Wednesday, April 18, 2012

ကျန်းမာပျော်ရွှင်ဖို့ အိပ်ရေးဝဝ အိပ်ကြစို့

အိပ်ရေးဝခြင်းနှင့် ကျန်းမာရေးတို့သည် ဆက်စပ်လျက်ရှိသည်။ အိပ်ရေးဝဝ အိပ်ရသောသူတယောက်သည် ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းလျက်ရှိနိုင်သည်။ အိပ်ရေးဝဝ မအိပ်ရသောသူများသည် ကျန်းမာရွှင်လန်းမှု မရှိသည့်အပြင် အလုပ်လုပ်ရာတွင်၎င်း၊ ပညာသင်ကြားရာတွင်၎င်း၊ အဆင်ပြေချောမွေ့မှုမရှိကြောင်း လက်တွေ့မြင်တွေ့ခဲ့ရဖူးပါသည်။

စာရေးသူ ကျောင်းဆရာဘဝ၌ရှိစဉ် အိမ်၌ အိပ်ရေးဝဝမအိပ်ခဲ့ရသော ဆရာမတဦး တာဝန်ထမ်းဆောင်နေစဉ် ကလေးများအား သင်ပုန်းမှစာများကို ကူးရေးခိုင်းပြီး ဆရာမသည် စာမေးပွဲတွင် ထိုင်အိပ်ငိုက်နေသည်ကို သတိပေးဆူပူခြင်းကို ခံခဲ့ရပါသည်။

ကားမောင်းသူ လေယာဉ်ပျံမောင်းသူ သင်္ဘောမောင်းသူတို့မှာ အိပ်ရေးဝဝအိပ်ပြီး တာဝန်ဆမ်းဆောင်စဉ် အိပ်မငိုက်မိအောင် အထူးသတိထား မောင်းနှင်သင့်ပါသည်။ ခရီးသည်အားလုံး၏ အသက်ဘေး လုံခြုံမှုမရှိခြင်းမှာ သူတို့၏လက်ထဲတွင်ရှိသည် မဟုတ်ပါလော။ (၂၀၀၉)ခုနှစ်အတွင်းက ပုသိမ်မြို့နယ် ရှမ်းငူရွာအနီးတွင် ရေယာဉ်နှစ်စင်း အိပ်ငိုက်မောင်းသူ ဆလင်၏ ပေါ့ဆမှုကြောင့် တိုက်မိကြပြီး ခရီးသည်တင်ရေယာဉ်တစင်းမှာ နစ်မြုပ်သွားခဲ့၍ လူအသေအပျောက်များ ရှိခဲ့ရသည်။

စစ်ဖြစ်နေသော ဒေသများတွင် အိပ်ရေးဝစွာ မအိပ်ရသဖြင့် အိပ်ငိုက်နေသော ကင်းသမားကြောင့် ရန်သူ၏အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံရကာ ဆုံးရှုံးမှုများ ရှိခဲ့ကြရသည့် အဖြစ်အပျက်များသည် သတိထား ဂရုပြုစရာဖြစ်သည်။ စာရေးသူ ၁၀-တန်းစာမေးပွဲစစ်ဆေးချိန် အခန်းစောင့်တာဝန်ကျစဉ်

ကျောင်းသူ ကျောင်းသားအချို့ အိပ်ရေးဝဝ မအိပ်ကြဘဲ မိုးအလင်း စာကြည့်ခဲ့ကြသဖြင့် စာဖြေခန်းထဲတွင် အိပ်ငိုက်သူကငိုက်၊ ခေါင်းမူးသူကမူး၊ အော့အန်သူကအော့အန်နှင့် စာကို ရာခိုင်နှုန်းပြည့် မဖြေဆိုနိုင် သည်ကို မြင်တွေ့ခဲ့ရဖူးပါသည်။ သူတို့ကိုလေ့လာကြည့်သောအခါ စာမေးပွဲကို ကြောက်ကြပြီး စိုးရိမ်လွန်ကာ စာမေးပွဲနီးသောကာလတလျှောက် ညအချိန် အိပ်ရေးပျက်ခံကာ စာကိုကြည့်ကြပါသည်။ အိပ်ရေးပျက်တော့ အစားပါ ပျက်လာပါသည်။ အအိပ် အစားပျက်တော့ ကိုယ်ခံအားနည်းလာပြီး ကျန်းမာရေးကို ထိခိုက်လာပါသည်။ ကိုယ်ခန္ဓာကြံ့ခိုင်မှုမရှိတော့ဘဲ စာမေးပွဲဖြေသောအခါ စိတ်သွားတိုင်း ကိုယ်မပါတော့ပေ။ အတွေ့အကြုံအရ စာမေးပွဲနီးလာလျှင် ကျောင်းသားကျောင်းသူများသည် အိပ်ရေးဝဝ အိပ်ကြပြီး ကျန်းမာရေးကို ဂရုစိုက်သင့်သည်။

အိပ်ရေးဝဖို့ရန် လောဘ ဒေါသ မောဟတွေ နည်းဖို့ လိုအပ်ပါသည်။ မိတ်ဆွေတဦး ပြောဖူးသည်ကို သတိထားမိ၏။

ဆရာကျော်...ကျွန်တော်အနေနဲ့ ည-ဆိုတာ မရှိရင် ကောင်းမယ်ထင်တယ်။ ကျွန်တော် ကျူရှင်ဝိုင်းတွေ လိုက်သင်ရတာ အားမရဘူး။ ည-ရှိနေလို့ အိပ်ချိန်ဆိုတာ ထားနေရတယ်။ ည မရှိရင် ၂၄-နာရီ အလုပ်လုပ်လို့ရတယ်-ဟု ပြောခဲ့သူ ဆရာသည် တညအိပ်ချိန် ၃-နာရီလောက်သာ ထားခဲ့သည်။ ည အိမ်ပြန်ရောက်ချိန် နောက်ကျသကဲ့သို့ နံနက်မိုးမလင်းခင် အိမ်ကထွက်၍သွားတတ်သည်။ ကြာလာတော့ အိမ်တွင် မိသားစုပြဿနာနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် အိပ်ရေးမဝ၊ အိပ်ရေးပျက်ချိန်များသဖြင့် အစားပါ ပျက်လာပြီး နေမကောင်းဖြစ်ကာ အလုပ်မှ နှစ်မပြည့်မီ ပင်စင်ယူသွားရရှာသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် နေ့စဉ် အိပ်ရေးပျက်မခံဘဲ အိပ်ရေးဝဝအိပ်ကြဖို့ လိုအပ်ပါသည်။ သို့မှသာ ကျန်းမာရေးကို မထိခိုက်စေဘဲ စိတ်သွားတိုင်း ကိုယ်ပါ၍ လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့နိုင်ကြမည်

ဖြစ်ပါသည်။ အိပ်ရေးပျက်ခြင်းနှင့် ပတ်သက်၍ သုတေသနပြုတွေ့ရှိချက်များကိုလည်း ဖော်ပြလိုက်ပါသည်။

အိပ်ရေးပျက်၍ ကျန်းမာရေးထိခိုက်---

လူ့လောကကြီးတွင် လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ကြရသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် အလုပ်လုပ်ခြင်းသည် အရေးကြီးခဲ့သည်။ အလုပ်ကို နေ့စဉ်လုပ်အားပြည့် လုပ်ကိုင်နိုင်ဖို့ အတွက် အားအင်ပြန်လည်ပြည့်ဖြိုးလာရန်နှင့် ကျန်းမာရေးကောင်းစေရန် အိပ်စက်အနားယူမှုမှာလည်း အရေးကြီးလိုအပ်သည်။ အလုပ်ချိန်များမှုသည် အိပ်ချိန်ကို လျော့နည်းစေသည့်အချက်များတွင် ပါဝင်သည်။ တလလျှင် လေးနာရီနှင့် လေးနာရီခွဲခန့်သာ အိပ်ရသောသူများသည် နေ့စဉ် နှစ်နာရီခန့် အိပ်စက်အနားယူမှုကို ထိခိုက်လျက်ရှိကြောင်းနှင့် အိပ်ချိန်နည်းပါးမှုသည် ကျန်းမာရေးကို ထိခိုက်စေကြောင်း အမေရိကန်သုတေသန ပညာရှင်များ၏ သုတေသနပြုချက်များတွင် ဖော်ပြထားသည်။

အမေရိကန်သုတေသနပညာရှင်များသည် လူငါးသောင်းခန့်အား အိပ်ချိန်နှင့်ပတ်သက်၍သုတေသန

ပြုလုပ်ခဲ့ရာ အိပ်ချိန်နည်းပါးသူတို့သည် မီးထွန်းထားသော ဖယောင်းတိုင်ကဲ့သို့ ကျန်းမာရေး အနေအထားမှာ တဖြည်းဖြည်းချင်း လောင်ကျွမ်းခံနေရကြောင်း သုတေသနပညာရှင် ဂျက်စီကာ အလက်ဇန္ဒြားက

ပြောကြားခဲ့သည်။ လူတဦးအနေဖြင့် ညဘက်တွင် တနေ့ ခုနစ်နာရီနှင့် ကိုးနာရီခန့် အိပ်စက်အနားယူမှသာ ကျန်းမာရေးကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိပ်ရေးပျက်လွန်း၍ နှလုံးရောဂါ နှစ်ဆဖြစ်နိုင်---

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဆေးသုတေသနဌာနမှ သုတေသနပညာရှင်များသည် အိပ်ရေးပျက်ခြင်းနှင့် ကျန်းမာရေး ချို့ယွင်းခြင်းတို့၏ ဆက်စပ်မှုကို သုတေသနပြု စမ်းသပ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်သုတေသနပြု ခဲ့ရာတွင် နေ့စဉ် အိပ်ချိန်နည်းပါးသူများသည် နှလုံးရောဂါဖြစ်ပွားနိုင်မှု နှစ်ဆဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြ သည်။ နေ့စဉ် အိပ်ချိန်နှင့်ပတ်သက်ပြီး လူ(၁၀၃၀၈)ဦးကို သုတေသနပြုခဲ့ရာ ညပိုင်း အိပ်ချိန်နည်းပါးသူ တို့သည် ကျန်းမာရေးချို့ယွင်းမှုများပြီး နှလုံးရောဂါ နှစ်ဆဖြစ်ပွားစေကြောင်းတွေ့ခဲ့ရသည်ဟုဆိုသည်။

လူတဦးသည် ညပိုင်း အိပ်ချိန်အနည်းဆုံး ခုနစ်နာရီခန့်ရှိသင့်ကြောင်း ထို့ထက်နည်းပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှ သုတေသနပညာရှင် ပါမောက္ခ ဖရန်စစ်ကိုကာပူစီက

ပြောကြားခဲ့သည်။ လူတဦးသည် ပုံမှန်အားဖြင့် ညပိုင်းအချိန်တွင် ပုံမှန် ခုနစ်နာရီခန့် အိပ်စက်အနားယူသင့်ကြောင်း၊ ထို့ထက် လျော့နည်းပါက ခန္ဓာကိုယ်တွင် ဇီဝဖြစ်စဉ် ယိုယွင်းပြီး ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကြောင်း ထို့ပြင် သွေးတိုးနှင့် ဆီးချိုရောဂါများလည်း ဖြစ်ပွားစေ

နိုင်ကြောင်း ပါမောက္ခ ဖရန်စစ်ကိုကာပူစီက ပြောကြားခဲ့သည်။

အိပ်ပျော်စေသည့်နည်း ၇-နည်း---

အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို ဆေးသုတေသနပညာရှင်များ၏ သုတေသနပြုချက်အရ သိရှိကြရပြီး ဖြစ်သဖြင့် အိပ်ရေးဝအောင် အိပ်နိုင်ဖို့ အရေးကြီးလိုအပ်ပါသည်။ အလုပ်သမားများသည်လည်း အလုပ်ပင်ပန်းလွန်း၍ ညအိပ်ချိန်တွင် အိပ်မပျော်တတ်။

ကျောင်သားကျောင်းသူများသည်လည်း ပညာခေတ်ကြီးမှာ နည်းပညာများကို အပြိုင်အဆိုင်ကြိုးစားကြရ၍ ည,ည အိပ်မပျော်တတ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း ဈေးကွက်စီးပွားရေးစနစ်မှာ တိုးတက်ကြီးပွားနိုင်စေရန် စဉ်းစားနေကြရသဖြင့် ည,ည အိပ်ရေးမဝ၊ အိပ်ရေးပျက်သောညများ တဖြည်းဖြည်းများလာကြသည်။ ကြာတော့လည်း စိတ်ဖိစီးမှုတွေ များပြားလာပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါသည်။

လူတန်းစားအသီးသီး ဖြစ်ပေးတတ်သော အိပ်မပျော်သည့်ဝေဒနာကို ပျောက်ကင်းစေပြီး အိပ်ရေးဝဝ အိပ်နိုင်ရန်၊ ကောင်းစွာအိပ်ပျော်ရန် နည်းလမ်းများရရှိဖို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆေးသုတေသန ပညာရှင်များသည် သုတေသနပြုလေ့လာစမ်းသပ်ပြီးနောက် တွေ့ရှိရသော အဖြေ(၇)ချက်ကို ထုတ်ဖော်ကြေညာပေးခဲ့သည်။ သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားသည့် အိပ်ပျော်အောင် လေ့ကျင့် လုပ်ကိုင်နေထိုင်ရမည့် နည်း(၇)နည်းမှာ---

(၁) အချိန်မှန်မှန် အိပ်ပါ---

မိမိ၏အိပ်ချိန်ကို သတ်မှတ်ထားပါ။ နေ့စဉ် ည(၁၀)နာရီအိပ်မည်ဟု ဆုံးဖြတ်ထားပါက ယင်းအချိန်တွင် အိပ်ဖြစ်အောင်အိပ်ပါ။ ထိုသို့ လေ့ကျင့်ထားခြင်းဖြင့် ည(၁၀)နာရီသို့ ရောက်ရှိလျှင် အိပ်ချင်လာသည့် အလေ့အကျင့်ကို ရရှိသွားလိမ့်မည်ဖြစ်သည်။ အချိန်မှန်မှန်အိပ်ခြင်းဖြင့် အိပ်ပျော်စေသည့် အလေ့အကျင့်ကောင်းကို ရနိုင်ပါသည်။

(၂) ညဥ့်နက်သည်အထိ စာမဖတ်ပါနဲ့---

မိမိ၏အိပ်ချိန်ကို (၁၀)နာရီသတ်မှတ်ထားပါက မည်မျှစိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ်ကိုပင်ဖြစ်စေ ည(၁၀)နာရီထက်ပိုပြီး မဖတ်သင့်ပေ။

သို့မဟုတ်ပါက မိမိရရှိထားပြီးဖြစ်သော အလေ့အကျင့်ကောင်းသည် ပျက်သွား၍ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်တတ်သည်။ ထိုနည်းတူ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ကြည့်တတ်သူများသည်၎င်း၊ အင်တာနက်ကြည့်တတ်သူများသည်၎င်း၊ မိမိသတ်မှတ်ထားသောအိပ်ချိန်ကို မထိခိုက်ရန် အထူးသတိထားသင့်ကြပါသည်။ သို့မဟုတ်ပါက အလေ့အကျင့်ကောင်းသည် ပျက်စီးသွားတတ်ပါသည်။

(၃) အတွေးနယ် မချဲ့ပါနဲ့---

တနေ့လုံး အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုဒဏ်များကြောင့် ညအချိန်အိပ်ရာဝင်ခါနီးတွင် အိပ်မပျော်ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် မိမိ၏စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်လျှင် အတွေးနယ်ချဲ့ကာ စိတ်သည် ဟိုရောက်ဒီရောက်နှင့် ကမ္ဘာကိုပတ်၍ နေတတ်သည်။ ထိုအခါ တော်တော်နှင့် အိပ်၍မပျော်တော့ပါ။ ထိုအချိန်မျိုးတွင် စိတ်ကို တည်ငြိမ်အောင် အကောင်းဆုံးပြုနည်းမှာ မိမိ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ပုတီးစိပ်ခြင်းနှင့် တရားမှတ်ခြင်းတို့ကို ပြုလုပ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

(၄) ကိုယ်တွင်းအနွေးဓာတ် ရရှိရန် လုပ်ဆောင်ပါ---

ညအိပ်ရာဝင်ခါနီးတွင် ကိုယ်တွင်းအနွေးဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းသည်လည်း ကောင်းစွာ အိပ်ပျော်စေပါသည်။ ကိုယ်တွင်း အနွေးဓာတ်ရရှိစေရန် ရေနွေးနှင့် ရေချိုးပေးနိုင်သည်။ ရေနွေးနှင့်

ရေချိုးပေးခြင်းဖြင့် တကိုယ်လုံးရှိ အကြောများ ပြေလျော့သွားပြီး လူလည်း လန်းဆန်းလာပါသည်။ တနေ့လုံး အလုပ်လုပ်ခဲ့ရ၍ ခံစားရသော မောပန်းမှုများမှာလည်း ပျောက်ကင်းသက်သာသွားစေသည်။ စာရေးသူကိုယ်တွေ့ဖြစ်သည်။ စာရေးသူ စင်ကာပူသို့ ရောက်ရှိခဲ့စဉ်က တနေကုန်မရောက်ဖူးသေးသည့် ထင်ရှားသော နေရာများနှင့် ကုန်တိုက်ကြီးများကို တနေရာပြီးတနေရာ နေရာအနှံ့ လှည့်လည်သွားရောက် ကြည့်ရှုခဲ့ပါသည်။ ညအချိန်ရောက်မှ ဝိုင်အမ်စီအေဟိုတယ်သို့ ပြန်ရောက်ခဲ့ရာ လူမှာ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပါသည်။ ပင်ပန်းလွန်းသဖြင့် ရင်မောပြီး အိပ်၍မပျော်တော့ပါ။ သူငယ်ချင်းဖြစ်သူ တက္ကသိုလ်မြတ်သွင်က ရေနွေးဖြင့် ရေချိုးလိုက်ရန် အကြံပေး၏။ သို့ဖြင့် စာရေးသူလည်း ရေချိုးခန်းသို့ဝင်ကာ

ရေပူ၊ ရေအေးစပ်ပြီး ရေနွေးဖြင့် ရေစိမ်ချိုးလိုက်ပါသည်။ ရေနွေးဖြင့် ရေချိုးပြီးသောအခါ အံ့သြဖွယ်

ကောင်းလောက်အောင် လူမှာ လန်းဆန်းသွားပါသည်။ ထို့နောက် အိပ်ရာသို့ ဝင်ရောက်အိပ်သောအခါ

ကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။ နံနက်(၇)နာရီထိုး၍ သူငယ်ချင်းမြတ်သွင် သင်တန်းတက်ရန် သွားခါနီးနှိုးမှသာ စာရေးသူ အိပ်ရာက နိုးပါတော့သည်။

(၅) ကော်ဖီ မသောက်ပါနဲ့---

အိပ်ခါနီး အချို့က ကော်ဖီခါးခါးတခွက်လောက် သောက်ပြီးမှ အိပ်တတ်ပါသည်။ အိပ်ခါနီး ကော်ဖီသောက်တတ်သည့် အလေ့အကျင့်သည် ကောင်းသည်ဟု မဆိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်ခါနီး ကော်ဖီသောက်ခြင်းသည်လည်း အိပ်မပျော်ခြင်းကို

ဖြစ်စေသောကြောင့် ဖြစ်သည်။ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်၍ သောက်သုံးသူကို စွဲလမ်းစေသည့်အပြင် သောက်ပါများလျှင် မျက်စိကြောင်၍ အိပ်မပျော်ဖြစ်တတ်သည်။ တခုခုသောက်လိုသောဆန္ဒရှိပါက နွားနို့သောက်၍ အိပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံဉာဏ် ပေးတတ်သည်။ မြန်မာလူမျိုးတို့သည် အိပ်ခါနီး မိသားစုစကားဝိုင်းများတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို စားသောက်တတ်ကြသည်။ လက်ဖက်ကြောင့်လည်း မျက်စိကြောင်ကာ အိပ်မပျော်ဖြစ်တတ်ပါသည်။

(၆) အရက်မသောက်ပါနဲ့---

အိပ်ခါနီးအချိန်တွင် အရက်သောက်ခြင်းသည်လည်း အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ အချို့သူများသည် အရက်မူး ကျွဲခိုးပေါ် ဆိုသကဲ့သို့ အရက်မူးလာလျှင် စကားကို တွင်တွင်သာပြောပါသည်။ အိပ်ချိန်ရောက်လျှင် အိပ်ရန်ကိုပင် မေ့လျော့ကာနေတတ်သည်။ သို့ဖြင့် အရက်ကြောင်, ကြောင်ပြီး အိပ်မပျော်သောရက် များများလာသောအခါ စိတ်ဝေဒနာရှင်များအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။

(၇) အိပ်ခါနီး ဆူညံသံကင်းရမည်---

အိပ်ခါနီးအချိန်တွင် ဆူညံလွန်းသောအသံများကို ကြားရပါက အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်ကာ အိပ်၍မပျော်တတ်ပေ။ တခါတရံ အိပ်ပျော်နေစဉ်ပင် လန့်၍နိုးတတ်ပါသည်။ သို့သော် သာယာငြိမ့်ငြောင်းသော တေးဂီတသံများမှာမူ အိပ်ပျော်ခြင်းကို ဖြစ်စေသည်ဟု ကျန်းမာရေး သုတေသီတို့က ပြောကြားကြပါသည်။ ကလေးငယ်များပင်လျှင် တေးဂီတသံများကြောင့် အချိန်တိုအတွင်း အိပ်ပျော်သွားတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု ဗြိတိန်ပညာရှင်များက ပြောကြားခဲ့သည်။

အိပ်ပျော်အောင် ကောင်းကောင်းအိပ်နိုးကြမှသာလျှင် ကာယသုခ၊ စိတ္တသုခ ဟူသော နှစ်ဖြာသောသုခနှင့် ပြည့်စုံနိုင်ကြပြီး ရောဂါဘယလည်း ကင်းဝေးကြမည်ဖြစ်ပေသည်။ ထိုသို့ ကျန်းမာကြံ့ခိုင်မှသာလျှင် လုပ်ငန်းခွင်တွင်လည်း အဆင်ပြေချောမွေ့ကြမည်ဖြစ်သည်။



ဥက္ကာကျော် (ပုသိမ်)

မှီငြမ်း---* အင်တာနက် ကျန်းမာရေးသတင်း။

Shared from http://www.mawluu.com/2011/10/blog-post_02.html

Shared from Health Articles

No comments:

Post a Comment