Thursday, September 29, 2011

ကောင်းကွက်ကိုရှာမေတ္တာ

မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကို လိုလားတတ်သောသဘောရှိ၏။ အများအကျိုးဆောင်တတ်၏၊ 


စိတ်ထဲ၌ ခိုးလိုးခုလု မကျေနပ်မှု မှန်သမျှကို ပြေပျောက် စေ၍ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ ရှိစေ၏။

မေတ္တာဖြစ်ဖို့အတွက် အနီးကပ်ဆုံး အလိုအပ်ဆုံး အကြောင်းတရားကား သူတစ်ပါး၏ အကျိုးစီးပွားဖြစ်၏၊ မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကိုသာ အာရုံပြု၏၊ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်လွန်းသူအဖို့ မေတ္တာမဖြစ်နိုင်၊ ကိုယ်ကျိုးစီးပွား အလေးထားသူသည် ကိုယ်ကျိုးကိုယ်စီးပွားကို လုံး ပမ်းရ၊ ကာကွယ်နှင့် အလုပ်ရှုပ်နေသဖြင့် သူ့ကျိုးသူ့စီးပွားအတွက် အချိန်မပေးနိုင်တော့။
မေတ္တာကို အချစ်ဟုမြန်မာမှုပြုကြ၏၊ အမှန်က မေတ္တာဟူသည် ကိုယ်ကျိုးမဖက် သူ့အကျိုးသက်သက်ကိုသာ လိုလားတတ်သော သဘောရှိ၏၊ သူကျိုး ကိုယ့်ကျိုး အပြန်အလှန် မျှော်ကိုးလျှင် မေတ္တာမဟုတ်၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်း သည်သာဖြစ်၏၊ သူ့ဘက်က အခြေအနေကောင်းမှ မေတ္တာထားနိုင်ခြင်း၊ မေတ္တာတုံ့ပြန် နိုင်ခြင်းသည်လည်း အမှန်က မေတ္တာမဟုတ်၊ အရောင်း အ၀ယ်လုပ်ခြင်း သာဖြစ်၏။ မေတ္တာ၌ အယူမရှိ အယူမပါ ၊ အပေးသာရှိ၏။
စာရေးဆရာတို့သည် စာဖတ်သူကို ပေးချင်လို့သာ ရေးနေကြခြင်းဖြစ်၏၊ ၀ါသနာအရဟုလည်း ဆိုနိုင်၏၊ စာမူခကို မျှော်လင့်ြ ပီး ရေးေ နကြသည်မဟုတ်၊ ကိုယ်သိတာ၊ ကိုတတ်တာလေးတွေကို ပေးချင်လို့ ဝေချင်လို့ မျှချင်လို့ အတိုင်းအတာ တစ်ခု အထိ ကောင်း ကျိုးသက်ရောက်မှု ရှိစေချင်လို့ ရေးနေခြင်းသာ ဖြစ်၏၊

စိတ်မကုန်ခင် အထိတော့ ရေးနေကြဦးမည်သာ ဖြစ်၏။ တစ်ချို့ စိတ်ကုန်သော ဆရာ့ဆ၇ာကြီးတွေ ကတော့ မရေးတော့ ဘဲ ဘေးထွက် ထိုင်နေကြ၏၊ စာရေးဆရာ တစ်ယောက်အဖို့ စာရေးနေရသော အချိန်သည် စိတ်အကြည်လင်ဆုံအချိန်၊ စိတ်ချမ်းသာမှု အရှိဆုံး အချိန် ဖြစ်၏။
မေတ္တာဟူသည် အစိုဓာတ်ဖြစ်၏၊ အစေးဓာတ်ရှိ၏၊ အအေးဓာတ်ရှိ၏၊ ယင်းအစိုဓာတ်၊ အစေးဓာတ်၊ အအေးဓာတ်ဖြင့် သက်ရှိသတ္တ၀ါ တစ်ဦးဦးအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို မေတ္တာဟု ခေါ်၏။ မေတ္တာက စူပါဂလူးကဲ့သို့ ကပ်အား အလွန်ကောင်း၏၊ မည်သူနှင့်မည်ဝှာတော့ အစေးမကပ်ကြ အစေးမကူးကြဟု ပြော ကြ၏၊ မေတ္တာပျက်နေခြင်းကြောင့်ဖြစ်၏၊ တစ်ဦးအပေါ် တစ်ဦး မေတ္တာ မထားနိုင်ကြ သဖြင့် အစေးမကပ်၊ အစေးမကူးခြင်းသာ ဖြစ်သည်။
မိသားစုဝင်တွေ စည်းစည်းလုံးလုံး ရှိရ၏၊ ညီအစ်ကိုမောင်နှမတွေ စည်းစည်း လုံးလုံးရှိရ၏၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည် စသည့် လူ့အဖွဲ့အစည်းအားလုံး စည်းစည်း လုံးလုံး ရှိရ၏၊ စည်းစည်းလုံးလုံး ရှိဖို့ မေတ္တာအစိုဓာတ်၊ မေတ္တာအစေးဓာတ် အဓိက လိုအပ်ပါသည်။ စည်းလုံးဟူသည် ပါးစပ်နှင့် စည်းလုံး၍မရ၊ မေတ္တာနှင့်သာ စည်းလုံး၍ ရနိုင်သည်။
စည်းလုံးဖို့အတွက် ချစ်ကြည်မှုလိုသည်၊ ချစ်ကြည်မှုအတွက် ညီညွတ်မှုလိုသည်၊ ညီညွတ်ဖို့အတွက် မျှတဖို့လိုသည်၊ မျှတမှ ညီညွတ်မည်၊ ညီညွတ်မှ ချစ်ကြည်မည်၊ ချစ်ကြည်မှ စည်းလုံးမည်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့် လူငယ်အားလုံး မျှမျှတတ အသက်ရှင်သန်ကြဖို့ အရေးတကြီးလိုအပ်ကြောင်း “သမဇိဝိတသမ္ပဒါ”ဟု ဘုရားမိန့် တော်မူခဲ့သည်။
မေတ္တာသည် အလိုအပ်ဆုံးဖြစ်သောကြောင့် မေတ္တာသည် အလွယ်ကူဆုံးဖြစ် သောကြောင့် ဗြဟ္မစိုရ်တရားလေးပါး တွင် မေတ္တာ ကို ရှေ့ဆုံးမှ ထား၍ ဟောခဲ့သည်၊ ပြဿနာအထွေထွေတို့သည် ယင်းမေတ္တာ မထားနိုင်ကြခြင်းကြောင့်ဖြစ်၏၊ ရှေးလူကြီး သူမတို့ ကတော့ ကောင်းကွက်ကိုရှာ မေတ္တာဟု ဆိုမိန့်ခဲ့ကြသည်။
လောက၌ အကောင်းဆုံးပါ ဟူသော လူပုဂ္ဂိုလ်ရှားသလို အဆိုးဆုံးပါဟူသော လူပုဂ္ဂိုလ်လည်း ရှိမည်မဟုတ်ပေ၊ လူကောင်း အမည်ခံပုဂ္ဂိုလ်တွေမှာ အားနည်းချက် ၊ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက် ရှိနိုင်သလို၊ လူဆိုးဟု သတ်မှတ်ခံရသော ပုဂ္ဂိုလ်မှာလည်း တစ်ကွက်ကောင်းတော့ ရှိတတ်ပါသည်။ မေတ္တာဟူသည် ကောင်းကွက် ကို ရှာဖွေ၍၊ ရှာကြံ၍၊ ရှုမြင်၍၊ ကျေနပ် ၍ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက်တို့ ကို ဥပေက္ခာပြုလိုက်ခြင်းပင် ဖြစ်သည်။
ကမ္ဘားအေး ဂန္ဓာရုံ တိပိဋကဆရာတော် သက်ရှိထင်ရှားရှိစဉ် ခရီးဝေးမှ ပြန်လာကာစတုန်းက မှတ်မှတ်ရရ အမိန့်ရှိခဲ့ဖူးသည်၊ ၀က်လက် မစိုးရိမ်ဆရာတော် ဦးတိဿ ရေးသော လင်္ကာကို ရွတ်ပြပြီး ရှင်းပြသည်၊ လင်္ကာလေးက “ ချင်းချင်းဆက်ဆံ သည်း ညည်းခံ အမှန်လိုအပ်သည်၊ ကျေးဇူးမကင်း ပြစ်မကင်း ချင်းချင်းရှိတတ်သည်၊ ကျေးဇူးမျှော်မြင် ပြစ်မတင် ကြည်လင်ချမ်းမြေ့သည်၊ ချမ်းသာလိုရာ များသူငါ မေတ္တာခန္တီ ရှိရမည်”ဟူ၍ ဖြစ်သည်။
မိသားစုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ ဆွေမျိုးအချင်း ချင်း၊ လိုဖော်ကိုင်ဖက်အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်း၊ အနေအထားအမျိုမျိုး၊ အယူ အဆအမျိုးမျိုးနှင့် ပြောဆိုလုပ်ကိုင် ဆက်ဆံကြရာတွင် တစ်ဘောတည်း ဖြစ်ဖို့ရာ မလွယ်ကူ၊ စိတ်တွေ၊ ဆန္ဒတွေ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေ တူညီဖို့ဆိုတာ မဖြစ်နိုင်၊ ထိုအခါ ၀ိရောဓိတွေ၊ ပဋိပက္ခတွေ ရှိလာလိမ့်မည်၊ ၀ိရောဓိတို့၊ ပဋိပက္ခတို့ ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ဟုသာ နှလုံးသွင်းရမည်၊ ရေးကြီးခွင်ကျယ် အလုပ်ကြီးတစ်ခု သဖွယ် အချိန်ပေး၊ အချိန်ဖြုန်းနေဖို့ မဟုတ်။
အချင်းချင်းတွေကြားမှာ လိုအပ်တာက စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံလို့ ဆိုသည့်အတိုင်း စိတ်ရှည်ကြဖို့၊ စိတ်ရှည်ရာမှာလည်း ဇွဲရှိရှိနှင့် စိတ်ရှည်ကြဖို့၊ အချင်းချင်း သည်းညည်းခံကြဖို့ အလွန်ပင် လိုအပ်လှပါသည်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကျေးဇူးလည်း မကင်းကြ၊ အပြစ်လည်းမကင်းကြ၊ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး၊ သူ့အပြစ်၊ ကိုယ့်အပြစ်၊ အချင်းချင်းအပေါ်မှာ အပြန်အလှန်ရှိကြသည်။
စိတ်ရှည်စွာ၊ သည်းခံစွာ၊ နားလည်မှုရှိစွာ၊ သဘောထားကြီးစွာ၊ အမြှော်အမြင် ကြီးစွာဖြင့် သူ့ကျေးဇူးတွေကို ဆင်ခြင်ပွားများ လျက် ဖြစ်ပေါ်လာတတ်သော သူ့အပြစ် တွေကို သူ့ကျေးဇူးတွေနှင့် အစားထိုး ဖုံးကွယ်ချေဖျက်၍ သည်းခံနိုင်ကြ၊ ခွင့်လွှတ်နိုင် ကြလျှင် လောကကြီးက နေသာထိုင်သာ၊ နေပျော်ထိုင်ပျော် ရှိပါလိမ့်မည်၊ ကြည်ကြည်သာသာ၊ ချမ်းချမ်းမြေ့မြေ့ ရှိပါလိမ့်မည်၊ မိမိတို့ ချမ်းချမ်းသာသာ နေချင် သပဆိုလျှင်တော့ မေတ္တာခန္တီရှိမှသာ ဖြစ်မည်။
ကိလေသာခေါင်းပါးစေတတ်သော အကျင့်ကို “ ဓုတင်အကျင့်”ဟု ခေါ်၏၊ ဓုတင် အကျင့် တစ်ဆယ့်သုံးပါး ရှိ၏။ ထိုအထဲတွင် ‘ပံသုကူလဓုတင်’ ဟု ရှိသည်၊ ပံသုက မြေမှုန့်၊ ကုလက လိမ်းကျံနေခြင်း၊ ပေကျံနေခြင်းဟု အဓိပ္ပါယ်ထွက်သည်၊ ပံသုကူလ ဓုတင်ဆောင်သော ရဟန်းသည် သုသာန်တစ်စ သင်္ချိုင်းဝ၊ လမ်းဆုံလမ်းမ လမ်းလေးခွ တို့မှ တွေ့ရာ အ၀တ်စုတ်တွေကို ကောက်ယူပြီး မကောင်းသော အပိုင်းအစ လေးတွေ ကို ခြေထောက်တစ်ဖက်နှင့် ဖိနင်းဖဲ့ဆုတ်ပစ်၊ ကောင်းသော အပိုင်းအစလေး တွေကို ဖြတ်တောက်ယူ၊ တစ်ထွာတစ်မိုက်ရှိ ထိုအစလေးတွေကို စပ်ချုပ်၊ ဆေးဆိုးပြီး ၀တ်ရုံ ရသည်၊ ပံသုကူဓူ တင်ဆောင် မထေရ်သည် အ၀တ်စုတ်တွေမှ မကောင်းတာလေး တွေပယ်ပြီး၊ ကောင်းတာလေးတွေ ဖြတ်တောက်ယူသကဲ့သို့ အချင်းချင်း ပေါင်းသင်း ဆက်ဆံသည့်နေရာမှာလည်း မကောင်းကွက်တွေကို ဖယ်ထားပြီး ကောင်း ကွက်လေး တွေကြည့် ကာ ပေါင်းသင်းရမည်ဟု စာကဆိုသည်။
သန္တုဋ္ဌီပရမံ ဓနံ- တင်းတိမ်ရောင့်ရဲခြင်းသည် အမြတ်ဆုံးဥစ္စာဟု ဘုရားဟော သည်၊ ဥစ္စာဟူသည် ချမ်းသာဖို့ဖြစ်သည်၊ ရွှေရှိလျှင် ချမ်းသာသည်၊ ငွေရှိလျှင် ချမ်းသာ သည်၊ အခြားစည်းစိမ်ဥစ္စာရှိလျှင်လည်း ချမ်းသာသည်၊သို့ရာတွင် ထိုလောကီရွှေငွေ စည်းစိမ်ဥစ္စာတို့က ပေးသော ချမ်းသာကား ပူစပ်ပူလောင် ချမ်းသာမျိုး ဖြစ်သည်၊ တကယ့် ငြိမ်းငြိမ်းအေးအေးနှင့် ချမ်းသာသော ချမ်းသာကတော့ တင်းတိမ် ရောင့်ရဲနိုင်မှု ဖြစ်သည်။
ပညာတွေ၊ ဥစ္စာတွေ ရှာရမည်၊ ရသင့်သလောက်၊ ရနိုင်သလောက်၊ ကြိုးကြိုးစား စားရှာရမည်၊ သို့သော် လောဘတွေ အလွန့်အလွန်ကြီးစွာ မတော်မတရား ၀ိသမ လောဘတွေနှင့် မရှာနှင့်၊ ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့်ရှာပြီး ရတာနှင့်၊ ရှိတာနှင့် ကျေနပ်ရမည်၊ တင်းတိမ်ရမည်၊ ရောင့်ရဲရမည်၊ သန္တုဋ္ဌီဟူသည် ထိုအဓိပ္ပါယ် ဖြစ်သည်။
ပေါင်းသင်းဆက်ဆံကြသည့် နေရာမှာလည်း ကိုယ့်အလိုကျတော့ ဖြစ်မည် မဟုတ်၊ ကိုယ့်စိတ်တိုင်းကျတော့ ဖြစ်မည်မဟုတ်၊ မတူတာတွေခွဲ၊ တူတာတွေတွဲပြီး အလုပ်လုပ်လို့ အလုပ်ဖြစ်လျှင် ကျေနပ်ရတော့မည်၊ သို့ဆိုလျှင် အဆင်ပြေပါသည်၊ ထိုကောင်းကွက်လေးတွေကို ရှာကြံ ရွေးချယ်ပြီး ကျေနပ်စွာလက်ခံ၍ အလုပ်လုပ်လျှင် အလုပ်ဖြစ်ပါလိမ့် မည်၊ မေတ္တာဟူ သည် ကောင်းကွက် ကို ရှာဖွေတွေ့ရှိ ကျေနပ်စွာဖြင့် နေတတ်လာခြင်းပင် ဖြစ်သည်။

ဓမ္မပီယဆရာတော်

No comments:

Post a Comment