Thursday, September 29, 2011

အနှစ်


ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝကို တစ်ချက်လောက် စောင်းငဲ့ ကြည့်လိုက်ပါ....။
တစ်ခါတစ်လေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့  ပျော်ပျော်ပါးပါး ဟေးလားဝါးလား...။
ချစ်သူ ခင်သူတွေနဲ့  ကြည်ကြည်နူးနူး....။
တော်လိုက်တာ ၊တတ်လိုက်တာနဲ့  ကိုယ့်စွမ်းဆောင်ချက်တွေနဲ့  ကိုယ့်အရည်အသွေးတွေကို ချီးမြှောက်ကြ ၊ဂုဏ်ပြုကြ.....။
လက်ခုပ်သံတွေ ၊မီးရောင်စုံတွေနဲ့  ဝှဲချီးမြှောက်စားကြတာများ ငါလိုလူ ဇဗ္မူမှာ ရှိရိုးလားလို့  နားထင်သွေးရောက် ဂုဏ်မောက်ခဲ့တဲ့
နေ့ ရက်တွေလည်း ရှိဖူးမယ်...။
ဘာလုပ်လုပ်အောင်မြင် ၊ဘာပြောပြော အကောင်းမြင် ...။ ပိုက်ဆံငွေကြေးနဲ့  စည်းစိမ်ဥစ္စာ တွေ သူ့ အထွာနဲ့ သူ ...။
ကျေနပ် ပိတိ ဖြစ်နေရတဲ့  နေ့ ရက်များလည်း ကြုံဖူးမယ်......။
အကောင်းလောကဓံတွေ ကြုံခဲ့ရင် ဘဝဆိုတာ နှစ်သက်ပျော်မွေ့ ဖွယ်ရာလို့ ထင်မှတ်...။
သံသရာ အဆက်ဆက်တောင် လူဖြစ်ဖို့ ဆုတောင်း အကြောင်းကောင်းတဲ့ နေ့ ရက်များဟာ မင်္ဂလာအတိပေါ့ဗျာ.........။
ကဲ..လာပါပြီ...။ အဆိုးတွေ....
ဆင်းရဲဒုက္ခတွေဟာ အပေါင်းအဖော်နဲ့  လာတတ်တယ် ဆိုတဲ့ စကား ကြားဖူးမှာပေါ့...။
ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ သတဲ့...။
စိတ်ညစ်လို့ မြစ်ကမ်းပါး သွားထိုင်ရင်တောင် သပွတ်အူနဲ့  စာကလေးသိုက် မျောတာ ကြုံရဦးမယ်...။
နူရာဝဲစွဲ... လဲရာ သူခိုးထောင်း..။
ကံကြမ္မာဆိုးတွေ  ဝုန်းဒိုင်းဆင်တော့ ဘဝကို ငရဲခန်းတွေလို့ ထင်....။
လူတွေကိုကြောက်..။
ဒေါသတွေ ..အငြိုးတွေနဲ့  လောကကို မကောင်းမြင် ..၊
တွေ့ ကြသေးတာပေါ့ကွာ....။
ရေခပ်မကြုံ ထင်းခွေကြုံ မှာပေါ့လို့  ကြိမ်းဝါး .... ခါးသီးတဲ့ နေ့ ရက်များကို ဖြတ်သန်း ....၊
လူ့ သက်တမ်းကို ချုံ့ ပစ်ချင်တဲ့  စိတ်ရိုင်းတွေနဲ့  ကိုယ့်သမိုင်းကိုယ်လည်း ရေးဖူးကြမယ် ထင်ပါရဲ့ .......။
အကောင်း အဆိုးဆိုတာ....
အကြောင်းအကျိုးကြောင့် ဖြစ်နေရတာ....။
အကျိုးမကောင်းတာဟာ  အကြောင်းမကောင်းခဲ့လို့  ....။
သံသရာအဆက်ဆက် ဘဝအထွေထွေက အကြောင်းမကောင်းတာတွေ ပြုဖူးခဲ့တဲ့  ကံကြောင့် 
အကျိုးပေးချိန်မှာ ပေးနေတာလေ...။
သရက်ပင်စိုက်ခဲ့ရင် သရက်သီးစားရမှာပေါ့....။
တမာပင် စိုက်ခဲ့လို့ တမာသီးစားရတဲ့ ခါးသီးတဲ့ ဘဝအကြောင်းကို မြတ်ဗုဒ္ဓဟောကြားတဲ့
အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ် မှာ တွေ့ ရမှ သံဝေဂရ....။
လူ့ ဘဝရဲ့ အနှစ်သာရကို ဆင်ခြင်မိပါရဲ့ ......။
တောင့်တမှုနဲ့  ကြောင့်ကြမှု
လောဘနဲ့  ဒေါသ
မောဟအထွေထွေနဲ့  အဝိုင်းပြေးပြေးနေတဲ့ လူ့ လောကကို တွေးမြင်မိမှ ...
ပုထုဇဉ်ဘဝဆိုတာ အရူးတွေလိုပါလားလို့  ခပ်ရေးရေးလေးမြင်မိပါရဲ့ ...။
မိုးငယ်အောင်
                      
                  

No comments:

Post a Comment