Monday, April 2, 2012

ဖတ်ကြည့်ပါ .. သိထား၊ မှတ်ထားတဲ့ အစဉ်အလာ အသိ တစ်ခုလုံးကို ပြောင်းလဲ ပေးလိုက်နိုင်တာ တွေ့ရပါလိမ့်မယ်..

အစဉ်အလာ အရ ဘမောင်တို့ သိခဲ့ရတာက “ဘုရားတောင်မှ မိခင်ရဲ့ နို့တစ်လုံးဖိုး” ပဲ ကျေအောင် ဆပ်နိုင်တယ် ဆိုတာပါပဲ။ တစ်ရက် ဧည့်ခန်း စားပွဲပေါ်မှာ တင်ထားတဲ့ စာအုပ် ပါးပါး သေးသေးလေးကို ယူပြီး ဇနီးသည်က ဘမောင်ကို “ဖတ်ကြည့်ဦး” ဆိုပြီး ပေးလာတယ်။

ဆရာတော် အရှင် ဆန္ဒာဓိက ရေးထားတဲ့ “မိဘကျေးဇူး အကျေဆပ်နည်း” ဆိုတဲ့ လက်တစ်ဝါးလောက် စာအုပ်လေးပါ၊ စာမျက်နှာ ၃၀ လောက်ပဲ ရှိတဲ့ အဲဒီ စာအုပ်လေးက ဘမောင်တို့ သိထား၊ မှတ်ထားတဲ့ အစဉ်အလာ အသိ တစ်ခုလုံးကို ပြောင်းလဲ ပေးလိုက်နိုင်တာ တွေ့ရပါတယ်။ ဆရာတော်ရဲ့ ကျေးဇူးက ကြီးမားလှတယ်။ ဟုတ်တယ်၊ လူပေါင်းများစွာရဲ့ အသိမှား တစ်ခုကို အမှန်ဖြစ်အောင် ပြုပြင် ပေးနိုင်လို့ပါပဲ။

ဘ၀ တစ်ခုမှာ အသိက အရေး အကြီးဆုံး ဖြစ်တယ်။ အဲဒီ အသိမှားရင် အလုပ်တွေ မှားကြမယ်၊ ရလဒ်တွေ မှားကြမယ်၊ နောက်ဆုံး တစ်ဘ၀ထဲမှာတင် တ၀ဲလည်လည် ဖြစ်ရုံတင် မဟုတ်ဘူး၊ သည်ဘ၀ အလုပ် အမှားကနေ နောင်ဘ၀ အကျိုးဆက် အတွက် အကြောင်းရင်း ဖြစ်သွားစေမှာ။ ဆရာတော် အရှင်ဆန္ဒာဓိက စာများများ ရေးနိုင်ပါစေ။ ဆရာတော်လိုမျိုး သာသနာ့ အာဇာနည်တွေ များများ ထွက်ပေါ်ပါစေလို့ ဘမောင် ဆန္ဒ ပြုရပါတယ်။ အမေးအဖြေ ၂ ခုတည်း၊ ဒါပေမဲ့ တန်ဖိုးကြီးတယ် အိတ်ဆောင် အရွယ် စာအုပ်ပါးလေးထဲမှာ အမေးအဖြေ နှစ်ပုဒ်တည်း ပါတယ်။ ဒါပေမဲ့ တန်ဖိုးက အလွန်ကြီးတယ်။ ဓမ္မဒါန ပြုနိုင်အောင်လို့ ထုတ်ထားတဲ့ စာအုပ်လေး။ ဘမောင်ရဲ့ဇနီးက ၀ယ်ပြီး လှူထားတာတောင် အရေအတွတ်က မနည်းမနော ရှိနေပြီလို့ ပြောတယ်။ ကိုယ်ကသာ မအားလို့ မဖတ်ဖြစ်သေးတာ။ စာပါ အနှစ်သာရက မိဘကျေးဇူး ဘယ်လို ဆပ်မလဲ ဆိုတာပဲ။

ပထမ မေးခွန်းက မြတ်စွာ ဘုရားရှင်ဟာ မိခင် ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ် ဆိုတဲ့ အပေါ် မေးထားတာ။ စာတွေရေး၊ စာတွေ ဖတ်နေတဲ့ ဘမောင်တို့တောင် အစဉ်အလာ အသိနဲ့ ဘုရားရှင်တောင် မိခင်ရဲ့နို့တစ်လုံးဖိုးပဲ ကျေခဲ့တယ်လို့ သိထားခဲ့ဖူးပါတယ်။ သာမန် လူတွေ ဆိုရင်တော့ မပြောနဲ့တော့။

မိဘကျေးဇူး အင်မတန်မှ ကြီးမားတာ လူတိုင်း သိကြပါတယ်။ အထူးသဖြင့် အာရှတန်ဖိုး အခြေခံကြတဲ့ အာရှသားတွေ ဆိုရင် အနောက်ကမ္ဘာကထက် မိဘ ကျေးဇူးကို ပိုပြီးသိ၊ ပိုပြီး တန်ဖိုး ထားတတ်ကြလေ့ ရှိတယ်။ အမှန် တကယ်က မိဘ ကျေးဇူးကို အမွှန်း တင်ချင်လွန်းလို့ ချဲ့ကားရေးသားလာကြရာ ကနေ နောက်ဆုံး ဘုရားရှင်တောင်မှ နို့တစ်လုံးပဲ ကျေအောင် ဆပ်နိုင်တယ်ဆိုပြီး ဖြစ်လာတာလို့ ဆရာတော်က ထောက်ပြထားခဲ့ပါတယ်။ ဗုဒ္ဓစာပေ (ပိဋကတ်တော်)တွေထဲမှာ နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ မပါဝင်ခဲ့ပါဘူး။ အဋ္ဌကထာ ဆရာတွေ၊ ဋီကာ ဆရာတွေကလည်း မဖွင့်ဆို ထားခဲ့ပါဘူး။

ဒီနေရာမှာ ရေးခဲ့၊ သားခဲ့ကြသူ တွေရဲ့ကဏ္ဍက အထူး သတိထားစရာ ဖြစ်လာတယ်။ ကိုယ် ရေးချင်တဲ့ အကြောင်းအရာကို ထင်ရှား စေချင်တဲ့ အခါ အပံ့အပိုး အဖြစ် ရေးရတဲ့ အခြေ အနေနဲ့ အကြောင်းအရာတွေကို အရှည်သဖြင့် အတွက် အထူး သတိ ထားသင့်ကြတယ် ဆိုတာပါပဲ။ သာမန် ရသစာပေ မှာ ဘာမှမဖြစ်ပေမယ့် အသိနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေမှာ အသိပေး အမှား မဖြစ်စေဖို့ အထူး ဂရုပြုသင့်ကြ တယ် ဆိုတာပါပဲ။ ဆရာတော်က ပါဠိတော် မူရင်းကနေ မှီငြမ်းပြီး ပြန်ရှင်းပြထားတာ တိုတိုတုတ်တုတ်နဲ့ အတော် ကလေး ထိထိမိမိ ရှိလှပါတယ်။ မိထွေးတော် ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန် စံဝင်ခါနီးမှာ မြတ်စွာ ဘုရားရှင်ကို လျှောက်တင်ခဲ့တဲ့ စကားပါ။

“မြတ်စွာဘုရား၊ အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရူပကာယ (ရုပ်ကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့ အတွက် တပည့်တော်ဟာ အရှင် ဘုရားရဲ့မယ်တော်ကြီး (မိခင်) ဖြစ်ပါတယ်”

“တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ (တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့ အတွက် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ခမည်း တော်ကြီး (ဖခင်) ဖြစ်ပါတယ်”

“တပည့်တော် တိုက်ကျွေးခဲ့တဲ့ လောက နို့ရည်က ဆာလောင် မွတ်သိပ်ခြင်းကို တဒင်္ဂ၊ တစ်ခဏပဲ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ်။ အရှင်ဘုရား တိုက်ကျွေးခဲ့တဲ့ ဓမ္မ နို့ရည်ကတော့ ဆာ လောင်မွတ်သိပ်ခြင်းကို အမြဲ ထာဝရ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ်”

“မြတ်စွာဘုရား၊ အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက် ကယ်တင်နိုင်ခဲ့တဲ့ အတွက်ကြောင့် တပည့်တော် အပေါ်မှာ အရှင်ဘုရား နို့ဖိုးကြွေး လုံးဝ မကျန်တော့ပါ။ မယ်တော့် ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပြီးပါပြီ ဘုရား”

မိထွေးတော် ဂေါတမီရဲ့ လျှောက်ထားချက်က ရှင်းလင်းပြီး၊ နို့ဖိုးကြွေးကို ဘယ်လိုဆပ်ရင် ရတယ် ဆိုတာတောင် ပါနေပြီ ဖြစ်ပါတယ်။ ရူပကာယ ဆိုတဲ့ ရုပ်ခန္ဓာဖွံ့ဖြိုးမှု အတွက် တင်ခဲ့တဲ့ ကျေးဇူးတွေကို ဓမ္မကာယ ဆိုတဲ့ ဓမ္မအသိ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရင် နို့တစ်လုံး ဖိုးမက နို့နှစ်လုံးဖိုး ကျေအောင် ဆပ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အသိအမြင် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ဘမောင်တို့ ဒီအချက်ကို ကျော်သွားခဲ့တာ ၀န်ခံ ရပါလိမ့်မယ်။ အစဉ်အလာ ဗုဒ္ဓဘာသာ ၀င်တွေဟာ အစဉ်အလာကို မတို့ရဲ မထိ ရဲတာတွေလည်း အကြောင်းတစ်ချက် အနေနဲ့ ပါတယ်ပေါ့လေ။ အသိဟာ လောကမှာ အရေးအကြီးဆုံးပါပဲ။

ဒါကြောင့် ဗုဒ္ဓက နှောင်းလူတွေကို အသိ ဖွင့်ပေးတဲ့ အနေနဲ့ ကာလာမသုတ်ကို ပေးခဲ့တာ ဖြစ်တယ်။ သည်ခေတ်စကား နဲ့ဆိုရင် Critical Thinking ဆိုတဲ့ အမှား အမှန် ဝေဖန်ပိုင်းခြား စဉ်းစားနိုင်ဖို့၊ Logical Thinking ဆိုတဲ့ ယုတ္တိနည်းနဲ့ စဉ်းစားနိုင်ကြဖို့၊ Analytical Thinking ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ စဉ်းစားနိုင်ဖို့ စတဲ့ အရည်အချင်းတွေနဲ့ ပညာ အခြေခံ စဉ်းစား သိရှိနိုင်ကြဖို့ ကာလာမသုတ်ဟာ အခြေခံ အလင်းပြပဲ ဖြစ်တယ်။

အသိမှန်ရင် လုပ်ရပ်မှန်တယ်၊ လုပ်ရပ်မှန်ရင် ဘ၀မှန်တဲ့ အကျိုး ကျေးဇူးက ကြီးမား လွန်းလှပါတယ်။ ဒါ ကြောင့် မိထွေးတော် ဂေါတမီက ကာယ ဖွံ့ဖြိုးရေး အတွက် ရှိခဲ့တဲ့ ကျေးဇူးထက် အသိဖွံ့ဖြိုးရေး အတွက်ပြုတဲ့ ကျေးဇူးက ပိုကြီးဟန် လျှောက်ထားခဲ့တာပါ။ ဒီနေရာမှာ ဆရာတော်က ဆာလောင် မွတ်သိပ်ခြင်းကို ရှင်းပြ ပေးထားတယ်။ တကယ်တော့ “တဏှာ”ကို ဆိုလိုတာ ပါ။ “လောကနို့ရည်”က နို့ဆာတဲ့ တဏှာကိုပဲ တဒင်္ဂ ဖြေဖျောက် ပေးနိုင်တယ်။ အရွယ် ရလာကြတော့ တဏှာက မြင်မြင်သမျှကို တပ်မက်တော့တာပါပဲ။ တချို့က တဏှာကို အနည်းအကျဉ်း ထိန်းချုပ်နိုင်ကြပေမယ့်၊ အများစုက တဏှာကို မထိန်းချုပ်နိုင်ကြဘူး။ တဏှာရဲ့ကြိုးဆွဲရာကို ကကြတော့တယ်။ “အသက်ကြီးလေ၊ အသား တိုးလေနဲ့ တဏှာ ကြီးလာလိုက်တာ နွားကြီးလေ ချိုရှည်လေ ဖြစ်တော့ တာပါပဲ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံငါးပါး ကာမဂုဏ် တရားတွေကို၊ ဆာလောင်မွတ်သိပ်တဲ့ တဏှာကို လောက နို့ရည်လို့ခေါ်တဲ့ မိခင် နို့ရည်က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက် မပေးနိုင်ပါဘူး” လို့ ဆရာတော်က ရေး ထားသေးတယ်။

ဘမောင် စဉ်းစားကြည့်တယ်၊ အာရုံ ငါးပါးနဲ့တင် လူတွေ လောဘ၊ ဒေါသ၊ မောဟမီးတွေ ဒီလောက် တောက်လောင်နေကြတာ။ အာရုံခြောက်ပါး၊ ခုနစ်ပါးလောက်များ ရှိရင် ဘယ်လောက်တောင်မှ ထိန်းမရ၊ သိမ်းမရ ဖြစ်နေကြမလဲ မသိဘူး။

“သစ္စာလေးပါး မြတ်တရား ဆိုတဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင် မွတ်သိပ်မှု တဏှာ အားလုံးကို အကြွင်းမဲ့ ပယ်ဖျောက် ပေးနိုင်တယ်။ ရဟန္တာ ဖြစ်သွားပြီ ဆိုရင် ဘယ် အရာကိုမှ ဆာလောင် မွတ်သိပ်မှု မရှိတော့ဘူး။ အာရုံအားလုံး၊ ဘ၀ အားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိ တော့တဲ့အတွက် တဏှာအဆာ ဓာတ် အားလုံး အပြီးတိုင် ချုပ်ငြိမ်း ပျောက်သွားပါပြီ”

(နို့နှစ်လုံးဖိုး ကျေပါတယ်မှ)


ဘုရားရှင်ဟာ နို့နှစ်လုံးဖိုး ကျေရဲ့သားနဲ့ နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ ဖြစ်လာရတာဟာ ဇာတ်သမားတွေ၊ ကွက်စိပ် ဆရာတွေကြောင့်ပဲလို့ ရှေးဆရာ တော်ကြီးတွေက ဆိုခဲ့တဲ့ အကြောင်းလည်း ဆရာတော်က ရေးခဲ့သေးတယ်။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ထွင်မွမ်းမံဖွဲ့ဆိုရင်းနဲ့ မရည်ရွယ်ခဲ့သော်လည်း ဖျက်ဆီးသလို ဖြစ်သွားရလို့ သတိထား သင့်ကြတယ်လို့လည်း ဆရာတော်က အသိပေးထားခဲ့တယ်။

နောက်မေးခွန်းကလည်း နို့တစ်လုံးဖိုး မကျေတဲ့ မေးခွန်းနဲ့ ပတ်သက် တာပါပဲ။ ဆရာတော်က “မိဘကျေးဇူး အကျေဆပ်နည်း”ဆိုပြီး ရေးသားခဲ့တယ်။ ဘမောင် အဖေက လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက ဆုံးသွားတယ်။ ကျန်ခဲ့တဲ့ အမေကလည်း အသက် ၈၀ ကျော်ပြီ ဆိုတော့ အမှည့် တ၀င်းဝင်းထဲက အမေ့ကို ဒီထက် အကောင်းဆုံး ဘယ်လို ကျေးဇူးပြုရမလဲလို့ မကြာခဏ တွေးလေ့ ရှိတတ်တဲ့ ဘမောင် အတွက်တော့ ရေဆာတုန်း ရေတွင်းထဲ ကျသွား သလိုပါပဲ။ ဒီခေါင်းစဉ်အောက်မှာ ဆရာတော်က အမေ့ နို့ဖိုးတင် မဟုတ်ဘူး၊ အဖေ့ချွေးဖိုးပါ အကျေဆပ်နည်းကို ပေးထားပါတယ်။ ကံကောင်းလို့ ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်ခဲ့ကြတဲ့ ဘမောင် တို့တစ်တွေ ဆရာတော် ပေးတဲ့ အသိကို ရယူသင့်ကြတယ်။ တစ်ဘ၀စာထက် မက အကျိုးများတဲ့ အသိ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ လူသာမန်တွေ အတွက် ရေးလိုက်တဲ့ အသိဟာ မဟာအားဆေး တစ်ခွက်ပါ။

(မိဘကျေးဇူးကို ကျေအောင်ဆပ် နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က “ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန် လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူး”လို့ မိန့်တော် မမူခဲ့ပါဘူး။ “ငါဘုရား မိဘကျေးဇူးကို အကျေ ဆပ်နိုင်သလို သင်ချစ်သား၊ ချစ်သမီးတို့ကလည်း မိဘ ကျေးဇူးကို အကျေဆပ်နိုင်ပါတယ်” လို့ပဲ မိန့်တော်မူခဲ့ပါတယ်)

အလုပ်များလို့ ဘာသာရေးနဲ့ ဝေးရတာဟာ ဘမောင်အတွက် ဆင်ခြေကောင်း မဟုတ်ပါဘူး။ အဲဒီ အသိမျိုး၊ အဲဒီ ဘုရားရှင်ရဲ့ မိန့်ဆိုခဲ့မှုကို ဘမောင် အရင်က မဖတ်မိခဲ့ပါဘူး။ ခေတ်သစ် သိပ္ပံက တစ်ကဏ္ဍပါ၊ ဘာသာရေးဘက်မှာ ဘမောင်ဟာ လူညံ့ တစ်ယောက်ပါ။ ဆရာတော်ကိုလည်း အထူး ကျေးဇူးတင် ရပါတယ်။ ကိုယ့်ကို ကျွေးမွေး သွန်သင်ပြီး စိုးရိမ်မှု၊ ပူပန်မှု၊ သောကများစွာနဲ့ လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် စောင့် ရှောက်ပျိုးထောင်ခဲ့တဲ့ မိဘတွေကို တစ်စုံ တစ်ရာ ကျေးဇူး မဆပ်နိုင်လိုက်ရမှာကို ဘမောင် အစိုးရိမ်ဆုံးပဲ ဖြစ်ပါတယ်။ “စိုးရိမ်စိတ်၊ သောကစိတ်”တစ်ခုတည်းကို ခံစားကြည့်နိုင်ရင် ကျေးဇူး ဘယ်လောက်ကြီးတယ် ဆိုတာ သိသာ လှပါတယ်။ ငယ်စဉ်က ကိုယ်တွေ အချိန်အခါ မရှိ လမ်းထွက်တဲ့ အခါ မိဘတွေက ပူပန်ကြရတယ်။ ကိုယ်တွေ ပညာတတ် တစ်ယောက်ဖြစ်အောင် ကရုဏာစိတ်၊ ဆန္ဒစိတ်တွေနဲ့ သင်ပေးခဲ့ရတယ်။ နှစ်ပေါင်း များစွာပါပဲ၊ ကိုယ့်အလှည့်ကျတော့ မိဘတွေကို ကျွေးရုံသက်သက် လောက်နဲ့ ပြန်ပြီး ကျေးဇူး ဆပ်ကြရတာ ဖြစ်ပါတယ်။ ကိုယ်က ပြန်မွေးတဲ့ သားသမီးတွေ အပေါ်ကျတော့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေနဲ့ ကျွေးရုံသက်သက်မက သောကစိတ်တွေ ဖြစ်ခဲ့ရတာကို ပြန်ပြီးငဲ့ စောင်းကြည့်နိုင်ကြရင် မိဘစိတ်နဲ့ မိဘ ကျေးဇူးကို ပိုပြီး နားလည် လာနိုင်စွမ်း ကြမှာပါ။ အဲဒီ ခြားနားချက်ကို သတိပြု မိတဲ့ အချိန်က စပြီး ဘမောင်တို့ မိဘရဲ့ ကျေးဇူးကို ပိုပြီး သိတတ်လာခဲ့ရပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိကက မိဘ ကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရား အဆုံးအမမှန်ကို ရေးပြထားတာ အတော်ကလေး အားရှိစရာပါ။ စိတ်ခွန်အားတွေ အများကြီး ဖြစ်ခဲ့ရတယ်။

(“မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူးလို့ မြတ်စွာဘုရားက ဟောထားတယ်” လို့ လူအများ ပြောလေ့ ရှိကြပါတယ်။ အမှန်က “ကျေအောင် မဆပ်နိုင်ဘူးလို့” ဟောထားတာ မဟုတ်ပါဘူး။ “ကျေအောင်ဆပ်ဖို့ မလွယ်ဘူး”လို့သာ ဟောထားတာပါ။ “လွယ်လွယ်ဆပ်ရုံနဲ့ ကျေးဇူး မဆပ်နိုင်ဘူး” လို့ ဟောထားတာပါ။ “သာမန် ဆပ်ရုံနဲ့ ကျေးဇူး မကျေနိုင်ဘူး။ အထူး ဆပ်မှ ကျေးဇူး ကျေနိုင်တယ်” လို့ ဆိုလို ပါတယ်။ နသုပ္ပဋိကာရံ ၀ဒါမိ)

(ချစ်သား၊ ချစ်သမီးတို့ ...၊ ပုဂ္ဂိုလ် နှစ်ယောက်ရဲ့ကျေးဇူးကို အလွယ် တကူဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေ အောင် ဆပ်ဖို့ မလွယ်ဘူးလို့ ငါ ဘုရား ပြောချင်တယ်။ ပုဂ္ဂိုလ် နှစ်ယောက်ဆိုတာ မွေးမိခင်နဲ့ မွေးဖခင် မိဘအရင်း အခြာကို ပြောတာပါ)

(ချစ်သား၊ ချစ်သမီးတို့၊ မိဘ ကျေးဇူး အကျေ ဆပ်နိုင်တဲ့ နည်းလမ်း တွေကို ငါဘုရား ညွှန်ပြပါရစေ။ သဒ်္ဓါ တရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊ သီလမရှိတဲ့မိဘကို သီလနဲ့ ပြည့်စုံအောင်၊ မပေးရက် မလှူရက် နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊ ပညာ ဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာ နာယူ တည်ဆောက် စေမယ်။ လေးလေးနက်နက် သက်ဝင် စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင် မိဘ ကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်)

အဲဒီစာပိုဒ်ဟာ ဘမောင်ကို စိတ် အလှုပ်ရှားဆုံး ဖြစ်စေခဲ့တယ်။ တိုက် ဆိုင်မှုလေးတွေလည်း ရှိလာလို့ ပီတိလည်း ဖြာခဲ့ရပါတယ်။ အင်အားတွေ လည်း အများကြီး တိုးပွား လာခဲ့တယ်။ အတိုင်းအတာ တစ်ခုအထိလည်း စိတ်ထဲမှာ ပေါ့ပါးရှင်းလင်း သွားခဲ့ရပါတယ်။ တွေးကြည့်လေ အနှစ်သာရ ပြည့်စုံလေ ဖြစ်တဲ့ ဗုဒ္ဓရဲ့အဆုံးအမပဲ ဖြစ်ပါတယ်။ မိဘကို ကျွေးမွေးတာက ဒီဘ၀ တစ်ခုတည်း အတွက်ပဲ ဖြစ်ပါတယ်။ မိဘကို သဒ္ဓါတရား ပွားများအောင် လုပ်ပေးတာ၊ သီလ ပြည့်စုံအောင် လုပ်ပေးတာ၊ ပညာဉာဏ်နဲ့ ပြည့်စုံအောင် ဖြည့်ဆည်း ပေးနိုင်တာဟာ ကိုယ့်မိဘအတွက် ဒီတစ်ဘ၀စာတင် မဟုတ်တော့ဘဲ နောင်ဘ၀တွေအထိ အကျိုးပေးအောင် ဖြည့်ဆည်းပေးတာ ဆိုတာကို တွေ့ရမှာပါ။

အရာရာမှာ “ပညာဓိက” ဆိုတာ ပိုပြီး ပေါ်လွင် လာပါတယ်။ မိဘကျေးဇူး အကျေဆပ်နည်းကို အတိအလင်း ဖွင့်ပေးတဲ့ ဆရာတော်ကိုလည်း ဦးအကြိမ်ကြိမ် တင်မိရပါတယ်။ အကျေဆပ်နိုင်တာ၊ မဆပ်နိုင်တာက တော့ ဘမောင်တို့ရဲ့အပိုင်းပေါ့။ အကျေ ဆပ်နည်း သိသွားရတာကိုက အဖိုး မဖြတ်နိုင်တဲ့ အသိရတနာ တစ်ပါးပါ။

(မိဘကျေးဇူးဆပ်လို့ မကျေနိုင် ဘူးဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေကိုပဲ ဖြည့်ဆည်းပေးတဲ့ လောကနည်းနဲ့ ကျေးဇူး ဆပ်ခြင်းကို ရည်ရွယ်ပြီး ပြောတာပါ၊ လောကနည်းနဲ့ ကျေးဇူး မကျေဘူး ဆိုပေမယ့် အဲဒီ နည်းနဲ့လည်း ဆပ်တော့ ဆပ်နေရမှာပဲ။ အဲဒီလောက်နဲ့ ကျေနပ် မနေဘဲ နေ့စဉ်၊ လစဉ် ဆိုသလို မိဘကို အရိပ် တကြည့်ကြည့်နဲ့ ပြုစု စောင့်ရှောက်သင့်ပါတယ်။

မိဘက ကိုယ့်ကို ထမင်း ဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ။ ကိုယ်ကကော မိဘကို ထမင်းဘယ်နှနပ် ပြန်ကျွေးခဲ့ပြီးပြီ လဲ။ “ပြန်တွေးကြည့်ရင် ရှက်စရာ” ဆိုတဲ့ စကားမျိုး ဘယ်တော့မှ ပြောစရာ မလိုအောင် အစွမ်းကုန် ဖြည့်ဆည်းပေး လိုက်စမ်းပါ။ မိဘ သေခါမှ “ကျေးဇူး မဆပ်လိုက်ရလေခြင်း” လို့ အရှက်မရှိ အော်ငို မနေပါနဲ့။

ပေးမှ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ မိဘရဲ့ ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ ဆောင်ရွက် ပေးတာဟာလည်း ကျေးဇူး ဆပ်တာပါပဲ။ မိဘ မကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစုတာတို့ ပြုလုပ် ပေးသင့်ပါတယ်။

စိတ်မထားတတ်တဲ့ မိဘ စိတ်ထားတတ်အောင်၊ ကုသိုလ် နည်းပါးတဲ့ မိဘ ကုသိုလ် တိုးပွားအောင် ကူညီပံ့ပိုး ပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ်။ မိဘရဲ့ စိတ်ဓာတ် မြင့်မားရေး အတွက် စိတ်အာဟာရတွေနဲ့ ကျေးဇူး ဆပ်တာမို့ “စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း” လို့လည်း ဆိုနိုင်ပါတယ်။

ကိုယ့်ရဲ့ကူညီ ပံ့ပိုးပေးမှုကြောင့် မိဘရဲ့ စိတ်ဓာတ် မြင့်မားမှုနဲ့ ကုသိုလ် တိုးပွားမှုက ဘ၀လွတ်မြောက်မှု အဆင့် အထိ တက်လှမ်းသွားနိုင်ပြီ ဆိုရင် အဲဒီလို တက်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီး အနေနဲ့ မိဘ ကျေးဇူးကို အကျေ ဆပ်ပြီးသား ဖြစ်သွား တော့တာပါပဲ။ သေရင် ပြီးပြီလို့ ယူဆနေတဲ့ မိဘကို သေရင် မပြီးသေးဘဲ ကိုယ်ပြုထားတဲ့ ကောင်းကံ၊ မကောင်း ကံ အားလျော်စွာ ဘ၀သစ် ထပ်ဖြစ်ရဦးမယ့် အကြောင်း၊ ကံကို မယုံတဲ့မိဘကို သရက်စေ့ထဲမှာတောင် သရက်ပင် ပေါက်ပြီး သရက်သီးတွေ အများကြီး သီးပေးနိုင်တဲ့ ဓာတ်သတ္တိ ကိန်းဝပ် နေသလို ပြုပြောကြံသမျှ လုပ်ရပ်ထဲ၊ စိတ်ဓာတ်ထဲမှာလည်း ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ကိန်းဝပ်နေကြောင်း နားလည် သဘောပေါက်အောင် ရှင်းပြပေးရမှာပေါ့။

သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင် ဖန်တီး ပေးရမယ်။ ဒါနရှိပြီး သီလ မရှိရင် ပစ္စည်းဥစ္စာ ချမ်းသာပေ မယ့် အနာရောဂါ များတတ်ကြောင်း၊ သေခါနီး ကောင်းရာ သုဂတိ ရောက်ရေး ကိစ္စကို သီလကသာ အဆုံးအဖြတ် ပေးကြောင်း နားလည်အောင် ပြောပြပေးရပါ့မယ်။ ငါးပါးသီလ စောင့်ထိန်းဖြစ် အောင်၊ ဥပုသ်သီလ ကျင့်သုံးဖြစ်အောင်လည်း ကူညီ ဆောင်ရွက်ပေးရပါ့မယ်။

နှမြော တွန့်တိုတဲ့ မိဘကို အလှူ ဒါနနဲ့ ပြည့်စုံအောင် ဖန်တီး ပေးရမယ်။ ပညာဉာဏ် မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်။ ကြုံ တွေ့လာသမျှ အဖြစ်အပျက်တွေအပေါ် အဆိုး မြင်စိတ်နဲ့ပဲ အဖျက်သဘော တုံ့ပြန်တတ်တဲ့ မိဘကို အကောင်းမြင် စိတ်နဲ့ အပြုသဘော တုံ့ပြန်တတ်အောင်၊ စိတ် ထားမမှန်တဲ့ မိဘကို စိတ်ထားမှန်အောင် စိတ်ရှည် လက်ရှည်နဲ့ ဖျောင်းဖျ နားချပေးရပါ့မယ်။ ၀ိပဿနာအလုပ် အားမထုတ်ချင်တဲ့ မိဘကို ပစ္စုပ္ပန် စိတ် အေးချမ်းသာဖို့ အတွက်ရော သံသရာ ဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿ နာဟာ မလုပ်မဖြစ် အရေးကြီးကြောင်း ပြောပြ ပေးရပါမယ်။ အိမ်မှာ တရားအား ထုတ်ဖြစ်အောင်၊ လိုအပ်ရင် ရိပ်သာ သွားဖြစ်အောင် အစွမ်းကုန် ကူညီဆောင် ရွက်ပေးရပါ့မယ်။

သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာလို့ ခေါင်းတပ်ပြီး ဟောထားပေမယ့် လိုရင်းကတော့ မိဘကို ကုသိုလ်တရား တိုးပွားအောင်၊ တရားထူး တရားမြတ် ရရှိသထက် ရရှိအောင် စွမ်းဆောင် ကူညီပြီး ကျေးဇူး ဆပ်ဖို့ပါပဲ။ ကိုယ့်ရဲ့ စွမ်း ဆောင်ကူညီမှုကြောင့် မိဘမှာ အောက်ထစ်ဆုံး တစ်မဂ် တစ်ဖိုလ် ကျွတ်တမ်း ခိုခွင့်ရတယ် ဆိုရင်ကိုပဲ မိဘကျေးဇူး အကြွင်းမဲ့ ကျေသွားပါပြီ။ အောက်ဆုံး တစ်မဂ် တစ်ဖိုလ် ရပြီးရင် ကျန်တဲ့ အထက် သုံးမဂ်၊ သုံးဖိုလ်က သေချာ ပေါက်ရတော့မှာပါ။)

ဆရာတော်က မိဘကျေးဇူး အကျေဆပ်နည်းကို ရှင်းရှင်းလင်းလင်း နဲ့ စိတ်ရှည်လက်ရှည် ထိထိမိမိပဲ အထက်ပါတိုင်း ရေးပြထားပါတယ်။ မိဘ ကျေးဇူးဆပ်ရုံ၊ ကျေရုံတင် မဟုတ်ဘဲ ကိုယ့်အပေါ် ကျေးဇူးကြီးခဲ့ သူကို ကျေးဇူး ဆပ်နိုင်လို့ သားသမီးတွေ အပေါ်မှာလည်း အင်မတန်ကြီးတဲ့ ကုသိုလ်တွေ ရနိုင်တယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဖတ်ရင်းက ဆရာတော်ရဲ့ကျေး ဇူးတရားတွေကို ပိုပြီး ဆင်ခြင်မိလာရ ပြန်ပါတယ်။ လူတိုင်း ဖတ်မိနိုင်ကြပါ စေလို့လည်း ဆန္ဒပြုရပါတယ်။ ဒီအသိ တစ်ခုတည်း အပေါ် ယုံယုံကြည်ကြည်နဲ့ သိလိုက်ရတာကိုက ကိုယ် ရခဲ့တဲ့ ခေတ်ပေါ်ဘွဲ့တွေက ပေးတဲ့ ခေတ်အသိထက် တန်ဖိုး အများကြီး ကြီးမားတယ်လို့ ခံယူ လိုက်ပါတယ်။ ဒီဘ၀ လူဖြစ်ရတာကိုပဲ ကျေနပ်လောက်တဲ့ အဆင့်မျိုး အထိ ၀မ်းသာပီတိ ဖြစ်ခဲ့ ရပါတယ်။ ဆရာတော့် အသိထား ရေးသားမှုက တစ်ဆင့် တိုးတက် ဖြန့်ကြက်ပြီး တွေးကြည့်ရင် အခြား အလားတူ ကိစ္စတွေမှာ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတဲ့ အသိတွေလည်း တိုးပွား လာပါတယ်။

ဆရာတော် ဆက်ရေးထားတာ ကလည်း တန်ဖိုး ကြီးပြန်ပါတယ်။

( xxx ကိုယ့်ကြောင့် မိဘရဲ့ ၀ိပဿနာ အားထုတ်မှု အနှောင့်အယှက် မဖြစ်အောင် အရာရာ သတိပြု နေထိုင်ခြင်းတို့ဖြင့် မိဘ ကျေးဇူးကို အကျေ ဆပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတစ်ပါးကို မဂ်ဖိုလ် နိဗ္ဗာန်ရအောင် လုပ်ပေးဖို့က သိပ်မသေချာတဲ့ အတွက် မိဘ ကျေးဇူးကို ဒီ တစ်ခါတည်းနဲ့ အကျေ ဆပ်ချင်လွန်း သပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာ အနည်းဆုံး တစ်မဂ် တစ်ဖိုလ်ရအောင် ၀ိပဿနာ အလုပ်ကို လုပ်တာဟာ အကောင်းဆုံးပါပဲ)

အနည်းဆုံးတော့ ကျေးဇူးဆပ်နည်းကို ဘမောင်တို့ ကောင်းကောင်း သိခွင့် ရနိုင်လိုက်ကြပါတယ်။ ကျေးဇူး ကျေတာ မကျေတာက တစ်ပိုင်း၊ ကျေးဇူး ဆပ်တာက တစ်ပိုင်းလို့ ခွဲခြားသိမြင် နိုင်ပြန်ပါတယ်။ ရှည်လျားတဲ့ သံသရာကြီးမှာ သူက မိဘဖြစ်လိုက်၊ ကိုယ်က မိဘဖြစ်လိုက်နဲ့ သူ့ကျေးဇူး ကိုယ့်ပေါ် ကျန်၊ ကိုယ့်ကျေးဇူး သူ့ပေါ်ကျန် ဆိုတဲ့ အကြောင်းကိုလည်း ဆရာတော်က ရှင်းပြထားသေးတယ်။

(ဒါကြောင့် ကျေးဇူးကျေတာ၊ မကျေတာကို အဓိကမထားဘဲ “ကျေးဇူး ဆပ်နေဖို့ အဓိက”လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ပါ မိဘကို အမြဲ ကျေးဇူး ဆပ်နေဖို့ပဲ အရေးကြီးတယ်။ မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော အဆင့်အတန်း မြင့်အောင် ကျေးဇူး ဆပ်နေတဲ့ သားကောင်း သမီးကောင်းရဲ့ထံမှောက်ကို ကံကောင်းခြင်း လက်ဆောင်တွေ အရပ်ဆယ်မျက် နှာကနေ “၀င်လာမစဲ တသဲသဲ” ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ)

ဆရာတော် အရှင် ဆန္ဒာဓိကက မိဘကျေးဇူး အကျေဆပ်တဲ့နည်း အပြင် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ် ဆိုတဲ့ ကံ-ကံ၏ အကျိုးတရားကိုလည်း သွယ်ဝိုက်ပြီး အသိ ပေးထားပါ တယ်။

မိဘတွေကြောင့် သားသမီးတွေ ဖြစ်လာကြရတာပါ။ မိဘမရှိရင် သားသမီးဆိုတာ မရှိနိုင်ပါဘူး။ ရယူလိုစိတ် အလျှင်းမဲ့စွာ ပေးဆပ်လိုစိတ် အရင်းခံ တစ်ခုတည်းနဲ့သာ ပြုစု ပျိုးထောင်ပေးခဲ့ ကြတဲ့ မိဘတွေကို ကိုယ့်အလှည့်ကျရင် လက်မတွန့်သင့်ကြပါဘူး။ ကိုယ့်သား သမီးတွေ အပေါ် စွန့်လွှတ်စိတ် ထားသလိုပဲ မိဘတွေ အပေါ်မှာလည်း ကျေးဇူး သိစိတ်နဲ့ အနည်းဆုံးတော့ လောကနည်းနဲ့ ကျေးဇူး တုံ့ပြန်သင့်ကြပါတယ်။ အသိအလင်း ရနိုင်ကြတဲ့ သူတွေကတော့ မိဘတွေ အပေါ် ဓမ္မနည်းနဲ့ တိုးတက်ပြီး ကျေးဇူး ဆပ်နိုင်ကြဖို့ လိုပါတယ်။

ဘာပဲပြောပြော လက်တစ်ဝါးလောက် ခပ်ပါးပါး စာအုပ်လေးရဲ့ တန်ဖိုးဟာ ဘမောင်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အရာ ဖြစ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အသိ တိုးတက် ပြောင်းလဲမှု ထက်ပိုတဲ့ တန်ဖိုးမရှိဘူးလို့လည်း ထင်ပါတယ်။ အထူးသဖြင့် မိဘတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ဖြစ်ပါတယ်။ အဲဒီလို အသိ ပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာ ဓိကကိုလည်း အကြိမ်ကြိမ် ရိုသေစွာ ဦးတင်မိပါတယ်။ အစဉ်အလာ ဗုဒ္ဓဘာသာ၊ မိရိုးဖလာ ဗုဒ္ဓဘာသာ အတွေးနဲ့ ယုံကြည်မှု အမှားတွေကို ချေဖျက်နိုင်ဖို့ အသိဆိုင်ရာ စာပေတွေကို များများရေး နိုင်ပါစေလို့လည်း လေးနက်စွာ ဆန္ဒပြု လိုက်ရပါတယ်။

(ဆရာတော် အရှင်ဆန္ဒာဓိကကို ဤဆောင်းပါးဖြင့် ပူဇော်ပါသည်)


နေဇင်လတ်

(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)

Shared from Ye Min

No comments:

Post a Comment