Saturday, April 14, 2012

သူခိုးနဲ့ ကျောင်းဒကာ

လူ့သမိုင်းမှာ မနုဿတ္တ ဘာဝေါ ဒုလ္လဘောလို့ လူ့ဂုဏ်ရည်နဲ့ လူ့တန်ဖိုးကို အဦးဆုံး မီးမောင်းထိုး မြှင့်တင်ပြခဲ့သောသူဟာ ဗုဒ္ဓမြတ်စွာပါ။ ကမ္ဘာမှာ လူတွေဖန်တီးတဲ့ ယုတ်မာညစ်ညမ်းမှု၊ မိုက်တွင်းနက်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ယခုထက်တိုင် ဖြစ်ပေါ်လာတဲ့ တိမ်သလ္လာ တွေပါ။ အဲဒီ တိမ်ညိုတိမ်မဲတွေ ကင်းစင်လို့ နေရောင်ခြည်တွေ ဝင်းပလာတဲ့ အခါ ကြည်စင် ပြာလဲ့နေတဲ့ ကောင်းကင်ပြာကြီးကိုသာ ထာဝရမြင်တွေ့ရမြဲ ဖြစ်ပါတယ်။ လူသားဟာ ကမ္ဘာမှာ ချစ်စရာနဲ့ ကြောက်စရာအကောင်းဆုံး သက်ရှိပါ။ ပါဠိစာအေမှာ မနုဿ = လူမည်ခြင်းရဲ့ အဓိပ္ပါယ်ကို အကောင်း-အဆိုး၊ အကျိုး-အပြစ်ကို သိတတ်သူ၊ မြဲသောသတိနဲ့ ရဲသောသတ္တိ တို့ကြောင့် ထက်မြတ်ပြန့်ပြော ကြီးကျယ်သော စိတ်သဘောရှိသူလို့ ဖွင့်ဆိုပြပါတယ်။ ဒါဟာလူသားရဲ့သဘာဝအစစ်မှန်ပါ။ ဒီလို ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ မြင့်မြတ်မှု သဘာဝဟာ လူသား နှလုံးသားမှာ မျိုးဗီဇအနေနဲ့ ကိန်းဝပ်တည်ရှိမြဲဖြစ်ပါတယ်။



တစ်ခါတစ်ရံလူရဲ့ အဲဒီလိုကောင်းမြတ်ခြင်း သဘောဟာ မီးခဲပြာဖုံး ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် လုံးဝဥဿုံ ချုပ်ငြိမ်း ကွယ်ပျောက် သွားခြင်းကတော့ မဖြစ်နိုင်ပါဘူး။ ဖြစ်လေ့ဖြစ်ထလည်း မရှိပါဘူး။ ဘယ်လောက်ပဲ မကောင်းမှု ဒုစရိုက် ပြာမှုန်တွေ ဖုံးအုပ်နေပါစေ အသိအလိမ္မာ ဥာဏ်ပညာ လေ ကလေးဟူးခနဲ တစ်ချက်လောက် တိုက်ခတ်လိုက်တာနဲ့ အဲဒီ ကောင်းမြတ်ခြင်း သဘောဟာ ဟုန်းခနဲ မီးပုံကြီးတစ်ပုံလို ထတောက်ပြီး အားကောင်းလာတတ်ပါတယ်။



ဒါကြောင့်လောကမှာ ထာဝရဆိုးနေ၊ တေနေ၊ ယုတ်နေတဲ့သူဆိုတာ မရှိပါဘူး။ အဆိုးကို မဖယ်ရှားနိုင်သေးသူ၊ ကောင်းမလာသေးသူလို့သာ ရှိနိုင်ပါတယ်။ ဒီလို သိခွင့်၊ သိလိုက်ရတာဟာ ဆိုးသွမ်းနေသူတွေအပေါ်မှာ နားလည်ခွင့်လွှတ်နိုင်အားနဲ့ လောကအပေါ်မှာထားရှိတဲ့ မိမိတို့ရဲ့ ဗြဟ္မစိုရ်တရားကို ပိုမိုကြီးထွားလာစေပါတယ်။ သတ္တဝါတွေအပေါ်မှာ ကံကြမ္မာက လည့်စားတတ်သလို၊ လောကဓံရဲ့ ပုတ်ခတ်အားကလည်း ပြင်းထန်ပါတယ်။ ကံကြမ္မာရဲ့အလှည့်အပြောင်း၊ လောကဓံရဲ့ အထုထောင်းအောက်မှာ လူသားတွေဟာ ကောင်းရာမှဆိုး၊ ဆိုးရာမှလည်း ကောင်းသွားတတ်ပါတယ်။ အဲဒီ အကြောင်း ဓမ္မပုံပြင်ကလေး တစ်ပုဒ် ပြောပြချင်ပါတယ်။





သူခိုးနဲ့ကျောင်းဒကာ



ဟိုးရှေးရှေးတုန်းက ကန်ကြီးလို့အမည်တွင်တဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာရဲ့ကျောင်းထိုင် ဆရာတော်ကြီးဟာ ဦးအဘယလို့ ဘွဲ့အမည်ရှိပါတယ်၊ ဆရာတော်ကြီးဟာ ရွာကျောင်းမှာ ပိဋိကသုံးပုံ ကုန်စင်အောင် ပရိယတ္တိစာပေတွေ သင်ယူပြီးတဲ့အခါ အဲဒီရွာရဲ့ မနီးမဝေး တောအုပ်ကလေးထဲမှာ တစ်ပါးတည်း တောရဆောက်တည်ပြီး နေတယ်။ ကန်ကြီးရွာက သဒ္ဓါတရားထက်လှတဲ့ ဒကာတစ်ယောက်ဟာ ဆရာတော်ကြီးဦးအဘယကို တောရကျောင်း တစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ပစ္စည်းလေးပါး ဒါယကာအဖြစ် (၁၂)နှစ်တိုင် ရိုသေ မြတ်နိုးစွာ ပြုစုလုပ်ကျွေးနေသတဲ့။



အဲဒီကျောင်းဒကာဟာ ဝါဆို၊ သီတင်းကျွတ်၊ ကထိန် ကာလတွေမှာ ဆရာတော်ကြီးကို သင်္ကန်းချုပ်ရန်အတွက် အထည်စ ပိတ်အုပ်တွေကို နှစ်စဉ် မပျက်မကွက် လှူဒါန်းပါတယ်။ ဆရာတော်ကြီးက ဝိနည်းတော်နဲ့ လျော်ညီအောင် ပိတ်စတွေကို ကိုယ်တိုင်ဖြတ်ချုပ် ဆေးဆိုးပြီး သင်္ကန်းအဖြစ် ဝတ်ရုံတာကိုး။ ဒါပေမယ့် ဆရာတော်ကြီးဝတ်ရုံတဲ့ သင်္ကန်းတွေဟာ အမြဲတမ်း ဟောင်းနွမ်းစုတ်ပြဲနေတာကိုပဲ ကျောင်းဒကာက ဖူးတွေ့ရသတဲ့။ အကြောင်းကတော့ ဒါယကာတွေလှူဒါန်းတဲ့ ပစ္စည်းအဝဝကို ကျောင်းဒကာနဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ဦးဟန်ပဆိုတဲ့ သူခိုး တစ်ယောက်ဟာ တောရ ကျောင်းကနေ အမြဲခိုးယူနေလို့ပဲ။



တစ်နေတော့ ကျောင်းဒကာဟာ ငါဟာ အရှင်ဘုရားကို သင်္ကန်းလျာ အထည်စ ပိတ်အုပ်တွေ နှစ်တိုင်းမပြတ် လှူဒါန်းနေတာပါ။ ဒါပေမယ့် အဲဒီပိတ်အုပ် အသစ်တွေကို အရှင်ဘုရား သင်္ကန်းချုပ်ဝတ်တာ၊ သိမ်းထားတာ၊ အခြားရှင်ဘုရားရဟန်ကို ပေးကမ်းလှူဒါန်တာ တစ်ခါမျှလည်း မမြင်ဖူးဘူး။ ဒီလိုဖြစ်တာ အကြောင်းထူး ရှိကိုရှိရမယ်လို့ တွေးမိကာ ဒီနေ့တော့ အဲဒီအကြောင်း စုံစမ်းဦးမှပဲဆိုပြီး ညနေမိုးချုပ် နေဝင်သွားတဲ့အခါ ဓား တစ်ချောင်း လက်စွဲပြီး ကျောင်းအနီး ခရီးလမ်းမမှာ ကင်းပုန်းဝပ်ပြီး စောင့်နေသတဲ့။



အဲဒီအခါ သူခိုးဦးဟန်ပကလည်း မနက်ခင်းက ဒကာတွေ ကျောင်းတော်မှာ အလှူလုပ်လို့ ပိတ်အုပ်တွေရှိတာကိုသိတာနဲ့ အဲဒါတွေ ခိုးယူဖို့အတွက် အိမ်မှ တိတ်တဆိတ်ထွက်၊ ကျောင်းပေါ်တက်ပြီး ပိတ်အုပ်တွေ အကုန်ထုပ်ယူကာ ဟန်မပျက် လမ်းမဘတ် ထွက်လာခဲ့တယ်။ အဲဒီလို ကျောင်းက ပိတ်အုပ်တွေခိုးလာတဲ့ ဦးဟန်ပကို လမ်းကစောင့်ဖမ်းတဲ့ ကျောင်းဒကာက ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ်မိတာမို့ ကျောင်းပစ္စည်း၊ သံဃာ ပစ္စည်းခိုးယူရ ကောင်းလားဆိုတဲ့ ဒေါသနဲ့ သူခိုးဦးဟန်ပကို မေ့မြောအောင် ခြေလက်နဲ့ကန်ကြောက် ပုတ်ခက်မိသတဲ့။

မြေပေါ်မှာမေ့လဲနေတဲ့ သူခိုးဦးဟန်ပကို ကျောင်းဒကာက ဒီသူခိုးတော့ မှတ်လောက် သားလောက်အောင် ဆုံးမဦးမှပဲဆိုပြီး သူသေ ကောက်ပစ်ရာ သုသာန်ကို ထမ်းယူသွားပြီး အကောင်မပျက်သေးတဲ့ လူသေ အလောင်းတစ်ခုနဲ့ ကျောချင်းကပ် လက်ချင်းချိတ်ကာ ဦးခေါင်းကနေ ခြေဖျား အထိ ခိုင်ခိုင်မြဲမြဲ တုတ်နှောင်ပြီး ပစ်ချထားခဲ့သတဲ့။



ပြီးမှ ခိုးယူလာတဲ့ အဝတ်ထုပ်ကိုထမ်း ရွာလမ်းအတိုင်း အလျင်အမြန်ပြန်လာခဲပြီး ရွာလယ်မှာ ရွာလူထုကို စုဝေးစေကာ ရွာသူ ရွားသားတို့၊ အခုငါပြောမယ့် စကားကို သေချာစွာ နားစွင့်ကြကုန်။ အခုည ငါတို့ရွာထဲကို လူသေ အလောင်းတစ်ခု ပူးထားတဲ့ ဘီးလူး တစ်ကောင် ဝင်လာမယ်ဆိုတဲ့ သတင်းစကား ငါကြားရတယ်။ ဒီတော့ ရွာသူရွာသား အားလုံးဟာ ကိုယ့်အိမ်တံခါးတွေ ကိုယ်လုံခြုံအောင်ပိတ်ပြီး တိတ်တိတ် နေကြရမယ်။ တကယ်လို့ ဘီလူးက (ငါဟာ ဘယ်သူ-ဘယ်ဝှါ၊ ဘယ်သူ့ သားပါ) လို့ စကားပြောပြီး ဝင်ခွင့်တောင်းရင်တောင်မှ ဘယ်သူမှ တံခါးဖွင့်မပေး လိုက်ကြနဲ့လို့ ပြောလိုက်တယ်။ ရွာသူရွာသား အားလုံးလည်း ထိတ်လန့် ကြောက်ရွံ့ပြီး အားလုံး ပုန်းအောင် ကုန်ကြတယ်။



ညသန်းခေါင်ယံလောက် ရောက်တဲ့အခါ သုသာန်မှာမေ့မြော နေတဲ့ သူခိုးဦးဟန်ပဟာ သတိရလာပြီး တွဲချီထားတဲ့လူသေအလောင်းကို ဘယ်လိုမှချွတ်ချလို့မရတဲ့အခါ အဲဒီအလောင်းကောင်ကြီးကို ထမ်းပိုးပြီး ရွာတွင်းသို့ဝင်ခဲ့သတဲ့။ ရွာသူရွာသားတွေဟာ သူတို့ရွာထဲ တကယ် ဘီလူး ဝင်လာပြီးလို့ထင်ပြီး အားလုံးကြောက်ရွံ့နေကြတယ်။ သူခိုးဦးဟန်ပဟာ သူ့မိန်းမရဲ့ နေအိမ်ကစပြီး အမေအဖေ၊ ဆွေမျိုးမိတ်ဆွေတွေရဲ့ အိမ်တွေ အားလုံးကို လိုက်ပြီးတံခါးဖွင့်ပေးဖိုး တောင်းပန်ပြောဆိုပေမယ့် ဘီလူးထင်လို့ ဘယ်သူကမှ တံခါးဖွင့်မပေးကြဘူးတဲ့။



နောက်ဆုံးကယ်သူမဲ့နေတဲ့ ဦးဟန်ပဟာ တောရကျောင်း ဆရာတော်ကြီးကို သတိရပြီး တောရကျောင်းကိုသွားကာ “ဆရာတော်ဘုရား တပည့်တော် ဒုက္ခကြီးစွာ ရောက်လာပါတယ်၊ ကယ်တော်မူပါဘုရား”လို့ လျှောက်ထားလိုက်တယ်။ အဲဒီအခါ ဆရာတော်ကြီးဟာ သူခိုးဦးဟန်ပရဲ့အဖြစ်ကို မီးအိမ်ရဲ့ အလင်းရောင် အောက်မှာမြင်ရလို့ အင်မတန် သနားကြင်နာသတဲ့၊ အလောင်းကောင်ကိုဖြုတ် ရေနွေးနဲ့ရေချိုးစေပြီး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မုန်ညင်းဆီနဲ့ လိမ်းသုတ်ကာ ကိုယ်တော်တိုင် နှိပ်နယ်ပေးတော်မူတယ်။



မနက်မိုးလင်းအချိန်မှာ ကျောင်းဒကာဟာ ညက သူခိုးဟာ ဘယ်အရပ်များ သွားလေသလဲလို့ စုံစမ်းရှာဖွေရင်း တောရကျောင်း ဆရာတော်ထံ ၀င်ရောက် ဖူးမြော်တဲ့အခါ သူခိုးရဲ့နောက်ကျောကို မုန့်ညင်းဆီနဲ့ နှိပ်နယ်ပေးနေတဲ့ ဆရာတော်ကို မြင်တွေ့ရတာမို့ “ဆရာတော်ဘုရား၊ သူခိုးဆိုတာကျေးဇူးသိတတ်တာ မဟုတ်ဘူးဘုရား၊ ကျေးဇူးရှင်ဆိုပြီး ကျေးစွပ်တာပဲရှိတယ်ဘုရား။ အရှင်ဘုရားဆိုဆုံးမရင် နောက် မခိုးတော့ပါဘူး၊ ပြောပေမယ့် ဆက်ပြီး ခိုးနေဦးမှာပဲဘုရား။ မိရင်းဖရင်းကတောင် ရှောင်တဲ့ ဒီလိုသူခိုးမျိုးကို အရှင်ဘုရား အရောတ၀င် မဆက်ဆံချင်ပါနဲ့ဘုရား”လို့ လျှောက်ထားသတဲ့။



အဲဒီအခါ ဆရာတော်ကြီးက ဒကာတော်၊ သူတော်ကောင်းဆိုတာ သူတစ်ပါးတော်လာအောင် ကိုယ်က ကောင်းပေးရတယ်။ သူတော်မှ ကိုယ်ကောင်း နိုင်မယ်ဆိုတာမျိုး မဖြစ်စေရဘူး။ နားကိုရင် ပါးရိုက်မယ် ဆိုတာမျိုးက လူမိုက်အလုပ်ကွယ့်။ မှားယွင်းတဲ့ သူတွေအပေါ် မေတ္တာထားတာကိုပဲ ဘုရားရှင် ချီးမွမ်းတော် မူတယ် ဒကာရဲ့။ ဒါကြောင့် ကျောင်းဒကာဟာ မောင်ဟန်ပအပေါ်မှာ စိတ်မဆိုးပါနဲ့၊ မောင်ဟန်ပကလည်း ကျောင်းဒကာပေါ်မှာ အငြိုးမထားနဲ့ကွယ်လို့ ဆုံးမသြ၀ါဒ ပေးတော်မူပါတယ်။



ဒီလိုနဲ့ တောရကျောင်း ဆရာတော်ဟာ သူခိုးဦးဟန်ပကို ဒဏ်ရာတွေ ပျောက်ကင်းပြီး နေကောင်းတဲ့အထိ ကျောင်းမှာ (၃-၄)ရက် ထားပြီးတဲ့အခါ အိမ်ကို ပြန်ခွင့်ပြုပါတယ်။ အဲဒီအခါ ဦးဟန်ပက “အရှင်ဘုရား၊ တပည့်တော်ဟာ မသေဘဲနဲ့ ဘ၀ပြောင်းတဲ့ လူလိုဖြစ်နေပါပြီဘုရား။ တပည့်တော် ခုလိုဖြစ်ပျက်ပြီးတဲ့နောက် လူဝတ်ကြောင်ဘ၀နဲ့ မနေလိုတော့ပါဘူးဘုရား။ အရှင်ဘုရားဟာ တပည့်တော်ကို သနားကြင်နာသမှု ပြုလက်စနဲ့ ဆက်လက်ပြီး စောင့်ရှောက် ပေးတော်မူပါဘုရား။ တပည့်တော် အရှင်ဘုရားထံတော်ရင်မှာ ဦးပဉ္စင်း ဘ၀နဲ့ ရဟန်းပြုပါရစေ”လို့ လျှောက်ထား တောင်းပန်ပါတယ်။



ဆရာတော်ကြီးက ရဟန်းပြုပေးပြီးတဲ့အခါ ဦးဟန်ပ တစ်ဖြစ်လဲ ဦးပဉ္စင်း အရှင်သောဘနဟာ ဘုရားရှင် ပညတ်တော်မူတဲ့ ၀တ်ကြီးဝတ်ငယ်ကို ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ၀ိပဿနာ ဘာဝနာကို ကြိုးစား ရှုမှတ်တာမို့ မကြာခင်မှာပဲ အရဟတ္တမဂ် - အရဟတ္တဖိုလ်ကိုရပြီး “ရဟန္တာ အရှင်သောဘနမထေရ်”လို့ ထင်ရှားလာတော်မူပါတယ်။



ဒီဓမ္မပုံပြင်လေးရဲ့ အဓိက ဆိုလိုချက်ကတော့ (၁) ကောင်းမြတ်ခြင်းဟာ လူရဲ့ပင်ကိုယ်သဘာဝ၊ မူရင်း တန်ဖိုးဖြစ်ကြောင်း၊ (၂) လူရဲ့ မူရင်း တန်ဖိုးအရ လူတိုင်းရဲ့ဂုဏ်သိက္ခာကို ဗြဟ္မစိုရ်တရားနဲ့အညီ လေးစားမြတ်နိုးရာမှာ ဖြစ်ကြောင်းနဲ့၊ (၃) အသိအလိမ္မာ ဥာဏ်ပညာကသာ လူကို အဆိုး သံသရာမှ ထုတ်ဆယ်ကာ အမြင့်ဆုံး လူ့ဂုဏ်ရည်နဲ့ လူ့တန်ဖိုးကို ပေးအပ်နိုင်မှာ ဖြစ်ကြောင်းတို့ပဲ ဖြစ်ပါတယ်။


တော်ဝင်နွယ်

Shared from Shwe Yee

No comments:

Post a Comment