Tuesday, April 24, 2012

ကမ္ဘကို ပြန့်နှံ့လှပစေတဲ့ လူ့အရည်အသွေးများ

ဗုဒ္ဓဘာသာဝင်တို့ဆိုတာ မွေးဖွားလာကတည်းက “ရတနာသုံးပါး ဦးထိပ်ထား၍ ၊ မာတာမိခင် ဖွားသန့်စင် သည်၊ အမည်သညာ ခေါ်စရာကား၊ မောင် ဘယ်သူ မဘယ်သူ အသက်တစ်ရာနှစ်ဆယ် ရှည်စေသော်”ဆိုပြီး မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံး ရတနာခန္ဓာ၊ ရတနာဘဝကြီး ဖြစ်စေဘို့ မိဘတို့ရဲ့ ပုဗ္ဗမင်္ဂလာစကားကို ဦးထိပ်ရွက် ပန်ဆင်လာကြတာပါ။

မိမိတို့ရဲ့ ဘဝကိုသာမက မိမိတို့နေထိုင်ရာ အိုးအိမ်များကိုလည်း “ကျက်သရေအိမ်ကြီး” ဖြစ်စေ ဘို့အတွက် “သီရိဂေဟာ”လို့ အမည်ကင်ပွန်း တပ်လေ့ရှိကြပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကြီးကိုရော ၊ ကိုယ်နေထိုင်ရာ အိုးအိမ်၊ ရပ်ရွာ၊ နိုင်ငံကစပြီး ကိုယ်နေတဲ့ ကမ္ဘာကြီးတစ်ခု လုံးကိုပါ အမြဲကျက်သရေရှိနေတဲ့ သီရိကမ္ဘာကြီးအထိ ဖြစ်စေဘို့ ဘုရားရှင် ဟောညွှန်တော်မူတဲ့ အဆုံးအမ စကားကို အခြေခံပြီးတော့ နည်းနည်းပြောပါမယ်။

မြတ်စွာဘုရားရှင်က လူတို့ရဲ့ခန္ဓာကိုယ်ကြီးဆိုတာ ဘာပစ္စည်းမှ ထည့်မထားတဲ့ ဖန်ဗူး၊ ပုလင်းခွန် ကြီးနဲ့ တူပါတယ်တဲ့။ ပုလင်းခွန်ကြီးဟာ ဒီအတိုင်းတော့ ဘာအမည်ထူးမျှ မရှိသေးဘူး၊ အဲဒီပုလင်းခွန်ကြီးထဲကို အဆိပ် တွေ ထည့်လိုက်ရင်တော့ ဒီပုလင်းကြီးက “အဆိပ်ပုလင်းကြီး ”ရယ်လို့ ဖြစ်သွားမယ်။ အဆိပ်ပုလင်းဖြစ်သွားပြီဆိုရင် ပိုင်ဆိုင်သူဟာ ကိုယ်တိုင်သောက်လည်း သေစေနိုင်သလို သူတစ်ပါးကို တိုက်ရင် လည်း သေစေ တတ်ပါတယ်။

အဲဒီပုလင်းလွတ်ကြီးထဲကို နို့ချိုတွေ ထည့်လိုက်ရင်တော့ “နို့ချိုပုလင်းကြီး”ရယ်လို့ ဖြစ်သွားမယ်။ နို့ချိုပုလင်းကြီး ဖြစ်သွားပြီဆိုရင် ပိုင်ဆိုင်သူဟာ ကိုယ်တိုင်သောက်ရင်လည်း ခွန်အားဖြစ်ပါတယ်။ သူတစ်ပါးကို တိုက်ရင်လည်း ခွန်အားဖြစ်စေတတ်ပါတယ်။

အဲသလိုပါပဲ၊ ဒီခန္ဓာကိုယ်ကြီးဟာလည်း မူလကတော့ ပုလင်းခွန်ကြီးပမာ ဘာမျှ ထည့်မထားသေးပါဘူး။ အမိဝမ်းမှာ ပဋိသန္ဓေတည်နေစက ဘယ်လိုကုသိုလ် အကုသိုလ်မှ မလုပ်ခဲ့ကြသေးပါဘူးလို့ ဆိုလိုတာနော်။ အဲဒီ ခန္ဓာကိုယ်ကြီးဟာ အကုသိုလ်တွေ ပြုခဲ့မည်ဆိုရင်တော့ အကုသိုလ် ခန္ဓာကိုယ်ကြီး ဖြစ်သွားပါမယ်၊ အကုသိုလ်ခန္ဓာ ကိုယ်ကြီး ဖြစ်သွားရင် ကိုယ်တိုင်လည်း အပါယ်တွင်း ကျရောက်နိုင်သလို သူတစ်ပါး တို့ကို ဝေငှပေး ရင်လည်း အပါယ်တွင်းကျရောက်မည့် အကုသိုလ်ခန္ဓာကိုယ်တွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှေးဆရာတော် ကြီးများ ရေးခဲ့တဲ့ လင်္ကာပိုဒ် ကလေးကိုလည်း မှတ်ဆောင်ထားစေချင်ပါတယ်…..

+ ဖန်ဗူးပုလင်း အဆိပ်သွင်း၊ ပုလင်းအဆိပ် ဖြစ်သည့်နှယ်။

+ ခန္ဓာကိုယ်တွင်း၊ အကုသိုလ်သွင်း၊ ပါယ်တွင်းခန္ဓာ ဖြစ်ရတယ်။

+ ဖန်ဗူးပုလင်း ၊ နို့ချိုသွင်း၊ ပုလင်းနို့ချို ဖြစ်သည့်နှယ်။

+ ခန္ဓာကိုယ်တွင်း၊ ကုသိုလ်သွင်း၊ ပါယ်ကင်းခန္ဓာ ဖြစ်ရတယ်.. တဲ့။

ခန္ဓာကိုယ်ကြီးထဲကို အကုသိုလ်တွေ ထည့်လိုက်လို့ အကုသိုလ် ခန္ဓာကိုယ်ကြီး ဖြစ်သွားပြီဆိုရင် ဒီခန္ဓာကိုယ်ကြီးက ကျက်သရေ မရှိနိုင်တော့ ပါဘူး။ ကျက်သရေမရှိတော့ရင် ကျက်သရေမရှိသူတို့ လားရောက်ရာ ဖြစ်တဲ့ အပါယ်တွင်းထဲကို ကျရောက်သွားမယ်လို့ သတိပေးလိုတာပါ။

ဒီခန္ဓာကိုယ်ကြီးထဲကို ကုသိုလ်တွေ ထည့်လိုက်ရင်တော့ “ကုသလံ အနဝဇ္ဇ သုခဝိပါက လက္ခဏံ” ဆိုတဲ့အတိုင်း၊ အပြစ်လည်းကင်း၊ ချမ်းသာခြင်း ကိုလည်း ဆောင်နိုင်တဲ့အတွက် ကျက်သရေ ရှိသွားပါတယ်။

ကျက်သရေရှိသွားပြီဆိုရင် ကျက်သရေရှိသူတို့ရဲ့ လားရောက်ရာဖြစ်တဲ့ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာဆီကိုသာ ဦးတည် သွားကြရမှာပါ ။

လူတို့ရဲ့ ခန္ဓာကိုယ်ကြီးလိုပဲ လူတို့နေထိုင်ရာ အိုး အိမ်၊ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံက စလို့ ကမ္ဘာကြီးအထိ သြကာသလောကကြီးတစ်ခုလုံးဟာလည်းပဲ ဖန်ဗူးပုလင်းလွတ်ကြီးလိုပါပဲ။ နေထိုင်သူတို့ ကျက်သရေ ရှိတဲ့အခါ နေထိုင်ရာ အိုးအိမ်ကစပြီး ကမ္ဘာကြီးအထိဟာလည်း ကျက်သရေအိုးအိမ်၊ ကျက်သရေရပ်ရွာ၊ ကျက်သရေ မြို့နယ်၊ ကျက်သရေနိုင်ငံ၊ ကျက်သရေကမ္ဘာကြီးလို့ ဆိုနိုင်သွားပါလိမ့်မယ်။

နေထိုင်သူတို့က ကျက်သရေမဲ့လာပြီဆိုရင်တော့ အိုးအိမ်၊ တိုက်တာတွေဆိုတာ စိန်တွေ၊ ရွှေတွေနဲ့ မွမ်းမံ ထားတဲ့ ဘုံနန်းပြဿဒ်ကြီး ပဲဖြစ်နေစေအုံးတော့ ကျက်သရေ မဲ့တဲ့ အိုးအိမ်ကြီးလို့သာ ဆိုရမှာပါ။ အိုးအိမ်တွေ ကျက်သရေမဲ့ပြီဆိုရင် ရပ်ရွာတွေ၊ မြို့နယ်တွေကစလို့ ကမ္ဘာကြီး အထိဟာလည်း ကျက်သရေမဲ့တဲ့ ကမ္ဘာကြီး ဖြစ်သွားမယ်ဆိုတာ လူတိုင်းသဘောပေါက်ကြမှာပါ။

ဒီနေ့ အချို့ အိုးအိမ်တွေ၊ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံတွေမှာ “ သုဂတိလူ့ဘုံသားတို့ နေရာ” ဆိုတဲ့ ဂုဏ်နဲ့ မတန် လောက်အောင် ကျက်သရေမဲ့နေ တဲ့ ဖြစ်ရပ်တွေကို ကမ္ဘာအဝှမ်းမှာပဲ တွေ့မြင် ကြားသိနေကြရပါတယ်။

အကြောင်းရင်းက ဘာလဲလို့ စဉ်းစားလိုက်ရင် အားလုံးသဘောပေါက်ကြမှာပါ၊ နေထိုင်သူတွေ၊ တာဝန်ရှိသူတွေကိုယ်တိုင် ကျက်သရေ မဲ့ကြလို့ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူတို့တစ်တွေ ကျက်သရေမဲ့ရခြင်းရဲ့ အကြောင်းကို ဆက်ပြီးတော့ ရှာကြည့်မယ်ဆိုရင်တော့. အကုသိုလ်တွေ သွင်းထားကြ လို့ပါပဲ၊ ဘာဖြစ်လို့ သုဂတိ လူဘုံသားရဲ့ ခန္ဓာကိုယ်ထဲမှာ အကုသိုလ်တွေ သွင်းနေကြရတာလဲလို့ ဆက်ပြီး အကြောင်း ရှာကြည့် ရင်တော့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာဒေသနာနည်းအတိုင်း ပြောရမယ်ဆိုရင်.. လောဘ ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ် ရေသောက်မြစ် တွေ သန်မာနေကြလို့ပါပဲတဲ့။

အဲဒီရေသောက်မြစ်သုံးခုထဲမှာလည်း အခြေခံအကျဆုံးက “အဝိဇ္ဇာ၊ တဏှာ ဒွေးမူလ”ဆိုတဲ့အတိုင်း အသိဉာဏ်မဲ့မှုနဲ့ အလိုရမ္မက်ကြီးမှုတို့ပါပဲ။ ဒါကလည်း ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အိုးအိမ်၊ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံတို့ အကြောင်း ပြန်ပြီးစဉ်းစားကြည့်လိုက်ရင် ထင်းထင်း ကြီး ပေါ်လွင်နေ ကြမှာပါ။ နေထိုင်သူ၊ တာဝန်ရှိသူတွေ အသိဉာဏ်လဲခေါင်းပါး၊ အလိုရမ္မက်ကလည်းကြီးမားလာပြီဆိုရင် သူတို့ ပြုလုပ်သမျှ ၊ ဦးဆောင် သမျှ ၊ ညွှန်ကြား သမျှရဲ့အောက်က လုပ်ဆောင်ရတဲ့ လုပ်ရပ်တွေကလည်း အကုသိုလ်ကံတွေသာဖြစ်ပြီး သူတို့ကိုယ်တိုင်ကစလို့ သူတို့နဲ့ ဆက်စပ်ရာ သတ္တလောက၊ သြကာသလောကကြီး တစ်ခုလုံးဟာလည်း ကျက်သရေမဲ့ သွားကြတယ်ဆိုတာ အားလုံးတွေ့ကြုံ ကြားသိ ခံစားဖူးကြမှာပါ။

မြတ်ဗုဒ္ဓအလိုကျ အဲဒီလို ကျက်သရေမဲ့တဲ့ ခန္ဓာကနေ ကျက်သရေမဲ့တဲ့ ကမ္ဘာကြီးအထိ မဖြစ်စေကြပဲ မိမိတို့ တစ်ကိုယ်ရေ ခန္ဓာကိုယ်ကြီးကစလို့ ကမ္ဘာကြီးအထိ ကျက်သရေတွေ ပြန့်နှံ့လှပသွားအောင် ဆောင်ရွက် နိုင်ကြဘို့အတွက် ဥပမာလေးတစ်ခုနဲ့ ပြောပြချင်ပါတယ်။

လူတို့၊ အထူးသဖြင့်တော့ အမျိုးသမီးများပေါ့နော် ဆင်မြန်းကြတဲ့ ကျောက်မျက်ရတနာတွေထဲမှာ ခရမ်းရောင်လွင်လွင်လေးနဲ့ လှပပြီး ကျက်သရေရှိတဲ့ “ခရမ်းစွဲ”ဆိုတဲ့ ကျောက်ကလေးတစ်ခုကို တွေ့ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ခရမ်းစွဲဆိုတာ ရတနာစာရင်းဝင်တဲ့ ကျောက်မျက်တစ်ခုတော့ မဟုတ်ပါဘူး။ သာမာန် သလင်းကျောက်ကလေးပါပဲ။ အဲဒီသလင်းကျောက်ကလေးမှာ ထူးခြားတာကတော့ ကျောက်တုံးကလေးတွေရဲ့ ထောင့်မှာ ခရမ်းရောင် အရည်စွဲကလေး နဲနဲပါပါတယ်၊ အဲဒီအရည်စွဲနေတဲ့ ထောင့်စွန်နေရာကလေးကလွဲလို့ ကျန်တဲ့ ကျောက်တုံးတစ်ခုလုံးကတော့ သာမာန်သလင်းကျောက်လို အဖြူရောင်ပါပဲ။

ဒါပေမယ့် အဲဒီ ခရမ်းစွဲလေးပါတဲ့ သလင်းကျောက်ကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေက စနစ်တကျ အကွက်ပေါ်အောင်သွေးပြီး ခရမ်းစွဲနဲ့ တူရူဖြစ်တဲ့ မျက်နှာပြင်ကိုလည်း ညီညာ ချောမွေ့အောင် သွေးပေးလိုက်တဲ့ အခါမှာတော့ မျက်နှာပြင်တစ်ခုလုံးဟာ ခရမ်းရောင်လေးနဲ့ ပြည့်နှက်တောက်ပပြီး ကျက်သရေရှိတဲ့ ကျောက်မျက်ရတနာ တစ်ခုပမာ လူတို့ရဲ့ အလှဆင် ရတနာ စာရင်းထဲ ဝင်လာပါတော့တယ်။

အဲသလိုပါပဲ၊ လူဆိုတာဟာလည်း “သုဂတိလူ့ဘုံသား” ဆိုတဲ့အတိုင်း ကောင်းတဲ့ ကုသိုလ်ကံမျိုးစေ့က ပို့ပေးလို့ ရောက်လာကြသူများပီပီ၊ လူတိုင်း လူတိုင်းမှာ “ကုသိုလ်ကံ” ဆိုတဲ့ အရည်စွဲလေးတွေ ကိုယ်စီပါကြ ပါတယ်။ လူဖြစ်လာရုံမျှမက သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါ သာသနာတော်ကို ကြည်ညိုရကောင်းမှန်း သိလာ ကြသူများ ဆိုရင်တော့ ကုသိုလ်ကံအရည်စွဲသာမက “ပါရမီ”အရည်စွဲကလေးတွေပါ ကိုယ်စီကိုယ်ငှ ပါလာကြ ပါတယ်။

စောစောကပြောတဲ့ ခရမ်းစွဲဆိုတဲ့ ကျောက်ကလေးမှာ အနည်းငယ်သာပါတဲ့ အရည်စွဲလေးကို အခြေခံပြီး စနစ်တကျ အကွက်ပေါ်အောင် သွေးပေး လိုက်ရင် မျက်နှာတပြင်လုံး ခရမ်းစွဲရောင် အပြည့်နဲ့ လှပတင့်တယ်ပြီး ကျက်သရေရှိလာသလိုပေါ့၊ လူတိုင်းမှာပါတဲ့ ကုသိုလ်ကံ အရည်စွဲ ၊ ပါရမီအရည် စွဲလေးတွေကိုလည်း စနစ်တကျ အကွက်ပေါ်အောင် ပြုပြင်ပေးလိုက်ရင် လူ့တစ်ကိုယ်လုံးဟာလည်း ကုသိုလ်ခန္ဓာကိုယ်၊ ပါရမီခန္ဓာကိုယ်ကြီး ဖြစ် သွားပြီး ကျက်သရေတုံး ကျက်သရေခဲကြီးလို တင့်တယ်သွားမှာ မလွဲပါဘူး။

ဘုရားသာသနာတော်ကြီး ပေါ်ပေါက်လာတာ၊ ဘုရားရှင်တို့ ဟောညွှန်ဆုံးမတာတွေဆိုတာ အဲဒီ ကုသိုလ် အရည်စွဲ၊ ပါရမီအရည်စွဲလေးတွေကို စနစ်တကျ အကွက်ပေါ်အောင် ဖေါ်နည်းတွေပါပဲ။

ဒီခန္ဓာကိုယ်ကြီးကို ရတနာသုံးပါးတို့ ၊ သရဏဂုံသုံးပါးတို့၊ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားတို့ဆိုတဲ့ အကွက်ကလေးတွေနဲ့ ပုံဖေါ်လိုက်ရင်ကို ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်လောက် လှပတင့်တယ် ကျက်သရေရှိသွားမလဲဆိုတာ စဉ်းစားကြည့်လိုက်ပေါ့။

အဲသည်ထက်ပိုပြီးတော့ မဂ္ဂင်ရှစ်ပါးတို့နဲ့ပါ အကွက်ဖေါ်ပြီး သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါး အရည်အသွေးတွေ တက်လာအောင် အကွက်ဖေါ်နိုင်ပြီး ဆိုရင်တော့ ဒီခန္ဓာကိုယ်ကြီးဟာ ဒုဂ္ဂတိဘုံကို ကျရောက် စေမည့် အပါယ်မျိုးစေ့ ကိလေသာ အညစ်အကြေးတွေပါ ကင်းစင်သွားတဲ့အတွက် တကယ့်ကိုယ်မှ လူနတ် ဗြဟ္မာ သတ္တဝါအားလုံးတို့က ဦးထိပ်ထက် ပန်ဆင်လောက်အောင်အထိ အမြင့်မြတ်ဆုံး ရတနာ အစစ်ကြီး ဖြစ်သွားမှာ မလွဲပါဘူး။

မူလက ရတနာစာရင်းမဝင်သေးတဲ့ ခရမ်းစွဲကျောက်ကလေးဟာ စနစ်တကျအကွက်ဖော် သွေးပေးလိုက် တဲ့အတွက် လူတို့အလှ ဆင်စရာ ကျောက်မျက်ရတနာ တန်းဝင်သွားသလိုပဲ သာမန်ပုထုဇဉ်များဖြစ်တဲ့ မိမိတို့ဟာ လည်းပဲ မွေးရာပါ ကံအရည် အစွဲ၊ ပါရမီအရည် အစွဲလေးတွေကို မြတ်ဗုဒ္ဓရဲ့ နည်းပေးဆုံးမချက်များနဲ့ အညီ အကွက်ဖော်ပေး လိုက်ရင် အရိယာသံဃာရတနာ စစ်စစ်ဖြစ်သည့်အထိ တန်းဝင် သွားနိုင်တယ် ဆိုတဲ့ ကိုယ်ရဲ့ အရည်အသွေးကလေးများကို တန်ဘိုးထား မြှင့်တင်ပေး တတ်ကြဘို့ သတိပေးလိုက် ရတာပါ။

ဒါကတော့ အမြင့်မြတ်ဆုံးအဆင့်ကို ပြောတာပါ။ အဲဒီလို အရိယာသံဃာတန်းဝင်သွားတဲ့ တစ်မဂ် တစ်ဖိုလ် အထိရောက်အောင် အကွက် မဖေါ်နိုင်ကြသေးဘူး ဆိုရင်တောင်မှ မိဘများ ဗျာဒိပ်ထားခဲ့သလို ရတနာသုံးပါး ဦးထိပ်ထားခြင်းကစလို့ နိုင်သမျှ နိုင်သမျှလေးတွေ တိုးတိုးပြီး သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်တို့ ပေါ်အောင် အကွက်ကလေးတွေ ဖေါ်ဆောင် နိုင်ကြရင်ကိုပဲ တစ်ဆင့်ထက် တစ်ဆင့် ကျက်သရေတွေ တိုးတိုး လာကြမှာပါ။

ပဋ္ဌာန်း ဟေတုပစ္စည်း အတိုင်း ပြောရမည်ဆိုရင်တော့ ဒီလို တစ်ဆင့်ထက်တစ်ဆင့် တိုးတက်မြင့်မြတ်ပြီး ကျက်သရေ အရောင်တွေ တက်တက် လာအောင် သရုပ်ဖေါ်ဖို့ဆိုရင် မိမိတို့ ရှိရင်းစွဲဖြစ်တဲ့ ကုသိုလ်အရည်အသွေး ပါရမီ အရည်အသွေးတို့ရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ဟိတ်ကောင်း သုံးပါးတို့ ကြီးထွားသန်မာအောင် သတိ ဝီရိယများနဲ့ ဖေါ်ဆောင်ရမည်လို့ ဆိုပါတယ်။

အဲဒီသုံးပါးထဲမှာလည်း အဓိကကတော့ အမောဟဆိုတဲ့ အသိပညာ တရားပါပဲ။ အသိပညာလည်းရှိ၊ စွန့်လွှတ်နိုင်စွမ်းဖြစ်တဲ့ အလောဘတို့၊ ခွင့်လွှင့်နိုင်စွမ်းဖြစ်တဲ့ အဒေါသတို့လည်း သန်မာ အားကောင်းလာပြီဆိုရင် တော့ ရေသောက်မြစ်ကောင်းက စုပ်ယူတဲ့ သစ်ပင်ကြီးဟာ သစ် ပင်ကောင်းကြီး ဖြစ်ပြီးတော့ အခက်အလက် ကောင်း ၊ အပွင့်ကောင်း၊ အသီးကောင်းတို့နဲ့လည်းဝေဆာ၊ အရိပ်အာဝါသ အနံ့အရသာတို့နဲ့ လည်း ပြည့်စုံလာ သလို၊ ဒီခန္ဓာကိုယ်ကြီး တစ်ခုလုံးဟာလည်း ကုသိုလ်ပင်ကြီးအဖြစ်နဲ့ ကုသိုလ်အခက်အလက်၊ အပွင့်၊ အသီးတွေနဲ့ ဝေဆာပြီး ကျက် သရေ တွေ တိုးတက်ပြည့်ဝနေမှာပါပဲ။

အဲဒီလို တစ်ဦးချင်း၊ တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ကြီးတွေ ၊ ကျက်သရေပြည့်ဖြိုး အလှတိုးလာပြီဆိုရင် ဒီခန္ဓာ ပိုင်ရှင်တွေနေတဲ့ အိမ်ကြီးဟာလည်း ရတနာထည့်တဲ့ ဖန်ပုလင်းကြီးပမာ တကယ့်ကိုယ်မှ သီရိဂေဟာအစစ်ကြီး ဖြစ်သွားမှာပါ။ ဒီအိမ်မျိုးတွေနဲ့ စုပေါင်းထားတဲ့ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံကစလို့ လူသားတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးဟာလည်း ကျက်သရေအဖြာဖြာ ဂုဏ်ပေါင်းတွေဝေဆာနေတဲ့ သီရိကမ္ဘာကြီး ဖြစ်မှာ မလွဲပါဘူး။

အဲဒီလိုဖြစ်လာပြီဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံးဟာ ခက် ရွက် ပွင့် သီးတွေ ဝေဆာနေတဲ့ ဥယျာဉ်ကြီး တစ်ခုပမာ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့အတွက် ပန်းမှု၊ နွမ်းမှု၊ လွမ်းမှုတို့ ဖြေဆည်ရာဖြစ်တဲ့အပြင် အပြင်ပူရော၊ အတွင်းဆွေးပါ ငြိမ်းအေး သွားကြ မှာလဲ သေချာ ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ လူတိုင်း လူတိုင်းဟာ မိမိတို့မှာ တစ်ကိုယ်ရေ တစ်ခန္ဓာကစလို့ တစ်ကမ္ဘာလုံးအထိ အလှဆင်နိုင်စွမ်းရှိတဲ့ လူရည်အစစ်လို့ဆိုရမည့် ကံစွမ်းရည်၊ ပါရမီစွမ်းရည်တွေ ပါရှိကြတာကို အလေးအနက် သတိပြု တန်ဘိုးထားကြပြီး တစ်ကိုယ်ရေ တစ်နေရာကစလို့ တစ်ကမ္ဘာလုံးတိုင်အောင် ကျက်သရေတွေနဲ့ ဖြန့်ကျက်လှပစေနိုင်အောင် ဘုရားရှင် နည်းပေးလမ်းပြတဲ့အတိုင်း ကြိုးစား သွေးပွတ်ပြီး အကွက် ဖေါ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း အနုမောဒနာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံး မိမိကိုယ်တိုင်မှစ၍ တစ်လောကလုံးကို လူရည် လူသွေးအစစ်များနဲ့ အလှဆင်နိုင်ကြပါစေ..။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
Shared from Shwe Yee

No comments:

Post a Comment