Tuesday, April 17, 2012

ကိုယ့်နှမတွေ ကိုယ့်အမတွေကို ချစ်လွန်းလို့ ပါ . . .

ဒီနေ့  နှစ်ဆန်းတစ်ရက်နေ စာရေးသူ ရွှေတိဂုံ ဘုရား ကအပြန်မှာ အိမ်ကိုရောက်ပြီး Facebook တက်ကြည့်လိုက်တော့ သင်္ကြန်တွင်း မိန်းခလေးတွေ ကို ဝေဖန်ထားတာတွေ . . . ကာကွယ်ပြောဆိုထားတာတွေ ခေတ်ပေတံနဲ့ ကိုင်ပေါက်နေသူတွေ . . . ကိုတွေ့ မြင်နေရတော့ စဉ်းစားစရာလေးတွေ ဖြစ်လာပါတယ်။ ဒီမိုကရေစီ . . . ဂလိုဘယ်လိုက်ဇေးရှင်း . . . အမျိုးသားယဉ်းကျေးမှု ၂၁ရာစု . . . စုံစိနေတာပါပဲ။

တိုင်းပြည်တစ်ခုဟာ ခေတ်မှီလာတာ နဲ့ အမျှ တိုင်သူပြည်သားတွေရဲ့  ကိုယ်ပိုင်ယဉ်ကျေးမှု မှေးမှိန်လာတယ် ဆိုတာ စာရေးသူ အနေနဲ့  အတိုင်းတာ တစ်ခုထိ လက်ခံပါတယ်။ ယဉ်းကျေးမှုဟာလဲ ရောယှက်လာတာကို မြန်မာ့ရိုးရာဓလေ့ တစ်ခုဖြစ်တဲ့ ထမီကို ရှေ့ ကွဲ နောက်ကွဲ ဘေးကွဲတွေ ခွဲဝတ်လာ တဲ့ နေရာမှာ အထင်အရှား တွေ့ မြင်နိုင်ပါတယ်။ ခေတ်တွေ ပြောင်းလဲလာတာနဲ့ အမျှ ခေတ်နောက်ကျ မကျန်ခဲ့အောင် ခေတ်မှီအောင် ၀တ်လာခဲ့တာဟာ လူငယ်တွေအတွက် ဖြစ်သင့်ပါတယ်။ ယောက်ျားလေးတွေ အနေနဲ့  ဘောင်းဘီ အပွတွေ ဘောင်ဘီဖင်ကျပ်တွေ စတိုင်ပန်တွေ ၀တ်လာတယ်။ မိန်းခလေးတွေကတော့ စကပ် ၊ ဂါဝန် ဘောင်းဘီအတို ဘောင်းဘီအရှည် ကွာတားလေး တွေဝတ်လာတာ။ မိန်ခလေးတွေ စကပ်အတို ဘောင်းဘီအတို ၀တ်တာ ကြည့်မကောင်းဘူးလား လို့ စာရေးသူကို မေးရင် လူငယ်တစ်ယောက် အနေနဲ့  မျက်လုံးကျွတ်ကျမတတ် ကြည့်ကောင်းပါတယ် လို့  ဖြေပါရစေ။ တကယ်လဲ ကြည့်လို့ တော်တော်ကောင်းပါတယ်။ ညနေ ရုံးဆင်းချိန် ဆိုရင် Company Uniform စကပ်ဒူးဖုံးလေးတွေ ထမိန်လေးတွေ နဲ့  Bus ကားကို စောင့်နေတဲ့ ခေတ်ရဲ့ မာတုကာမလေးတွေဟာ မျက်စိ ပဒေသာ ဖြစ်စရာကတော့ အမှန်ပါပဲ။ ခေတ်ကာလ တိုးတက်လာတာ နဲ့ အမျှ လူငယ်တွေ ခေတ်မှီလာတာဟာ ပြောစရာမလိုအောင် သဘာဝကျ ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက စာရေးသူတို့ နိုင်ငံမှာ ခေတ်မှီတာ နဲ့ ခေတ်ဖျက်တာကို ရောနှောပြီး နားလည်သဘောပေါက် နေကျတာကို မြန်မာရိုးရာ သင်္ကြန်ကာလတွေမှာ မတွေ့ ချင်မှအဆုံး မြင်နေရပါတယ်။ ခေတ်ကာလ ပြောင်းလဲလာတာ နဲ့ အမျှ မိန်းကလေးတွေကို သင်္ကြန်အပြင်ထွက်ရင် ရင်ဖုံးချိတ်ထမီ နဲ့ ထွက်ပါ . . . သပြေခတ် ငွေဖလားလေး နဲ့ ရေပတ်ပါ လို့ မပြောလိုပါဘူး။ စာရေးသူကိုယ်တိုင်လဲ ကိုယ်တိုင်းရေပုံးကြီးနဲ့ ဝုန်းကနဲ ဗွမ်းကနဲ ပတ်ရတာ ပိုအားရပါတယ်။ အသိမိတ်ဆွေ မိန်းကလေးတွေလဲ ဘယ်သူမှ ရင်ဖုံး ထမီ နဲ့ သင်္ကြန်ကို ထွက်မလည်ပါဘူး။ ခေတ်အမှီဆုံး အလန်းဆုံး ၀တ်ဆင်ပြီး သူထက်ငါအပြိုင် ၀တ်ဆင်ကျပါတယ်။ သူတို့ လေးတွေ လန်းလေ စာရေးသူတို့ ယောက်ျားလေးတွေ ရင်ပိုခုန်ရလေပါပဲ။ ဒါပေမယ့် အမြင်မှာတော့ မရိုင်းဖို့ အရေးကြီးပါတယ်။ Facebook စာမျက်နှာမှာ တွေ့ နေရတဲ့ သရုပ်ဆောင် အမျိုးသမီးတွေဟာ ဘရာစီယာ သာသာ တာ ၀တ်ဆင်ထားတာ ၊ ရင်ညွန့် ကို အားပါးတရ ရက်ရောစွာ ဖော်ပြထားတာတွေဟာ ကျန်တဲ့ ခေါင်းစဉ်အောက်မှာ ခေတ်ကြောင့်ပဲလေ ဆိုပြီး နားလည်ပေးလို့ ရပေမယ့် မြန်မာ့ယဉ်ကျေးမှု ရိုးရာသင်္ကြန်ပွဲတော် ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အမြင်မှာ တော်တော်လေးကို ရိုင်းနေပါတယ်။ ရိုးရာသင်္ကြန်မှာ ရင်ဘက်ကိုဖုံး ဗိုက်ကိုဖော် ဆာရီခြုံပြီး ကတဲ့ ကုလားမ အကတွေကို စင်ပေါ်တင်ပြီး မြူးမြူးကြွကြွ ကပြနေတာဟာ ရိုးရာ ဆိုတဲ့ စကားလုံးနဲ့  ပြင်းထန်စွာဆန့် ကျင်နေပါတယ်။

အောက်ခံဘောင်းဘီပေါ်အောင် ပေါင်ဖြဲကဲတာတွေ ၊ တိုင်ဖတ်ပြီး Sexy Dance ကတာတွေ ၊ လူမြင်ကွင်းမှာ နှုတ်ခမ်းချင်းထပ် အနမ်းချင်း ဖလှယ်တာတွေ မိန်းခလေးတွေ အရက်မူးပြီး လူစိတ်မရှိမှောက်တာတွေဟာ မြန်မာယဉ်ကျေးမှု ရိုးရာသင်္ကြန်ပွဲတော် ဆိုတဲ့ ခေါင်းစဉ်ကို အမည်ပြောင်းလဲချင်စိတ်အထိ စာရေးသူမှာ ဖြစ်ပေါ်လာပါတယ်။

အဲ့ဒီအဖြစ်အပျက်တွေကို ကာကွယ်ပြောဆိုသူတွေကတော့ ခေတ်ပေတံနဲ့ ကိုင်ပေါက်နေကျတာကို ထင်ထင်ရှားရှား တွေ့ မြင်နေရတယ်။ စံသတ်မှတ်ချက် ဆိုတာ Theory တွေ ၊ ဂဏန်းသချာင်္တွေမှာတာ ရှိနိုင်ပေမယ့် လူ့ ဘောင်အဖွဲ့ အစည်းမှာ အမြဲသတ်မှတ်ဖို့ ဆိုတာ လိုက်လျောညီထွေးမရှိလှပါဘူး။ အချိန်ကာလ နေရာဒေသ ဆိုတာတွေကိုလဲ ထည့်တွက် ဖို့ လိုအပ်ပါတယ်။ Night Club မှာ Sexy Dance ကတာတွေ ၊ Show ပွဲတွေမှာ ကြိုးတစ်လုံးနဲ့  ယောက်ျားလေးတွေ နဲ့ တွဲပြီးက တာတွေဟာ သူ့ ခေါင်းစဉ် အောက် မှာနဲ့  သူဟာနဲ့ သူ သင့်လျှော်ပါတယ်။ အဲ့လိုနေရာတွေမှာ အတိုမကလို့  တစ်ကိုယ်လုံး ချွတ်ပြီး အတွင်းခံလေး နဲ့ (ဆန္ဒရှိရင် ဘာမှ မပါပဲ) ကပါစေ . . . အဲ့ဒီသူတွေကို မြန်မာရိုးရာ ယဉ်ကျေးမှု ဆိုတာကြီးနဲ့ သွားကိုင်ပေါက်လို့ မရပါဘူး။

သူ့ အသိုင်းဝိုင်း နဲ့ သူဟာ သင့်လျှော်နေပါတယ်။ ဒီလိုနေရာမျိုးတွေကို မြန်မာယဉ်ကျေးမှုဟ ဆိုပြီး လည်ကတုံး ယော်ပုဆိုး ရင်ဖုံး ချိတ်ထမီ နဲ့ သွားနေရင် လူတော်တော် များများ မျက်စိ ဆံပင်မွှေးစူးစရာ ဖြစ်မှာပါ။ Club တွေ ပါတီတွေမှာ Hip Hop သီချင်းတွေ နဲ့ မြူးကြွ ကဲရတာ အလွန်ကို ပျော်စရာကောင်းလွန်းလှပါတယ်။ စာရေးသူ ကိုယ်တိုင်လဲ Hip Hop Music ကို နှစ်သက်သဘောကျပြီး ရူးသွပ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် နေရာတစ်ကာမှာ Hip Hop အသံချည်းပဲ လွှမ်းမိုးချင်တဲ့ ဆန္ဒတော့ မရှိပါဘူး။ ဥပမာ နိုင်ငံတော် သီချင်းမှာ ဒုံဒုံချပ် ဒုံချပ်ဒုံ တွေ မကြားချင်ပါဘူး။ တရားပွဲ တစ်ခုမှာ ဘုရားစာကို Remix လုပ်ထားတာကို ဖွင့်နေလို့  မဖွင့်ဖို့ သွားတားတဲ့အတွက် စက်ကိုင်တဲ့ သူနဲ့ ရန်ဖြစ်ခဲ့ရပါသေးတယ်။ အရာရာဟာ သူ့ ခေါင်းစဉ် အောက်မှာ အသားကျစွာ ရှိသင့်ပါတယ်။

social ဆိုတဲ့ စကားလုံး ကို အခုခေတ် မြန်မာပြည်က လူငယ်ထုတွေ အဓိပ္ပာယ်ကောက် လွဲမှားတာဟာလဲ ကြောက်စရာ ကောင်းလှပါတယ်။ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား တွေ ဇာတ်ဝင်ခန်းတွေ အားကျပြီး လူကြားထဲ နှုတ်ခမ်းချင်းထပ် နမ်းနေကျတာတွေ ၊ မင်းသမီး က လမ်းပေါ်မှာ မင်းသားအတူတူ မူးနေတာတွေဟာ ရုပ်ရှင်ထဲမှာ ကြည့်လို့ ကောင်းပေမယ့် မြန်မာနိုင်ငံ ပတ်ဝန်ကျင် ယဉ်ကျေးမှုအနေနဲ့ အခုချိန်အထိ အမြင်မတော်သေးတာဟာလဲ အမှန်ပါပဲ။ အဲ့လိုမျိုး လိုက်ပြောနေလို့ စာရေးသူကို ခေတ်မမှီဘူး ဒိတ်အောက်နေပြီလို့ ပြောချင်ရင်လဲ မျိုးချစ်စိတ်ရှိလွန်းလို့  နားလည်ပေးပါလို့ ပဲ ပြောပါရစေ။

နောက်တစ်ချက် ဒီနိုင်ငံက မိန်းခလေးတွေဟာ တိုချင်တိုင်း တို ဖော်ချင်တိုင်းဖော်ပြီး အမြင်မတော်လို့ ပြောရင် တစ်ခြားနိုင်ငံတွေမှာ နိုင်ငံခြားမှာ သူတို့ ဆီမှာ ဆိုရင် ဒါတွေ အဆန်းမဟုတ်တော့ဘူး လို့  ကာကွယ်ပြောနေကျတာကို တွေ့ ရတယ်။ သူတို့ ပြောသလောက်လဲ မှန်ပါတယ်။ သူတို့ ဆီမှာ တစ်ကယ် အဆန်းမဟုတ်တော့ပါဘူး။ သူတို့  Feel ဖြစ်မဖြစ်တော့ စာရေးသူလဲ မြန်မာနိုင်ငံမှ တစ်ပါး တိုင်းတစ်ပါးကို မရောက်ဖူးလို့ မသိပါဘူး။ ဒါပေမယ့် အဲ့လိုနိုင်ငံတွေမှာ sexual assault အမှုတွေဟာ နှစ်စဉ် ရာခိုင်းနှုန်း တိုးမြင့်လာတာကို စိတ်မကောင်းစွာ တွေ့ မြင်နေရပါတယ်။ ခေတ်မီလွန်းလှပါတယ် ဆိုတဲ့ US မှာတောင် နှစ်မိနစ် တစ်ကြိမ် အမျိုးသမီး တစ်စုံတစ်ယောက်ဟာ sexual assault ပြုကျင့်ခံနေရပါတယ်။ ကျူးလွန်သူ 38% နှုန်းဟာလဲ သူတို့ ယောက်ျားလေးမိတ်ဆွေ အမျိုးတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒါကြောင့်မိုလို့  အတိုအပြတ်ဝတ်တာ ဖော်ဝတ် တာကို အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ပြောနေတဲ့ မြန်မာ အမျိုးသမီးငယ်တွေ ဒီအချက်ကိုပါ သတိထားသင့်ပါတယ်။ လူငယ်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်မှု ရှိသင့်တယ် ဆိုတာ မှန်ပေမယ့် လူကြီးမိဘတွေ သိနားလည်မှု သဘောတရားတော့ ပါသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကောင်းလုပ်ရတာ ခက်သလောက် အဆိုးလုပ်ရတာ လွယ်လွန်းလှပါတယ်။ ကွန်ပြူတာဂိမ်းဆော့တာတို့ Facebook သုံးတာတို့ ဆိုရင် တစ်နာရီလောက် မလှုပ်မယှက် ထိုင်နိုင်ပေမယ့် တရား နာရီဝက်လောက် ထိုင်ရမယ် ဆိုရင် အလွန်ပဲ ခက်ခဲလှပါတယ်။ ကလေးတွေကို တရားထိုင်မလား ဂိမ်းဆော့မလား လို့ မေးရင် သူတို့ ဘယ်လို ပြန်ဖြေမလဲ ဆိုတာ အားလုံး သိလောက်မှာပါ။ ဒါပေမယ့် သူတို့ လေးတွေကို တရားပဲ ထိုင်းခိုင်းလို့ မရသလို ဂိမ်းချည်းပဲ ပေးဆော့လို့ မရပါဘူး။ သူတို့ သဘောကျတဲ့ ဂိမ်းကိုလဲ ပေးဆော့ပြီး တရားထိုင်းခိုင်းတာဟာ သဘာဝ ကျပါတယ်။

ပြောထားတာ တော်တော်များနေပါပြီ ။ တော်ကြာနေ စာရေးသူကို ဒီလက်တောင့်လောက် ကောင်လေးက လျှာကို ရှည်တယ် ဆရာ လုပ်တယ် ဆိုပြီး ထင်နေပါဦးမယ်။ ပြောချင်သလိုပြောပါ။ စာရေးသူ အပြောခံနိုင်ပါတယ်။ စာရေးသူရေးတဲ့ စာကို ဖတ်ပြီးရင်တာ အသိတစ်ချက်ဖြစ်ဖြစ် ဒါက ဒီလိုရှိပါလား ဆိုပြီး သိသွားရင်ပဲဖြစ်ဖြစ် ရေးရကျိုး အပြောခံရကျိုးနပ်ပါတယ်။ အခုလိုက် လိုက်ပြောနေတာဟာလဲ နှမချင်းအမချင်းမစာနာ လို့ လိုက်ပြောနေတာမျိုးလဲ မဟုတ်ပါဘူး။ တစ်မြေထဲနေ တစ်ရေထဲသောက် တစ်နိုင်ငံထဲက မြန်မာအမျိုးသမီးငယ်များကို ကိုယ့်နှမလို ကိုယ့်အမလို သဘောထားပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် စာရေးသူ ခံစားမိသလောက် သိသလောက်လေးနဲ့ ပြောပြနေတာပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ်ယဉ်ကျေးမှုကိုမှ မထိန်းသိမ်းရင် ဂရုမစိုက်ရင် ဘယ်သူမှ တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ ရိုရာသင်္ကြန်ပွဲတော် လိုမျိုးမှာ ကိုယ်စိတ်ကို မထိန်းနိုင်ပဲ လုပ်လိုက်မိတဲ့ အပြုမှုရိုင်းတစ်ခုဟာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံနဲ့ ကို ချီပြီး သိက္ခာကျဆင်းနိုင်သည်ကို သတိပြုဖို့ လိုအပ်ပါတယ်။

ကိုယ့်နိုင်ငံကို ချစ်ပါ . . . ကိုယ့်လူမျိုးကို လေးစားပါ . . . ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးပါ . . . ကိုယ့်ဓလေ့ကို တန်ဖိုးထားပါ . . .


နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကျပါစေ . . .

(မသေးမျှင်)

by Ma Tay Myinl on Tuesday, April 17, 2012 at 12:09pm

1 comment:

  1. ဒီလိုမျိုးအတွေးအခေါ်တွေမြန်မာအမျိုးသမီးတွေရနိုင်ကြပါစေလို့ပဲဆုတောင်းပါတယ်။ ဒီလို post တွေတင်တဲ့စာရေးသူကိုလဲလေးစားပါတယ်။

    ReplyDelete