ်ပြောရတာ၊ အနိုင်ယူပြောချင်တာ ၀ါသနာဖြစ်နေတယ်။ သတိရှိစေဖို့ပါ။

အမှန်တော့ တို့တွေအားလုံး (၇)ရက် (၇)လီ မိုးမှောင်ကျနေတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သတ္တ၀ါတွေနဲ့ တူပါတယ်။ မိုးမှောင်ကလဲကျ အလင်းရောင်ဆိုတာလဲ မရှိတဲ့ တောကြီးထဲမှာ ထွက်လမ်းကို ရှာကြရမှာက တို့အားလုံးရဲ့ အလုပ်ပါ။ မှောင်နေတဲ့ အတွက် လမ်းတွေ့ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ အဲဒီအချိန်မှာ လျှပ်စီးလေးတချက် လက်လိုက်တဲ့ အချိန်မှာ တို့တွေအတွက် တောထဲက လွတ်မြောက်နိုင်မယ့် လမ်းစကို တွေ့လိုက်တာပါပဲ။

ဒီသဘောတရားလေး အတိုင်းပါပဲ။ တို့တွေအားလုံးက ၃၁ ဘုံဆိုတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေ တဲ့ သူတွေပေါ့။ ဘုရား အဆူဆူပွင့်ခဲ့သော်လည်း သာသနာနဲ့ မတွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်၊ တွေ့ကြုံခဲ့သော်လည်း သာသနာကို ကျောခိုင်းခဲ့သူတွေ ဖြစ်ခဲ့တာကြောင့် ယနေ့တိုင် ဘ၀တွေရပြီး ဒုက္ခတွေနဲ့ တွေ့ကြုံနေရတာပါ။ ဓမ္မအလင်းရောင်နဲ့ ဝေးခဲ့ရတာပေါ့။ ဒါကြောင့် မိုးမှောင်ကျနေတဲ့ ညအချိန်ကြီးက ရှည်လျားခဲ့ပါပြီ။ ယခုလို သာသနာတော်နဲ့ တွေ့ကြုံလိုက်တာသည် လျှပ်စီးလက်လိုက်တဲ့ အချိန်ပမာဏမျှသာ ရှိပါတယ်။ ကျန်တဲ့အချိန်က သာသနာကွယ်နေတဲ့ အချိန်တွေနဲ့ တူပါတယ်။

လျှပ်စီးလက်တာကို မြင်လိုက်တဲ့ သူက တောထဲမှာရှိတဲ့ ချောက်၊ သစ်ပင်၊ ချုံ၊ ထွက်လမ်း စသဖြင့် သိလိုက်သလို၊ ဒါတွေက ကုသိုလ်၊ ဒါတွေက အကုသိုလ်၊ ဒါတွေက အပါယ်လမ်း၊ ဒါတွေက သံသရာက လွတ်လမ်း ဆိုတာကို သိခွင့်ရတာလည်း သာသနာနဲ့ကြုံရပြီး သိနားလည်နိုင်တဲ့ နေရာမှာ ရောက်နေလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းသိတဲ့ သူက ခရီးသွားတွေကို နှိုးဆော်ပြောပြသလို တရားဓမ္မကို သိမြင်သူတွေကလဲ သံသရာခရီးသွားတွေကို အချင်းချင်းသတိပေး တိုက်တွန်းခြင်းပါ။ တို့တွေ လျှပ်စီးအလင်းရောင်နဲ့ တူသော ဘုရှားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နာကြားလိုက်နာပြီး သံသရာကလွတ်လမ်းကို လျှောက်လှမ်းကြရမှာပါ။ အဲဒီလမ်းကတော့ မဂ္ဂင်လမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စီ သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ကြည့်ပြီး လျှောက်လှမ်းကြဖို့ အသိပေးပါတယ်။

တန်ဖိုးရှိတဲ့ လူ့ဘ၀နေရာမှာ လူတိုင်း အခွင့်အရေး ကိုယ်စီရှိကြပါတယ်။ အဲဒါကတော့ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားပိုင်ခွင့်ပါ။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားပိုင်ခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံစားရပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ကောင်းမှုအတွက် အသုံးချသူဟာ ခံစားပိုင်ခွင့်ကိုလည်း ကောင်းမှုအကျိုး ခံစားရပါတယ်။ ဒါသည် သမ္မာဒိဌိငါးမျိုးအနက် အခြေခံ ကမ္မဿကတာ သမ္မာဒိဌိ (ကံ၊ ကံ၏အကျိုး) ရဲ့ လမ်းစဉ်မှန်ပဲ ဖြစ်ပါတယ်။

သံသရာတစ်ခုလုံးနဲ့ ယှဉ်ရသော် နေရာကောင်းတစ်ခု အကြောင်းပြုလို့ အသက်ရှင်တုန်း၊ ဉာဏ်ရွှင်တုန်းမှာ ဘ၀ခရီးကို မှန်ကန်သောရွေးချယ်မှုနဲ့ နေထိုင်သွားတတ်ဖို့ပါပဲလို့ ကိုယ့်ကိုကိုယ် သတိပေးနေပါတယ်။

အားလုံးသတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေ…


အောင်ဦး

(ချွတ်ချော်မှားယွင်းမှုများပါခဲ့သော် အပြစ်ဖော်ပြ ဆုံးမပေးပါရန် တောင်းပန်ပါတယ်)

Shared from Aung Oo (FB)

တောင်ပေါ်မှာဘုရား၊ တောင်အောက်မှာဘာသာခြား

ဗုဒ္ဓဘာသာအများစုသည် မြေပြင်မှာဘုရားတည်ဖို့သာကြိုးစား၏။ ဘာသာခြားများက လူတို့၏နှလုးံတွင် အကြင်နာ မေတ္တာ ဘုရားများတည့်ဖို့ကြိုးစား၏။ ဗဟိဒ္ဓထက် အဇ္ဈတ္ထက ပိုမိုထိရောက်သည်မှာ သဘာဝပင်ဖြစ်၏ ထို့ကြောင့်လည်း ကမ္ဘာနှင့်ချီလိုက်လျှင် ဗုဒ္ဓဘာသာဝင်က အနည်းဆုးံအဆင့်သို့ ရောက်နေခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာများက တောင်ထိပ်တွင် ထီးတော်တင်အောင်ပွဲကြီး ခြိမ့်ခြိ
မ့်သဲကျင်းပချိန်တွင် တောင်အောက်မှ ဗုဒ္ဓဘာသာလေးငါးရွာမှာ ဘာသာခြားသို့ ပြောင်းသွားကြလေပြီ။ တောင်ပေါ်မှာစေတီတစ်ဆူ တည်ပြီးတိုင်း တောင်အောက်မှ လူတစ်သောင်းခန့်သည် ဘာသာခြားဘ၀သို့ရောက်သွားကြလေပြီ။
တောင်ပေါ်က ဗုဒ္ဓဘာသာဘုရား၊ တောင်အောက်မှာဘာသာခြားမခြစ်ရလေအောင် ဆင်းရဲသားများထောက်ပံ့ရေးကို ပထမထားပြီ စေတီတည်ရေးကို ဒုတိယထားလျှင် သာသနာပြုရာ၌ ပိုမိုထိရောက် အောင်မြင်ပေလိမ့်မည်။

Shared from Chit Kogyi (FB)


မြေပေါ်မှာ စေတီတည်တာက ဘာသာခြားတွေ ဖျက်ဆီးလို့ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်စေ၊ စစ်မက်ဖြစ်ပွားလို့ဖြစ်စေ ပျက်စီးနိုင်ပါတယ်။ နှလုံးသားထဲမှာ စေတီတည်တာ၊ နှလုံးသားထဲမှာ တရားကိန်းတာကတော့ ဘယ်လိုအရာမျိုးကမှ ဖျက်ဆီးနိုင်စွမ်း မရှိတော့ပါဘူး...

Saturday, November 24, 2012

တရားပြည့်ဝအရိပ်ရ

ဘဝဆိုတာ သဲကန္တာရခရီးနဲ့တူတယ်။ သဲကန္တာရခရီးမှာ နွေခေါင်ခေါင် ထီးကလဲမပါ၊ ဖိနပ်မပါ၊ ရေဗူးလည်းမပါဘဲ စိတ်ကူးနဲ့သွားကြည့်စမ်းပါ။ အထက်ကပူ၊ အောက်ကပူ၊ ဆွေ့ဆွေ့ခုန်ပူပြီးတော့ ပင်ပန်းစွာ သွားရတယ်၊ အထက်လည်း ခြစ်ခြစ်တောက်ပူ၊ အောက်ကလဲ ဖိနပ်မပါတော့ ဆွေ့ဆွေ့ခုန်ပူ၊ အပူတွေများလာတော့ ရေဆာ၊ ရေဗူးလည်းမပါ၊ ပူလောင်ပင်ပန်းစွာ သွားရတယ်။

အဲဒါမျိုးပေါ့၊ ဘဝခရီးမှာသွားနေတဲ့ ပုဂ္ဂိုလ်များ၊ ဘုရားကိုလည်း သတိမရ၊ တရားကိုလည်း သတိမရ၊ ကုသိုလ်ကိုလည်း သတိမရ၊ ကြုံသလိုရေစုံမျောပြီးတော့ ဒရွတ်တိုက်ဆွဲသွားတဲ့ ပုဂ္ဂိုလ်များဟာ သဲကန္တာရခရီးမှာ ခြစ်ခြစ်တောက်ပူလောင်စွာနဲ့ ဆွေ့ဆွေ့ခုန်သွားနေရတဲ့ ပုဂ္ဂိုလ်တွေနဲ့တူတယ်။

ပူလိုက်တာ မပြောနဲ့တော့၊ သဲကန္တာရခရီးမှာ အတွင်းက အပူသက်သာချင် သက်သာလိမ့်မယ်ဦးမယ်၊ ဘ၀ခရီးကတော့ အတွင်းကပါပူတယ်၊ တရားအရိပ် မခိုနိုင်တဲ့ ပုဂ္ဂိုလ်တွေ အတွင်းကပါပူတယ်။

သဲကန္တာရခရီးမှာ ခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေ ဆွေ့ဆွေ့ခုန်ပြီးတော့ သွားနေစဉ်မှာ ကံအားလျော်စွာ သူများတွေကျ ကျန်ရစ်တဲ့ ဖိနပ်ကလေးတစ်ရံ သွားတွေ့၊ ၀မ်းသာလိုက်တာ။ာ ဖိနပ်ကလေးတစ်ရံတွေ့တဲ့အခါ၊ ဖိနပ်ကလေးကောက်စီးလိုက်၊ လုံးလုံးအပူအငြိမ်းပေမ့် အောက်က ဆွေ့ဆွေ့ခုန်အောင်ပူတဲ့အပူက သက်သာသွားပြီ။ အဲဒီလိုမျိုးပေါ့ ဘဝခရီးမှာ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရတနာသုံးပါးဆည်းကပ်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ သဒ္ဓါ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဘဝခရီး အာရုံတောထဲမှာ ငိုစရာတွေ၊ ပူစရာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ရှုတ်စရာတွေ၊ ကြောက်စရာတွေ၊ လန့်စရာတွေကြားထဲမှာ သွားလို့နေကြရတဲ့အခါမှာလည်း သွားရင်းသွားရင်းနဲ့ “သြော် - အလကားနေ အလကားပဲ သရဏဂုံလေး တစ်ခေါက်ဆို နည်းတာမှတ်လို့၊ မေတ္တာပို့လေးတစ်ခေါက်ဆို နည်းတာမှတ်လို့၊ ဘုရားဂုဏ်တော်လေး တစ်ခေါက်ဆုံးသွား နည်းတာမှတ်လို့” နှလုံးသွင်းသွား၊ အာရုံပြုသွား၊ လုံးဝအပူမငြိမ်းပေမယ့်၊ အပူသက်သာတယ်။

သဲကန္တာရခရီးမှာ သွားတဲ့လူဟာ ရှေ့ကိုဆက်သွားပြန်တော့ သူများတွေကျကျန်ရစ်တဲ့ ခမောက်စုတ်ကလေးတစ်ခု သွားတွေ့ “အို စုတ်ချင်စုတ်ပစေလေ၊ ခေါင်းကခြစ်ခြစ်တောက် ပူနေတဲ့ဥစ္စာ၊ အပူသက်သာသွားဖို့က အရေးကြီးတယ်” လို့ ခေါင်းပေါ်ကိုတင်ပြီး ဆောင်းလိုက်တော့ လုံးလုံးအပူမငြိမ်းပေမယ့် အပူတော့ တော်တော်သက်သာသွားတယ်။

တရားလက်လွတ်နေသူနဲ့ ဘယ်တူတော့မလဲ

ဒါလိုမျိုးပေါ့ ဘုရားသတိရတဲ့အခါ ဘုရားအာရုံပြုလို့၊ တရားသတိရတဲ့အခါ တရားအာရုံပြုလို့၊ မေတ္တာသတိရတဲ့အခါ မေတ္တာပို့လို့၊ သရဏဂုံလေးဆောက်တည်လို့ သွားရင်းလာရင်းနဲ့တောင် အမှတ်တမဲ့မနေဘူး။ တခါတရံ ဝိပဿနာအသိလေးနဲ့ ဒီလိုသွားတော့ တရားလက်လွတ်နေတဲ့ပုဂ္ဂိုလ်နဲ့ ဘယ်တူတော့မလဲ၊ အပူအများကြီး သက်သာတယ်။

ဒါဟာ တရားပြည့်ဝ အရိပ်ရတာလေ၊ သဒ္ဓါ ပညာကောင်းလို့ အရိပ်ရအောင် ယူတတ်တာပါ။ အဲသလို ယူတတ်ရမှာပေါ့။

ဒါကြောင့် ပညာယ ဟိုတွေးသည်တွေးကင်းစင်ဝေး၍ အတွေးမှန်ကန် အသိဥာဏ်ဆိုသော ပညာတရားကလည်း ၊ ဧနံ သံသရာခရီးသွား ထိုပုဂ္ဂိုလ်များကို ပသာသတိ တရားပြည့်ဝ အရိပ်ရအောင် ကောင်းစွာမသွေ ညွှန်ကြားဆုံးမတတ်ပါပေသတည်း။

ဤသို့လျှင် တရားပြည့်ဝ အရိပ်ရ ဆိုသော တရားကြားနာရတဲ့ ဓမ္မသဝနာမင်္ဂလာနဲ့ ကောင်းမှုစွမ်းအား မြတ်တရားတွေကြောင့် ဘေးရန်အပူခပ်သိမ်း လွတ်ငြိမ်းကြ၍၊ ကောင်းကျိုးချမ်းသာများ ကြီးပွားတိုးတက်ပြည့်စုံကြပြီး လျှင်၊ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်၊ အားကိုးစရာ သူတော်ကောင်းတရား တိုးပွားအောင် ကြိုးစားနိုင်လွယ်ကြလျှက်၊ ဆင်းရဲခပ်သိမ်းလွတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လွယ်ကူသောအကျင့်၊ လျင်မြန်သောအသိဥာဏ်ဖြင့် အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုလွယ် ရလွယ်နိုင်ကြပါစေကုန်သတည်း။

(တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ၊ အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ) (ယောဆရာတော်)
Shared from ပန်းအိဖြူ (FB)

မာတိကမာတာ



မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်တုံးက ဟိမ၀န္တာတောင်ခြေမှာ မာတိက ဆိုတဲ့ရွာလေးတစ်ရွာ ရှိတယ်..
အဲ့ဒီရွာမှာ မာတိကမာတာ လို့ ရွာသူရွာသားတွေက လေးစားရိုသေခြင်း ခံရတဲ့ ရွာသူကြီးရဲ့ မိခင် အမျိုးသမီးကြီးတစ်ယောက်ရှိတယ်..
ဝါဆိုခါနီးတနေ့ မှာ ရဟန်းအပါး(၆၀)ဟာ ရွာကိုရောက်လာတယ်..မာတိကမာတာ က ရဟန်းတော်များကို ဒီရွာမှာပဲသီတင်းသုံးနေထိုင်ဖို့လျှောက်ထားတာကြောင့် ရဟန်းများကလဲ လက်ခံတော်မူတယ်…ရဟန်းများက လက်ခံတော်မူတာနဲ့ ..ရဟန်းတော်များနေဖို့ ကျောင်းတစ်ဆောင်ဆောက်လုပ်လိုက်သတဲ့ …
သဒ္ဒါတရားပြည့်ဝ တဲ့ မာတိကမာတာ ဟာ တစ်ညနေ မှာတော့ ကျောင်းကိုသွားပြီး ညဘက်မှာသုံးဆောင်ကောင်းတဲ့  ပျားရည်သကာကိုယူဆောင်ပြီးသွားလှူသတဲ့..ကျောင်းကိုရောက်တော့
ရဟန်းတွေ တစ်ပါးမှမတွေ့ တာနဲ့  ကျောင်းပေါ်မှာတွေ့ တဲ့  တုံးကြီးကို ခေါက်လိုက်သတဲ့ …တအောင့်လောက်ကြာတော့ ..ရဟန်းတွေ က ဟို က တစ်ပါး ဒီ ကတစ်ပါးနဲ့ တောထဲကနေထွက်လာကြတာတွေ့ ပါလေရော…ကျောင်းပေါ်ကိုရောက်တော့ လဲ တစ်ပါးစီ တစ်ပါး စီ ကိုယ့်နေရာကိုယ် ထိုင်ပြီး စကားမပြောကြတာတွေ့ သတဲ့…...

မာတိကမာတာက………..
ရဟန်းတော်များကို အခြေအတင်ငြင်းခုန် ပြီးမသင့်မတင့် ဖြစ်တယ်လို့  ထင်တာနဲ့ မေးလျှောက်တော့.. နာယက ရဟန်းတော်ကနေ မညီမညွတ် စိတ်ဝမ်းကွဲတာမဟုတ်ကြောင်း ကမ္မဌါန်း တရားစီးဖြန်းနေကြခြင်းသာဖြစ်ကြောင်းကိုပြောပြသတဲ့ ..
အဲ့ဒီတော့ မာတိကမာတာ က အလွန်ပဲ စိတ်ဝင်စားတာနဲ့ ….တပည့်တော်တို့ဒါယကာမတွေ ရောလုပ်ခွင့်ရှိ
သလားလို့ မေးပါတယ်..``ဘုရားရှင်ကိုယ်တော်မြတ်က မိန်းမ ယောင်္ကျားမရွေး။ဗြဟ္မဏ သုဒ္ဓမရွေး။ပညာရှိ ပညာမဲ့ မရွေး။ နိဗ္ဗာန်ရောက်ဖို့နည်းပေးလမ်းပြကယ်မ တော်မူတယ်``လို့ပြောပြတော့ တပည့်တော်ကိုလဲသင်ပေးပါဆိုပြီး လျှောက်သတဲ့ ….
မာတိကမာတာ ဟာ ရဟန်းတော်ဆီမှာသင်ယူပြီးကမ္မဌါန်း တရားစီးဖြန်းလိုက်တာ ရဟန်းများထက်စောပြီး သောတာပတ္တိမဂ်ကိုရသတဲ့ …
သောတာပတ္တိမဂ် ကိုရပြီးတော့ ချမ်းသာကိုသိလာတယ်။ အဲ့ဒီကနေ သကဒ်ဂါမိမဂ် သကဒါဂါမိ ဖိုလ် ကိုမှာတည်လာတယ်။ အဲ့ကတဆင့် ထပ်တက်လို့  အနာဂါမိမဂ် ကိုဆိုဒ်ရောက်ပြန်တယ်တဲ့ . ဘယ်လောက်ထိအောင်ဥာဏ်ကောင်းသလဲဆိုရင် အနာဂါမိမဂ်ကိုရပြီးတော့ လောကီအဘိညာဏ် ငါးပါးကိုပါရသတဲ့ … လောကီအဘိညာဉ်ငါးပါ ကတော့

၁။ဒိဗ္ဗစက္ခု=နတ်တို့ ၏မျက်စိနှင့်ကြည့်သလိုအဝေးအနီးကို မြင်နိုင်ခြင်း။

၂။ဒိဗ္ဗသောတ=နတ်တို့၏နားကဲ့ သို့ အဝေးက အသံတို့ ကို ကြားနိုင်ခြင်း။

၃။ဣဒ္ဓိ၀ိဓ=မိမိ၏ တန်းခိုးနှင့် အမျိုးမျိုးဖန်းဆင်းနိုင်ခြင်း။

၎။စေတောပရိယ=သူတစ်ပါးတို့၏ စိတ်အကြံကို ကိုယ်က သိနေခြင်း။

၅။ပုဗ္ဗေနိဝါသာနုဿတိ=ရှေးဘ၀ ကဖြစ်ခဲ့သမျှတွေကို သိမြင်နိုင်ခြင်း။

စတဲ့ အဘိညာဉ်များကို ရရှိထားပါတယ် တဲ့ …
မာတိကမာတာ ဟာ အနာဂါမိဖလသမာပတ်က ထတော်မူတဲ့အခါသူကိုယ်တိုင်ဆွမ်းဝတ်ပြုနေတဲ့ ရဟန်းတော်တွေကို အဘိညာဉ်နဲ့ကြည့်လိုက်တော့ တစ်မဂ်တစ်ဖိုလ်မှမရကြသေးတာကိုတွေ့ ရသတဲ့ ..ဘာလို့များမရတာလဲဆိုတာကိုထပ်ကြည့်ပြန်တော့…
ဆွမ်းဘောဇဉ်တို့ နဲ့ သပ္ပာယ မျှတမှုမရှိတာကို တွေ့ ပြန်သတဲ့ ..
ဒါနဲ့ ပဲမာတိကမာတာ ဟာဆွမ်းအမျိုးမျိုး ယာဂု အမျိုးမျိုးကို ထောပတ်ဆီဦးနဲ့ တကွ စီမံပြီး ကပ်သတဲ့ ….
အဲ့ဒီတော့မှ ရဟန်းတော်များဟာ တရားအားထုတ်တဲ့အခါ မကြာမီပဲ.. အာသဝေါကုန်ခမ်းရဟန္တာများ ဖြစ်ကုန်ကြသတဲ့ …မာတိကမာတာ ရဲ့  အာဟာရ ဆက်ကပ်လှူဒါန်းမှုကြောင့်ရရှိတယ် ဆိုတာကိုလဲသိတော့ ရဟန်းများရဲ့  မိခင်ကြီးသဖွယ် ဖြစ်ထိုက်ပါပေရဲ့ လို့ဂုဏ်ပြုကြပါတယ်။

မာတိကမာတာ ကြီး ကတော့  မိမိရဲ့ အထောက်အပံ့နဲ့  ရဟန္တာများ ဖြစ်သွားကြတာကို အင်မတန်ပဲဝမ်းမြောက်ဝမ်းသာပီတိဖြစ်တာပေါ့လေ ၀ါကျွတ်လို့ရဟန်းတော်များက ဘုရားရှင်ရှိရာဇေတ၀န်ကျောင်းတော် သို့ပြန်ကြွကြတယ်.. မြတ်စွာဘုရားရှင်က အရိယာဖြစ်ပြီး ပြန်လာတဲ့
ရဟန်းတော်များကိုတွေ့ တဲ့ အခါမှာ``ကျန်းခံ့သာကြရဲ့ လား ဆွမ်းကွမ်းအာဟာရ သပ္ပာယ မျှခဲ့ကြသလား``လို့ မေးတော်မူသတဲ့ ဒီတော့  ရဟန်းများကလဲ မာတိကမာတာ က မိမိတို့စိတ်အကြံကို
သိလို့ဆွမ်းအာဟာရများ ဖွယ်ဖွယ်ရာရာစီမံပေးပါတယ် လို့ လျှောက်ထားပါတယ်။ ဒီလိုလျှောက်ထားတာကိုအနီးအနားက ဘွဲ့ မထင်မရှားတဲ့  ရဟန်းတစ်ပါးက ကြားတော့ အဲ့ဒီရွာကိုသွားပြီး ဆွမ်းကွမ်း ဝေယျာဝစ္စ၀တ်တို့ကိုခံယူရင်း တရားကျင့်ချင်လာသတဲ့ …ဒါနဲ့ မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်လို့  ခွင့်ပြုချက်ရတာနဲ့ပဲ..မာတိကရွာကို ထွက်လာခဲ့တယ်။ ရွာကိုရောက်တော့ ကျောင်းထဲကိုမ၀င်ခင်မှာ ရဟန်းက အောက်မေ့ တယ် ဒီခရီးကိုလာရတာ ပင်ပန်းနေပြီ
ကျောင်းကြီးကိုလှည်းကျင်းဖို့ မတတ်နိုင်တော့ဘူး သူတစ်ပါးစိတ်အကြံ ကိုသိတဲ့အနာဂါမ်ဒါယိကာမကြီးက တယောက်လောက် လွှတ်လိုက်ရင်ကောင်းမှာပဲ လို့ တမ်းတ လိုက်သတဲ့ ..

မကြာပါဘူးယောင်္ကျားသုံးလေးယောက်လောက် တံမြက်စည်းတွေ ရေပုံးတွေ ဖုံသုတ်အ၀တ်တွေ နဲ့ ရောက်လာကြပြီး သန့် ရှင်းရေးလုပ်လိုက်တာ တစ်ကျောင်းလုံးသန့် ပြန့် သွားရောတဲ့ ။
အညတရ ရဟန်း က အံ့သြပြီးနောက် တလမ်းလုံးရေငတ်လာတာ အရသာရှိတဲ့ ဖျော်ရည်လေးသောက်ရရင် ကောင်းမှာပဲလို့ တောင့်တမိပြန်ရောတဲ့ ။အဲ့ဒါလဲမကြာပါဘူး ဒါယကာ တစ်ယောက်ကျောင်းကို ခပ်သွက်သွက် ရောက်လာပြီးသန့် ပြန့် တဲ့ ခွက်တစ်လုံးနဲ့ အဖျော်ရည် အပြည့်ထဲ့လို့ မာတိကမာတာ ဒါယကာမ ကြီး ကကပ်လိုက်ပါတယ်ဆိုပြီး တန်းကပ်လိုက်တာ ရဟန်းခများအံ့သြ ရပြန် ပါသတဲ့ …

နောက်တနေ့ အစောကြီး မှာ ရဟန်း က ငါ့ကိုပျော့ပျောင်းနုးညံ့ တဲ့ ယာဂု လက်သုပ်ဟင်းလျာ ပို့စေသတည်းလို့  ဆန္ဒ ပြုလိုက်တာ ဒါလဲမကြာဘူး ဆွမ်းစားချိန်ရောက်တော့ ဒေါင်းလန်းလင်ပန်းနဲ့
လာကပ်ပြန်လေရော အံ့သြနေတဲ့ ရဟန်းဟာ သူ့ စိတ်ကြံစည်တိုင်း သိနေတဲ့မာတိကမာတာ ကိုလူကိုယ်တိုင်မြင်ဖူးချင်ပြန်သတဲ့ ..
ဒါယကာမကြီးကျောင်းကိုလာပါစေလို့ ဆန္ဒပြုလိုက်တဲ့ ခဏမှာပဲ အိမ်ဖေါ်များနဲ့ဒါယကာမကြီးက ကျောင်းပေါ်ကိုရောက်လို့ ကန်တော့ ဝတ်ချ လိုက်သတဲ့ …အဲ့ဒီမှာ ရဟန်း က မာတိကမာတာကိုမေးတယ်။

ဒါယိကာမကြီးက သူတစ်ပါးစိတ်အကြံကိုသိတယ်ဆိုတာ မှန်ပါသလား
သားမောင်ပဉ္စင်း ဘာပြုလို့ မေးတာလဲ
ကျွန်ုပ်ဆန္ဒပြုလိုက်တိုင်းကျွန်ုပ်၏ အလိုကို ဒါယကာမကြီးဖြည့် စွမ်းနေတာများလှပြီ ဒါကြောင့် ဒါယိကာမကြီးကို မေးတာပါ
သားမောင်ပဉ္စင်း သူတစ်ပါးစိတ်အကြံကိုသိတဲ့ ရဟန်းတော်များ ရှိတတ်ကြပါတယ် သူများကိုမေးတာမဟုတ်ဘူး ဒါယိကာမ ကြီးကိုမေးတာ အဲ့ဒီမှာ မာတိကမာတာ က သိပါတယ် လို့ မပြောပဲ
သူများစိတ်ကိုသိတဲ့လူများဟာ ခုလိုပဲ ပြုတတ်ကြပါတယ် လို့ မယုတ်မလွန် ပဲဖြေလိုက်တယ်။

ဒါပေမယ့်ရဟန်းကသိသွားပြီ အဲ့တော့ ငါ့စိတ်ကဖေါက်ပြန်မိရင် သူကသိမှာ ခိုးထုတ်ခိုးထည်နဲ့မိတဲ့ သူခိုးလို ငါငြင်းနိုင်မှာမဟုတ်ဘူး လို့တွေးပြီးဇေတ၀န် ကျောင်းတော်ကို ထွက်ပြေးခဲ့သတဲ့..
မြတ်စွာဘုရားကတွေ့ လို့ မေးတော့  အမှန်တိုင်းပဲ လျှောက်ထားရတာပေါ့..ဒီမှာ မြတ်စွာဘုရားက အဲ့ဒီရွာကိုပြန်သွားဖို့ မိန့် တော့ ကြောက်ကြောက်လန့် လန့် ပြန်သွားရရှာသတဲ့ ..
ရွာကိုပြန်ရောက်ပြီးမာတိကမာတာရဲ့ ဆွမ်းအထောက်အပံ တွေ နဲ့  သပ္ပာယ မျှတပြီး မြတ်ဘုရားမိန်းတော်မူတဲ့အတိုင်း တရားဘာဝနာ ပွားများလိုက်တာရက်ပိုင်းအတွင်း ပဋိသမ္ဘိဒါလေးပါးနဲ့ တကွ ရဟန္တာဖြစ်သတဲ့ .. တနေ့ တော့ရဟန်းကမာတိကမာတာနဲ့ ရှေးဘ၀ က ဘယ်လိုများပတ်သက်ခဲဖူးလဲဆိုတာကို ပုဗ္ဗေနိဝါသာနုဿတိနဲ့ ကြည့်လိုက်တာဘ၀ပေါင်းကိုးဆယ့် ကိုးဘ၀ တိုင်အောင်ဇနီးခင်ပွန်း တော်စပ်ခဲတာကိုတွေ့ သတဲ့…ကိုးဆယ့်ကိုးဘ၀ လုံး လဲ တခြား ယောင်္ကျားများနဲ့ ဖေါက်ပြန်ပြီး မိမိကိုသတ်ခဲ့တာလဲ တွေ့ သတဲ့ ..
အဲ့ဒီမှာ မာတိကမာတာကလဲ ရဟန်းတော်က ဒီလိုစိတ်ကြံတာကို သိတော့ အရှင်ဘုရားကိုးဆယ့် ကိုးဘ၀ မှာ ရပ်မထားပါနဲ့  ဘ၀ပေါင်းတစ်ရာမှာ အရှင်ဘုရားအတွက် တပည့်တော်ရဲ့ အသက် ကို စွန့် လွတ် ကယ်ဆယ် ခဲ့တာကို အာရုံပြုကြည့်ပါလို့ စိတ်တန်ခိုးနဲ့  လျှောက်ထားသတဲ့ …..ဒီတော့ မှပဲ ရဟန္တာထေမြတ်ကလဲ ဒိဗ္ဗသောတနဲ့ ကြားပြီးမာတိကမာတာလျှောက်တဲ့အတိုင်းဆငိခြင်လို့ သိမြင်သတဲ့လေ။ အဲ့ဒီအခါ ကစလို့  အရိယာသူတော်အချင်းချင်း ကြည်နုးကျေနပ်စွာနေထိုင်လာကြတာ ရဟန္တာမထေမြတ်ကြီး ကျောင်းမှာပရိနိဗ္ဗာန် စံဝင်တဲ့ထိပါပဲ….။

မာတိကမာတာ လို အမျိုးသမီးများ အများအပြားပေါ်ထွန်းကြပါစေသတည်း။

Shared from Dhamma Rakhita (FB)

မင်္ဂလာ အတွေးများ

တစ်ခါတုံးက ဘုရားအလောင်း ဟိရိတစ ရသေ့ဟာ ဟိမ၀န္ဆာ တော မှာ သီတင်းသုံး နေပါတယ်။ တရား ကျင့် ရင်း ဈာန် အဘိညာဉ် သမာ ပတ်တွေ လည်း ရထားပါတယ်။ တစ်နေ.တော့ ချဉ်စားမှီဝဲ ဖို. ဗာရာဏသီ ပြည်ကို ထွက်ခဲ့ပါတယ်။ တောထဲမှာ အနေကြာရင် ဆားဓတ် နည်းလာ ပြီး ဒူးခေါင်းတွေ ကြီးလာ ရတယ်လို. ဆိုပါတယ်။ ဒါကြောင့် တောထဲမှာ နေတဲ့ ရသေ.တွေဟာ ခန္ဓာကိုယ်မှာ ဆားဓတ် နည်း လာပြီ ဆိုရင် မြို.တက်ပြီး အလှူခံလေ. ရှိပါတယ်။

ဟရိတစ ရသေ.ဟာ မြို.ရောက်တော့ ဗာရာဏသီ မင်းရဲ့ နန်းတော် ကို သွားပြီး ချဉ်ဆား အလှူ ခံပါတယ်။ ဗာရာဏသီမင်းက ဟရိတစ ရသေ. ကို မြင်မြင်ချင်း ကြည်ညိုသွားပြီး နန်းတော်ထဲက ဥယျာဉ်ထဲမှာ သိတင်းသုံးစေပါတယ်။

တစ်နေ.မှာ ဗာရာဏသီမင်းက စစ်ထွက်ဖို. ကြုံလာပါတယ်။ ဒါကြောင့် စစ်ထွက်ခါနီးမှာ ဆရာရသေ.ကို ကောင်းကောင်းလုပ် ကျွေးဖို. မိဖုရားကို မှာခဲ့တယ်။

မိဖုရားက မင်း မှာတဲ့ အတိုင်း ဆွမ်း ဘောဇဉ်ကို ကောင်းကောင်းပြင်ပြီး ရေချိုး နံ့သာရည် လိမ်းပြီး စောင့်နေ လိုက်ပါတယ်။ ရသေ.ကို စောင့်ရင်းနဲ့ အမှတ်တမဲ့ ကုတင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ မိဖုရား အိပ်ပျော်နေစဉ်မှာပဲ ရသေ.က ဈာန် နဲ့ပြူတင်းပေါက်က ၀င် လာ ပါတယ်။ မိဖုရားက လျှော်တေ သင်္ကန်းသံကြားလို. အမှတ်တစ်မဲ့ အမြန်ထလိုက်တာ ၀တ်ထားတဲ့ ၀တ်ရုံက အောက်လျောကြ သွားပါတယ်။ ရသေ.က မိဖုရားရဲ့ ၀ိသဘာဂ အာရုံကို မြင်လိုက်တော့ ကိုယ်တွင်းမှာ ငြိမ်သက်စွာ တည်နေတဲ့ ကုေ ဋ နှစ်သိန်းလောက် ရှိတဲ့ ကိလေသာ တွေဟာ တစ်ခါတည်း ထကြွလာတယ် လို. ဆိုပါတယ်။ ရထားတဲ့ ဈာန်လည်း ကိလေသာနဲ့ အတူ ကွယ်ပျောက် သွားပါတယ်။ နောက်ဆုံး မိဖုရားနဲ့ မှားယွင်းတဲ့ အထိ ရောက်သွားပါတယ်။

ဗာရာဏသီမင်း ပြန်ကြွလာတော့ ဒီအကြောင်းကို အမတ်တွေက တိုင်ကြပါတယ်။ ဒါပေမဲ့ မင်းက မယုံဘူးလို.ဆိုပါတယ်။ အမတ်တွေက တစ်ယောက် မက တိုင်လာတော့ မင်းက မိဖုရာကို “ သင်ရသေ.နဲ့ မှားယွင်းနေတယ် ဆိုတာ ဟုတ်သလား ” လို. မေးကြည့်ပါတယ်။ မိဖုရားကလည်း မှန်ပါတယ် လို. ၀န်ခံပါတယ်။ ဒါပေမဲ့ မင်းက မယုံပြန်ပါဘူးတဲ့ ။ နောက်ဆုံး ရသေ.ကို တိုက်ရိုက် သွားမေးတော့ ဟုတ်ပါတယ် မင်းကြီးလို. ပြောလိုက်ပါတယ်။ ဒီတော့မှ မင်းက ယုံသွားပါတယ်။

ပြီးတော့ ဟရိတစ ရသေ.က ကိုယ့်စိတ်ကိုယ် ပြန်ဆောက်တည် ယူပါတယ်။ ငါဟာ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ပြီ၊ ငါ့အမှားကို ငါကိုယ်တိုင်ပဲ တည်ဆောက် ယူလို.ရမယ်။ မင်းကြိးလည်း တည်ဆောက်ပေးလို. မရဘူး၊ မိဖုရားကြီးလည်း တည်ဆောင်ပေးလို. မရဘူး၊ ကိုယ့်အမှား ကိုယ် သိတဲ့ သူဟာ ပြုပြင်ယူဖို. မခဲယဉ်းပါဘူး။

ရသေ.က ၊ အဲဒီလို ဆင်ခြင်ပြီး မင်းကြီးကို “ မင်းကြီးရေ ငါ့ကိုခွင့်လွတ်ပါ ၊ငါဟာ မနေသင့်တဲ့ အရပ်မှာ နေခဲ့လို. လူတွေရဲ့ ပါးစပ်ဖျားမှာ ကဲ့ရဲ့ စရာ ဖြစ်ကုန်ပြီ ၊ မိန်းမနံ ကင်းတဲ့ တောဆီကိုပဲ ပြန်ပါရစေတော့ လို. ပြောပြီး တော ကို ပြန်ကြွ သွားပါတယ်။

ပြောလက်စနဲ့ အများကြားဖူးတဲ့ ဓမ္မ ၀တ္တုလေး တစ်ပုဒ်ကိုလည်း ခပ်ကျဉ်းကျဉ်း ထပ်ပြော လိုက်ပါရစေဦး။ အာရုံးနိုးတဲ့ အနေနဲ့ပေါ့ ။

ကဿပ ဘုရားရှင် လက်ထက်က ရဟန်းတစ်ပါး ရှိပါတယ်။ အဲ့ဒီ ရဟန်းက သီလလည်း တော်တော် စင်ကြယ်ပါတယ်။ တစ်နေ.တော့ သူ.ကျောင်းကို အာဂန္တု ကိုယ်တော်တစ်ပါး ရောက်လာပါတယ်။ သူ.ရဲ့ ဆွမ်းကပ်နေကျ ဒကာက ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်နေတယ် ဆိုတာ သိရတော့ မနက်ကျရင် အာဂန္တု ရဟန်းကိုပါ ပင့်ခဲ့ဖို. ဖိတ်သွားပါတယ်။ အဲဒီ အချိန်မှာ ကျောင်းထိုင် ကိုယ်တော် ရဲ့ စိတ်ဟာ အာဂန္တု ရဟန်းကို မနာလို ၀န်တိုတဲ့ စိတ်တွေက တစ်ဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒီတော့ မနက်ဆွမ်းစား သွားခါနီးမှာ လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုး နိုးခဲ့ပါသတဲ့.။ အိမ်ရောက်တော့ ဒကာကို သင့်ကိုယ်တော်ကြီး အအိပ်ကြီးနေတယ် ၊ ခေါင်းလောင်း ထိုးနိုးတာတောင် မနိုးဘူးလို. မိန်.ပါတယ်။

ဒကာကတော့ ရိပ်မိလိုက်ပြီ။ ဒါကြောင့် အာဂန္တု ကိုယ်တော် အတွက် ဆွမ်းထည့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျောင်းထိုင်ကိုယ်တော် က ဒုတိယအကြိမ် မနာလို ၀န်တိုစိတ်တွေ ထပ်ဝင်လာပြန်ရော။ ဒီတော့ ဆွမ်းကိုလမ်းမှာပဲ သွန်ပစ်ခဲ့ပါတယ်။ အဲဒီ မကောင်းတဲ့ စိတ်ဟာ သူ.ဘ၀ရဲ့ တစ်သံသရာလုံးကို ဒုက္ဖပေးခဲ့ ပါတယ်။ သူတင်မကဘူး၊ ရွာ တစ်ရွာ မှာလူ ဖြစ်သွားရင် တစ်ရွာလုံး ဆင်းရဲ တဲ့ အထိပါ။

တကယ်လို.သာ ဒီရဟန်းဟာ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ ချက်ခြင်း သိပြီး ကိုယ့် စိတ်ကလေးကို အကောင်းဆုံး ဖြစ်အောင် ပြန်တည်ဆောက် ယူလိုက်မယ်ဆိုရင် ဇတ်လမ်းက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ခုတော့ ဇတ်လမ်းက မလှတော့ဘူး ဖြစ် သွားပါတယ်။

မင်္ဂလာ (၃၈) ပါးထဲမှာ စာရေးသူ စိတ်ဝင်စားတာက အတ္တ သမ္မာ ပဏိဓိ မင်္ဂလာပါ။ ဘာဖြစ်လို.လဲ ဆိုတော့ အဲဒီ အတ္တ သမ္မာ ပဏိဓိ မင်္ဂလာနဲ့ ဆန်.ကျင်ဘက် ဖြစ်ဖြစ်နေတတ်လို.ပါ ။

အတ္တ သမ္မာ ပဏိဓိဆိုတာ ကိုယ့်စိတ်ကိုယ် မှန်ကြည့်သလို သတိနဲ့ စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ ချက်ခြင်း သိ သိတာနဲ့ ပယ်နိုင်ဖို.ပါ။ ဘယ်လို ပယ်မလဲ ဆိုတော့ ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီး ပါယ်တာနဲ့ ပွားများပြီး ပယ်တာပါ။

“ငါ့မှာ မကောင်းတဲ့ စိတ်တွေ ဖြစ်နေပြီ။ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဟာ ငါ့အောင်မြင်မူ.၊ ငါ့တိုးတက်မူ.၊ ငါ့ဘ၀ ၊ ငါ့အနာဂတ်ကို ငါကိုယ်တိုင် ဖျက်စီးပစ်နေတာပဲ ။ သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက် အောင်မြင်တယ် လို. တစ်ခါ မှ မကြားဘူးသေးဘူး။ စသည် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကိုလည်း သတိကပ်ပြီး

“ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ ” ဆိုပြီး အချက်သုံးဆယ် လောက်မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်နေတဲ့ အချိန်မှာ ကုလားထိုင် ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း မျက်လုံးလေးကို အသာလေး မှိတ်ပြီး မကောင်းတဲ့ စိတ် ဖြစ်နေ တာလေးကို အာရုံ ညွတ်နိုင်သမျှ ညွတ်ပြီး သိနေဖို.လည်း အရေးကြီးပါတယ်။

သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ကို ဆင်ခြင်ပြီး ပယ်ပယ် ပွားများပြီး ပယ်ပယ် ၊ ပယ်နိုင်ဖို.က အဓိကပါ။ ဥပမာ၊ လမ်းသွားရင်း မကောင်းတဲ့ စိတ် ဖြစ်တယ် ဆိုပါစို။ လှမ်းနေတဲ့ ခြေလှမ်းကို ချက်ခြင်း ရပ်ပစ်ပြီး ကိုယ် စွမ်းနိုင် သမျှ နည်းနဲ့ ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အသွားမှာ ဖြစ်တဲ့ မကောင်းတဲ့ စိတ်ကို အသွားမှာပဲ ပယ်ပစ်နိုင်ဖို.ပါ။

ဒီလိုပါပဲ၊ ကားစီးရင်း ပဲဖြစ်ဖြစ်၊ ဧည့် ခံပွဲ တက်ရင်းပဲ ဖြစ်ဖြစ် ထိုင်ရင်းပဲ ဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ် ဖြစ်တာနဲ့ သိ၊ သိတာနဲ့ ပယ် ပစ်ဖို.ပါ။

အကျင့်တစ်ခု ဆိုတာ ကျင့်ယူရတာပါပဲ ။ အတိတ်ဘ၀က အကုသိုလ် အထုံတွေ များခဲ့တော့ အတိတ် အထုံတွေရဲ့ လွမ်းမိုး မူ.ကြောင့် ကျင့်စမှာ နည်းနည်း ခက်ရင်ခက်မယ်။ ကျင့်ပါ များလာရင် အဆင်ပြေသွားပြီး အလေ့ အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်.။ ဒါဆို အလေ့ အကျင့်က တစ်ခု ဖြစ်နေပြီး မကောင်းတဲ့ စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ စတဲ့ ကောင်းတဲ့ စိတ်ကလေးတွေ ၀င်လာပါ လိမ့်မယ်။

အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း ၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း ၊ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း၊ စသည်တွေကို အတ္တသမ္မာပဏိဓိက လူသား တစ်ယောက် အတွက် များစွာ ပြဌန်း ထားပါတယ်။

ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး ၊ အလုပ်မရွေး၊ ရိယာပုထ် မရေါး ကျင့်လို. ရတဲ့ အကျင့်လေး တွေကို ကျင့် ကြည့်လိုက် စမ်းပါ။ အောင်မြင် စေချင်လို.ပါ။

စာဖတ်သူ- စကားလေး တစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့ နေ.ဟာ ကိုယ့်အောင် မြင်မူ. ၊ ကိုယ့်တိုးတက်မူ. ၊ ကိုယ့် အနာဂတ်ကို ၊ ကိုယ်တိုင်ဖျက်စီး ပစ်လိုက်တဲ့ နေ.ပါပဲ။ တကယ်ပါ။ အကြားနဲ့ ပြောတာ မဟုတ်ဘူး၊ ကိုယ်တွေ. မို.လို. ပြောတာပါ။

အလင်းတန်း ဂျာနယ် (၆.၈.၂၀၀၃)
ရေးသားသူ- ရဝေနွယ် (အင်းမ)
Shared from Sabishii Hana (FB)

Sunday, November 18, 2012

အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ဇနီးမီရှ်အိုဘားမား၏ ကျန်းမာရေးအောင်မြင်ရေး လျှို့ဝှက်ချက်များ .......




အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ဇနီးမီရှ်အိုဘားမားရဲ့ နံပါတ်တစ် ကျန်းမာရေး စည်းမျဉ်းက “ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ခွင့်ပြုပါ” ဆိုတာပါပဲ။ Prevention မဂ္ဂဇင်းမှ အယ်ဒီတာချုပ် Liz Vaccariello နဲ့ တွေ့ဆုံတဲ့ အင်တာဗျူးမှာ သူရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။ ဒါကြောင့် မီရှဲလ်အိုဘား
မား ကျင့်သုံးတဲ့နည်းလမ်းတွေထဲကအတုယူဖွယ် နည်းလမ်းတချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ခွင့်ပြုပါ
ကျန်းမာရေးကောင်းမွန်ခြင်းဆိုင်ရာမှာ ခန္ဓာကိုယ်ကျန်းမာရေးတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အစားအသောက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အစ အားလုံး အကျုံးဝင်ပါတယ်။ အထူးသဖြင့် ပျော်ရွှင်မှုဟာ အရာရာတိုင်းနဲ့ ဆက်နွယ် နေပါတယ်။ ဘယ်အရာတွေက ကိုယ့်ကို တကယ် ပျော်ရွှင်စေတာလဲ ဆိုတာ ကိုယ်တိုင် သိပြီး ကိုယ်တိုင် ရွေးချယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်နှစ်သက်တဲ့ လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်နှစ်သက်တဲ့ လေ့ကျင့်ခန်းနဲ့ ကိုယ့်အတွက်အဆင်ပြေမယ့် လေ့ကျင့်ခန်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရေရှည်လုပ်ဖြစ်မှာပါ။ မီရှဲလ်အိုဘားမားကတော့ လက်မောင်း လေ့ကျင့်ခန်းကို အဓိက လုပ်လေ့ရှိပါတယ်။ သူဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ တစ်ခါတည်း ဆက်တိုက် အကြာကြီး မလုပ်ဘဲ အချိန်ကာလ အပိုင်းလေးတွေ ခွဲပြီးလုပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပိုင်းတစ်ပိုင်း ပြီးသွားတဲ့အခါတိုင်း ပျော်ရွှင်ရတယ်လို့ ပြောပြ ခဲ့ပါတယ်။

ငယ်ရွယ်စဉ်ကတည်းက ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ငယ်ရွယ်စဉ်ကတည်းက ထိန်းသိမ်းထားတာ အကောင်းဆုံး ပါပဲ။ မီရှဲလ်အိုဘားမားက အကောင်းဆုံး ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို ထိန်းသိမ်းရတာဟာ အသက်ကြီးလာတဲ့အခါ ပိုခက်လာတယ်လို့ ဆိုပါတယ်။ “ကျွန်မ ငယ်စဉ်တုန်းကတော့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းလုပ်နိုင်ရင် လုပ်နိုင်သလောက် ကိုယ်စားချင်တာ စားလို့ရတယ်။ တကယ်လို့ လေ့ကျင့်ခန်း မလုပ်နိုင်ရင်လည်း အစားဆင်ခြင်လိုက်ရုံနဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်။ ဒါပေမယ့် အခုတော့ ဒီနှစ်မျိုးလုံးကို လုပ်နေရတယ်။ ငယ်ရွယ်တဲ့သူတွေကို အခုကတည်းက ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အကြံပြုချင်ပါတယ်။ ဒီအချိန်မှာ ထိန်းရတာပိုလွယ်ပါတယ်” လို့ အကြံပေး သွားပါတယ်။

အသင့်အတင့်စားပါ
မီရှဲလ်အိုဘားမားဟာ ဟမ်ဘာဂါတွေ၊ အာလူးကြော်တွေနဲ့မုန့်တွေကို ကြိုက်နှစ်သက်သူပါ။ သူကြိုက်တဲ့ ဒီအစားအစာတွေကို လုံးဝမစားရရင် စိတ်ဓာတ်ကျလာမှာပဲလို့ ဆိုပါတယ်။ ဒါကြောင့် ဒီအစားအစာတွေကို လုံးဝမစားဘူးလို့ မငြင်းဘဲ အသင့်အတင့်သာ စားပါတယ်။ သူ့သမီးတွေကိုလည်း ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ကယ်လိုရီများတဲ့ ဒီလို အစားအစာ တွေကို လုံးဝမစားခိုင်းတာမျိုး မလုပ်ဘဲ အသင့်အတင့် စားခွင့်ပြုတယ်လို့ ဆိုပါတယ်။ ဒီလို အစားအစာတွေကို နေ့စဉ် ညစဉ်တော့ မစားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ
မီရှ်အိုဘားမားဟာ အအိပ်ကြီးသူပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ မနက် ၄ နာရီခွဲမှာ အိပ်ရာထပါတယ်။ ဒါကြောင့် ညဘက်မှာ ၈ နာရီဆိုရင် အိပ်ချင်လာပြီလို့ ဆိုပါတယ်။ ည ၁၀ နာရီနောက်ဆုံးထားပြီး အိပ်ရာဝင်လေ့ရှိပါတယ်။ ဒါကြောင့် အိပ်ရေးဝပြီး မနက်ခင်းမှာ နှိုးစက်သံ မမြည်ခင် အမြဲနိုးလေ့ရှိပါတယ်လို့ ဆိုပါတယ်။

အသားအရေကို ထိန်းသိမ်းစောင့်ရှောက်မှုကို အခြေခံတော့ လုပ်ပါ
မီရှဲလ်အိုဘားမားဟာ သမ္မတကတော်ဖြစ်တာကြောင့် အလုပ်များသူပါ။ ဒါကြောင့် အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှုအတွက် အချိန်အများကြီး မပေးနိုင်ပါဘူး။ ဒါပေမယ့် အခြေခံထိန်းသိမ်းမှုတွေကိုတော့ မဖြစ်မနေ လုပ်ပါတယ်။ အရည်အသွေး ကောင်းတဲ့ သန့်စင်ရည် (Cleanser) နဲ့ မျက်နှာသစ်ပြီး နေရောင်ကာ လိမ်းဆေးပါတဲ့ အစိုဓာတ်ထိန်းဆေး (Moisturizer) ကိုတော့ ပုံမှန်လိမ်းလေ့ရှိသူ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အရေပြားအထူးကုဆရာဝန်ဆီ သွားလေ့ရှိပါတယ်။

မိခင်ဘဝမှာ ဟန်ချက်ညီအောင် ထိန်းနိုင်ပါစေ
မီရှဲလ်အိုဘားမားရဲ့ အမေဟာ သားသမီးတွေကို အမြဲတမ်း ဦးစားပေးနေရာမှာထားပြီး တစ်ခါတစ်ရံ သူ့ကိုယ်သူ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ တကယ်တော့ သားသမီးတွေကို ပြုစုစောင့်ရှောက်နေစဉ်မှာ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မိခင်ကောင်း တစ်ယောက်အဖြစ်နဲ့ လေ့ကျင့်ခန်းလုပ်နိုင်တယ်။ အနားယူနိုင်တယ်။ အသက်မွေးမှု လုပ်ငန်းတွေ လုပ်နိုင်တယ်။ အရေးကြီးတာက ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ပါပဲလို့ မီရှဲလ်အိုဘားမားက ပြောပြခဲ့ပါတယ်။

ကိုယ့်အသက်ကိုယ် လက်ခံပါ
“အသက်ကြီးလာတာအတွက် စိတ်ပျက်စရာ မရှိပါဘူး။ အမေဆိုရင် အသက် ၇၂ နှစ်ရှိပြီ။ သူ့ကိုကြည့်ရတာ ပျော်နေတာပဲ။ ကြည့်လို့လည်းကောင်းတယ်။ ကျွန်မအတွက်လည်း အသက်ကြီးလာတာနဲ့အမျှ အရာရာတိုင်းက ပိုကောင်းလာတာပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးထိန်းချုပ်လာနိုင်တယ်။ ကျွန်မ ရည်မှန်းချက်ကတော့ ကျွန်မ အသက် ၇၀ အရွယ်မှာ ကြည့်ကောင်းနေဖို့ပဲ။ အသက် ၇၀ ရောက်မှာကို စိတ်မညစ်ပါဘူး။ ဒါပေမယ့် လူတွေက အိုး၊ အသက် ၇၀ ရှိပြီလားလို့ တအံ့တဩပြောတာမျိုးကို လိုချင်ပါတယ်” လို့ မီရှဲလ်အိုဘားမားက ရယ်ရယ်မောမော ပြောပြသွားပါတယ်။

အထောက်အပံ့ရှာပါ
“တစ်စုံတစ်ရာကြောင့် စိတ်ညစ်ရတဲ့အခါ တစ်ယောက်တည်းခံစားနေတာထက် ခံစားမှု တွေကို မျှဝေခြင်းက ကိုယ့်ကိုပိုပြီး တည်ငြိမ်စေပါတယ်။ ဒါကြောင့် အဖြေမရှိရင်တောင် ကိုယ့်သူငယ်ချင်း၊ ဇနီး၊ ခင်ပွန်း၊ မိဘတွေကို ပြောပြပါ။ ကျွန်မအတွက်တော့ အနားမှာ အမေရှိတာက သိပ်ကောင်းပါတယ်” လို့ မီရှဲလ်အိုဘားမားက ပြောပြပါတယ်။

ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ပါ
“ဘားရက်အိုဘားမားက ကျွန်မကို ဆွဲဆောင်နိုင်တဲ့အခက်တွေထဲက တစ်ခုကတော့ သူဟာ ရိုးသားတာပါ။ သူခံစားရတာကို ဟန်မဆောင်ဘဲ ချက်ချင်း ထုတ်ပြောတတ် ပါတယ်။ ဒါဟာ ဆက်ဆံရေး အခြေအနေ ကောင်းမွန်ဖို့ အရေးကြီးတဲ့ အချက်ပါ” လို့ မီရှဲလ်အိုဘားမားက ပြောကြားသွားပါတယ်။


Shared from Mg Mandalay (FB)

Saturday, November 17, 2012

စကားပုံများ(၂)

လယ်ထွန်သွား နွားမေ့

လယ်ထွန်သည့်အခါတွင် ထွန်တုံးထွန်တံနှင့် နွားပါရသည်ဖြစ်ရာ လယ်သမား တစ်ယောက်သည် လယ်ထွန်ရန် လယ်ထဲသို့သွားသောအခါ ထွန်တုံးထွန်သံကိုသာ ထမ်းပိုးယူလာခဲ့၍ နွားကိုမေ့ချန်ထားခဲ့သည်ဟု ဆိုလိုသည်။ မေ့လျော့တတ်သူသည် မမေ့မလျော့သင့်သော အဓိကသတိထားရမည်ကိုပင် မေ့လျော့လွန်းသည့်အခါတွင် အပြစ်တင်သည့်အနေဖြင့် သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

အိမ်သာတက် စက္ကူမပါ။
ဝမ်းနှင့်မလွယ် သားမမည်

မိမိဝမ်းနှင့်လွယ်၍ မွေးရခြင်းမရှိသော မွေးစားသမီးတို့သည် မိမိတို့၏ သားသမီးရင်းများနှင့် ထပ်တူထပ်မျှ သားသမီးဟုမည်တွင်ရလောက်အောင် ကျေးဇူးသိ၊ ခင်တွယ်တတ်ခြင်းမရှိဟုဆိုလိုသည်။ မွေးစားသားသမီးတို့အား အစစ်အမှန်အားမကိုးရကြောင်းကို သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

ခလုတ်ထိမှ အမိတ

ဘေးအန္တရာယ် မရှိသေးစဉ်အခါက မိဘကျေးဇူးကို သတိမရဘဲ ဘေးဒုက္ခတစ်စုံ တစ်ခုကြုံတွေ့သောအခါတွင်မှ `အမယ်လေး အဖလေး´စသည်ဖြင့် မိဘကို အားကို ရာအဖြစ် တမ်းတမြည်တမ်းတတ်ကြသည်ဟု ဆိုလိုသည်။ ကြိုတင်သတိမူ ဆင်ခြင်ခြင်းမရှိဘဲ ဖြစ်လာသောအခါတွင်မှ နောင်တရခြင်း၊ ပူပန်ခြင်းဖြစ်ရတတ်ပုံကို ရှုတ်ချ၍ သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

အလျင်လို လမ်းအိုလိုက်

ခရီးလမ်းတွင် အလျင်လိုသောအခါ လမ်းသစ်ကိုရှာ၍ လိုက်ပါက လမ်းထွင်၊ ရှာရသည်နှင့် ပို၍ဖင့်နှေး ကြန့်ကြာတတ်သဖြင့်ထွင်ပြီး လမ်းဟောင်းလမ်းရိုးကိုသာ စိတ်ချလက်ချ လိုက်တတ်သည်ဟုဆိုလိုသည်။ နည်းစနစ်လမ်းဟောင်းတို့သည် ခိုင်လုံကောင်းမွန်စိတ်ချရအောင် စမ်းသပ်ပြီး ဖြစ်တတ်ပုံကို ထင်ရှားစေလိုရာ၌ သုံးသည်။

နီးစပ်သောစကားပုံများ

ရှေးထုံလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်။
ရှမ်းကြိုက် နွားချော

ရှမ်းအမျိုးသားတစ်ဦးတစ်ယောက်က နွားကိုရွေးချယ် ၀ယ်ယူသောအခါ ထိုရှမ်းအမျိုးသား အကြိုက်ရွေးထားသော နွားသည် ထိုရှမ်းအဖို့ နွားချောကဲ့သို့ပင် အကြိုက် တွေ့စေပြီး ဖြစ်သည်ဟုဆိုလိုသည်။ နွားချောကဲ့သို့ပင် အကြိုက်တွေ့စေပြီး ဖြစ်သည်ဟုဆိုလိုသည်။ နွားချောကိုသာ လူများကြိုက်တတ်သည်ဖြစ်ရာ ရှမ်းအမျိုးသားအဖို့မှာ သူကြိုက်သော နွားဖြစ်လျှင် သူ့အဖို့ နွားချောဟုပင်ဆိုနိုင်သည်။ (အချို့ ရှမ်းအမျိုးသားသည် နွားမရွေးတတ်သဖြင့် သူရွေးလျှင် နွားချောမုချသာဖြစ်သည်ဟုလည်း ယူဆကြသေးသည်။) မိမိစိတ်၌ ကြိုက်နှစ်သက်သောအရာသည် ပကတိအားဖြင့် ချောမောသည်ဖြစ်စေ၊ မချောမောသည်ဖြစ်စေ စိတ်ဆန္ဒ၌ ချောမောပြီးသားဖြစ်သည်ဟု
ဆိုလိုရာ၌ သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

ကိုယ်ထင် ကုတင်ရွှေနန်း။
လွတ်တဲ့ငါး ကြီးသည်

တံငါသည်တစ်ယောက်သည် ငါးဖမ်းရာတွင် ငါးအချို့မိ၍ ငါးအချို့လွတ်သွား သည်တွင် သူမိသောငါးများ မည်မျှကြီးကြောင်းကြွားဝါရုံသာမက အထောက်အထားပြစရာမလိုသော လွတ်သွားသည့် ငါးများသည် အဆပေါင်းများစွာ ကြီးသေးကြောင်းကြွားဝါသည်ဟုဆိုလိုသည်။ မျက်မြင်ထင်ရှား တင်ပြခြင်းမပြုသာသော ကိစ္စမျိုးတွင် ပိုလွန်ချဲ့ကား၍ ပြောရာတွင်လည်းကောင်း မပိုင်ဆိုင်နိုင်သောအရာကို ပိုလွန်အထင်ကြီး၍
ပြောဆိုရာတွင်လည်းကောင်း တင်စား၍ သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

အဖိုးအသက်ရာကျော်သည်။
ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာသည်

ချေးမယိုချင်သေးမီက အိမ်သာအဘယ်မှာ ရှိသည်ဟု အမှတ်မထားဘဲ ချေးယိုချင်လာသောအခါကျမှ ချေးခံတွင်းပေါက်ရှာသည်ဟု ဆိုလိုသည်။ မိမိ ပြုလုပ်ဆောင်ရွက်ရမည့် ကိစ္စအတွက် ကြိုတင်ပြင်ဆင်မထားဘဲ လက်တွေ့ပြုလုပ် ဆောင်ရွက်ရမည့် အချိန်တွင် အပူတပြင်း ပျာပျာသလဲရှာဖွေစူးစမ်း ပြင်ဆင်လုပ်ကိုင်ခြင်းမျိုးကို ရှုတ်ချ၍ ဆိုသည်။

နီးစပ်သောစကားပုံများ

မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်

အင်းဝသတိုးမင်းဖျား နတ်ရွာစံသော် သားတော်မရှိသဖြင့် မှုးမတ်တို့က ရမည်းသင်းစား သီလ၀ကို ထီးနန်းအပ်ရာ သီလ၀ကမင်းမလုပ်လိုသောကြောင့် မမြင့်မြို့စား တရဖျား စော်ကဲ (မင်းကြီးစွာစောကဲ)ကို မင်းမြှောက်ရန် အကြံပေးသည့် အတိုင်း မင်းမြှောက်ကြသည်တွင် မင်းကြီးစွာစော်ကဲသည် မရည်ရွယ်ဘဲ မင်းဖြစ်ရသည်ဟုဆိုလိုသည်။ မမျှော်လင့် မရည်မှန်းဘဲ ကြီးမြင့်ခြင်းသို့ ရောက်ရသည့်အခါတွင် သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

မခြောက်ဘဲ လူရဲထင်သည်။
မမျှားတတ်ဘဲ ငါးဟပ်သည်။
ကွာပါဆိုတော့ သူများက လွမ်းတော့ ကိုယ်က

သူတစ်ပါးက ကွာလိုက်ဟုစေ့ဆော်တိုက်တွန်းသဖြင့် လင်နှင့်ကွာပြီးနောက်မှ လွမ်းတစရာ ရှိသောအခါ မိမိကသာ လွမ်းစေရ၍ တိုက်တွန်းသူများလာ၍ လွမ်းမပေးနိုင်ကြသည်ကို ဆိုလိုသည်။ မိန်းမတစ်ယောက်သည် လင်နှင့်စိတ်အခန့်မသင့်မသောအခါ အိမ်နီးချင်းများက လင်ကိုကွာပစ်လိုက်ရန် တိုက်တွန်းသဖြင့် သွေးပူခိုက်ဖြစ်သောကြောင့် အိမ်နီးချင်းများစကားကို နားယူကာ စိတ်လိုက်မာန်ပါ ကွာလိုက်လေတော့သည်။ ထို့ကြောင့် သွေးအေးသွားသောအခါတွင် လင်ကို လွမ်းဆွတ်၍ တသသဖြစ်နေတော့သည်။ ထိုအခါမှ မိမိ စိတ်လိုက်မာန်ပါ ကွာရှင်းလိုက်မိသည်မှာ မှားကြောင်းသိလာ၍ ကွာပါဟုအကြံပေးသူများမှာ အခြားသူများဖြစ်သော်လည်း တကယ့်လက်တွေ့ လွမ်းတရသူမှာ အခြားသူ
မဟုတ်ဘဲ မိမိ သာဖြစ်နေပါကလားဟု ရေရွတ်လေတော့သည်။ အခြားသူများအဖို့ ကိုယ်တိုင်ခံစားတွေ့ကြုံရခြင်းမရှိဘဲ အကြံပေးတိုက်တွန်းရုံမျှသာ ဖြစ်သောလည်း တကယ့်လက်တွေ့ ဆောင်ရွက်သူများ အကျိုးအပြစ်ကို လက်တွေ့ခံစားရ သည်သာဖြစ်သဖြင့် မိမိအရေးကို မိမိကိုယ်တိုင်သာလျှင် စဉ်းစားချိန်ဆပြီးနောက် ဆောင်ရွက် သင့်မှသာ ဆောင်ရွက်ရမည်ဖြစ်သည်။
သူတစ်ပါးအကြံကို လိုက်သင့်မှ လိုက်ရမည်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမည်ဖြစ်၍ ကိုယ်ပြုသလို ကိုယ်ခံစားရမည်ဖြစ်ကြောင်းကို လေးနက်စေရန်အတွက် ထိုဥပမာကို ခိုင်းနှိုင်းပြောဆို သည်။

နီးစပ်သောစကားပုံများ

မရှိတာထက် မသိတာခက်

ပစ္စည်းဥစ္စာ မရှိဆင်းရဲခြင်းသည် ဒုက္ခအခက်အခဲ တွေ့ရတတ်သည်ဟုဆိုရ သော်လည်း ပညာဗဟုသုတမရှိ၊ အကောင်းအဆိုးမဝေခွဲတတ်သော မသိခြင်းကား ဒုက္ခအခက်အခဲကို ပို၍ရောက်စေသည်ဟုဆိုလိုသည်။

နီးစပ်သောစကားပုံများ

မသိတာထက်၊ မလုပ်တာခက်။
စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့် 

အဖိုးတန် စိန်ကောင်း ကျောက်ကောင်း အရောင်းအ၀ယ်စကားပြောနေရာတွင် အဖိုးမတန်သော ဆေးရိုးသည်ကလည်း မိမိဆေးရိုးရောင်းချရရေးအတွက် ကြားဝင်၍ ပြောဆိုစွတ်ဖက်နေသည်ဟုဆိုသည်။ အရေးကြီးသော ဆွေးနွေးဆောင်ရွက်ရာတွင် အရေးမကြီးသော ကိစ္စကို စွတ်ဖက်ပြောဆိုခြင်းကို ရှုတ်ချဟန့်တားသည့်သဘောဖြင့် ခိုင်းနှိုင်းသုံးသည်။

နီးစပ်သောစကားပုံများ

စည်တီးရာ အီးမှောင့်
သမင်မွေးရင်း ကျားစားရင်း

ဘ၀အဆက်ဆက်က အတုံ့အပြန် ဆုတောင်း၍ ရန်ဖက်ပြုခဲ့ရာမှ တစ်ဦးက သမင်ဖြစ်၍ သားမွေးသော် တစ်ဦးက ကျားဖြစ်၍ စားပစ်သည့်ပုံကို ရည်၍ဆိုသည်။ အကျိုးဖြစ်ပေါ်လာတိုင်း ပျက်စီးကုန်သည့်အခါတွင် အဖက်မတင်နိုင်သည့်အခါတွင် သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

အိတ်ပေါက်နှင့် ဖားကောက်သည်။
အငင်မတက်လျှင် ပန်းလျက်နှင့်မရ၊ အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ

အယူအငင် အချက်အလက် သိကျွမ်းသလိမ္မာခြင်းမရှိလျှင်ပင်ပန်းအောင် အားထုတ်သော်လည်းမရနိုင် အပြုအပြင် အဆင်ယင်မတတ်ကျွမ်းလျှင်လည်း အသွေးအဆင်ဆန်း စေကာမူ လှပခြင်းမရှိနိုင်ဟု ဆိုလိုသည်။ ပစ္စည်းဝတ္ထုထက်အသုံးပြုတတ်ခြင်းနည်းစနစ် ကျွမ်းကျင်ခြင်းကို ပို၍တနဖိုးထားသောအားဖြင့် သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ
ခလုတ်ထိမှ အမိတ

ဘေးအန္တရာယ် မရှိသေးစဉ်အခါက မိဘကျေးဇူးကို သတိမရဘဲ ဘေးဒုက္ခတစ်စုံ တစ်ခု ကြုံတွေ့သောအခါတွင်မှ `အမယ်လေး အဖလေး´စသည်ဖြင့် မိဘကို အားကို ရာအဖြစ်
တမ်းတမြည်တမ်းတတ်ကြသည်ဟု ဆိုလိုသည်။ ကြိုတင်သတိမူ ဆင်ခြင်ခြင်းမရှိဘဲ ဖြစ်လာသောအခါတွင်မှ နောင်တရခြင်း၊ ပူပန်ခြင်းဖြစ်ရတတ်ပုံကို ရှုတ်ချ၍ သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

လူမိုက်နောက်မှ အကြံရ

လူမိုက်တို့သည် ဉာဏ်ပညာနည်းပါးသူဖြစ်သည့်အတိုင်း အကြောင်းရှိသည့်အခါ ဉာဏ်ထုတ်ကြသည်တွင် လူမိုက်သည် နောက်ဆုံးမှ အကြံဉာဏ်ရတတ်သည်ကိုဆိုလိုသည်။ လူမိုက်သည် ဉာဏ်ထုံနေခြင်းကို ရည်ရွယ်၍ သုံးသည်။ အချိန်အခါနှင့် မိအောင် အကြံဉာဏ်ကောင်းမရဘဲ အချိန်လွန်မှ အကြံအစည်ကောင်းရရှိခြင်းကို ဆိုလိုသည်။

နီးစပ်သောစကားပုံများ

ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ

ကျိုးသောသူသည် ဣနြေ္ဒမပျက်ထိုင်နေသောအခါ ကျိုးသည်ဟု မသိသော်လည်း အငြိမ်မနေဘဲ ထ၍သွားပြသောအခါ အကျိုးဖြစ်မှန်းကို အခြားသူများ သိခွင့်ရသည်ဟု ဆိုလိုသည်။ သာမန်အားဖြင့် ဣနြေ္ဒရစွာနေထိုင်သောအခါ အပြစ်အနာ ချို့ယွင်းချက်တို့ကိုသူတစ်ပါးက မသိနိုင်ပေရာ ဣနြေ္ဒရစွာမနေဘဲ ဆပ်ဆော့၍ တစ်စုံတစ်ရာ အစွမ်းပြသမည်ပြုသောအခါ မစွမ်းကြောင်းကို အများအားဖွင့်ထုတ်ပြသကဲ့သို့ ရှိနေသဖြင့် မူလအတိုင်းနေသည်ကမှ တော်သေးသည်။ လှုပ်ရှားသောအခါ အခြေအနေမှန်ပေါ်သွားသည်ဟု အငြိမ်မနေ၊ ဣနြေ္ဒမစောင့်စည်းခြင်းကို အပြစ်တင်၍ သုံးနှုန်းသည်။

နီးစပ်သောစကားပုံများ

ကရိုးမက၊ ဆန်းက၍ အရှက်ကွဲ။

Shared from Ma Moenge Aung (FB)

တိုရှင်း ပြတ်သားသော သြ၀ါဒများ

၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။

၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။

၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊

၎။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။

၅။ ပညာ ဆိုတာ စာပေကိုသာ ပြောတာမဟုတ်ဘူး၊ သူ့အရွယ် နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှု့အတတ် အားလုံး ပါဝင်တယ်၊

၆။ ဆရာ ဆိုတာ တပည့်ကို တော်တော်များများမြင်မှ ဆရာလုပ်ရတယ်၊ ဘယ်သူ ဟာ ဘယ်လို အရည်အချင်း ရှိတယ် ဆိုတာ မြင်၇တယ်။ တချို့ တပည့်တွေဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဘယ်လောက်ပင် ဥာဏ်ကောင်းနေပါစေ ဆရာက မကောင်းလျင် လုံးလည်လိုက်ပြီး မတိုးတက်တော့ဘူး။

၇။ လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်၊ ကောင်းတာကိုပဲ ခံစားချင်ကြတယ်၊ အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး၊ အကြောင်းမကောင်းလျင်တော့ အကျိုးလဲ ခံစားရမှာ မဟုတ်ဘူး၊

၈။ ယခု ဘုန်းကြီးတို့ သာသနာမှာ ငွေ ကုန်တွေ များနေတယ်၊ ဘုရားပွဲ အလှူပွဲ ကထိန်ပွဲ တွေမှာ မလိုအပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေ များနေပြီး သုံးဖြုန်းနေကြတာပဲ။

၉။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်း ခံချင်တာ လောဘ၊ ဂုဏ်လိုချင်တာ လောဘ၊ နတ်ပြည်ရောက်ချင်တာလဲ လောဘပဲ။

၁၀။ သူတော်ကောင်း ဆိုတာ သူများနဲ့ ဆက်ဆံလျင် ကိုယ်က အနာခံရတယ်၊ လောဘ ဒေါသတွေကို တတ်နိုင်သမျှ လျော့ချ ထားရတယ်။

၁၁။ သံသရာ အရှည် နှင့် ပုထုဇဉ် အရူး -

ခရီးက ရှည်၊ အရူးတွေ၊ စာရေ ( ရိက္ခာ )က သိုး၊ အဖော် ဆိုးသနင့်၊ အမျိုးမျိုး ကာမဂုဏ် အာရုံတွေ အလွန်နောက်တာကြောင့်၊ အပါယ်ဘုံ ခါခါ ရောက်သော်လည်း လွတ်မြောက်ဖို့ ဝေး။

(က) သံသရာ ခရီးက အလွန် ရှည်၏။

(ခ) ခရီးသွားသူတွေက အရူးအနှမ်းတွေသာ၊

(ဂ) သူတို့၏ ဂုဏ် ပကာသန ဒါန သီလ ဘာဝနာ စားနပ် ရိက္ခာသည် နိဗ္ဗာန် မရောက်ခင် ပုပ်သိုးလိမ့်မည်။

(ဃ) သူတို့၏ အဖော်ကား အမြဲပါနေသော တဏှာ ဖြစ်၏။

(င) ထို့ကြောင့် အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွတ်မြောက်ဖို့ အဝေးကြီး ဖြစ်နေ၏။

၁၂။ ကုသိုလ် အကုသိုလ် ဘာကိုပဲဖြစ်ဖြစ် လုပ်မိတဲ့ အခါ သေးငယ်တယ်၊ အကျိုးပေးမှာ မဟုတ်ဘူးလို့ အထင်မသေးကြနဲ့။ တံစက်မြိတ် အောက်မှာ ချထားတဲ့ ရေအိုးစရည်းကြီးဟာ တစက်ချင်း ကျသော်လည်း မကြာမီ ပြည့်လာသလို နောင်တချိန်မှာ အကျိုးပေးမှာပဲ။

၁၃။ မွေးနေ့ ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊

ငါသည် တနှစ်ပို၍ သေဖက် နီးလာပြီ လို့ ဆင်ခြင်ရမယ်၊ အောက်က လင်္ကာလေးကို မရသေးရင် ရအောင် ရွတ်ပြီး မရဏာ နုဿတိ ဘာဝနာဖြစ်အောင် ရွတ်ပါ၊

ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊

ခဏမစဲ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ၊

မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်၊

အနိစ္စ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ။

၁၄။ သီလ မကောင်းဘဲ ဘာဝနာကို တက်ဖို့ စိတ်မကူးနဲ့၊

သီလ မကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး၊

သူများအထင် မသေးအောင် ဂုဏ်ရှိအောင် ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ ဒါနဖြစ်တယ်။

၁၅။ မင်းစည်းစိမ် ကို မင်းရဲ့သားက စိတ်ကူးတယ်၊ သူတောင်းစားက စိတ်မကူးပါ၊ ရဟန္တာ အဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးတယ်၊ သူယုတ်မာက သတိပင် မရပါ။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ သြ၀ါဒများကို ကောင်းနိုးရာရာ သင့်သလို ဖော်ပြပါသည်။

Shared from Ma Moenge Aung (FB)

အဘိဓမ္မာပညာ သင်ယူခြင်း ဘ၀မှာ အရေးကြီးပုံ

မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။
(ဇေယျာနောင်(စင်္ကာပူ))

ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ်မဟုတ်လား၊ (သိပါတယ်ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက်ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေးကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ့်လေ့လာချင်တယ် ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား သိဖို့ရာ အဘိဓမ္မာကို လေ့လာမှ ပိုပြီးသိတယ်။

အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြားစိတ်ဖြာ ပြီးတော့ သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာ လေ့လာခြင်းဖြင့် ပိုပြီး ထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင် ဝိပဿနာကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာ ဘာ သာရပ်ကို လေ့လာထား ရမယ်။ ဒါဟာအရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာ သင်ထားတဲ့
အတွက်ကြောင့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နားလည်လာတယ်။ ကိုယ့်အကြောင်းကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာ အမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင်မယ်မဟုတ်လား မင်းဘယ်ဘဝကလာတယ်ဆိုတဲ့ Quention ကို ဘယ်လိုဖြေမလဲ။ ဘယ်ကလာတာတုန်း ဘယ်သွားမှာ
တုန်းဆိုတဲ့ မေးခွန်းတွေ ကြတော့ မဖြေနိုင်တော့ဘူးလေ။

ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ်ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ် ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ် ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင် တယ်ဆိုရင် အဲဒါတွေနား လည်မှ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိတယ် ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိဖို့အတွက်က အဘိဓမ္မာဘာသာရပ်
ဟာ အရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။

အဘိဓမ္မဆိုသည်မှာ Profound ဓမ္မ Profound doctrinesပဲ ရုပ်တရားနာမ်တရားတွေနဲ့ ပတ်သက် ပြီးသိရှိဖို့ ဝိပဿနာတရား ကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အကူ အများချည်း ဖြစ်တယ်ပေါ့။ Analytical Knowledge of mind and Matter အထောက်အကူပြု တဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ အဘိဓမ္မာကို နားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကို နားလည်ပြီး ဘဝမှာအမှားနည်း သွားမယ် အမှားနည်းပြီး အမှန်ကိုလုပ်နိုင်မယ် ဖြစ်ခြင်း ကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ ပြောပါရစေ။

(ပါချုပ်ဆရာတော်ဘုရားကြီး စင်္ကာပူတရားပွဲ ပထမနေ့တွင် ဖြေကြားခဲ့သည့်မေးခွန်း
အဖြေလွှာမှ )


Shared from Ukhin Crays (FB)

အတုမဲ့အနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင်၏ အရဟံဂုဏ်တော်မြတ် အကျဉ်း



(က)အရဟံ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား (ကိလေသာ ၁၄ ပါး)
စိတ် အပူလောင် မှန်သမျှ ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ် အညစ်အကြေး မှန်သမျှ ကင်းစင်တော်မူသော မြတ်စွာဘုရား

စိတ် အနောက်အကျိ မှန်သမျှ ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ် အရှုပ်အထွေး မှန်သမျှ ကင်းစင်တော်မူသော မြတ်စွာဘုရား
ကိလေသာတို့ မြူမှုန်လေးမျှပင် မတွယ်ကပ်နိုင်သော မြတ်စွာဘုရား

(ခ)အ ရဟံ ဆိတ်ကွယ်ရာအရပ်မှာပင်လျှင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား

(ဂ)အရ ဟံ လူမင်း ၊ နတ်မင်း ၊ ဗြဟ္မာမင်းနှင့် လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော ဗုဒ္ဓ မြတ်စွာဘုရား

(၁) လောဘကိလေသာ (လောဘစိတ်) ကင်းစင်တော်မူသော မြတ်စွာဘုရား
လိုချင်မှုအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
တပ်မက်မှုအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
သာယာမှုအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
ငြိတွယ်မှုအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
သံယောဇဉ်အားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား

(၂) ဒေါသကိလေသာ (ဒေါသစိတ်) ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ဆိုးခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ပျက်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ညစ်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ကောက်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်တိုခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အလိုမကျခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ရန်ငြိုးဖွဲ့ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ကလဲ့စားချေခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ဝမ်းနည်းခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ပူဆွေးခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
လွမ်းဆွတ်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ပူပန်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၃) မောဟကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အမှန်ကို အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား
အမှားကို အမှားအတိုင်း သိတော်မူသော မြတ်စွာဘုရား
မည်သည်ကမှန်သည် ၊ မည်သည်က အမှားကို အကြွင်းမဲ့ သိမြင်တော်မူသော မြတ်စွာဘုရား

(၄) မာနကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
မာန ကင်းစင်တော်မူသော မြတ်စွာဘုရား
ဘ၀င်မြင့်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ထောင်လွှားခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
မောက်မာခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၅) ဒိဋ္ဌိ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အယူအဆလွဲမှားခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၆) ၀ိစိကိစ္ဆာ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
ယုံမှားသံသယဖြစ်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
မဆုံးဖြတ်နိုင်ပဲဖြစ်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
တွေဝေခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(ရ) ထိန ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
ထိုင်းမှိုင်းခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
လေးတွဲ့ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
ပျင်းရိခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၈) ဥဒ္ဓစ္စ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ပျံ့လွင့်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်မတည်ငြိမ်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ယောက်ယက်ခတ်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်များပြေးလွှားခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၉) အဟိရိက ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
မကောင်းမှုကိုပြုခြင်း၊ ပြောခြင်း၊ ကြံစည်ခြင်းကိုမရှက်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၁၀) အနောတ္တပ္ပ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
မကောင်းမှုပြုခြင်း၊ ပြောခြင်း၊ ကြံစည်ခြင်းကို မကြောက်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၁၁) က္ကသာကိလေသာ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သူတစ်ပါးကြီးပွားခြင်းကို မလိုလားခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
သူတစ်ပါးတိုးတက်ပြည့်စုံခြင်းကို မလိုလားခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
သူတစ်ပါးကြီးပွားခြင်းကို အကြွင်းမဲ့ လိုလားတော်မူသော မြတ်စွာဘုရား

(၁၂) မစ္ဆရိယကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
မိမိတိုးတက်သလို သူတစ်ပါးကို မဖြစ်စေလိုခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
မိမိပြည့်စုံသလို သူတစ်ပါးကို မဖြစ်စေလိုခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား
မိမိကြီးပွားသလို သူတစ်ပါးကို မကြီးပွားစေလိုခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(၁၃) ကုက္ကုစ္စကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
မကောင်းမှု မပြုတော်မူ၍ နောင်တကင်းစင်တော်မူသော မြတ်စွာဘုရား
ပြန်လည်ပူပန်ခြင်းဟူ၍ မရှိတော်မူသော မြတ်စွာဘုရား

(၁၄) မိဒ္ဓကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်ထိုင်းမှိုင်းခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

(မှတ်ချက်….အတုမဲ့အနှိုင်းမဲ့ မြတ်ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်မြတ်များမှာ သင်္ချာကိန်းဂဏန်းဖြင့် ရေတွက်၍မရနိုင်လောက်အောင် အင်္သေချေအနန္တတည်ရှိပါသောကြောင့် အထက်ဖော်ပြပါ အရဟံဂုဏ်တော်အနက်အဓိပ္ပါယ်များကို အကျဉ်းချုပ်ဟုသာ ဖော်ပြရပါကြောင်း)


Shared from Kaung Kin Thit (FB)

Friday, November 16, 2012

ကိုယ်ကြိုက်တာကိုယ်လုပ်

စောသဇင် မှ October 16, 2012 7:20pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောက်ျားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ ဒါနဲ့ တစ်နေ့ တော့ သူ့ ယောကျာ်းကို ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။ အဲ
ဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။

ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။

ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို့ ပဲ တောလိုက်မုဆိုးဘ၀နဲ့  ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလားဘုရား။ ခုလည်းဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့လို့  လျှောက်တော့။ ဆရာတော်က ဒီနားလာခဲ့လို့ခေါ်ပြီး သူ့ ကို အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က “ အား " လို့ ထအော်တာပေါ့။ အဲဒီမှာ ဆရာတော်ကမေးတယ်။ မင်းကို အပ်နဲ့ ထိုးတာကြိုက်လား? တဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ ဘယ်ကြိုက်ပါ့မလဲ ဘုရား။ တပည့်တော်က အပ်နဲ့ မပြောပါနဲ့ ၊ မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို့ ပြောသတဲ့။ ဒီမှာပဲ ဆရာတော်က ဒါဆို မင်းကိုအပ်နဲ့ ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ့ ပစ်၊ မြှားနဲ့ ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေါ့။

လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။ သူများ အသက်ကျသတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။ တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်လေ။ ဒါကြောင့် ဆရာတော်ဟောတဲ့ “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။”ဆိုတဲ့  တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ်။

ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော စာဖတ်သူအပေါင်းတို့လည်း နေ့စဉ် ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံများကို သာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေရရှိခံစားနိုင်ကြပါစေသော်။

တရားအသိဉာဏ်များတိုးပွါးနိုင်ကြပါစေ

****မေတ္တာဖြင့်***

Shared from Ma Aye Aye Cho (FB)

ဆု ဆိုတာ တောင်းတိုင်းပြည့်တဲ့ အရာတစ်ခုလား?


မြတ်စွာအလို၊ ဟောမိန့်ဆိုရှင့်၊

ထိုထိုများစွာ ၊ သတ္တဝါ၌၊


သဒ္ဓါသီလ၊ သုတစာဂါ၊

ပညာတရား၊ ဤငါးပါးနှင့်၊

ပြည့်ငြားသူသာ၊ လိုရာရာလျင်၊

ပတ္ထနာဆုတောင်း၊ တောင်းတိုင်းမုချ၊

ရတတ်စွတည့်။

ပဉ္စဓမ္မာ၊ ဤငါးဖြာနှင့်၊

ကင်းကွာသူပေါင်း၊ ဆုပင်တောင်းလည်း၊

တောင်းတိုင်းမရ၊ ကျမ်းဝယ်ပြ၏၊-တဲ့

မဃဒေဝလင်္ကာမှာ လာတာက
လူတိုင်းလူတိုင်း ဘုရားရှေ့ရောက်တဲ့အခါမှာ ဘယ်လောက်ပင်ဆုတောင်း ဆုတောင်း

၁။ ဘုရားတရားသံဃာ ရတနာမြတ်သုံးပါနဲ့ ကံကံရဲ့အကျိုးတရားကို ယုံကြည်မှုဆိုတဲ့ သဒ္ဓါရယ်

၂။ ကိုယ်ကျင့်တရား ငါးပါးကို လုံခြုံအောင်စောင့်ထိန်းမှုဆိုတဲ့ သီလရယ်

၃။အကြားအမြင်သုတရယ်

၎။ စွန့်ကြဲပေးကမ်းလှူဒါန်းမှုရယ်

၅။ မှန်ကန်တဲ့ အသိပညာရယ်

ဒီငါးပါးမရှိရင် ဘယ်လိုမှ ဆုတောင်းမပြည်နိုင်ပါဘူး

ဒီငါးပါးနဲ့ ပြည်စုံလာပြီဆိုရင်တော့ နှုတ်ကနေဖွင့်ပြီး ဆုမတောင်းပေမယ့် ကိုယ့်ရဲ့ စိတ်ဆန္ဒမှန်သမျှဟာ ပြည့်ဝလာမှာ အသေအချာပါပဲ၊

ဒါကြောင့် တောင်းတဲ့ ဆုတိုင်းပြည့်ချင်တယ်ဆိုရင်တော့ ဒီငါးပါးနဲ့ ပြည့်စုံမှ ဖြစ်ပါမယ်။

သံယုဂ်အဋ္ဌကထာမှာတော့ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ-တဲ့

သီလရှိခဲ့မယ်ဆိုရင်တော့ အဲဒီသီလရှိတဲ့လူရဲ့ စိတ်အလိုဆန္ဒဟာ သန့်ရှင်းစင်ကြယ်လို့ ဘာမဆို ပြည့်ဝနိုင်တယ် တဲ့

ဒါကြောင့် ဆုတောင်းတိုင်းပြည့်ချင်တယ်ဆိုရင်တော့ သီလရှိဖို့ လိုပါတယ်

အားလုံး အားလုံး တောင်းတဲ့ဆုနဲ့ ပြည့်စုံနိုင်ကြပါစေ.......


Shared from Ma Aye Aye Cho (FB)

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၃)

အရှေ့လောကဓာတ်မှ နေရောင်ခြည်နုနု ထွက်ပြူလာပြီး မကြာမှီပင် မြတ်စွာဘုရားရှင် သာဝတ္ထိမြို့တွင်းရှိ အနာထပိဏ်သူဋ္ဌေးကြီး၏ အိမ်သို့ ဆွမ်းစားကြွတော်မူလေသည် ၊ သူဋ္ဌေးကြီးအနာထပိဏ်၏ နေ့စဉ်ပြုနေကြ ဆွမ်းဒါနအလှူဒါနပွဲပေတည်း။

ဘုရားရှင်အိမ်ထဲသို့ ရောက်လျှင် အသံတွေဆူညံစွာ ပြောဆိုနေကြသည်ကို သတိပြုမိတော်မူသည် ။

သို့ဖြစ်၍.. ဒကာကြီး အိမ်မှာလဲ ဆူညံလို့ပါလား ဘာတွေဖြစ်နေတာလဲ ဟု နှုတ်မြွက်မေးတော်လေသော်…မှန်လှပါဘုရား သားအတွက် သုဇာတာလို့ခေါ်တဲ့ ချွေးမလေး တပည့်တော်တို့အိမ်ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်… ချွေးမလေးက အချိုးမပြေပါဘုရား ၊ယောက်ခမတွေကို မလေးစား မရိုသေပါ.လင်ယောင်္ကျားကိုလဲ မထီမဲ့မြင်ပြု လွန်းလှပါသည်၊ ..ဘုရားရှင်ကိုလဲ ရိုသေရမှန်း ပူဇော်ရမှန်း မသိရှာတဲ့ချွေးမလေးပါဘုရား .ဒါကြောင့် တပည့်တော်တို့က၀ိုင်းပြီး သူမကို ပြောဆိုဆုံးမနေတာမို့ အသံတွေဆူညံနေခြင်းဖြစ်ပါတယ်..လို့ သူဋ္ဌေးကြီးက ခြေတော်ဦးတိုက် ပြန်လည်လျှောက်ထား လေသည်။

သုဇာတာ ဒီကိုလာခဲ့ဦး ..မှန်လှပါဘုရားဟု ပြန်လည်လျှောက်တင်ကာ ဘုရားရှင်နှင့် မနီးမဝေးတွင် ထိုင်နေ လေသည်၊ မြတ်စွာဘုရားရှင်က သုဇာတာ လောကမှာ မယား (၇) မျိုးရှိပါတယ်ဟု အစချီကာ ဇနီးမယားတို့၏ ဓလေ့ စရိုက်တို့ကို ရွှေဥာဏ်တော်ဖြင့် သုံးသပ်ဝေဖန် ဆုံးမတော်မူသည်။ သုဇာတာကိုအကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သော်လည်း အမျိုးသမီးအားလုံးကို ရည်ညွှန်း၍ဟောတော်မူကြောင်းထင်ရှားလှ၏

၁။ အမျိုးသမီးဖြစ်သူ ဇနီးမယားသည် အမြဲစိတ်ဆိုး စိတ်ကောက်၊ အိမ်စီးပွား မိသားစုစီးပွားကို မထိန်းသိမ်း မရှာဖွေ၊ အိမ်ထောင်ရေးဖောက်ပြန်၊ ကိုယ့်အမျိုးသားကို အထင်သေး၊ ကိုယ့်အမျိုးသားဖြစ်သူကို ထိခိုက်နစ်နာအောင် နာကြင်အောင် လုပ်လေ့ရှိသူ အမျိုးသမီးကို လူသတ်သမားနှင့်တူသည့် ဇနီးမယားလို့ ခေါ်ထိုက်တယ် သုဇာတာ…

၂။ ချစ်လှစွာသော မိမိအမျိုးသားရှာဖွေထားသည့် ပစ္စည်းများကို အပြင်ကို ခိုးခိုးပြီး ထုတ်တယ်၊ လင်ယောင်္ကျားမသိအောင် ဖြုန်းတီးပစ်တယ်ဆိုရင် ဒီလိုဇနီးမယားမျိုးကို သူခိုးမနှင့်တူတဲ့ မယားလို့ ခေါ်ဆိုရမယ် သုဇာတာ..

၃။ အလုပ်အကိုင်မရှိ၊ ပျင်းရိနေမယ်၊ အစားကြီးမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်းသလို နှုတ်ကလည်း ကြမ်းတမ်းမယ်၊ အမျိုးသားကို အနိုင်ယူတတ်တဲ့ ဇနီးမယားကိုတော့ အရှင်သခင်မနဲ့တူတဲ့ မယားလိှု့ခေါ်တယ် သုဇာတာ..

၎။ မိသားစု စီးပွားကိုစောင့်ရှောက်တယ်၊ အမေက သားကို ဂရုစိုက်သလို ကိုယ့်ခင်ပွန်းကို ဂရုစိုက်တယ်။ ခင်ပွန်းရှာထားတဲ့ ပစ္စည်းတွေကို မကုန်သင့်တာမကုန်အောင် ခြွေတာသုံးစွဲတတ်တဲ့ ဇနီးမယားကိုတော့ အမေနဲ့တူတဲ့ မယားလို့ ခေါ်တယ်..

၅။ အမကြီး အမငယ်တွေက မောင်ကို လေးစားရိုသေဆက်ဆံသလို ခင်ပွန်းပေါ်မှာ ရိုသေလေးစားမယ်၊ ရှက်သင့်တဲ့နေရာမှာ ရှက်စိတ်ရှိမယ်၊ ခင်ပွန်းရဲ့ အလိုဆန္ဒကို လိုက်လျောတတ်မယ်..ဒီလို အမျိုးသမီးမျိုးကိုတော့ အမညီမနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ…

၆။ အချိန်အကြာကြီးခွဲခွါနေတဲ့ မိတ်ဆွေနှစ်ယောက် ပြန်လည်တွေ့ဆုံခွင့်ရတဲ့အခါမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သလို ကိုယ့်ခင်ပွန်းကိုမြင်တဲ့အခါတိုင်း ၀မ်းမြောက်ဝမ်းသာဖြစ်မယ် သဘောကျမယ်၊ စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့ အမျိုးမှာဖြစ်မယ်၊ ကိုယ့်ကျင့်တရားကို အမြဲထိန်းသိမ်းတယ်၊ ခင်ပွန်းအပေါ်မှာ ရိုရိုသေသေ ပြုမူပြောဆိုဆက်ဆံတတ်တဲ့ အမျိုးသမီးကိုတော့ မိတ်ဆွေနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ..

၇။ မိမိခင်ပွန်းကို မိမိကို ရိုက်နှက်သော်လည်း စိတ်မဆိုး၊ အမြဲသည်းခံပြီး ဆက်ဆံတတ်၊ ခင်ပွန်းအလိုသို့ လိုက်တတ်တဲ့ အမျိုးသမီးကိုတော့ ကျွန်မနဲ့တူတဲ့ ဇနီးမယားလို့ခေါ်တယ် သုဇာတာ.. ဟု လမ်းညွှန်ပြတော်မူလျှက်..သုဇာတာ.. ဇနီးမယား

ဒီ ဇနီးမယား ၇ ယောက်ထဲမှာ လူသတ်မ သူခိုးမ အရှင်သခင်မနဲ့ တူတဲ့ ဇနီးမယား သုံးမျိုးကတော့ ကိုယ့်ကျင့်တရားလဲ မကောင်း ၊ အမြဲစိတ်တိုဒေါသထွက်၊ ခင်ပွန်းကိုရိုသေခြင်းမရှိလို့ နောက်ဘ၀မှာ ငရဲကိုရောက်နိုင်တယ်၊

အမေ. အမညီမ ..မိတ်ဆွေ..ကျွန်မနဲ့တူတဲ့ ဇနီးမယားလေးယောက်ကတော့ ကိုယ်ကျင့်တရားလဲကောင်း သည်းညည်းခံလဲခံတတ် အတွက် နောက်ဘ၀မှာ နတ်ပြည်ကို ရောက်ရမယ် သုဇာတာ… ဟု အနှစ်ချုပ် မိန့်တော်မူလေသည်။

သုဇာတာ..ဒီ ဇနီးမယား (၇) မျိုးထဲမှာ သုဇာတာက ဘယ်ဇနီးမယားမျိုးပါလဲ ဟု အမေးတော်ရှိလေသော်.. ယနေ့မှစ၍ တပည့်တော်မ သုဇာတာဟာ ကျွန်မနဲ့တူတဲ့ ဇနီးမယားမျိုးဖြစ်အောင် နေထိုင်ပါတော့မည်ဟု ပြန်လည်လျှောက်ထားလေသည်။

အံ၊ဒု၊ဘရိယာသုတ္တံ၊၄၆၇) အမျိုးသမီးများအတွက် ဇနီးမယား အမျိုးအစားများကို ခွဲခြားပြတော်မူရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ့်ကျင့်တရားကောင်းသူ(သီလလုံခြုံသူ) ။ အိမ်ထောင်ရှင်မပီသစွာ သည်းသည်းခံတတ်သူမေတ္တာနှလုံးသားဖြင့် လောကကိုစောင့်ရှောက်တတ်သူ ဖြစ်တော်မူလိုခြင်းကြောင့် ဖြစ်ပါ၏ ။

အိမ်ထောင်တစ်စု ပြိုကွဲရခြင်းအကြောင်းမှာ ကိုယ်ကျင့်တရားဖောက်ဖျက်မှုများသည် အဓိကအကြောင်းမှ ပါဝင်နေသည်ကို အငြင်းပွားဖွယ်မရှိချေ၊ ဇနီးမယားဖြစ်သူ အမျိုးသမီးများ ကိုယ်ကျင့်တရားကောင်းအောင် စောင့်ရှောက်ရမည်ဖြစ်သလို လင်ယောင်္ကျားများဖက်မှလည်း ကိုယ်ကျင့်တရားကောင်းအောင် အားထုတ်ရမည်သာ ဖြစ်၏ ၊

ထို့ကြောင့် သာယာလှပသည့် အိမ်ထောင်ရေး၊ ငြိမ်းချမ်းသည့် မိသားစုများဖြစ်စေချင်တော်မူသည့်အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အခြေခံစည်းမျဉ်းကို ချတော်မူသည့်အခါ ကာမေသုမိစ္ဆာစာရာ ဟု ထည့်သွင်းတော်မူခဲ့သည်၊ အိမ်ထောင်ရေး ဖောက်ပြန်မှုရှိလျှင် သာယာသည့်အိမ်ထောင်ရေး အဘယ်မှာဖြစ်နိုင်တော့မည်နည်း..

သာယာသည့်အိမ်ထောင်ရေးမဖြစ်လျှင် အဘယ်မှာ ကောင်းမှုတရား ကြိုးစားအားထုတ်နိုင်မည်နည်း၊ ကောင်းမှုတရား မပြုလုပ်နိုင်သူမှာ အဘယ်မှာ ဓမ္မ၏ အရသာကို တွေ့ထိခံစားခွင့်ရှိတော့မည်နည်း….. သာယာသည့်အိမ်ထောင်ရေးရှိမှ ကုသိုလ်အားလုံး ပေါင်းစုရုံးပြီး ဓမ္မရသကို ခံစားနိုင်မည်ဖြစဟုဗုဒ္ဓ၏ ရွှေဥာဏ်တော်ဖြင့် သုံးသပ်မြင်တော်မူခဲ့သည်။ လေးစားထိုက် ချီးကျူးထိုက် ပူဇော်ထိုက်သည့် ရွှေဥာဏ်တော်ကြီးပေတကား ။ ၊ဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်ခွင့်ရခြင်းသည် ကံကောင်းလှပေစွ ။

ဆက်လက်ဖော်ပြပါမည်..

အရှင်တိက္ခဥာဏာလင်္ကာရ (ယော)

Shared from Ma Aye Aye Cho (FB)

ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒ


၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။

၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။

၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။

၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။

၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။

၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။
၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။

၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။
၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။

၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။
၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍မာန်တက်လျှင်ထိုပညာသည်ရွံဘွယ်တည်း။ (ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒ) by Pathama Shwe Kyin Sayadaw Gyi (ပထမရွှေကျင်ဆရာတော်ကြီး)
http://dhammaransi.ning.com/profiles/blogs/0-101
ရွှေကျင်ဆရာတော်ကြီး နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ

Shared from Ma Sai Mon (FB)

အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်


ယမမင်း ထံ အစစ်ခံရခြင်း

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။

ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

(ဘုန်းဘုန်းဦးလောကနာထ ဘလော့မှကူးယူဖေါ်ပြပါသည်။)

လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။
၆ - ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

Shared from Ma Sai Mon (FB)

အောင်မြင်သော ဘ၀ရဲ့ သင်္ကေတများ (ဒေါက်တာ ခင်မောင်ညို)


(၁) အောင်မြင်ခြင်း၏ တည်နေရာ…

…ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ် မူတည်ပါတယ်. ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း ကိုယ့်စွမ်းအားကို ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ်မူတည်ပါတယ်.
ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့ စွမ်းအားတစ်ခုဖြစ်ပါတယ်.

(၂) ပေးသူလား. ယူသူလား…

…လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.
…အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.
…တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.

(၃) မတူထူးခြားတဲ့နေ့…

…ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့
…ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.

(၄) အပင်ပန်းမခံပါနဲ့

…မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက် ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.

(၅) သတိ…

…သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်. ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.
…အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.
…အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.
…သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.
(၆) ပိုပျော်ရသူ…

…လက်ဆောင်တွေဟာ ရသူကိုသာ ကျေနပ်ပျော်ရွှင်စေတာမဟုတ်. ပေးသူကို ပိုပြီးပျော်ရွှင်ချမ်းမြေ့စေပါတယ်.

(၇) အောင်မြင်မှုနောက်က မအောင်မြင်မှုများ…

…စိတ်အနှောက်အယှက်ဖြစ်စရာတွေဟာ အလုပ်တွေများနေရင်လည်း ဖြစ်တတ်တယ်. အချိန်မရှိရင်လည်းဖြစ်တတ်တယ်. အောင်မြင်မှုမရလို့လည်း ဖြစ်နိုင်တယ်.
…အချိန်တိုအတွင်းမှာ အောင်မြင်မှုအများကြီးရရင်လည်း ဖြစ်နိုင်တယ်. အောင်မြင်လေ. နာမည်ကျော်လေ. လူတွေဝိုင်းလေ ခင်ဗျားဆီက တစ်ခုခုကို ရယူဖို့ ကြိုးစားလေ. စိတ်အနှောက်အယှက်ပိုဖြစ်ရလေဘဲ.

(၈) တောင်ထိပ်က သစ်တစ်ပင်…

…အမြင့်ရောက်လေ လေတိုးလေ. ဌာနအကြီးအကဲဖြစ်လေ လူသိလေ. လူမြင်လေ. အတိုက်အခိုက်ပိုများလေ. အားလုံးရဲ့ပစ်မှတ်ဖြစ်လေ.
…တစ်ယောက်ရဲ့အောင်မြင်မှုဟာ တခြားလူတွေအတွက် အားကျစရာ. အတုယူစရာ. မနာလိုစရာ. စိတ်အနှောက်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်တယ်.
…အောင်မြင်ပြီဆိုရင် မနာလိုတာခံရမယ်.

(၉) စေတနာ နောင်တ…

…သင့်ရဲ့စေတနာ သဒ္ဓါတရားက တစ်ခြားလူတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးကို လျော့ပါးစေနိုင်တယ်.
…ဒီအကျိုးကျေးဇူးဟာ ပြန်လည်တုန့်ပြန်လာတတ်ပါတယ်. ပေးသင့်တာ. ရက်ရောသင့်တာထက်ပိုပြီး ပေးလိုက်မိတယ်လို့ ဘယ်တော့မှ နောင်တမရပါနဲ့.

မြန်မာတိုင်းဂျာနယ် (၂၉.၁.၁၀)မှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်သားစရာလေးပါ တွဲပြီးမျှဝေပေးလိုက်ပါတယ်.

(၁၀)…အောင်မြင်မှုရဖို့ ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု (Effort) ကသာ အဓိကပါ. 

“ပညာလိုအိုသည်မရှိ” ဆိုရိုးစကားရှိသလို ပညာရဖို့အတွက် ငွေကြေးပြည့်စုံမှ ဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ.

…တကယ်တော့ ပညာဘဲဖြစ်ဖြစ်. လိုချင်တာတစ်ခုကိုဘဲဖြစ်ဖြစ် ရလိုချင်တဲ့ ပြင်းပြ တဲ့ဆန္ဒကသာ အဓိကဖြစ်ပါတယ်. လူတစ်ယောက်ချင်းစီမှာရှိတဲ့ ကံအကျိုးပေးက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး.

…တစ်ချို့လူတွေက အောင်မြင်မှုတစ်ခုဆီရောက်ဖို့ အဘက်ဘက်က ပံ့ပိုးမှုတွေ ရသလို အချို့ကျတော့လည်း အခက်အခဲမျိုးစုံကြားမှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရပါတယ်.

…အောင်မြင်မှုဆိုတာ ဘယ်သူသာပိုင်စေဆိုပြီး သတ်မှတ်ထားတဲ့အရာ မဟုတ်ပါဘူး. ချမ်းသာဆင်းရဲမရွှေး. မျက်နှာကြီးငယ်မလိုက်ဘဲ ကြိုးစား အားထုတ်မှုရှိသူသာ ခံစားနိုင်တဲ့အရာမျိုးပါ.

…အောင်မြင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ကြပါစေ.
Shared from Ma Sai Mon (FB)

မဟာဖုဿဒေဝ မထေရ်မြတ်ကြီး

ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီးသည်ကား (၁၉)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတဝတ် (= ဂတပစ္စာဂတိကဝတ်)ကို ဖြည့်ကျင့်တော်မူလျက်သာလျှင် နေထိုင်တော်မူ၏။

((**အသွား - အပြန် ကမ္မဋ္ဌာန်းဆောင်သူ (ဂတပစ္စာဂတိကဝတ်)

ရဟန်းတော်တစ်ပါးသည်ကား --- ''ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကိုဆောင်၏၊ ဆွမ်းခံရွာမှ ပြန်လာရာ ၌လည်း ကမ္မဋ္ဌာန်းကိုဆောင်၏''ဟု ဆို၏။ ထိုရဟန်းတော်မျိုးကို ဂတပစ္စာဂတိကဝတ်၏ အစွမ်းဖြင့် သိရှိပါလေ။**))

လူတို့သည်လည်းကောင်း, ဆွမ်းခံသွားရာ လမ်းခရီးအကြား၌ လယ်ထွန်နေကြကုန်သော သူတို့သည်လည်းကောင်း, ကောက်စိုက်နေကြကုန်သော သူတို့ သည်လည်းကောင်း,
စပါးနယ်နေကြကုန်သော သူတို့သည်လည်းကောင်း မိမိတို့၏ ထွန်ယက်စိုက်ပျိုးခြင်းစသော အမှုတို့ကို ပြုနေကြကုန်စဉ် မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကို ထိုသို့ ခေါက်တုံ့ခေါက်ပြန်

သွားနေသည်ကို မြင်တွေ့ကြ၍ ---

''ဤမထေရ်ကြီးသည် ခေါက်တုံ့ခေါက်ပြန် နောက်ပြန်၍ သွားနေ၏၊ လမ်းများမှားနေသလော, သို့မဟုတ် တစ်ခုခု မေ့ကျန်ရစ်ခဲ့လို့လော'' ---

ဤသို့ အချင်းချင်း ပြောဆိုတတ်ကြကုန်၏။ ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီးကား ထိုလူတို့ ပြောဆို သည့် စကားကို မယူမူ၍သာလျှင် ကမ္မဋ္ဌာန်းကို အမြဲနှလုံးသွင်းနေသော ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဖြင့် သာလျှင် ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် နှစ်ပေါင်း (၂ဝ)အတွင်း၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသော နေ့၌ကား ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီး၏ စင်္ကြံဦး၌ သစ်ပင်ဝယ် စိုးအုပ်နေထိုင်သော နတ်သည် လက်ချောင်းတို့ကို မီးညှိထွန်း ပူဇော်လျက် ရပ်တည်လာ၏။ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည်လည်းကောင်း, နတ်တို့သနင်း သိကြားမင်းကြီးသည်လည်းကောင်း, သဟမ္ပတိဗြဟ္မာမင်းကြီးသည်လည်းကောင်း ဆည်းကပ်ခစားရန် ဆိုက်ရောက်လာကြကုန်၏။

ထိုလက်ချောင်းတို့ဖြင့် မီးပူဇော်ထားသော အလင်းရောင်နှင့် နတ်ဗြဟ္မာတို့၏ အလင်းရောင်ကို တွေ့မြင် ရ၍ ဝနဝါသီ မဟာတိဿမထေရ်ကြီးက ထိုမဟာဖုဿဒေဝမထေရ်မြတ်ကို နောက်တစ်နေ့၌ မေးမြန်း လျှောက် ထား၏။

''ညတုန်းက အရှင်ဘုရား၏ အထံ၌ အရောင်အလင်းသည် ဖြစ်ပေါ်လျက်ရှိ၏၊ ထို အရောင်အလင်းသည် အဘယ်အရောင်အလင်းပါနည်း'' ---

ဤသို့ မေးမြန်းလျှောက်ထား၏။ မဟာဖုဿဒေဝမထေရ်ကြီးက စကားကို ဘေးသို့ရောက်အောင် စကား လွှဲလျက် --- ''အရောင်အလင်း မည်သည် ဆီမီးရောင်လည်း ရှိတတ်၏၊

ပတ္တမြားရောင်လည်း ရှိတတ်၏။'' --- ဤသို့စသည့် စကားကို ပြောကြားတော်မူလိုက်၏။

ထိုနောင် ''အရှင်ဘုရားတို့ ဖုံးကွယ်ထားတော်မူကြသကိုး''ဟု လျှောက်ထားပြန်သော် --- ''အိမ်း''ဟု ဝန် ခံ၍ ပြောကြားလိုက်လေ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၆။ မ၊ဋ္ဌ၊၁၊၂၆၂-၂၆၃။)

သတိပြုပါ --- ဤ၌ မဟာဖုဿဒေဝ မထေရ်မြတ်ကြီးသည် မိမိ၏အကြောင်းကို သူတစ်ပါးတို့က ဝေဖန် နေသော်လည်း ယင်းစကားကို မနာယူဘဲ မိမိ၏ ကမ္မဋ္ဌာန်းကိုသာ မလွတ်တမ်း ကြိုးစားအားထုတ်တော်မူ၏။ အသင်သူတော်ကောင်းအတွက် လိုက်နာပြုကျင့်သင့်သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးထုံးဟောင်းကြီးတစ်ခုပင် ဖြစ်သည်။ မသိ မလိမ္မာကြသည့်
သတ္တဝါတို့၏ ပါးစပ်ကား ထင်မိထင်ရာကို ပြောဆိုတတ်ကြ၏၊ ယင်းစကားတို့ ကို ကမ္မဋ္ဌာန်းနှလုံးသွင်း ပွားများအားထုတ်နေသော မိမိဘက်က နာယူနေလျှင် လက်ခံစဉ်းစား ဝေဖန်နေလျှင် အချိန်လည်းကုန်၍ ကမ္မဋ္ဌာန်းမှလည်း ဆုတ်ယုတ် ပျက်ပြားသွားတတ်ပေသည်။ သူတစ်ပါးတို့ ထင်ရာမြင်ရာ ပြောသည်ကို မနာယူဘဲ မိမိ၏ ကမ္မဋ္ဌာန်းကိုသာ မိမိ စူးစူးစိုက်စိုက် နှလုံးသွင်းနေပါက ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဓာတ်ဖြင့်သာ အမြဲတမ်း နေထိုင်နေပါက တစ်နေ့တွင် မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကဲ့သို့ အောင်ပွဲ ရနိုင်မည်သာ ဖြစ်ပေသည်။


Shared from Dhamma Rakhita (FB)

အရှင် ရေ၀တ(ရှင်သာရိပုတ္တရာ၏ ၇ နှစ်အရွယ် ညီအငယ်ဆုံး)

ညီအစ်မသုံးယောက်... စာလာ၊ ဥပစာလာ၊ သီသူပစာလာ။
ညီအစ်ကိုသုံးယောက်...အရှင်သာရိပုတ္တရာ၊ နန္ဒ၊ ဥပသေန။

ငါးယောက်သော ညီအစ်ကို မောင်နှမတို့၏ အစ်ကိုအကြီးဆုံးဖြစ်သော ဥပတိသကား ‘အရှင်သာရိပုတ္တရာ’ဘွဲ့မည်ဖြင့် ဘုရားရှင်၏ အရိပ်အာဝါသ၊ တရားတော်၏ အရိပ်အာဝါသအောက်ဝယ် ငြိမ်းချမ်းစွာ တည်ရှိလွတ်မြောက်ခဲ့ပြီ ဖြစ်၏။

ရှစ်ဆယ့်ခုနစ်ကုဋေသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ရဟန်းပြုခဲ့ပြီးသည့်နောက် နောင်တော် အရှင်မြတ်ကြီး၏ မြင့်မြတ်သော တည်ုဆိုက်ခြင်းကို အားကျကြည်ညို နှစ်သက်ခဲ့ကြသော ညီအစ်မသုံးယောက်နှင့် ညီနှစ်ယောက်တို့သည်လည်း လူ့ဘောင်တွင် မနေကြတော့ဘဲ နောင်တော်ကြီးထံ ၀င်ရောက် ရဟန်းဘောင်သို့ ကူးပြောင်းသွားခဲ့ကြပြီ ဖြစ်၏။

သြော်-သူတို့ ရက်ရက် စွန့်လွှတ်နိုင်ကြပါဘိခြင်း။

သြော်-သူတို့ လွတ်မြောက် ငြိမ်းချမ်းကြပါဘိခြင်း။

သြော်-သူတို့ မငဲ့မကွက် ရုန်းထွက်နိုင်ကြပါဘိခြင်း။

ဤသို့ တွေးတောဆင်ခြင်ရင်း မိမိကိုယ်မိမိ အားမလို အားမရစိတ်၊ လက်ရှိဘ၀တွင် မပျော်ပိုက်နိုင်တော့သော ခံစားမှုများဖြင့် စံအိမ်တွင် ကျန်ရစ်သူကား ခုနစ်နှစ်အရွယ် ညီအထွေးဆုံး ရေ၀တပင် ဖြစ်လေသည်။

မိရိုးဖလာ အစဉ်အလာအရ မိသားစုပိုင်ဆိုင်သမျှသော စည်းစိမ်ဥစ္စာခပ်သိမ်းသည် အထွေးဆုံး ရေ၀တဆီသို့သာ စုပုံရောက်ရှိတော့မည် ဖြစ်သည်။ ဇမ္ဗူဒိပ်တွင် အချမ်းသာ အကြွယ်ဝဆုံး၊ အသက်အငယ်ဆုံး သူဌေးကလေး ဖြစ်ရတော့မည်။ သူဌေးကလေး ရေ၀တ။

မယ်တော် သာရီပုဏ္ဏေးမကြီးကလည်း တစ်ဦးတည်းသော အမွေဆက်ခံမည့် သားထွေးလေး ရေ၀တအား

နေ့နေ့ညဉ့်ညဉ့် အရိပ်တကြည့်ကြည့်ရှိလေသည်။ သူ့နောင်တော်ကြီးလို၊ ပြီးတော့ ထိုနောင်တော်ကြီနောက်
ကောက်ကောက်ပါအောင် လိုက်သွားသော အစ်မသုံးယောက်၊ အစ်ကိုနှစ်ယောက်တို့လို မဖြစ်စေရ။မျိုးရိုးနှင့် အရပ်ရပ် စည်းစိမ်တို့ကို အမွေဆက်ခံမည့် ရေ၀တအား အပြင်ထွက်မသွားစေရအောင် ဖြစ်နိုင်လျှင် သံကွန်ချာဖြင့် ထိန်းသိမ်းထားချင်လှသည်။ ထိုသံကွန်ချာကား...။

ရေ၀တသည် မယ်တော်ကြီး၏ အစီအမံ ပြင်ဆင်မှုများကို ကြိုတင်သိနေ၏။ မိမိသည် မျိုးရိုးအမွေကို တစ်ဦးတည်း ဒိုင်ခံသိမ်းပိုက်ရတော့မည်ဟု နားလည်နေ၏။ ထိုအဖြစ်ကို အရောက်မခံနိုင်။ သို့သော် ဘယ်လိုနည်းနှင့် ရုန်းထွက်ရမည်နည်း။

လွတ်မြောက်ရာနည်းကိုလည်း မသိ။ မတွေးမကြံတတ်။ မိမိကား ငယ်လွန်းလှသေးသည်။ မိမိကိုယ်မိမိ ပဲ့မကိုင်နိုင်သေး။ မိမိ၏ရွေးချယ်မှုကို မိမိဘာသာ မပြုနိုင်သေး။

ထိုအချိန်တွင်ပင် သံကွန်ချာကြီး ကျရောက်လာလေသည်။

“လူကလေး ရေ၀တကို သက်တူရွယ်တူ အမျိုးအနွယ်တူ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးကြစို့”

မယ်တော် သာရဏီပုဏ္ဏေးမကြီးကား ဗုဒ္ဓဘာသာဝင်မဟုတ်။ ရိုးရာ အယူဝါဒကို အစွဲအလမ်းကြီးသူပီပီ ကျန်ရစ်ခဲ့သည့် သားအထွေးဆုံးလေးအား အိမ်ထောင်ရက်သား ချပေးရန် စီစဉ်လေသည်။ထုံးတမ်းစဉ်လာရှိသည်နှင့်အညီ မယ်တော်သာရီပုဏ္ဏေးမကြီးသည် သားရေ၀တအား မိန်းကလေးအိမ်သို့ ဆောင်ယူ၍ မင်္ဂလာအခမ်းအနားများ ကြိုတင် စီမံပြင်ဆင်ခြင်း၊ မင်္ဂလာစကားများ ပြောကြားခြင်းများကို ပြုလုပ်လေသည်။ သတို့သား ရေ၀တဘက်မှ မိခင်ကြီးနှင့်အတူ သက်ကြီးဝါကြီး ဆွေမျိုးများ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများကို ပင့်ဆောင်သွားကြသည်။ မိန်းကလေးဘက်မှလည်း အလားတူ ပြင်ဆင်ဧည့်ခံကြသည်။

ထုံးစံအတိုင်း ပြောကြားဆွေးနွေးတိုင်ပင်ကြပြီးနောက် လူကြီးများက ရေ၀တနှင့် သတို့သမီးငယ်တို့အား ဆုံးမခြင်း၊ ဆုပေးခြင်း စသည်များ ပြုလုပ်ကြ၏။ သူငယ်သတို့သား ရေ၀တကား မိမိသည် မမြင်လာသော အကျဉ်းအကျပ်ကြီးတစ်ခုထဲသို့ ရောက်ရှိနေရကာ ထိုအထဲမှ မည်သို့လွတ်မြောက်အောင် ဖန်တီးရမှန်းလည်း မသိ ဖြစ်နေလေသည်။ သူတို့နှစ်ဖက်လူကြီးများ၏ ရိုးရာအစဉ်အလာ အဲဒီအခန်းများကလည်း များပြားရှုပ်ထွေးလှဘိခြင်း။
ပန်းများ၊ အမွှေးနံ့သာခဲနဲ့ အမှုန့်များဆီမှ ချိုအီစူးရဲ ရနံ့များကို မသက်မသာ ရှူရှိုက်နေရသည်။ အဆိုင်းအဆိုင်း သွယ်ဝန်းခြယ်လှယ်ထားသော ရောင်စုံပိုးစများ၊ ကြိုးတန်းများ၊ ဗိမာန်မျက်နှာကြက် အလှဆင်ယင်မှုများကိုလည်း ပင့်ကူအိမ်ကွန်ရက်များဟု ရေ၀တ ထင်မြင်နေသည်။ မင်္ဂလာပွဲ တက်ရောက်ကြသူများ၏ စကားပြောသံ၊ နှုတ်ဆက်သံ၊ ဆုတောင်သံ၊ ရယ်မောသံများကလည်း နားမခံသာအောင် ပွက်ညံနေကြသည်။ မချမ်းမမြေ့ ဖြစ်နေသော ရေ၀တသည် အကြီးအကျယ် စိတ်နှလုံး ညှိုးချုံးနေလေသည်။ ထိုအရာတို့ကို မနှစ်မမြို့ဖြစ်နေသော်လည်း မနှစ်မမြို့ဖြစ်စရာ အခြေခံကို ရှာမတွေ့၊ စဉ်းစားမရ၊ အရာအားလုံး ရှုပ်ထွေးနေခြင်းကိုသာ ခံစားနေရ၏။ ထိုအရှုပ်ထွေးမှုကြီးထဲမှ တစ်စုံတစ်ခုသော‘အစ’ကို ဆွဲထုတ်နိုင်မှသာပြေပျောက်ရှင်းလင်းသွားလိမ့်မည်။ ခက်တာက အစ ဘယ်သို့ရှာရမှန်းမသိ။

ထုံးတမ်းနှင့်အညီ သတို့သားကို သတို့သားဘက်မှ လူကြီးသူမများက ဆုပေးစကား ကောင်းချီးစကား ခြွေကြ၏။ ထိုစကားလုံးများမှာလည်း ထပ်ခါတလဲလဲ ဖြစ်နေကြပြန်သည်။

‘စီးပွားဥစ္စာ တိုးတက်ပါစေ’ ‘အနာရောဂါ ကင်းရှင်းပါစေ’ ‘မိဂုဏ်ဖဂုဏ် ဆွေမျိုးဂုဏ်ကို ဆောင်နိုင်ပါစေ’ ‘ရွှေငွေ ရတနာတို့ အလျှံပယ် ကြွယ်ဝပါစေ’ ‘အကောင်းဆုံး အစာ၊ အကောင်းဆုံးအ၀တ်၊ အကောင်းဆုံး ယာဉ်ရထား၊ အကောင်းဆုံး အိမ်ဂေဟာတို့၌ စားနိုင်၊ ၀တ်နိုင်၊ စီးနိုင်၊ နေထိုင်နိုင်ပါစေ’

သတို့သား အလှည့်ပြီးသောအခါ သတို့သမီးအလှည့် ရောက်ပြန်၏။ ပန်းများကြဲလျှက်၊ အမွှေးနံ့သာများ ဆွတ်ဖျန်းလျှက်၊ ခုနစ်နှစ်အရွယ် သတို့သမီးလေးကို ၀န်းရံပတ်လှည့်ကာ ဆုပေးစကားများ ရွတ်ဆိုကြသည်။ ထိုဆုပေးစကားများမှာလည်း ထပ်ပြန်တလဲလဲ ဖြစ်ကြလေသည်။ ထိုစဉ်...

သတို့သမီး၏ ဆွေမျိုးအကြီးအကဲ တစ်ဦးက...

“ကိုင်း... တို့များရဲ့ ဆုတောင်းစကားတွေ ဆုပေးစကားတွေထဲမှာ အရေးကြီးပြီး လက်တွေ့ကျတဲ့ စကားတစ်ခွန်းမပါသေးဘူး” ဟု ဆိုလိုက်၏။

“ဘယ်လိုအရေးကြီးပြီး ဘယ်လိုလက်တွေ့ကျတာလဲ” အားလုံးက ၀ိုင်းမေးကြသည်။ လူကြီးက ပြုံး၍...
“အသက်ရှည်ခြင်းပေါ့။ ဒါ့ထက် အရေးကြီးတာ ဘာရှိမလဲ”
“မှန်တယ် မှန်တယ်။ ဒါပေမယ့် လက်တွေ့ကျပုံကတော့...”

လူကြီးက ထောင့်တစ်နေရာတွင် ထိုင်နေသူတစ်ဦးကို ညွှန်ပြလိုက်၏။ ထိုင်နေသူကား သတို့သမီးဘက်ရှိ ဆွေမျိုးစုတွင် အသက်အကြီးဆုံးဖြစ်သော အဘွားအိုကြီး တစ်ယောက်ဖြစ်၏။ အဘွားအိုမှာ အသက်တစ်ရာ့နှစ်ဆယ် ရှိပေပြီ။ ကောင်းစွာမထိုင်နိုင်တော့သဖြင့် ဖုံများ အခင်းများကို သက်သောင့်သက်သာဖြစ်အောင် အခုအခံ ပြင်ဆင်ပေးထားရာ ထိုပစ္စည်းများအကြားတွင် အဘွားအိုကြီးသည် သက်မဲ့အလား မလှုပ်မယှက် ရှိနေလေသည်။ အဘွားအိုသည် မင်္ဂလာအခမ်းအနားသို့ အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် တက်ရောက်လာသော်လည်းဘာကိုမှ မမြင်မကြားသကဲ့သို့ ဖြစ်နေ၏။

“ငါတို့ရဲ့သတို့သမီးလေး အသက်ရှည်ပါစေ။ ဘယ်လောက်အထိ အသက်ရှည်ရမလဲဆိုတော့ ဟောဟိုမှာ ရှိနေတဲ့ ဘွားဘွားကြီးလိုပဲ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ပါစေ”
“ဟုတ်တယ် ဟုတ်တယ်။ ဘွားဘွားကြီးလိုပဲ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ပါစေ”
အားလုံး ၀ိုင်းရေရွတ် ဆုပေးစကားဆိုကြသည်။

ရေ၀တသည် ထိုအခါမှပင် အားလုံးနှင့်အတူ အဘွားအိုကို ဂရုထားမိ၏။
အသက်တစ်ရာ့နှစ်ဆယ်ရှိပြီဖြစ်သော အဘွားအိုကို ခြေဆုံးခေါင်းဖျား ကြည့်လိုက်မိသည်။ ဆံပင်များက ကြိုးကျဲကျဲ၊ ဖွေးဖွေးဖြူဆွတ် ဖွာလန်ကြဲ၊ မျက်နှာမှာ အရေပြားအောက်တွင် အသားစိုင်ဟူ၍ ရှိသည် မတူတော့။ ချိုင့်ခွက်နှစ်ဝင် အရိုးဂေါင်ဂင် ပေါ်နေသည်။ ထိုအရေပြားတို့မှာလည်း ရေတွက်ခြင်းငှာ မစွမ်းနိုင်သော အရေးအကြောင်းများက အစင်းစင်း ရှုပ်ထွေးယှက်ဖြာနေကြသည်။ တွန့်လိမ်လျှော့ကျကာ ပြုတ်ကျလုမတတ် ပျော့ဖပ်ရှုံတွ ဖြစ်နေသည်။ မျက်စိများက ဘာအရောင်အဆင်းမှ မရှိတော့။ မျက်ဆံများမှာ အနက်မရှိတော့။ ကြည့်သော်လည်း မမြင်နိုင်တော့သည့် မျက်ဝန်းများ မှုန်ရီမှိုင်းပျ။

ရေ၀တသည် မနီးမဝေးမှ လှမ်းကြည့်ရုံဖြင့် အားမရနိုင်တော့သလို ထိုင်ရာမှထကာ အဘွားအိုအနီးသို့ ကပ်ကြည့်သည်။ မင်္ဂလာပွဲတက်ရောက်လာသူများကတော့ သတို့သားလေးသည် သူ့သတို့သမီး၏ ဘွားအေကြီးကို သဘောကျနှစ်သက်ကာ စူးဝင်လေ့လာနေသည်ဟု ထင်မှတ်ကြ၏။

အနီးကပ်မြင်ရတော့မှပင် ပို၍ အသေးစိတ်သော ဇရာဒဏ်ချက်များကို တွေ့ရလေသည်။

တစ်ချောင်းမှ မရှိတော့သော သွားများနေရာတွင် ပါးစောင်းနှုတ်ခမ်းအရေပြားများက တွင်းချိုင့်ဝှမ်းများပမာ ခွက်ဝင်နေကြ၏။ မတ်တတ်မဆန့်နိုင်သောကြောင့် ခါးသည် ကုန်းငိုက်နေလေရာ တွားသွားသတ္တ၀ါတစ်ကောင်၏ ၀ပ်စင်းနေပုံနှင့် တူနေ၏။ လည်ပင်းရိုးများကလည်း ဦးခေါင်း၏ အလေးချိန်ကို စွင့်စွင့်ပင့်ဆောင်သယ်မ မထားနိုင်သည် ဖြစ်လေရာ ဦးခေါင်းသည် ဟိုယိမ်း သည်ယိမ်း။ အထဲသို့ လိမ့်ဝင်နေသော နှုတ်ခမ်းပေါ်တွင် အစားအစာ အကြွင်းအစများက ပေကျံနေ၏။

အသက်တစ်ရာ့နှစ်ဆယ် အဘွားအို။ 
ရေ၀တစိတ်ထဲမှာ ကြိတ်၍ ရေရွတ်မိသည်။

စောစောက ဆုပေးစကားကို ပြန်ကြားသည်။ ငါတို့ရဲ့သတို့သမီးလေး အသက်ရှည်ပါစေ။ ဘယ်လောက်အထိ အသက်ရှည်ရမလဲဆိုတော့ ဟောဟိုမှာ ရှိနေတဲ့ ဘွားဘွားကြီးလိုပဲ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ပါစေ။

ရေ၀တ၏ ရင်နှလုံးအိမ်ထဲတွင် ဖျန်းခနဲ တစ်ချက် ဖြစ်ထွန်းသွား၏။

ဒီအဘွားကြီးလိုတဲ့လား။ ငါလက်ထပ်မယ့် သတို့သမီး ခုနစ်နှစ်အရွယ် မိန်းကလေးဟာ အချိန်တန်ရင် ဒီအဘွားကြီးအရွယ်ရောက်၊ ဒီအဘွားကြီးလိုဖြစ်၊ အသက်တစ်ရာ့နှစ်ဆယ်၊ ဆံပင်တွေ ဖွေးဖွေးဖြူ ကျိုးကျိုးကျဲကျဲ၊ အသားမရှိတဲ့ အရိုးပေါ်မှာ အရေပြားတွေက ရှုံ့တွချိုင့်ခွက်၊ မျက်စိတွေ မှုန်သီရီဝေ၊ သွားတွေမရှိ၊ ဦးခေါင်းတယမ်းယမ်း၊ ခါးက ကုန်းငိုက်။

တစ်ချိန်လုံးလုံး အရှုပ်ထွေး ချည်ခင်လုံးကြီးထဲမှာ ‘အစ’ကို ရှာမရဖြစ်နေသော ရေ၀တ၏အသိတွင် အလင်းတစ်ခု ပြက်သွားကာ ‘အစ’ကို တွေ့ရှိသွား၏။

“ဒီနေ့ပဲ ငါ့ရဲ့နောင်တော်ကြီး ဥပတိဿထံသွားမယ်။ သာသနာ့ဘောင်ထဲ ၀င်တော့မယ်”

လှည်းတန်းကြီးသည် သတို့သမီးအိမ်မှ ထွက်ခွာ၍ သတို့သားရေ၀တ အိမ်ဆီသို့ တရွေ့ရွေ့ မောင်းနှင်ရွေ့လျားနေသည်။ ခရီးက မဝေးသော်လည်း အတန်ငယ် လှမ်း၏။ ထို့အပြင် လမ်းခရီးအကြားတွင် တောအုပ်ငယ် ခင်တန်းစပ်များကိုလည်း ဖြတ်သန်းရဦးမည် ဖြစ်၏။

ရေ၀တသည် လှည်းပေါ်မှာ ဘယ်သူ့ကိုမှ စကားမပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာသည်။ လှည်းပေါ်တွင် အတူပါလာသော သတို့သမီးငယ်ကိုလည်း စောင်း၍မျှပင် လှည့်မကြည့်။ ရယ်မောပျော်ရွှင် ဆူညံနေသော လှည်းတန်းကြီးတွင် ရေ၀တတစ်ဦးတည်းသာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ခင်တန်းတောစပ်တစ်နေရာသို့ ဖြတ်ကြသည်။ ထိုနေရာတွင် ချုံပုတ်များကို အတော်အတန် ထူထပ်သည်။ ရေ၀တက လှည်းသမားကို လှည်းခဏ ရပ်ပေးရန် ပြောလိုက်၏။

“ဘာဖြစ်လို့လဲ ရေ၀တ၊ အိမ်အမြန်ရောက်ဖို့ အရေးကြီးတယ်လေ ဟဲဟဲ”

ရေ၀တက ဘာမှမပြောဘဲ မျက်နှာကို ရှုံ့မဲ့ကာ ၀မ်းဗိုက်ကို နှိပ်နယ် ပြလိုက်သည်။ လှည်းသမားက ခေါင်းညိတ်၏။

“သြော်... မင်္ဂလာဆောင်မှာ အစားမျိုးစုံစားပြီး ၀မ်းယစ်နေပြီပေါ့ ဟုတ်လား။ ကဲ ကဲ ဆင်း... ဆင်း။ ချုံပုတ်တွေနောက်ကိုသွား၊ ကိစ္စမြန်မြန်ပြီးအောင်လုပ်ခဲ့”

ရေ၀တ လှည်းပေါ်မှ ဆင်း၍ ချုံပုတ်နောက်ဝင်သွား၏။ ခဏနေပြီးမှ ပြန်ထွက်ကာ လှည်းပေါ်တက်သည်။ နောက်တစ်နေရာ နှစ်နေရာများတွင်လည်း ထိုသို့ပင် လှည်းကို ရပ်ခိုင်း၊ ဆင်း၊ ချုံပုတ်များနောက်သို့ဝင်၊ ခေတ္တနေပြီးမှ ပြန်တယ်။

နှစ်ကြိမ် သုံးကြိမ်ဖြစ်လာသောအခါ အစောင့်အရှောက် လိုက်ပါလာသော သူများက...

“ရေ၀တတော့ ၀မ်းဖောက်ပြန်နေပြီ။ သူ့ကိစ္စပြီးရင် လိုက်လာလိမ့်မယ်။ မှီရာလှည်း တက်လိမ့်မယ်။ ဒီအတိုင်းချည်းပဲ သူ့ကို စောင့်စောင့်ခေါ်နေရရင် ခရီးဖင့်လိမ့်မယ်။ လှည်းက တစ်စီးရပ်ရင် အားလုံးကို ရပ်တာ။ ဒီတော့ တအိအိနဲ့ပဲ မောင်းသွားတာပေါ့” 
ဟု ဆိုကာ ရေ၀တကို ရပ်မစောင့်တော့ဘဲ မောင်းသွားကြသည်။

ဤအခွင့်ကောင်းကို စောင့်နေသော ရေ၀တလည်း နောက်ဆုံးအကြိမ် လှည်းပေါ်မှ သူဆင်းပြီး ချုံပုတ်နောက်သို့ ၀င်ကာ နောက်ဆုံးလှည်း လွန်သွားသည်အထိ ပုန်းအောင်းနေလိုက်၏။ လှည်းတန်းကြီး၏ နောက်ဆုံးလှည်း၊ တောစပ်ခင်တန်းရိုးအကွေ့တွင် ချိုးကွေ့ပျောက်ကွယ်သွားသည်။ ရေ၀တ ချုံပုတ်နောက်မှ ထွက်လိုက်၏။ သူ့ကို ဘယ်သူမှ မမြင်နိုင်တော့။ ရေ၀တ လှည်းတစ်စီးစီးမှာ ပါလာလိမ့်မည်ဟု တွက်ပြီး အားလုံး စိတ်ချလက်ချ မောင်းနှင်သွားကြပေပြီ။

“လွတ်ပြီ... ကျွတ်ပြီ”

ဟု စိတ်ထဲမှာ ကြုံးဝါးကာ ရေ၀တသည် ချုံပုတ်များနှင့် ဆက်စပ်နေသော တောအုပ်ဘက်သို့ အားကုန်သွန်စိုက် ပြေးခဲ့တော့သည်။

-----။-----

တောအုပ်တစ်ခု၊ နောက်တစ်ခု။ ထို့နောက် လူသူအလျဉ်းကင်းဝေးသော လွင်ပြင်ပြန့်။ ထို့နောက် တောင်ငူအငယ်တစ်လုံး၊ ဆက်ပြေးလိုက်သောအခါ ရေ၀တသည် ရဟန်းများ သီတင်းသုံးနေရာ တောကျောင်းအစုကို တွေ့လိုက်ရလေသည်။

“အရှင်ဘုရားတို့ တပည့်တော်ရ၀တပါ။ ယခုအခါ မြတ်စွာဘုရားထံမှ အရှင်သာရိပုတ္တရာအဖြစ် ရောက်ရှိနေတဲ့၊ နောက်ပြီး ဥပတိဿရဲ့ ညီအထွေးဆုံး ဖြစ်ပါတယ်။ သနားငဲ့ညှာသောအားဖြင့် တပည့်တော်ကို ရှင်ပြုပေးပါဘုရား”

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက တောကျောင်းနေ ရဟန်းသုံးကျိတ်တို့အား...

“တပည့်တော်ရဲ့ ညီအထွေးဆုံး ရေ၀တဆိုသူ ခုနစ်နှစ်အရွယ် သူငယ်တစ်ဦး ရောက်လာပါလိမ့်မယ်။ သူရောက်လာရင် ရှင်ပြုပေးလိုက်ကြပါ” ဟု ကြိုတင်မှာကြားထားပြီး ဖြစ်ပေသည်။ ထို့ကြောင့် ရဟန်းများကလည်း ရေ၀တကို ရှင်ပြုပေးလိုက်ကြ၏။

သာမဏေ အရှင်ရေ၀တအဖြစ်သို့ ရောက်ခဲ့ပြီး အဆွေအမျိုးတို့နှင့်တကွ ငြိကပ်စေချင်သော အတွယ်အတာ အနှောင်အဖွဲ့ ဟူသမျှကို စွန့်ခွာခဲ့ပြီ။ သို့သော် ထိုအရာများနှင့် ဝေးနိုင်သမျှ အဝေးဆုံးသို့ ရောက်ရှိရန် လိုအပ်ပေသည်။ မည်သို့ မည်မျှ ဝေးကွာရမည်နည်း။ နေရာဒေသအားဖြင့်လည်း ဝေးကွာရမည်။ ‘လောက’အားဖြင့်လည်း ဝေးကွာရချိမ့်မည်။

တောနေရဟန်းများထံမှပင် ရှင်ရေ၀တ ကမ္မဌာန်းတောင်းသည်။

ထို့နောက် နောက်ထပ် ယူဇနာသုံးဆယ်ကွာဝေးသော အရပ်သို့ တစ်ပါးတည်း ထွက်ခဲ့၏။ ထိုအရပ်ကား တောအတိ တောင်အတိဖြစ်သည့်အပြင် အခြားသော သစ်ပင်ချုံနွယ်များ မပေါက်ရောက်၊ ရှားပင်များသာ အတိပေါက်ရောက်သည့် ရှားတော ဖြစ်၏။ ရှင်ရေ၀တသည် ရှားတောတွင်နေကာ ကမ္မဌာန်းတရား ပွားများအားထုတ်လေသည်။

မကြာမီမှာပင် ပဋိသမ္ဘီဒါလေးပါး ရရှိလျှက် ရဟန္တာဖြစ်လေသည်။


Re: ကလေးရဟန္တာများ - ဆရာချစ်ဦးညို

Shared from Dhamma Rakhita (FB)

Thursday, November 15, 2012

ရဟန်းတော်အချို့နဲ့ အင်တာနက်ပို့စ်

ဒီအကြောင်းကို ပြောသင့်သလား၊ မပြောသင့်ဘူးလားလို့ စဉ်းစားနေတာ အတော်ကြာနေပါပြီ။ ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ကိစ္စမျိုးပါ။ တခြား မဟုတ်ပါဘူး။ အင်တာနက်နဲ့ ရဟန်းတော်အချို့ အကြောင်းပဲ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ပို့စ်တွေတင်၊ စာတွေရေး၊ ဓာတ်ပုံလေးတွေမျှဝေ၊ ကွန်မန့်တွေ ပေးနေကြတဲ့ ရဟန်းတော်အချို့ရဲ့ အများအမြင် မသင့်လျော်တဲ့ ပို့စ်တွေကြောင့် အသံအမျိုးမျိုး ထွက်လာနေတဲ့ ကိစ္စလေးတွေအကြောင်း တစ်စေ့တစောင့်းပါ။ တစ်ချို့ကလည်း အရှင်ဘုရားတို့ အနေနဲ့ ဒီကိစ္စ သံဃာတော် အချင်းချင်းလည်း တိုက်တွန်းတော်မူပါ ဘုရားဆိုပြီး လျှောက်ထားလာကြတာတွေ ရှိပါတယ်။ မလုပ်နဲ့လို့တော့ အမိန့်ပေးလို့ မရပေမယ့် အကောင်းဆုံး အကြံလေးတော့ ပေးကြည့်တာပေါ့ဆိုပြီး တိုက်တွန်းလာသူတွေကို မယုတ်မလွန် ပြန်ပြောဖြစ်ခဲ့ပါတယ်။

တကယ်တော့ တိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ခေတ်နဲ့ရင်ဘောင်တန်းပြီး ဆက်သွယ်ကြ၊ မျှဝေကြ၊ သင်ယူကြရတာ အမတန် အကျိုးရှိလှတာ ဖြစ်ပါတယ်။ အထူးသဖြင့် အလွန်လျန်မြန်စွာ အထောက်အကူ ပြုလှတဲ့ အင်တာနက်ဆိုတဲ့ အထောက်တော်ကြီးနဲ့ သတင်းအချက်အလက် မျှဝေကြရတာဟာ လူတွေအတွက်ရော၊ ရဟန်းတော်တွေ အတွက်ပါ အရမ်းအကျိုးများလှတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူအတော်များများက ကိုယ်ပိုင်အင်တာနက် အကောင့်များ၊ ဝဘ်ပေ့ခ်ျများ၊ ဘလောဂ်များ၊ ဖေ့စ်ဘုက်များနဲ့ ကိုယ်လိုသလို ပုံဖော်နေကြခြင်းပဲ ဖြစ်ပါတယ်။

ခက်တာက ဘာပဲဖြစ်ဖြစ် ကောင်းတာတွေ ရှိသလို မကောင်းတာတွေကလည်း ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် အင်တာနက်ကို အသုံးပြုပြီး ကိုယ့်ပုံရိပ်၊ ကိုယ့်သမိုင်း ကိုယ်ပုံဖော်ကြတဲ့အခါမှာ စဉ်းစားဆင်ခြင်ကာ ပြုမူလုပ်ဆောင့်သင့်လှပါတယ်။ ကိုယ့်ဟာကိုယ် ကိုယ့်အကောင့်မှာ ကိုယ်တင်တာ၊ ကိုယ့်အကောင့်မှာ ကိုယ်ရေးတာ ဘာဖြစ်လဲဆိုပြီး ကိုယ်လုပ်ချင်သလို လုပ်ပိုင်ခွင့်ရှိပေမယ့် ကိုယ့်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ ကိုယ့်အတွက်၊ အများအတွက်၊ ကိုယ့်အသိုင်းအဝိုင်းအတွက်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု ထိခိုက်မှု ရှိမရှိဆိုတဲ့အချက် စသဖြင့် ဒါလေးတွေကို ထည့်တွက်စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာလေးဟာ ဘာမှမဖြစ်လောက်ပေမယ့် အဲဒါလေးကပဲ ကိုယ့်ပုံရိပ်ကို ထိခိုက်လာမယ်၊ ကိုယ့်သမိုင်းကို ထိခိုက်လာမယ်၊ ကိုယ့်အသိုင်းအဝိုင်းကို ထိခိုက်လာမယ်ဆိုရင် ဒါဟာ အသိရှိတဲ့သူတွေဆိုရင် မလုပ်သင့်ဘူးလို့ ပြောရမယ့်အချက်ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သာမန်လူတွေထက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများအတွက်တော့ တကယ့်ကို ဆင်ခြင်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်များအနေနဲ့ ဘယ်လိုပုံစံမျိုး စာတွေရေးပါစေ၊ ကွန်မန့်တွေ ပေးပါစေ၊ ဓာတ်ပုံတွေ တင်ပါစေ အများအမြင်မှာ ဒီလောက်ကြီး အထင်သေးစရာ၊ အပြစ်ပြောစရာ၊ ဝေဘန်ထောက်ပြစရာ မရှိလှပေမယ့် အများရဲ့ ကိုးကွယ်မှု၊ ပူဇော်မှု၊ လှူဒါန်းမှုကို ခံယူနေကြတဲ့ ရဟန်းတော်များအတွက်တော့ နည်းနည်းလေး အချိုးမကျတာနဲ့ သဒ္ဓါပျက်စရာ၊ ကဲ့ရဲ့စရာ၊ အပြစ်ပြောစရာတွေ ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ လူတွေအမြင်မှာ ရဟန်းတော်များဟာ ဘာပဲဖြစ်ဖြစ် လူတွေထက် အသွင်အပြင်၊ အပြောအဆို၊ နူးညံ့သိမ်မွေ့နေတာကိုပဲ ကြည်ညိုစရာ ဖြစ်နေတာဆိုတော့ အဲဒီအမူအရာတွေ မဟုတ်တာနဲ့ သာမန်သဒ္ဓါတရား နည်းတဲ့သူတွေမှာ သဒ္ဓါပျက်စရာတွေ အများကြီး ဖြစ်သွားစေတော့တာ ဖြစ်ပါတယ်။

ရဟန်းတော်များဘက်က ကြည့်ရင်လည်း သာမန်ပုထုဇဉ် ရဟန်းတော်များ ဖြစ်နေတဲ့အတွက် မှားတတ်တာတွေလည်း ရှိနေတာ အမှန်ပဲ ဖြစ်ပေမယ့် ကိုယ့်အသွင်က အများကို ဦးဆောင်မှု ပေးနေတဲ့အသွင် ဖြစ်နေတဲ့အတွက် လူမှားတာထက် ရဟန်းတော်အသွင် အပီအပြင်ရှိနေတဲ့ ဘုရားသားတော်များ အမှားဆိုရင် လူတွေက ပိုမြင်ကြတော့တာ ဖြစ်ပါတယ်။ အဲဒီလို အမြင်မတော်လို့ လူတွေက ဆော်လာပြန်တော့ ကိုယ်ကရဟန်းအသွင် ဖြစ်နေတဲ့အခါ ရဟန်းမာန၊ သင်္ကန်းပါသကွဆိုပြီး လူလိုပြန်တုံ့ပြန်ရင်လည်း ကိုယ့်အတွက်ကြောင့် အခြားသံဃာတော်များအထိ ပြောရင်းပြောရင်း ထိခိုက်စရာတွေက ပါလာကြပြန်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတစ်ခွန်း၊ ကိုယ်တစ်ခွန်း ပြောကြရင်း အဲဒီ အင်တာနက် စာမျက်နှာဟာ မအေးချမ်း၊ မသာယာပဲ ဖြစ်သွားတော့တာ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ့်ရဲ့အပြစ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အပြစ်ဆိုတာလည်း ကိုယ်မကြောက်လို့ ကိုယ်လုပ်ချင်ရင် အများမမြင်ရာမှာ ကိုယ်လုပ်ချင်သလို လုပ်နိုင်ပေမယ့် ကိုယ်ရဲ့အပြစ်ဟာ အများရှေ့မှာ ထင်ရှားလာရင်တော့ ကိုယ့်ကိုအကြောင်းပြုပြီး ကိုယ့်သံဃာ၊ ကိုယ့်သာသနာနဲ့၊ ကိုယ်ဘာသာ၊ ကိုယ့်နိုင်ငံအပေါ်မှာပါ ထိခိုက်လာတော့တာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ ကိုယ်ကဘာမှ မဟုတ်ပါဘူးလို့ထင်ပြီး လုပ်လိုက်ပေမယ့် ဒီဘာမှ မဟုတ်တာလေးက ဖွတတ်တဲ့သူတွေ၊ အပြစ်ပြောဖို့ ချောင်းနေတဲ့သူတွေ၊ တိုက်ခိုက်ဖို့ လုပ်နေတဲ့သူတွေ အတွက်တော့ အကြီးအကျယ် ဖြစ်သွားအောင် လုပ်လို့ရသွားစေတော့တာ ဖြစ်တဲ့အပြင် သူတို့တွေရဲ့ ဖွချက်ကြောင့် ကိုယ့်သံဃာ၊ ကိုယ့်သာသနာတော်အထိ ညစ်နွမ်းသွားစေ၊ ဂုဏ်သိက္ခလျော့သွားစေတော့တာ ဖြစ်ပါတယ်။

ဆိုတော့ကား အသံလေးတွေ ထွက်လာနေတဲ့ ရဟန်းတော်အချို့ရဲ့ အင်တာနက် အသုံးပြုမှု၊ ပို့စ်တင်မှု၊ ကွန်မန့်ရေးမှု လေးတွေဟာ အချို့ဆိုပေမယ့် အွန်လိုင်းပေါ်မှာ တကယ်အသိတွေကို မျှဝေပေးနေတဲ့ ရဟန်းတော်များ၊ အွန်လိုင်းအမေးအဖြေ လုပ်ပေးနေကြတဲ့ ရဟန်းတော်များ၊ ပရဟိတ လုပ်ဆောင်ချက်တွေကို ထုတ်ဆောင်ပေးနေတဲ့ ရဟန်းတော်များအတွက်လည်း ဝါးလုံးရှည်နဲ့ သိမ်းရမ်းသလို ဖြစ်တတ်တဲ့အပြင် အစစ်အမှန် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ အနှစ်ရှိတဲ့ ပုံရိပ်တွေကိုပါ ပေါ့ပါးသွားစေတဲ့အတွက် အချို့ချို့ ရဟန်းတော်များ အနေနဲ့ ပို့စ်တင်ကြတဲ့အခါ အထူးသတိပြု ဆင်ခြင်သင့်လှတာ ဖြစ်ပါတယ်။ ဒီလိုရေးမိတဲ့အတွက် အမိန့်ပေးတာ မဟုတ်ပါဘူး။ သံဃာတော်များနဲ့ သာသနာရဲ့ ပုံရိပ်ကို ထောက်ဆပြီး အမုန်းခံကာ အကြံပြု တင်ပြခြင်း သက်သက်သာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်များ အနေနဲ့လည်း သံဃာတော်အချို့ရဲ့ အွန်လိုင်းပို့စ်များနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုကြတဲ့ အခါမှာ ပုဂ္ဂိုလ်နဲ့ သံဃာကို ခွဲခြားသိမြင်ပြီး အပြစ်မဖြစ်အောင် သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။ မသိနားမလည်၊ မကျွမ်းကျင်သေးတဲ့ အနေအထားမှာ အရေးအသား၊ အတွေးများနဲ့ မဖြစ်သင့်တာ ဖြစ်သွားကြတဲ့ အချို့အချို့သော အရှင်များရဲ့ အသွင်မှားကိုလည်း အခြားအခြား ဘာသာခြားများ ဝေဘန်စရာ မဖြစ်အောင် သိုးသိုးသိပ်သိပ် အကြံပြု ဖြေရှင်းနိုင်အောင် အထောက်အကူ ပြုပေးကြရမှာ ဖြစ်ပါတယ်။ နှောင်းခေတ်မှာ ပြောင်းပြစ်စရာ ဖြစ်လာနေတဲ့ အားနည်းချက်များကို ဆရာဒကာ လက်တွဲပြီး ဝိုင်းဝန်းထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ မြတ်စွာဘုရားရှင်ရဲ့ အစစ်အမှန် သသနာတော်ကြီး အရှည်ခန့်ကာ တည်တံ့ကြာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့ အညီ ခေတ်မီအသုံးအဆောင်တွေနဲ့ ဘဝကို ပုံဖော်ကြတဲ့ လူပုဂ္ဂိုလ်တွေ၊ ရဟန်းတော်တွေ အနေနဲ့ ကိုယ်ပုံဖော်လိုက်တဲ့ ပုံရိပ်တစ်ခုဟာ ကိုယ့်အတွက် အကျိုးရှိတယ်လို့ ထင်ပေမယ့် အများအတွက်၊ ဘာသာ၊ သာသနာ၊ လူမျိုး၊ နိုင်ငံအတွက် အကျိုးမရှိဘူးဆိုရင် သတိပြုဆင်ခြင်ပြီး ကိုယ့်အတွက်နဲ့ အများမထိခိုက်အောင် အစစအရာရာ ဆင်ခြင်ပြီး ပြုလုပ်သင့်ပါကြောင်း စေတနာကောင်းနဲ့ အသိပေးစကား ပါးလိုက်ရပါတယ်။


မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Shared from မနာပဒါယီ အရှင်ဝိစိတ္တ (FB)