Thursday, January 31, 2013

***မျှော်လင့်ရင်းဝေး***

နာကြားဖူးတဲ့ တရားလေးထဲက ဇာတ်လေးတစ်ပုဒ်ကို ပြောပြချင်မိတာနဲ့ ဒီစာလေးချရေးမိတယ်။
အမည်ကိုတော့ “ပေါက်ပွင့် ခွေးမျှော်” ဇာတ်လို့ ပေးထားလိုက်မိတယ်။
ဒီလိုပါ။
တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ အလွန်ဆာလောင် မွတ်သိပ်လွန်းလို့ အရမ်းကို အစာကို တောင့်တရှာဖွေနေ တဲ့အချိန်ပေါ့။ အဲအချိန်မှာ သူဟာ ပေါက်ပွင့်ရဲရဲတွေ ပွင့်နေတဲ့ ပေါက်ပင်ကြီးကို တွေ့ပါသတဲ့။ ဒီတော့ ဒီခွေးစိတ်ထဲမှာ ဒီပေါက်ပွင့် ရဲရဲတွေကို အမဲသားတွေလို့ ထင်ပြီး အာသာငမ်းငမ်းနဲ့ ပေါက်ပင်အောက်ကနေ ဆာလောင်မွတ်သိပ်စွာနဲ့ ဒီအမဲသား ကျလာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်တဲ့။
အဲကြွေကျပါပြီ။
ပေါက်ပွင့်တပွင့်။
ဒီခွေးဟာ ၀မ်းသာအားရနဲ့ အမဲသားအထင်နဲ့ ပြေးပြီး နမ်းကြည့်လိုက်တော့ ပေါက်ပွင့်ကြီး ဖြစ်နေပါရောတဲ့။ သူထင်သလို အမဲသားမဟုတ်ဘူးလေ။
ဒါပေမယ့် သူကတွေးတယ်။ ဩော် ဒီတစ်ပွင့်ကသာ ပေါက်ပွင့်ဖြစ်နေတာပါ။ ကျန်တဲ့အပင်ပေါ်က နီနီရဲရဲ တွေကတော့ အမဲသားပဲဖြစ်မှာပါဆိုပြီး ဆာလောင်စွာနဲ့ ဆက်မျှော်နေပါသတဲ့။
ဒါပေမယ့် ကျလာသမျှကို ကြည့်လိုက်တော့ အမဲသားမဟုတ်ပဲ ပေါက်ပွင့်သာ ဖြစ်နေပါသတဲ့။
ဒါလည်း သူက ဇွဲမလျော့ဘူး။ အင်း အပေါ်မှာ ကျန်တာတွေကတော့ အမဲသားဖြစ်မှာပဲဆိုပြီး ဆက်စောင့်ပြန်ပါသတဲ့။ ဒီလိုနဲ့ ပေါက်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် တဖြုတ်ဖြုတ်ကြွေသာသွားတယ် သူမျှော်လင့်တဲ့ အမဲသားကိုတော့ အစတောင်ရှာ မရခဲ့ပါဘူး။ နောက်ဆုံး ရနိုးရနိုးနဲ့သူဟာ မျှော်လင့်တောင့်တရင်းနဲ့ပဲ ပေါက်ပင်အောက်မှာ အဆာလွန်လို့ သေပွဲဝင် ရရှာတယ်။ သူသေသာသွားတယ် သူမျှော်လင့်တဲ့အမဲသားကိုရမသွားရှာပါဘူး။

***********************************************
ဒီမှာတစ်ခန်းရပ်လို့ စဉ်းစားကြည့်မိတယ်။
အင်း…တို့တွေ လည်းဘာထူးလို့လဲ။ ဒီလိုပါပဲ။
ရထားတဲ့ ခန္ဓာက ဒုက္ခခန္ဓာ။
မျှော်လင့် တောင့်တ နေတာက သုခချမ်းသာ။
ဒုက္ခပြီးရင်းဒုက္ခပဲရှိတဲ့ ပေါက်ပင် ကနေ သုခနဲ့ တူတဲ့ အမဲသား ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
ဒါလည်းမျှော်တုန်းပါပဲ။ မွေးကတည်းကမျှော်ခဲ့ရတဲ့ သုခချမ်းသာတွေ အိမ်ထောင်ပြုရင်ကောင်းမှာပဲလို့တွေးပြီး ပြုလိုက်ပြီ။ ဟောပေါက်ပွင့်တစ်ပွင့်ကြွေပြီ။ ဘာရလဲ။ ဒုက္ခပဲတွေ့ တယ်။
ဒါပေမယ့် အင်း သားသမီး ရှိရင်ပိုပြီး သာယာချမ်းမြေ့လာမှာပဲလို့ ချမ်းသာကို ဆက်မျှော်ပြန်တယ်။ ရလာပြီသားသမီး။ ဟောပေါက်ပွင့် နောက်တစ်ပွင့်လေ။
သူ့အတွက် အပူတွေ တိုးလာတာပဲလေ။
ဒါလည်း အင်း မြေးလေး သာရှိလာခဲ့ရင် သုခချမ်းသာ ပိုပြည့်စုံမှာပဲလို့ဆက်မျှော်ပြန်ရော။
ဟောရလာပြီ မြေးလေး။ နောက်တစ်ပွင့် ထပ်ကြွေပြန်ပြီ။
နောက်ဆုံးတော့ ရလာတာသမျှတိုင်းသည်ပင် ဒုက္ခချည်းပဲဖြစ်နေတာကိုး။
အင်းဘာပဲပြောပြော ရနိုးရနိုးနဲ့ မျှော်ရင်း မျှော်ရင်းနဲ့သာ သေကြရတော့မယ်။ အခုထိ ကိုယ်မျှော်နေတာတွေဟာ ဒုက္ခဖြစ်ကြောင်းတွေပါလားလို့ မစဉ်းစားမိသေးဘူးလေ။
အင်း သေခါနီးထိလည်း မျှော်နေဦးမှာပါပဲ။
ရလာတဲ့ ဒုက္ခအပင်က ပွင့်သမျှ၊ သီးသမျှတွေဟာ ဒုက္ခတွေသာ ဖြစ်မှာပါလားလို့  မတွေးမိသမျှကတော့ ဒီ ဒုက္ခထဲက သုခကို မရှိတာ မျှော်နေသလို ဖြစ်နေမှာပေါ့။
ဒါကြောင့် ဒီခန္ဓာကြီးကို အဟုတ်အရှိလို့ ထင်နေသမျှ သတ္တ၀ါတိုင်းဟာ ဒီ“ပေါက်ပွင့် ခွေးမျှော်”ဇာတ်ထုတ်ကြီး ခင်း နေတာနဲ့ မခြားပါလားဆိုတာလေး နှိုင်းယှဉ်မိရင်း….ကိုယ့်အဖြစ်ကိုယ် ရင်မောစွာဖြင့် အမြန်ဆုံး ကြိုးစားရုန်းထွက်နိုင်မှ တော်ကာကျပေတော့မည်ဖြစ်ကြောင်းလေး ပြန်လည်ဖောက်သည်ချလိုက်ရပါတော့သည်။

ဓမ္မမောင်နှမတို့ အားလုံးဘဲ ကိုယ်၏ကျမ်းမာချင်း စိတ်၏ချမ်းသာခြင်းများ
ပြည့်စုံကြ၍ ရှည်လျှားလှတဲ့ ဘ၀သံသရာကြီးထဲက အေးညိမ်းရာအမှန်မြတ်နိဗ္ဗာန်သို့ အလျှင်အမြန် ရုန်းထွက်နိုင်ကြပါစေ..။
 မေတ္တာ များစွာဖြင့်...
(အေးအေးချို)

Shared from Ma Aye Aye Cho (FB)

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း



ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီး မှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
--
Ref: medic-facts
Shared from http://www.innewsmyanmar.com/2012/12/blog-post_5404.html

Saturday, January 26, 2013

Post Type: Love

အဖော်ရှိတုန်းက အဖော်နဲ့ထိုင်တယ်
အဖော်မရှိတော့ တယောက်တည်းထိုင်တယ်

ဂရုစိုက်တဲ့လူရှိတုန်းက ဂရုစိုက်ခံတယ်
ဂရုစိုက်မဲ့လူမရှိတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်တယ်

ချစ်တယ်ဆိုတုန်းက အကောင်းဆုံးချစ်တယ်
မချစ်တော့ဘူးဆိုတော့ အကောင်းဆုံးလွတ်လပ်ခွင့်ပေးလိုက်တယ်

တချို့အရာတွေကတောင်းပန်လို့မရဘူး
တောင်းဆိုလို့မရဘူး ရပ်တန့်လို့မရဘူး
ထွက်သွားမဲ့အရာကထွက်ကိုထွက်သွားမှာပဲ

နှစ်ယောက်ရှိစဉ်အကောင်းဆုံးနေ
တယောက်တည်းရှိလည်း အကောင်းဆုံးဖြစ်အောင်နေ

ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားတတ်ရင်
ကိုယ့်ကိုဘယ်သူကမှတသက်လုံးစိတ်ချမ်းသာအောင်ထားနိုင်မှာ မဟုတ်ဖူးမလား???


ခင်မင်လျက်
ကောင်ကလေး
၂၆/ဇန်နဝါရီ/၂၀၁၃

Thursday, January 24, 2013

"ပရိညာသုံးဆင့်"

ပရိညာသုံးဆင့်ဟူသည် “ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ”ဟူ၍ဖြစ်၏။ ပါဠိလိုပြောခြင်းဖြစ်၍ တစ်မျိုးတဖုံထူးဆန်းနေနိုင်၏။

★ဉာတပရိညာဟူသည် အသိဖြင့် ဒိဋ္ဌိကိလေသာကို ပယ်ခွါခြင်းဖြစ်၏။

★တီရဏပရိညာဟူသည် အကျင့်ဖြင့် ဒိဋ္ဌိကိလေသာကို ပယ်ခွါခြင်းဖြစ်၏။

★ပဟာနပရိညာဟူသည် လောကုတ္တရာမဂ်ဖြင့် ဒိဋ္ဌိကိလေသာကို ပယ်ခွါခြင်းဖြစ်၏။

မိုးကုတ်ဆရာတော်ဘုရားကြီးက လွယ်ကူစွာနားလည်နိုင်ရန်
ရံခါ “သိကွာ၊ ကျင့်ကွာ၊ ပယ်ကွာ”ဟု သုံးလေ့ရှိ၏။
ရံခါ “သိပြုတ်၊ ပွားပြုတ်၊ ပယ်ပြုတ်”ဟု သုံးလေ့ရှိ၏။
ရံခါ “အသိဉာဏ်၊ အပွားဉာဏ်၊ အပယ်ဉာဏ်”ဟုလည်း
သုံးလေ့ရှိ၏။

အပွားနှင့် အကျင့်သည် အဓိပ္ပါယ်တူမြန်မာစကားဖြစ်၏။
ပယ်ဟူသည် ပယ်ခွါမှုကို ဆိုလို၏။ ( -ါ) ရေးချမပါ။ အပါယ်လေးဘုံကိုညွှန်းသည့် စကားလုံးမဟုတ်၊
ထိုစကားလုံး၌ ( -ါ) ရေးချ ပါ၏။
ထို့ကြောင့် “ပယ်ပြုတ်”ဟူသည် သက္ကာယဒိဋ္ဌိကို အမြစ်ပြတ် ပယ်သတ်သောအားဖြင့် ပြုတ်သည်ကို ရည်ညွှန်း၏။
သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန်အတွက်
“အသိဖြင့်တစ်မျိုး၊ အပွားဖြင့်တစ်မျိုး၊ အပယ်ဖြင့်တစ်မျိုး” ပယ်နည်းသုံးမျိုးဖြင့် ပယ်သတ်ကြရမည်ကို ဆိုလိုခြင်းဖြစ်၏။ ထိုသုံးမျိုးကို “ပရိညာသုံးပါး” ဟုလည်းခေါ်၏၊ “လုပ်ငန်းစဉ်သုံးရပ်” ဟုလည်း ခေါ်ပါ၏။

ထိုသုံးမျိုးတွင် အသိသည် အပွားကို ကျေးဇူးပြု၏။ အပွားသည် အပယ်ကိုကျေးဇူးပြု၏။

★ထင်ရှားအောင် ပြောရလျှင် ခန္ဓာငါးပါးသည် သက္ကာယတရားဖြစ်၏။ ဒိဋ္ဌိမဟုတ်။ ခန္ဓာငါးပါးကို “သက္ကာယတရား”ဟု သိထားရမည်ဖြစ်၏။ ထိုအသိသည် သမ္မာဒိဋ္ဌိဖြင့် သိခြင်းဖြစ်၏။ သက္ကာယ ခန္ဓာငါးပါးဟု ဉာဏ်ဖြင့်သိ၍ သက္ကာယနှင့် သမ္မာဒိဋ္ဌိတွဲမိသွားလျှင် အသိဖြင့်ပြုတ်သွားတော့၏။ သက္ကာယအပေါ်၌ ငါသူ ထင်မြင်နေမှုမရှိတော့။ ခန္ဓာငါးပါးဟုသာ သိနေတော့၏။ ရုပ်နာမ်ဟုသာ သိနေတော့၏။ အရှိရုပ်နာမ်ကို အမှန်သိခြင်းပင် ဖြစ်၏။ နောက်က သက္ကာယဒိဋ္ဌိမလာနိုင်တော့။ ထိုကြောင့် သက္ကာယနှင့် သမ္မာဒိဋ္ဌိ တွဲမိအောင်လုပ်ရ၏ (သက္ကာယ+သမ္မာဒိဋ္ဌိ)။ တစ်သံသရာလုံးက ထိုအမြင်ကို မရခဲ့ကြ၍ သံသရာရှည်နေကြရခြင်းဖြစ်၏။ ★

သက္ကာယခန္ဓာငါးပါးကို ငါ သူ အထင်မှားအမြင်မှား ဒိဋ္ဌိနှင့်သာတွဲမိနေလျက်ရှိသောကြောင့် သက္ကာယနှင့် ဒိဋ္ဌိတွဲမိလျက် သက္ကာယဒိဋ္ဌိ တွယ်ငြိနေကြခြင်းဖြစ်၏ (သက္ကာယ+ဒိဋ္ဌိ)။ ထိုသက္ကာယဒိဋ္ဌိပြုတ်ရေးအတွက် သက္ကာယအပေါ် အမှန်မြင်သည့် သမ္မာဒိဋ္ဌိဖြင့် ကြည့်ပေးရ၏။ ဉာဏ်ဖြင့်ကြည့်သည်ဟုလည်း ဆိုနိုင်၏။ သက္ကာယကို ခန္ဓာငါးပါးဟု အမှန်သိနေချိန်တွင် သက္ကာယဒိဋ္ဌိသည် ပြုတ်နေတော့၏။ အသိဖြင့် ပြုတ်ခြင်းပင်ဖြစ်၏။ အသိမျှဖြင့် ပြုတ်ခြင်းဖြစ်သောကြောင့် သိနေခိုက်သာ သူမလာနိုင်ခြင်းဖြစ်၏။ မသိလျှင် ပြန်ဝင်လာမည်သာဖြစ်၏။

★ဒုတိယအဆင့်အနေဖြင့် သက္ကာယခန္ဓာငါးပါးထဲက ဝေဒနာဖြစ်စေ စိတ်ဖြစ်စေ ဖြစ်တိုင်း ပျက်တိုင်း ဖြစ်တိုင်း ပျက်တိုင်း ရှုရှုပေးရ၏။ ရှုပေးလိုက်သည့်အခါ ဖြစ်ပျက်နှင့် သမ္မာဒိဋ္ဌိ မဂ် ကိုက်နေလေတော့၏။ ကိုယ်ပေါ်မှာ ဝေဒနာပေါ်လည်း ဖြစ်ပျက်ရှု၊ မျက်လုံးမှာပေါ်လည်း ရှု၊ နားမှာပေါ်လည်း ရှု၊ နှာခေါင်းမှာပေါ်လည်း ရှု၊ လျှာမှာပေါ်လည်း ရှုပေးရ၏။ ၀မ်းထဲတွင်ပေါ်လည်း ရှုပေးရ၏။ ထိုသို့ ဖြစ်ပျက် မြင်အောင်ရှုနေလျှင်လည်း ရှုဖန်များလာလျှင် သက္ကာယဒိဋ္ဌိ ပယ်ပြီးဖြစ်တော့၏။ ဤသည်ကို အပွားဉာဏ်၊ အရှုဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိပြုတ်သည် ဟုဆိုရ၏။ ထိုအဆင့်တွင်လည်း ပွားနေခိုက်သာလျှင် ဒိဋ္ဌိသည် ပြုတ်နေမည်ဖြစ်ပါ၏။ မပွားများဘဲနေလျှင် ပြန်ဝင်လာဦးမည်သာဖြစ်၏။ ★

ဝိပဿနာဉာဏ်ကင်းသည့်အချိန်တွင် ပြန်ဝင်လာမည်သာဖြစ်၏။ ထို့ကြောင့် အသိပြုတ်လည်း စိတ်မချရသေးသကဲ့သို့ အပွားပြုတ်လည်း စိတ်မချရသေး။ အမြစ်ပြတ်အောင် ပြုတ်ထွက်သွားမှသာလျှင် စိတ်ချလက်ချ နေနိုင်တော့မည်ဖြစ်၏။

★နောက်ဆုံးအဆင့် အပယ်ဉာဏ်ဖြင့်ပြုတ်မှသာလျှင် အမြစ်ပြတ်ပြုတ်မည်ဖြစ်၏။ အမြစ်ပြတ်ပြုတ်ရေးအတွက်လည်းခန္ဓာငါးပါး တစ်ပါးပါးကို သတိပဋ္ဌာန်လေးပါး တစ်ပါးပါးဖြင့် ရှုလိုက်လျှင် ဖြစ်ပျက် ဒုက္ခသစ္စာသာရှိ၏။ မည်သည့်ခန္ဓာရှုလိုက်သည်ဖြစ်စေ ဖြစ်ပျက်သာ တွေ့ရမည်ဖြစ်၏။ ဖြစ်ပျက်သည် ဒုက္ခသစ္စာပင်ဖြစ်၏။ ယခုပေါ်နေသည့် ခန္ဓာကိုယ်ကို ဉာဏ်ဖြင့်ကြည့်လိုက်တိုင်း ဖြစ်ဆဲဒုက္ခနှင့် ပျက်ဆဲဒုက္ခကိုသာ တွေ့နေရသဖြင့် တစ်ကိုယ်လုံး ဒုက္ခသစ္စာသာရှိ၏၊ သုခသစ္စာဟူ၍ မြူမျှမရှိဟု ဆုံးဖြတ်ချက်ချလိုက်နိုင်သည့် ဉာဏ်တက်လာလျှင် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိလိုက်ရခြင်းဖြစ်၏။ ကိုယ်ပိုင် ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ “အဟုတ်ကို ဒုက္ခသစ္စာပဲ” ဟု ပိုင်းခြားသိနိုင်သည့်ဉာဏ်လာသည်နှင့် ဖြစ်ပျက်ဟူသရွေ့ အကုန်ချုပ်သွားလေ၏။ ထိုအခိုက်တွင် ဒိဋ္ဌိဝိပ္ပလ္လာသ လေးမျိုးအကုန်ချုပ်သွားတော့၏။ သက္ကာယဒိဋ္ဌိချုပ်သွားခြင်းပင်ဖြစ်၏။ ဒုက္ခချုပ်သည်နှင့်တစ်ပြိုင်နက် ဒိဋ္ဌိလည်း ချုပ်သွား၏။ ဘယ်တော့မှ မပေါ်သောနည်းဖြင့် ချုပ်ခြင်းပင် ဖြစ်၏။ ရှေ့က ဒုက္ခချုပ် နောက်က သမုဒယ (ဒိဋ္ဌိ)ချုပ်၊ အလယ်က မဂ်ဉာဏ်အစစ်ပေါ်လာသည်နှင့် ရှေ့နောက်နှစ်ချက်ချုပ်သွားခြင်းပင် ဖြစ်၏။ ထိုသို့ သက္ကာယဒိဋ္ဌိပြုတ်သွားသည်ကိုတော့ ပယ်ပြုတ်ဟုဆိုရ၏။ နောင်ပြန်မလာသောအားဖြင့် ပြုတ်သွားသောကြောင့် စိတ်ချရသော ဒိဋ္ဌိပြုတ်ခြင်းပင် ဖြစ်တော့၏။★

◆တရားနာကြားရ၍ စာပေဖတ်မှတ်ရ၍ ဒိဋ္ဌိပြုတ်နေသည်မှာ အသိဖြင့်ပြုတ်ခြင်းပင်ဖြစ်၏။

◆ရှုမှတ် ပွားများနေချိန်တွင် ပြုတ်သည်ကို ပွားပြုတ်ဟုဆို၏။

◆ပွားဖန်များ၍ ရှေ့က ဒုက္ခသစ္စာလည်း ဆုံး နောက်က သမုဒယသစ္စာလည်း ဆုံးသွားသည့်အခါ ပြုတ်သွားသည့် ဒိဋ္ဌိကိုမူ ပယ်ပြုတ်ဟုဆိုရ၏။

ပယ်ပြုတ်သည် ကျေးဇူးအများဆုံးသော ပြုတ်နည်းဖြစ်၏။ သက္ကာယဒိဋ္ဌိ ပယ်ပြုတ် ပြုတ်သွားသည်နှင့် အတိတ်ကပါလာခဲ့သော အပါယ်ရောက်မည့် အကုသိုလ်ကံအဟောင်းများလည်း ဒိဋ္ဌိနှင့်ရော၍ ပြုတ်သွားတော့၏။ ယခုဘ၀ မိုက်ခဲ့ မှားခဲ့ ပြစ်မှားခဲ့ဘူးသော အပါယ်ရောက်ကြောင်း အကုသိုလ်ကံများလည်း အတူပြုတ်သွားတော့၏။ နောက်မိုက်လတံ့ အကုသိုလ်အလုပ်မှန်သမျှကိုလည်း လှမ်းဖြတ်လိုက်တော့၏။ အပါယ်ရောက်မည့်အကုသိုလ်မှန်သမျှ အကုန်ဖြတ်ချလိုက်လေတော့၏။ အပါယ်ရောက်ကြောင်းဖြစ်သည့် အတိတ်အကုသိုလ်ကံကိုလည်းဖြတ်၊ ပစ္စုပ္ပန်အကုသိုလ်ကံလည်းဖြတ်၊ နောင်လုပ်မည့် အနာဂတ်အကုသိုလ်ကံလည်းဖြတ်၊ သုံးချက်ပြတ် ပြတ်သွားလေသဖြင့် အပါယ်မျိုးစေ့ မှန်သမျှ အကုန်ထုတ်ပစ်လိုက်ခြင်းပင်ဖြစ်တော့၏။ အပါယ်လေးပါး တံခါးပိတ်နိုင်အောင် စိတ်ချရလေတော့၏။

[ဒေါက်တာအရှင်ပါရမီ]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်
နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

Wednesday, January 23, 2013

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်




ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။
ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။ Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့် အချက် ကို လက်ခံထားကြသည်။
ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် အရီဇိုး နားတက္ကသိုလ်မှ သုတေသီများက ကောလိပ်ကျောင်းသားများ၏ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြသည်။ သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်းထည့်သွင်း ခဲ့ကြသည်။
ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ သားများပိုတင်စေပြီး ကျန်ကျောင်း သားများ၏ Facebook အသုံးပြုမှုကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။
တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကို မေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။
Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင် စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။ သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့် အထီးကျန်ဝေဒနာသက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။
လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social snacking)” ဟု အမည်ပေး ထားသည်။
““သရေစာမုန့်တစ်ခု စားလိုက် ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက် သာသွားသလိုပါပဲ။ လူမှုရေးသရေစာ ကလည်း လက်တွေ့ဘ၀လူမှုရေး ထိတွေ့ဆက်ဆံမှုကင်းမဲ့နေတဲ့အချိန် ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။
လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science) တွင် ဖော်ပြထားသည်။
=========================================
ဇော်ကို
Source: MDI
Reference &Credit to Health Updates Journal
Post by minzarnitgi Admin Team[NOM]

Shared from News of Myanmar (FB)

Tuesday, January 22, 2013

သွေးတိုးအတွက်အစွမ်းထက်တိုင်းရင်းဆေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့်ပတ်သက်၍ ပညာပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေးပညာအကြောင်းကို အများအကျိုးအတွက် ဆေးပညာဒါနပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့်ရောဂါမှာ သွေးတိုးရောဂါဖြစ်သည်။ သွေးတိုးရောဂါ ကြာရှည်ဖြစ်နေပါက

လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကို ဖြစ်တတ်သည်။

သွေးတိုးရောဂါ-ဟူသည်---

အပေါ်သွေးပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် တောက်လျှောက်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။

သွေးတိုးရောဂါ ဖြစ်တတ်သူ---

သွေးတိုးရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက်သောက်သူများနှင့်

ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။

သွေးတိုးရောဂါလက္ခဏာများ---

သွေတိုးရောဂါလက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့်

အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ အကြောတပ်ခြင်းတို့ ဖြစ်သည်။

သွေးတိုးရောဂါကို တိုင်းရင်းဆေးဖက်ဝင် အပင်များဖြင့် ကာကွယ်ကုသခြင်း---

(၁) ဒန့်သလွန်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။

(သတ္တုရည်ဆိုသည်မှာ ထုထောင်းကြိတ်ညှစ်၍ ရရှိသောအရည် ဖြစ်သည်)။

(၂) ဧကရာဇ်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ်သောက်ပါ။

(သို့မဟုတ်) ဧကရာဇ်အမြစ်ကို ရေဖြင့်သွေး၍ တခါသောက်လျှင် ဟင်းစားဇွန်း ၁-ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။

(၃) သံပုရာသီးတလုံးကို ထက်ခြမ်းခွဲ၍ ရေနွေးကျွက်ကျွက်ဆူ တဖန်ခွက်တွင် တနာရီခန့် စိမ်ပြီး သောက်ပါ။

(၄) ကြက်သွန်ဖြူ (၃-၄)မြွှာကို ထမင်းစားတိုင်း စားပါ။

(သို့မဟုတ်) ဥတလုံး ကြက်သွန်ဖြူကို နေ့စဉ် စားပါ။

သွေးတိုးရောဂါရှင်များ လိုက်နာရန်---

* အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများ အလွန်အကျူး စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

* အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

* စိုးရိမ်သောက ကင်းဝေးပါစေ။

* ကိုလက်လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ပါ။

* အနည်းဆုံး တနေ့ နာရီဝက်ခန့် လမ်းလျှောက်ပါ။

* သွေးပေါင် မှန်မှန်ချိန်ပါ။

ဥက္ကာကျော်(ပုသိမ်)

ကိုးကား။ ။ သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပညာ။

(ဂမ္ဘီရ ၂၀၀၈-၉)

source>>>http://natureenergycare.blogspot.com/2012/12/blog-post_1.html#more
Shared from Ma Moenge Aung (FB)

မဂ်မသိ ဖိုလ်နှင့်ညှိ



ကိလေသာကို သတ်ခြင်းသည်ကား မဂ်၊
ရုပ်ဓာတ်နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက်၊
သို့တစေလည်း
သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမီ၊
မဂ်သဘာဝ၏ ချုပ်ပြတ်ပုံမျိုးကဲ့သို့သောမဂ်အတုများလည်း ပေါ်ပေါက်ကြသေး၏။

၎င်းတို့မှာ …

၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြုလွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊

၂။ ကြောင့်ကြပူပန်ခြင်းကင်းသော စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း
တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊

၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိန်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၎။ ၀ီရိယထား သမာဓိအားနှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားတော့ကာ တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၅။ အမြင်မတိုး ရိုးအီနေခြင်းကြောင့် ဆန္ဒအားများ ယုတ်လျော့နိမ့်ပါးသွားကာ ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၆။ နုလွန်သောအတွေ့၌ အသိက မလိုက်နိုင်တော့ခြင်းကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်းများပင်တည်း။

စင်စစ် ထိုခြောက်မျိုးတို့သည်
သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှဖြစ်သော မသိပြတ်မျိုးချည်းသာ ဖြစ်ကြရာ၏ ။

မဂ်၏ ချုပ်ပြတ်မှုကား စက္ခုံဥဒပါဒိ ဉာဏဥဒပါဒိ အစချီ ဓမ္မစက္ကပ၀တ္တနသုတ်တော်လာ အင်္ဂါငါးပါးနှင့်အညီ သိလျက်က ချုပ်ပြတ်သွားခြင်းမျိုးသာ။

မဂ်အစစ်ကား …
ယင်းမဂ် ကျသည်နှင့်တစ်ပြိုင်နက် ထပ်ချပ်မကွာ ဖိုလ်ခေါ် ကိလေသာ သေဆုံးသွားမှု၏ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ ဖိုလ်နှင့်မဂ် တစ်ဆက်တည်းသာ။

မဂ်အတုတို့ကား …
မလစ်လပ်ခင်ကတည်းက အေားလည်းအေး မှေးလည်းမှေးအဖြစ်ဖြင့် ဥပေက္ခာကပေးသော သာမန်အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာပြီ။

မဂ်ဆိုသည်မှာ သူ့ဆိုင်ရာ ကိလေသာကို သတ်ဖြတ်ချလိုက်ခြင်း၊
ဖိုလ်ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊
သို့ကြောင့် မဂ်နှင့်ဖိုလ် ထိုနှစ်ခင်းတို့သည်
အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက်မရစကောင်းသော အတွဲများသာ ဖြစ်ကြလေရာ …
မဂ်အစစ်ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။

အတုအစစ် ခွဲခြားနည်း မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။
မဂ်မသိ ဖိုလ်နှင့်ညှိစကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်သည်။
ကိုယ့်အတွင်းရှိကို ကိုယ်ကိုယ်တိုင် ထိုးထွင်းသိဖြင့် သိနိုင်သော ကိန်းသေနည်းပင်တည်း။
ထိုမဂ်အကြောင်းခံ၏ ဖိုလ်အကျိုးပေး အအေးသည် သင်္ခါရုပေက္ခာရှိသမာဓိပဿဒ္ဓိအေးများထက် အဆများစွာ သာလွန်သည်ကိုလည်း သတိပြုလေဦး။ သို့မဟုတ် ဆောင်းအေးနှင့် ဆောင်းရေသောက်အေး နှစ်တွဲခွဲသိကြည့်လိုက်ပါ…။


ခရီးသွားနှင့် စမ်းရေနှင့်

ထိုဖိုလ်အရသာ၏ အေးမြပုံကို ခံစားလိုက်ရသော ယောဂီ၌ကား …
နွေခေါင်ခေါင် တလင်းပြောင်ပြောင် နေပူကျဲကျဲထဲဝယ် ခရီးခဲတရကြမ်းနှင်လျက်က ရန်သူ့လက်မှ ရုန်းထွက်လာခဲ့ရလေသူတစ်ယောက်ရန်သူနှင့်လည်းဝေး တောအုပ်စမ်းရေအိုင်ဘေးလည်းအရောက် တစ်ဖန် စမ်းချောင်း၏အစပ် စမ်းရေနှင့်မပြတ်ဖြစ်နေသော ရွံ့နွံဖတ်ဖတ် တွေ့လေရာ

က။ ရန်သူ၏ နှိပ်စက်ခံထားရမှုကြောင့် နွမ်းနယ်ခြင်း၊
ခ။ ခရီးခဲလမ်းကြမ်း၏ ညှင်းပန်းခံရမှုကြောင့် ပင်ပန်းခြင်း၊
ဂ။ နေပူလေပူဒဏ် အဖန်ဖန်ခံထားရမှုကြောင့် ညှိုးနွမ်းခြင်း၊

ထိုဒဏ်တို့ကို ပြေပျောက်လိုမှုအား ကြီးလာရကား ထိုစမ်းနွံပေါ်သို့လည်း စိတ်ချလက်ချ ပစ်လှဲထိုင်ချ စမ်းရေအေးအေးလေးကိုလည်း သောက်ချလိုက်သည်ပမာ … သည့်အတူသာလျှင်
ကိလေသာ၏ ဒဏ်၊ ရုပ်နာမ်ဖြစ်ပျက်တို့၏ဒဏ်၊ အတွင်းဓာတ်အချင်းချင်း အာရုံနှင့် အကြည်ဓာတ်အချင်းချင်း စစ်ခင်းကြရာမှဖြစ်သောဒဏ် …

ထိုဒဏ်ဤဒဏ်များ အလူးအလဲခံထားရရှာသော အသိကလေးသည်လည်း မဂ်၏အဆိုက် ဖိုလ်အအေးဓာတ်ကြီးကလည်း လိုက်၍လာချေသောအခါ အငြိမ်းဓာတ် အအေးဓာတ်ကြီးထဲသို့ ခြေစုံပစ်၍ ထိုင်ချလိုက်လေတော့သည်။

ထိုအသိစိတ်နှင့် ထိုအအေးဓာတ် ထပ်မိသွားသောအခါတွင်ကား …
ထိုစိတ်မှတစ်ဆင့် တစ်ကိုယ်လုံးကြီးသို့တိုင်အောင်
ငယ်ထိပ်မှတောက်လျှောက် အောက်သို့လည်း စုန်ဆင်းစေလေပြီ။

ခါးဆစ်ရိုးမှတက် အထက်ထက်သို့လည်း ပျံ့နှံ့စေလေပြီ။
ထိုသို့ခံစားနေရစဉ် ..
ချုပ်ပြတ်မှုကို သိသောအသိကား တစ်စက္ကန့်တစ်ချက်စာမျှသာတည်း၊
အအေးဓာတ် အငြိမ်းဓတ် ခံစားသိအသိကား နှစ်စက္ကန့် သုံးစက္ကန့်မျှအထိတည်း၊

ထိုတွင်
၁။ ချုပ်ပြတ်မှုကား နိရောဓ သို့မဟုတ် နိဗ္ဗာန်တည်း၊
၂။ ချုပ်ပြတ်မှုအပေါ် သိခြင်းကား မဂ်ဉာဏ်တည်း၊
၃။ ချုပ်ပြတ်မှု၏ အငြိမ်းဓာတ်ကို ခံစားနေခြင်းကား ဖိုလ်ဉာဏ်တည်း။

စိတ်မည်းမပြူ အဖြူချည်းသက်သက်ဖြစ်ရကား အဖြူစင်ဆုံး အတောက်ပဆုံး၊ ညစ်ကြေးမတင် ပကတိဖြူစင်လျက်ရှိသေးသော တွင်းထွက်ရွှေ၊ တွင်းထွက်ငွေသားများပမာသာ။
သို့မဟုတ်
ပန်းထိမ်ဆရာသည် ရွှေမှ အညစ်အကြေးများကို သန့်စင်ကာ လက်ရာမြောက်စွာ ရတနာအဖြစ် ထုလုပ်ပြီး မှန်လုံခန်းကြီးထဲ ထည့်ပြထားသည့်ပမာတည်း။
ညစ်ကြေးမတင် ပကတိစင်ကြယ်နေသော နှလုံးသာအကြားမှ ဖြစ်ပေါ်လာသည့် ထို စိတ်တန်ခိုး စိတ်သတ္တိများ၏ အရောင်ကား ဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပြီ။



အသစ်တည်ပြီးစ တိုက်အိမ် တိုက်ခန်းလေးတစ်ခု

ထိုဖိုလ်စိတ်များ ဖြစ်ပွားပြီးနောက်
စိတ်သည် မိမိရှုလက်စ ရုပ်နာမ်ဖြစ်ပျက်ကိုသာ ကောက်ကိုင်ရတော့၏ ။

ထိုသို့သာ ကောက်ကိုင်လိုက်ရသော်လည်း
ဖိုလ်ဇောကျရာရှိ စေတနာ၏ စေ့ဆော်အားသည် အလွန် အင်အားကြီးမားသည်ကတစ်ကြောင်း မည်သည့်ကမ္ဘာ မည်သည့်သံသရာ မည်သည့်ဘ၀မှာမှ မရဖူး၊ မတွေ့ဖူးခဲ့သော အတွေ့အထိကြီး ဖြစ်နေသည်က တစ်ကြောင်းများကြောင့် စိတ်သည် ဖိုလ်ဇောကျရာ အတိတ်အာရုံဆီသို့သာ ပြေးသွားချေတော့သည်။

ဖိုလ်စိတ်ကျစဉ်တုန်းက ခံစားခဲ့ရပုံများကိုသာ တသသ သတိရနေချေတော့သည်။
၎င်းကိုကား ပစ္စ၀က္ခဏဉာဏ်ဟူ၍ ခေါ်ဆိုရချေ၏ ။

သို့မဟုတ်
ရပြီးဖိုလ်ချမ်းသာကို ပြန်လည်ခံစာနေပါသည်ဟု၏ ။
၎င်းပုဂ္ဂိုလ်ကို ဖလသမာပတ် ၀င်စားနေသောသူဟူ၍ ခေါ်ဆိုရပါ၏ ။

စိတ်ဖြူစင်မှုဖြင့် ထိုသို့ခံစားနေစဉ် …
စိတ်သည် တွေးစိတ်လည်းမသွင်း ပြေးစိတ်လည်း မပင်းဘဲ အလွန်ရှင်းလင်းသောအမြင်ဖြင့် အထူးကြည်လင်လျက်က တည်၏။

ဆောက်ပြီးစ တိုက်သစ်တစ်ခု၏ အတွင်းခန်းထဲဝယ်
တစ်ယောက်ထီးတည်း အေးချမ်းငြိမ်သက်စွာ ထိုင်နေရသည့်ပမာ အရှုပ်အထွေး ကင်းရှင်းစွာ ပကတိအသိ ပကတိအကြည့်ဖြင့် အမြင်ကြည်လျက်ပင် ရှိချေ၏ ။

ထို ဖိုလ်ချမ်းသာ ခံစားရမှုကား အာရုံပေါ်တိုင်းလည်း ဖြစ်ပွားနေတတ်လှ၏ ။ ကိုယ်ဝင်ချင်သလိုဝင်၍ရသော ကိုယ်ပိုင်အိမ်ကဲ့သို့ပင်ဖြစ်၏ ။

ဖိုလ်ဇောကျစဉ် အားကြီးမှုစိတ်စဉ်သို့လိုက်၍
အချို့ကား ရှုပွားနေကျ ဖြစ်ပျက် ရှုလျက်ကပင် ဖိုလ်ဇောဆီသို့ ထိုးဝင်ပြေး၏ ။
အချို့ကား ဖလသမာပတ် ၀င်စားလိုချိန် အာရုံပြုသည်နှင့် အဆင့်ဆင့် ကူးဝင်၏ ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ တရစ်ဝဲ၀ဲခံစားနေခြင်းသည်ကား ရှေ့ခရီးဆက် တစ်ကွေ့ထွက်ရန်၏ အဟန့်အတားဆိုသည်ကိုလည်း သတိ ရှိပါလေ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ အလယ်ကွက်ကွက် အတွေ့ဖက်နေခြင်းသည်ကား ရောင်းရာဝယ်ရာတို့မှ အမြတ်ထွက်လာသောငွေကို အခါခါထုတ် ရေတွက်နေပုံမျိုး ဆိုသည်ကိုလည်း သတိရှိပါလေ။



အသစ်လာလျှင် အဟောင်းကွာရန်ကြိုးစားပါ

အကယ်တိတိ
သင်သည် ရှေ့ခရီးအထွက် ဆက်ချင်ခဲ့သော်
ရပြီးဖိုလ်ချမ်းသာသို့ စိတ်မရောက်စေရန် အဓိဋ္ဌာန်ဖြင့် ဖြတ်တောက်ချအပ်၏ ။

ဤနေရာသည် ငါ့အတွက် ဘေးရန်မကင်းသေးပြီ ။
ဝိသာခါမ လင်တော်ကိုပုည၏ အသုံးတော်ခံဘ၀မှ မထရသေးသည်ကို အောက်မေ့ရာ၏ ။
ဝိသာခါမ အတွင်းရှိ ရာဂသွေး ဒေါသသွေးတို့က ကလိခံနေရသည်ကို သတိရှိရာ၏ ။
သောတာပန် အနာထပိဏ်ဘ၀ မယားပုညလက္ခဏ၏ လက်မှ မထွက်သေးသည်ကို အမှတ်ရရာ၏ ။
အနာထပိဏ်၏ဘ၀ မယားကိစ္စသားကိစ္စ လက်မှမချရသေးသည်ကိုလည်း အမှတ်ရရာ၏ ။

ငါသည် လေးဘက်သွားမှလွတ်သော်လည်း နှပ်မစင်သေး၊
ငါသည် နှပ်ပင်စင်သော်မှလည်း သင်္ခါရ၏ ပြုပြင်မှုအောက်က မလွတ်မြောက်သေး။
ဤသို့သော(သူ့ဖိုလ်ချမ်းသာ၌ အမုန်းဝင်စေသော) ဆင်ခြင်ဉာဏ်တို့ဖြင့် ဖြတ်တောက်အပ်၏ ။
ဖြတ်တောက်တတ်ပါမှလည်း ရှေ့ခရီးဆက်၍ ရ၏ ။ မိမိရှိ ရုပ်နာမ်ဖြစ်ပျက်သို့ ယခင်ရှုနေကျအတိုင်း ရှုမှတ်ခြင်းဖြင့်သာ အဆင့်တက်ရပါသည်ကို အားကိုးတတ်ပါမှလည်း ရှေ့ခရီး ဆက်၍ ရ၏ ။

ထိုသို့မဟုတ်ပါက
မတွေ့စဖူး အတွေ့ထူးကြီး ဖြစ်နေ၍ ငြိတွယ်နေသည်က တစ်ကြောင်း၊
ကမ္ဘာ့ကမ္ဘာ သာသနာနှင့် ကြုံတိုင်း တောင့်တခဲ့သည်ကို ရနေသည်က တစ်ကြောင်း၊
ကာမအရသာထက်ကောင်းသော ဓမ္မအရသာ၌ ခံကောင်း ကောင်းနေသည်က တစ်ကြောင်း၊
ထိုအကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် လမ်းကြောင်း ထစ်ငေါ့နေတတ်လှချေသည်။

ငါတို့ခေတ် တစ်မဂ်မှ တစ်မဂ်သို့ မကူးဆက်နိုင်ခြင်းသည်
ယင်းအကြောင်းခံတရားများကြောင့်ဆိုက မမှားတန်ရာပြီ။
မယားငြိ သားငြိကမှ တရားမမိသည်မဟုတ်၊
တရားအငြိကလည်း တရားမမိသည်ကို သက်သေထူနေခြင်းတည်း ။
ဤသို့ ငြိကပ်နေခြင်းကပင် မိမိ၌ ကိလေသာအား ကြီးလှပါကြောင်း ၀န်ခံချက်ပေးခြင်း မဟုတ်လော။



ခရီးမဆုံးမီ ခါးတောင်းကျိုက် မဖြုတ်လေနှင့်ဦး

စိတ်ဓာတ်မည်းသူ ဖြူလိုမူ တူရှုခရီးဆက် ၊
ဤသို့ ဆိုအပ်ခဲ့ပြီးသော အစီရင်ဖြင့်ပင် သစိတ္တ ပရိယောဒါပနံအရ စိတ်ဓာတ်ဖြူစင်ပုံ အခြင်းအရာ ရိပ်မိနိုင်လောက်ရာ၏ ။

ထို့ထက်ဆက်၍ ဖြူစင်လိုပါသော်ကား…
တစ်မဂ်မှတစ်မဂ်သို့ တက်၍တက်၍သော်လည်းကောင်း၊
တစ်ဖိုလ်မှတစ်ဖိုလ်သို့ ထွက်၍ထွက်၍သော်လည်းကောင်း၊
ဖြူစင်သည်ထက် ဖြူစင်စွာ ကြိုးစားကြကုန်ရာ၏ ။

တစ်မဂ်မှ တစ်မဂ်သို့ တက်ကြရာတွင်
သင့်မှတ်ချက်တစ်ချက်လျှင် အမည်း တစ်စက်တစ်စက်ပျောက် အဖြူတစ်ချက်တစ်ချက်တောက်စေ၏ ။

မဂ်ကျ ဖိုလ်ဝင် အရိယာဇာတ်ဝင်ပြီး သူတစ်ဦး၏ လက်ဝယ်ရှိ ရှုမှတ်ချက်တစ်ချက်ဟူသော မဂ္ဂအရာသည် ငွေစင်တစ်မတ်ပမာ ကြေးစွာ၏။ အစစွာသော ၀ိပဿနာရှင်လက်ဝယ်ရှိ မှတ်အားကဲ့သို့ ငါးပြားတစ်စေ့ မဟုတ်တော့ပြီ။

တစ်မဂ်တစ်မဂ်သို့ ခရီးပေါက်သွားလျှင်ကား အဖြူတစ်ချက်အတောက် အမည်းလည်း တစ်ကွက် အသက်ပျောက်စေ၏။

မဂ်ကျဖိုလ်ဝင်စဉ်ရှိ အရိယာဇာတ်သားတစ်ဦး၏ ရှုမှတ်ချက်ဟူသော မဂ်အရာသည်ကား ငွေစင်တစ်ကျပ်ပမာ ကြေးစွာ၏။ မဂ္ဂင်အရာရှိမှတ်အားကဲ့သို့ မတ်စေ့တစ်စေ့ မဟုတ်တော့ပြီး။

က။ အစစွာသော ၀ိပဿနာရှင်၏ မှတ်ချက်တစ်ချက်သည် မဂ္ဂင်အရာဝင်ရာ၏ အခြေခံမျှသာဆိုသည်ကို သတိရှိရာ၏ ။

ခ။ အရိယာဇာတ်သား၏ မှတ်ချက်တစ်ချက်သည် မဂ်ဝင်ရာ၏ မဂ္ဂင်အရာဆိုသည်ကို သတိရှိရာ၏ ။

ဂ။ မဂ်ကျဆဲကာလ၏ မှတ်ချက်တစ်ချက်သည်ကား ရှေ့မဂ်သွားရာ ဖ၀ါး နောက်မဂ် အထပ်ထားသောမဂ်အရာ၏ မဂ်ဆိုသည်ကို သတိရှိရာ၏ ။

ထိုသို့ ပျောက်သော အစက်အကွက်တို့ ကုန်ခန်းသော်
ပေါက်သောအဖြူ ချက်တို့ချည်း အာရုံတိုင်း၏ နေရာအပြည့်လင်းမည်ကိုလည်း တစ်ထစ်ချ ယုံကြည်အပ်၏ ။

သစိတ္တပရိယောဒါပနံ၏ စိတ်အဖြူစင်ဆုံးကာလသည်
အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို အကြွင်းမဲ့ လက်ကျန်မရှိ ပယ်ဖက်ပြီးသော အရိယာအရှင်သခင်ကြီးများ၏ အရိုက်အရာခံချိန်ကာလပင်တည်း။

ထိုအချိန်မျိုးနှင့် ထိုအချိန်မျိုး၏ နောက်ပိုင်းရှိ စိတ်တော်များသည်
အသိရှိနေသည့်အလျောက် မသိမရှိပြီ ။
မသိမရှိတော့သည့်အလျောက် အသိရှိနေပြီ ။

သို့ကြောင့်
မသိရာမှဖြစ်သော ပူပန်နောက်ကျုခြင်း ဥဒ္ဓစ္စ ကုက္ကစ္စများ မလာပြီ။
မသိရာမှဖြစ်သော မြတ်နိုးတက်ကြွ မာန်ထခြင်းမာန ကင်းပပြီ။
မသိရာမှဖြစ်သော စိတ်မခန့် ကိုယ်မကြံ့မှု ထိနမိဒ္ဓများလည်း ဖယ်ရှားသွားပြီ။
ချစ်မုန်းနှစ်ပါး ငါစွဲများနှင့် ကျန်အယုတ်တရားများ ယခင်ကပင် ရှောင်ရှားသွားပြီ ။

ထိုစိတ်မျိုးမှမဖြူ မည်သည့်စိတ် ဖြူမည်နည်း။

သို့ပါသောကြောင့် သစိတ္တပရိယောဒါပနံဟူ၍ ဘုရားရှင်တိုင်း၏ အဆုံးအမကို လိုက်နာလိုကြပါကုန်သော အရိယာလောင်းလျာ သူတော်စွာတို့သည် ထို အရဟတ္တဖိုလ်သို့အရောက် ခရီးပေါက်အောင် တောက်လျှောက်သွားကြပါလေကုန် …


ရွှေကျောင်းကုန်းဆရာတော်(မဟာဗောဓိမြိုင်ဆရာတော်) ၀န၀ါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ်ပူဇော်ပါသည်။
_/\__/\__/\_

Shared from Ko Thein Naing Ohn (FB)

Youtube မှာ ဗီဒီယိုတွေ ဒေါင်းလုပ်လုပ်နည်း

IF U WANT TO DOWNLOAD VIDEO FILES FROM YOUTUBE WEBSITE, YOU ONLY NEED TO TYPE DOUBLE " S " AT THE ADDRESS BAR.
FOR EXAMPLE.
THE WEBSITE ADDRESS IN THE ADDRESS BAR IS " www.youtube/oldyoung/................... ''
you will have to type ss between before youtube,
the result is www.ssyoutube/oldyoung/..............
and then tap enter key
wait for a while. you will have to choose the format you want to download
flv 360, flv 720, mp4 360, mp4 720, mp4 1080 ,.....
I'VE GOT IT FROM THE EMAIL MY FRIEND SENT TO ME. သူငယ်ချင်း save လုပ်လိုတဲ့သီချင်း ဒေါင်းချင်တဲ့သီချင်းကို အယင်ဖွင့်လေ
ပြီးပြီလား အဲဒီလငိ့မှာပဲ www.youtube ဆိုတဲ့လိပ်စာမှာ အဲဒိစာလုံး youtubeရှေ့မှာ ss ကို ရိုက်လေ
ပြီး enter ခေါက်လေ
ခဏစောင့် MP4 စသည်ဖြင့် ဘာနဲ့သိမ်းမှာလဲ လို့ ပေါ်လာမယ်လေ အဲဒီမှာ MP4 စသည်ဇြင့်ရွှေးလေ သူက ဒေါင်းလုပ်လုပ်ပေးသွားရော
99% စသည်ဖြင့်ပေါ်လာမယ်လေ စောင့် ပြီးတာနဲ့ desk top ပေါ်တင်လေ ရ ပါပြီ

Shared from Ko Kyaw San (FB)

(Chrome နဲ့မရပါ, Firefox နဲ့တော့ ရပါတယ်)

ဥပေက္ခာ ဘာဝနာ သဘော



သတ္တ၀ါတွေ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ ကောင်းမကောင်း၊ အပြုအမူ အဖြစ်အပျက်တွေမှာ အကောင်းသို့ လည်းမလိုက်၊ အဆိုးဘက်သို့လည်းမလိုက်ဘဲ စိတ်ကို အလယ်အလတ်ထားတာကို “ဥပေက္ခာ” လို့ ဖွင့်ဆိုကြပါတယ်။ ဘာဝနာဆိုတာကတော့ ဆိုင်ရာ သမထအလုပ် ၀ိပဿနာအလုပ်တွေမှာ အဆုံးအစွန်ထိရောက်အောင် မဖြစ်မနေ အကြိမ်ကြိမ်အထပ်ထပ် ကြိုးစားအားထုတ်တာကို ခေါ်တာပါ။ ဒီတော့...

ဥပေက္ခာဘာဝနာဆိုတာ သတ္တ၀ါတွေ သင်္ခါရတရားတွေနဲ့ အဲဒီ သတ္တ၀ါ သင်္ခါရတရားတွေရဲ့ ကောင်း,မကောင်းအပြုအမူ၊ အဖြစ်အပျက်တွေမှာ စိတ်ကို အလယ်အလတ်ထားပြီး (ထားနိုင်အောင်) ကြိုးစားပွားများတာကို ဥပေက္ခာဘာဝနာ ခေါ်တယ်လို့ အကျဉ်းချုပ် မှတ်ထားနိုင်ပါတယ်။ ဒီအကျဉ်းစကားလောက်နဲ့ ဥပေက္ခာသဘောကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒီတော့ အလောင်းတော်ဘ၀က ဖြည့်ဆည်းတော်မူခဲ့တဲ့ ဥပေက္ခာပါရမီအကြောင်းကို လေ့လာကြည့်ရင် မြင်လွယ်နားလည် လွယ်မှာမို့ ဒီသာဓကလေးကို ဦးစွာ လေ့လာကြည့်သင့်ပါတယ်။

ပါရမီဖြည့်စဉ်ကာလ ဘ၀တစ်ခုတုန်းကပေါ့၊ အလောင်းတော်ဟာ ပစ္စည်းဥစ္စာချမ်းသာတဲ့ အမျိုးအနွယ်တစ်ခုမှာ လူသား တစ်ယောက် ဖြစ်လာပါတယ်။ အရွယ်ရောက်တဲ့အခါ တက္ကသိုလ်သို့သွားပြီး အဋ္ဌာရသပညာရပ်တွေကို ပြီးဆုံးအောင် သင်ယူရပါတယ်။

ပညာရေးကိစ္စပြီးဆုံးတော့ မိဘရပ်ထံပြန်လာပြီး မိဘတွေကို တရိုတသေ ပြုစုလုပ်ကျွေးပါတယ်။ မိဘတွေ ကွယ်လွန်ပြီး နောက်မှာတော့ တောထွက်ပြီး ရသေ့ဝတ်နဲ့နေဖို့ စိတ်ကူးပါသေးတယ်။ ဒါပေမဲ့ ရသေ့ဝတ်နဲ့နေရင် “လူ့ဘ၀ တုန်းက အဋ္ဌာရသ ပညာရပ်တွေကို တတ်မြောက်ခဲ့သူ ပစ္စည်းဥစ္စာနဲ့ ပြည့်စုံသူ-ရယ်လို့ ပတ်ဝန်းကျင်က အထင်ကြီးကြ လိမ့်မယ်။ အလေးထားကြလိမ့်မယ်။ ဒီလို အထင်ကြီးအလေးပေးခံရမှုဟာ စက်ဆုပ်စရာပဲ”လို့ တွေးမိပါတယ်။

ဆက်ပြီးတော့လည်း “ငါ့ကို အထင်သေး အမြင်သေး နိုင်ထက်စီးနင်းလုပ်သူတွေအပေါ်မှာလည်း ကျေနပ်နှစ်သက်မဖြစ်ဘဲ စိတ်ကို အလယ်အလတ်မှာထားတဲ့ အကျင့်မြတ်ကို ငါကျင့်မယ်” လို့ ဆုံးဖြတ်လိုက်ပါတယ်။ အလောင်းတော်ဟာ ရှိသမျှ ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး ရသေ့ဝတ်နဲ့မဟုတ်ဘဲ အိမ်မှာဝတ်မြဲဖြစ်တဲ့ အ၀တ်တစ်စုံတည်းနဲ့ အိမ်က ထွက်ခဲ့ပါတော့တယ်။

အလောင်းတော်ဟာ အထင်သေးအမြင်သေးစရာ လူနုံလူအ တစ်ယောက်လိုပုံစံနဲ့ အရပ်တကာကို လှည့်လည်သွား လာနေထိုင်ပါတယ်။ အများအားဖြင့် တစ်နေရာမှာ တစ်ရက်သာနေထိုင်ပေမဲ့ မရိုမသေ မလေးမစား ဆက်ဆံခံရတဲ့နေရာ မျိုးဆိုရင်တော့ ရက်ကြာကြာနေပြီး အလယ်အလတ် ရှုမြင်နိုင်အောင် အထူးကြိုးစားကျင့်ကြံတော်မူပါတယ်။

ဒီလိုနဲ့ လတွေနှစ်တွေ ကြာလာတဲ့အခါ အိမ်က၀တ်လာခဲ့တဲ့ အ၀တ်တွေ ဆွေးမြည့်လာပါတယ်။ လူတွေက ၀တ်စရာပေးပေမဲ့ လက်မခံဘဲ မိမိရဲ့ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ အ၀တ်တွေထဲက ကောင်းနိုးရာရာလေးတွေနဲ့ အရှက်လုံရုံ ဖုံးအုပ်ပြီး နေထိုင်ပါတယ်။

ဒီလိုနေလာရင်းနဲ့ တစ်နေ့မှာတော့ အင်မတန် ကိုယ်ကြမ်းနှုတ်ကြမ်း အစအနောက်သန်လွန်းတဲ့ လူငယ်တွေရှိရာ ရွာတစ်ရွာကို ရောက်သွားပါတယ်။ လူငယ်တွေဟာ အလောင်းတော်ကို မြင်တယ်ဆိုရင်ပဲ သူတို့အတွက် စ,နောက်လှောင်ပြောင်စရာတစ်ခု ရပြီဆိုတဲ့ ပျော်ရွှင်မှုတွေနဲ့ စုပြုံဝိုင်းအုံလာကြပါတော့တယ်။ အလောင်းတော်ဟာ လူငယ်တွေကို ကြောက်လန့်သလိုပုံစံမျိုး, အစအနောက် မခံဝံ့သလိုပုံစံမျိုးနဲ့ ခပ်သွက်သွက် ထွက်သွားပါတယ်။

လူငယ်တွေလည်း အလောင်းတော်နောက်ကို တပြုံကြီး လိုက်လာကြပါတယ်။ သုဿတစ်ခုအနီးရောက်တဲ့အခါ “ဒီအရပ်ဟာ လူငယ်တွေပြုသမျှ တားမြစ်မယ့်သူမရှိရာအရပ် ဖြစ်တယ်။ ငါ့အဖို့ စိတ်ကို အလယ်အလတ်ထားတဲ့ အကျင့်မြတ်ကို အမြင့်ဆုံးရောက်အောင်ကျင့်ဖို့ အခွင့်ကောင်းကြီးရပြီ” လို့ တွေးပြီး လဲလျောင်းနေပါတော့တယ်။

လူငယ်အုပ်စုလည်း အလောင်းတော်ကိုမီလာပြီး အမျိုးမျိုး နောက်ပြောင်ကြပါတော့တယ်။ အချို့က ပြာတွေနဲ့ပက်၊ အချို့က တံတွေးထွေး၊ အချို့က နှပ်တွေသုတ် စသည်ဖြင့် အမျိုးမျိုးပါပဲ။ နောက်နေ့နောက်နေ့တွေမှာလည်း ဒီလူငယ်တစ်သိုက် အလောင်းတော်ရှိရာသို့ ရောက်ရောက်လာပြီး အမျိုးမျိုး စနောက်ပြောင်လှောင်ကြပါတယ်။ နောက်ပိုင်းမှာ လူကြီးတွေသိသွားပြီး “ဒီပုဂ္ဂိုလ်ဟာ သာမန်မဟုတ်ဘူး၊ တန်ခိုးအာနုဘော်ကြီးမားတဲ့ ယောဂီသူတော်စင်ဖြစ်တယ်” စသည်ဖြင့် မစ,မနောက်ဖို့ရာ လူငယ်တွေကို ပြောဆိုတားမြစ်ပြီး အလောင်းတော်ကို အရိုအသေပေးကြ၊ ပူဇော်ကြပါတယ်။

အလောင်းတော်ကတော့ ငါ့ကို ပြစ်မှားကြတယ်ရယ်လို့ လူငယ်တွေအပေါ် မလိုလား မုန်းတီးမှု မဖြစ်သလို ငါ့ကို ရိုသေကြ ပူဇော်ကြတယ်ရယ်လို့ လူကြီးတွေအပေါ် ချစ်ခင်နှစ်သက်မှုမဖြစ်ဘဲ နှစ်မျိုးလုံးအပေါ် တူမျှတဲ့ အလယ်အလတ်ရှုမြင်မှု (ဥပေက္ခာ)နဲ့ နေထိုင်တော်မူခဲ့တယ်-လို့ အလောင်းတော် ဥပေက္ခာပါရမီဖြည့်ခဲ့ပုံကို စရိယာပိဋကအဋ္ဌကထာမှာ ပြဆို ထားပါတယ်။

အလောင်းတော် ကျင့်ကြံတော်မူခဲ့တာတွေကို သုံးသပ်ကြည့်ရင် အထင်သေးအမြင်သေး ချုပ်ချယ်စော်ကားလာရင်လည်း စော်ကားသူတွေအပေါ်မှာဖြစ်စေ၊ စော်ကားခံရမှုမှာဖြစ်စေ မလိုလားမှု၊ စိတ်ဆိုးမှု မဖြစ်စေဘဲ ရိုသေပူဇော်လာရင်လည်း ပူဇော်သူတွေအပေါ်မှာဖြစ်စေ၊ ပူဇော်ခံရမှုမှာဖြစ်စေ လိုလားနှစ်သက်မှုမဖြစ်စေဘဲ ကျင့်ကြံတော်မူတာကို တွေ့နိုင်ပါတယ်။

တကယ်တော့ ဒီလိုကျင့်ကြံနိုင်ဖို့က အလွန့်အလွန်ပဲ မလွယ်ကူလှပါဘူး။ ပုထုဇဉ်ဆိုတာ အလိုကျနှစ်သက်မှုဆိုတဲ့ လောဘတရား၊ အလိုမကျ စိတ်ဆိုးမှုဆိုတဲ့ ဒေါသတရားတွေကို ပယ်နိုင်ကြသူတွေ မဟုတ်သေးပါဘူး။ ဒီတရားတွေ ဖြစ်ပေါ်မှု ကြမ်းတာ၊ နုတာ၊ အခိုက်အတန့် ငုပ်ကွယ်နေတာလောက်ပဲ ကွာကြပါတယ်။

ချမ်းသာ၊ ဆင်းရဲ၊ ချီးမွမ်း၊ ကဲ့ရဲ့စတဲ့ လောကဓံတွေနဲပ မကြုံသေးခင် အလယ်အလတ်ရှုမြင်တတ်အောင် ကြိုးစားနိုင်ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့အခါ ရှုမြင်နိုင်ဖို့ အထူးခက်ခဲလှပါတယ်။ မိမိကိုယ်တိုင် ကြုံရတဲ့ကိစ္စကို အသာထားလို့ မိမိနဲ့ ဆက်စပ်သူတွေကြုံရတဲ့ကိစ္စမှာတောင် အလယ်အလတ်ရှုမြင်နိုင်ဖို့ ဘယ်လောက်ခက်ခဲကြောင်း တွေးကြည့်နိုင်ပါတယ်။

ဥပမာဆိုပါစို့ - သတ္တ၀ါတွေကို အုပ်စုခွဲလိုက်ရင် -

(၁) မဇ္ဈ = မိမိက ချစ်ခင်နှစ်သက်တာလည်းမရှိ၊ မလိုမုန်းတီးလည်းမရှိတဲ့ ပုဂ္ဂိုလ်၊

(၂) ဝေရီ = မိမိက မလိုလားမုန်းတီးတဲ့ပုဂ္ဂိုလ်၊

(၃) ပိယ = မိမိက ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်-ရယ်လို့ အုပ်စုသုံးခု ရပါတယ်။

အဲဒီထဲက (၁) မဇ္ဈပုဂ္ဂိုလ်နဲ့ပတ်သက်လို့ သူ့ရဲ့ချမ်းသာမှု ဆင်းရဲမှုတွေမှာ ကျေနပ်အားရမှု၊ မလိုလားမနှစ်သက်မှုတွေ မိမိမှာ မဖြစ်ပေါ်အောင် ရှုမြင်နိုင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (၂) ဝေရီပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ချမ်းသာသွားတာ၊ ရာထူးအာဏာစသည် ရသွားတာကို မြင်ရကြားရရင် ပင်ကိုယ်က မလိုလားမှု အခံရှိတာကြောင့် မနာလို မလိုလား မှုတွေဖြစ်ဖို့သာ များပါတယ်။

ပြီးတော့ ဒုက္ခရောက်သွားတာကို မြင်ရကြားရပြန်ရင်လည်း ကျေနပ်ဝမ်းသာဖြစ်ဖို့က ပိုများပါတယ်။ (၃) ပိယပုဂ္ဂိုလ်နဲ့ပတ်သက်လို့လည်း ချမ်းသာသွားတာ ရာထူးအာဏာစသည် တိုးတက်သွားတာကို မြင်ရကြားရရင် ပင်ကိုယ်က လိုလားမှုရှိနေတာကြောင့် ကျေနပ်ဝမ်းသာဖြစ်နေဖို့က များပါတယ်။ ဒုက္ခရောက်သွားတာ၊ အခက်အခဲဖြစ်သွားတာကို မြင်ရကြားရပြန်ရင်လည်း စိတ်မချမ်းသာဖြစ်ဖို့က များပါတယ်။ ဒီတော့ မိမိကိုယ်တိုင် ခံစားရတာမဟုတ်ဘဲ မိမိနဲ့ဆက်စပ် သူတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတောင် မချစ်မမုန်း ၀မ်းမသာ ၀မ်းမနည်းနေနိုင်ဖို့ ဘယ်လောက်ခက်ခဲကြောင်း နားလည် နိုင်ပါတယ်။ ၀မ်းသာဝမ်းနည်း တစ်ဘက်ဘက်ကိုရောက်သွားရင် ဥပေက္ခာ မဟုတ်တော့ပါဘူး။

ပုထုဇဉ်မို့လို့ ဒီလိုကိစ္စတွေမှာ အချစ်၊ အမုန်း၊ ၀မ်းသာ၊ ၀မ်းနည်းဖြစ်ခွင့်ရှိပေမဲ့ ဖြစ်တဲ့အကြိမ်များရာက နည်းလာအောင်၊ အဖြစ်ကြမ်းရာက အဖြစ်နုလာအောင်၊ နုတဲ့ဖြစ်ပေါ်မှုတွေကိုလည်း အချိန်ကာလ အခိုက်အတန့် ကွယ်ပျောက်ငြိမ်း အေးနေအောင်၊ အခိုက်အတန့်ငြိမ်းအေးနေတာကို အချိန်ကြာကြာ ငြိမ်းအေးနေအောင် လုပ်ယူလို့မရတဲ့အရာတော့ မဟုတ်ပါဘူး၊ အလွန့်အလွန်တော့ ခက်ပါတယ်။ ဒါပေမဲ့ လုပ်ယူလို့ရတဲ့အရာတွေသာ ဖြစ်ပါတယ်။ ရလို့လည်းပဲ ဘုရား အလောင်းတော်ကြီးတွေ အခြားအခြားသူတော်ကောင်းကြီးတွေ ကျင့်သုံးတော်မူသွားကြတာပါ။

မျက်မှောက်ကာလာသုံး ဥပေက္ခာသဘောမျက်မှောက်ကာလာမှာတော့ အချို့သူတွေက မိမိနဲ့ အဆင်မပြေသူတွေ၊ ဆိုဆုံးမလို့မရတဲ့ သားသမီးတွေ စတာတွေနဲ့ပတ်သက်လို့ “သူ့အကြောင်းလာမပြောနဲ့၊ မကြားချင်ဘူး၊ သူ့ကို ဥပေက္ခာ ပြုထားတယ်” စသည်ဖြင့် ပြောတတ်ကြပါတယ်။ မိမိစကားကို ဆန့်ကျင်လို့၊ မလိုက်နာလို့၊ မိမိနဲ့အဆင်မပြေလို့ အဆက် အဆံမလုပ်ဘဲ ထားလိုက်တာကို ဥပေက္ခာပြုထားတယ်လို့ ပြောတတ်ကြပါတယ်။ ဒီအတိုင်းသာ နားလည် သဘော ပေါက်ထားကြရင် အလောင်းတော်များ ဖြည့်ကျင့်တော်မူခဲ့တဲ့ ဥပေက္ခာပါရမီတော်ဟာ အတော်ပေါ့ ပျက်ပျက်အလုပ် ဖြစ်သွားပါလိမ့်မယ်။

ဒီကိစ္စမှာ အဆက်အဆံမလုပ်ဘဲ ပစ်ထားတာက မကျေနပ်မှုကို အခြေခံတဲ့ ဒေါသသဘောသာဖြစ်ပါတယ်။ ပြီးတော့ တခါတရံ မိမိအနီးအနားမှာ ဖြစ်ပျက်သွားတာကို သိသင့်မြင်သင့်ပါလျက်နဲ့ ငေးငိုင်တွေဝေနေလို့မို့ မသိလိုက် မမြင်လိုက်တဲ့ ကိစ္စတွေ ရှိတတ်ပါတယ်။ ဒါလည်း ဥပေက္ခာမဟုတ်ပါဘူး၊ မသိနားမလည်မှု မောဟသာ ဖြစ်ပါတယ်။ နောက်ပြီး ကုသိုလ်ရေးအလုပ်တွေမှာ လုပ်သင့်လုပ်ထိုက်ပါလျက်နဲ့ မလုပ်ဘဲ လျစ်လျူရှုနေတာလည်း ရှိတတ်ပါတယ်။

ဒါလည်း ဥပေက္ခာမဟုတ်ပါဘူး။ ပျင်းရိမှု ကေသဇ္ဇသာ ဖြစ်ပါတယ်။ မျက်မှောက်ကာလာမှာ ဒီသဘောတွေကိုလည်း ဥပေက္ခာပြုနေတယ်-လို့ ပြောတတ်ကြပါတယ်။ ဒါတွေကို ဥပေက္ခာလို့ ပြောမယ်ဆိုရင် ဥပေက္ခာတုလို့ ပြောနိုင်ပါလိမ့်မယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နေတ္တိအဋ္ဌကထာမှာလည်း "မသိနားမလည်မှု မောဟတရားက တွေဝေငေးငိုင်နေလို့မို့ မသိနား မလည်တာကိုပဲ အလယ်အလတ် ရှုမြင်သယောင် လှည့်ပတ်တတ်တယ်။ ကောသဇ္ဇတရားက လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ရေးကိစ္စတွေကို ပျင်းလို့မို့ မလုပ်တာကိုပဲ အလယ်အလတ်ရှုမြင်နေလို့ မလုပ်မိသယောင် ရှုမြင်တတ်တယ်" လို့ အသိပေးထားပါတယ်။ ဥပေက္ခာပွားများသူတွေ အလှည့်ပတ်မခံရအောင် သတိထားစရာပါ။ ဥပေက္ခာအစစ်က မသိနား မလည်မှု အာရုံမစိုက်မှု မရှိပါဘူး။ အာရုံစိုက်ပါတယ်။ သိနားလည်ပါတယ်။ အာရုံစိုက် သိနားလည်နေတဲ့အာရုံမှာ အလယ်အလတ်ရှုမြင် (ရှုမြင်အောင်ကြိုးစား)တာပါ။

အလယ်အလတ်ရှုမြင်နိုင်အောင်ဒီတော့ ကြုံလာတဲ့ ကောင်းမကောင်းအာရုံတွေမှာ အလယ်အလတ်ရှုမြင်နိုင်အောင် ဘာလုပ်ရမလဲလို့ မေးစရာရှိတယ်။ အဓိက အခြေခံကောင်းရမှာက ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပါပဲ။ ကံတရားနဲ့ ကံအကျိုးပေးသဘောကို ယုံကြည်ပြီး "ကမ္မဿကာ - ငါနဲ့တကွ သတ္တဝါအားလုံး ကံတရားသာ ကိုယ်ပိုင်ဥစ္စာရှိကြတယ်။ ချမ်းသာဆင်းရဲမှန်သမျှ ကံတရားကြောင့် ဖြစ်ကြရတာ။ ဘယ်သူမှ ပြင်ဆင်လို့ရတဲ့အရာ မဟုတ်ဘူး" လို့ ဆင်ခြင်နှလုံးသွင်းရပါတယ်။

ဒီသဘောကို စွဲမြဲနေအောင် အကြိမ်ကြိမ်အခါခါ ပွားများရပါတယ်။ ပွားများမှုအားကောင်းရင် ကောင်းသလောက် ရှုမြင်မှုလည်း ခိုင်မြဲအားကောင်းပါလိမ့်မယ်။ စွဲမြဲသွားရင်တော့ ကြုံလာတဲ့အာရုံမှာ အစွန်းတစ်ဘက်မရောက်ဘဲ အလယ် အလတ်ရှုမြင်နိုင်ပါလိမ့်မယ်။ ဒီလိုပွားများမှုကို သြဒိဿ-အနောဒိဿ = သတ္တဝါတွေအပေါ်မှာ ရည်စား၊ မရည်စား အနေနဲပရော၊ ဒိသာဖရဏ - အရပ်မျက်နှာဖြန့်တဲ့နေရာနဲ့ပါ ဆင်ခြင်ပွားများနိုင်ကြောင်း ကျမ်းဂန်တွေမှာ မိန့်ဆိုကြပါတယ်။

အလယ်အလတ်ရှုမြင်ရကျိုးစိတ်ကို အလယ်အလတ်(ဥပေက္ခာ)ထားနိုင်ဖို့ကိစ္စ ကမ္မဿကတဉာဏ်ကို အခြေခံ ကြောင်းပြဆိုခဲ့ပြီးပါပြီ။ ကမ္မဿကတာဉာဏ် ရင့်သန်မှုဟာလည်း ကြုံလာတဲ့အာရုံမှာ အလယ်အလတ်ရှုမြင်နိုင်ဖို့ ကြီးမားတဲ့စွမ်းအင်ဖြစ်ပါတယ်။ ကမ္မဿကတာဉာဏ်ရင့်သန်သူဟာ ကံတရားနဲ့ ကံအကျိုးပေးသဘောမှာ ယုံကြည်မှု အားကောင်းတာကြောင့် မကောင်းကျိုးတွေ ဖြစ်ပေါ်စေမယ့် ဒုစရိုက်တွေကို မလုပ်မိအောင် အထူးစောင့် စည်းရှောင်ကြဉ်ကြပါတော့တယ်။ စောင့်စည်းရှောင်ကြဉ်တာကြောင့် မစောင့်စည်းလို့ လက်ရှိဘဝ ကြုံတွေ့နိုင်တဲ့ အဖမ်းအဆီး အချုပ်အနှောင်စတဲ့ ဘေးအမျိုးမျိုးက လွတ်ကင်းရပါတယ်။

ကောင်းကျိုးတွေဖြစ်စေမယ့် ကုသိုလ်တရားတွေကိုသာ အခွင့်အခါ ရှာကြံပြုလုပ်တာကြောင့် အကုသိုလ်ဖြစ်ခွင့် နည်းသွားပါတယ်။ လိုချင်မှု၊ စိတ်ဆိုးမှု၊ မနာလိုမှု၊ ဝန်တိုမှုစတဲ့ အကုသိုလ်အပူ နည်းသွားလို့မို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို အပြည့်အဝ ရနိုင်ပါတယ်။ ကောင်း မကောင်း လောကဓံတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာလည်း များစွာ သော သတ္တဝါတွေဟာ အကောင်းလောကဓံနဲ့တွေ့ရင် မြောက်ကြွတုန်လှုပ်ရသလို အဆိုးလောကဓံနဲ့တွေ့ရင်လည်း ယိမ်းယိုင်အားပျော့ တုန်လှုပ်တတ်ကြပါတယ်။ အလယ်အလတ်ရှုမြင်မှု(ဥပေက္ခာ)ကို ပွားများထားသူအဖို့တော့ မတုန်မလှုပ် ကျော်လွှားနိုင်တဲ့ စွမ်းအားကို အပြည့်အဝ ရနိုင်ပါတယ်။

ဒါတင်မကပါဘူး၊ မေတ္တာဘာဝနာ ပွားများသူဟာ အကျိုး(၁၁)မျိုး ရရှိသလို၊ စိတ်ကို အလယ်အလတ်ထား နိုင်မှု (ဥပေက္ခာဘာဝနာ)ကို ပွားများသူလည်း အဲ့ဒီအကျိုး(၁၁)မျိုးကို ရရှိကြောင်း ကျမ်းဂန်များမှာ မိန့်ဆိုထားပါတယ်။

ဒါတွေကိုကြည့်ရင် ဥပေက္ခာဘာဝနာ (စိတ်ကို အလယ်အလတ်မှာထားမှု)ဟာ သတ္တဝါတွေအတွက် ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဥပေက္ခာနှင့်စပ်လို့ သိလိုပါကြောင်း လျှောက်ထားမေးမြန်းလာတဲ့ ဒကာ တင်မောင်ကျော်ကို သတိရစွာနဲ့ -

အရှင်နန္ဒသေနာလင်္ကာရ

ကျမ်းကိုး -
၁။ စရိယာ၊ ဋ္ဌ၊ ၂၅၉။
၂။ နေတ္တိ၊ ဋ္ဌ၊ ၉၀။
၃။ ဘိ၊ ၂၊ ၂၈၈။ ဝိသုဒ္ဓိ၊ ၁၊ ၃၀၄။
၎။ ဝိသုဒ္ဓိ၊ ၁၊ ၃၁၁။

Shared from Shwe Yee (FB)

ဘုရားရှင်၏ အံ့ဖွယ်တော်(၁၈)ပါး



(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟောတော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့်ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။


ရတနတ္ထယံပူဇာ

ယံ ကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


ဣဓ၀ါ၊ ဤလူ့ပြည်၌လည်းကောင်း။ ဟုရံဝါ၊ နဂါးပြည်, ဂဠုန်ပြည်၌လည်းကောင်း။ သဂ္ဂေသုဝါ၊ နတ်ပြည်တို့၌လည်းကောင်း။ ယံကိဥ္စိ၊ ခပ်သိမ်းသော။ ယံဝိတ္တံဝါ၊ အကြင် သုံးဆောင်အပ်သော ဥစ္စာသည်လည်းကောင်း။ ယံရတနံဝါ၊ အကြင်အလေးအမြတ် သိုထားအပ်သော ရတနာသည်လည်းကောင်း။ ပဏီတံ၊ မြတ်၏။ တံ၊ ထိုရတနာသည်။ တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊ တူသော ရတနာသည်။ နနောအတ္ထိ၊ မရှိသည်သာလျှင်တည်း။ ဗုဒ္ဓေ=ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဣဒမ္ပိ ရတနံ= အယမ္ပိရတနဘာဝေါ၊ ဤအရဟံ စသော ကျေးဇူးတို့နှင့်ပြည့်စုံသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ = ပဏီတော၊ မြတ်၏။ ဧတေနသစ္စေန၊ ဤသို့မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။
Shared from Ko Thein Naing Ohn (FB)

မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၁)




ဝိပဿနာလုပ်ငန်းနှင့် စပ်ပြီး ဟောပြောရေးသားချက် တွေထဲမှာ တချို့ ဟောပြောရေးသားချက် တွေဟာ အမှန်အဖြစ်လက်ခံရဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို လက်ခံနေ ကျေနပ်နေကြသူတွေကိုလည်း တွေ့မြင်ကြားသိနေရပါတယ်။ ပိဋကတ်စာပေ အထောက်အထားနဲ့အညီ အမှန်ကို ညွှန်ပြထားတဲ့ ညွှန်ပြချက်တွေကို သိလိုပါတယ်။

မဟာစည်ဆရာတော်ကြီးကို ပရိယတ်၊ ပဋိပတ် စွယ်စုံပညာရှင်ကြီးအဖြစ် ထိပ်တန်းပိဋကတ် ပညာရှင်တွေက လက်ခံထားကြပါတယ်။ ဒါကြောင့် မဟာစည်ဆရာတော်ကြီးရဲ့ ဟောပြောရေးသားချက်တွေကို ဖတ်ရှုလေ့လာကြည့်ပါတယ်။ အဲဒီအခါ ယခုခေတ်မှာ ကြားသိနေရတဲ့ ၀ိပဿနာနဲ့ စပ်တဲ့ အဖုအထစ်တွေကို မဟာစည်ဆရာတော်ကြီး ရှင်းပြထားတာကို တွေ့ရပါတယ်။ မဟာစည်ဆရာတော်ကြီး ဟောကြားရေးသားတဲ့ စာအုပ်တွေဟာ အများကြီးပဲ ရှိပါတယ်။ အဲဒီစာအုပ်တွေထဲက ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး၊ သီလ၀န္တသုတ်တရားတော်၊ ဘာရသုတ္တန်တရားတော်၊ တုဝဋကသုတ်တရားတော်၊ဓမ္မစကြာတရားတော်ကြီး၊ သလ္လေခသုတ်တရားတော်ကြီး၊ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်၊ အရိယာဝါသတရားတော်၊ ၀ိပဿနာရှုနည်းကျမ်း၊ အနတ္တလက္ခဏသုတ် တရားတော်၊ သတိပဋ္ဌာန်သုတ်နိသျှ၊ ၀မ္မိကသုတ် တရားတော်၊ ၀ိပဿနာအခြေခံ တရားတော်၊ စာအုပ်တွေထဲမှာ ယခုခေတ် ၀ိပဿနာ အဖုအထစ်တွေနဲ့ ပတ်သက်တဲ့ ဖြေရှင်းပြထားတာတွေကို ဖတ်ရှုရပါတယ်။ အားရကျေနပ်ဖွယ်ကောင်းလှပါတယ်။

မဟာစည်ဆရာတော်ကြီးရဲ့ ရဲရင့်မှု၊ တိကျမှု၊ ပြတ်သားမှု၊ အသိအမြင်စူးရှမှု၊ ထက်မြက်မှုတွေကို ကြည်ညိုရပါတယ်။ မဟာစည်ဆရာတော်ကြီးရဲ့ ဖြေရှင်းပြထားတာတွေဟာ အင်မတန်မှ မှတ်သားစရာကောင်းလှတာမို့ စာရေးသူက စုစည်းကာ မေးခွန်းတွေ ပြုလုပ်ပြီး ယနေ့ခေတ် ၀ိပဿနာရှုနည်းများ ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်လိုက်ပါတယ်။

သာမဏေကျော်
ကဆုန်လပြည့်ကျော် ၉ ရက်။ ၂၆၊ ၅၊ ၂၀၀၀။

မေး။ ။အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘောအကျယ်တွေကို မသိဘဲ တရားအားထုတ်လို့ ရနိုင်ပါသလား။

ဖြေ။ ။ စူဠတဏှာသင်္ခယသုတ်ကို ထောက်ဆသောအားဖြင့် အဘိဓမ္မာကျမ်းဂန်သဘောတွေကို အကျယ်အားဖြင့် မသင်ကြားဖူးသော်လည်း ရုပ်နာမ်မျှ၊ အနိစ္စ ဒုက္ခ အနတ္တသဘောတရားမျှပဲလို့ ဒါလောက် ကြားဖူးနာဖူးရင်လည်း တရားအားထုတ်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ နောက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်ဆိုရာမှာလည်း အကြောင်းနဲ့အကျိုးမျှ ရှိတယ်။

ပုဂ္ဂိုလ်သတ္တ၀ါရယ်လို့ စင်စစ်အားဖြင့် မရှိဘူးလို့ ဒီလောက်သိထားဖို့ လိုပါတယ်။ ဒေသနာတော်အရ အင်္ဂါ၁၂ပါး၊ အခြင်းအရာ ၂၀ တို့ဆိုတဲ့ အကျယ်ဝိတ္တာရတွေကို အပြည့်အစုံသိထားဖို့ကတော့ ပုဂ္ဂိုလ်တိုင်းမှာ မလိုပါဘူး။ အကယ်၍ ပုဂ္ဂိုလ်တိုင်းမှာ အဲဒီလို အကျယ်အားဖြင့် သိပြီးမှ တရားအားထုတ်ရမယ်ဆိုရင် အရှင်စူဠပန်လို ပုဂ္ဂိုလ်မှာ အားထုတ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ အရှင်စူဠပန်ဟာ အက္ခရာ ၄၄ လုံးသာရှိတဲ့ ၁၁ လုံးဘွဲ့ဂါထာကို ၄ လတ်ပတ်လုံးကျက်တာတောင် မရဘူးတဲ့။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်အကျယ်၊ အဘိဓမ္မသဘောအကျယ် တွေကို လေ့လာကျက်မှတ်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။

ဒါပေမဲ့ မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း အ၀တ်ပိုင်းကလေးကို ဆုပ်နယ်ရင်း "ရဇော ဟရဏံရဇောဟရဏံ" လို့ ဆိုပြီး နှလုံးသွင်းတာနဲ့ တစ်နံနက်ခင်းအတွင်းမှာပဲ ရဟန္တာ ဖြစ်တော်မူတယ်။ နောက်ပြီးတော့ မာတိက မာတာဆိုတဲ့ ဒါယိကာမကြီးဟာလည်း ရဟန်းတရားကို အားထုတ်တယ်ဆိုတာ ဘယ်လိုဟာလဲလို့တောင် မသိခဲ့ဘူး။ ဒါပေမဲ့ ရဟန်းတော်များထံမှ နည်းယူပြီး အိမ်မှာနေရင်း အားထုတ်လိုက်တာ အဲဒီကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတွေထက်တောင် အလျင်ကျပြီး အနာဂါမ် ဖြစ်သွားပါသေးတယ်။ အဲဒီမာတိကမာတာ ဒါယိကာမကြီးလည်း အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘောအကျယ်တွေ လေ့လာသင်ကြားနိုင်ခွင့်မရှိကြောင်း ထင်ရှားပါတယ်။

ဒိပြင်လည်း အလားတူ သာဓကတွေ များစွာရှိပါတယ်။ ဒါကြောင့် တတ်သိလိမ္မာတဲ့ ဆရာသမားထံမှ နည်းယူပြီး အားထုတ်ရင် အဘိဓမ္မသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာ ကျက်မှတ်မထားပေမယ့် ဖြစ်ခိုက်ရုပ်နာမ် ကို ရှုမှတ်နေရင်း ကိုယ်တိုင် တွေ့မြင်သိမြင်ခြင်းဖြင့်ပင် ကိစ္စပြီးတယ်လို့ မြဲမြံစွာ မှတ်ထားကြရပါမယ်။ (ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး)

မေး။ ။စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့် ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်တာဟာ သညာသိပါလား၊ ပညာဥာဏ်အသိပါလား။

အဖြေ။ ။ အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်၊ ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဥာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဥာဏ်အစစ် မဖြစ်ပါဘူး။ ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဥာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဥာဏ်ဖြစ်တာ။ ဥပမာ ခြံဝင်းတံခါးပေါက်က ဖြစ်စေ၊ ရွာတံခါးပေါက်ဝက ဖြစ်စေ စောင့်ပြီးကြည့်နေရင် ၀င်တိုင်းထွက်တိုင်း၊ လူတွေကို တွေ့ပြီးသေသေချာချာ သိရတယ်။ စာပေကျမ်းဂန်အရဖြစ်စေ၊ တစ်ဆင့်ကြားစကားအရ ဖြစ်စေ စဉ်းစားဆင်ခြင်နေဖို့ မလိုပါဘူး။ တစ်နည်း ဥပမာအားဖြင့် လမ်းဘေးမှာ ကြည်လင်နေတဲ့ မှန်ကို ထောင်ထားပါ။ လူဖြစ်စေ၊ ကားဖြစ်စေ လာလာသမျှတွေဟာ အဲဒီမှန်ထဲမှာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ် ထင်ပေါ်သွားကြမယ်။ အဲဒီလိုပါပဲ။ ဒွါရ ၆ ပါးက ပေါ်လာသမျှတွေကို သတိဥာဏ်နဲ့ စောင့်ပြီးရှုမှတ်နေရင် ရုပ်နာမ် သဘောတရားတွေဟာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ်ထင်ပေါ် သွားကြပါတယ်။ (ဘာရသုတ္တန်တရားတော်)


မေး။ ။ ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်ဆိုတာ ဟုတ်နိုင်ပါသလား။

ဖြေ။ ။ သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ ယခုခေတ်မှာ ရုပ်နာမ်သဘောတရားတွေကို ကြားနာကျက်မှတ်ပြီးသိရုံနဲ ကိစ္စပြီးတယ်။ ဘာဝနာအလုပ်တွေကို အားထုတ်ဖို့ မလိုဘူး။ သီလကိုတောင်ဆောက်တည်ဖို့ ကျင့်ဖို့ မလိုဘူး လို့ ဟောပြောနေကြတာတွေ ရှိတယ်။ အဲဒီဝါဒအတိုင်း ယုံကြည်စွဲလန်းနေရင် သီလဗ္ဗတပရာမာသ အယူမှ လွတ်မလွတ် စဉ်းစားကြည့်ကြရမယ်။ ဘုန်းကြီးအမြင်အားဖြင့်တော့အဲဒီဟောပြောချက်ထဲမှာ သီလ၊ သမာဓိ၊ ၀ိပဿနာပညာဆိုတာ မပါတဲ့အတွက် သီလဗ္ဗတပရာမာသ အယူထဲမှာ ပါဝင်နေတယ်လို့ပဲ ထင်မြင်ပါတယ်။ (ဓမ္မစကြာတရားတော်ကြီး)


မေး။ ။ခဏိက သမာဓိဖြင့် ၀ိပဿနာ ဖြစ်နိုင်ပါသလား။

ဖြေ။ ။ ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရမယ်။ အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ၀ိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလည်း အထူးသတိပြုကြရမယ်။ အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် သဒိသူပစာ အားဖြင့် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ၀ိသုဒ္ဓိမဂ် မဟာဋီကာ (ပ၊ ၄၃၆) မှာ ပြဆိုထားတယ်။

အဲဒါကို ၀ိပဿနာ အနေနဲ့ဆိုရင် ၀ိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဘုန်းကြီးက ၀ိပဿနာ ခဏိကသမာဓိလို့လည်း ဖော်ပြနေပါတယ်။ အဲဒါကိုတချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ၀ိပဿနာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာလည်း ၀ိပဿနာဥာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေတယ်။

စာသင်သားတွေ၏ သမာဓိဟာ နီဝရဏ ကင်းလောက်အောင်အားရှိရင် မဟာသတိပဋ္ဌာနသုတ်နှင့်အညီ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေတာလည်း ဟုတ်ရင် ၀ိပဿနာဥာဏ် ဖြစ်နိုင်ပါတယ်လို့ ဘုန်းကြီးတို့က လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျက်မှတ်လေ့လာထားတဲ့ သရုပ်သဘောတွေကို ရွတ်ဆို ဆင်ခြင်နေတဲ့ သမာဓိမျှဖြင့် နီဝရဏလည်း မကင်းကြောင်း၊ ဖြစ်ဆဲရုပ်နာမ်ကို ရှုနေတာလည်း မဟုတ်ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် အဲဒီလို အပြစ်ပြပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ၀ိပဿနာ လုပ်ငန်းအစစ်ကို နားမလည်လို့ ပြောနေတာပဲ။

ဝိသုဒ္ဓိမဂ် (ပ၊၂၈၁) မှာ ၀ိပဿနာ ခဏိကသမာဓိကို ခဏမတ္တဌိတိကော သမာဓိစသည်ဖြင့် ပြထားပါတယ်။ အဲဒီအဋ္ဌကထာ၊ ဋီကာများကိုလည်း အမှီပြုပြီးတော့ ဘုန်းကြီးက သဒိသူပစာ ဥပစာရသမာဓိကို ၀ိပဿနာခဏိက သမာဓိလို့ မုချအမည်အားဖြင့် ပြဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သဘောပေါက်ရင်တော့ ရှင်းနေမှာပါပဲ။ (ဓမ္မစကြာတရားတော်ကြီး)

ဝိပဿနာရှုခိုက်မှာ ဖြစ်တဲ့ သမာဓိကတော့ ခဏိက သမာဓိလို့ ခေါ်ရပါတယ်။ ရှုခိုက်ရှုခိုက် ခဏခဏမျှသာ တည်တံ့တဲ့ သမာဓိလို့ ခေါ်ဆိုရပါတယ်။ ၀ိပသဿနာရှုခိုက်မှာ ဒီခဏိကသမာဓိ မပါရင် ၀ိပဿနာဥာဏ်ဟာ မဖြစ်နိုင်ဘူး။ အားကောင်းတဲ့ ဒီခဏိကသမာဓိပါမှ ဖြစ်နိုင်ပါတယ်။ ဈာန်အခြေခံမရှိဘဲ ၀ိပဿနာသက်သက်ရှုတဲ့ သုဒ္ဓ၀ိပဿနာယာနိက ပုဂ္ဂိုလ်မှာဆိုရင် ဒီဝိပဿနာ ခဏိက သမာဓိဖြင့်ပင် ၀ိပဿနာဥာဏ်တွေကို ဖြစ်စေပြီးတော့ အရိယမဂ်ဖိုလ်ကို ရောက်ရတယ်။ ဒီဝိပဿနာသမာဓိဟာ အာရုံတစ်ခုတည်းရှုရတာမဟုတ်ဘူး။ (အလုံးစုံကို ရှေးရှုပြီး သိရမယ် စသည်ဖြင့် ပြထားတဲ့အတိုင်း) ထင်ရှားပေါ်လာသမျှ အာရုံတွေကို အကုန်လုံးပဲ ရှုရပါတယ် ဒါပေမဲ့ ရှုခိုက်ရှုခိုက်မှာ ရှုရတဲ့အာရုံနဲ့ ကပ်ခနဲ ကပ်ခနဲ တည်တည်သွားတဲ့အတွက် ပျံ့လွင့်ခြင်း မရှိဘူး။ အဲဒါဟာ ထိထိရောက်ရောက် ၀ိပဿနာအလုပ်ကို အားထုတ်ဖူးတဲ့သူတွေမှာ အလွန်ထင်ရှားနေပါတယ်။ (သလ္လေခသုတ်တရားတော်ကြီး)

စာရေးသူ-(အရှင်)သာမဏေကျော်

Shared from Ko Thein Naing Ohn (FB)

ပေးကမ်းခြင်း ( ဆရာတော် ဦးဇောတိက )



“ဒါနဉ္စ ဓမ္မစရိယာစ “တဲ့။ ပေးကမ်းခြင်းသည် အောင်မြင်ကြောင်း။ ပေးကမ်းခြင်းသည် ပြည့်စုံကြောင်း။ ပေးကမ်းခြင်းသည် တိုးတက်ကြောင်း၊ ကြီးပွားကြောင်း။

ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစွှည်းက ကိုယ်မသုံးလည်း ရတယ်။ တစ်ခါတစ်လေ သုံးလည်းမသုံးပါဘူး။ အဲ့ဒါကို ပေးတာကောင်းသလား ။ မပေးပဲထား တာကောင်းသလား။

ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစွှည်းတွေ ဘယ်လောက်များနေမလဲ။ မြန်မြန်သာပေးလိုက်တော့။ တော်တော်တော့ ခက်သားပဲနော်။ ပေးချင်ရက်နဲ့ ယူမယ့်လူမရှိလို့ တော်တော်ခက်နေတယ်။ ဒါကတော့ ပစ္စည်းအနေနဲ့ ပြောပြတာပါ။ ဘာဖြစ်ဖြစ် ကိုယ်ပေးနိုင်တာကို ပေးဖို့လိုတယ်။ ပေးနိုင်တဲ့စိတ်နဲ့ မပေးနိုင်တဲ့စိတ် ဒီလိုစိတ်ထားနှစ်ခုကို ယှဉ်ကြည့်လိုက်စမ်းပါ…. ဘယ်စိတ်က အဆင့်အတန်း မြင့်သလဲ။ ပေးနိုင်တဲ့စိတ်က အဆင့်အတန်းမြင့်တယ်နော်။

အောင်မြင်ရေးနဲ့ပက်သက်တဲ့စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ အကြောင်း လည်း အများကြီဒဖတ်ဖူးတယ်။ တချို့ပညာရှင်တွေက ဘယ်လိုပြောသလဲ ဆိုတော့…

ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆိုတာက ကိုယ့်အောင်မြင်မှုကို ပိုပြီးတော့ဖော်ပြပါတယ်။ ဘယ်လောက်အောင်မြင်တယ်ဆိုတာ လူသားတွေအတွက် ကိုယ်ဘယ်လောက်အကျိုးဆောင်ရွက်နိုင်လဲဆိုတာ ကြည့်ပြီးတော့ တိုင်းတာရမှာ။ ကိုယ်ဘယ်လောက်ရတယ်ဆိုတာကို ကြည့်ပြီးတော့ တိုင်းတာလို့မဖြစ်ဘူး။

ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်

လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီးရတယ် ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့ကိုမှ မပေးဘူး။ သူများလည်း မပေးဘူး။ သူလည်းမစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲ့ဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား ။ မဆိုနိုင်ဘူးနော်။

ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးစွဲဖို့ထားရမှာပဲ။ တစ်ခြား ပေးသင့်ပေးထိုက်တဲ့သူတွေကိုလည်းပဲ ပေးရမှာပဲ။ အဲ့ဒီလိုပေးနိုင်တဲ့စိတ်ထားဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားဖြစ်တယ်။

တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှ အကုန်လုံးပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက်ပေးရမယ် ။ ပေးသင့်တဲသူကိုပေးရမယ်။ ပေးတာလည်း ဉာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။

အဲဒီလို ကိုယ်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်က ပေးလိုက်ရ လို့ တစ်ဖက်သားမှာ အဆင်ပြေသွားတာကို စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားတာကို မြင်တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ်ကြောင့် သူများ စိတ်ချမ်းသာ သွားတာ တစ်ခုလည်း ပါတယ်နော်။


သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန

ပေးနိုင်တဲ့စိတ်ဟာ တော်တော်စိတ်ချမ်းသာတဲ့စိတ်ပဲ။ မပေးနိုင်တဲ့စိတ်ဟာ မွဲနေတဲ့စိတ်ပဲ။ လူချမ်းသာသော စိတ်နဲ့ လူမွဲစိတ် ဒီနှစ်ခု စဉ်းစား ကြည့်နော်။

ဘယ်လောက်ပဲရှိရှိ မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်ဟာ မွဲနေတဲ့စိတ် ဆင်းရဲတဲ့စိတ် ချို့တဲ့စိတ်။ နည်းသည် ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ပေးနိုင်တယ် မျှနိုင်တယ်ဆိုရင် အဲ့ဒီစိတ်က ချမ်းသာတဲ့စိတ်။

ဒီလိုပေးခြင်းဟာ ကိုယ်ရဲ့စိတ်ထားကို မြှင့်ပေးတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပေးခြင်းဟာ စွန့်လွှတ်ခြင်းပဲနော်။ ဥပမာ သံဃာတော်တွေကို တစ်ခုခုလှူတယ်၊ ကပ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာ အကောင်းဆုံး အရာကို လှူလိုက်တာပဲနော်။ ဆွမ်းဆိုလည်းပဲ အကောင်းဆုံးကို စီစဉ်ပြီးမှ သွားလှူလိုက်တာပဲနော်။ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပေးလိုက်တယ်။ လှူလိုက်တယ်၊ စွန့်လိုက်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှု့ကို စွန့်လွှတ်လိုက်တာနော်။

ဘုန်းကြီးက စဉ်စားကြည့်တယ်။ ကုသိုလ်တရားမှန်သမျှ နောက်ဆုံးကျတော့ အဓိပ္ပာယ်ကောက်လိုက်ရင် စွန့်လွှတ်ခြင်းပါပဲ။ ဒါနဆိုလည်း စွန့်လွှတ်ခြင်းပဲ၊ သီလဆိုလည်းပဲ စွန့်လွှတ်ခြင်းပါပဲ။ သူ့အသတ်ကိုသတ်မဲ့ အစား မသတ်တော့ဘူး။ သူ့ကို ဘေးမဲ့ပေးလိုက်တယ်။ အဲလိုအဓိပ္ပာယ် ကောက်ကြည့်စမ်းပါ။ သူများပစ္စည်းကို ခိုးယူချင်တာ မယူဘူး။ မယူခြင်းသည်ပင်လျှင် တစ်ဖက်သားကို စိတ်မဆင်းရဲအောင် လုပ်လိုက်တာနော်။ ကိုယ်ကြောင့် သူတစ်ပါး စိတ်မဆင်းရဲတော့ဘူး။ ဒါကြောင့် ငါးပါးသီလကို မဟာဒါန လို့တောင် သုံးထားတာ။ ပါဋ္ဌိစာပေမှာ ရှိတယ်။

သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန ဖြစ်တယ်။ သူတစ်ပါးကို ဘေးကင်းခြင်း၊ စိုးရိမ်ကင်းခြင်းကို ပေးတာနော်။ အကယ်၍ လူတိုင်း ငါးပါးသီလမြဲနေရင် ဘယ်နှယ့်နေမလဲ။ လူတွေအားလုံး ဘေးရန်ကင်းနေမှာ။


ဒါနကလည်း ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ပါသလို သီလတောင်မှ ပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပါနေတယ်။ ဘေးရန်ကင်းခြင်း ။ ကြောင့်ကြမှု့ ကင်းခြင်း၊ စိုးရိမ်မှုကင်းခြင်းကို ပေးလိုက်တာ ။ အဲ့ဒါ ပိုတောင် မြင့်မြတ်တဲ့ ပေးခြင်းဖြစ်သွားတယ်။

ဘုန်းကြီးဆိုရင် တပည့်တွေကို ဘယ်လောက်ထိအောင် ဆုံးမသလဲ၊ ဘယ်လောက်ထိအောင် သင်ပေးလဲ ဆိုရင် ကားမောင်းသွားနေရင်းနဲ့ နောက်ကားက ကျော်တတ်ချင်ရင် လမ်းပေးလိုက်ပါ။ အဲ့ဒါလည်း ငါသူ့ကို ဒါန တစ်ခုပေးလိုက်တာလို့ ယူဆလိုက်ပါ။ ဒါလည်းပဲ ပေးခြင်းတစ်မျိုးပါပဲ။ လမ်းပေးလိုက်တာ ဘယ်သူမှ လမ်းကိုမပိုင်ပါဘူး။ သွားခွင့်ပေးလိုက်တာ။ သူသွားပါစေ။ လမ်းပိတ်ပြီးတော့ မမောင်းပါနဲ့။ နောက်က ကျော်တတ် ချင်တဲ့သူတွေကို လမ်းပေးလိုက်ပါ။ အဲဒီလို တစ်နေတာအတောအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ ပေးကမ်းခြင်းတွေက အများကြီးရှိတယ်။

အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။

တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။ ပစ္စည်းပေးမှ ပေးတယ်လို့ မယူဆဘူး။ လမ်းမှာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပြုံးပေးလိုက်တာကိုက ဒါ တော်တော်တန်ဖိုးရှိ တယ်နော်။

တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ကိုယ် ပေးနိုင်တာတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်။ လမ်းလျှောက်သွားရင်းနဲ့ လမ်းကျပ်နေတယ်ဆိုရင် လမ်းဖယ်ပေးလိုက်ပါ။ သူသွားပါစေ။

ပေးနိုင်တဲ့စိတ် များများမွေးပါ။ အဲဒီလိုမွေးနိုင်တဲ့လူဟာ သူ့စိတ်ထားမြင့်လာမယ်။ စိတ်ထားမြင့်လာရင် စိတ်ထားနဲ့တန်တဲ့ဘဝကို ရမယ်။ ဒီစကားကို ဘုန်းကြီးကပြောတာ အကြိမ်ပေါင်း တော်တော်များပြီ။ ကိုယ်စိတ်ထားနဲ့တန်တဲ့ဘဝကို ရမှာပါ။ မတန်တဲ့ဘဝကိုတော့ ရမှာ မဟုတ်ဘူး။

စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ဘဝကို မရဘူး.။ စိတ်ထားမြင်မြတ်ရင် မြင့်မြတ်တဲ့ အသိဉာဏ်မျိုးကို ရမယ်။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။

(ဆရာတော်ဦးဇောတိက ၏ မင်္ဂလာတရားတော် စာအုပ် မှ)
Shared from Ma Sai Mon (FB)

***အကောင်းဆုံးသောည***




လူ့ဘ၀ကိုရောက်လာတဲ့ လူတိုင်း ညပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရပါတယ်။ ညနဲ့ မကြုံတွေ့ရတဲ့ သူဆိုတာ မရှိပါဘူး။ ၁နှစ်မှာ ၃၆၅ရက် ရှိတဲ့ အတွက်ကြောင့် ညပေါင်း ၃၆၅ ညကို ဖြတ်သန်းခဲ့ကြပါတယ်။ ၁၀နှစ်ဆိုရင် ၃၆၅၀ ညပေါ့။ အဲဒီညတွေထဲမှာ တန်ဖိုးရှိတဲ့ အကောင်းဆုံးညဆိုတာ ဘယ်ညလဲ? ညအချိန်တွေမှာ Online မှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ခွဲခွာနှုတ်ဆက်ကြတဲ့ အချိန်မှာ Good Night (ကောင်းသောညဖြစ်ပါစေ) စသဖြင့် နှုတ်ဆက်ကြပါတယ်။ ကောင်းသောညဆိုရာမှာ ကောင်းတယ်ဆိုတာကို ဘာစံချိန်နဲ့ သတ် မှတ်မှာလဲ။ ကောင်းတယ်ဆိုတာကို အပျော်ဆုံးဆိုတဲ့ ပျော်ရွှင်မှုတွေနဲ့ သတ်မှတ်မှာလား? အခြားအရာတွေနဲ့ သတ်မှတ်မှာလား? ကိုယ်ကြိုက်ရင်ကောင်းတယ်လို့ သတ်မှတ်မှာလား? အဲလိုသတ်မှတ်ရင် တယောက်နဲ့ တယောက်ဟာ ကောင်းတဲ့ညတွေ တူလို့ မဖြစ်ပါဘူး။ ကာမဂုဏ်အာရုံခံစားတဲ့ သူက သူတို့ရဲ့ အပျော်ဆုံးညကို အကောင်းဆုံးညလို့ သတ်မှတ်ပါလိမ့်မယ်။ ဂိမ်းဆော့တဲ့သူတွေ အတွက် ဂိမ်းကစားလို့ နိုင်ပွဲများတဲ့ည ကို အကောင်းဆုံးညလို့ သတ်မှတ်ကြလိမ့်မယ်။ ချစ်သူစုံတွဲတွေ အတွက် ချစ်ချစ်ခင်ခင်နဲ့ ပြောဆိုခွင့်ရတဲ့ ညကို သူတို့ရဲ့ အကောင်းဆုံးညလို့ သတ်မှတ်ကြမှာပါ။ ဒါကြောင့် တဦးနဲ့ တဦးရဲ့ အကောင်းဆုံးညတွေက မတူနိုင်ပါ ဘူး။ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြမှာပေါ့။အကောင်းဆုံးညဆိုတာ ဘယ်လိုလဲဆိုတာ သိဖို့လိုလာပါတယ်။

လူ့လောကမှာ ညအခါဆိုရင် အိပ်စက်နားနေခြင်းနဲ့ ကုန်လွန်စေကြတာများပါတယ်။ ညဆိုတာ အေးချမ်းတိတ် ဆိတ်ပြီး ကြည်နူးဖွယ်ကောင်းပါတယ်။ တရားဓမ္မနဲ့ မွေ့လျော်ကြတဲ့ ပညာရှိတွေ အတွက် အိပ်မောကျပြီး ဖြတ် ကျော်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြတ်စွာဘုရားက အကောင်းဆုံးည ဖြစ်ဖို့အတွက် အတိတ်အကြောင်းကိုလည်း ပြန်ပြောင်းမစဉ်းစားပါနှင့်၊ နောင်ဖြစ်လာမယ့် အနာဂတ်ကိုလည်း မျှော်တွေးမနေပါနှင့်၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလမှာ ကုသိုလ်တရား တိုးပွားအောင်နေပြီး၊ အကုသိုလ်တရားတွေ မဖြစ်အောင်နေဖို့ ဟောကြားခဲ့ပါတယ်။ ဘုရားရှင်က အပါဒါန်ပါဠိတော်မှာ -

နတာဝ သုပိတုံ ဟောတု၊ ရတ္တိ နက္ခတ္တမာလိနီ၊
ပဋိဇဂ္ဂိတု မေဝေသာ၊ ရတ္တိ ဟောတိ ၀ိဇာနတံ။
နက္ခတ်ပန်းတို့ဖြင့် ဆန်းကြယ်လှပသော ညဥ့်သည် အိပ်နေဖို့ရန် ဖြစ်လာသည် မဟုတ်။ ရှေ့ရေး နောက်ရေး ထောက်တွေးသိတတ် ပုဂ္ဂိုလ်မြတ်တို့အတွက် နိုးနိုးကြားကြား တရားအားထုတ်ဖို့ရန် အလို့ငှာသာလျှင် ဖြစ်ပေါ် လာ၏။ (အပါဒါန်ပါဠိတော်)

မိမိတို့တွေရော အေးချမ်းမှုရှိတဲ့ ညအချိန်မှာ ဘယ်လိုအသုံးချ ကြမလဲ? လောကမှာ လူတန်းစား အမျိုးမျိုးရှိကြ တဲ့ အတွက်ကြောင့် နေထိုင်စားသောက်ကြရတဲ့ အခြေအနေနဲ့ ရရှိတဲ့ အခွင့်အရေးတွေ မတူညီကြပါဘူး။ ဒါပေမယ့် လူသားတိုင်း တန်းတူရတဲ့ အခွင့်အရေး တခုကတော့ အချိန်တွေကို ပိုင်ဆိုင်ခြင်းပါ။ မိမိတို့ရော တန်းတူရတဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေလဲ? ကံမကုန်ခင်လေးမှာ ဘာအလုပ်တွေက အလုပ်သင့်ဆုံးလဲ ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်ရမယ်။ ယခုအချိန်အခါမှာ နေ့စဉ် ၀မ်းစာရေးအတွက် လှုပ်ရှားလုပ်ကိုင်နေရတဲ့ လူသားတွေ အတွက် ညအချိန်မှာပဲ အိပ်စက် အနားယူချိန်ရှိတယ်လို့ ပြောရင် ငြင်းဖွယ်ရာ မရှိပါဘူး။ အကောင်းဆုံးသောည ဖြစ်ဖို့ ညအချိန်မှာ တရားပဲထိုင်နေရမယ်လို့ ဆိုလိုရင်း မဟုတ်ပါဘူး။ တချို့က တရားထိုင်နေမှ တရားလုပ်တယ်လို့ မြင်တတ်ကြတယ်။ မိမိတို့ရဲ့ စိတ်ကလေးကို အပူဓာတ် မဖြစ်အောင် နေတတ်ဖို့ လိုတာပါ။ ၀ိပဿနာ အသိနဲ့ နေ့စဉ် ညစဉ် နေတတ်ရင်တော့ အကောင်းဆုံးပေါ့။ ညအချိန်ပဲ သတိရှိပြီး စိတ်ကို အအေးဓာတ်ကိန်းအောင် နေသွားရမှာ မဟုတ်ပဲ နေ့စဉ် နေစဉ်မှာလည်း နေသွားရမှာပါ။ နေရာတိုင်း အမူအရာတိုင်းမှာ အားထုတ်တတ်ဖို့ အဓိက ကျပါတယ်။
ညစဉ် ရတဲ့အချိန်လေးမှာ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တရားဓမ္မများကို နာယူသင့်ပါတယ်။ ယခုလို တရားဓမ္မများ အလွယ်တကူရရှိ နာကြားနိုင်ခွင့်ရတာလည်း ဓမ္မကို တန်ဖိုးထားတတ်သူတွေ အတွက် အမြတ် ဆုံးသော ရတနာတွေကို ပိုင်ဆိုင်ခွင့်ရနေတာပါ။ ဒီရတနာတွေကို သိရှိတဲ့ လူတွေအတွက်တော့ အသုံးဝင်သလို မသိတဲ့ သူတွေအတွက်တော့ အကြီးမားဆုံးသော နစ်နာမှုပါ။

ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသော တရားမှာ “ဘုရားက ကောင်းတယ်ဆိုတာကို မိမိက မနှစ်သက်လည်း ပေလုပ်ပါ။ ဘုရားက မကောင်းဘူးဆိုတာကို မိမိက နှစ်သက်လည်း ပေရှောင်ပါ” လို့ နာယူခဲ့ဖူးပါတယ်။ မိမိတို့ နှစ်သက်နေတဲ့ လောကီအာရုံတွေကို နှစ်သက်နေပေမယ့် ဘုရားရှင်က မကောင်းဘူးလို့ မိန့်ဆိုထားရင် ရှောင်ရှားရမယ်။ မိမိက မနှစ်သက်ပေမယ့် ဘုရားက ကောင်းတယ်ဆိုတာကို လုပ်ဆောင်ရပါမယ်။
မိမိတို့တွေ ဘုရားရှင် ဟောကြားဆုံးမခဲ့တဲ့ တရားဓမ္မနှင့် မွေ့လျော်အောင်နေပြီး Good Night များစွာကို ပိုင်ဆိုင် ဖြတ်သန်းနိုင်ကြပါစေ။

***မေတ္တများစွာဖြင့်***

Shared from Ma Aye Aye Cho (FB)

"သိလို့လှူတော့ နိဗ္ဗာန်ရောက်"




သိလို့လှူရင်တော့ ဒုက္ခသစ္စာမလာဘူး။ သိလို့လှူတော့ မဂ္ဂသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ။ သိတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားပြီ။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီးမှ လှူတော့ မဂ္ဂသစ္စာဖြစ်သွားတယ်။ မဂ္ဂသစ္စာအားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာမပေါ်ဘဲ နိရောဓသစ္စာ နိဗ္ဗာန်ပေါ်တယ်။ မသိလို့လှူရင် သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူရင် မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ သိလို့လှူတော့ နိဗ္ဗာန်ရတယ်။ မသိလို့လှူတော့ ဒုက္ခရတယ်။

★မသိလို့လှူတော့ မသိတာက အ၀ိဇ္ဇာ၊ လှူတာက သင်္ခါရ၊ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ `မသိတဲ့ပုဂ္ဂိုလ်များလှူနေတာဟာ သမုဒယသစ္စာလုပ်နေကြတာပဲ၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာရမယ်ထင်ပြီးလှူတာပဲ´တဲ့။ သေသေချာချာ ကြည့်လိုက်တော့ ခန္ဓငါးပါးဟာ ဒုက္ခသစ္စာ။ လူချမ်းသာလို့ပြောသော်လဲ သေသေချာချာ ထိုင်ကြည့်လိုက်တော့ ဟိုကယား ဒီကယား၊ ဟိုကနာ ဒီကနာ၊ ရွှေ့ချင်ပြောင်းချင် ပြင်ချင်ရတာနဲ့ အငြိမ်နေလို့ကို မရဘူး။ ဘာသစ္စာမို့ ဘာပြနေလဲဆိုတော့ ဒုက္ခသစ္စာမို့ ဒုက္ခတွေပြနေတာပါ။ ★

လူချမ်းသာလို့ပြောနေကြပေမယ့် သေသေချာချာထိုင်ကြည့်လိုက်တော့ ဒုက္ခသစ္စာပဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့သိလာတယ်။ ဒါကြောင့် လူချမ်းသာနတ်ချမ်းသာဆိုတာတွေ ဘယ်သူကပြောပြောမယုံပါနဲ့။ ကိုယ့်ခန္ဓာကပြောလို့ ကိုယ့်ဉာဏ်နဲ့သိတာကိုသာ ယုံလိုက်ပါ။ ဒီခန္ဓာကြီးဟာ ယားတယ် နာတယ် ကိုက်တယ် ခဲတယ် ဆာတယ် လောင်တယ် ပူတယ် အိုက်တယ် ညောင်းတယ် ညာတယ်၊ ဖြစ်ပျက်တွေပဲ ပြနေတယ်။ ဒါဟာ ဒုက္ခသစ္စာပါပဲ။

★ဒါဖြင့် ဒီလိုဝဋ်ဒုက္ခမှ ကျွတ်ချင်လို့လှူဒါန်းပါ၏ ဆိုပြီး လှူလိုက်တော့ ဒုက္ခကို မုန်းလို့ ကြောက်လို့လှူတာမို့ ဒုက္ခမလာတော့ဘဲနဲ့ သုခနိဗ္ဗာန်သာ လာတော့တယ်။ ဒီလို လက်ငင်း ရှုပြီးတော့မှ ခန္ဓာဒုက္ခသစ္စာအစစ်ကို ဉာဏ်နဲ့မြင်ပြီး နိဗ္ဗာနဿ ပစ္စယော ဟောတု- ဆိုပြီးလှူလှူ၊ ယခုမြင်နေရတဲ့ ဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏လို့ ဆိုပြီးလှူလှူ လှူလိုက်ပါတော့။ ကိုယ့်ဒုက္ခသစ္စာကိုယ် မြင်ပြီးတော့ ဒီဝဋ်ဒုက္ခမှ ကျွတ်ချင်လို့ ဆိုတဲ့ နှလုံးသွင်းနဲ့ လှူနေရင် ပြီးတာပါပဲ။ မသိလို့လှူတော့ ဒုက္ခသစ္စာရတယ်။ သိလို့လှူတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားတယ်။★

★★လှူတာကလဲ သင်္ခါရမဟုတ်တော့ဘူး။
ဘာသစ္စာဖြစ်သွားလဲဆိုတော့ မဂ္ဂသစ္စာ။
ရတာက နိရောဓသစ္စာ။
တစ်ဘ၀ထဲနဲ့ နိရောဓသစ္စာကူးသွားတယ်။
မသိလို့လှူတာက သမုဒယသစ္စာ၊
ရတာက ဒုက္ခသစ္စာ။
သိလို့လှူတာက မဂ္ဂသစ္စာ၊
ရတာက နိရောဓသစ္စာ။
ဒါဆို နားလည်လောက်ပါပြီ။

_/|\_(ဒေါက်တာအရှင်ပါရမီ) _/|\_
----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated by Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

***သင်္ခါရတွင် သစ္စာမြင်ဖို့***



မိလိန္ဒပဉှာပါဠိ၊ နိဗ္ဗာနလဘနပဉှာ – မှာ မိလိန္ဒမင်းကြီးက အရှင်နဂသိန်ကို `အရှင်ဘုရား လူတိုင်းနိဗ္ဗာန်ရောက်နိုင်သလား´(ဘန္တေ နာဂသေန သဗ္ဗေ၀ လဘန္တိ နိဗ္ဗာနံ) လို့ မေးတော့ အရှင်နာဂသိန်ပြန်ဖြေတဲ့ အဖြေလေးတွေနဲ့ ဆက်စပ်ဆွေးနွေးချင်ပါတယ်။ အရှင်နာဂသိန်ဖြေတော်မူတာက `မင်းကြီး- လူတိုင်းတော့ နိဗ္ဗာန်မရောက်ဘူး။ တရားကျင့်သောသူသည် သိရမယ့်တရားကို ထိုးထွင်း၍ ပိုင်းခြား၍ သိမယ်၊ ပယ်ရမယ့်တရားကို ပယ်မယ်၊ ပွားရမယ့်တရားကို ပွားမယ်၊ မျက်မှောက်ပြုရမယ့်တရားကို မျက်မှောက်ပြုမယ်ဆိုရင် ရောက်ပါတယ်´တဲ့။ အရှင်နာဂသိန်က ဘာဖြေလိုက်တာလဲဆိုရင် သစ္စာဖြေလိုက်တာပါ။ ပိုင်းခြားသိရမှာက ဒုက္ခသစ္စာ၊ ပယ်ရမှာက သမုဒယသစ္စာ၊ ပွားရမှာက မဂ္ဂသစ္စာ၊ မျက်မှောက်ပြုရမှာက နိရောဓသစ္စာ။ ဒီသစ္စာလေးပါး ထိုးထွင်းသိတဲ့သူ နိဗ္ဗာန်ရောက်မယ်၊ မသိသူ နိဗ္ဗာန်မရောက်ဘူးလို့ ဖြေတော်မူလိုက်တာပါပဲ။

သတိပဋ္ဌာန်လေးပါးထဲမှာ သစ္စာဆိုက်အောင် ရှုရတဲ့ သတိပဋ္ဌာန်က ဓမ္မာနုပဿာနသတိပဋ္ဌာန်ပါပဲ။ ဒိဋ္ဌိစရိုက်များပြီး ဉာဏ်ထက်မယ်ဆိုရင် ဓမ္မာနုပဿနာ ရှုဖို့ အဋ္ဌကထာဆရာ မိန့်တော်မူပါတယ်။ ခန္ဓာငါးပါး ဘယ်ခန္ဓာကို ရှုရှု သစ္စာမြင်တိုင်း ဓမ္မာနုပဿနာဖြစ်တယ်။ သစ္စာမြင်အောင် ရှုဖို့ အတွက် လူတိုင်းသန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို သင်္ခါရတရားလို့ ရှေးဦးစွာမှတ်ထားလိုက်။ ခန္ဓာငါးပါးဟာ အလိုလိုပေါ်တာမဟုတ်၊ ပြုပြင်လို့ပေါ်လာရတာဖြစ်တယ်။ အကြောင်းတရားတို့က ပြုပြင်ပေးလိုက်လို့ ပေါ်လာရတဲ့ တရားဖြစ်လို့ သင်္ခါရတရားလို့ပြောတာ။ သင်္ခါရဆိုတာ ပြုပြင်ပေးလိုက်လို့ ပေါ်လာရတဲ့ တရားပဲ။ ရူပက္ခန္ဓာဆိုတဲ့ ရုပ်ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးက အလျဉ်းသင့်သလို ပြုပြင်ပေးလို့ ပေါ်နေရတာဖြစ်တယ်။ ဖောက်ပြန်တတ်တဲ့ရုပ်ကို ဖောက်ပြန်အောင် ပြုပြင်ပေးနေတာက ကံ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရားတွေပဲ။ ရုပ်တွေဟာ ကံကြောင့်လဲ ဖောက်ပြန်တတ်တယ်။ ကံကြောင့် အင်္ဂါမစုံဖြစ်နေတာ၊ ခန္ဓာကိုယ် ကြုံလှီနေတာ၊ ကျန်းမာရေး ညံ့ဖျင်းနေတာ စသည်ဟာ ကံကြောင့်ဖောက်ပြန်တာလို့သာ သာမန်မှတ်ထားလိုက်ပါ။ စိတ်လန်းနေတော့ ရုပ်ကတစ်မျိုး၊ စိတ်ဆိုးနေတော့ ရုပ်ကတစ်မျိုး စသည်ပြောင်းလဲနေတာက စိတ်ကြောင့်လဲဖောက်ပြန်တာပဲ။ အေးတဲ့ရာသီမှာရုပ်ကတစ်မျိုး၊ ပူတဲ့ရာသီမှာ ရုပ်ကတစ်မျိုး၊ အေးရင်အေးသလို ပူရင်ပူသလို ပြောင်းလဲနေတာဟာ ဥတုကြောင့်ဖောက်ပြန်နေတာပဲ။ ကောင်းကောင်းစားရတဲ့အခါမှာ ရုပ်ကတစ်မျိုး၊ မကောင်းတာစားရတဲ့အခါ ရုပ်ကတစ်မျိုး ဖြစ်နေတာ၊ ကိုယ်တည့်တာစားလိုက်ရင်တစ်မျိုး မတည့်တာစားလိုက်ရင် တစ်မျိုး ဖြစ်လာတာဟာ အာဟာရကြောင့် ရုပ်တွေ ဖောက်ပြန်နေတာပဲ။ နာမ်တရားတွေလဲ ရုပ်တွေလို ဖောက်ပြန်တာပါပဲ။ ဒါပေမယ့် နာမ်ဖောက်ပြန်တာက ရုပ်ဖောက်ပြန်တာလောက် မထင်ရှားဘူး။ ရုပ်ဖောက်ပြန်တာက မျက်စိနဲ့ မြင်ရလောက်အောင် ထင်ရှားလို့ ဖောက်ပြန်ခြင်းလက္ခဏာရှိတယ်လို့ သီသန့်ပြောထားတာ ဖြစ်တယ်။

ရုပ်တရားကတော့ အကြောင်းတရားလေးပါးက ပြုပြင်လို့ပေါ်တာ ဟုတ်ပြီ။ နာမ်တရားတွေကကော ဘယ်အကြောင်းတွေက ပြုပြင်ပေးလို့ ပေါ်လာရပါသလဲဆိုရင် ဒွါရနဲ့ အာရုံ အကြောင်းနှစ်ပါးပြုပြင်လို့ ပေါ်တယ်လို့မှတ်လိုက်။ ဥပမာ မျက်စိဆိုတာ စက္ခုဒွါရ၊ အဆင်းဆိုတာ ရူပါရုံ၊ ဒီ ဒွါရနဲ့ အာရုံနှစ်ခုပေါင်းမိရင် မြင်စိတ် စက္ခုဝိညာဏ်ဆိုတဲ့ နာမ်တရားပေါ်တယ်။

အကြောင်းတရား အကျိုးတရား
ဒွါရ အာရုံ စိတ် (နာမ်)
မျက်စိ (စက္ခုဒွါရ) အဆင်း (ရူပါရုံ) မြင်စိတ် (စက္ခုဝိညာဏ်)
နား (သောတဒွါရ) အသံ (သဒ္ဒါရုံ) ကြားစိတ် (သောတ၀ိညာဏ်)
နှာခေါင်း (ဃာနဒွါရ) အနံ့ (ဂန္ဓာရုံ) နံစိတ် (ဃာန၀ိညာဏ်)
လျှာ (ဇိဝှါဒွါရ) အရသာ (ရသာရုံ) စားစိတ် (ဇိဝှါဝိညာဏ်)
ကိုယ် (ကာယဒွါရ) တွေ့ထိစရာ (ဖောဋ္ဌဗ္ဗာရုံ) ယားနာကောင်းစိတ်(ကာယ၀ိညာဏ်)
စိတ် (မနောဒွါရ) ကြံတွေးစရာ (ဓမ္မာရုံ) တွေးတောစိတ် (မနောဝိညာဏ်)

စိတ်တစ်ခုယုတ်ကိုးဆယ် အကျယ်တစ်ရာနှစ်ဆယ့်တစ်ပါး၊ စေတသိက် ငါးဆယ့်နှစ်ပါးဆိုတဲ့ နာမ်တရားတွေအားလုံးဟာ ဟောဒီ စိတ်ခြောက်မျိုးကနေ ပွားလာတဲ့ နာမ်တရားတွေချည်းပဲလို့ မှတ်ထားလိုက်ပါ။ ဒါကြောင့် နာမ်တရားတွေရဲ့အကြောင်းဟာ ဒွါရနဲ့ အာရုံ။ ဒွါရနဲ့ အာရုံကြောင့် နာမ်တရားတွေဖြစ်ပေါ်လာရတယ်။ ဒါကို ပြုပြင်တယ်လို့ ခေါ်တယ်။ အကြောင်းကြောင့် အကျိုးတရားတွေပေါ်လာတာကိုပဲ သင်္ခါရ၊ ပြုပြင်လို့ပေါ်လာတဲ့တရားလို့ မှတ်လိုက်ပါ။

( ဒေါက်တာအရှင်ပါရမီ)

Shared from Ma Aye Aye Cho (FB)

*** တန်ဖိုးရှိလှတဲ့ သတိ တစ်လုံး***



သတိဆိုတဲ့ စကားလေးဘာလို့ ပြောရလဲ ဆိုတာလေးကို သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ စကားလေး တစ်ခွန်းနဲ့ မိတ်ဆက် ပေးပါ့မယ်..။ ဆရာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားလဲဆိုတော့.. ဟဲ့.. ဒကာတွေ ဒကာမတွေ.. ဘယ်အလုပ်ပဲ လုပ်လုပ် နွားလိုမလုပ်နဲ့.. နွားဟာ လူတွေစားဖို့အတွက် လယ်တွေလည်း ထွန်ပေးရ.. နွားနို့လည်း ထုတ်ပေးရ.. ပြီးရင် သူ့အသား အဆီအနှစ်ကိုလည်း လူတွေက စားကြသေးတယ်.. ဒါပေမယ့်.. နွားတွေမှာ ဘာကုသိုလ်မှလည်း မရ ဘာအကျိုးမှလည်း မခံစားရဘူး။ ဘာလို့လည်းဆိုတော့ သူတို့တွေဟာ ဘယ်အလုပ်ပဲလုပ်လုပ် သတိဥာဏ်ဆိုတဲ့ ပညာမရှိလို့ပဲ။ ဒါ့ကြောင့် မှတ်ထားကွဲ့.. ဘယ်အလုပ်မဆို သတိဥာဏ်ဆိုတဲ့ ပညာလေးနဲ့ အမြဲတမ်းလုပ်ပါ တဲ့။ မှန်လိုက်တဲ့ စကားတစ်ခွန်းပါပဲ..။ ဘုရားရှင်ရဲ့ နောက်ဆုံးစကားမှာလည်း သတိရှိပါဆိုတဲ့ စကားလေးနဲ့ပဲ နောက်ဆုံး ဆုံးမစကား ပေးသွားတာပဲ မဟုတ်ပါလား။ ဒါဘာလို့လည်း.. လူတိုင်း လူတိုင်းအတွက် သတိဟာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်.. သတိမူရင် မြူတောင်မြင်တယ် တဲ့။ အဲ့စကားလေးက ရိုးရိုးလေးပဲနော်..။ ဒါပေမယ့်.. တွေးကြည့်ရင် အင်မတန် နက်နဲပါတယ်။ သတိမမူရင် ဂူမမြင်ဆိုတာ ဘာလည်းဆိုတော့.. ဒီစာသားရဲ့ အဓိပ္ပါယ်က လူတွေဟာ သတိမရှိတဲ့အတွက် သေရမှာကိုတောင် မမြင်ကြဘူး.. မေ့နေကြတယ်တဲ့။ ဟိုလိုမျိုး အုတ်ဂူဖြူဖြူကို ပြောတာမဟုတ်ပါဘူး.. တကယ်က ကိုယ်သေမဲ့ အုတ်ဂူကို မမြင်ကြတာကို ပြောတာပါ။ သတိရှိခိုင်းတယ်ဆိုတာ တကယ်တော့ ကိုယ်သေရမှာကို သတိရပြီး ကုသိုလ်တွေ များများ လုပ်ဖြစ်အောင် တိုက်တွန်းနေတဲ့ သဘောလေးပါပဲ။ ဘယ်အလုပ်ပဲ လုပ်လုပ်.. ဘုရားအဆုံးအမ အတိုင်း လိုက်နာ ကျင့်ကြံပြီး သတိလေးနဲ့ လုပ်နေတဲ့ လူတစ်ယောက်ဟာ… တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နေတာနဲ့ အတူတူပါပဲ။ အခုပြောမှာကလည်း တန်ဖိုးရှိတဲ့ သတိတစ်လုံးကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်သွားတဲ့ အကြောင်းပါ…။။။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက ဗာရာဏသီပြည်မှာ ယသ ဆိုတဲ့ သဌေးသား တစ်ယောက် ရှိပါတယ်။ သူရဲ့ မိခင်ကတော့ ဘုရားရှင်ကို ရွှေခွက်နဲ့ နို့ဆွမ်း လှူခဲ့တဲ့ သုဇာတာ သဌေးပေါ့။ သူဟာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလွန်းတဲ့ အတွက် သူ့ကိုလည်း ဘုရားအလောင်းတော် စံမြန်းခဲ့သလိုမျိုး နွေ မိုး ဆောင်းစံမြန်းဆောင် သုံးဆောင်နဲ့ ထားပါတယ်။ ပြီးတော့ သူနဲ့ရတာလည်း သဌေးသမီးပါ။ သူ့ရဲ့ ခြေဖ၀ါးဆိုရင် နူးညံ့လွန်းတဲ့အတွက် အမွှေးနုလေးတွေတောင် ပေါက်နေတယ်လို့ စာထဲမှာ ပါပါတယ်။ ပြီးတော့ သူ့ကို နေ့ရော ညပါ တူရိယာ ပေါင်းစုံနဲ့ တီးမှုတ်ကပြ ဖျော်ဖြေ ပေးရပါတယ်။ ဒီလိုမျိုး အခြံအရံတွေနဲ့ ခံစားလာလိုက်တာ.. တစ်ညမှာတော့ သူ ကောင်းတာတွေ ခံစားတာ ရိုးအီသွားပြီး ခံစားရင်းနဲ့ အိပ်ပျော် သွားပါတယ်။ သဌေးသား အိပ်ပျော်သွားတဲ့ အချိန်ကျတော့ ရံရွှေတော်တွေကလည်း ပင်ပင်ပန်းပန်းနဲ့ ကနေတဲ့ နေရာတွေမှာပဲ အိပ်ပျော် သွားကြပါတယ်။ တစ်ချို့ကလည်း ဟောက်.. တစ်ချို့ကလည်း အပုတ်ရေတွေ စီးကျ.. တစ်ချို့ ကလည်း ကို့ရို့ကားယားနဲ့ပေါ့။ သတိရှိတုန်းကတော့ ကြည့်ပျော်ရှုပျော် လှလှပပပေါ့။ သတိမရှိပဲ အိပ်ပျော်သွားတဲ့ အချိန်မှာတော့ ဘာမှ မသိတော့ပါဘူး။ အကုန်လုံးဟာ လူသေကောင်တွေ အတိုင်းပဲ။ ကြည့်မကောင်း ရှုမကောင်းနဲ့ပါပဲ။

သန်းခေါင်ယံ အချိန်ရောက်တဲ့ အခါမှာတော့ ယသ သဌေးသား နိုးလာပါတယ်။ အိပ်တုန်းက အခါမဲ့ အိပ်တဲ့ အတွက်လည်း နိုးတဲ့ အချိန်မှာတော့ အခါမဲ့ နိုးခဲ့ပါတယ်။ ယသ သဌေးသား နိုးလာတော့ အားလုံး တိတ်ဆိတ်နေပြီးတော့ အရင်က ဆူညံခဲ့တဲ့ နေရာဟာ သင်္ချိုင်းကုန်းကြီးအလား သူရဲ့စိတ်မှာ အသွင် ပြောင်းသွားပါတယ်။ ကချေသည်အားလုံးကို ကြည့်လိုက်တော့လည်း အလောင်းကောင်တွေ အလား တုံးလုံးပက်လက်တွေ အဖြစ် စိတ်ထဲမှာ သဌေးသားဟာ ထင်လာပါတယ်။ ပြီးတော့ သချိုင်းကုန်းထဲ သူတစ်ယောက်ထဲ ရောက်နေသလိုမျိုး ခံစားရပြီး ကြောက်လာပါတယ်။ သူ့ကို ဖျော်ဖြေနေတဲ့ ကချေသည်တွေ အားလုံးဟာလည်း အလောင်းကောင်တွေပဲဟု သူတွေးတောပြီး ကြောက်စိတ်ပေါင်း များစွာနဲ့ သံဝေဂတွေ ရလာပါတယ်။ နောက်ဆုံးတော့ သဌေးသားဟာ ဒီနေရာနဲ့ အဝေးဆုံးနေရာကို ထွက်ပြေး ပါတော့တယ်။ နောက်ဆုံးမှာတော့ ဘုရားရှင်နဲ့တွေ့ပြီး ဘုရားရှင်ဟောကြားတဲ့ တရားကိုနာကြားကာ တရားနာရင်းနဲ့ သောတာပန် ဖြစ်သွား ပါတော့တယ်။ နောက်တစ်နေ့မှာတော့ သူ့ကို အရှာထွက်တဲ့ ဖခင်ကြီးလည်း ဘုရားရှင်ရဲ့ တရားကို နာကြားပြီး သောတာပန် ဖြစ်သွား ခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ တရားကို နှစ်ကြိမ်နာကြားရတဲ့ ယသ သဌေးကတော့ ရဟန္တာ ဖြစ်သွားပါတယ်။ ဒါကတော့ ယသ သဌေးသား အကြောင်းပါ။

ဒီအကြောင်းလေးကို ဘာလို့ ပြောရလဲဆိုတာလေး ကျမ ဖော်ပြပေးပါ့မယ်။ ယသ သဌေးသားဟာ ကချေသည်တွေ အားလုံး တိတ်ဆိတ်ပြီး အိပ်နေတာကို လူသေကောင်တွေအလား ထင်ပြီး.. သူနေတဲ့ နေရာကို သင်္ချိုင်းအလား ထင်ရတဲ့ အကြောင်းအရင်းကတော့.. ယသ သဌေးသားဟာ ဟိုးအရင် အတိတ်ဘ၀က အသုဘ လိုက်ပို့ခဲ့ရင်း ထားခဲ့မိတဲ့ သတိလေး တစ်လုံးကြောင့်ပါ။ သူဟာ အဲ့ဒီ့သတိလေး တစ်ခုပဲ ရခဲ့ဖူးပါတယ်။ သူဘယ်လိုမျိုးလေး သတိ ထားခဲ့သလဲ ဆိုတော့.. အသုဘမှာ မီးရှို့တာကို ကြည့်နေရင်းနဲ့ အော်.. သူ အသက်ရှင်နေတုန်း ကတော့ ဘယ်လိုမျိုးလေး နေခဲ့တာ.. ပြင်ဆင်ဖြီးလိမ်းပြီး လှနေပနေခဲ့တာ.. အခုသေလည်း သေရော မီးရှို့လိုက်တဲ့အတွက် အသားတွေဟာ ဖောင်းတက်လာပြီး ဟိုနေရာကနေ အသံတွေထွက်လိုက်.. အရည်တွေစီးကျလိုက်နဲ့ နောက်ပြီး သူများပြုသမျှ နုရတဲ့ ဘ၀ကို ရောက်ရတာပါလား.. ငါလည်း တစ်နေ့ကျရင် ဒီလိုပဲ မလွဲမသွေ ဖြစ်ရမှာပါလား.. ဆိုပြီး သံဝေဂ ရလိုက်မိတဲ့ သတိလေး တစ်ချက်ပါပဲ။ ဒီ သတိလေး တစ်လုံးဟာ ဘုရားရှင် ပွင့်တော်မူတဲ့ အချိန်မှာ သူ့ကို လာပြီး ကျေးဇူးပြု သွားတာပါ။ ဘယ်လောက် တန်ဖိုး ရှိလိုက်ပါဘိ။ သူထားခဲ့လိုက်တဲ့ သတိလေး တစ်လုံးဟာ ဘာဆိုဘာမှ မပြောပလောက်တဲ့ အချိန်လေးပါပဲ။ ဒါပေမယ့်.. သူရလိုက်တဲ့ အရာကတော့ ဘယ်လိုမှကို တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ အရာပါပဲ။ အော်.. သတိ.. သတိ.. ဘယ်လောက် တန်ဖိုးထားဖို့ ကောင်းပါသလဲ…။ ခုစာဖတ်နေရင်းတောင်မှ သတိလေးသွင်းလိုက်ရင် မိတ်ဆွေများလည်း တန်ဖိုး မဖြတ်နိုင်တဲ့ အရာလေးရသွားပြီနော်...။

ကဲ.. ယသ သဌေးသားကတော့ သတိလေးတစ်လုံးကြောင့် တန်ဖိုး မဖြတ်နိုင်တဲ့ နိဗ္ဗာန်ကို ရရှိသွားပါပြီ။ ကျမတို့တွေရော ဘယ်လောက်များ သတိတွေ ထားခဲ့ကြပြီလဲ? သူများ အသုဘတွေတော့ လိုက်ပို့ ဘူးကြမှာပေါ့။ အဲ့လိုမျိုး သတိလေးတွေ ထားမိခဲ့ကြပြီလား ဆိုတာ ပြန်မေးဖို့ လိုပါတယ်။ အသုဘ လိုက်ပို့တယ်.. သေသွားတဲ့ သူကို ကြည့်နိုင်တယ် ဆိုတာ တကယ်တော့ ကိုယ်မသေခင် လေးပဲ လိုက်ပို့ခွင့် ကြည့်ခွင့် ရတာပါ။ ကိုယ်သေသွားတဲ့ အချိန်ကျရင်တော့ ကိုယ့်ကိုကိုယ် ပြန်မကြည့်နိုင် ပါဘူးနော်.. သူများတွေကပဲ ကိုယ့်ကို ၀ိုင်းပြီးတော့ ကြည့်ကြမှာ။ နောက်ပြီး ကိုယ်လည်း သူ့လို အချိန်မရွှေး အဲ့အခေါင်းထဲ ရောက်သွားနိုင်တယ် ဆိုတာကိုတော့ ဘယ်သူမှ တွေးမိကြမှာ မဟုတ်ပါဘူး။ သတိလည်း ထားမိကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သတိဆိုတာ နေရာတိုင်းမှာ ထားသင့်တဲ့ အရာပါ။ အသုဘပို့မှ မဟုတ်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ်.. ထမင်းစားတာကစ.. လမ်းမှာတွေတဲ့ အမှိုက်ကောက်တာ အဆုံး သတိလေးနဲ့ လုပ်လိုက်ရင်ကို ကုသိုလ်ဘက် ပြောင်းသွားတာပါ။ အဲ့ကုသိုလ်ကိုမှ ၀ိပဿနာဆိုတဲ့ ကုသိုလ်နဲ့ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဘယ်လောက် ကောင်းလိုက်တဲ့ သတိလဲနော်.. ဒါ့ကြောင့်လည်း ဘုရားရှင်က သတိ ရှိကြပါလို့ မှာသွားတာ မဟုတ်ပါလား။ ဒီလိုဆိုရင် ကျမတို့တွေလည်း ဘယ်အလုပ်ပဲလုပ်လုပ် သတိလေး ကပ်ပြီးတော့ အကုသိုလ် ဖြစ်မဲ့အရာတွေကို ကုသိုလ်ဖြစ်အောင် ပြောင်းမယ်.. ကောင်းမှုတွေ တိုးပွားသထက် တိုးပွားအောင် ကြိုးစားမယ် ဆိုရင်တော့ ကျနော်တို့တွေ မသွားချင်တဲ့ အပါယ်လေးဘုံနဲ့ ဗြောင်းပြန်ရောက်မယ့် နေရာတွေကို ရောက်ရမှာ မလွဲဧကန်ပါပဲ..။ ဒ့ါကြောင့် မိတ်ဆွေများလည်း အချိန်တိုင်းမှာ သတိတရားလေးနဲ့ မြဲမြံစွာ နေပြီးတော့ ကုသိုလ်ကို များအောင်စု ကောင်းမူကို များအောင်ကြံပြီး တန်ဖိုး မဖြတ်နိုင်တဲ့ သတိကို တန်ဖိုးမဖြတ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

***မေတ္တာများစွာဖြင့်*** 


Shared from Ma Aye Aye Cho (FB)

လူတိုင်းသိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး



(၁) အာဝါသမစ္ဆရိယ

မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေ လိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂) ကုလမစ္ဆရိယ

ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်း ကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။
(ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး)

(၃) လာဘမစ္ဆရိယ

စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက် သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

(၄) ၀ဏမစ္ဆရိယ

သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိ လည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)

(၅) ဓမ္မ စ္ဆရိယ

စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေ ချင်တာ၊ မတတ်စေချင်တာမျိုး)

ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင် စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။

သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယ သမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။

သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက် ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝ သို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်
သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။

ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)

(ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏
“အတွင်းရန်သူ” စာအုပ်မှဖြစ်ပါသည်။

Shared from You'realways Onmymind (FB)

ကြေးအိုး ချက်နည်း



ပါဝင်သော ပစည်းများ
၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်
အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း
- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ

အချဉ်ရည် ပြင်ဆင်နည်း
ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနော်

Shared from Ko Kyaw San (FB)

"မဟာဂန္ဓာရုံဆရာတော်ကြီးပောာကြားသောအိမ်သုံးမဂ္ဂင်ရှစ်ပါး"



♣♣ သမ္မာဒိဋ္ဌိ ♣♣
------------------------
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင် အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊ တစ်ခါ တစ်ရံ၌ကား ရုပ် နာမ်နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင် အောင် ဝိပဿနာဉာဏ် ဖြစ်ပါစေ။

♣♣ သမ္မာသင်္ကပ္ပ ♣♣
------------------------
မိမိအတွက်ဖြစ်စေ-သူများအတွက်ဖြစ် စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ၊ သူတစ်ပါးကို ပျက်စီးသွားမည့်အကြံ၊ ဆင်းရဲ သွားမည့် အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာ ကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား "လူ့လုပ်ငန်း ကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ် ငြိမ် တရားကျင့်မည်"ဟု ကြံပါ။

♣♣ သမ္မာဝါစာ ♣♣
------------------------
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက် အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။

♣♣ သမ္မာကမ္မန္တ♣♣
------------------------
မိမိမှာဖြစ်စေ, သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ် ပြုမိပါစေ။

♣♣ သမ္မာအာဇီဝ ♣♣
------------------------
မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေး, ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။

♣♣ သမ္မာဝါယာမ ♣♣
------------------------
စီးပွားရှာရာ ဖြစ်စေ, ကုသိုလ်ကိစ္စ၌ ဖြစ်စေ, ဝီရိယ အမြဲရှိပါစေ၊ လောကီစီးပွားရေး ဖြစ်စေ, သံသရာ ကြီးပွားရေး ဖြစ်စေ, မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ, "အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်"ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင် ရိုးမရှိပါ၊ ရေလာမြောင်းပေး ဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။

♣♣ သမ္မာသတိ ♣♣
------------------------
နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲသတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။

♣♣ သမ္မာသမာဓိ ♣♣
------------------------
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ၊ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည်နေလျှင် မြင်သူ လူအများက ခန့်ညား ကြည်ညိုလျက် (မျက်နှာအနေ မတင်းသည့်အတွက် လည်း) တစ်မျိုး ကျက်သရေ တိုးကာ ချစ်ခင်စရာ ဖြစ်လာပါ လိမ့်မည်။

ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်း ဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန် မဂ်ဖိုလ် မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားအာရုံပြုရင်း, ဘုရာရှိခိုးရင်း, ရေတော် ပန်းတော် ဆီမီးတော် ကပ်ရင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများရင်း လုပ်ရင်း ကိုင်ရင်း ရောင်းရင်းဝယ်ရင်းနှင့်ပင် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါး ဖြစ်နိုင်ပါသည်။

[မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏
ရတနာ့ဂုဏ်ရည်စာအုပ်မှ- ]

------------------------*------------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated by Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်
နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

Monday, January 21, 2013

Supercharging Immune System



A very simple recipe to use regularly during the cold and flu season that will supercharge your immune system.

(Always use organic ingredients when available.)

1 lemon (preferably organic)
1-2 cloves of garlic (depends on size of cloves)
1/8 teaspoon of cayenne pepper
1 tablespoon of honey (preferably Manuka but at least Raw)

Step 1 - Cut a lemon in halves

Step 2 - Squeeze all the lemon juice out of one half and place in a small bowl. Keep the half you extracted the juice from for Step 6 (store the other half for later use).

Step 3 - Chop the garlic and it let it sit for at least 10 minutes. Then add it to the lemon juice with the cayenne pepper.

Step 4 - Add the honey to the mix and stir all ingredients well.

Step 5 - Pour the entire mixture back into the lemon half (which you extracted the juice from in Step 2)

Consume the finished product in its entirety including all the lemon pulp. Hold it in your hand and cup it as if you're holding a fruit. Repeat recipe in 4 hours with the other lemon half.

Viruses hate this information, so spread the word.

http://preventdisease.com/news/13/012113_Raw-Honey-Garlic-Lemon-Shots-Supercharge-Your-Immune-System.shtml

Shared from Knowledge is Power (FB)

Thursday, January 17, 2013

Post Type: Love


ကိုယ့်ကို ပြန်မချစ်နိုင်တော့ပါဘူးလို့ ပြောခဲ့သူကို ..
ငါ စောင့်တယ် .. .. ..

ကိုယ့်ကို ဂရုစိုက်မှုတွေမပေးနိုင်တော့ပါဘူးလို့ ပြောခဲ့သူကို ..
ငါ စောင့်တယ် .. .. ..

ကိုယ့်အနားကို ဘယ်တော့မှ ပြန်မလာတော့မယ့်လူကို ..
ငါ စောင့်တယ် .. .. ..

လွမ်းမနေသင့်တော့တဲ့ လူတစ်ယောက်ကို ..
ငါ စောင့်တယ် .. .. ..

တစ်နေ့နေ့ ကိုယ့်အချစ်ကို သူ နားလည်လာမှာပါလို့ ဖြေသိမ့်ရင်း ...
ငါ စောင့်တယ် .. .. ..

သူကြောင့် ငါ့စိတ်တွေသိပ်ပင်ပန်းမှန်းသိနေပေမယ့်လည်း ..
သူ့ကို ငါ စောင့်တယ် .. .. ..

ဦးနှောက်က မှားယွင်းမှန်းသိလည်း ..
နှလုံးသားက လက်မခံနိုင်သေးတော့ .. ..
တစ်နေ့နေ့ သူ ကိုယ့်ဆီ ပြန်လာနိုးဆိုပြီး ..
ငါတို့ စောင့်ဆိုင်းနေခဲ့မိကြတယ် ။ ။

* စောင့်ဆိုင်းခြင်းဆိုတာ မှားယွင်းတဲ့အပြုအမူတစ်ခုဖြစ်ပေမယ့် တကယ်ချစ်တတ်သူတိုင်းကတော့ တစကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ကိုယ့်ချစ်သူကို စောင့်ဆိုင်းခဲ့ကြဖူးမှာပါ *


{ မယ်ပိုး }

Shared from Heart Canteen (FB)

Post Type: Love

့❥ အရင်လို နင်နဲ့ ဖုန်းပြောခွင့် မရှိတော့ပေမယ့်
နင့်ဖုန်းနံပါတ်ကို ယောင်ယောင်ပြီး နှိပ်မိနေတုန်းပဲ ...

❥ နင်နဲ့ message တွေ အပြန်အလှန်ပို့ခွင့် မရှိတော့ပေမယ့်
နင့် message အဟောင်းတွေ ငါ့ Inbox ထဲမှာ ပြည့်နေတုန်းပဲ ..

❥ နင်တင်လိုက်တဲ့ Photo တွေ Status တွေက ငါ့အတွက် မဟုတ်တော့ပေမယ့်
နင့် Wall ထဲ ၀င်ဝင်ပြီး ကြည့်မိနေတုန်းပဲ ...

❥ နင့် နှလုံးသား ငါ့အတွက် မဟုတ်တော့ပေမယ့်
ငါနင့်ကို ချစ်နေတုန်းပဲ ...

❥ နင့်အတွေးတွေထဲမှာ ငါမရှိတော့ပေမယ့်
ငါနင့်ကို လွမ်းနေတုန်းပဲ ...

❥ နင်ငါ့ဆီ ပြန်မလာဘူးဆိုတာ သိနေပေမယ့်
..
..
..
..
..
..
..
..
..
..
..
..
ငါနင့်ကို စောင့်နေတုန်းပဲ ....


☂ Thu Thu Lay ☂

Shared from Heart Canteen (FB)

Post Type: Love

ငါ့ရဲ့ ဖုန်းcall list ထဲမှာ နင့်ဘက်က အဝင်callတွေ နည်းလာပြီး ငါ့ဘက်ကချည်းအထွက်callတွေများလာတဲ့အခါ နင်ငါနဲ့မပတ်သက်ချင်တော့မှန်း ငါရိပ်မိတာပေါ့ ။
ဒါပေမယ့် "နင် ငါနဲ့ မပတ်သက်ချင်တော့ဘူးလား" လို့ ငါမေးလိုက်ခဲ့မိရင် နင့်ဘက်က ဖြေလာမယ့် အဖြေကို ငါမကြားရဲသေးဘူး ။
အဲဒါကြောင့် ငါ တစ်ယောက်တည်း တိတ်တိတ်လေး ကြိတ်ဆွေးနေခဲ့ဖူးတယ် ။ ။

တစ်ခါတစ်လေ ငါတို့ Gtalk မှာ တွေ့ကြလို့ စကားပြောကြတဲ့အခါ နင့်ဘက်က စိတ်မပါသလိုလိုနဲ့ typingတစ်ကြောင်းကိုတောင် အချိန်တော်တော်ကြာမှ reply လုပ်တဲ့အခါ နင် ငါ့ကို မခေါ်မပြောချင်တော့မှန်း ငါ နားလည်တာပေါ့ ။
ဒါပေမယ့် "နင် ငါ့ကို စကားမပြောချင်တော့ဘူးလား"လို့ ငါမေးလိုက်မိရင် နင့်ဘက်ကဖြေလာမယ့် အဖြေစကားကို ငါ လက်မခံနိုင်လောက်သေးဘူး ။
အဲဒါကြောင့် ငါတစ်ယောက်တည်းလည်း ကြိတ်ပြီး ငိုကြွေးခဲ့ဖူးတယ် ။ ။

Facebook ပေါ်မှာ နင်နဲ့ငါ Relationship လုပ်ကြမယ်နော်လို့ ထားခဲ့ကြတဲ့ ကတိတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတဲ့အခါ နင် ငါ့ကို မချစ်တော့မှန်း ငါ သိခဲ့တာပေါ့ ။
ဒါပေမယ့် " နင် ငါ့ကို အရင်လို ချစ်သေးရဲ့လား " လို့ ငါ မေးလိုက်ခဲ့မိရင် ငါသိနေတဲ့ နင့်ဘက်ကအဖြေကို ငါ နားထောင်နိုင်ပါ့မလားမသိသေးဘူး ။
အဲဒါကြောင့် နင်မချစ်တော့မှန်းသိပေမယ့် ငါတစ်ယောက်တည်း နင့်ကို ပေပေတေတေဆက်ချစ်နေခဲ့တယ်လေ ။ ။

{ မယ်ပိုး }
< Heart Canteen >
Shared from Heart Canteen

Wednesday, January 16, 2013

**မာန (၉)မျိုး အကြောင်းသိကောင်းစရာ**

ဥစ္စာ စည်းစိမ် ပညာ ဂုဏ်သိရ် အဆင်း အသံ ခြွေရံ စသည်အားဖြင့် အားလုံးဖြစ်စေ, တစ်ဘက်ဘက်က ဖြစ်စေ ---
၁။ သူများထက် ငါသည် မြတ်၏၊ သာ၏ --- ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = သေယျမာန်,
၂။ ငါသည် သူများနှင့် တန်းတူ၏ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = သဒိသမာန် = (ဒင်းတို့နှင့် ငါ ဘာထူးသလဲ စသည့် မာန်မျိုးတည်း။)
၃။ ငါသည် သူများအောက်ကျ၏ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = ဟီနမာန် = (ဒင်းတို့အောက်ကျလို့ကော ဘာအရေးစိုက်ရမှာလဲ စသည့် မာန်မျိုးတည်း။)
ဤသို့လျှင် မာန်မာန (၃)မျိုး ရှိပေသည်။ ထိုမာန် (၃)မျိုးတို့သည် ပုဂ္ဂိုလ် (၃)မျိုးတို့၏ သန္တာန်၌ ဖြစ်ပေါ်တတ် ကြကုန်၏။ 

ပုဂ္ဂိုလ် (၃)မျိုးဟူသည် လောက၌ ---
၁။ သေယျပုဂ္ဂိုလ် = အမြတ်စားပုဂ္ဂိုလ်၊
၂။ သဒိသပုဂ္ဂိုလ် = သူများနှင့်တန်းတူ အလတ်စားပုဂ္ဂိုလ်၊
၃။ ဟီနပုဂ္ဂိုလ် = သူများအောက် အဆင့်နိမ့်ကျသော ပုဂ္ဂိုလ်ဟု (၃)မျိုး ရှိ၏။
ထိုပုဂ္ဂိုလ် (၃)မျိုးတို့တွင် ပုဂ္ဂိုလ်တစ်မျိုးတစ်မျိုး၏ သန္တာန်၌ မာန် (၃)မျိုးစီ ရှိကြ၏။
သေယျပုဂ္ဂိုလ်၏ မာန် (၃) မျိုး
သေယျပုဂ္ဂိုလ်၏ သန္တာန်၌ ---
၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ''ငါသည် သင်းတို့ထက် သာ၏ မြတ်၏''ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,
၂။ တန်းတူသူကို အာရုံပြု၍ ''ငါသည် သင်းတို့နှင့် တူ၏ = အတူတူပဲ''ဟု မှတ်ထင်ခြင်း မာန်မူခြင်း သဒိသမာန်,
၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ --- ''ငါသည် သင်းတို့အောက် နိမ့် ကျ၏၊ အောက်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာ ရှိသလဲ'' စသည်ဖြင့် မှတ်ထင်ခြင်း မာန်မူခြင်း ဟီနမာန် ---
ဤသို့ (၃)မျိုး ရှိပေသည်။ အလားတူပင် သဒိသပုဂ္ဂိုလ်၏ သန္တာန်၌ မာန် (၃)မျိုးပင် ရှိ၏။
သဒိသပုဂ္ဂိုလ်၏ မာန် (၃) မျိုး
၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ''ငါသည် သင်းတို့ထက် သာ၏ မြတ်၏''ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,
၂။ တန်းတူသူကို အာရုံပြု၍ ''ငါသည် သင်းတို့နှင့် တူ၏ဟု = အတူတူပဲ''ဟု မှတ်ထင်ခြင်း = မာန်မူခြင်း သဒိသမာန်,
၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ -''ငါသည် သင်းတို့အောက် နိမ့်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာ ရှိသလဲ'' --- စသည်ဖြင့် မှတ်ထင်ခြင်း = မာန်မူခြင်း ဟီနမာန်ဟု (၃)မျိုးပင် ရှိ၏။
ဟီနပုဂ္ဂိုလ်၏ မာန် (၃) မျိုး
ဟီနပုဂ္ဂိုလ်၏ သန္တာန်၌လည်း ---
၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ''ငါသည် သင်းတို့ထက် သာ၏ မြတ်၏''ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,
၂။ တန်းတူသူကို အာရုံပြု၍ --- ''ငါသည် သင်းတို့နှင့် တူ၏ = အတူတူပဲ''ဟု မှတ်ထင်ခြင်း မာန်မူခြင်း သဒိသမာန်,
၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ --- ''ငါသည် သင်းတို့အောက် နိမ့် ကျ၏ အောက်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာရှိသလဲ'' စသည်ဖြင့် မှတ်ထင်ခြင်း မာန်မူ ခြင်း ဟီနမာန် --- ဟု (၃)မျိုးပင် ရှိ၏။ 
(အဘိ၊၂၊၄ဝ၄။)

ထို (၉)မျိုးတို့တွင် သေယျပုဂ္ဂိုလ်၏ သေယျမာန်မူခြင်း, သဒိသပုဂ္ဂိုလ်၏ သဒိသမာန်မူခြင်း, ဟီနပုဂ္ဂိုလ်၏ ဟီနမာန်မူခြင်းသည် ဟုတ်မှန်သည့်အတိုင်း မာန်မူခြင်း = ယာထာဝမာန မည်၏။ ဤယာထာဝမာနကို အရဟတ္တမဂ်ကသာ ပယ်နိုင်၏။ မိမိနှင့် မတန်သော အခြားမာန် (၂)မျိုးစီသည် မဟုတ်မမှန်သော မာန်မူခြင်း = အယာထာဝ မာန မည်၏။ ဤအယာထာဝမာန်ကို သောတာပတ္တိမဂ်တုန်းကပင် ပယ်နိုင်ပြီ။ (အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ယူဆလျှင် ဤအယာထာဝ မာန်မာနတရားများသည် မိမိ၏ သန္တာန်၌ ရှိ-မရှိ ကို ဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု သေချာစွာ ကြည့်ရှု၍ ဆန်းစစ်ကြည့်ပါ။ မိမိ၏ စိတ်နေစိတ်ထားများကို အကဲခတ်ကြည့်ပါ။) ထိုအလုံးစုံသော မာနသည် ခပ်ထောင်ထောင် ခပ်ကြွကြွ ခပ်ကြွားကြွား ခပ်မာမာနှင့် စိတ်ဓာတ် တက်ကြွမြင့်မောက်ခြင်း အသာယူလိုခြင်း ထောင်လွှားခြင်း သဘောလက္ခဏာ ရှိပေသည်။
ဥစ္စာချင်း ယှဉ်၍ အသာယူလိုသည့်သဘော ပညာဂုဏ်သိရ်ချင်း ယှဉ်၍ အသာယူလိုသည့်သဘော, သားချင်း, သမီးချင်း, ဇနီးချင်း, ခင်ပွန်းချင်း ယှဉ်၍ အသာယူလိုသည့်သဘော, နောက်ဆုံး ကုန်ကုန်ပြောရလျှင် တရားချင်းပင် ယှဉ်၍ အသာယူလိုသည့်သဘောများသည် ဤမာန၏ သဘောများသာတည်း။

မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏၊ ကြွတတ် ရှိ၏၊ ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာ ပညာ အဆင်း ရောဂါကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ --- ''သင်းတို့နှင့် တူသလား တန်သလား''ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတကာကို အထင်သေးတတ်၏။
သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ --- ''သင်းနဲ့ ငါနဲ့ ဘာထူးသေးလဲ၊ သူလောက်တော့ ငါလဲ ရတာပဲ''ဟု တန်းတူထားလျက် မာန်တက်တတ်ပြန်၏။
ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာ စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ ---''သူတို့က ငါ့ထက်သာလို့ကော ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရတာဘဲ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်း''ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင် ရှိ၏။
အများဖြစ်တတ်သော မာန်များ

ဇာတိမာန် --- အမျိုးဇာတ် မြင့်မြတ်သည့်အတွက် မာန်မာနတက်ခြင်းကို ''ဇာတိမာန်''ဟု ခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်၊ သို့သော် မာန်တက်လောက်အောင်, ဟန်ကြီး ပန်ကြီး လုပ်လောက်အောင်, တစ်ဘက်သားကို ခြေဖဝါးအောက်က ထားလောက်အောင် အမျိုးဇာတ် မြင့်မြတ် သူကား ရှားလှပေသည်။ မဟာသွေး မဟာနွယ် မဟာမျိုး ဖြစ်၍ အမျိုးဇာတ် မြင့်မြတ်သည်ဆိုဦးတော့, ထိုအမျိုး မြင့်မြတ်သူက မာန်မာနမတက်ဘဲ စစ်မှန်သော မေတ္တာတရား, ဖြူစင်ဖြောင့်စင်းသော ကရုဏာတရားတို့ကို ရှေ့ ထားကာ ပြေပြေပြစ်ပြစ် နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် အပြောချိုကာ အရာရာတွင် လိုက်လျောညီထွေ ကျင့်တတ်ပါမူကား အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင် ကြည်ညို လေးစားကာ မြတ်နိုး ကြမည် မဟုတ်ပါလော။

(နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ-5 မှ)

Shared from Ko Min Aung Naing (FB)

သဲကုန်းဆရာတော်ကြီးတရားနာထားတုန်းက မှတ်ထားတဲ့ မာန ၂၇ မျိုး ကိုကြုံလို့ ပြန်ရေးပြပါရစေ ... 
၁) အမျိုးဇာတ်မြင့်သည်ဟုမာန်တက်ခြင်း 
၂) အနွယ် မြတ်သည်ဟုမာန်တက်ခြင်း၊ 
၃) ကျန်းမာသောကြောင့် 
၎) ပျိုရွယ်သောကြောင့် 
၅)အသက်ရှည်သောကြောင့် 
၆) ၀င်ငွေကောင်းသောကြောင့် 
၇) ပစ္စည်းကောင်းများကိုသာ ရတတ်လေ့ရှိသောကြောင့် 
၈) လူအများက လေးစားခံ ရသောကြောင့် 
၉) နေရာတကာ ခေါင်းဆောင်ဖြစ်ရသောကြောင့် 
၁၀) အခြံအရံများသောကြောင့် 
၁၁) ပစ္စည်းပေါများသောကြောင့် 
၁၂) ရုပ်အဆင်းလှပသောကြောင့် 
၁၃) အကြား အမြင် ဗဟုသုတများသောကြောင့် 
၁၄) ကိစ္စများပေါ်လာလျင်ဖြေရှင်းတတ်သော ကြောင့် 
၁၅) ထေရ်ကြီးဝါကြီးဖြစ်ရသော ကြောင့် 
၁၆) ဆွမ်းလိုက်မစားရသောကြောင့် 
၁၇) လူအထင်ကြီးခံရလေ့ရှိသောကြောင့် 
၁၈) သွားလာနေထိုင်မှုတွင် ကြည်ညိုလေး စားခံရသောကြောင့် 
၁၉) တန်ခိုးရှိသောကြောင့် 
၂၀) အခြံအရံများသောကြောင့် 
၂၁) ကိုယ်ကျင့်တရားကောင်းသောကြောင့် 
၂၂) သမာဓိကောင်းသောကြောင့် 
၂၃) လက်မှုပညာတတ်ကျွမ်းသောကြောင့် 
၂၄) အရပ်မြင့်သောကြောင့် 
၂၅) ခန္ဓာ ကိုယ် အချိုးအစား ပြေပြစ်သောကြောင့် 
၂၆) ပုံပန်းသဏ္ဍာန်ပြေပြစ်သောကြောင့် 
၂၇) အပြစ်ပြောစရာမရှိတဲ့ ခန္ဓာကို ပိုင်ဆိုင်သောကြောင့် မာန်တက်ခြင်း ... ဆိုပြီး မာနတရားကို ဆင်ခြင်သုံးသပ်ခြင်းတရားတော်မှာ ဟောကြားထားပါတယ်။

Shared from Shwe Mar Than (FB)