Friday, April 20, 2012

Some Dhamma Knowledge

တစ်ခါက လူငယ်အချို့၏ ပြောဆိုသံကို ကြားခဲ့ဖူး၏။ သူတို့ထဲမှ တစ်ယောက်က မိမိ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အရက်ဆိုင်တွင် အရက်ဒကာခံမည့်အကြောင်း၊ နိုက်ကလပ်တွင် ဒကာခံမည့်အကြောင်း ပြောဆိုသည်ကို အခြား သူငယ်ချင်းများကလည်း သာဓုပါဗျာဟု ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သံကိုလည်း ကြားခဲ့ရ၏။ ကြားရသည်မှာ စိတ်မကောင်းဖြစ်ရသကဲ့သို့ သာဓုကို အလွဲသုံးစား ခေါ်နေကြပါလားဟုလည်းတွေးကာ မသိမှုများ များလာကြသည့် ယနေ့ခေတ် လူငယ်အချို့အတွက် အားမလိုအားမရ ဖြစ်ခဲ့ရ၏။ စင်စစ် ထိုမွေးနေ့ရှင် ဒကာလေးပြောသကဲ့သို့ မွေးနေ့မှာ အရက်ဒကာခံခြင်းသည် အလှူမမြောက်သည့်အပြင် ကုသိုလ်လည်း ရမည်မဟုတ်ပေ။ ဒါနအတုခေါ် မလှူကောင်းသည့် အလှူကို လှူခြင်းဖြစ်သဖြင့် ငွေသာကုန်ပြီး အကျိုးမရှိသည့် အလှူမျိုးသာ ဖြစ်နေပေ၏။ ကုသိုလ်မရလျှင်တော်သေး၏။ အကုသိုလ်ပါ ရလိုက်ခြင်းကား မကောင်းသည့် တန်ပြန်သက်ရောက်မှုအထိ ဖြစ်ပေါ်စေနိုင်ပေ၏။ အရက်နောက်တွင် ပါလာသည့် အကုသိုလ်များ၊ နိုက်ကလာပ်တွင် ရလာသည့် ကိလေသာများကား ဒါနအတုကို အလှူပြုခဲ့မှု၏ လက်တွေ့အပြစ်များပင် ဖြစ်နေပြီး ထိုအပြစ်များဖြင့် ဘဝအဆုံးသတ်သွားလျင်ကား အပါယ်အထိပင် လားစေနိုင်ပေ၏။ ထို့ကြောင့် အရာရာတွင် ဒကာခံလိုသူများ သတိပြုရမည်မှာ လှူတိုင်းဒါနမဖြစ်သည့် အလှူများကို စေတနာကောင်းကောင်းဖြင့် မလှူမိကြရန် ဖြစ်ပါ၏။

ဗုဒ္ဓစာပေတွင် မလှူသင့်သည့် အလှူဒါန သို့မဟုတ် ဒါနအတုခေါ် ဒါနမမည်သော အရာငါးမျိုးရှိကြောင်း ဖော်ပြထား၏။ ထိုငါးမျိုးမှာ

၁။ သေရည်သေရက် ဘိန်းစသည့် မူးယဇ်ဆေးဝါးများကို ပေးလှူခြင်း မဇ္ဇဒါန

၂။ ကပွဲသဘင်ကျင်းပပေးခြင်း သမဇ္ဇဒါန

၃။ မေထုန်အလို့ငှါ မိန်းမများကို ပေးလှူပေးခြင်း ဣတ္ထိဒါန

၎။ နွားမတို့အလယ်သို့ နွားထီးကို လွှတ်ပေးခြင်း ဥသဘဒါန နှင့်

၅။ ရာဂကို လှုံဆော်ပေးတတ်သည့် ပန်းချီးပန်းပုစသည်တို့ကို ပေးလှူခြင်း စိတ္တကမ္မဒါန ဟူသော ဤငါးမျိုးပင် ဖြစ်၏။ (ဝိ၊ ၅၊ ပါ၊ ၂၃၁) ဤဒါန အမျိုးအစား ငါးမျိုးတို့သည် ပေးကမ်းလှူဒါန်းခြင်းဖြင့် ဒါနမမြောက်သကဲ့သို့ အလှူခံ ပုဂ္ဂိုလ်များအားလည်း ကိလေသာကာမနှင့် အကုသိုလ်တရားသာ တိုးပွားစေသဖြင့် ကုသိုလ်မဖြစ်ဘဲ အကုသိုလ်ကိုသာ ဖြစ်စေတတ်ပေ၏။ ထို့ကြောင့် စစ်မှန်သည့် အလှူဒါနကို ပြုလုပ်လိုသူများသည် အထက်ပါ ဒါနအတု ငါးမျိုးကိုလည်း ရှောင်ရှားကြရန်လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

မူရင်းလင့်ခ် = အလှူဒါနပြုကြရာတွင် (http://www.venvicitta.com/2011/06/blog-post_03.html )

********************************************


ဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းခြင်းနှင့် စပ်လျဉ်း၍
ဆုံးမစကား ဆိုတော်မူခဲ့သော ဆရာတော်ကြီးနှစ်ပါး၏ အဆုံးအမ မှာ -

“တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ရွာဘုရားပွဲ မလုပ်ကြနဲ့၊
ဇာတ်ပွဲတွေ ငါ့ကိုလှူကြပါ”
(ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီး)

“ဗုဒ္ဓဘာသာ သာသနာကို ဘာသာဝင်တွေက ဖျက်နေကြတာ၊
ဘုရားပူဇော်တဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ
တခြိမ့်ခြိမ့်တသဲသဲ လုပ်နေကြတာ
ဘုရားပူဇော်ရာ မရောက်ပါဘူး။
ဘုရားကိုလည်း အာရုံမရောက်ပါဘူး။
ကုသိုလ်မရတဲ့အပြင် ငရဲတောင်ကြီးပါသေးတယ်။
နောင်လာနောင်သားတွေကို ပြင်ပေးကြ”
(အရှင်ဇနကာဘိဝံသဆရာတော်ကြီး )

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါတော်များ (စာ-၆) - မှ ရေးသားပူဇော်ပါသည်။

By: YeWin Tun

*******************************************


မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ။ မကောင်းတဲ့စိတ် ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ၊ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ အကုသိုလ် ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေ ကတော့ ဖြစ်နေမှာပါပဲ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့် အရာလည်းမဟုတ်ပါဘူး။ ဖြစ်တာနဲသိ၊ သိတာနဲ့မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အကုသိုလ်စိတ် တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှု ပီတိတွေ ဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပိတိတွေ ဖြစ်လာရင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ပျော်ရွှင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။

အဲဒီလိုပါပဲ ကိုယ့်စိတ်ညံ့လေးတွေကို ပြုပြင်ယူယူသွားရတာပါပဲ။ ကိုယ်က ပြုပြင်ချင်တဲ့ စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့ စိတ်ရယ် ရှိဖို့ပဲ အရေးကြီးပါတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ စိတ်ထားတွေ မြင့်မြတ်သူ ဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့ အကုသိုလ်တွေ မကောင်းတဲ့ စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတောင် ဖြစ်နေပါဦးမယ်။

ကဲ ..စာဖတ်သူ ..မကောင်းတဲ့ စိတ်ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ပစ်ကြည့်ပါလား.. အကုသိုလ်ကနေ အမြတ်ဆုံး ဝိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။

ရဝေနွယ် (အင်းမ)

စာစီ စာရိုက် ပူဇော်သူ ..ပုလုကွေး

By: အနှိုင်းမဲ့ စာတိုပေစများ

*********************************************


‎***ဆရာတော်ဦးဇောတိက ၏ ***ဆုံး မ သြ ၀ါ ဒ ။

***လူတွေဟာ စိတ်ထဲမှာ ပြည့်ကျပ်နေတာပဲ။ လူတွေရဲ့စိတ်ဟာ ဘာမှအသုံးမ၀င်တဲ့ ပစ္စည်းအဟောင်းအမြင်းတွေကို စုပြုံပြီးတော့ ပြည့်ကျပ်အောင် သိမ်းထားတဲ့ ကုန်လှောင်ရုံကြီးနဲ့ တူနေတယ်။

***ဒီလို တရားထိုင်ပြီး လုံးလုံး စိတ်ရှင်းသွားတော့ စိတ်မှာ ကြည်လင်အေးချမ်း ငြိမ်းချမ်းပြီး အင်မတန် သန့်ရှင်းသွားတာ၊ ကိုယ့်စိတ်က ဘုရားခန်းလေးလို ဖြစ်သွားတယ်။ ပစ္စည်းအပိုဆိုလို့ ဘာမှ ဒီအထဲမှာ မရှိတော့ဘူး။ မြင့်မြတ်တဲ့ စိတ်ကလေးပဲ ရှိတယ်။

***သတိလေးနဲ့ နေတဲ့အခါမှာ အတွေးအတော မရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ်၊ ချမ်းသာ တဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ မြင်ရတယ်။ ဘယ်လိုဝေဒနာ သဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ်ဖြစ်၊ ကျဉ်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေး လျော့ထားပြီးတော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ် လုံးဝမရှိပဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့သဘာဝ ဟာ ပြောင်းသွားမယ်။ စိတ်ကို relax လုပ်ပြီးတော့ နူးညံ့နေတဲ့စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမှု လည်းရသွားတယ်။ တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲရောက်အောင် နာလို့မရပါဘူး။

***နောင်တစ်ချိန်ချိန်မှာ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတော့တဲ့ ဝေဒနာတစ်ခုခု၊ မသွားနိုင် မလာနိုင် အိပ်ရာထဲမှာပဲ အိပ်ပြီးတော့ ဝေဒနာတစ်ခုခုကို တာရှည်ခံစား ရမယ်ဆိုရင် ခန္ဓာကိုယ်မှာပင် နာသော်လည်းပဲ စိတ်မှာ မနာအောင် ဘယ်လိုနေမလဲ။ ဘယ်လိုစိတ်ထားမျိုးနဲ့ ကြည့်မှာလဲ။ အဲဒီစိတ်ထားမျိုးကို ကြိုတင်ပြင်ဆင်ထားဖို့ ကောင်းတယ်။ အဲဒီအတွက် အခုကတည်းက ကြိုတင်ပြီးတော့ လေ့ကျင့်ထားပါ။

***ဆရာတော်ဦးဇောတိက*** ၏ (သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ)

By: Soe Yan Naing

No comments:

Post a Comment