Tuesday, September 27, 2011

သစ္စာနဲ့ တာဝန်


အို နာ သေမှု အစရှိတဲ့ လူသဘာဝ အတိုင်း ဖြစ်ပျက်နေတဲ့ သင်္ခါရဓမ္မတွေကို မကျေ နပ်စရာ(အပ္ပိယ) လို့ စွဲလမ်းနေသမျှ " မုန်း ဆုံ" ဒုက္ခနဲ့ ကြုံနေရမယ်။ ကျေနပ်စရာ (ပိယ) လို့ စွဲလမ်းနေရင်လည်း"ချစ်ကွဲ" ဒုက္ခနဲ့ ကြုံနေရမယ်။ မရနိုင်တာကို လိုချင် စွဲလမ်း နေသမျှ "လိုတာမရ"တဲ့ ဒုက္ခ နဲ့ ကြုံနေရမယ်။

သစ္စာလေးပါးလုံးမှာပဲ တစ်ပါး တစ်ပါးစီမှာ"သစ္စ၊ ကိစ္စ၊ ကတ" ဆိုပြီး အခြင်းအရာ သုံး မျိုးစိ ရှိပါတယ်။
သစ္စဉာဏ် ဆိုတာ အမှန်အတိုင်း နာယူသင်ကြားထားတဲ့ အသိပါ။
ကိစ္စဉာဏ်ဆိုတာ မဇ္ဈိမလမ်းအတိုင်း လျှောက်သူ တို့ရဲ့ လိုက်နာ ကျင့်သုံးရင်း သိလာမယ့် တာဝန်ပိုင်း အသိဖြစ်ပါတယ်။
ကတဉာဏ် ဆိုတာကတော့ တာဝန်ကျေပွန် ပြည့်စုံတဲ့ အတွက် ရရှိတဲ့ ရလာဒ် အသိပါပဲ၊
သာသနာသုံးပါးနဲ့ ပြောရရင် သစ္စဉာဏ် ဆိုတာ ပရိယတ္တိသာသနာ၊ ကိစ္စဉာဏ်ဆိုတာ ပဋိပတ္တိသာသနာ၊ ကတဉာဏ်ဆိုတာက ပဋိဝေဓသာသနာ လို့ ဆိုရပါလိမ့်မယ်။

နာယူသင်ကြားထားတဲ့ ပရိယတ္တိက မှန်ကန်မှ မှန်ကန်တဲ့ အသိ=သစ္စဉာဏ်ဖြစ်သလို ကျင့်သုံးတဲ့ ပဋိပတ္တိ(ကိစ္စဉာဏ်) တိုးပွားပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်သိနဲ့ ပြီးပြည့်စုံတဲ့ ပဋိဝေဓ (ကတဉာဏ်)ကို ဆိုက်ေ၇ာက်နိုင်ကြမှာပါ။

ဒုက္ခသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)က ပရိညေယျ- ပိုင်းခြား သိရမယ့် တာဝန်ပဲ ရှိပါတယ်။ ပါးစပ်ဖျားမှာ နှုတ်ကျိုးနေတာက "ဒုက္ခ ချုပ်ငြိမ်းရေး"ဆိုတော့ ဒုက္ခချုပ်ငြိမ်းသွားအောင် ဒုက္ခကို ပယ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ ဒုက္ခ ဆိုတာ သူ့ အကြောင်း အပြည့်အစုံ သိဖို့ပဲ လိုအပ်တယ် ဆိုတာကို "ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်းမှာ ပြခဲ့ပြီးပါပြီ။ သူ့အကြောင်း သိပြီးရင် ကိုယ်က ခွာစရာ မလိုဘဲ သူ့အလိုလို ချုပ်ငြိမ်းသွားတာပါ။

ဟုတ်ပါတယ်။ အိုတယ်၊ နာတယ်၊ သေတယ် ဆိုတာ သက်၇ှိ သင်္ခါရတို့ရဲ့ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန်မှုကို လူတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များပါ။ သက်မဲ့ သင်္ခါရ တို့ကိုကျတော့ အိုမင်း ဆွေးမြည့် ပျက်စီးတယ်လို့ ပြောနိုင်ပါတယ်။ အမှန်ကတော့ ဖြစ် ပျက် ဖောက်ပြန် သဘောချည်းပါပဲ။ အဲဒီ အို နာ သေမှု စတဲ့ င်္သါရတို့ရဲ့ ဖြစ် ပျက် ဖောက်ပြန်မှု တွေ ကိုပဲ မကျေနပ်စရာ (အပ္ပိယ) လို့ စွဲလမ်းနေတဲ့အတွက် "မှန် ဆုံ" (အပ္ပိယေ ဟိ သမ္ပယောဂ) ဒုက္ခနဲ့ ကြုံရတယ်။ ကျေနပ်စရာ (ပိယ)လို့ စွဲလမ်းပြန်တော့ ချစ်ကွဲ(ပိယော ဟိ ၀ိပ္ပယောဂ) ဒုက္ခနဲ့ ကြုံရမယ်။ ကိုယ့်အလိုကျ မရနိုင်တဲ့ အရာကို လိုချင်စွဲ လမ်းနေသမျှ လိုတာမရ (ယံ ပိစ္ဆံ န လဘတိ) ဒုက္ခနဲ့ ကြုံတွေ့ရမယ်။ အဲဒီ အစွဲအလမ်းတွေ ချုပ်သွားရင် အဲဒီ ဒုက္ခတွေဟာလည်း "အရင်း လဲရင် အဖျား ထင်းဖြစ်" ဆိုသလို ချုပ်သွား မှာပဲမို့လား။

"ငပြူး"မှန်းသိရင် မကြောက်ရတဲ့အပြင် ငေါက်ချလို့တောင် ရပါယတ်။ အနိစ္စ=မမြဲဘူး၊ ဒုက္ခ=သည်းခံကျေနပ်စရာ မရှိဘူး၊ အနတ္တ= အလို မဖြစ်ဘူး ဆိုတာတွေဟာ သင်္ခါရတရား တွေကို ငေါက်ငမ်းနေတဲ့ သဘောမျိုးပါပဲ။ အကြောင်းစုံ သိပြီး သူမျာသာ ဒီလို ငေါက်နိုင်တာ ပါ။ "ငပြူး"မှန်း မသိဘဲနဲ့တော့သွား မငေါက်လိုက်လေနဲ့၊ "မြို့ပိုင်မင်းကွ"ဆိုပြီး ထ ဟောက်လို့ ပြေးပေါက် မှားနေမယ်။

ဒုက္ခချုပ်ဖို့အတွက် တကယ်ပယ်ရမှာက သမုဒယ လို့ခေါ်တဲ့ တဏှာပါ။ ဒါကြောင့် သမုဒယသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)ကိုတော့"ပဟာတဗ္ဗံ= ပယ်ရမယ်"လို့ ညွှန်ကြားပါတယ်။
တဏှာ သမုဒယကို ဘုရားရှင် ကြုံးဝါး ပယ် သတ်တော်မူပုံကတော့-
"ဟယ် ကာမ.. သင်ရဲ့ အရင်းမူလကို ငါ တွေ့မြင်ပြီ၊ အာရုံတွေ အပေါ်မှာ ဟိုဟို ဒီဒီ ကြံစည် စိတ်ကူးခြင်း (ကာမသင်္ကပ္ပ)ကြောင့် သင်ကာမ ဖြစ်ပေါ်ခွင့် ရနေတာ။ အဲဒီ အကြံတွေကို ငါ မကြံစည်တော့ဘူး၊ ဒါကြောင့် ငါ့ သန္တာန်မှာ သင်ကာမ ဖြစ်ခွင့် မရှိတော့ဘူး"တဲ့။

ကာမတဏှာ ဆိုတာ တရားကိုယ် သဘောအရ လောဘ စေတသိတ်ပါ၊ စေတသိက်ဆိုတာ သူ့ချည်းဖြစ်ပေါ် နေနိုင်စွမ်းမရှိပါဘူး၊ စိတ်ကို မှီပြီးမှ ဖြစ်နိုင်တာပါ။ ကြံစည်မှု(သင်္ကပ္ပ)ဆိုတာ လည်း အတူတူပါပဲ၊ သူတို့ရဲ့ ဆရာကြီးဖြစ်တဲ့ အ၀ိဇ္ဇာဆိုတာလည်း မောဟ စေတသိတ်ပါပဲ၊ အားလုံးဟာ စိတ်ကို မှီခိုကပ်ရပ်ပြီး ဖြစ်နေရတဲ့ တရားချည်းပါပဲ၊ ကိုယ်ပိုင် သီးခြား ဖြစ်တည် နေနိုင်တဲ့ တရားတွေ မဟုတ်ကြပါဘူး။
ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်ကြီးက "စဉ်းစားကြည့်လိုက်ရင် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်းမရှိဘဲ စိတ်ကို မှီခိုကပ်ရပ်နေရတဲ့ အိုးခြေမဲ့ အိမ်ခြေမဲ့၊ ခြေသလုံးအိမ်ပါ၊ ရေမျောကမ်းတင်လိုဖြစ်တဲ့ ဒီတဏှာက ခြယ်လှယ်သမျှကို ခံပြီး အိုးနဲ့ အိမ်နဲ့၊ အခြေအနေနဲ့ နေနိုင်ကြတဲ့ တို့တစ်တွေ သံသရာမှာ ချာလပတ် ယမ်းနေကြရတယ် ဆိုတာ တကယ်တမ်း သိလာရင် ရှက်စရာတောင် ကောင်းတယ်။ ဒါပေမဲ့ ခုတော့ ဘယ်သူမှ ရှက်ရကောင်းမှန်း မသိကြသေးတာက ခက်တယ်" လို့ မိန့်ကြား ဖူးပါတယ်။

တဏှာကာမကို ပယ်ဖို့အတွက် သူတွယ်တာနေတဲ့ အာရုံတို့ရဲ့ သဘောအမှန်ကို သိလာအောင် သတိက ရှေ့ဆောင်ပြီး မပြတ်ကြည့်ပေးနေရတာပါ။ သတိနဲ့ မပြတ်စောင့်ကြည့်တာကိုပဲ အသိ တရား တိုးပွားအောင် အားထုတ်တာဖြစ်လို့" တရားအားထုတ်တယ်"လို့ ဆိုကြပါတယ်။ ထိုင်တာ၊ ရပ်တာ၊ လျောင်းတက စပြီးတော့ ဘယ်အလုပ်မျိုးမဆို အသိပွားအောင် သတိထား နေတာ မှန်သမျှ တရားအားထုတ်နေတာချည်းပါပဲ။
သဘောပေါက်ထား စေချင်တာကတော့ အသိတရား တိုးပွားဖို့ ဆိုတာ သူများ အသိကို ငှားပြီး ပွားလို့မရပါဘူး။ ကိုယ်ပိုင် အသိဖြစ်မှ ပွားလို့ ရပါတယ်။ ဒါကြောင့် စပြီး တရားအား ထုတ်ကတည်းက "အနိစ္စ အနိစ္စ "နဲ့ လုပ်နေတာဟာ ကိုယ်တိုင် သိတဲ့ "အနိစ္စ" မဟုတ်ဘဲ သူများ ပြောသံကြား အငှား အနိစ္စချည်း ဖြစ်တဲ့အတွက် ပွားလို့ မရပါဘူး။
ဘုရားရှင်ကတော့ စပြီး သတိထားချိန်မှာ "ဘူတံ ဘူတော ပဿတိ= ကိုယ့်အသိမှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ပါ" လို့ ညွန်ကြားပါတယ်။ ဒီအချိန်မှာ"ရှုမှတ်တယ်" ဆိုတာ ပညာမဟုတ်သေးပါဘူး၊ "သညာ"လို့ ခေါ်ပါတယ်၊ အမှတ်သညာ များပြီး ခိုင်မြဲ လာရင် သတိထင်ရှားလာပါတယ်။ ဒါကြောင့် "သတိ ထိရ သညာပဒဋ္ဌာနာ= သတိဖြစ်ရေးမျာ ခိုင်မြဲတဲ့ သညာဟာ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်တယ်"လို့ ဟောတော်မူတာပါ။ သတိမြဲလာမှ အသိက ပွားလာတာပါ။

နောက်တစ်ခုက "အရှုခံ နဲ့ ရှုဉာဏ်" ဆိုတဲ့ စကားပါ၊ သမာဓိသိက္ခာ စတင်ထူထောင် တဲ့ တရားအားထုတ်စမှာ အရှုခံဆိုတာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ အာရုံတစ်မျိုးမျိုးပါ။ အဲဒီအာရုံကို ရှုမှတ်နေတာကလည်း "ဉာဏ်"မဟုတ်သေးပါဘူး၊ "သတိ"သာ ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ဟောတော် မူတာကို သေသေ ချာချာ လေ့လာ ကြည့် ရင် သဘောပေါက်ပါလိမ့်မယ်။
သတိထားတဲ့အကျင့် အားကောင်းလာလို့ သတိထားတဲ့အဆင့် ရောက်လာတော့မှ မမြဲဘူးဆိုတဲ့ အနိစ္စသဘော၊ အလိုကျမဖြစ်ဘူး ဆိုတဲ့ အနတ္တသေဘာတို့ကို ကိုယ်တိုင် သိလာတာပါ။ အဲဒီအဆင့် ရောက်တဲ့အခါ အရှုခံ က သင်္ခါရ (ဒုက္ခသစ္စာ) ရှုတာက " ဉာဏ်"ဖြစ်လာပါပြီ။
သတိနဲ့ ရှုမှတ်စရာ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆို တဲ့ သီးသန့် ၀ိသေသ သဘောတို့ကို ရှုမှတ်ရတာ ဖြစ်လို့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့ ၀ိသေသ လက္ခဏာ များကိုပဲ သိနေပါတယ်။ "ဖြစ် ပျက်" သို့မဟုတ် "အနိစ္စ ဒုက္ခ အနတ္တ" လို့ မသိသေးပါဘူး။ ဘူတံ ဘူတတော ပဿတိ= မိမိ စိတ်အစဉ်မှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ရမယ်" ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ သဘောများကို ထင်လာတဲ့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့သဘောများကို ထင်လာတဲ့အတိုင်းသာ ရှုမှတ်ရမှာ ပါ။
ငါ့ကိုတွန်းတယ်၊ တိုးတယ်၊ ငါပူတယ်၊ ငါအေးတယ် ဆိုပြီး "ငါ"ဆိုတဲ့ အစွဲလည်း မပါဘူး၊ ပစ္စပ္ပန်ကျကျ ထင်လာတဲ့ အတိုင်းပဲ ရှုရမှာပါ။ မိမိစိတ်အစဉ်မှာ ထင်မြင်မလာသေးတဲ့ ဖြစ်ပျက် တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့၊ ရုပ်တို့ နာမ်တို့ စတဲ့ သူတစ်ပါး ပြောသံကြားတွေ ကိုလည်း အငှားနဲ့ ရှုမှတ်လို့ မရပါဘူး။ "ပစ္စုပ္ပန်ကျကျ" ဆိုတာ မိမိစိတ်အစဉ်မှာ ထင်လာခိုက်မှာ ထင်လာတဲ့ အတိုင်း သာ ရှုမှတ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးတရားဦး ဒေသနာရယ်၊ ၀ိပဿနာလုပ်ငန်း အကျယ်ပြရာ ဖြစ်တဲ့ မဟာသတိပဋ္ဌာနသတ်ုရယ်၊ ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံး မှာတမ်း စကား တော် နှစ်ခွန်းရယ်တို့ကို ခြုံငုံပြီး နည်းနည်း ပြောချင်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမှာတမ်း စကားတော် ပထမ တစ်ခွန်းက "၀ယဓမ္မာ သင်္ခါရာ = သင်္ခါရ တရားတွေဟာ ပျက်ခြင်းသဘော ရှိကြတယ်" တဲ့။ ဒါဟာ ၀ိပဿနာနယ် ပယ် အနေနဲ့ ပြောရမယ်ဆိုရင် "အရှုခံ" တရားများကို ညွန်ပြလိုက်တာပါ။
ဒါဖြင့် အဲဒီ သင်္ခါရတရားတွေ အပေါ် ဘယ်လို သဘောထားကြရမှာလဲ ဆိုတော့- "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"တဲ့။ သတိနဲ့ မပြတ်ကြည့်ရှု သုံးသပ်ကြလို့ တိုက်တွန်းမှာကြားတာပါ။

ဒီစကားနှစ်ခွန်းဟာ အရှုခံ တရားနဲ့ ရှုမှတ်ရမယ့် တရားတို့ကို အကျဉ်းချုပ် ဖော် ညွန်း ဆုံးမတော်မူလိုက်ခြင်း ဖြစ်ပါတယ်။
ဒီမှာတမ်းစကားတော်နဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာက "ကိစ္စအားလုံးတို့ကို သတိနဲ့ မကင်းစေဘဲ ပြည့်စုံစေရမယ်"လို့ ဖွင့်ပြပါတယ်။ အဲဒီစကားကိုပဲ ဋီကာဆရာကတော့ "အပ္ပမာဒ ဆိုတဲ့ သတိတရားက အနက်အဓိပ္ပာယ် အားဖြင့် (၄၅)၀ါပတ်လုံး ဟောကြား တော်မူခဲ့တဲ့ ဘုရားရှင်စကားတော်အားလုံးကို သိမ်းယူနိုင်တဲ့တွက် ဒီစကားကို မိန့်မှာခဲ့ခြင်း ဖြစ်တယ်" လို့ ကောက်ချက်ချပြီးတော့မှ "သတိ´ဆိုတာ ဒီနေရာမှာ´ဉာဏ်နှင့်ယှဉ်တဲ့ သတိ´လို့ အနက်အားဖြင့် မှတ်ယူရမယ်၊ သတိက ဦးဆောင်မှုအရ လွန်ကဲတဲ့ အတွက် ကြောင့် ´သတိမကင်းစေဘဲ´လို့ ဆိုရတာ ဖြစ်တယ်"လို့ ရှင်းလင်း ဖွင့်ဆိုပြပါတယ်။
ပဓာနနည်းအားဖြင့်"သတိ"လို့ ဆိုပေမယ့် မကင်းကောင်းတဲ့ သဘောအရ သဒ္ဓါ´၀ီရိယ´ သမာဓိ´ ပညာ´တို့လည်း အကူအနေနဲ့ ပါရမယ်လို့ ဆိုလိုပါတယ်။
ဒါကြောင့်လည်း ရှေးဆရာတော်များက "အပ္ပမာဒေနကို မမေ့ မလျော့ မပေါ့ မဆတဲ့ သတိတရားနှင့်"လို့ မြန်မာပြန်ကြတာပါ။ " မမေ့" ဆိုတာ သတိတရားကို ပြောတာ၊ "မလျော့" ဆိုတာ ၀ီရိယတရားကို ဆိုလိုတာပါ၊ "မပေါ့"ဆိုတာ သမာဓိတရားကို ပြောတာပါ။ ဟုတ်ပါတယ်၊ စိတ်ကထားရမယ့် အာရုံအပေါ်မှာ မထားဘဲ ဟိုဟိုဒီဒီ ရောက်နေတာကို ပေါ့ဆယ်၊ ပေါ့လျော့တယ်လို့ ဆိုရတာ ဖြစ်လို့ "မပေါ့နဲ့" ဆိုတာ စိတ်က ဟိုအာရုံ ဒီအာရုံတွေ ဆီ ရောက်မနေဘဲ မိမိရှုမှတ်ရမယ့် အာရုံတစ်ခုတည်း အပေါ်မှာ ကျရောက်တဲ့ ဧကဂ္ဂတာ (သမာဓိ)နဲ့ လည်း ပြည့်စုံရမယ်လို့ ဆိုလိုတာပါပဲ။ "မဆ"ဆိုတာကတော့ လောကမှာ ယုံကြည် မှုအရ ဖြစ်စေ၊ သိမြင်မှုအရ ဖြစ်စေ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာကို "ချိန်ဆနေတယ်"လို့ ပြောကြပါတယ်၊ "မဆနဲ့"ဆိုတာက အဲဒီလို မဆုံးမဖြတ် ချိန်ဆမနေဘဲ ခိုင်မာတဲ့ ယုံကြည်မှု ပီပြင်တဲ့ သိမြင်မှုနဲ့ ပြည်စုံရမယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် "မဆနဲ့"ဆိုတဲ့ စကားက သဒ္ဓါတရား´ ပညာတရားတို့နဲ့တော့ "သဒ္ဓါ, ၀ီရိယ,သမာဓိ,ပညာ အခြံအရံပါတဲ့ သတိတရားနဲ့ ပြည့်စုံအောင်ထားပြိး ရှုမှတ်နေကြ"လို့ တိုက်တွန်းလိုရင်းပဲ ဖြစ်ပါတယ်။
ဒါဖြင့် ဒီမှာတမ်းတော်အရဆိုရင် သင်္ခါရအားလုံး ကိုပဲ ရှုမှတ်ရမှာလား ဆိုတော့ "ဘူတံ ဘူတတော ပဿတိ" ဆိုတဲ့ စကားအတိုင်း မိမိ စိတ်အာရုံထဲမှာ ထင်လာတဲ့ သင်္ခါရကိုသာ ရှုရမှာပါ။ ပစ္စပ္ပန်လည်းကျ ၊ မိမိ အဇ္ဈတ္တမှာလည်း ထင်မြင်မှသာ ရှုလို့ ရမှာပါ။
ဒါကို သဘောပေါက်ဖို့ အတွက် တရားကို ဘာဖြစ်လို့ ရှုမှတ်ပွားများရသလဲ ဆိုတာက စပြီး စိစစ်သင့်ပါတယ်။

တရားဦးမှာ ဟောတော်မူတာကို ခြုံငုံကြည့်မယ်ဆိုရင် ၀ိပဿနာ ရှုမှတ်ပွားများ ရတာဟာ ဒုက္ခသစ္စာဖြစ်တဲ့ သင်္ခါရ တရားတွေကို "ဒုက္ခသစ္စာပဲလို့"ကိုယ်တိုင် သိမြင် ဆုံးဖြတ်နိုင်အောင် ရှုမှတ်ရတာပါ။ သစ္စာအနေနဲ့ ပြောရရင် သင်္ခါရဆိုတာ ဒုက္ခသစ္စာ နောက်ဆုံးပိုဒ်မျာ " သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ဆိုတဲ့ စကားကို အထူးအလေးအနက် ထားရပါလိမ့်မယ်။

"ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်" ဆိုတဲ့ စကားကို ထောက်ဆ ကြည့်ရင် "ဥပါဒါန် စွဲလမ်းခြင်း မရှိတဲ့ ခန္ဓာငါးပါးစာ ဒုက္ခကင်းလွတ်နေတယ်" ဆိုတဲ့ အဓိပ္ပယ်ရပါတယ်။

ဒီစကားရပ်ဟာ " ဥပါဒါန်စွဲကပ်ခြင်း မရှိတဲ့ ခန္ဓာငါးပါးကို ၀ိပဿနာ ရှုလို့ မရဘူး။ ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးကိုသာ ၀ိပဿနာ ရှုရမယ်" လို့ ၇ှုကွက်ကို အတိအကျညွန်ပြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဝိပဿနာ ရှုရတာ အစွဲ ဥပါဒါန် ကင်းလွတ်ဖို့ ဖြစ်တယ်။ အစွဲ ဥပါဒါန်ဟာဘယ်ကနေ ကင်းလွတ်ရမှာလဲ ဆိုရင် ကိုယ် စွဲနေတဲ့ အာရုံ(ခန္ဓာ) က လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စွဲနေတဲ့ အာရုံ(ခန္ဓာ) ကိုသာ ၇ှုရမယ်။ မစွဲတဲ့ အာရုံ(ခန္ဓာ) ကိုတော့ စွဲမှ မစွဲဘဲ ဘာဖြစ်လို့ ရှုနေရမှာလဲ။ အဲဒီလို ရှင်းရှင်းလေး သဘောပေါက်ရမှာပါ။
ဒါကြောင့်မိမိစိတ်အစဉ်မှာ ပါမြင်တယ်၊ ငါကြားတယ်၊ ငါ့ကို တိုးတယ်၊ တွန်းတယ်၊ ငါ ထွက် ရှုထုတ်တယ်၊ ငါ ၀င်လေ ရှိုက်သွင်းတယ်၊ ငါပူတယ်၊ ငါအေးတယ်၊ ငါထုံတယ် စသည် စွဲထင်နေတဲ့ အာရုံကို ထင်လာတဲ့ အတိုင်း ရှုမှတ်ပွားများရမယ်။ ဘယ်အတွက် ရှုမှတ်ရမှာ လဲ ဆိုရင် အဲဒီ ငါ၊ ငါဥစ္စာလို့ ထင်မှတ်စွဲလမ်းနေမှုမှ ကင်းလွတ်သွားအောင် လို့ ၇ှုရမှာပါ။
ဘာနဲ့ ရှုမှတ်ရမှာလဲ ဆိုရင်တော့ သတိပဋ္ဌာန် အရာဖြစ်လို့ သတိက ဦးဆောင်ပြိး သဒ္ဓါ, ၀ီရိယ, သမာဓိ, ပညာတို့ရဲ့ အကူအညီနဲ့ ရှုရမှာ ဖြစ်ပါတယ်။
ဒီလို ရှုမှတ် ပွားများလို့ မိမိရှုမှတ်တဲ့ အာရုံပေါ်မှာ စိတ်တည်ကြည်မှု အား ကောင်းလာပြီ (စိတ္တ၀ိသုဒ္ဓိ ဖြစ်လာပြီ)ဆိုရင် ငါ, ငါ့ဥစ္စာလို့ ထင်နေတဲ့ အရာတွေက အသိခံ(သိစရာအာရုံ) တွေဖြစ်ပြီး ၊ အဆင်း အသံ စသည်တို့၊ ပူမှု၊ အေးမှု၊ တွန်းမှု၊ တိုးမှုတို့ ထွက်လေ ၀င်လေတို့ ဆိုရင် ဒီအာရုံတွေဟာ ရုပ်တွေဖြစ်တယ်။ အဲဒါကို သိသိနေတဲ့ သဘောက နာမ်တရားဖြစ် တယ်လို့ သဘောပေါက် လာမှာပါ။
အဲဒီ အခြေအနေ ရောက်လာပြီ ဆိုရင် သတိ ဦးဆောင်မှုနဲ့ နေရာကို ပညာက လွှဲ ပြောင်းယူပြီး ဦးဆောင်စ ပြုလာပါပြီ။ ဆက်ပြီး ရှုမှတ်ပွားများမယ်ဆိုရင် အရှုခံဖြစ်တဲ့ ရုပ်အာ ရုံ တွေ ဟာလည်း ခဏမစဲ ပြောင်းလဲ ဖောက်ပြန်နေတဲ့ အနိစ္စသဘော၊ အပျက်ဘေး မကင်းတဲ့ ဒုက္ခသဘော၊ ကိုယ့် အလိုကျ မဟုတ်ဘဲ သူ့သဘော သူဆောင်ပြီး ဖြစ်နေတယ်ဆိုတဲ့ အနတ္တ သဘော ရှိတယ်လိုံ သိလာရင် ၊ ရှုမှတ်သိမြင်နေတဲ့ သဘောကလည်း အာရုံက ဖော်ပြပေးတဲ့ အတိုင်းသာ လိုက်ပြိး သိနေတာဖြစ်လို့ အာရုံနည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ရှိတယ် လို့ပဲ သိမြင် လာမှာ ဖစ်ြပါတယ်။ ဒီလို အမြင် စင်ကြယ်လာတာကို ဒိဋ္ဌိဝိသုဒ္ဓိလို့ သတ်မှတ် ပါတယ်။
အရှုခံက မိမိ စွဲလမ်းရာ သင်္ခါရ ဒုက္ခသစ္စာတရား ဦးဆောင် ရှုမှတ်နေတာက သတိတရား။
သတိ ထိရသညာပဒဋ္ဌာနာ- ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ စွဲထင်မှတ်သားထားတဲ့ အမည်သညာ အတိုင်း မြင်တယ်၊ ကြားတယ်၊ ပူတယ်၊ အေးတယ် စတဲ့ အမည်သညာနဲ့ စပြီး ရှုမှတ်ရ ပါ တယ်။ အမှတ်သညာ ခိုင်မြဲမှ သတိ ခိုင်မြဲပါတယ်။
သတိ ခိုင်မြဲလာမှ အာရုံကို စူးစိုက်တဲ့ သမာဓိ အားကောင်းလာပြီး ထိုးထွင်းသိမြင်တဲ့ ပညာ ဖြစ်ပေါ်လာပါတယ်။
ပညာတရားက ရုပ်ပဲ၊ နာမ်ပဲလို့ ခွဲခြား သိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘော လကဏ္ခဏာကို ထိုးထွင်းသိခြင်း ကိစ္စများကို ဆောင်ရွက်ပါတယ်။
သတိ ဦးဆောင်ပြီး ရှုတယ်၊ ပညာ ဦးဆောင်ပြီး သိတယ်လို့ အတိုချုပ် သဘော ပေါက်နိုင်ပါတယ်။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတာဟာ သင်္ခါရတို့ရဲ့ ဘုံလက္ခဏာ ဖြစ်ပါတယ်။ (သာမညလက္ခ ဏာလို့လည်း ခေါ်ပါတယ်) ဘုံလက္ခဏာကို သိမြင် လာချိန်မှာ အရှုခံတို့ ဟာလည်း ကာယ စိတ္တ စတဲ့ ကိုယ်ပိုင် သဘောမျိုး မဟုတ်တော့ပဲ သင်္ခါရ ဆိုတဲ့ ဘုံသဘော ဆောင်လာပါတယ်။ သင်္ခါရ ဆိုတဲ့ ဘုံသဘောဖြစ်လာတဲ့ အခါ " သဗ္ဗေ သင်္ခါရာ ဒုက္ခာ" အရ ဒုက္ခသစ္စာ အရှုခံ တရား ဖြစ်သွားပါပြီ။ ဒါဟာ အထွတ်အထိပ်ရောက်တဲ့ ၀ိပဿနာဉာဏ် ဖြစ်တာပါပဲ။ ဒါကြောင့် မဂ်ရဲ့ရှေ့ ပြေး အနီးကပ် ဖြစ်တဲ့ ၀ိပဿနာဉာဏ် မှာ ဒုက္ခသစ္စာက အရှုခံ ဖြစ်ပြီး၊ ရှုတာက ၀ိပဿနာဉာဏ် လို့ ဆိုရပါတယ်။ အရှုခံက ဒုက္ခသစ္စာ ဖြစ်သွားလို့ အနုပဿနာ အနေနဲ့ ပြောရရင် ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ "မဂ်ဉာဏ်မှန်သမျှ ဓမ္မာနုပဿနာနဲ့ချည်း ရတာ ဖြစ်တယ်" လို့ ညောင်လ၊ွန့်နည်း ကမ္မဋ္ဌာန်းပြ ဖြစ်တဲ့ မော်လမြိုင် ရွှေပရိယတ္တိဆရာတော် မိန့်ကြားတာဟာ ဒိသဘောကို ပြောတာပါပဲ။
ထားပါတော့၊ အမည်အမျိုးတွေ ခွဲခြားတာက ပညာရှင်တွေရဲ့ အလုပ်ပါ။ တကယ် မဇ္ဈိမ လမ်း သွားနေ သူများ အနေနဲ့တော့ သတိထားပြီး မပြတ်ရှု၊ ရှုပါများတော့ မြင့်၊ မြင်ပါများတော့ ရိုးအီပြီး ငြီးငွေ့၊ ငြီးငွေ့တော့ အစွဲကွာ၊ အစွဲကွာတော့ လွတ်မြောက်၊ (ဧ၀ံ ပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ၊ ၀ါရာဂါ ၀ိမုစ္စတိ) ဆိုတာ ဖြစ်အောင် မပြတ် ရှုမှတ် နေဖို့သာ အဓိကပါ။ အစွဲ(တဏှာ) ကွာကျသွားပြီဆိုရင် ဘယ်လို လောကီအာရုံ မျိုးကမှ လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိတော့တွဲ အတွက် လွတ်မြောက်တယ်လို့ ဆိုတာပါ။ အာရုံလွှမ်းမိုးမှု ကင်းသွားရင် ဒုက္ခဆိုတာလည်း ချုပ် ငြိမ်းသွားတာပါပဲ၊ ဒီလို လွတ်လပ်ငြိမ်းအေးမှုကို သူပြောနဲ့ ယုံကြည်တာ မဟုတ်ဘဲ ကိုယ်ကြုံ ကိုယ်သိ ခံစားခွင့် ရရှိတာဟာ မျက်စိရှေ့မှောက် ရောက်နေတဲ့ အရာဝတ္ထုကို တွေမြင်ရသလို ထင်ထင်ရှားရှားကြီး တွေ့ကြုံနေရတာဖြစ်လို့ " မျက်မှောက်ပြုတယ်"လို့လည်း ဆိုကြပါတယ်။
ဒုက္ခခုပ်ငြိမ်းရာ နိရောဓသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ တာဝန်က လုပ်ဆောင်ရတဲ့ တာဝန် မဟတ်ုပါဘူး၊ အလုပ် တာဝန် ကျေပွန်တဲ့ လုပ်ခအကျိုး အဖြစ် မျက်မှောက်ြ့ပုရုံပါပဲ။
သစ္စာလေးခုမှာ တာဝန်လေးမျိုး ပြထားပေမယ့် တကယ်ဆောင်ရွက်ရမှာကတော့ မဇ္ဈိမ အကျင့်ဖြစ်တဲ့ မဂ္ဂင် ရှစ်ပါး(မဂ္ဂသစ္စာ)ကို ပွားများခြင်း တစ်ခုတည်းသာ ဖြစ်ပါတယ်။ မဂ္ဂသစ္စာကို ပွားများတဲ့ တာဝန် ကျေပွန်ပြည့်စုံတာနဲ့ တစ်ပြိုင်နက် ဒုက္ခသစ္စာကို ပိုင်းခြား သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း တာဝန်(ကိစ္စ) များ လည်း တစ်ပြိုင်နက် ပြီးပါတယ်။ သိ,ပယ်,ဆိုက်,ပွား ,လေးပါး ကိစ္စ တစ်ပြိုင် နက် ပြီးစေ နိုင်စွမ်း ရှိလို့ မဂ်ဉာဏ်ကို တစ်ချက်ခုတ် လေးချက်ပြတ်တဲ့ ဓားသန်လျက်နဲ့ ဥပမာ ပေးကြ ပါတယ်။
ဒီနေရာမှာ အဘိဓမ္မာသဘောနဲ့ သုတ္တန်သဘောတို့ နှီးနှောပြီး သိထိုက်တာလေးလည်း ရှိနေပါတယ်။ အဘိဓမ္မာ သဘောအရ "သိတယ်"ဆိုတာ မိမိအာရုံပြုတဲ့ အရာ ကိုသာ သိတာ ပါ၊ မဂ်ဉာဏ် ဆိုတာ နိဗ္ဗာန်ကိုသာ အာရုံပြုတဲ့အတွက် "နိဗ္ဗာန်"ကိုသာ သိသင့်တယ်၊ ဘာဖြစ်လို့ ဒုက္ခသစ္စာကို သိနိုင်သလဲ ဆိုတာပါပဲ။ မတွေမဝေ (ပိုင်ပိုင်နိုင်နိုင်) ထိုးထွင်း သိခြင်း ကိစ္စ ပြီးပြည့်စုံတဲ့အတွက် သင်္ခတဓမ္မ အားလုံးကို ထိုးထွင်း သိမြင်တယ်လို့ ဆိုတာပါ၊ "ကိစ္စ" အားဖြင့် ပိုင်းခြား သိတယ်လို့ ဆိုလိုပါတယ်။ (သီ၊ဋ္ဌ၊ ၂၄၈)
ဒီလို သိသွားတဲ့အတွက် အရင်က ကြားတောင် မကြားဘူးတဲ့ သစ္စာလေးပါး တရားတို့နဲ့ ပတ်သက်လို့ မျက်စိလည်မှုကင်းပြီး အမြင်ရှင်းပြီ( စက္ခုံ ဥဒပါဒိ) အမြင် ရှင်းတဲ့အတွက် အသိ လည်း မှန်ပြီ ( ဉာဏံ ဥဒပါဒိ)၊ ခွဲခြမ်းစိတ်ဖြာ သိစရာများကိုလည်း ပိုင်းပိုင်းခြားခြား သိမြင်ပြီ ( ပညာ ဥဒပါဒိ) အ၀ိဇ္ဇာမှောင်ခွင်းပြီး ထိုးထွင်း သိမြင်တဲ့ ၀ိဇ္ဇညဉာဏ် နဲ့ ပြည့်ုံပြီ။ ( (၀ိဇ္ဇာ ဥဒပါဒိ) အ၀ိဇ္ဇာအမှောင်ကင်းသွားတဲ့အတါက် ဉာဏ်အရောင် လင်းထိန်ခဲ့ပြီ၊ ( အာ လော ကော ဥဒပါဒိ) ဆိုတဲ့ ဂုဏ်ပုဒ်များဟာ မဇ္ဈိမ ခရိးဆုံးမှာ ရှိတဲ့ ပန်းတိုင်ရဲ့ သင်္ကေတ များပဲ ဖြစ်ပါတယ်။
သစ္စာတစ်ပါး တစ်ပါးမှာ သစ္စ၊ ကိစ္စ၊ ကတ ဆိုပြီး သုံးထပ် သုံးကျော့စီ ရှိတဲ့အတွက် သစ္စာ လေးပါးပေါင်းမှာ အထပ်အကျော့ (၁၂)ပါး ပြားပါတယ်။ " တိပရိဝဋ္ဋံ- သုံးပါးထပ်မံ သုံးကျော့ ပြန်ရှိသော "လို့ ပခုက္ကူ ဆရာတော် ပြန်ဆိုပါတယ်။ " ပထမ သစ္စဉာဏ် နဲ့ နာယူ ပြီး သိတယ်။ နောက် ကတဉာဏ်နဲ့ ကိုယ်တိုင် ကျင့်သုံးပြီး နာယူ သိကို တိုးပွားစေတယ်၊ နောက်ဆုံး ကတဉာဏ်နဲ့ ဆုံးဖြတ် သိပြီးတဲ့ အခါမှာတော့ ကိုယ်တိုင်သိ အဖြစ် တိုးတက် ပြောင်းလဲ ပြည့်စုံသွားပါတယ်။ အဲဒီလို အသိတွေ အထပ်ထပ် အကျော့ကျော့ ဖြစ်အောင် လုပ်ရတာကိုပဲ "ဘာဝနာ=ပွားများတယ်"လို့ ဆိုရတာ ဖြစ်ပါတယ်။
သုံးကျော့ သုံးလီ (၁၂)ပါးလုံး စင်ကြည်ပြည့်စုံ အောင် သိပြီးတဲ့အတွက် လောကသုံးပါး မှာ သဗ္ဗညူဘုရား အဖြစ် ၀န်ခံနိုင်ခြဲုံပီး ငါရဲ့ အရဟတ္တဖိုလ်ခေါ် ၀ိမုတ္တဉာဏ်ဟာလည်း ဆန့်ကျင် ဘက် တရားတို့ကြောင့် မလှုပ်မယိုင် မြဲခိုင်ခဲ့ပြီး၊ အခုဘ၀ ဖြစ်ရတဲ့ ဇာတိဟာလည်း နောက်ဆုံး လာဘိ နှစ်ခါမရှိတဲ့ ဇာတိပင် ဖြစ်တော့တယ် ဆိုတာ ကိုလည်း ဆင်ခြင် သိမြင်ပြီလို့ မိန့်ကြား ရင်း တရားကို နိဂုံးချုပ်တဲ့အခါမှာတော့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က နှစ်ခြိုက် အားရ၀မ်း မြောက် ၀မ်း သာ လက်ခံ သွားကြ ပါတော့တယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

No comments:

Post a Comment