Tuesday, September 27, 2011

စကားဆိုး ဘယ်လောက်တတ်သလဲ?


တစ်နှစ်က ကျွန်တော်တို့မိသားစု သြစတေးလျကို အလည်အပတ် သွားရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့တစ်ပတ်အတွင်း လည်ပတ်ခဲ့တဲ့နေရာတိုင်းမှာ အဲဒီကဒေသခံတွေနဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံခဲ့တယ်။ စိတ်တွေပေါ့ပါးလန်းဆန်းပြီး ကျွန်တော်တို့ အရမ်းပျော်ရွှင်ခဲ့တယ်။

တစ်ပတ်နေပြီး ထိုင်ဝမ်အပြန်လေယာဉ်ပေါ်မှာ လေယာဉ်နောက်ပိုင်းက မိဘတစ်ဦးရဲ့ ကလေးငယ်ကို ဆဲဆိုနေတဲ့အသံတစ်သံ ကျွန်တော်ကြားလိုက်မိတယ်။ ဆဲဆိုသံကြောင့် ကျွန်တော့်အာရုံတွေ ရုတ်တရက် တင်းကျပ်လာခဲ့တယ်။ သြစတေးလျမှာ လည်ပတ်ခဲ့တဲ့တစ်ပတ်လုံးလုံး သားသမီးတွေကို ဆဲဆိုတဲ့မိဘတွေရဲ့ အသံကို မကြားခဲ့ရလို့ဖြစ်မယ်။ လေယာဉ်နောက်ပိုင်းကို ကျွန်တော်လှည့်ကြည့်လိုက်မိတယ်။ ထင်တဲ့အတိုင်းပဲ ထိုင်ဝမ်က မိသားတစ်စုဖြစ်တယ်။

စိတ်ရင်းခံအတိုင်းပြောရရင် ယေဘုယျအားဖြင့် ထိုင်ဝမ်ကမိဘတွေဟာ ကလေးတွေကို ဆဲဆိုဆူပူဖို့ အရမ်းနှစ်သက်ကြတယ်။ မဆဲဆိုရင် မဖြစ်မြောက်တော့တဲ့အတိုင်း၊ လူရာမဝင်တော့တဲ့ အတိုင်းပါပဲ။ ဆဲဆိုရာမှာလည်း အဆင့်အတန်းခွဲထားကြတယ်။

တစ်ဘက်ကဆူဆဲရင်း တစ်ဘက်ကရိုက်တယ်။ (နင့်ကို ငါအသေရိုက်မယ်)
လူကိုထိခိုက်ပြီး ဆူတယ်။ (နင်အဲလောက်ဆိုးရသလား! နင် အနေလား?)
ရက်ရက်စက်စက် ဆူတယ်။ (နောက်တစ်ခါ လုပ်ရဲသေးလား?)
ခြောက်လန့်ပြီး ဆူတယ်။ (မလိမ္မာရင် နောက်တစ်ခါ မခေါ်တော့ဘူး)
တခြားလူနဲ့ ခိုင်းနှိုင်းနှိုင်းဆူတယ်။ (ကြည့်စမ်း.. ဟိုဖက်က ညီမလေးက နင့်ထက်ပိုလိမ္မာတယ်)
နာနာကျင်ကျင် ဆူတယ်။ (နင်တို့ဒီခေတ်က ကလေးတွေ အကောင်းထဲထား အကောင်းထဲမနေချင်ကြဘူး။ ငါတို့ခေတ်တုန်းက ဒီလိုနေချင်တောင် မနေရဘူး။)
ကဲ့ကဲ့ရဲ့ရဲ့ဆူတယ်။ (ဒီလောက်ကြီးနေတာတောင် ငိုရသေးလား? မရှက်ဘူးလား? လူများရယ်လိမ့်မယ်!)
မရေမရာ ဆူတယ်။ (နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း! နင်နောက်တစ်ခွန်း ထပ်ပြောကြည့်!)
ကြေကြေကွဲကွဲ ဆူတယ်။ (ဒီအတိုင်းဆက်သွားလို့ကတော့ ဘာမှဖြစ်ထွန်းမဲ့ကောင်မဟုတ်ဘူး)
ခံစားချက်နဲ့ ခြိမ်းခြောက်ဆူတယ်။ (ကြည့်စမ်း! နင့်ကြောင့် နင့်အဖေ အဲဒီလိုဖြစ်ရတာ... နင်မတောင်းပန်ရင် နင့်အဖေတော့ နင့်စိတ်နဲ့သေမှာပဲ။ ငါပင်ပင်ပန်းပန်း လုပ်သမျှတွေက နင်တို့အတွက်ပဲ)

ဒီလို အပျက်သဘောဆောင် စကားလုံးတွေက အသုံးမဝင်သလို ဆိုးဝါးတဲ့တုန့်ပြန့်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

လူတွေရဲ့စိတ်ဟာ နုနယ်သိမ်မွေ့လွန်းပါတယ်။ သူ့ကိုနှစ်သက်ရင် သူ့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဟာ ပိုသန်စွမ်းပြီး အမြင့်ကို ပိုတက်လှမ်းနိုင်စွမ်းရှိလေ ပိုထူးခြားအောင်လုပ်နိုင်လေဖြစ်တယ်။ တနည်းပြောရရင် ကိုယ့်ကိုနှစ်သက်သူ၊ ပြုစုပျိုးထောင်ပေးသူအတွက် အရာရာ ကိုယ်စတေးရဲတယ်ဆိုတဲ့ စိတ်ရဲ့တုန့်ပြန်မှုကို ဖြစ်စေတယ်။

ဆန့်ကျင်ဖက်အနေနဲ့ သူ့ကိုကဲ့ရဲ့လေ၊ ဝေဖန်လေ၊ ဆူဆဲလေ သူ့ရဲ့ကိုယ့်ကိုယ်ကို လေးစားမှုနဲ့ ယုံကြည်မှုက လျော့လေ၊ လုပ်ဆောင်နိုင်စွမ်းကျလေ၊ သင့်စကားကို နားမထောင်ချင်လေဖြစ်တယ်။ ကလေးငယ်ရဲ့ဘဝမှာ အရေးအပါဆုံးဆိုတဲ့လူကတောင် သူ့ကိုတုံးအတယ်လို့ထင်ခဲ့ရင် အဲဒီကလေးရဲ့မျှော်လင့်ချက်ဆိုတာ ဘာရှိဦးမလဲ? ကိုယ့်ကိုယ်ကို စွန့်ပစ်တာမျိုးပဲ သူတို့လုပ်ကြလိမ့်မယ်။

တကယ်တော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စကားကို ကျွန်တော်တို့လှည့်ပြောလို့ရတယ်။ ကလေးငယ်တွေကို အပြုသဘောဆောင်စကားတွေနဲ့ ကျွန်တော်တို့ ပြောလို့ရပါတယ်။


တစ်ခါက တောထဲတစ်နေရာမှာ ကျွန်တော်လမ်းလျှောက်နေတုန်း မိသားစုတစ်စုနဲ့ဆုံတယ်။ မိသားစုထဲက ကလေးငယ်တစ်ယောက်ဟာ လမ်းလျှောက်ရင်းလျှောက်ရင်း ရုတ်တရက် ရေမြောင်းလဲကျသွားခဲ့တယ်။ အဲဒီမှာ ဖခင်ဖြစ်သူက အထိတ်တလန့်နဲ့ ကလေးငယ်ကိုဆွဲထူပြီး "ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ? လမ်းလျှောက်တာ လမ်းကိုမကြည့်ဘူးလား? နောက်တစ်ခါ အပြင်ထွက်ရင် မခေါ်တော့ဘူး။ အမြဲတမ်း သတိလက်လွတ် ထုံအအနဲ့" လို့ အသံကျယ်ကြီးနဲ့ ဆူတော့တယ်။

တူတဲ့အဖြစ်အပျက်မှာ ကလေးငယ်ကို ဆူဆဲမယ့်အစား "ဘယ်နားနာသွားလဲ? ရလား? လန့်သွားမယ်ထင်တယ်၊ ကိစ္စမရှိဘူး။ နောက်တစ်ခါ သတိထားနော်"လို့ သူပြောလို့ရပါတယ်။ ဒီအပြောနဲ့ အခုနားအပြောက ခံစားချက်ချင်း လုံးဝကွာတယ်။ ကလေးငယ်ကို သင်ပြဆုံးမနေတာချင်းတူပေမယ့် အပြုသဘောဆောင် စကားလုံးတွေက ကလေးငယ်ရဲ့ မိမိကိုယ်ကိုအမြင်(Self-image)ကို မြင့်တင်ပေးသလို ကလေးနဲ့မိဘကြားက ချစ်ခြင်းမေတ္တာကိုလည်း တိုးပွားစေတယ်။ ဒါဟာ ကောင်းတဲ့ပျံ့နှံ့လည်ပတ်မှုကိုဖြစ်စေပြီး ကလေးငယ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်ဖွံ့ဖြိုးစေပါတယ်။

မိတ်ဆွေတစ်ဦးက "ဒီသဘောတရားကို ကျွန်တော်နားလည်တယ်။ ကျွန်တော်အိပ်ရေးဝရင် ဘာမှမဖြစ်ဘူး။ တကယ်လို့ အိပ်ရေးမဝခဲ့ရင် ဒေါသထွက်ပြီး ဘာသဘောတရားလာပြောပြော ကျွန်တော်အတွက် အသုံးမဝင်တော့ဘူး"လို့ဆိုတယ်။ ဒါဟာလည်း အခုခေတ်မိဘတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုဖြစ်တယ်။ အထက်၊အောက် အထွန်းညှိခံရတဲ့ ဖယောင်းတိုင်လို ပင်ပန်းပြီး သွန်သင်ဆုံးမတာတွေက ဘာအရာမှရောက်တော့မှာ မဟုတ်ဘူး။

ဘယ်မိဘကမှ သားသမီးတွေကို ဒီလိုပုံစံနဲ့ မဆက်ဆံချင်သလို အဆက်ဆံလည်း မခံစေချင်ခဲ့ကြဘူး။ ဒါပေမယ့် မိဘလုပ်သူတွေက စားဝတ်နေရေးအတွက် လုံးဘန်းရပြီး ကိုယ်တိုင်လည်း ပြည့်ဝတဲ့ အချစ်၊ ဂရုစိုက်မှုတွေ မရခဲ့လို့လည်းဖြစ်မယ်? ဒီလိုဆိုရင် မိဘနဲ့ကလေးကြားက ကျန်းမာတဲ့ဆက်ဆံရေးကို နေ့စဉ်ဘဝကနေ ဖြည်းဖြည်းချင်း စတင်လို့ရတယ် မဟုတ်ပါလား?

မိဘဆိုတာ သားသမီးတွေကို ပျော်ရွှင်ခြင်းတွေပေးတဲ့ အိန်လ်ဂျယ်ဖြစ်နိုင်သလို ဆူပူကျိန်ဆဲတဲ့ မာရ်နတ်ဆိုးလည်း ဖြစ်နိုင်သတဲ့...

သာမန်မိဘတွေ ပြောတတ်တာကး
မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ပျင်းရသလဲ?
မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ဘရုတ်ကျရတာလဲ?
မင်း ဘာဖြစ်လို့ အဲလောက်တောင် တုံးအတာလဲ?
မင်း ဘာအသုံးမှ မကျဘူး!
မင်း တကယ်အလိမ်တော်တယ်။
မင်း တကိုယ်ကောင်းဆန်လှချည်လား!
မင်း ခေါင်းမာလှချည်လား!
မင်း အချိန်တွေဖြုန်းနေတယ်!
မင်း လူရာမဝင်ပါလား?

ထူးကဲမိဘတွေ ပြောတတ်တာကး
နည်းနည်းထပ်ကြိုးစားလိုက် ဒီထက်ကောင်းအောင် လုပ်နိုင်လိမ့်မယ်။
အဲဒီကောင်းတဲ့ဉာဏ်ကို သင့်တော်တဲ့နေရာမှာ သုံးနော်။
ချက်ကောင်းကို ဖမ်းဆုပ်နိုင်ရင် ဒီထက်ပိုတိုးတက်မယ်။
အောင်မြင်တဲ့လမ်းကို တွေ့ဖို့ အားနည်းနည်းသုံးရဦးမယ်။
မင်းပြောတာတွေက အမှန်မဟုတ်ဘူး။
တခြားလူအတွက်လည်း ထည့်တွေးပေးနော်။
တခြားလူရဲ့ အကြံဉာဏ်ထဲကနေလည်း သင်ယူနိုင်တယ်။
အချိန်ကို မင်း အကျိုးရှိရှိအသုံးချတတ်ပါတယ်။
လူတကာနဲ့ သင့်မြတ်အောင် မင်းပေါင်းနိုင်ပါတယ်။

ဒီလို ဘဝရဲ့ရင်းနှီးမြှုပ်နှံမှုက လုပ်ရတာထိုက်တန်ကြောင်း ကျွန်တော်ကို ယုံကြည်လိုက်ပါ။

မူရင်းရေးသားသူ --- Ding Fan 

နိုင်းနိုင်းစနေ (Saturday, April 02, 2011)

No comments:

Post a Comment