Wednesday, April 18, 2012

ဗုဒ္ဓသည် ကိသဂေါတမီအား မုသားစကား ပြောခဲ့သလော...

ဗုဒ္ဓသည် ကိသဂေါတမီအား မုသားစကား ပြောခဲ့သလော ဗုဒ္ဓသည် ကိသဂေါတမီအား သူ၏ ကွယ်လွန်အနိစ္စရောက်သွားသော သားငယ်နှင့် ပတ်သက်၍ တရားဟော တော်မူရာတွင် မုသားစကားဆိုရာ မရောက်ပေဘူးလား။(မေးမြန်းလျှောက်ထားသူ - မစ္စတာ အယ်(မ်) အေ၊ မူလာ၊ ဝတ်လုံတော်ရ၊ ဘုံဘိုင်မြို့၊ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)ဆရာတော်အရှင်အရိယဓမ္မ။ ဗုဒ္ဓအလောင်းအလျာဟာ ကပ်ကပ္ပာပေါင်းမရေမတွက်နိုင်အောင် (၁၀)ပါးသောပါရမီတို့ကို ဖြည့်ဆည်းနေတော်မူစဉ်ကာလကပင် မဟုတ်မမှန်တဲ့စကား တခွန်းမျှ မပြောဆိုခဲ့ဖူးဘူး။ ဟုတ်မှန်တဲ့စကားဆိုလျှင် အသက်ကိုသတ်မယ်လို့ ခြိမ်းချောက်ထားတောင်မှ မဟုတ်မမှန်တဲ့စကားကို မဆိုခဲ့ဘူး။ အဲဒီလောက် သိက္ခာပုဒ်ကို စောင့်ထိန်းခဲ့တဲ့ ဗုဒ္ဓဟာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး အဝိဇ္ဇာဟူသမျှကို ဖယ်ရှားကာ ဗုဒ္ဓအဖြစ်ရောက်ခါမှ မုသား စကားကို ဆိုဖို့ မပြောထားနဲ့၊ ဟုတ်မှန်တဲ့စကားကိုတောင် အလဟဿ အကြောင်းမဲ့သက်သက် ပြောဆိုတော်မမူ တော့ဘူး။ အခု ဒကာကြီး သိလိုတဲ့အချက်ကို ရှင်းလင်းသွားအောင် ဦးပဉ္ဇင်းက ဒကာကြီးကို မေးခွန်းအချို့ မေးရ လိမ့်မယ်။ ဦးပဉ္ဇင်းမေးတဲ့ မေးခွန်းတွေကို ဖြေရင်းနဲ့ပဲ ဒကာကြီးသိလိုတဲ့အချက်ကို ရှင်းလင်းသဘောပေါက်သွားလိမ့် မယ်။(ဤကဲ့သို့ပြောပြီးနောက် ဆရာတော်က) ဒကာကြီးမှာ သားသမီး ဘယ်နှစ်ယောက်ရှိသလဲ။ မူလာ။ တပည့်တော်မှာ ကလေး(၅)ယောက် ရှိပါတယ် ဆရာတော်။ ဆရာတော်။ ဒကာကြီးရဲ့ကလေးတွေ မော်တော်ကားတွေ၊ ယာဉ်တွေ အလွန်ရှုပ်တဲ့လမ်းပေါ်များ တခါတခါ ထွက် ထွက် မသွားကြဘူးလား။ မူလာ။ တခါတလေမှ ထွက်ထွက်သွားကြတာမဟုတ်ပါဘူး ဘုရား၊ နေ့တိုင်းလိုလိုပဲ ထွက်ထွက်သွားကြပါတယ် ဘုရား။ အဲဒီလိုထွက်ထွက်သွားတဲ့အခါ တပည့်တော်က သူတို့ကို ပရိယာယ်သုံးပြီး ချောက်လှန့်ထားရပါတယ် ဘုရား။ဆရာတော်။ ဒကာကြီး ကလေးတွေကို လမ်းပေါ်တက်တက်ပြီး မကစားအောင် ဘယ်လိုပရိယာယ်တွေများသုံးပြီး ချောက်လှန့်သလဲ ဒကာကြီး။ မူလာ။ တပည့်တော်က သူတို့ကို လမ်းပေါ်မှာ တခါတလေ ဘီလူးကြီးတကောင် လာတတ်တယ်။ အဲဒီ ဘီလူးကြီးဟာ လွယ်အိတ်ကြီးတလုံးကိုလည်း လွယ်လွယ်လာတတ်တယ်။ တခါတလေ ကလေးတွေကိုတွေ့ရင် သူ့လွယ်အိတ်ထဲ ဖမ်းထည့်သွားပြီး သူ့နေရာရောက်တဲ့အခါ လည်ဂုတ်တွေကို ချိုးချိုးစားတတ်တယ်။ တခါတလေ ကျတော့လည်း တပည့်တော်က ထန်းပင်လောက်အရပ်မြင့်တဲ့ ဘီလူးတကောင်ဟာ လျှောက်လျှောက်လာပြီး ကလေးတွေကိုတွေ့ရင် ဖမ်းကာ အတင်းမျိုတတ်တယ်လို့ ပြောပြပါတယ် ဆရာတော်။ဆရာတော်။ ဒါဖြင့် ဒကာကြီး ကလေးတွေကို လိမ်လိမ်ပြောတာပေါ့လေ။ မူလာ။ ဒါက ပရိယာယ်ပါဘုရား။ မုသားပြောတဲ့သဘောနဲ့ လိမ်တာ မဟုတ်ပါဘူး ဆရာတော်။ ဒီပရိယာယ်မျိုး ကိုတော့ မိဘများက သားသမီးတွေအပေါ်မှာ၊ ဆရာများက တပည့်တွေအပေါ်မှာ၊ အစိုးရကတောင် တခါတလေ ပြည်သူလူထု အပေါ်မှာ ကောင်းစေလိုတဲ့ ဆန္ဒနဲ့ အသုံးချရပါတယ် ဆရာတော်။ ဆရာတော်။ အဲ အခု ဒကာကြီးပြောတဲ့အတိုင်းပဲ၊ မဟာကရုဏာတော်ရှင် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ရဲ့ မှီခို ဆည်းကပ်ရာ ဖြစ်တော်မူတဲ့ ဗုဒ္ဓကိုယ်တော်မြတ်ဟာ မဂ်ဖိုလ် ရသင့်ရထိုက်သူတွေနဲ့ တွေ့တဲ့အခါမှာ တယောက်စီ တယောက်စီရဲ့ ဝါသနာ အထုံကိုလိုက်ပြီး ထိုက်သင့်တဲ့ ပရိယာယ်ကို သုံးတော်မူတယ်။ ကိသဂေါတမီရဲ့ ကိစ္စမှာလည်း ဒီအတိုင်းပဲ၊ ကိသဂေါတမီကို ဘယ်လို အကျွတ်တရားရအောင် လုပ်ရပါ့မလဲလို့ စဉ်းစားတော်မူပြီး သူနဲ့ကိုက်ညီတဲ့ ပရိယာယ်ကို သုံးခြင်းအားဖြင့် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဆိုတဲ့တရားကို တခါတည်းနဲ့ အထင်အရှား နားလည်သွား အောင် လုပ်တော်မူလိုက်တာပဲဖြစ်တယ်။ ဒကာကြီးရဲ့စိတ်ထဲမှာ ထင်နေသလို လိမ်လိုက်တာမဟုတ်ဘူး။ ဒီရည်ရွယ်ချက်နဲ့ ဗုဒ္ဓကိုယ်တော်မြတ်က “ချစ်သမီး ကိသဂေါတမီ၊ သင်၏သား သေဆုံးသည့်အတွက် မပူပင် မကြောင့်ကြလင့်၊ သင်၏သား အသက်ပြန်ရှင်ရန်အတွက် နှမ်းစေ့လက်တဆုပ်စာခန့်ရလျှင် တော်ပေပြီ” လို့ မိန့်တော်မူ ခြင်း ဖြစ်တယ်။ အဲဒီအခါကျတော့ ကိသဂေါတမီက “အဘယ်ကဲ့သို့သော နှမ်းစေ့လက်တဆုပ်စာမျှကို လိုတော်မူပါ သနည်း အရှင်ဘုရား” လို့ ပြန်ပြီးလျှောက်ထားမေးမြန်းပြန်တယ်။ ဒီအခါကျတော့ ဗုဒ္ဓကိုယ်တော်မြတ်က “အို ချစ်သမီး၊ ယူခဲ့ရမည့် နှမ်းစေ့လက်တဆုပ်စာခန့်ကား အခြားအရပ်မှ မဟုတ်ပါ။ အမိသော်လည်းကောင်း၊ အဖသော် လည်းကောင်း၊ အဘိုးသော်လည်းကောင်း၊ အဘွားသော်လည်းကောင်း၊ သားသော်လည်းကောင်း၊ သမီးသော် လည်းကောင်း၊ မြေးသော်လည်းကောင်း၊ မြစ်သော်လည်းကောင်း၊ တူသော်လည်းကောင်း၊ တူမသော်လည်းကောင်း၊ အစေခံမိန်းမသော်လည်းကောင်း၊ အစေခံယောက်ျားသော်လည်းကောင်း၊ တဦးတယောက်မျှ မသေကြေ မပျက်စီးဖူး သည့် အိမ်မှ ဖြစ်ရမည်။ ဤကဲ့သို့သော အိမ်တအိမ်မှ နှမ်းစေ့လက်တဆုပ်စာမျှရသည်နှင့် တပြိုင်နက် အမြန် ပြန်လာ ခဲ့လော့။ သင်၏သား အသက်ပြန်၍ ရှင်စေအံ့” လို့ မိန့်တော်မူလိုက်တယ်။ အဲဒီလို မိန့်တော်မူစဉ်က ဗုဒ္ဓက ကိသာဂေါတမီဟာ ဘဝအဆက်ဆက်က ဖြည့်ဆည်းခဲ့တဲ့ပါရမီအဟုန်နဲ့ ချက်ချင်း သောတပတ္တိမဂ်ကို ဆိုက်ပြီး အဲဒီဘဝမှာပဲ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရောက်မယ့်သူဖြစ်ကြောင်း ကောင်းစွာ သိတော်မူတယ်။ ဒါပေမယ့် သူကိုယ်တိုင် လူမသေဖူးတဲ့အိမ်ကို လျှောက်ရှာပြီး မတွေ့မှ “သတ္တဝါဟူသမျှဟာ မွေးလျှင် သေရမယ်” ဆိုတဲ့ သဘောကို အထင်အရှား နားလည်ယုံကြည်လိမ့်မယ်ဆိုတာကို သိထားတော်မူတယ်။ တကယ်လို့ ဗုဒ္ဓဟာ အဲဒီအခါက ဒီပရိယာယ်ကိုမသုံးဘဲ “အို ချစ်သမီး ကိသဂေါတမီ၊ သေခြင်းတရားကို ဘယ်သူမျှ မလွန်ဆန်နိုင် တကား၊ သင်၏သားသည် အဘယ်နည်းနှင့်မျှ အသက်ပြန်၍ ရှင်လိမ့်မည်မဟုတ်ချေ" ဟု တဲ့တိုး မိန့်တော်မူလိုက်လျှင် ကိသဂေါတမီဟာ သားရဲ့ဇောနဲ့ ရင်ကွဲနာကျပြီး ငရဲဘုံကျဖို့သာ ရှိတော့တယ်။ ဒါကြောင့် ဗုဒ္ဓက လူမသေဖူးတဲ့အိမ်က နှမ်းစေ့လက်တဆုပ်စာခန့်ကို အရှာခိုင်းခြင်းဖြစ်တယ်။ ဒီနှမ်းစေ့ မရနိုင်တဲ့အခါကျတော့ ကိသဂေါတမီဟာ သူ့ရဲ့ မှားယွင်းတဲ့အချက်ကို သူမြင်ပြီးတော့ သူ့ကလေးကို လုတ်တိုင်းကုန်းမှာစွန့်ကာ သူ့ဆီကို တရားရေအေး တိုက်ကျွေး တော်မူပါလို့ လာပြီး တောင်းပန်လျှောက်ထားလိမ့်မယ်။ ဒီအခါမှာ တရားတပုဒ်ဟောလိုက်ရုံနဲ့ နိဗ္ဗာန်ရောက်ဖို့ လမ်းကြောင်းပေါ်တက်မိပြီး ရဟန္တာမ ဖြစ်လိမ့်မယ်လို့ မြင်တော်မူထားတယ်။ နောက်ဆုံး ဗုဒ္ဓရဲ့ ပရိယာယ်ကြောင့်ပဲ ဗုဒ္ဓမြင်တော်မူထားတဲ့အတိုင်းပဲ ကိသဂေါတမီဟာ နိဗ္ဗာန်ကို ရသွားတယ် မဟုတ် လား။ အဲဒီတော့ ဒကာကြီးက ဗုဒ္ဓကိုယ်တော်မြတ်က ကိသဂေါတမီကို လိမ်လည်လှည့်ဖြားပြီး မုသားပြောတယ်လို့ စွပ်စွဲချင် သေးသလား။ မူလာ။ တပည့်တော် မူလကတည်းက ဗုဒ္ဓဂေါတမက ကိသဂေါတမီကို လိမ်လည်ပြီး မုသားစကားပြောတယ်လို့ စွပ်စွဲ လိုတဲ့ ဆန္ဒ မရှိပါဘူး ဆရာတော်။ တပည့်တော်မှာ ဗုဒ္ဓက ဘာပြုလို့ ဒီနေရာမှာ ကိသဂေါတမီကို “သေခြင်းတရားမှ ဘယ်သူမျှ လွတ်အောင် မပြေးနိုင်ဘူး” လို့ တိုက်ရိုက်မဟောတော်မူဘဲနဲ့ “လူမသေတ့အိမ်က နှမ်းစေ့လက်တဆုပ်စာ ခန့်သာ ရှာခဲ့။ သင်၏သား အသက်ပြန်ရှင်စေ့မယ်”လို့ လှည့်စားရတာလဲလို့ သံသယဝင်လို့ ဆရာတော်ကို လျှောက်မိ ခြင်း ဖြစ်ပါတယ်။ ယခုတော့ တပည့်တော်မှာ ရှိနေတဲ့ သံသယရှင်းသွားတဲ့အပြင် ဗုဒ္ဓရဲ့ ဉာဏ်ပညာကြီးမားလှပုံကို နားလည် သဘောပေါက်ပြီး ယခင်ကထက်ပင် ပို၍ ကြည်ညိုမိပါတယ် ဘုရား။ဤတွင် တရားနာပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။

ဗုဒ္ဓဝါဒပြဿနာများ

by Ray Win on Wednesday, April 18, 2012 at 2:29am

No comments:

Post a Comment