နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့ တွေ့တွေ့ "တပည့်တော် နိဗ္ဗာန်ကို မလိုချင်သေးလို့ လိုချင် အောင် တရားဟောပေးတော်မူပါ"လို့ အရင် လျှောက်ထားရမယ် ဒကာကြီး။ (အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး)
မစိုးရိမ် ဆရာတော်ကြီဒ ရန်ကုန် တာဝါလိမ်းခြံမှာ သီတင်းသုံးနေတုန်းက မဟာစည်ဆရာတော် ကြီးနဲ့ ကမ္မဋ္ဌာန စရိယ နာယကများ ဆရာတော်ကြီးထံ လာရောက် ဖူးမြော် ကန်တော့ကြပါတယ်။ အဲဒီတုန်းက မဟာစည်ဆရာတော်ကိုယတိုင် ဟောကြား ရေးသားတဲ့ "နိဗ္ဗာန်ဆိုင်ရာ တရားတော်ကြီး" စာအုပ်ကိုလည်း လှူဒါန်းပါတယ်။ ဆရာတော်ကြီးက "နိဗ္ဗာန်ကို လိုချင်အောင် ဟောထား ရေးထား ချက် များ ကော ပါရဲ့လား" ဆိုတာ မေးတဲ့အခါ မဟာစည် ဆရာတော်က" နိဗ္ဗာန်အကြောင်း ရေးမှ တော့  နိဗ္ဗာန်ကို လိုချင်အောင် ရေးပြထားတဲ့ အချက်အလက်များလည်း ပါပါတယ် ဘုရား"လို့ လျှောက် ထားပါတယ်။
ဆရာတော်ကြီးက သူ ကြုံ ခဲ့ဖူးတဲ့ စာရင်းစစ် ဒကာကြီးတစ်ယောက် နိဗ္ဗာန်ကို တကယ် လိုချင် ရဲ့လား"ဆိုတာ မေးတော့ " နိဗ္ဗာန်သာ ရမယ်ဆိုရင် တစ်ခြား ဘာမှ မလိုချင်ပါဘူး၊ နိဗ္ဗာန်ရောက် အောင်သာ တရားဟောပေးတော်မူပါ" လို့ပဲ ထပ်ပြီး ပူဆာပြန်တယ်။ "ဒါနဲ့ အခု ဒကာကြီး နိဗ္ဗာန်ရဖို့ လည်ပြီး ရှာနေတာလား၊ ငွေရဖို့ လည်ပြီး ရှာနေတာလား"လို့ မေးတော့ ဒကာကြီးက ပြုံးစိစိနဲ့ " အမှတ်တမဲ့ ပြောမိတာ ခွင့်လွှက်ဘုရား၊ ငွေနဲ့ နိဗ္ဗာန်နှစ်မျိုးတည်း ဆိုရင်တော့ နိဗ္ဗာန်ကို မလိုချင်ပါဘူး၊ ငွေကိုလိုချင်ပါတယ်"လို့ လျှောက်ထားပါတယ်။
ဆရာတော်ကြီးက..အဲ.. အဲ.. ဒါမှ မှန်တယ်၊ နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့ တွေ့တွေ့ ´ တပည့် တော် နိဗ္ဗာန်ကို မလိုချင်သေးလို့ လိုချင်အောင် တရားဟောပေးတော်မူပါ´လို့ အရင် လျှောက် ထားရမယ် ဒကာကြီးလို့ တိုက်တွန်းခဲ့ရဖူးတယ်။ ခက်တာက တကယ် မလိုချင်းဘဲနဲ့ လိုချင်လို့ ထင်နေကြတယ်"လို့ မိန့်ကြားပါတယ်။ ( မစိုးရိပ်ထေရုပ္ပတ္တိ ၁၉၆)
ဒကာကြီး ပြန်လျှောက်ထားတဲ့ အထဲမှာ " ငွေနဲ့ နိဗ္ဗာန် နှစ်မျိုးတည်း ဆိုရင်တော့" ဆိုတဲ့ စကားက နှစ်မျိုးတည်း ရှိတာ ဆိုရင်တော့ ငွေကိုပဲယူမယ်။ ခက်နေတာက ငွေဆိုတာ သူချည်းသန့် သန့် တည်နေတဲ့ အမျိုးမဟုတ်ဘဲ နောက်ဆက်တွဲ သောက ပရိဒေ၀ စတဲ့ အကျိုးဆက်တွေ တသီ
ကြီး ပါလာပြီး ဖြစ်လို့ နိဗ္ဗာန်ကို တောင့်တမိတာပါလို့လည်း ၀န်ခံလိုတဲ့ သဘောပါနေပါတယ်။
အခုတော့ နိဗ္ဗာန် လိုချင်အောင် ဟောပြောတဲ့ ဆရာတော်တွေ များလာပြီ ဖြစ်သလို နိဗ္ဗာန်ကို (သူတို့အပြောအရာ) တကယ်လိုချင်သူတွေလည်း များလာပြီလို့ပဲ ထင်ပါတယ်၊ နိဗ္ဗာန်ကို တကယ် လိုချင်သူတို့ လျှောက်ရမယ့်လမ်းက "မဇ္ဈိမပဋိပဒါ= အလည်လမ်း ကျင့်စဉ်" လို့ ခေါ်တဲ့ စတုတ္ထမြောက် သစ္စာ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးကို ကျင့်စဉ်သိက္ခာအရ ပေါင်းလိုက်ရင် ပထမဆုံး မဂ္ဂင်နှစ်ပါးက"ပညာသိက္ခာ"၊ အလယ်မဂ္ဂင်သုံးပါးက" သီလသိက္ခာ" နောက်ဆုံး မဂ္ဂင်သုံးပါးက "သမာဓိသိက္ခာ" ဆိုတာ သိပြီး ကြပါပြီ။ ကျင့်စဉ်အရ ဆိုရင် သီလ´သမာဓ´ပညာ´လို့ ဖြစ်ပေမယ့် ဟောစဉ်မှာ ပညာ၊ သီလ၊ သမာဓိလို့ ဖြစ်နေတာကိုလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဒီလို ဟောတော်မူရတာဟာ ပညာ သိက္ခာကို ရှေးဦးစွာ နာယူသိ အဖြစ်နဲ့ သိပြီးမှ သီလ၊ သမာဓိ တို့ ပိုမိုစင်ကြယ်တိုးတက်မှာ ဖြစ်လို့ ပညာ သိက္ခာကို သီလသိက္ခာရဲ့ ရှေ့က ထားဟောရကြောင်း အရင်က ရေးခဲ့ ပြီးပါပြီ
မြတ်စွာဘုရားရှင်ကတော့ "သီလနဲ့ ပညာဟာ လက်နှစ်ဖက်နဲ့ တူတယ်၊ လက်တစ်ဖက် စင် ကြယ်ရင် တစ်ခြား လက်တစ်ဖက်ကို စင်ကြယ်အောင် ဆေးကြောနိုင်သလို သီလကလည်း ပညာကို စင်ကြယ်စေနိုင်တယ်။ သီလရှိမှ ပညာရှိမယ် ၊ ပညာရှိမှ သီလရှိမယ်၊ "လို့ ဟောတော်မူပါတယ်( ဒီ၊၁ ၁၁၇၊ သောဏဒဏ္ဍသုတ်)။ ဒါကြောင့် သီလစင်ကြယ်ရးအတွက် ပညာကို ရှေးဦးစွာ ဟောတော်မူ ရတယ်။ သိက္ခာအစဉ်အမှာ ပညာသိက္ခာကို နောက်ဆုံးပြရတာကတော့ နောက်ဆုံး ပြည့်စုံရမယ့် သိက္ခာက ပညာ သိက္ခာ ဖြစ်လို့ပါ။
ဒီနေ့ တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တော်တော် များများက "မဂ္ဂင်ရှစ်ပါးမှာ တကယ် အလုပ်လုပ်နေတာ သမာဓိမဂ္ဂင် သုံးပါးနဲ့ ပညာမဂ္ဂင်နှစ်ပါး၊ ပေါင်း ငါးပါးနဲ့ တရားအလုပ် လုပ်နေရ တယ်"လို့ သိကြပြောကြ ပါတယ်။ မြတ်စွာဘုရားရှင်က ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ၊ တတ္ထ သီလံ= သီလရှိမှ ပညာရှိမယ်၊ ပညာရှိမှ သီလရှိမယ်၊ သီလနဲ့ ပညာကို အမြတ်ဆုံးလို့ ဆိုရပါမယ် လို့ အထက်ပါ သုတ်မှာ ဟောထားတဲ့အတိုင်း သီလသိက္ခာ မပါဘဲ ကျန်တဲ့သိက္ခာ မတိုးပွား နိုင်ပါဘူး။ အမှန်က မဇ္ဈိမ လမ်းစဉ်ကို ကျင့်သုံးမယ် ဆိုကတည်းက သီလသိက္ခာက အိမ်ရှင် သဖွယ် စင်ကြယ် နေစေရမှာ ဖြစ်ပါတယ်။
မှန်ပါတယ်၊ ဉာဏ်ပညာ အလွန်ထက်မြတ်တဲ့ သန္တတိအမတ်ကြီးဟာ မြတ်စွာဘုရားရဲ့ တရားကို နာရမီ အထိ မူးယစ် သောက်စားနေခဲ့ပေမယ့် တရားနာယူပြီးလို့ အမှားနဲ့အမှန်ကို ခွဲခြား သိလိုက်တာနဲံ တစ်ပြိုင်နက် အဲဒီ အသိပညာက သီလကို စင်ကြယ်သွားစေပါတယ်။ "မကောင်း တဲ့ အလုပ် ဖြစ်လို့ နောက် ဘယ်တော့မှ မလုပ်တော့" လို့ ယတိပြတ် ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သီလ လည်း စင်ကြယ်သွားတာပါ။ "နောင် လုံးဝမလုပ်တော့ပါဘူး" ဆိုတဲ့ ယတိပြတ်ဆုံး ဖြတ်မှု (အာယတိံ သံဝရ စေတနာခေါ်ပါတယ်) မပါဘဲနဲ့တော့ ပါးစပ်က ၀န်ခံ၇ုံနဲံ သီလမစင်ကြယ် ပါဘူး။ ဒါကြောင့် ရှေးဆရာတော်ကြီးများက အာပတ်ဖြေခြင်းနဲ့ ပတ်သက်လို့" အာယတိံ သံဝရ မပါလျှင်၊ အခါ အကြိမ် တစ်ရာ ကြားသော်လည်း၊ လားလား မှ မပြေ"လို့ မိန့်တော်မူတာပါ။
သီလကို အိမ်ရှင်သဖွယ်ဖြစ်အောင် အဆင့်ဆင့် တည်ဆောက်ပုံနဲ့ ပတ်သက်လို့ အဂုတ္ထိုရ် ဒသက နိပါတ် အ၀ိဇ္ဇာ သုတ်မှာ စနစ်တကျ ဟောထားတော်မူပါတယ်။ ဒီလို တည်ဆောက်ခြင်းဟာ မဇ္ဈိမလမ်းမှာ သမာဓိသိက္ခာ၊ ပညာသိက္ခာများ တိုးပွားအောင် ကျင့်သုံ့းနိုင်ရေးအတွက် ကူညီပေးတဲ့ လမ်းစဉ်ဖြစ်လို့ "မဇ္ဈိမ ချဉ်းကပ်လမ်း" လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ အဲဒီ အဆင့်ဆင့်ကတော့-
(၁)သပ္ပုရိသ သံသေ၀- သူတော်ကောင်းတို့ကို ဆည်းကပ်မှီဝဲခြင်း။ "သံသေ၀"ဆိုတာ သာမန် ပေါင်းသင်းဆက်ဆံတာမျိုးကို ပြောတာ မဟုတ်ပါဘူး၊ နည်းနားခံယူဖို့အတွက် ဆရာအဖြစ် ခံယူ သဘော ထားတာကို ပြောတာပါ။ ရှေးသူတော်ကောင်းတို့က "မှီဝဲတယ်"လို့ သုံးပါတယ်။ အစားအစာ စသည်ကို မိမိခန္ဓာကိုယ်တွင်း ရောက်အောင် စားသုံးတာကိုလည်း "မှီဝဲတယ်" လို့ပဲ သုံးပါတယ်။ မိမိရဲ့ အတွင်းသန္တာန်ကို တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်အောင် ရယူတဲ့ သဘောလို့ နားလည်မိပါတယ်။
(၂) သူတော်ကောင်းကို မှီဝဲဆည်းကပ်မှု ပြည့်ဝရင် သူတော်ကောင်းစကားကို မှတ်သားနာယူ ခွင့် ရပါတယ်။ သူတော်ကောင်း ဆိုတာ မိမိကိုယ်တိုင် မှန်ကန်အကျိုးရှိတဲ့ အမှုကိုသာ ပြုလေ့ရှိသလို သူတစ်ပါးတို့ကိုလည်း မှန်ကန်အကျိုးရှိအောင် ပြောဆို ညွှန်ပြလေ့ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ခေါ်တာပါ။ သူတော်ကောင်းစကား ဆိုတာလည်း ကောင်းကံ၊ ဆိုးကံနဲ့ ၊ ကျောင်းကျိုး ဆိုးပြစ်တို့ကို ခွဲခြမ်း ဝေဖန် သွန်သင်တဲ့ စကားပဲ ဖြစ်ပါတယ်။
(၃) စစ်မှန်တဲ့ သူတော်ကောင်းစကား နားရည်ဝတဲ့အခါ စစ်မှန်တဲ့ သဒ္ဓါတရားကို ဖြစ်ပေါ် စေပါတယ်။ စစ်မှန်တဲ့ သဒ္ဓါတရား မဖြစ်ပေါ်စေရင် မိမိ နာယူမှတ်သား ထားတဲ့ စကားဟာ ( မိမိက ဘယ်လိုပဲ နှစ်သက်လက်ခံ ထားပေမယ့်) သူတော်ကောင်း စကား မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ စစ်မှန်တဲ့ သဒ္ဓါတရား ဆိုတာ အဓိကအားဖြင့် ကံနဲ့ ကံ၏အကျိုးကို အပြည့်အ၀ လက်ခံယူံကြည်တဲ့ သဒ္ဓါတရားဖြစ်ပါတယ်။ ကံနှင့်ကံ၏အကျိုးကို လက်ခံယုံကြည်မှုမဟုတ်တဲ့ ဘယ- ကြောက်လို့၊ လာဘ- မျှော်လင့်ချက် တစ်ခုခု ထားလို့၊ ကုလာစာရ- အမျိုးအနွယ် ဓလေ့ထုံးစံ ဖြစ်လို့ ဆိုတဲ့ ခံယူ ချက်မျိုး၊ မှားယွင်းတဲ့ ခံယူချက်မျိုးနဲ့ ယုံကြည်တာဟာ သဒ္ဓါတရားအစစ် မဟုတ်ပါဘူး။
အတိုချုပ်သဘောပေါက်ထားဖို့ကတော့ ရှေ့ရှေ့အဆင့်တွေဟာ နောက်နောက် အဆင့်တွေကို အထောက်အကူ မပြု၇င်၊ နောက်နောက်အဆင့်တွေနဲ့ ဆန်ကျင်ဘက် ဖြစ်နေရင် မစစ်မှန်ပါဘူး။ နောက်နောက် အဆင့်တွေကို အထောက်အကူ ပြုမှသာ စစ်မှန်တယ် ဆိုတာပါပဲ။
ဒီ တတိယဆင့်ဖြစ်တဲ့ "သဒ္ဓါတရားဖြစ်ပေါ်မှု"ဟာ မိမိသန္တာန်မှာ နံဘေးက ပထမဆုံး နက်နက် ရှိုင်းရှိုင်း ရောက်ရှိလာတဲ့ တရားဖြစ်လို့ လူတစ်ယောက်ရဲ့ ပထမဆုံး မိတ်ဆွေရင်း တစ်ဦးသဖွယ် အရေး ကြီးပါတယ်။ (သဒ္ဓါသုတ်) ။ မိတ်ဆွေကောင်းရင် ဘ၀နောင်ရေး ကောင်းမွန် စေနိုင်ပြီး၊ မိတ် ဆွေ ညံ့ရင် ဘ၀တစ်လျှောက်လုံး ညံ့ဖျင်းသွားစေနိုင်တဲ့အတွက် ဘ၀ရဲ့ အရေးအကြီးဆုံး အချိးအကွေ့ တစ်ခုလည်း ဖြစ်ပါတယ်။
(၄) စစ်မှန်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံရင် "ယောနိသော မနသိကာရ- စိတ်ကောင်းထားတတ်မှု" နဲ့ ပြည့်စုံလာပါတယ်။ ဒါဟာ မိမိပေါင်းသင်းတဲ့ သဒ္ဓါမိတ်ဆွေဟာ အစစ်လား၊ အတုလား ဆိုတာ ချင့် ချိန် စဉ်းစားဖို့အတွက် အရေးအကြီးဆုံး "စံ"ပါပဲ။ စိတ်ကောင်း မဖြစ်ပေါ်စေရင် သဒ္ဓါစစ် မဟုတ်ဘူး လို့သာ ဆုံးဖြတ်ရမှာပါ။ အရပ်ထဲမှာ တော့ တစ်ဖက်ကကြည့်ရင် "သဒ္ဓါတရား ကောင်းတယ်"လို့ ထင်ရသလို တစ်ဖက်က ကြည့်ရင်လည်း ကိုယ်ကျိုးကြည့်လွန်းတယ်၊ အမြတ်ကြီး စားလွန်းတယ်၊ အတ္တ, မာန် မာန, ဣဿာ, မစ္ဆရိယ များတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးလည်း တွေ့ကောင်း တွေ့ရပါလိမ့်မယ်။
ဓမ္မသဘောအရ (ဓမ္မဓိဋ္ဌာန်ကျကျ) ဆုံးဖြတ်ရမှာ ကာယကံ၊ ၀စီကံတို့ ဆိုတာ သရုပ်ဆောင် များသာဖြစ်ပြီး မနောကံလို့ခေါ်တဲ့ စေတနာက ဒါရိုက်တာကြီးပါ၊ (မနောပုဗ္ဗင်္ဂမာ ဓမ္မာ) ဘ၀ ဇာတ်ထုပ်ရဲ့ ဇာတ်သိမ်းခန်းကို "စေတနာ" ဒါရိုက်တာ ကသာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်( စေတနာ ဟံ ဘက္ခဝေ ကမ္မံ ၀ဒါမိ)။ " စေတနာ" ဆိုတာ သံသရာ ဇာတ်လမ်းရှည်ကြီး တစ်ခုလုံးရဲ့ ဇာတ် ညွှန်းဆရာကြီးလည်း ဖြစ်ပါတယ်။ ( ထုတ်လုပ်သူ ပရိုဂျူဆာက အ၀ိဇ္ဇာ နဲ့ တဏှာပါ) ။ ဒါကြောင့် သဒ္ဓါကောင်းသူ ဟုတ်, မဟုတ် ဆိုတာ စိတ်စေတနာ သဘောထား အမှန်ကို ကြည့်ပြီး ဆုံးဖြတ်မှသာ မှန်ပါလိမ့်မယ်။
သဒ္ဓါ နဲ့ စိတ်ကောင်း
" စိတ်ကောင်း" ဆိုတာ အရပ်ထဲ သိမှတ်ထားသလို အပြော ကောင်းတာ၊ ဆက်ဆံရေး ကောင်းတာ လောက်ကို ဆိုလိုတာ မဟုတ်ပါဘူး ။ စိတ်ကောင်းကို သိဖို့အတွက် "မကောင်းတဲ့ စိတ်ထား" ကို အရင်ဆုံး သဘောပေါက် သင့်ပါလိမ့်မယ်။ အကြမ်းဖျင်းကတော့ လောဘ၊ ဒေါသ၊ မာန်မနာ၊ဣဿာ မစ္ဆရိယစတဲ့ တရားတွေနဲ့ ယှဉ်နေတဲ့ စိတ်ထားဟာ မကောင်းတဲ့ စိတ်ထားပါပဲ။
အာရုံတစ်ခုခုကို မရနိုင်မှန်းသေပေမယ့် လိုချင်တဲ့ လောဘဖြစ်မယ်၊ မလွှဲမရှောင် သာ တွေ့ကြုံရမယ်မှန်းသိလျက်နဲ့ မကျေနပ်ဘူးဆိုတဲ့ ဒေါသဖြစ်မယ်၊ သူရတာ ကိုယ်မနာလို၊ ကိုယ်ရတော့ သူများ မပေးလိုဆိုတဲ့ ဣဿာ မစ္ဆရိယဖြစ်မယ်။ လုပ်ပေါက် လုပ်လမ်းလေး တည့်နေတော့ မာန်မာနတက်မယ်၊ ဉာဏ်နဲ့ လုံ့လမစိုက်ဘဲ လောဘကို အပြစ်တင်ပြီး စိတ်ဓာတ်ကျနေတယ် ဆိုတာတွေဟာ မကောင်းတဲ့ စိတ်ထားတွေပါပဲ။
စစ်မှန်တဲ့ သဒ္ဓါတရား(ကမ္မဿကတာသမ္မဒိဋ္ဌိ နဲ့ တွဲတဲ့သဒ္ဓါ)ရှိသူကတော့ ကောင်းဆိုးနှစ်တန် လောကဓံ ဆိုတာ ကိုယ်ပြုခဲ့တဲ့ ကောင်းကံ၊ ဆိုးကံတို့ရဲ့ အခွင့်အလျည့် အားလျှော်စွာ တဒင်္ဂ ကြုံတွေ့ရမှုသာ ဖြစ်တယ် ဆိုတာကို လက်ခံနိုင်တဲ့အတွက် သင့်တင့် မျှတတဲ့ စိတ်ထား( ယောနိသော မနသိကာရ) နဲ့ လက်ခံပြီး စိတ်ကောင်း ထားတတ်ကြ ပါတယ်။
(၅) (ယောနိသော မနသိကာရ ( စိတ်ကောင်းထားမှု) နဲ့ ပြည့်စုံရင် "သတိသမ္ပဇည = သတထားဆင်ခြင်မှု" နဲ့ ပြည့်စုံပါတယ်။ ဒီနေရာမှာ သတိသမ္ပဇည ဆိုတာ သတိပဋ္ဌာနမှာ ပါတဲ့ "သတိ" နဲ့ မတူတတ်ပါဘူး၊ ဒီမှာထားတဲ့ "သတိ" ဆိုတာ ဘယ်အရာဆို အလျင်စလို စိတ်လိုက်မာန်ပါ မပြောမိ၊ မပြုမိစေဘဲ မိမိ သူတစ်ပါး နှစ်ဦးသားတို့အတွက် အကျိုးရှိ၊ အကျိုးမဲ့ကို စိစစ်သုံးသပ်ပြီး အကျိုးရှိရာကိုသာ ရွေးချယ်တဲ့"သတ္ထကသမ္ပဇဉ်" လောကစည်း၊ ဓမ္မစည်းအရ ခွင့်ပြုနိုင်လောက်အောင် လျော်ကန်သင့်မြတ်မှု ရှိမရှိ ဆင်ခြင်တဲ့"သပ္ပါယသမ္ပဇဉ် " တွေ့ကြုံသမျှ အာရုံအပေါ်မှာ သတိ ရှေ့သွားနဲ့ သုံးသပ် ဆင်ခြင်တဲ့ "ဂေါစရ သမ္ပဇဉ်"၊ ဘယ်အရာဆို ဆိုင်ရာ အကြောင်းတရားများ စုပေါင်းဆောင်ရွက် နေခြင်းသာဖြစ်ပြီး ငါ သူတစ်ပါး စတဲ့ အတ္တဆန်မှု လုံးဝဖြစ်စရာ မရှိပုံကို ဆင်ခြင်တဲ့ " အသမ္မေဟာသမ္ပဇဉ်" ဆိုတဲ့ သတိ သမ္ပဇဉ် လေးပါးနဲ့အညီ ပြောဆိုပြုမူလေ့ ရှိတာကို ဆိုလို တာပေါ။( ရှေ့မှာ သတိပဋ္ဌာန် ကို သီးခြား ဆိုလတ္တံ့ ဖြစ်လို့ပါပဲ။)
(၆) အရာရာကို သတိ ရှေ့သွားနဲ့ ဆင်ခြင်မှု အလေ့အကျင့် ပြည့်ဝလာတဲ့အခါ " ဣန္ဒြိယသံဝရ= ဣနြေ္ဒ ၆ ပါးလုံးခြုံအောင် ဆောင့်စည်းနိုင်လာပါတယ်။ မျက်စိနဲ့ အဆင်း၊ နားနဲ့ အသံ စသည် တွေ့ဆုံမှုကို အကြောင်းပြုပြီး မတော်မတရား လိုချင်မှု၊ ပြစ်များမှုမျိုး မဖြစ် အောင် စောင့်ထိန်းနိုင်လာတယ်လို့ ဆိုလိုတာပါ။ ဒီလိုစောင့်ထိန်းနိုင်လာတာကို "ဣနြေ္ဒ ငြိမ်သက် တယ်"လို့လည်း ခေါ်ကြပါတယ်။ "ငြိမ်းငြိမ်းနေချင် ငြိမ်ငြိမ်နေ၊ ငြိမ်ငြိမ်နေမှ ငြိမ်းငြိမ်း နေရ၊ ငြိမ်ငြိမ်မနေက ငြိမ်းငြိမ်းမနေရ"ဆိုတဲ့ စကားဟာ ဣနြေ္ဒ ငြိမ်ဖို့ ပြောတာပါ။ ပြုမှားမိသမျှ မကောင်းမှုများ ဆိုတာ ဣနြေ္ဒကို ငြိမ်အောင် မစောင့်ထိန်းနိုင်ကြလို့ချည်းပါပဲ။
(၇) ဣနြေ္ဒကို ငြိမ်အောင် စောင့်ထိန်းနိုင်ခဲ့ရင် " တီဏိ သုစရိတာနိ ပရိပူရေတိ= သုစရိုက်သုံးပါးနဲ့ ပြည့်စုံပါတယ်"။ အကြံမှား၊ အပြောမှား၊ အပြုမှားတွေ ကင်းစင်ပြီး ၊ အကြံမှန်၊ (မနောသုစရိုက်) အပြောမှန် (၀စီသုစရိုက်)၊ အပြုမှန် (ကာယသုစရိုက်) တို့နဲ့ ပြည့်စုံ သွားမယ် လို့ ဆိုလိုပါတယ်။ ဒီလို ပြည့်စုံတာကိုပဲ သီလသိက္ခာနှင့် ပြည့်စုံတယ်လို့ ဆိုရပါတယ်။
"ဒီအဆင့်နဲ့ ပြည့်စုံခဲ့ရင် သတိပဋ္ဌာန်တရား လေးပါးနဲ့ ပြည့်စုံနိုင်ပြီ"လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ မဂ္ဂသစ္စာရဲ့ လုပ်ငန်းဖြစ်တဲ့ သမာဓိသိက္ခာ၊ ပညာသိက္ခာ တို့တိုးပွားစေ နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံလို့ ဆိုလိုတာပါပဲ။ သမာဓိသိက္ခာ ဆိုတာ သီလသိက္ခာနဲ့ ပညာ သိက္ခာတို့ အပြန်အလှန် ကျေးဇူးပြုအောင် ကြားခံအဖြစ်နဲ့ ဆက်စပ်ပေးတဲ့ သိက္ခာပါ။ "သီလ ရှိမှ သမာဓိရှိမယ်၊ သမာဓိရှိမှ ပညာနဲ့ ပြည့်စုံနိုင်မယ်" ဆိုတာ ဘုရားရှင်တို့ရဲ့ အဆုံးအမ ကျင့် စဥ်များပါပဲ။ "အပြစ်ကက်းတော့ စိတ်အနှောက်အယှက် ကင်းတယ်။ စိတ်အနှောက်အယှက် ကင်းတော့ အပြစ်ကင်းပြီး အသိမှန်တယ်"လို့ ဆိုလိုတာပါပဲ။
အထက်ပါ ပြောခဲ့တဲ့ သန္တတိအမတ်ကြီးဆိုတာလည်း ဘုရားရှင်နဲ့ တွေ့ချိန်ကစပြီး အခု ပြောခဲ့တဲ့ အဆင့်ဆင့် ပြည့်စုံသွားလို့သာ သတိပဋ္ဌာန်နဲ့ မဂ္ဂင်တို့ ပြီးပြည့်စုံအောင် ပွားများနိုင်ပြီး ဆင်းရဲ ကင်းရာကို မျက်မှောက်ပြုနိုင်သွားတာပါ။ ချဉ်းကပ်မှု မှန်ကန်ကြပါစေ။
ဓမ္မဘေရိအရှင်ဝီရိယ(တောင်စွန်း)
No comments:
Post a Comment