Wednesday, September 21, 2011

အတွင်းပစ္စည်း မပျက်စီးရင်ပြီးတာပဲ

ကြီးကျယ်ခန့်ညားပြီး မြင့်မြတ်တဲ့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဘယ်ဘက်ခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်အခြမ်းမှာ ပညာ အပြည့်ရှိပါတယ်။ အဲဒီ ကရုဏာ၊ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကို စတေးပြီး အများကောင်းစား ရေးအတွက် လောကအပေါ် စေတနာ အပြည့်အ၀ ထားနိုင်တာကို “ပါရမီဖြည့်တယ်”လို့ ခေါ်တာတာပါ။

“ပါရမီ”ဆိုတာ မြင့်မြတ်သူတွေရဲ့ ပုံရိပ်၊ မြင့်မြတ်သူတွေရဲ့ နှလုံးသား ၊မြင့်မြတ်သူတွေရဲ့ စရဏတရားပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် “ပါရမီဖြည့်တယ်”ဆိုတာ လောဘ၊အတ္တ၊ မာနတွေကြောင့် အကျည်းတန် အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို အလှပ၊ အယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင် ခြယ်မှုန်းပြုပြင် တန်ဆာဆင်ပေးတာကို ခေါ်တာပါ။ ဘုရားအလောင်းတော်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တယ်ဆိုတာ မိမိရဲ့ဘ၀၊ မိမိရဲ့စေတနာကို လှသည်ထက်လှအောင် အားထုတ်ခြင်းဖြစ်ပါတယ်။
ကြာပန်းရဲ့အလှဟာ ရေကန်ကို တန်ဆာဆင်နိုင်သလို ဘ၀ရဲ့ အလှဟာလည်း လောကကို တန်ဆာဆင်ပေးနိုင်ပါတယ်။ ပါရမီတွေ ပြည့်ဝလို့ မိမိရဲ့ဘ၀က ပို၍ ပို၍ လှလေ လောကကိုလည်း ပို၍ ပို၍ လှအောင် တန်ဆာဆင်နိုင်လေ ဖြစ်ပါတယ်။ တကယ်တော့ ‘ပါရမီ’ ဆိုတာ လူ့ဘ၀ရဲ့ မြတ်နိုး တန်ဖိုးထားစရာ အလှပဆုံး “တော်ဝင်ပန်း တစ်ပွင်”့ ပါ။ ပါရမီပန်းတွေများ ပွင့်လန်းနေပြီဆိုရင် အကျည်းတန်မှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ ဒီလူ့ဘ၀ ခရီးကြမ်းကြီးဟာ အင်မတန်မှ သာယာလှပ ပျော် မွေ့ဖွယ် ကော်ငးလှပါတယ်။

သာသနာတော်မှာ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒကို ခြေခြေ မြစ်မြစ် လက်ခံရရှိသူတွေ အဖို့ ဘ၀သံသရာ ရှေ့ရေးနဲ့ ပတ်သက် လာရင် -----
(၁) ဒီဘ၀မှာ ကျွတ်တန်းဝင်ဖို့၊
(၂) ဆုတစ်ခုခုကို ရည်ရွယ်ပန်ဆင်ကာ ပါရမီဖြည့်ဖို့၊ ဒီအရေးကိစ္စ နှစ်ခုကလွဲလို့ တခြားရွေး ချယ်စရာ ရှိမနေတော့ပါ။
ဗုဒ္ဓသာသနာဝင်တွေအဖို့ ဘ၀ချမ်းသာဟူသမျှရဲ့ နောက်ဆုံး ပန်းတိုင်ဟာ အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပါ။ အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ အရိယသစ္စာကို သိမြင်နိုင်ရမှာပါ။ အရိယသစ္စာကို သိမြင်နိုင်ဖို့ဆိုတာ ပါရမီ မရှိဘဲ မဖြစ်နိုင်ပါ။ ပါရမီဆိုတာ မြင့်မြတ်မှုသို့ သွားရာ တစ်ကြောင်းတည်းသော ခရီး၊ တစ်ခု တည်းသော ခရီးလမ်းမကြီးဖြစ်ပါတယ်။ ပါရမီလမ်းမကြီးကို စွန့်ပစ်ပြီး မြင့်မြတ်မှု ပန်းတိုင်သို့ ရောက် နိုင်ရိုး ထုံးစံမရှိပါ။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာနဲ့ ပညာရနဲ့တွေ သင်းပျံ့နေဆဲ ယခုလို ကာလမျိုးမှာ မြင့်မြတ် မှုကို မြတ်နိုးကြသူတိုင်းဟာ ပါရမီကောင်းမှု တစ်ခုခုကို နေ့စဉ် ၀တ်ထားပြီး ပြုလုပ်အားထုတ်သင့်ကြ ပါတယ်။ ကြေးနဲ့ ရွှေဟာ “ ၀ါ “ တာချင်းတူပေမယ့် တန်ဖိုးချင်း မတူညီနိုင်သလို ရိုးရိုး ကုသိုလ်နဲ့ ပါရမီ ကုသိုလ်ဟာလည်း “ ကုသိုလ်ချင်း” တူပေမယ့် အရှိန်အ၀ါ အကျိုးပေးတာချင်း အင်မတန်ခြားနားပါ တယ်။

ရိုးရိုးကုသိုလ်ဟာ ကိုယ်ကျိုးရှာ အသာစံလိုမှု ပါဝင်နေတတ်တာမို့ အကြောင်းအား မကောင်းသလို အကျိုးပေးလည်း မသန်တတ်ပါဘူး။ ရိုးရိုးကုသိုလ်ရဲ့ ပန်းတိုင်းဟာ လောကီအကျိုးမှာ လမ်းဆုံး နေတတ်ပြီး၊ အကျိုးပေးပြီးရင်လည်း အသစ်က ပြန်စရတာမို့(ရှာလိုက်၊ရလိုက်၊ ကုန်သွားလိုက်နဲ့၊ သံသရာလည်နေ တတ်ပါတယ်။ တစ်ခါတစ်ရံ အကြောင်းမညီညွတ်လို့ လုံးဝအကျိုးမပေးဘဲ အဟော သိကံ ဖြစ်သွားတာလည်း မရေမတွက်နိုင်အောင်ပါပဲ။

ပါရမီကုသိုလ်ကတော့ ကိုယ်ကျိုးစွန့်၊ အနစ်နာခံမှုကို အရင်းတည်တာမို့ အကြောင်းအား ကောင်းသလို အကျိုးပေးလည်း သန်ပါတယ်။ ပါရမီ ကုသိုလ်ရဲ့ ပန်းတိုင်ဟာ လောကုတ္တရာဖြစ်တာမို့ လောကီ သံသရာထဲမှာ လည်မနေတတ်သလို လမ်းဆုံးမရောက်ခင် ပျောက်ပျက်သွားရိုး မရှိလို့ အကျိုးမဲ့ အဟောသိကံ ဖြစ်သွားတာမျိုးလည်း မရှိပါဘူး။

အချုပ်ပြောရရင် ရိုးရိုးကုသိုလ်ဟာ လောကီကျိုးကိုသာ ဖြစ်စေနိုင်တယ်၊ မခိုင်မာဘူး၊ ပျက်စီးတတ်တယ်။ ပါရမီကုသိုလ်ကတော့ လောကီကျိုးကိုသာမက လောကုတ္တရာ အကျိုးကိုပါ ဖြစ်စေနိုင်တယ်။ ခိုင်မာတယ်။ မပျက်ပြယ်ဘူး။ ဒါကြောင့်မို့ အသိဥာဏ်ကြီးသူတိုင်းဟာ ရိုးရိုးကုသိုလ် ထက် ပါရမီကုသိုလ်ကို ပိုပြီး မြတ်နိုးတန်ဖိုးထားလေ့ရှိပါတယ်။

တကယ်တော့ ပါရမီ ကုသိုလ်ဆိုတာ ဘယ်လိုရန်သူမျိုးကမျှ မနှောက်ယှက် မဖျက်ဆီး၊ မဟန့် တား၊ မခိုးယူနိုင်တဲ့ “အနုဂါမိကရွှေအိုး” အတွင်း ပစ္စည်းမျိုးပါ။ ဒီအကြေင်းနဲ့ ပတ်သက်ပြီး ဓမ္မပုံပြင်က လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။
အတွင်းပစ္စည်း မပျက်စီးရင် ပြီးတာပဲ

တစ်ခါတုန်းက နေပြည်တော်နဲ့ မနီးမဝေး တောအုပ်ကလေးထဲမှာကပ္ပိယကြီးတစ်ဦးနဲ့ တောရ ဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။
အဲဒီဆရာတော်ကြီးဟာ ရဟန်းပျိုဘ၀တုန်းကတော့ နေပြည်တော်မှာ အင်မတန်ကျော်ကြားတဲ့ ပရိယတ္တိအကျော် စာချဆရာတော်ကြီး တစ်ပါးပါ။ ပိဋကသုံးပုံကို ထုံးလိုခြေ၊ ရေလိုနှောက်နိုင်ပြီး စာသင်သံဃာတော် ရာပေါင်းများစွာကို စာချပေးတဲ့ ဆရာတော်ကြီးပါ။
ါပေမယ့် ၀ါတော်(၃၀)အရမှာ သံဝေဂဖြစ်စရာ တစ်ခုနဲ့ ကြုံရပြီး “ပိဋကတ်တော်တွေဆိုတာ သင်ယူပြီးတဲ့အခါ သိတဲ့အတိုင်း မကျင့်ရင် စာအုပ်ထဲကလာပြီး စာအုပ်ထဲပြန် ၀င်သွားမှာ၊ သိထားတဲ့ အတိုင်း တကယ်ကျင့်သုံးမှသာ ကိုယ့်နှလုံးသားထဲမှာ ကိုယ်ပိုင်တရားအဖြစ် ကျန်ရစ်ခဲ့မှာ”လို့ ခံယူ တော်မူပြီး စာသင်စာချတဲ့အလုပ်ကို တပည့်ကြီးတွေ လက်ထဲ လွှဲအပ်ပြီး တောထွက်တော်မူခဲ့တာတဲ့။

ဆရာတော်ကြီးဟာ နံနက်လင်းလို့ ဆွမ်းခံဝင်ပြီဆိုရင် ဘုရားရှင်လက်ထက်တော်က အရှင်မဟာကဿပမထေရ်မြတ်ကြီးရဲ့ ထုံးကို နှလုံးမူပြီးတော့ နေပြည်တော် အစွန်အဖျားက ဆင်းရဲသား ရပ်ကွက်တွေထဲကို ကြွပြီး ဆင်းရဲသူ၊ ဆင်းရဲသားတွေကို ချီးမြှောက်လေ့ရှိပါတယ်။
စ်နေ့တော့ ဆရာတော်ကြီးရဲ့ မွှေးပျံ့တဲ့ ဂုဏ်သတင်းကြောင့် နေပြည်တော်ထဲက အင်မ တန်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးဟာ ဆရာတော်ကြီးကို ဖူးတွေ့ဖို့ တောအုပ်ထဲက သစ်ရွက်မိုး ကျောင်းကလေးကို ရောက်လာပါတယ်။ ဆရာတော်ကြီးကို ဖူးမြော်ကန်တော့အပြီး ဆရာတော်ကြီး ချမ်းချမ်းသာသာ သီတင်းသုံးဖို့အတွက် နေပြည်တော်ထဲမှာ ကျောင်းကြီးတစ်ဆောင် ဆောက်လုပ် လှူဒါန်းလိုပါကြောင်း လျှောက်ထားပါတယ်။

အဲဒီအခါ ဆရာတော်ကြီးက “မိမိအနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောင်အယောင်တွေနဲ့ မနေ ထိုင်လိုကြောင်း၊ အဲဒီလို နေထိုင်ရင် လောကီအာရုံ ကာမဂုဏ်တွေကို အနှစ်သာရ ဘာမျှမရှိကြောင်း ဟောကြားဆုံးမနေတဲ့ မိမိရဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ် နေတဲ့အပြင် ဒီတရားတော်အပေါ် မှာလည်း ကြားနာရသူတွေဟာ ယုံကြည်တော့မှာ မဟုတ်ကြောင်း” မိန့်တော်မူပါတယ်။
ပြီးမှ ဆရာတော်ကြီးက “မိမိကို တကယ်ကြည်ညိုတယ်ဆိုရင် မရှိဆင်းရဲသားတွေကို လှူဒါန်း ဖို့နဲ့ ဆင်းရဲသားတွေမှာ နေမကောင်း မကျန်းမမာဖြစ်တဲ့အခါ အလွန်ဒုက္ခရောက်တာမို့ ဆင်းရဲသား တွေအတွက် ဇီဝိတဒါန အခမဲ့ ဆေးကုသပေးဖို့” မိန့်ကြားတော်မူပါတယ်။

အဲဒီလို ဆရာတော်ကြီးရဲ့ သြ၀ါဒတွေကို နာယူရတဲ့အခါ သူဌေးကြီးဟာ ဆရာတော်ကြီးကို အရင်ကထက် ပိုပြီးကြည်ညိုမိသတဲ့။ ဆရာတော်ကြီးရဲ့ သြ၀ါဒအတိုင်း ဆင်းရဲသားတွေအတွက်လည်း ရန်ပုံငွေထူထောင်ကာ အခမဲ့ ဆေးကုသပေးတဲ့ ဆေးရုံတော်ကြီးတစ်ခု နေပြည်တော်ထဲမှာ ဆောက် လုပ်လှူဒါန်းပါတယ်။

ဒီလိုနဲ့ ဆရာတော်ကြီးရဲ့ ကြည်ညိုဖွယ်ရာ ဂုဏ်သတင်းတွေဟာ နေပြည်တော်အတွင်း ပျံ့နှံ့လာကာ ရွှေနန်းတော်ထဲအထိ ရောက်လာသတဲ့။ အဲဒီအခါ ဘုရင်မင်းမြတ်က ဆရာတော်ကြီးကိုဘွဲ့တံ ဆိပ်တော်တော်တွေ အထပ်ထပ် ဆက်ကပ်ပြီး နေပြည်တော်မှာ ကြွရောက်သီတင်းသုံးဖို့ ပင့်လျှောက်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက ပင့်လျှောက်တိုင်း “တောထဲမှာ နေရတာ ပိုပြီး ချမ်းသာပါ တယ်” ဆိုပြီး ကြွတော်မမူဘူးတဲ့။

ဘုရင်မင်းမြတ်ကတော့ လက်မလျှော့ဘဲ ဆရာတော်ကြီးကို အကြောင်းအမျိုးမျိုးပြပြီး နေပြည်တော်မှာကြွပြီး သာသနာပြုဖို့ ပင့်လျှောက်ပါတယ်။ နောက်ဆုံးတော့ ဆရာတော်ကြီးလည်း မနေသာတော့ဘဲ နေပြည်တော်ကြွပြီး ဘုရင်မင်းမြတ်ဆောက်လုပ် လှူဒါန်းအပ်တဲ့ ရွှေနန်းတော်ကျောင်းသစ် ကြီးမှာ သီတင်းသုံးတော်မူရပါတယ်။

ဘုရင်မင်းမြတ် ဆောက်လုပ်တော်မူတဲ့ ရွှေနန်းတော်ကျောင်းကြီးဟာ နာမည်နဲ့ လိုက်ဖက်အောင်ပဲ အင်မတန် ခမ်းနားကြီးကျယ်လှပါတယ်။ ရွှေပိန်းချ ပန်းကနုတ်တွေ ရတနာတွေ စီခြယ် ထားတဲ့ တိုင်လုံးကြီးတွေ၊ အဖိုးတန် ကော်ဇောကြီးတွေနဲ့ ကျောင်းတော်ကြီးတစ်ခုလုံးဟာ ဖိတ်ဖိတ် တောက်နေသတဲ့။

ဒါပေမယ့် ဆရာတော်ကြီးကတော့ “ရဟန်းဆိုတာ ငြိမ်ငြိမ်ကလေးနေပြီး ငြိမ်းအောင် ကျင့်ရတဲ့သူပဲ၊ ငြိမ်လည်း မငြိမ်ဘူး၊ ငြိမ်းလည်း မငြိမ်းဘူးဆိုရင် သင်္ကန်းဝတ်ထားတာမို့ ရဟန်းတော့ ရဟန်းပါပဲ၊ ဒါပေမယ့် ဘုရားကြိုက်တဲ့ ရဟန်းမျိုးတော့ မဟုတ်တော့ဘူး။ အဲဒီလို ရဟန်း မျိုးဟာ ဒီဘ၀က စုတိပြတ်ကြွေ သေလွန်တဲ့အခါ အများက “ပျံတော်မူသွားပြီ”လို့ ထင်ကြပေမယ့် သူကိုယ်တိုင်ကတော့ “လျှိုးတော်မူချင် လျှိုးတော်မူနေမှာ” အခုဘ၀မှာ ကြီးကြီးကျယ်ကျယ်နေရပြီး တော့မှ နောက်ဘ၀ရောက်တဲ့အခါ အောက်တန်းကျ မျက်နှာငယ်နေရတယ်ဆိုရင် မကောင်းပါဘူး ကွာ”လို့ ကပ္ပိယကြီးကို ပြောပြပါတယ်။

နောက်ပြီးတော့ “ရဟန်းတော်တစ်ပါးရဲ့ အများကောင်းကျိုးပြု အောင်မြင်မှုဆိုတာ ကျောင်းကြီး၊ ကန်ကြီး၊ စေတီကြီး၊ အဆောက်အအုံအကြီးကြီးနဲ့ အဖွဲ့အစည်းကြီးတစ်ခု တည်ဆောက်ပြနိုင်မှုအပေါ်မှာ တည်တာမဟုတ်ပါဘူး။ လူများစုရဲ့ ရင်ထဲနှလုံးသား ထဲမှာ အသိဥာဏ် အလင်းရောင်၊ မြင့်မြတ်မှု မျိုးစေ့ ထည့်သွင်းပေးနိုင်မှုရှိ-မရှိ အပေါ်မှာသာ တည်ထာပါကွ”လို့လည်း အမိန့်ရှိတော် မူပါတယ်။
ဒါကြောင့်မို့ ဆရာတော်ကြီးဟာ ခံယူချက်အတိုင်းပဲ နေ့ခင်းဘက်မှာ ရွှေနန်းတော်ကျောင်းပေါ် မှာ သီတင်းသုံးတော်မူပြီး ညမှောင်ရီပျိုးတာနဲ့ တစ်ပြိုင်နက် တော အုပ်ကလေးဘက်ကို ထွက်ပြီး တစ်ပါးတည်း နေတော်မူပါတယ်။ နံနက်ခင်း အရုဏ်တက်မှပဲ ကျောင်းကြီးဆီကို ပြန်ကြွလာလေ့ရှိ ပါတယ်။

ဒီလိုနေလာတော်မူရင်းက တစ်ညမှာတော့ ဒီရွှေနန်းတော် ကျောင်းကြီးကို မီးစွဲလောင်ပါတယ်။ တော်တော်နဲ့ မငြိမ်းသတ်နိုင်တာမို့ ကျောင်းတော်ကြီး တစ်ခုလုံး လောင်ကျွမ်းသွားပါတယ်။ အဲဒါနဲ့ မနက်ခင်း အလင်းရောက်လို့ ဆရာတော်ကြီး တောအုပ်ဘက်က ပြန်ကြွလာ တော်မူတဲ့အခါ ကပ္ပိယ အဖိုးကြီးက ပြာပုံဘ၀ရောက်နေတဲ့ ကျောင်းတော်ကြီးကို ညွှန်ပြပြီး “ဆရာတော်ဘုရား၊ ကျောင်း တော်ကြီးကတော့ မနေ့ညက မီးစွဲလောင်လို့ ပြာပုံဘ၀ရောက်သွားပြီဘုရား။ တပည့်တော်တို့ ဘယ်နှယ့်လုပ်ရမလဲဘုရား”လို့ မျက်နှာငယ်ကလေးနဲ့ လျှောက်ပါတယ်။

ဆရာတော်ကြီးက “ဟဲ့ ကပ္ပိယကြီး၊ ကျောင်းဆိုတာ လောင်စရာတွေနဲ့ တည်ဆောက် ထားတာပဲ၊ မီးလောင်တာ အဆန်းလာဟဲ့၊ ကျောင်းကြီး မီးလောင်တာ ဘာမျှအရေးမကြီးဘူး၊ အတွင်း ပစ္စည်းတွေ မပျက်စီးရင် ပြီးတာပဲ”လို့ မိန့်တော်မူပါတယ်။ အဲဒီအခါ ကပ္ပိယကြီးက “ဟာ.. အရှင်ဘုရား တပည့်တော်လည်း အိပ်ပျော်နေတာမို့ ဘာအတွင်းပစ္စည်းမျှ မရလိုက်ဘူးဘုရား။ အကုန်လုံး မီးထဲပါသွားတာပဲ”လို့ ပြန်လျှောက်ပါတယ်။
အဲဒီအခါ ဆရာတော်ကြီးက “ဟဲ့…ကပ္ပိယကြီး၊ ဘုန်းကြီးဆိုလိုတဲ့ အတွင်းပစ္စည်းဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူး၊ ကိုယ်ရဲ့ အတွင်း အဇ္ဈတ္တ နှလုံးသားထဲမှာရှိတဲ့ ကုသိုလ်ပါရမီကို ရည်ရွယ်ပြီး ပြောတာပါ။

ဗဟိဒ္ဓ အပြင်ပန်းပစ္စည်းဥစ္စာဆိုတာ ဘယ်အရာမှ ဆုပ်ကိုင်ထားလို့ မရဘူး၊ အားလုံး အချိန် တန်ရင် ပျောက်ကွယ်သွား ကုန်တာချည်းပဲ။ ဘုန်းကြီးရော၊ ကပ္ပိယကြီးရော ဘ၀သံသရာမှာ သိကြား မင်းလည်း ဖြစ်ခဲ့ရ၊ စကြ၀တေးမင်းလည်း ဖြစ်ခဲ့ရဖူးတာပဲ၊ သူဌေး သူကြွယ်ဖြစ်ခဲ့ရတဲ့ ဘ၀ဆိုတာက တော့ ပြောမနေနဲ့တော့၊ မရေတွက်နိုင်ဘူး။

ဒါပေမယ့် အခုအချိန် ပြန်ကြည့်ရင်လေ အဲဒီတုန်းက ပိုင်ခဲ့၊ ဆိုင်ခဲ့ရတာတွေအားလုံး ဘာတစ်ခုမျှ လက်ထဲ ကျန်ရစ်ခဲ့တာ မရှိဘူး။ ကပ္ပိယကြီး ဟိုကျောင်းရင်ပြင်မှာ ဆော့ကစားနေတဲ့ ခွေးတွေကို ကြည့်လိုက်စမ်း၊ အရင် အတိတ်ဘ၀တွေတုန်းက သူတို့လည်း မင်းညီ မင်းသား နန်းတွင်းသူ နန်းတွင် သူတွေ ဖြစ်ခဲ့ကြမှာပဲ။

ဘ၀သံသရာ တစ်လျှောက်လုံး တကယ်တမ်း ကိုယ့်လက်ထဲ ကျန်ရစ်နိုင်ခဲ့တာဆိုလို့ ပါရမီ ကု သိုလ်ပဲ ရှိတယ်။ ကုသိုလ်ပါရမီ ဆိုတာ သူတော်ကောင်းတွေရဲ့ တကယ့်အတွင်း ပစ္စည်းပဲ၊ ဒီအတွင်း ပစ္စည်းတွေ မပျက်စီးရင် အပြင် ဗဟိဒ ပစ္စည်းဥစ္စာတွေ ပျက်ချင်သလောက် ပျက်ပါစေ၊ ဘာမျှ နှမြော တသနေဖို့ မလိုပါဘူး။ အဲဒီ အတွင်းပစ္စည်း ပါရမီကုသိုလ်တွေ ပျက်စိးကုန်မှ တကယ့်ကို ပျက်စီး ဆုံး ရှုံးတာပဲ”လို့ ကပ္ပိယကြီး နားလည်အောင် အရှည်ကြီး ရှင်းပြတော်မူတယ်။

အဲဒီအခါ ကပ္ပိယကြီးက ဆရာတော်ကြီး အမိန့်ရှိတာတွေ အင်မတန်မှန်လှတာမို့ “မှန်ပါဘုရား” လို့တောင် ပြန်မလျှောက်နိုင်တော့ဘဲ သူ့ဆရာတော်ကြီးရဲ့ မျက်နှာတော်ကိုသာ အခုမှ မြင်ဖူးသလို အားရပါးရကြီး ဖူးမြော်နေမိပါသတဲ့။

လောကမှာ အတွင်းပစ္စည်းဆိုတာ အရေးအကြီးဆုံး ဖြစ်သလို အလုံခြုံဆုံးဖြစ်အောင်လည်း သိမ်းဆည်းတတ်ကြပါတယ်။ ဒီပုံပြင်ကို ပြောပြရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပုံပြင်ထဲမှာ ပါတဲ့ အတိုင်း ဘ၀သံသရာမှာ ပါရမီကုသိုလ်ကိုသာ တကယ့်စစ်မှန်တဲ့ အတွင်းပစ္စည်းအဖြစ် မြတ်နိုး နှစ်ခြိုက် သိမ်းပိုက်နိုင်ကြစေဖို့ပါ။

ပါရမီဆိုတာ လူစွမ်းကောင်း လူရည်ချွန်တွေရဲ့ သီးသန့်ဥစ္စာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ နှလုံးသားနဲ့ လောကကိုချစ်ခင် အလှဆင်လိုသူတိုင်း ဖြည့်ကျင့်ဆည်းပူးနိုင်တဲ့ လူ့ကျင့်ဝတ်တွေပါ။ ရိုးရိုးရှင်းရှင်းပြောရရင် ပါရမီဖြည့်တယ်ဆိုတာ လူသားတစ်ဦးအနေနဲ့ မြင့်မြတ်တဲ့ လူ့ကျင့်ဝတ်ကို လူသားဆန်စွာ ပီပီပြင်ပြင် ဖြည့်ကျင့်အားထုတ်တာကို ခေါ်တာပါ။

ပါရမီဆိုတာ မိမိအတွက် စွန့်လွှတ်အနစ်နာခံရတာမို့ အသွင်သဏ္ဍာန်အနေနဲ့ နှစ်မြို့ဖွယ်ရာ မကောင်းပေမယ့် အနှစ်သာရအနေနဲ့ တော့ လောကအတွက် မြင့်မြတ်တဲ့ “စံ” တစ်ခုဖြစ်တာမို့ မြတ်နိုးဖွယ် အတိဖြစ်ပါတယ်။ ကရုဏာ၊ ပညာနဲ့ မိမိဘ၀ကို စတေးပြီး အများအကျိုး သယ်ပိုး ဆောင်ရွက်လိုတဲ့ ကျင့်ဝတ် သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ပါရမီပန်းတွေကတော့ ဒီကမ္ဘာပေါ်မှာ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ။
တော်ဝင်နွယ်

No comments:

Post a Comment