Wednesday, April 25, 2012

စံကင်း ဆရာတော်ဘုရား

စိတ်ဝင်စားလွန်းလို့ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်တဲ့ ထေရုပတ္တိ စာအုပ်တွေထဲမှာ စံကင်းဆရာတော်ရဲ့ ထေရုပ္ပတ္တိ စာအုပ်လည်း တစ်အုပ်အပါအ၀င်ပါ။ ရေးသားပြုစုတဲ့ ဆရာတော်ဦးမာနိတသိရီနဲ့ ဦးနန္ဒမာလာဘိဝံသတို့ကလည်း အရေးကောင်းပါ။ ဒါကြောင့် ကိုယ်နဲ့ နွယ်ရာနွယ်ရာတွေကိုတောင် ပေးဖတ်ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်က ထေရုပ္ပတ္တိစာအုပ် သက်သက် မဟုတ်ပါဘူး။ သာသနာ့သမိုင်း ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွေပါ ပူးတွဲပါနေပါတယ်။ ဘာသာရေးသမိုင်း သုတေသီ တွေအတွက် အဖိုးတန်စာအုပ် တစ်အုပ်ပါ။
သာသနာ့နယ်ပယ်က ထင်ရှားတဲ့ဆရာတော်တွေ၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ခေါင်းဆောင်တွေ၊ စာပေနယ်က ထင်ရှားတဲ့စာရေးဆရာတွေ၊ နိုင်ငံခြားက ခေါင်းဆောင်တွေ စသည်ဖြင့် နယ်ပယ်စုံက ပုဂ္ဂိုလ်မျိုးတွေ၊ ၄င်းပုဂ္ဂိုလ်တွေနဲ့နွယ်ပြီး စံကင်းဆ ရာတော်မိန့်ခဲ့တဲ့ သြ၀ါဒတွေဟာ ဘ၀တစ်သက်တာ အမှတ်ရစရာတွေပါ။ အဲဒီအထဲက အချို့ လောက်ကို ရွှေစကားအဖြစ် ဖော်ပြပါရစေ။

စံကင်းဆရာတော်ဆိုတာ န၀မမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ပါ။ ရွှေကျင်သာသနာ ပိုင်ဆရာတော်တွေဟာ သက်တော်ရှည်ကြတယ်လို့ အများပြောကြတဲ့အတိုင်း စံကင်းဆရာတော်ဟာ လည်း သက်တော် (၁၀၂)နှစ်အထိ သက်တော်ရှည်ခဲ့ပါတယ်။ သက်တော်ရှည်သလို အသိဥာဏ် လည်းရှည်တယ်လို့ ဆိုရပါမယ်။ ဆရာတော့်ထေရုပ္ပတ္တိစာအုပ် ဖတ်လို့သာဆုံးသွားတယ် အသိဥာဏ် မဲ့တဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်မျိုး တစ်စက်မှ မတွေ့ရပါဘူး။ အမည်ဗျုပ္ပနဲ့လိုက်အောင် စံကင်းဆရာတော်လို့သာ ခေါ်နေကြတာ စံကင်းရွာဇာတိ မဟုတ်ပါဘူး။ ဆရာတော့်ဇာတိက စစ်ကိုင်း တိုင်း၊ လင်းယဉ်ရွာပါ။ စံကင်းဆရာတော်လို့ အမည်တွင်ရခြင်းကတော့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘု ရားကြီးရဲ့အမိန့်အရ ဓနုဖြူမြို့နယ်၊ စံကင်းရွာကိုသွားပြီး သီတင်းသုံးခဲ့လို့ စံကင်းဆရာတော်ရယ်လို့ အမည်တွင်ခဲ့တာပါ။ ပြီးတော့ ဆရာတော်က အသက် ၁၅-နှစ်အရွယ်မှာ သီပေါမင်း ပါတော်မူပုံမြင် ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူပါ။ ဒါတွေကတော့ စံကင်းဆရာတော်ရဲ့ ဘ၀ကောက်ကြောင်း အကျဉ်းကို အရင်ပြောပြထားတာပါ။

ဟိုဘက်ကာလ ဆရာတော်တွေကို ဘွဲ့တံဆိပ်ဆက်ကပ်တာ အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ အဘိဓဇမ ဟာရဋ္ဌဂုရုဆိုတဲ့ ဘွဲ့နှစ်မျိုးပဲ ဆက်ကပ်ပါတယ်။ ပြီးတော့ ဆက်ကပ်ခံရသူ အပါးအရေအတွက်လည်း အလွန်နည်းပါတယ်။ သမ္မတအိမ်တော်မှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဆက်ကပ် တာဆိုတော့ တစ်ဘွဲ့ဆို ဆိုသလောက် ရဟန်းပရိသတ်၊ လူပရိသတ် အလွန်တန်ဖိုးထားကြပါတယ်။ ဒါ့ကြောင့် ကိုယ့်နယ် ကိုယ်ဒေသက ဆရာတော်တစ်ပါးပါး ဘွဲ့ရပြီဆိုရင် ဂုဏ်ယူမဆုံးဖြစ်ပြီး ခြိမ့်ခြိမ့်သဲပူဇော်ပွဲ တွေလုပ်ကြတာ တော်တော်နဲ့မပြီးနိုင်တော့ဘူးလို့ ဆိုပါတယ်။

၁၉၅၃-ခုနှစ်မှာ စံကင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရမဲ့အကြောင်း သတင်းရောက်လာပါတယ်။ ဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကပ်ဖို့ အဆိုပြုသူမှာ နိုင်ငံတော်အကြီးအကဲကိုယ် တိုင်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ခံယူမဲ့ ဆရာတော်ဟာ အဂ္ဂမဟာပဏ္ဍတဘွဲ့ ရရှိ ပြီးဖြစ်ရမယ်ဆိုတဲ့ မူရှိပါတယ်။ စံကင်းဆရာတော်က အဂ္ဂမဟာပဏ္ဍတဘွဲ့ မရသေးပါဘူး။ ဒါကြောင့် မူအရ ဘွဲ့ပေးဖို့ ခက်နေပြန်ပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ သာသနာရေးဝန်ကြီးတို့ တိုင်ပင်ကြပါ တယ်။ နောက်ဆုံး ဘယ်လိုဆုံးဖြတ်ချက်ချလိုက်ကြသလဲဆိုတော့ “စံကင်းဆရာတော်ဆိုတာ ရွှေကျင်သာသနာပိုင် ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍတဘွဲ့ကပ်မထားပေမဲ့ ဆက်ကပ်ထားသလို ပညာရှိ တယ်။ ဒါ့ကြောင့် ဆက်ကပ်သင့်တယ်”ဆိုပြီး ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ အတည်ပြုလိုက်ပါတယ်။ ဆရာ တော့်ဆီကိုလည်း ဘွဲ့တံဆိပ်ဆက်ကပ်ခံယူဖို့ လေယဉ်လက်မှတ် (၄)စောင်ကို တစ်ခါတည်း ပို့ပေး လိုက်တယ်လို့ ဆိုပါတယ်။

အဘိဓဇပူဇော်ပွဲမှာ ဒကာဒကာမတွေ လှူဒါန်းကြတာ အချိန်တော်တော်လေး ကြာသွားပါ တယ်။ လှူဒါန်းမှုတွေပြီးသွားမှ နားနေခန်းမှာပြန်ပြီး အနားယူရပါတယ်။ ဒီလိုအနားယူနေချိန်မှာ ရန်ကုန်ကျောင်းတော်ရာ သုံးထပ်ဆရာတော် ဦးသီလက္ခန္ဓ အနားရောက်လာပြီး ၀မ်းပမ်းတသာနဲ့ အလ္လာပ သလ္လာပစကားတွေပြောကြရင်း “ရန်ကုန်မှာ ဆရာတော်ဘုရားကို အခုလို အများက သိလာကြ ကြည်ညိုလာကြတာ တပည့်တော်တို့ဂိုဏ်းကြီးလည်း ပိုပြီး အရောင်ထွက်လာနိုင်ပါတယ် ဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ ဆရာတော်က…..“သုံးထပ်ရယ် ကိုယ့်ဘုန်းဟုတ် မထင်ပါဘူး။ ဂိုဏ်းဘုန်းပါ။ ဂိုဏ်းကပေးတဲ့ တံဆိပ်ပါ။ ဂိုဏ်းကပေးတဲ့ ဂုဏ်ထူး၊ ဂိုဏ်းကခိုင်းတဲ့ တာဝန်၊ ဂိုဏ်းကခိုင်းလို့ အခု ရန်ကုန်ရောက်လာရတာပါ။ သုံးထပ်ဆရာတော် မကြားဖူးဘူးလား၊ အညာဆီမှာ ကလေးတွေ ထန်းပလပ်ကို မြင်းသဏ္ဌာန်လုပ်ပြီး စီးကြတာလေ၊ မြင်းပြေးလေ ပင်ပန်းလေ၊ ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်း စီးရတာလိုပါပဲ၊ ဘုန်းကြီးလေ ပင်ပန်းလေပေါ့”လို့ ပြန်မိန့်တော်မူပါတယ်။

“ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်း စီးရတာလိုပါပဲ” ဆိုတဲ့စကားဟာ ဆရာတော်ရဲ့ ကိုယ့်ကိုယ်ကို နှလုံးသွင်းမှန်မှန်နဲ့ အတွေးမှန်မှန် သုံးသပ်ပြတဲ့စကားပါ။ ဒီစကားဟာ အလွန်အတုယူ စရာနဲ့ သတိထားစရာပါ။ ဒီစကားကို သုံးထပ်ဆရာတော်က သဘောကျလွန်းလို့ အခွင့်သင့်တိုင်း တပည့်တွေကို ပြန်ပြန်ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ဟာ မန္တလေးရောက်တိုင်း ဆရာတော်ကို ၀င်ဝင်ဖူးလေ့ရှိပါတယ်။ ၁၃၂၃-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅-ရက်နေ့ညနေ ၄-နာရီမထိုးမီ ၁၅-မိနစ်လောက်အလိုမှာ သာသနာရေးဝန်ကြီးဦးဘစောနဲ့ လူထုဦးလှတို့ ဦးစွာရောက်လာပြီး သတင်းပို့ပါတယ်။ မကြာခင်မှာပဲ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ ရောက်လာကြပါတယ်။ ရောက်ရောက်ချင်းပဲ နိုင်ငံတော်အကြီးအကဲက ဆရာတော်ကို စကား စဆိုပါတယ်။ “ဆရာတော်ဘုရားကြီး နေကောင်းပါရဲ့လား” “အင်း…..ကောင်းပါရဲ့”။ “အခု ၉၂-နှစ်ထဲ ရောက်လာပြီ။ ဆရာဝန်မခေါ်ရဘူး။ နတ်တော်လက ၉၂-နှစ်ထဲ ရောက်လာတာ။ စားနေကျဆေး များလည်း စားနေတယ်”။ “ဗီတာမင်ဆေးများဟာ အဖျားရောဂါတို့ ဘာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်ဘုရား၊ အဲဒါဘုဉ်းပေးရင် သင့်တော်ပါတယ်ဘုရား”။ “အဲဒီဗီတာမင်ဆေးလည်း တစ်နေ့ ၂-လုံး စားပါရဲ့၊ ကံ စိတ် ဥတု အာဟာရ လေးမျိုးအနက် ကံဟောင်းကို မပြုပြင်နိုင်ပေမဲ့ ကံသစ်ကိုတော့ ပြုပြင်ကြရတယ်။ စိတ်လည်း ထို့အတူပဲ။ ငယ်ငယ်တုန်းကစိတ်တွေ အသက်ကြီး လာတော့ ကောင်းအောင်ပြုပြင်နိုင်တယ်။ ဥတု အာဟာရ တို့က ပိုထင် ရှားတယ်။ ဒကာကြီးတို့ ကိစ္စအမျိုးမျိုး ဆောင်ရွက်နေနိုင်တာ ကျမ်းမာလို့ ဖြစ်မှာပေါ့။ တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။ ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူအောင်စီမံထားတယ်။ တူတဲ့နေရာတူပေမဲ့ မတူတဲ့အရာတွေကလည်း အများကြီးရှိတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက (ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ)လို့ ဟောတော်မူတာပဲ။ မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။ မိမိအလုပ်ကိစ္စ မိမိကံပဲ။ ဘေးအန္တရာယ်ဖြစ်အောင် ဘယ်သူလုပ်သလဲ မိမိကံလုပ်တာပဲ။ ဥပမာ….ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်မှာနေတဲ့လူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းတဲ့လူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ ဘေးအန္တရာယ်တွေရှိပေမဲ့လည်း အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူကို ဘေးအန္တရာယ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မကောင်း ကျိုးကိုဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ကံယုတ်ကိုသာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရာယ်တွေကို ကြောက်စရာမလိုဘူး”။
“ဂြိုဟ်တွေပူးတာနဲ့ ဘေးဥပဒ်ဖြစ်ပါသလားဘုရား”
“ဂြိုဟ်တွေပူးပူး မပူးပူး ဇာတိ ဇရာ မရဏစတဲ့ သံသရာဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေ ကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းကံပါလာလို့ ကပ်ကြီးသုံးပါး တွေ့ကြရ သံသရာဒုက္ခ ခံကြရတယ်”။ “ဂြိုဟ်ကြီးရှစ်လုံးပူးတာနဲ့ သတ္တ၀ါတွေ ဘေးဥပဒ်ဖြစ်နိုင်တယ်ဆိုတာ ဟုတ်မှန်ပါသ လားဘုရား” “ခုနကပြောခဲ့တဲ့ အဓိပ္ပါယ်ပါပဲ။ ဘေးရန်တွေက မိမိမှာ လာဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေဖြစ်ကြရတာ။ အမှန်ကတော့ ကိုယ့်ရဲ့စိတ်ပါ ပဲ။ အတိတ်နိမိတ်ဆိုတာကတော့ တစ်ခါတစ်ရံ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ်ရှိပေမဲ့ ငရဲကြီးရှစ်ထပ်က ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင် တယ်”။
ဆရာတော်နဲ့ နိုင်ငံတော်အကြီးအကဲတို့ ပြောခဲ့တဲ့စကားတွေထဲက စကားတစ်ချို့ပါ။ တစ်ခြား ဘာသာရေး သာသနာရေး တိုင်းပြည်အရေး တွေကိုပြောပြီး ပြန်သွားကြပါတယ်။ ဆရာတော့်အ ကြောင်းရေးရင် မဖြစ်မနေပါရမဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဆရာတော့်ဇာ တာကြည့်ပြီး အာယုဒသာဖြတ်ကြတာပါ။ မန္တလေးက ဗေဒင်ကျော်ပညာရှိကြီးတွေ အောက်ပါအတိုင်း ဖြတ်ကြပါတယ်။
ညောင်ကန်နည်းအရ ၉၇-နှစ်၊ ၅-လ၊ ၂၅-ရက်၊ ၉-နာရီ။
ဂွေချိုနည်းအရ ၉၇-နှစ်၊ ၇-လ၊ ၁၃-ရက်၊ ၈-နာရီ။
အပရေ၀ါဒအရ ၁၀၅-နှစ်၊ ၅-လ၊ ၂၅-ရက်၊ ၉-နာရီ။
ဒီလိုနဲ့ ဆရာတော် သက်တော် ၉၇-နှစ်ကျော်သွားပြီး အထက်နည်းတွေလွဲသွားချိန်မှာ ဆရာ တော်ကြီးက ဒီသတင်းကြားတော့…..
”သူတို့က ငယ်ငယ်တုန်းကဇာတာကိုကြည့်ပြီး ဟောကြတာကိုး၊ တို့က ငယ်ငယ်တုန်းကလိုမှ မဟုတ်ဘဲနဲ့၊ အခု လုပ်နေတဲ့အလုပ်ကြည့်ပြီးဟောမှ မှန်တော့မပေါ့”လို့ မိန့်တော်မူပါတယ်။ ဒါပေမဲ့ ဗေဒင်သုံးနည်းလုံး လွဲသွားခဲ့ပါတယ်။ နီးစပ်မှုတောင်မရှိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် က သက်တော် ၁၀၂-မှာ ပျံလွန်တော်မူသွားလို့ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရင်းလည်းရင်းနှီး ဗေဒင်လည်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါးကိုမေးကြည့်တော့ သီလ သမာဓိ ပညာ စရဏတွေနဲ့ ပြည့်
စုံနေတဲ့ဘုန်းကြီးကို ဗေဒင်ဟောရင် မှန်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဆရာတော့်ဖြစ် စဉ်ဟာ နှောင်းလူတွေအတွက် အသိပွားစရာနဲ့ သတိထားစရာတွေ ကောင်းလှတယ်လို့ပဲ ဆိုလိုက်ပါ ရစေ။

ရဝေနွယ်(အင်းမ)

Shared from Shwe Yee

No comments:

Post a Comment