ဟုတ်ပါတယ်။ လူတော်တော်များများရဲ့ ဒုက္ခမှန်သမျှဟာ စိတ်ကို အခြေခံပြီးပဲ ဖြစ်လေ့ရှိကြတာဆိုတော့ ပြောရင်လည်း စိတ်အကြောင်းကိုပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ အဆိုးအကောင်း ရလာဘ်အားလုံးရဲ့ တရားခံဟာ စိတ်ကြောင့်ပဲဖြစ်သလို အရာအားလုံးကို ဦးဆောင်ထားလည်း ဒီစိတ်ပဲဖြစ်တဲ့အတွက် ကောင်း၊ မကောင်းတဲ့ ရလာဘ်တွေ အပေါ်မှာ လိုက်ခံစားတာလည်း စိတ်ကပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ရှိသမျှ လိုက်ခံစားမိတဲ့အတွက်ကြောင့်လည်း ခုနပြောခဲ့တဲ့ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပင်ပန်းတာ၊ စိတ်ဖိစီးတာ စတာတွေလည်း ဖြစ်လာကြတော့ ဖြစ်ပါတယ်။ အရင်းစစ်တော့ အရာအားလုံးဟာ စိတ်ကြောင့်ပဲ ဖြစ်တယ်ဆိုတာ အထင်အရှား တွေ့မြင်ရတာ ဖြစ်ပါတယ်။
“စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု” ဆိုတဲ့ စကားအတိုင်း စိတ်ဟာရုပ်တရားကိုလည်း ပြောင်းလဲထောက်ပံ့ ပေးနိုင်တာ ဖြစ်ပါတယ်။ ရုပ်ကိုဖောက်ပြန်စေတတ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ဒီအကြောင်းတရား လေးပါးမှာ စိတ်ကြောင့် ရုပ်တရား ပြောင်းလဲဖောက်ပြန်မှုဟာလည်း သတ္တဝါအများ အများဆုံး ကြုံတွေ့ကြရတတ်တဲ့ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှု များတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့ သူတွေ၊ စိတ်သောကတွေနဲ့ မပြတ်ကြုံနေရတဲ့ သူတွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ သူတို့ရဲ့ ခံစားမှုတွေက အလိုလို ထင်ဟပ်ပြနေသလို ဖြစ်နေတတ်ပါတယ်။ ဒီလိုပဲ စိတ်အစဉ် ကြည်လင်နေတဲ့သူတွေ၊ စိတ်ပျော်ရွှင်နေတဲ့ သူတွေ၊ စိတ်မှာ အပူအပင် ကင်းနေတဲ့သူတွေရဲ့ မျက်နှာအမူအရာတွေကျပြန်တော့ အေးချမ်းကြည်လင်နေတဲ့ အသွင်ကို ဆောင်နေတတ်တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ဆောင်လို့ ရုပ်ပြောင်တဲ့သဘော၊ စိတ်ထောင်းလို့ ရုပ်ပြောင်းတဲ့ သဘောပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က “စိတ္တေန နိယျတေ လောကော = စိတ်ဟာ လောကကို ဆောင်တယ်”လို့ ဟောတော်မူပါတယ်။ သက်ရှိသက်မဲ့ အရာအားလုံးမှာ စိတ်ကအခရာကျပြီး လောကကြီးတစ်ခုလုံးကို စိတ်ကရှေ့ဆောင် ပြုထားကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ လောကတစ်ခု အနေနဲ့ ပြောရင် သတ္တဝါ တစ်ဦးဦးရဲ့ ရုပ်နာမ်အစု ခန္ဓာကိုယ် တစ်ခုလုံးဟာ လောကတစ်ခုပဲ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အားလုံးမှာ စိတ်ကအဓိက ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒီအမူအရာ အားလုံးမှာ စေတနာကောင်းပါတဲ့စိတ်၊ စေတနာဆိုးပါတဲ့ စိတ်တွေက အကျိုးသက်ရောက်မှုကို ဖြစ်စေတာ ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ စိတ်စေတနာကို အထူးသတိပြု လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
စိတ်ရဲ့သဘောကလည်း အာရုံနဲ့ ထိတွေ့တဲ့အခါ အလွယ်တကူ ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနဲ့တွေတဲ့အခါ အဲဒီအာရုံတွေနောက်ကို စိတ်က အလွယ်တကူ လိုက်သွားတတ်ပြီး ခံစားမှုကိုလည်း အလွယ်တကူ ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ ကောင်းတဲ့အာရုံ တစ်ခုခုမှာ စိတ်အစဉ် တည်တံ့နေအောင် ကြိုးစားအားထုတ်ဖို့ ခက်ခဲတတ်ပေမယ့် မကောင်းတဲ့ အာရုံမှာဆိုရင်တော့ အလိုလိုကို ပျော်နေမိတော့တာ ဖြစ်ပါတယ်။ ကောင်းတဲ့အာရုံတွေဟာ သီးသန့်ကြိုးစား အားထုတ်ယူမှ ရတတ်ပေမယ့် မကောင်းတဲ့ အာရုံတွေကတော့ တစ်ယောက်တည်းနေလည်း ဖြစ်နေတတ်သလို အများနဲ့နေလည်း ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အကောင်းအဆိုး အမျိုးမျိုးဟာ အာရုံတွေမှာ စိတ်ကပါနေကြလို့ပဲ ဖြစ်ပါတယ်။
ဆိုတော့ကား စိတ်ညစ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ စတာတွေဟာ ကိုယ့်စိတ်ကို အာရုံတွေမှာ လိုက်ပြီး ခံစားနေမိကြလို့ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ မြင်ရတဲ့အာရုံ၊ ကြားရတဲ့အာရုံ စတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတွေမှာ စိတ်ကလိုက်ပြီး ခံစားနေမိတတ်တဲ့အတွက် မမြင်ချင်တာကို မြင်ရတဲ့အခါ၊ မကြားချင်တာကို ကြားရတဲ့အခါ၊ မခံစားချင်တာကို ခံစားရတဲ့အခါ စတာတွေမှာ အဲဒီအာရုံတွေရဲ့ ဆွဲရာကို ပါသွားတဲ့ စိတ်အစဉ်မှာလည်း မကျေနပ်မှုတွေ၊ မကြည်လင်မှုတွေ၊ မပျော်ရွှင်မှုတွေ စသဖြင့် ဖြစ်လာတော့တာ ဖြစ်ပါတယ်။ အာရုံတွေရဲ့ ဆွဲရာနောက်ကို စိတ်ကာ ကြာကြာလိုက်သွားမိလေ ကိုယ့်မှာစိတ်ခံစားမှုတွေ ကြာကြာဖြစ်လေ၊ အာရုံတွေနောက်ကို စိတ်က များများလိုက်ပြီး ခံစားလေလေ ကိုယ့်မှာ စိတ်ခံစားမှုတွေ များလေပဲ ဖြစ်ပါတယ်။ စိတ်ဟာ ကောင်းတဲ့အာရုံတွေကို လိုက်ဖို့ခက်ပေမယ့် မကောင်းတဲ့ အာရုံတွေဆိုရင်တော့ အလျဉ်အမြန် ထုတ်ပစ်ဖို့ ခက်တတ်ပါတယ်။ ဒါကြောင့်လည်း လူအတော်များများမှာ စိတ်နဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားမှုတွေ များများဖြစ်နေတတ်ကြတာ ဖြစ်ပါတယ်။
ဒီလိုဆိုတော့ အဖြေက ရှင်းပါတယ်။ စိတ်ညစ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ စတာတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်စိတ်ကို အာရုံတွေနောက်မှာ လိုက်မခံစားမိဖို့၊ အာရုံတွေရဲ့ ဆွဲရာနောက်ကို ပါမသွားမိဖို့ပဲ လေကျင့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေကျင့်ဖို့ဆိုတာကလည်း ကိုယ့်စိတ်ကို သိမှပဲ လေ့ကျင့်လို့ ရမှာ ဖြစ်ပါတယ်။ သိဖို့ဆိုတာကလည်း သတိရှိမှပဲ ဖြစ်မှာပါ။ သတိရှိဖို့အတွက်ကတော့ သမာဓိကို အခြေခံတဲ့ အာရုံကောင်းတွေမှာ စိတ်အစဉ် တည်နေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စိတ်ဟာ မကောင်းတက်ဘက်မှာပဲ ပျော်မွေ့တတ်တာများတဲ့အတွက် အာရုံကောင်းတွေနဲ့ ပျော်မွေ့နိုင်ဖို့ ကိုယ့်ကိုယ်ပြုပြင်နိုင်တဲ့၊ ပြုပြင်ချင်တဲ့ စိတ်စေတနာ၊ ထက်သန်တဲ့ သဒ္ဓါတရား၊ ကြိုးစားအားထုတ်လိုတဲ့ ဝိရီယတရား၊ အကြောင်းအကျိုးကို ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ အရာအားလုံးမှာ အချုပ်ဖြစ်တဲ့ သတိတရားတွေ ပိုမိုတိုးပွားလာအောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ မမေ့မလျော့ သတိရှိနေဖို့ပဲ ဖြစ်ပါတယ်။ သတိရှိနေရမယ်ဆိုတာက ကိုယ့်စိတ်ကို သိနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။
အမှန်တော့ စိတ်မှာမကောင်းတဲ့ ခံစားချက် အမျိုးမျိုးဖြစ်နေကြတာ၊ အဲဒီခံစားမှုနောက်ကို အချိန်အကြာကြီး လိုက်ခံစားနေကြတာတွေဟာ ကိုယ့်သန္တာမှာ သတိမရှိလို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်မှာရှိတဲ့ ခံစားချက်ကို မသိလို့ဘဲ ဖြစ်ပါတယ်။ ခံစားချက်ရဲ့ သဘောကလည်း အဲဒီခံစားချက်ကို မသိဘူးဆိုရင် ဆက်ကာဆက်ကာ လိုက်ပြီးခံစားနေတတ်တာ ဖြစ်ပါတယ်။ ဘယ်လိုအာရုံမျိုးလေးပဲ ဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးပဲ ဖြစ်ဖြစ် ထစ်ခနဲဆို လိုက်ခံစားနေတတ်တဲ့အတွက် ခံစားလွယ်တာနဲ့အမျှ စိတ်ပင်ပန်းမှုတွေလည်း ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ အာရုံတွေနောက်ကို စိတ်ကလိုက်ခံစားနေတာကို သတိမမူမိဘဲ ပြင်းပြင်းထန်ထန် လိုက်ခံစားနေမိတဲ့အခါ ကိုယ့်သန္တာန်မှာ စိတ်ရဲ့ပင်ပန်းမှုတွေဟာလည်း ပိုမိုပြင်းထန်နေတော့တာ ဖြစ်ပါတယ်။ သတိကင်းလေး ခံစားမှုပြင်းလေ၊ မသိမှုများလေ ခံစားမှုများလေပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသဘောတွေ လျော့နည်းလာဖို့ ခံစားချက်ကို သိအောင်ကြိုးစားကြစို့လို့ ဆိုခြင်းဖြစ်ပါတယ်။
ခံစားမှုနဲ့ ပတ်သက်ပြီး တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ တစ်ချို့ စိတ်ရဲ့မကောင်းတဲ့ ခံစားချက်တွေဟာ သိလို့ဖြစ်တာလား၊ မသိလို့ ဖြစ်တာလားဆိုရင် မသိလို့ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ မသိလို့ဘဲ “ဘယ်သူကတော့ ငါ့ကို ဘယ်လိုပြောလိုက်တာ၊ ဘယ်သူကတော့ ငါ့ကို ဘယ်လိုဆက်ဆံလိုက်တာ၊ ငါ့ကိုမှ ဒီလိုလာပြီး လုပ်ရက်ပါပေ့” စသဖြင့် တနုံ့နုံ့တွေးရင်း တစိမ့်စိမ့် လိုက်ခံစားနေမိတာ ဖြစ်ပါတယ်။ အဲဒီလို လိုက်ခံစားနေသမျှ ကိုယ့်စိတ်ရဲ့ အတွေးခံစားချက်တွေဟာ ပျောက်ပျက်မသွားဘဲ ခံစားချက်ကို ပိုမိုပြီး အားကောင်းနေစေမှာ ဖြစ်ပါတယ်။
အကယ်၍ အဲလိုခံစားချက်ကို မသိလိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်မှာ ခံစားသမျှကို ခံစားတဲ့အခိုက်မှာ အသိကပ်ပြီး ဘာခံစားတယ်ဆိုတာ သိလိုက်မယ်ဆိုရင်တော့ အဲဒီခံစားချက်ဟာ ပျောက်သွားပြီး သိတယ်ဆိုတဲ့ သိစိတ်လေးက ရောက်လာတော့တာ ဖြစ်ပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်နောက်စိတ်လေးတွေက သတိကပ်ပြီး လိုက်လိုက်သိပေးနေရင် စိတ်မှာအစွဲဆိုတာလည်း လျော့လျော့လာတော့တာ ဖြစ်ပါတယ်။ ဘယ်သူက ဘာပြောလိုက်တာ ဆိုတဲ့ မသိမှုအစွဲလေးတွေကို စိတ်မှာခံစားတာနဲ့ ချက်ချင်းသိလိုက်မယ်ဆိုရင် အဲဒီအစွဲဟာလည်း ချက်ချင်းပျောက်သွားတော့တာ ဖြစ်ပါတယ်။ အဲဒီလို စိတ်မှာတစ်ခုခု ခံစားတိုင်း အသိစိတ်က လိုက်ပြီး သိနေနိုင်မယ်ဆိုရင် ဘယ်ခံစားမှုမျိုးမှ ကိုယ့်စိတ်ကို လွှမ်းမိုးပြီး အကြာကြီး ခံစားနေမှာ မဟုတ်ပါဘူး။ စိတ်မှာ အကောင်းအဆိုး ခံစားမှုတွေ ကင်းနေမယ်ဆိုရင် ခံစားမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်အစဉ် ပင်ပန်းမှု ဆိုတာတွေလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ခံစားမှု ကင်းနေတဲ့စိတ်ဟာ အခိုက်အတန့် အားဖြင့်တော့ ငြိမ်းချမ်းနေမှာ အမှန်ပဲ ဖြစ်ပါတယ်။
အရင်းစစ်တော့ သတ္တဝါတိုင်း၊ သတ္တဝါတိုင်း စိတ်အစဉ် မငြိမ်းချမ်းကြခြင်းဟာ သတိမရှိကြလို့၊ ခံစားမှုကို မသိကြလို့ဘဲ ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ အဲဒီမသိမှုဟာ သူများကို မသိမှုထက် ကိုယ့်ကိုယ်ကို မသိကြလို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မသိတာဟာ ကိုယ့်စိတ်ကို မစစ်မိကြလို့ဘဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကို မစိစစ်ဘဲ သူများကို လိုက်ပြီးစိစစ်နေ၊ ကိုယ့်ကိုယ်ကို မမြင်ဘဲ သူများကို လိုက်မြင်နေ၊ ကိုယ့်ခံစားချက်ကို မဆင်ခြင်ဘဲ သူများခံစားချက်ကို လိုက်ပြီးထင်မြင်နေကြလို့ဘဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုမမြင်၊ ကိုယ့်ခံစားချက်ကို မပြင်၊ ကိုယ့်စိတ်ကို မဆင်ခြင်၊ ကိုယ့်သန္တာန်မှာ အသိမဝင်ဘဲ နေမိနေသမျှ စိတ်အစဉ် ပင်ပန်းမှုတွေဟာ ရှိကိုရှိနေကြတော့မှာ ဖြစ်ပါတယ်။ ပြောင်းပြန်အနေနဲ့ ဒီလို စိတ်ပင်ပန်းမှုတွေ မရှိချင်ရင်၊ လျော့နည်းသွားစေချင်ရင်တော့ ကိုယ့်ကိုယ်ဆင်ခြင်၊ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ကိုယ့်စိတ်ကို ကိုယ်ပြင်နိုင်အောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ကိုအကြောင်းပြုပြီး စိတ်ခံစားမှု အမျိုးမျိုး ကြုံနေကြရတဲ့ သူတွေအနေနဲ့ ဒီစိတ်ခံစားချက်ကို ကုစားရာမှာ စိတ်ကို စိတ်နဲ့ပဲ ကုစားနိုင်တာ ဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ခံစားခံစား အဲဒီခံစားမှုများကို သတိကပ်ပြီး ကိုယ့်ရဲ့ခံစားချက်ကို မြင်အောင်ကြည့်ကာ ကိုယ့်ကိုယ်ကိုစစ်ပြီး ကောင်းတဲ့စိတ်၊ ဖြူစင်သန့်ရှင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် ညစ်နွမ်းတဲ့စိတ်ကို အစားထိုးနိုင်အောင် ကြိုးစားရင်း သူများကို မစစ်ဘဲ ကိုယ့်ကိုယ်ကို စစ်နိုင်အောင်သာ အပ္ပမာဒတရား လက်ကိုင်ထားကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။
by မနာပဒါယီ အရှင်ဝိစိတ္တ on Saturday, April 21, 2012 at 11:14pm
No comments:
Post a Comment