Sunday, April 1, 2012

တစ်ဘက်မြင်များ

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတာရှိတယ်။ သူက ဘက်စုံမကြည့်လို့ရှိရင် အမှန်မသိတဲ့အကြောင်းလေး။ ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်တဲ့၊ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတစ်ခုပေါ့၊ တောင်တုန်းလေးတစ်ခုပေါ်မှာ စားသောက်ဆိုင်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒီဆိုင်လေးမှာ တောင်က လာတဲ့လူပဲဖြစ်ဖြစ်၊ မြောက်က လာတဲ့လူပဲဖြစ်ဖြစ် ၀င်ပြီးနားကြတယ်။ လမ်းကြီးက တောင်မြောက်ဖောက်ထားတယ်။ အဲဒီတုန်းကလူတွေ မြင်းစီးတဲ့ခေတ်ဆိုတော့ မြင်းစီးပြီးတော့ သွားကြ လာကြတယ်။ ခြောက်လုံးပူး ခါးချိန်တဲ့ခေတ် မဟုတ်ဘူး၊ ဓားလွယ်, လွယ်တဲ့ခေတ်။

အဲဒီတုန်းကမြောက်ဘက်က လူကြီးတစ်ယောက် ဓားလွယ်နဲ့ မြင်စီးပြီးတော့ လာတယ်။ တောင်ဘက်က လူတစ်ယောက်ကလည်း မြောက်သွားဖို့ မြင်းစီးပြီး လာတယ်။ အဲဒီတောင်ကုန်းလေးကျတော့ ခဏနားကြတယ်၊ တောင်ကုန်းပေါ်အတက်ကလေးမှာ နှစ်ယောက်သား မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ စားသောက်ဆိုင်လေးထဲ ၀င်ပြီးနားကြမယ်ပေါ့။

အဲဒီမှာ မြောက်ဘက်ကလာတဲ့ လူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာတွေ့တုန်းဆိုရင် ရွှေခြင်္သေ့ရုပ်ကလေးကို တွေ့တယ်။ တွေ့တော့ သူက သြော် ရွှေခြင်္သေ့ စားသောက်ဆိုင်ပဲလို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် တောင်ဘက်ကလူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျား မှားနေပြီ၊ ရွှေခြင်္သေ့စားသောက်ဆိုင် မဟုတ်ဘူးဗျာ့။ ငွေခြင်္သေ့စားသောက်ဆိုင်ပါ။

ဒီတော့ မြောက်ကလာတဲ့လူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလား တဲ့။ မကျေနပ်တဲ့အသံနဲ့ မေးတယ်။ ဟိုလူက ခင်ဗျား မှားနေတာပါ။ ရွှေခြင်္သေ့မဟုတ်ဘူး၊ ငွေခြင်္သေ့ပါလို့ ထပ်ပြောတယ်။ အဲဒီ ခေတ်ကတစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင် ဓားချင်းယှဉ်ခုတ်တဲ့ခေတ်။ အချင်းများကြတယ်။ ပထမလူက သူ့ကို ဒီလောက် အထင်သေးရမလား ဆိုပြီးတော့ ဓားဆွဲထုတ်တယ်၊ ဒုတိယလူကလည်း ဓားဆွဲထုတ်တယ်။ ပြီးတော့ ဓားချင်း ယှဉ်ခုတ်ကြတယ်။ တချွမ်ချွမ်နဲ့၊ အဲဒီနေရာမှာ နှစ်ယောက်စလုံး တစ်ဘက်မြင်နဲ့ ဆော်ကြတာလေ။

အငြင်းပွားပြီး ဓားချင်း ဆွဲခုတ်နေကြတုန်း အသံတစ်သံ ထွက်ပေါ်လာတယ်၊ ရပ်လိုက် ဆိုတဲ့ အမိန့်ပေးသံ၊ သူတို့ နှစ်ယောက်စလုံး ကြားတယ်။ သူတို့ အံ့အားသင့်ပြီး ရပ်လိုက်ကြတယ်။ အသံရှင် နတ်သမီးလေး ရုတ်တရက်ပေါ်လာပြီး ရှင်တို့ ဘာလုပ်နေကြတာတုန်းလို့ မေးလိုက်တယ်။ တို့ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြတယ်။ တကယ်တော့ သူတို့အမှန်တရားကို ပြည့်ပြည့်စုံစုံမြင်ကြတာ မဟုတ်ဘူး။ ကိုယ်မြင်တာ အမှန်လုပ်ပြီး တိုက်ပွဲဝင်နေတာနော်။

ကဲ . . . ပြောပါဦး ဆိုတော့ မြောက်ဘက်မှ လာတဲ့သူက ပြောတယ်၊ ငါက ရွှေခြင်္သေ့လို့ပြောတယ်။ ဒီလူက ငွေခြင်္သေ့တဲ့၊ ဒီလူက ငါ့ကို ရွှေနဲ့ငွေမကွဲဘူးလို့ ပြောချင်တယ်။ ဒါ့ကြောင့် ငါက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ၊ ဒီတော့ အဲဒီနတ်သမီးက မြောက်ဘက်က လာတဲ့ လူကြီးမင်း တောင်ဘက်သွားပြီးကြည့်ပါ၊ တောင်ဘက်ကလာတဲ့ လူကြီးမင်းက မြောက်ဘက်ကို သွားကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရွှေတစ်ဖက် ငွေတစ်ဖက် လုပ်ထားတာကိုး။

ခြင်္သေ့ရုပ်လေးက ဟိုဘက်က ရွှေ၊ ဒီဘက်က ငွေ၊ နှစ်ယောက်စလုံးမှန်တယ်။ နှစ်ယောက်စလုံး မှားနေကြတယ်။

ဆိုလိုတာက တစ်ဘက်ပဲ သိတယ်။ အကုန်လုံးမသိဘူး။ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလွန်မှတ်သားစရာ ကောင်းတယ်။ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့။

မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်။

“၀ိဂ္ဂယှ နံ ၀ိဝဒန္တိ၊ ဇနာ ဧကင်္ဂဒဿိနော” အေး . . . လူတွေဟာ တစ်ပိုင်းတစ်စကိုသာ သိပြီး၊ ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်။ ကိုယ်သိတာလေးကို ဆွဲကိုင်ပြီး အငြင်းပွားနေကြတယ်တဲ့။ အကုန်သိအောင် လုပ်ရမယ်။ အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ။ ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး ဆင်သရုပ်ဖော်ခြင်းဆိုတဲ့ ပုံဝတ္ထုလေး ပါတာကို တွေ့ရတယ်။

လောကီစာအုပ်တွေထဲမှာလည်း မျက်မမြင် ပုဏ္ဏား(၆)ယောက်အကြောင်း ရေးထားကြတယ်။ အဲဒီပုံပြင်က ဘယ်က စ လာတာလဲ မသိဘူး။ အိန္ဒိယ ဟိန္ဒူဘာသာဖြင့် ရေးထားတဲ့ စာအုပ်မှာတွေမှာလည်း ပါတာပဲ၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာလည်း ပါတာပဲ၊ မြန်မာလိုလည်း ပြန်ရေးကြတယ်။ ထူးထူးဆန်းဆန်း မြတ်စွာဘုရားဟောတဲ့ သုတ္တန်ထဲမှာလည်း တွေ့တယ်။ မြတ်စွာဘုရားဟောတဲ့ ဥဒါန်းပါဠိတော်မှာ နာနာတိတ္ထိယသုတ် ဆိုတာ ရှိတယ်။ တိတ္ထိအမျိုးမျိုး အကြောင်းကို ဟောထားတာ။ အဲဒီ နာနာတိတ္ထိယ သုတ်မှာ မျက်မမြင်ပုဏ္ဏား (၆)ယောက်တော့ မဟုတ်ဘူး၊ (၉)ယောက်၊ (၉)ယောက် ဆိုတာ လူကို ပြောတာမဟုတ်ဘူး၊ မျက်စိမမြင်တဲ့ သူတွေကို အုပ်စု (၉)စုခွဲကာ ဆင်ကို စမ်းကြည့်စေပြီး ဆင် သရုပ်ဖော်ခိုင်းတာ။

အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင် - သာဝတ္ထိပြည်က ဘုရင်ကြီးဟာ တစ်ခါတလေ အပျင်းဖြေတဲ့ သဘောပေါ့၊ ရယ်စရာ လုပ်တယ်။ ဘာလုပ်တုန်းဆိုတော့ သာဝတ္ထိ ပြည်မှာရှိတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူအားလုံး ဆင့်ခေါ်ခိုင်တယ်။ နန်းရင်ပြင်မှာ စုစေတယ်။ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲ ရောက်လာကြတယ်။ ရောက်လာတဲ့အခါ (၉)စုခွဲလိုက်တယ်။ ခွဲပြီးတဲ့အခါ ကျတော့ ဘုရင်က ၀န်းထမ်းတွေကို အမိန့်ပေးတယ်။ အဲဒီ (၉)စုကို တစ်စုစီ ခွဲပြီး တစ်မျိုးစီ ဆင်ကို ပြစေတယ်၊ ဆင်ဆိုတာ ဘယ်လိုလဲ၊ တချို့ကို ဆင့်ခြေထောက်ကို ကိုင်စမ်းပြီးပြတယ်။ တချို့ကို အမြီးကို ကိုင်စမ်းပြတယ်၊ တချို့ကို နှာမောင်းကို ပြတယ်၊ တချို့ကို အစွယ်ကို ပြတယ်၊ တချို့ကို ကိုယ်လုံးကို ပြတယ်၊ အဲဒီလို ခွဲပြီးပြတယ်၊ အမြီးမှာလည်း မြီးဆံလေးကို ပြတယ်၊ တချို့ကို မြီးထူးရိုးကိုပြတယ်။ ခွဲပြီးတော့ ပြခိုင်းတယ်။

အုပ်စုလိုက် ပြပြီးပြီဆိုတဲ့အခါကျတော့ ဘုရင်ကြီးက ရှေ့တော်သွင်းတယ်၊ ဘုရင်ကြီးက မေးတယ်။ မောက်ကန်းတို့၊ မင်းတို့ ဆင်မြင်ကြပြီလား။

ဘုန်းတော်ကြောင့် မြင်ရပါပြီ တဲ့။

ကဲ . . . နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟောလဲ၊ ပြောပြစမ်းလို့ ဘုရင်ကြီးကမေးတယ်။

သူတို့ကို ပြထားတဲ့အတိုင်း သူတို့ပြောတာပေါ့။ ဆင့်ကိုယ် စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုပဲတဲ့။

ကျန်တဲ့သူတွေကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ မြင်တော့ မမြင်ရဘူးပေါ့။ အံ့သြတယ်။ ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊ တုတ်ချောင်းကြီးလိုပါ။ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး။

မြီးဆံပြထားတဲ့လူက တံမျက်စည်းလိုဟာကြီးပါ။ ခြေထောက် ပြထားခြင်းခံရတဲ့ လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့။

သူတို့အချင်းချင်း တစ်ခုနဲ့တစ်ခု မကျေမနပ် ဖြစ်နေကြတယ်။ ဆင်ဆိုတာ နံရံကြီးလိုဆိုတော့ တံမျက်စည်းလို ထင်တဲ့ကောင်က

ဟာ . . . မင်းမှားနေတယ်။ ငါတွေ့တာက တံမျက်စည်းလိုပဲ။

ဆင့်ခြေထောက် စမ်းတဲ့ လူကလည်း

ဟ . . . ဆင်ဆိုတဲ့ အကောင်က အဲဒီလိုမဟုတ်ဘူးတဲ့၊ တိုင်ကြီးလိုပဲ။

နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာ ပြားချပ်ကြီး၊ ယပ်တောင်ကြီးလိုပဲ ပြောတယ်။

ပြောရင်း ပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ကြပြီး ထသတ်ကြတယ်။

အဲဒီအခါမှာ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီး ရယ်သတဲ့။ အတော် ကမြင်းတဲ့ ဘုရင်ပေါ့နော်။

အဲဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလို အငြင်းပွားနေကြသတဲ့။ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုသည်မှာ ဒါတွေ အားလုံးရှိတယ်ဆိုတာ သူတို့ လက်ခံမယ်ဆိုလို့ရှိရင် သူ့ဟာလည်း လက်ခံမယ်၊ ငါ့ဟာလည်း လက်ခံမယ်၊ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ် ပေါ်လာမှာပါတဲ့၊ မြတ်စွာဘုရားက မိစ္ဆာ၀ါဒဟာလည်း ဒီအတိုင်းပဲ၊ ခြုံငုံ မကြည့်ဘူး၊ စုံအောင် မကြည့်ဘူး၊ တစ်ဘက်အမြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ ဆိုလိုတယ်။

အေး . . . ဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒ ဆိုတာ ခြုံငုံသုံးသပ်ခြင်း မရှိလို့ မှားယွင်းတဲ့ ၀ါဒမျိုး ဖြစ်တယ်။ တစ်ဘက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် ‘ဣဒမေ၀ သစ္စံ၊ မောဃမညံ’ = ငါ့ဟာသာ အမှန်၊ တခြားဟာ အလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာ အဟုတ်ထင် စွဲကိုင်ထားပြီး သူများ philosophy ကိုတော့ ပယ်ချတယ်၊ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။

အမှန်တရားဆိုတာ တစ်ခုတည်းသာရှိတယ်။ အဲဒီအမှန်တရားနဲ့ ပတ်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာ မရှိဘူး၊ အားလုံး အတူတူပဲ။


ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (စာ-၁၄၈-၁၅၅) - မှ ကောက်နှုတ်ပူဇော်ပါသည်။


ကပ္ပိယမောင်ရဲ

Monday, April 02, 2012 11:25 am

Shared from Ko YeWin Tun

No comments:

Post a Comment