သေခြင်းဆိုင်ရာ အဘိဓမ္မာကို...
- သေခြင်းအား နားလည်မှု
- ဒုက္ခနှင့်သုခတို့ကို သိရှိမှု
- ရှာမှီးခြင်း မလွဲမှု
- ဆုတောင်းမလွဲစေမှု
- အစမ်းသေကြည့်မှု တို့ဖြင့် အပိုင်းလိုက် ဖော်ပြထားသည်။
ကြိုတင်မသိနိုင်သောတရားငါးမျိုး
ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟ နိက္ခေပနံ ဂတိ။ « ၀ိသုဒ္ဓိမဂ် »
- မည်သူမျှ ဘယ်အရွယ်တွင် သေရမည်ကို မသိနိုင်ခြင်း
- မည်သို့သော ဝေဒနာ၊ အန္တရာယ်ဖြင့် သေဆုံးမည်ကိုမသိနိုင်ခြင်း
- ဘယ်အချိန်ကာလတွင် သေရမည်ကို မသိနိုင်ခြင်း
- ဘယ်နေရာမှာ သေရမည်ကို မသိနိုင်ခြင်း
- သေပြီးနောက် အခြားမဲ့၌ ဘာဖြစ်မည်ကို မသိနိုင်ခြင်း
လူတိုင်း တစ်နေ့ သေကြရမည် ဖြစ်သည်။ သိက္ခာ ရှိရှိ၊ သတိရှိရှိနှင့်သာ သေခြင်းတရား ကို ရင်ဆိုင်နိုင်အောင် အားထုတ်သင့်သည်။ သေခြင်းကိုကား ရှောင်လွှဲ၍ မရနိုင်။
လေးမျိုးနှင့် သေကြ
- အာယုက္ခယဟူသောသက်တမ်း ကုန်၍ သေရခြင်းမျိုး
- ကမ္မက္ခယဟူသော ကံအစွမ်း ကုန်၍ သေရခြင်းမျိုး
- ဥဘယက္ခယဟူသော သက်တမ်းလည်းကုန်၊ ကံအစွမ်းလည်းကုန်၍ သေရခြင်းမျိုး
- ဥပစ္ဆေဒက ဟူသော သက်တမ်း နှင့် ကံအစွမ်းရှိသေးသော်လည်း ပိုအားကြီးသော အကုသိုလ်ကံ တစ်ပါးပါးက ဖြတ်တောက်၍ သေရခြင်းမျိုးဖြစ်သည်။
အချိန်မရွေး သေနိုင်သည်ဖြစ်၍ သက်ရှိထင်ရှား ရှိနေစဉ်အတွင်း မိမိ အတွက်၊ အများအတွက် တစ်စုံတစ်ရာသော အကျိုးတစ်ခုခု ဖြစ်ထွန်းအောင် ပြုနိုင်သူဖြစ်ရန် ကြိုးစားသင့်သည်။ တစ်ရက်၊ တစ်ရက်ဖြင့် ဖြတ်ကျော်နေရခြင်း သည် တစ်ရက်၊ တစ်ရက်သေရန် ပို၍ နီးကပ်လာနေခြင်းဖြစ်သည်ကို နှလုံးမူ ထားတတ်ရန်ဖြစ်သည်။
တုန်လှုပ် မနေနဲ့
အသေချာဆုံး တစ်ခုက တစ်နေ့နေ့တွင် သေကြရခြင်းသာဖြစ်သည်။ သေခြင်းကို မမျှော်လင့်ထားသူများ ဆောက်တည်ရာ မရဖြစ်ခဲ့လျှင် စိတ်အစဉ်တွင် သန့်ရှင်းစင်ကြယ်မှု မရှိနိုင်၊ ထိုသော မသန့်စိတ်ဖြင့် သေခဲ့လျှင် ဒုဂ္ဂတိဘုံသို့ ရောက်၏။ ကိုယ်တစ်ယောက်တည်း ရွေး၍သေရသည်မဟုတ်၊ သေကြသည့် သူများထဲမှာ ကိုယ်လည်းပါသည်ဟု အသိထားတတ်ရန်ဖြစ်သည်။ အစမ်း သေကြည့်ထားလျှင် တုန်လှုပ်မှု လျော့နည်းပါမည်။ မရဏာနုဿတိကို အကြိမ်ကြိမ်ပွားများထားလျှင် သက်လုံပို၍ ကောင်းလာပါလိမ့်မည်။
အသေကြောက် ပုဂ္ဂိုလ်လေးယောက်
- ကာမဂုဏ်တို့၌ တပ်မက်ခြင်း မကင်းသေးသူ
- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း မကင်းသေးသူ
- မကောင်းမှုသာပြုခဲ့ပြီး ကောင်းမှုမပြုရသေးသူ
- သူတော်ကောင်းတရား၌ ယုံမှား၍ အဆုံးအဖြတ်သို့ မရောက်သေးသူ
အသေမကြောက် ပုဂ္ဂိုလ်လေးယောက်
- ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်းသူ
- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း ကင်းသူ
- ကောင်းမှုသာပြုခဲ့ပြီး မကောင်းမှု မပြုသူ
- သူတော်ကောင်းတရားတို့၌ ယုံမှားခြင်းကင်းသူ၊ အဆုံးအဖြတ်သို့ရောက်ပြီးသူ
သေပြီးနောက် ဘယ်ဘုံရောက်
ဗုဒ္ဓက ၃၁ ဘုံရှိသည်ဟု ဟောကြားခဲ့ပြီး ဖြစ်သည်။ ဗြဟ္မာ့ဘုံ ၂၀၊ ကာမဘုံ ၁၁ ဖြစ်၏။ ဈာန်အဘိညာဉ် ရအောင် ကျင့်ကြံနိုင်သူများ ဗြဟ္မာ့ဘုံ ၂၀ သို့ ရောက်နိုင်ကြသည်။ မကျင့်နိုင်လျှင် ကာမဘုံ ၁၁ ဘုံသို့ ပြန်ရောက်သည်။ အပယ် ၄ ဘုံ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်) နှင့် ကာမသုဂတိ (၇) ဘုံ (လူ့ဘုံနှင့် နတ်ပြည်ခြောက်ထပ်) အနက် တစ်ဘုံဘုံသို့ ရောက်ကြရသည်။ အပယ် ၄ ဘုံကား မည်သူမျှ မရောက်လိုသောဘုံ ဖြစ်၏။
လူ့ပြည်၊ နတ်ပြည်သည် ရောက်ချင်တိုင်း မရောက်နိုင်သော နေရာများ ဖြစ်သည်။ သေခါနီး စက္ကန့်ပိုင်းကာလတွင် စိတ်ထားတတ်ဖို့ အရေးကြီး၏။ မရဏာသန္နဇော ဟု ခေါ်သည်။ စိတ်ထားတတ်လျှင် လူ့ဘုံ၊ နတ်ဘုံသို့ ရောက်နိုင်ပြီး စိတ်မထားတတ်လျှင် အပယ်လေးဘုံသည် အသေအချာ ရောက်ရမည့် နေရာများဖြစ်သည်။
ဂတိငါးမျိုး၊ ဘ၀ငါးမျိုး
- ဒေ၀တာဂတိ (နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာနှစ်ဆယ်တွင် နတ်ဗြဟ္မာဖြစ်ခြင်း)
- မနုဿဂတိ (လူ့ပြည်၌ လူပြန် ဖြစ်ခြင်း)
- တိရစ္ဆာနဂတိ (တိရစ္ဆာန်ဖြစ် ခြင်း)
- နိရယဂတိ (ငရဲဘုံ၌ ငရဲသား ဖြစ်ခြင်း)
- ပေတဂတိ (ပြိတ္တာဘုံ၌ ပြိတ္တာ ဖြစ်ရခြင်း)
အပေါ်ဂတိနှစ်မျိုးသည် အောက် ဂတိသုံးမျိုးနှင့် အကြီးအကျယ် ကွာခြား၏။
ကံမှပဋိသန္ဓေ
မွေးသည်မှသေသည်အထိ ထိုဘ၀မှ ပိုင်ဆိုင်သောအသိတို့ဖြင့် လူတစ်ယောက်သည် ဒုစရိုက်အကုသိုလ်များကို မရေမတွက်နိုင်အောင် ပြုခဲ့နိုင်သလို၊ အသိမှန်ဖြင့် သုစရိုက်၊ ကုသိုလ်များကိုလည်း များပြားစွာ ဆောင်ရွက်နိုင်ပါသည်။
ကုသိုလ်၊ အကုသိုလ်တို့ကိုပြုလုပ်ရာတွင် ပြုဖြစ်အောင် စေ့ဆော်တိုက်တွန်းသော “စေတနာ”ကို “ကံ”ဟုခေါ်သည်။ ကုသိုလ်ကံသည် အကုသိုလ်ကံထက် အင်အားကြီးမားသည်မှန်သော်လည်း သာမန်အားဖြင့် လူတို့သည် ကုသိုလ် ထက် အကုသိုလ်ပြုမှု အရေအတွက်က ပို၍များသည်။ လူတစ်ဦးတွင် တစ်ပြိုင်နက်ထဲ “ကုသိုလ်စိတ်” နှင့် “အကုသိုလ် စိတ်”တို့ ယှဉ်တွဲ၍ မဖြစ်ပေါ်။ စိတ်တစ်ခုခု ရှိနေလျှင် အခြားစိတ်တစ်ခုက ဖယ်ပေးရသည်။ တစ်နေ့တာတွင် မည်သည့်စိတ် ပိုများသည်ကို ဆန်းစစ်နိုင်၏။
ကံ (၄)မျိုး၏ အကျိုးပေးမှု အစီအစဉ်
ကုသိုလ်၊ အကုသိုလ်တို့ကို ပြုလုပ်ခဲ့သောသူတစ်ဦးအတွက် မည်သည်တို့ က ဦးစွာ အကျိုးပေးမည်ကို ဗုဒ္ဓက ဟောကြားနိုင်ခဲ့ခြင်းသည် အခြားဘာသာများနှင့် တုနှိုင်း၍မရသော ပညာ တစ်ပါးဖြစ်၏။
- ဂရုကကံ (ပထမအင်အားကြီးဖြင့် အကျိုးပေးသည့်ကံ)
- အာသန္နကံ (ဒုတိယအင်အားကြီးဖြင့် အကျိုးပေးသည့်ကံ)
- အာစိဏ္ဏကံ (တတိယအင်အားဖြင့် အကျိုးပေးသည့်ကံ)
- ကဋတ္တာကံ (စတုတ္ထအင်အားသေးဖြင့်အကျိုးပေးသည့်ကံ)
ဂရုကကံသည် အလွန်အင်အားကြီးသောကံ ဖြစ်၏။ အခြားကံတို့ကို ဖြတ်တောက် နိုင်စွမ်းလည်း ရှိသည်။ ကြီးလေးသော ကံဟုလည်း ခေါ်ပြီး အမိ၊ အဖ၊ ရဟန္တာသတ်သူ၊ သံဃာ သင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်း တည်အောင် လုပ်သူတို့၏ အကုသိုလ်မှ ဖြစ်ပေါ်လာသော ကံ ဖြစ်သည်။ ရှောင် လွှဲ၍မရ၊ ထိုကံ ကျူးလွန်ခဲ့သောသူသည် သေချာပေါက် အ၀ီစိ ငရဲသို့လား ရမည်ဖြစ်သည်။ အခြားကုသိုလ်များနှင့် မဆယ်နိုင်၊ မကယ်နိုင်ချေ။ ဒေ၀ဒတ်၊ အဇာတသတ်တို့သည် ဂရုကကံကို ခံကြရသူများ ဖြစ်သည်။
ဒုတိယ အင်အားကြီး အကျိုးပေးသည် အာသန္နကံဖြစ်သည်။ သေခါနီး ပြုသော ကုသိုလ်၊ အကုသိုလ် (သို့ မဟုတ်) ရှေးကပြုခဲ့သော “ကံ” တို့ကို ပြန်လည်သတိရ၊ အောက်မေ့ခြင်း၊ ဆင်ခြင်မိခြင်းဖြစ်လျှင် ထိုကံသည် ဒုတိယ အင်အားရှိစွာ အကျိုးပေးသည်။ အကု သိုလ်ဇောစိတ်ဖြင့် သေလျှင် အပါယ်သို့ ကျပြီး ကုသိုလ်ဇောစိတ်ဖြင့်သေလျှင် သုဂတိသို့လားမည်ဖြစ်သည်။
တတိယအကျိုးပေးမှာ အာစိဏ္ဏ ကံ ဖြစ်သည်။ သေခါနီး ဇောတွင် အာသန္နကံ မရှိပါက ဘ၀တစ်သက်တာပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့ ၏ အင်အားများရာကံက အကျိုးပေးပါမည်။ အင်အားအနည်းဆုံး ကံမှာ ကဋတ္တာ ကံဖြစ်သည်။ အမှတ်မထင်ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးပေး ဖြစ်သည်။
ဗုဒ္ဓပြောတဲ့ပညာ
ဗုဒ္ဓက ပညာကို အလေးထား ဟောသည်။ ထိုပညာသိသည် သေခါနီး အထိ အသုံးဝင် အကျိုးပေးသည်။ အာသန္နကံ (သေခါနီးပြုသောကံ) သည် အာစိဏ္ဏကံထက် (တစ်သက်တာပြု သောကံ) အင်အားပိုကြီးသည်ဟု ဆိုထားသည်။ တစ်သက်တာ အကုသိုလ် ပြုထားသူသည် သေခါနီးစိတ်ထားတတ်၊ အာရုံပြုတတ်လျှင် ဇောကောင်း၍ ထိုကံစွမ်းအားကြောင့် ပဋိသန္ဓေ ကောင်းတွင် နေရမည်ဖြစ်သည်။ သို့ သော်လည်း တစ်သက်တာအကုသိုလ် များလာသူတစ်ဦးအနေဖြင့် အနည်း အများ သတိရ၊ ဆင်ခြင်မိနိုင်သဖြင့် နဂို ကတည်းက အကုသိုလ် မများရန် လိုသည်။
ထို့ကြောင့် သေခါနီးလူတစ်ဦး အတွက် ကုသိုလ်၏အာသန္နကံ စွမ်းအားကြီးရန် အခြားအကုသိုလ်ဖြစ်စေသည့် တပ်မက်မှုများ၊ ပူလောင်မှုများ၊ မကြား၊ မမြင်ရန်လိုသည်။ ထိုဇောအားကြီးသဖြင့် သေခါနီးသူတစ်ဦး ဇောမှန်ရန် ကြိုတင်စီမံထားသင့်သည်။ ဤသည်မှာပင် လေးနက်သော အသိပညာ ၏ အသုံးချရာ၊ ချကြောင်းတစ်ခုဖြစ်သည်။
ဆောင်ပါ၊ ရှောင်ပါ
သုဂတိဘ၀ (လူ၊ နတ်) ရောက်ရန် သေအံ့ ဆဲဆဲ၌ ကုသိုလ်စိတ် အစဉ်ဖြစ်စေရန် အာသန္နကံကုသိုလ်၊ ကုသိုလ်ဇောစောရန် လိုအပ်သည်။ ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး တို့၏ဂုဏ်ကို ဆင်ခြင်ပွားများ အောက်မေ့နေတတ်ရန်ဖြစ်သည်။ ထိုသို့ ဆင်ခြင်နိုင်ရန်လည်း အလေ့အကျင့်ကောင်းများ ရှိထားရန်လို၏။ ဒါန၊ သီလ၊ ဘာဝနာ တို့ကို မသေခင်က စဉ်ဆက်မပြတ်ရင်းနှီးထားသင့်သည်။ ထိုမှရသော အလေ့ အကျင့်တို့ဖြင့် သေခါနီး၌ ကောင်းသော ဇောတို့ကို ဖြစ်စေနိုင်သည်။
အာသန္နကံ ကုသိုလ်ဇောစောနိုင်ရန် ရှေးမဆွကပင် ဒါန၊ သီလ၊ သမာဓိ၊ ပညာဖြင့် တရားတော်တို့ကို ပွားများ အားထုတ်ပြင်ဆင် လေ့ကျင့်ထားသင့်သည်။ မသေခင်က အကုသိုလ်တို့ကို ရှောင်ရှားသင့်၏။ တစ်သက်လုံး အကုသိုလ်တို့ဖြင့် ရင်းနှီးလာသူ တစ် ယောက်အနေဖြင့် သေခါနီးကုသိုလ် ကုသိုလ် အာသန္နကံကိုဆင်ခြင်လျှင် သေချာပေါက် လူတိုင်းရမည်ဟု အာမ မခံနိုင်။
တရားအားထုတ်ပါ
တရားအားထုတ်မှုဟူသည် ၀ိပဿနာအလုပ် တစ်နည်းအားဖြင့် ဉာဏ် အလုပ်၊ ပညာ အလုပ်ဖြစ်သည်။ ထို ပညာဉာဏ်ဖြင့် ဆင်ခြင်နှလုံးသွင်းမှု ကောင်းစေသည်။ ဇာတိကိုဖြစ်စေသော တဏှာကိုချုပ်အောင် ပညာဖြင့်သာ ဆင်ခြင်နိုင်သည်။ ၀ိပဿနာသည် ထိုင်ခြင်း သက်သက် မဟုတ်၊ ပညာဖြင့်ရှုခြင်း၊ ဆင်ခြင်ခြင်းသာ ဖြစ်သည်။ ထိုင်ပြီး ပညာဖြင့် မဆင်ခြင်နိုင်လျှင် အားထုတ်သည် မမည်။
မသိခြင်းသည် အ၀ိဇ္ဇာဖြစ်၍ ထို အ၀ိဇ္ဇာကြောင့် တဏှာဒိဋ္ဌိ ဖြစ်သည်။ “ငါ” ဟူသော အတ္တအခြေခံတို့ဖြင့် အရာရာကို မြင်လာလေ့ရှိသည်။ တကယ် တော့ “ငါ” ဟူသည်မရှိ၊ ဤသို့မြင်ခြင်း သည် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ၀ိဇ္ဇာဖြစ်ခြင်း ဖြစ်သည်။
သောတာပန်
သောတာပန်ဆိုသည်မှာ နိဗ္ဗာန်သို့ သွားရာ လမ်းမကြီးပေါ်သို့ ရောက်ရှိ သွားပြီးသူဖြစ်သည်။ အပါယ်လေးပါး အတွက် တံခါးပိတ်၍ နိဗ္ဗာန် အတွက် စိတ်ချရသူလည်း ဖြစ်သည်။ နိဗ္ဗာန် မရောက်မီ အများဆုံး နေရမည့် (၇) ဘ၀ တွင်လည်း မြတ်သော အမျိုးချည်း၌ ပဋိသန္ဓေ တည်မည့်သူ ဖြစ်သည်။ ကိလေသာ (၁၅၀၀) တွင် သောတာပန်သည် “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကိုသာ ပယ်သတ် ရသေးသောသူ ဖြစ်သည်။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို ငါ့ပိုင်၊ ငါ့ဥစ္စာဟု ခြွင်းချက်မရှိ ယုံကြည်သူသည် အတ္တဒိဋ္ဌိ သို့မဟုတ် သက္ကာယဒိဋ္ဌိ ဖြစ်၏။ ခန္ဓာ၊ ရုပ်နာမ်သည် ငါ “ဟုတ်သလော” “မဟုတ်သလော” ဟု နှစ်ခွဖြစ်မှု ယုံမှားခြင်းသည် “၀ိစိကိစ္ဆာ” ဖြစ်သည်။ သောတာပန်တွင် ဤတရားနှစ်ပါး ပြတ်သားရှင်းလင်းပြီး ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနများကား ကျန်သေးသည်။ လောကီ ကာမဂုဏ်တို့၌ မွေ့လျော်ဆဲ ဖြစ်သည်။ သို့သော်လည်း လူသာမန်တို့လောက် မပြင်းထန်လှ။
ကိလေသာမှာ အရေအတွက်အားဖြင့် (၁၅၀၀) ရှိသည်။ အလုံးစုံခန်းလျှင် ရဟန္တာဖြစ်၏။ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာပယ်နိုင်၍ သောတာပန်ဖြစ်သည်။ သောတာပန် သည် စာတတ်သူများအတွက် မဟုတ်၊ အသိပေါက်သူ၊ ပညာကြီးသူများမှာသာ ဖြစ်သည်။ သိမှု၊ ပညာသည်သာ အဓိကဖြစ်သည်။
- ဆရာ သိ
- စာ သိ
- နှလုံး သိ ဟူသော အသိ သုံးမျိုးရှိ၏။
ဆရာက မှတ်ခိုင်း၍သိသော သိမှု သည် (ဆရာ သိ) ဖြစ်ပြီး စာများများ ဖတ်ကာ စာသိမျှသိခြင်းကို (စာ သိ) ဟု ဆိုသည်။ ပညာဖြင့်ယှဉ်၍ နက်နက် နဲနဲသိပြီး “လိုက်နာကျင့်သုံးနိုင်” သော အဆင့်ကိုသာ (နှလုံး သိ) ဟု သတ်မှတ် သည်။ ထို နှလုံးသိ-အသိကသာ သောတာပန်ဖြစ်စေသောအသိ ဖြစ်၏။
- ဧကဗီဇ သောတာပန်
- ကောလံကောလ သောတာပန်
- သတ္တက္ခတ္တုပရမ သောတာပန် ဟူ၍ရှိသည်။
ပထမအမျိုးအစား သောတာပန် မှာ ထိုဘ၀မှာ သောတာပန်ဖြစ်၍ ထို ဘ၀မှာပင် ပရိနိဗ္ဗာန်ဝင်သည့် သောတာပန် ဖြစ်သည်။ ဒုတိယ သောတာပန်မှာ အများဆုံး ခြောက်ဘ၀နေပြီး ပရိနိဗ္ဗာန် ၀င်သော သောတာပန်အမျိုးအစားဖြစ် သည်။ တတိယအမျိုးအစားမှာ ၇ ဘ၀နေပြီး ပရိနိဗ္ဗာန်ဝင်သော သောတာပန်မျိုးဖြစ်သည်။ ထို့ကြောင့် သောတာပန်ဖြစ်လျှင် အများဆုံး ၇ ဘ၀သာ နေရလေ့ရှိပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင် ကြရသည်။
အခြေခံတရား (၄) ပါး
- ပိုင်းခြားသိရမည့်တရား ဖြစ်သည်။
(ခန္ဓာငါးပါး၊ ရုပ်နာမ်ဖြစ်လျက် တရား သာရှိ၍ အို၊ နာ၊ သေ၊ ဒုက္ခဘေးဆိုးမှ မလွတ်သော “ဒုက္ခသစ္စာ”ဖြစ်သည်။)
- ပယ်ရမည့်တရား ဖြစ်သည်။
(လိုချင်တပ်မက်မှု ၊ တဏှာစွဲလမ်းမှု တို့ကြောင့် ဖြစ်ပေါ်လာသော “သမုဒယ သစ္စာ” ဖြစ်သည်။)
- မျက်မှောက်ပြုရမည့်တရား ဖြစ်သည်။
(လိုချင်မှု၊ တဏှာသမုဒယကို မဂ်ဉာဏ် ဖြင့်ပယ်ကာ ခန္ဓာ၊ ဇာတိချုပ်သော ဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းသောတရား “နိရောဓ သစ္စာ” ဖြစ်သည်။)
- ပွားများရမည့်တရား ဖြစ်သည်။
(သမုဒယကိုပယ်၍ ဒုက္ခကို ပိုင်းခြား သိလျက် နိရောဓသစ္စာကို မျက်မှောက် ပြုရန် အမှန်မြင်သိ ဆုံးဖြတ်နိုင်ရန် အားထုတ်မှု “မဂ္ဂသစ္စာ” ဖြစ်သည်။ “ဒုက္ခ သစ္စာ” တစ်ပါးကို အသေအချာသိလျှင် ကျန်သုံးပါးအလိုလိုသိလာနိုင်သည်။)
မဂ္ဂင်ရှစ်ပါး
ပညာဦးစီး (ပညာမဂ္ဂင်)
၁။ သမ္မာဒိဋ္ဌိ (အမြင်မှန်)
၂။ သမ္မာသင်္ကပ္ပ (အကြံမှန်)
သီလဦးစီး (သီလမဂ္ဂင်)
၃။ သမ္မာဝါစာ (အပြောမှန်)
၎။ သမ္မာကမ္မန္တ (အလုပ်မှန်)
၅။ သမ္မာအာဇီဝ (အသက်မွေးမှန်)
သမာဓိဦးစီး
၆။ သမ္မာဝါယာမ (၀ီရိယမှန်)
၇။ သမ္မာသတိ (သတိမှန်)
၈။ သမ္မာသမာဓိ (သမာဓိမှန်)
မဂ္ဂင်ရှစ်ပါးကိုစုလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သုံးခုရ။
သေလျှင်မခက်တော့ပါ
စိတ်မထားတတ်လျှင် သေရမှာ ကြောက်ကြ၏။ စိတ်ထားတတ်လျှင် သေမှာ မကြောက်တော့၊ ကိုယ်တစ်ဦး တည်း သေရသည် မဟုတ်၊ ရှေးက သေပြီးကြသူများ၊ ကိုယ့်နောက်မှာ သေ ကြဦးမည့်သူများနှင့် ဖြစ်သည်။ တကယ်တော့ စက္ကန့်မလပ် ဆဲလ်များ သေနေကြသည်။ နေ့စဉ်အမျှ အိပ်ပျော်ခြင်းဖြင့် ခေတ္တ သေနေကြခြင်းလည်း ဖြစ်သည်။ သံသရာ တစ်လျှောက် ဘ၀ များစွာ သေခဲ့ကြဖူးသူများလည်း ဖြစ် သည်။ တစ်ဘ၀စာသေရန် ကြောက်ဖို့ မလိုတော့။ သေခါနီး ဘ၀ကူးကောင်း ရန်သာလိုသည်။ ဇောကောင်းရန်ဖြစ်၏။ အားကြီးသောကံတို့၏ အကြောင်းကို သိခြင်းဖြင့် အသေကောင်းနိုင်ကြသည်။ တစ်စုံတစ်ရာ ကြိုတင် ပြင်ဆင်ထားနိုင်၏။ သေခါနီးမှာ နောင်တတွေ ရတတ် ကြ၏။ နောင်တများမရအောင် မသေခင်က နေတတ်ဖို့၊ ရှင်သန်တတ်ဖို့ လိုသည်။ သေခါနီး နောင်တရသည့်သူများ ကုသိုလ် အာသန္နကံ အားမကောင်းနိုင်။
ဤသဘာဝများသိလျှင် မသေခင် ကတည်းက ကုသိုလ်များ၍ အကုသိုလ် ရှောင်နိုင်ရန် ဖြစ်သည်။
နေဇင်လတ်
(စာကိုး -ဦးတော်(အမရပူရ)၏ သေခြင်းဆိုင်ရာ အဘိဓမ္မာနှင့် သောတာပန်၊ ဤစာဖြင့်ထပ်မံ ပူဇော်အပ်ပါသည်။)
Shared from Vimuttisukha Bliss

No comments:
Post a Comment