... လွတ်လပ်ရေးနေ့  ပြေးပွဲပြိုင်ပွဲ ....ငါ ကောင်းကောင်း မှတ်မိသလောက်တော့ စိတ်လှုပ်ရှားပျော်ရွင်စရာပေါ့ ။ ကြောက်စိတ်ကလေးလည်း တွေ့ ရတယ် ၊ ပြန်ပြောဖို့ ရာမခက်ပါ။ သူတို့ အားလုံး မျှော်လင့်ချက်အပြည့်နဲ့  တန်းစီနေကြတယ်၊ လူတိုင်းက ပြေးပွဲကို နိုင်မည်အထင်နဲ့  ၊ မနိုင်တောင် ပူးတွဲ ဗိုလ်ဖြစ်မလား ဒါမှမဟုတ် အနည်းဆုံးတော့ ဒုတိယနေရာပေါ့ ။
ဖခင်တွေကလည်း ဘေးမှာ ရပ်စောင့်ကြည့်နေကြသည် ။ ကိုယ့်သားကို အားပေးရင်းနဲ့  ... ။ သားတိုင်းကလည်း အဖေကို ပြသဖို့  မျှော်လင့်ထားကြသည်။
.... အနိုင်ရသူဟာ အဖေ့သား ပါပဲလို့  ... ။
ဝီစီမှုတ်တော့ ပန်းထွက်လာကြပြီ..။
နုနယ်တဲ့ နုလုံးသားတွေမှာ မျှော်လင့်ချက်တွေ တောက်လောင်လျက် ..။
အနိုင်ရပြီး သူရဲကောင်းဖြစ်ဖို့ က ပြိုင်ပွဲ ၀င်သူတိုင်းရဲ့ ဆန္ဒ ။
တစ်မူထူးခြားတာက လူရွယ်လေးတစ်ယောက် ၊ လူအုပ်ထဲမှာ သူ့ အဖေလည်း ပါတာပေါ့..။ ဦးဆောင်ပြီးပြေးနေစဉ် သူတွေးနေတာက
" ငါအဖေတော့ သိပ်ဂုဏ်ယူနေမှာပဲ "
ဒါပေမယ့် လယ်ကွင်းတလျှောက် အားသွန်၍ ပြေးစဉ် ချိုင့်တိမ်လေး တခုကိုကျော်အဖြတ် ဦးဆောင်ပြေးနေသည့် လူငယ်လေး ခြေလှမ်းပျက်ပြီး ယိမ်းယိုင်၍ သွားတော့၏ ။
သူ့ ကိုယ်သူ အပြင်းအထန် ကြိုးစားပြီး ထိန်းပေမယ့် ..
လက်တွေဆန့် ပြီး အားတင်းတောင့်ထားသော်ငြားလည်း မှောက်လျက်သားလှဲကြသွားသည်။
ပရိတ်သတ်ရဲ့ ရယ်သံများနဲ့ အတူ ပြိုလဲသွားတာက မျှော်လင့်ချက်။ အခု သူမနိုင်တော့ပြီမဟုတ်လား ... ။ ရှက်ကိုး ရှက်ကန်း၊ ၀မ်းနည်းစိတ်နဲ့  ဆန္ဒပြုမိတာက တနည်းနည်းနဲ့  ငါ ဒီကစားကွင်းထဲက ပျောက်သွားရင် အကောင်းသား ။ သူလဲကျသွားတော့ အဖေက စိုးရိမ်တဲ့ မျက်နာနဲ့ ...
တဆက်တည်း သား ကို ပြတ်ပြတ်သားသား ပြောလိုက်တာက ...။
" ထပြီးပြေးပွဲကို အနိုင်ယူလိုက်စမ်းပါ ၊ ငါ့သား ပြန်ထပြီး ပြေးပွဲမှာ အနိုင်ယူလိုက်စမ်း "
သူ အမြန်ထသည် ။ ကြီးကြီး ကျယ်ကျယ် အနာတရမရှိ ။
နည်းနည်းနောက်ကျ သွားတာလေးတစ်ခုပဲ ရှိသည်။
လူငယ်သည် အားသွန်ခွန်စိုက်ပြေးပြန်ပြီ လဲကျသွားတာ ဒါမှ ထေမိတော့မပေါ့..။
အောင်လန်ထူဖို့ ဇောသန်ပြီး ၊ အမှီလိုက်ပြီး အနိုင်ရဖို့ ကြိုးစားတော့ သူ့ စိတ်က ခြေထောက်တွေ ကပိုမြန်နေတယ် ၊ အဲဒီအချိန်မှာ ...
တခါထပ် ချော်ပြီး လဲပြန်ပါရော ....... အရင်တခါ ကတည်းက လက်လျော့ခဲ့ ရ အကောင်းသား ။ တစ်ခါပဲ မျက်နာပျက်ရမယ် အခုတော့ ငါဟာ မျှော်လင့်ချက်မရှိတော့တဲ့ အပြေးသမားတစ်ယောက် ။ ပြေးပွဲ မှာ ၀င်မပြိုင်သင့်ဘူး ။
ဒါပေမယ့် ရယ်မောနေတဲ့ လူအုပ်ကြားထဲမှာ သူရှာဖွေကြည့်တော့ တွေ့ ပြီင်္လေ... အဖေ့ မျက်နှာ ။ စူးစိုက်တဲ့အကြည့်နဲ့ အဖေထပ်မံပြောနေတာက ...
"ထပြီးပြေးပွဲကို အနိုင်ယူလိုက်စမ်းပါ ၊ ငါ့သား ပြန်ထပြီး .... ပြေးဦး ...ထပြီး ပြေးဦး... "
ထိုအခါ ထပ်ကြိုးစားကြည့်ဖို့ သူခုန်ထလိုက်၏ ။ နောက်ဆုံးလူနဲ့  ၁၀ ကိုက် အကွာ .... နောက်မှာ ...
" ဒီအကွာအဝေး ကို ငါ မှီအောင် လိုက်မယ် "
သူ့ တွေးလုံးက အားမာန်ရှိပါသည်။
"တကယ့်ကို အမြန်ပြေးရမယ် "
အတွေးကို ဇောထည့်လိုက်ပါ၏ ၊ ရှိသမျှ အားကုန်ထုတ်ပြီး ၈ ကိုက် .. ၁၀ ကိုက် သူအမီလိုက်ပြီဟေ့ ...။ မီအောင် အပြင်းအထန် ကြိုးပမ်းရတော့ တခါ ထပ် ချော်ပြီး လဲပြန်ပါရော။
ရှုံးပြီ ၊ သူက လဲသည့်နေရာ ငြိမ်နေမိ၏၊
မျက်ရည် တစ်စက်က မျက်လုံးထဲက ပေါက်ကနဲ့  ကျလာ၏ ။ ထပ်ပြီးပြေးနေလို့  အဓိပါယ် မရှိပါဘူး ၊ သုံးခါထိပြီးမှ ငါတော့သွားပြီ ။ ဘာလို့ ထပ်ကြိုးစားမလဲ ။ ထချင်တဲ့ဆန္ဒကပျောက်သွားသည်။ မျှော်လင့်ချက်တွေကလည်း ကွယ်ရာကို ပြေး ၊ ငါ က အမှား အယွင်း များလွန်းတဲ့ အရှုံးသမား ။
" ငါအရှုံးပြီ ၊ ဘာ အသုံးကျတော့မှာလဲ "
မျက်နှာပျက်ပျက်နဲ့ ပဲ ပြေးလမ်းကြောင်းက ထွက်မယ်အပြု ၊ လူအုပ်ကြားထဲံက မျှော်လင့်ချက်အပြည့် အဖေ ..။
" ထစမ်း "
" ထပြီး နေရာယူစမ်းပါ "
" ဒီမှာ မင်း အနိုင်ယူဖို့  ထပြီး ပြေးပွဲကို အနိုင်ယူလိုက် စမ်းပါ "
" စိတ်ကလေးတင်းပြီး ထလိုက် "
" ငါ့သား ၊ မင်းလုံးဝ မရှုံးသေးဘူး "
" နိုင်တယ်ဆိုတာဟာ လဲကျတိုင်း ပြန်ထနိုင်တာ၊ အဲဒါမှ နိုင်တာကွ "
ထိုအခါ တစ်ခါထပ်ပြေးဖို့  သူထပြန်၏ ။ ဒီတခါ ပြန်ထတာက တာဝန်အသစ်တစ်ခု ။
ရှုံးရှုံး နိုင်နိုင် ပန်းတိုင်ကို ငါအရောက်လှမ်းမည် ။
ဘယ်တော့
ဘယ်တော့မှ
ဘယ်တော့မှ ငါလက်မြှောက် အရှုံးမပေးဘူးဟေ့ ....။
သူက အားလုံးရဲ့ နောက် ဝေးလံတဲ့ နေရာမှာ ၊ သူအတတ်နိုင်ဆုံး သူ့ မှာရှိသမျှ အစွမ်းကုန်အင်အားနဲ့ ယောက်ျားဘသားကွ။
အနိုင်ရရှိမည့်အလား... ပြေးတော့သည် ။
သုံးကြိမ်တိုင်တိုင် လဲကျ ။
သုံးကြိမ်တိုင်တိုင် ပြန်ထခဲ့ ။
နိုင်ရန် မျှော်လင့်ဖို့ က နောက်မှာ ကျန်ရစ်လွန်းသော်လည်း .....
ဒါပေ့မယ် အဆုံးအထိ ပြေးနေဆဲ ။
သူတို့ က အနိုင်ရသူကို သြဘာပေးကြ ၊ ပထမ ဆုံး ပန်းဝင်တဲ့ သူ
ခေါင်းမော့ ၊ ဂုဏ်ယူ ပျော်ရွင်လှစွာ
လဲတာမရှိ ၊ မျက်နှာ ပျက်စရာ မရှိ
ဒါပေ့မယ် လဲကျခဲ့တဲ့ သူငယ်လေး
နောက်ဆုံးမှာ ပန်းဝင်လာတော့ ...... ပရိသတ်က ပိုမို ကျယ်လောင်စွာ သြဘာပေး ။
ပန်းဝင်ခါနီိး ပို့၍ နှေးကွေးလာလေ ၊ ပို၍ နှေးလေ ပရိသတ် ပို၍ အားပေးလေနဲ့  ။
အနှေးကိုများ အားပေးတာလား ?
မပြေးနိုင်တော့တဲ့ သူကို အလုံးအရင်းနဲ့  အားပေးတဲ့  ပရိသတ် .. ပရိတ်သတ် အားပေးတာက သူ အနိုင်ရသည့်အလား ...............
အဖေ နဲ့ တွေတော့ သားက ပြောပါသည်။
" အဖေ သားကောင်းကောင်း မပြေးဖြစ်ခဲ့ဘူး "
" သားနောက်ဆုံးမှ ပန်းဝင်ခဲ့တယ် "
" အဖေ့ အတွက်တော့ သားနိုင်တယ် "
" သား လဲတိုင်း ပြန်ထနိုင်ခဲ့တာကိုး " ဟု သူ့ အဖေက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြော၏ ။
.................................................................................................................................................
အမှောင်ထုထဲ ကျပြီး အကျပ်အတည်းနဲ့  ကြုံတဲ့အခါ ............
အခက်အခဲ နဲ့  ရင်ဆိုင်ရတဲ့အခါ
ထိုလူကလေးကို သတိရလိုက်ပါ .... တစ်သက်တာ ဘ၀ ဆိုတာလည်း အဲဒီ ကလေး ပြေးခဲ့ တဲ့ ပြိုင်ပွဲ လိုပါပဲ ၊ အတက်အကျတွေက များလှပါတယ်။
" ထွက်တော့ဟေ့ ၊ လက်လျော့တော့ ၊ မင်းရှုံးနေပြီ " လို့ 
သူတို့  ငါ့မျက်နှာရှေ့ မှာ အော်နေတဲ့ အချိန်မှာ အသံတစ်သံ မင်းကြားရမှာက ..
" လဲကျသွားပြီလား ... ထပြီး ပြေးပွဲကို အနိုင်ယူလိုက်ပါ "
( ဒီ ၊ အိတ်ခ်ျ ၊ ဂရိုဘက် )
* ဘာသာ ပြန်ဆိုသူ ချစ်စံဝင်း *
No comments:
Post a Comment