ပြဌာန်းခံဝါဒ( Determinism) ဆိုတဲ့ အယူအဆတရပ် ရှိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အကြောင်းတရားရဲ့ စီရင်ပြဌာန်းမှုကို ခံနေရသူများ ဖြစ်တယ်လို့ သည်အယူအဆက ခံယူထားပါတယ်။
ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက် မိသားစုက ဖန်တီးလိုက်တာ ဖြစ်တယ်၊ ရာဇ၀တ်သားဆိုတာ ပတ်ဝန်းကျင်မကောင်းလို့ ပေါ်ပေါက် လာရတာ ဖြစ်တယ်၊ စသည်ဖြင့် ဖြစ်ပေါ်လာတဲ့အရာ မှန်သမျှအတွက် ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတဲ့ ၀ါဒ ဖြစ်ပါတယ်။
သည်အယူအဆကို မျက်စိပိတ်လက်ခံလိုက်ရင် နောက်ဆုံးတော့ လူဟာ လည်စင်းခံရတဲ့ ယာဇ်ကောင်လို ဘ၀မျိုးကို ရောက်ရတော့တာပါပဲ။ ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ်စနစ်တို့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒပဲ ဖြစ်ပါတယ်။
ပြဌာန်းခံဝါဒရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ အတွက် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲ ပစ်ရပါမယ်။ လူဟာ ပတ်ဝန်းကျင်ပြုသမျှ နုရမယ့်သူမျိုး မဟုတ်၊ ကိုယ့်ဘ၀ကို ကိုယ်လိုသလို ပြုပြင်ဖန်တီးနိုင်သူသာ ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးနိုင်တဲ့သူ ဖြစ်တယ်၊ စသဖြင့် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ လိုပါတယ်။
သည်အမြင်က ဗုဒ္ဓဘာသာဝင်တွေ ကိုင်စွဲရမယ့် အမြင်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးပန်းတိုင်ဟာ လွတ်မြောက်မှု ဖြစ်ပါတယ်။ လွတ်မြောက်တဲ့ လူသား တယောက် အဖြစ် ရှင်သန်နိုင်ရေး ဖြစ်ပါတယ်။ လွတ်မြောက်မှုဆိုတာက ကိုယ်ကိုယ်ကိုယ် ပိုင်စိုးခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်း၊ အမှီအခို ကင်းရှင်းခြင်း၊ အစွဲအလန်းအနှောင်အဖွဲ့မှ ကင်းလွတ်ခြင်း၊ လွတ်မြောက်ခြင်း စတဲ့ ဂုဏ်ရည်တွေဟာ ဖြစ်တည်မှုတခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။ သည်ဂုဏ်ရည်အနှစ်သာရများဟာ ပြဌာန်းခံဝါဒကို ဆန့်ကျင်တဲ့ အမြင်မှာ မြစ်ဖျားခံပါတယ်။
ပြဌာန်းခံဝါဒရဲ့အောက်မှာ နှစ်ပေါင်းများစွာ ရပ်တည်နေရတဲ့ လူသားမျိုးနွယ်တွေ အနေနဲ့  ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်းဆိုတာ ဘယ်လိုမှ စိတ်ကူးလို့ မရတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းတဲ့အခါတုန်းက တချို့ ကျေးကျွန်တွေဟာ ၀မ်းပမ်းတနည်း ကြေကွဲခဲ့ကြတယ်လို့  ဆိုပါတယ်။ သူတို့ ဟာ အရှင်သခင်နဲ့  ကင်းလွတ်ပြီး မနေချင်ကြပါဘူး။ ဒါကြောင့် ကျေးကျွန်အဖြစ်က မလွတ်မြောက်ချင်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတဲ့ ဘ၀ကို မလိုချင်ကြပါဘူး။ လွတ်မြောက်တဲ့ဘ၀မှာ အရှင်သခင် မရှိဘဲ ကိုယ့်တာဝန် ကိုယ်ယူရမယ့် အခြေအနေကို ရင်မဆိုင်လိုကြပါဘူး။
"လွတ်လပ်ခြင်း ဆို တာ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူခြင်းနဲ့  အတူတူ ဖြစ်တယ်။ ဒါကြောင့် လူတွေက လွတ်လပ်မှု ကို ကြောက်ကြတယ်" လို့  စာရေးဆရာကြီး ဘားနတ်ရှောက ပြောဖူးပါတယ်။
ကိုယ့်ကိုယ်ကိုယ်တာဝန်ယူရမှာ ကြောက်တဲ့အတွက် ပြဌာန်းခံဝါဒကို ထွေးပိုက်ရင်း ကျေးကျွန် ဘ၀မှာ နစ်မွန်းနေတတ်တဲ့အကြောင်းကို စိတ်ပညာရှင် အဲရစ်ဖရွမ်း (Eric Fromm) က လွတ်လပ်မှုမှ ထွက်ပြေးခြင်း(Escape from Freedom) " လို့ အမည်ပေးထားတဲ့ စာအုပ်မှာ အကျယ်တ၀န်း ရေးသားတင်ပြထားပါတယ်။
ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ် စနစ်မှ နာဇီဝါဒအထိ လူလူချင်း အနိုင်ကျင့်နှိပ်စက်တာတွေ၊ ညှဉ်းပမ်းသတ်ဖြတ်တာတွေဟာ ပြဌာန်းခံဝါဒ မှာ မြစ်ဖျားခံတယ်လို့  သူက ဆိုပါတယ်။ ပြင်သစ်တွေးခေါ်ရှင် ယွန်းပေါဆတ် ကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူရဲသူတွေကို မရိုးသားသူတွေလို့ ကင်ပွန်းတပ်ပါတယ်။
လူ့ ဘောင်လောကကြီး ရင့်ကျက်လာတာနဲ့ အမျှ လူသားတွေဟာလည်း ကျေးတော်မျိုး ကျွန်တော်မျိုး အဆင့်ကနေ လွတ်လပ်တဲ့လူသားများ အဆင့်ကို တက်လှမ်းလာနေပြီ ဖြစ်ပါတယ်။ လူတဦးချင်းရဲ့ ဘ၀ဖြစ်စဉ်ဟာလည်း အလားတူ ဖြစ်ရပါမယ်။ မွေးဖွားကာစ အရွယ်မှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ရပေမယ့် ကြီးပြင်းလာတာနဲအမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်တဲ့ လွတ်လပ်လူသားများ ဖြစ်လာရပါမယ်။
ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်သူဖြစ်တယ်လို့  ရင့်ကျက်သောစိတ် အကြောင်း ရေးသားတဲ့ ဆရာကြီး အိုဗာစထရိက ဆိုပါတယ်။ လူသားဟာ ဘယ်လို တာဝန်မှ မရှိဘဲ မွေးဖွားခဲ့တာ ဖြစ်ပြီး လူ့ လောကကြီး အတွင်း ၀င်ရောက်လာရဖို့  သူ့ဖာသာသူ ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှ တာဝန်တွေကို တိုးတိုးပြီး ယူလာ ရမှာဖြစ်တယ်လို့  ဆိုပါတယ်။
အရွယ်ရောက်နေပြီဖြစ်တဲ့ လူတယောက်က သူလူဖြစ် လာရတာဟာ သူ့တောင်းဆိုချက်ကြောင့် ဖြစ်လာရတာ မဟုတ်တဲ့အတွက်ကြောင့် သူ့ဘ၀အတွက် ဘာမှ တာဝန်မယူနိုင်ပါဘူးလို့  ဆင်ခြေပေးနေရင်တော့ အဲသည်သူကို မရင့်ကျက် သူလို့  သတ်မှတ်ရမှာ ဖြစ်တဲ့အကြောင်း ဆရာကြီး အိုဗာစထရိက ပြောပါတယ်။ တာဝန် ကွင်းဆက်ကို ခိုင်မာစေဖို့ အတွက် ဖြည့်ဆည်းရမယ့် အချက်သုံးချက် ရှိတယ်လို့ သူက ဆိုပါတယ်။
- ပထမအချက်မှာ မိမိဧ၊၊် လူသားကဏ္ဍကို လက်ခံရန်ဖြစ်သည်။ လူဖြစ်ဖို့  မတောင်းဆိုရပါဘဲလျက် လူဖြစ်လာရပါသည် ဟူသော သိမ်ဖျင်းသည့် ဆင်ခြေမျိုးကို ပေးလျှင် အလားတူ ဆင်ခြေမျိုးကို တခြားသူအားလုံးကလည်း ပေးနိုင်သည် ဆိုသောအချက်ကို သူ မေ့ပြီး ပြောနေခြင်းသာ ဖြစ်သည်။ သူ့ဘ၀အတွက် တာဝန်ကို တခြားသူတွေက ယူရမည်ဆိုလျှင် သူ့ကို မွေးထုတ်ခဲ့သူတို့ကလည်း အလားတူဆင်ခြေမျိုးပေးပြီး တာဝန်ကို ရှောင်လွှဲနိုင်ပါသည်။
စင်စစ် လူ့ လောကအတွက် ကြီးမားသောတာဝန်များကို ထမ်းဆောင်နေကြသူတို့ သည်လည်း လူအဖြစ် ရရောက်ရေးကို တောင်းဆိုခဲ့ကြသူများ မဟုတ်ပါ။ ရင့်ကျက်မှုအတွက် တဖြည်းဖြည်း တိုးမြှင့်လက်ခံရမယ့် အချက်တချက်မှာ လူသားတယောက်ဧ။် အတွေ့အကြုံကို လူသား အားလုံးက မျှဝေခံစားရသည် ဟူသော အချက် ဖြစ်သည်။ တိုးတက်မှုကို ဖြစ်စေ ဆုတ်ယုတ်မှုကို ဖြစ်စေ လူသားအားလုံးက မျှဝေခံစားရသည်ဟူသောအချက်ကို မြင်ရန်လိုသည်။ လူသားတယောက်က လူသားမျိုးနွယ်စုကြီးနှင့် မဆက်စပ်ဘဲ ကိုယ့်ကိုယ်ကိုယ် သီးခြားလို မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်ပေသည်။
- ဒုတိယအချက်မှာ ကိုယ်လုပ်ရမည့်အလုပ်ကို သိရှိရန် ဖြစ်သည်။ ကိုယ်တာဝန်ယူထား ရသည့်အလုပ်ကို မသိသေးသရွေ့ ၊ တာဝန်ယူထားရသည့်အလုပ်ကို စိတ်ပါလက်ပါ မထမ်း ဆောင်သေးသရွေ့ ၊ ယင်းအလုပ်ကို လေးလေးနက်နက် တန်ဖိုးမထားသေးသရွေ့  ထိုသူသည် ရင့်ကျက်မှု မရှိသေးသူသာ ဖြစ်သည်။
ဥပမာ ပြရလျှင် အမျိုးသားတယောက်သည် အိမ်ထောင်ပြုပြီးသည့်နောက်တွင် မိန်းမဖြစ်သူဧ။် အပြုအစု ကိုသာ ခံယူလိုပြီး မိသားစု စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေရခြင်းကို ခိုင်းနွား တကောင်ဧ။် အလုပ် အဖြစ်သာ မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်သည်။
အမျိုးသမီးတယောက် သည်လည်း အိမ်ထောင်ရေးဧ။် အကျိုးကျေးဇူးကို ခံစားနေပါလျက် အိမ်မှုကိစ္စကိုမလုပ်ချင်၊ သားသမီးကို ကျွေးမွေးစောင့်ရှောက်မှု မလုပ်လိုလျှင် မရင့်ကျက်သူသာ ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်ထံမှရသည့် အကျိုးကျေးဇူးနှင့် ဂုဏ်သိက္ခာကို ခံစားလိုသော်လည်း အလုပ်ကို အပင်ပန်းခံပြီး မလုပ်လိုသူသည် မရင့်ကျက်သူသာ ဖြစ်သည်။
- တတိယအချက်မှာ ကိုယ်လုပ်သည့်အလုပ်ကို စနစ်တကျလုပ်တတ်အောင် လေ့ကျင့်ဖို့ ဖြစ်သည်။ ကလေးသည် မည်သည့်အလုပ်ကိုမှ စနစ်တကျ မလုပ်တတ်။ အကြောင်း နှင့် အကျိုး ဆက်စပ်နေပုံကို မတွက်ချက်တတ်သေးသည့်အတွက် ဘာလုပ်လျှင် ဘာဖြစ်မည်ကို မသိ။ ထိုကြောင့် ရည်ရွယ်ချက်တခုဖြင့် စီမံကိန်းချပြီး လုပ်နိုင်စွမ်း မရှိသေး။ " လေပွေရူးနှယ် ကလေးငယ်" ဆိုသော စကားကဲ့သို့ ပင် ကလေးငယ်တယောက်ဧ။် စိတ်သည် ဟိုရောက် သည်ရောက် ဖြစ်နေတတ်သည်။ အချို့ သူများသည်လည်း အသက်ကြီးပါလျက် စနစ်တကျ လုပ်ကိုင်တတ်ခြင်း၊ တွေးခေါ်စဉ်းစားတတ်ခြင်း မရှိဘဲ ကလေးငယ်ကဲ့သို့  ဖြစ်နေတတ်သည်။ ထိုသူများကား မရင့်ကျက်သေးသည့် ကလေးကြီးများ ဖြစ်ပေသည်။
- ကလေးကြီးတချို့ကား အာရုံထွေပြားလှသည်။ သူတို့ စိတ်သည် ဘာကိုမှ စူးစိုက်နိုင်ခြင်း မရှိ။ သစ်ကိုင်းတကိုင်းမှ နောက်တကိုင်းသို့  မပြတ်တမ်းကူးနေသော မျောက် တကောင် ကဲ့သို့  သူတို့ စိတ်က အစဉ်ပြောင်းလဲနေသည်။ စကားပြောလျှင်လည်း ဦးတည်ချက် တခုကို အဓိကထားပြီး မပြောတတ်။ ဟိုရောက်လိုက် သည်ရောက်လိုက် ဦးတည်ချက်တွေ များလွန်းနေရာ နောက်ဆုံးတော့ ဘယ်ကိုမှ မရောက်တော့။ သူတို့ အတွက် ဘ၀သည် ဆုပ်ကိုင် မရနိုင်သော အရာ ဖြစ်နေသည်။ ဘ၀ကို ပိုင်စိုးနိုင်ဖို့  ပျာယာခတ် ကြိုးပမ်းသော်လည်း သမာဓိမရှိသည့် ထိုကလေးကြီးများအတွက် ဘ၀ဟူသည် ဖမ်းမရ နိုင်သော ငါးရှဉ့် တကောင် ဖြစ်နေသည်။
- ကလေးကြီးတချို့ ကတော့ အာရုံမထွေပြားစေကာမူ အလုပ်ကို သေသေသပ်သပ် မလုပ်တတ်ဘဲ ပလုံးပထွေး ဖြစ်နေသည်။ ထို့ ကြောင့် ရည်ရွယ်ချက်ကောင်းပြီး ဇွဲလုံ့လ ရှိသော်လည်း ကြောင်းကျိုးဆင်ခြင်ဥာဏ် ခေါင်းပါးလေရာ လုပ်သမျှကိုင်သမျှသည် အမှားအယွင်း အချွတ်အချော်နှင့်သာ ပြည့်နေတော့သည်။
ကလေးကြီးတချို့ကတော့ ကိုယ့်အမှားကို တာဝန်မယူဘဲ ဆင်ခြေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကင်းလွတ်ခွင့် ပေးနေတတ်သည်။ အချိန်နောက်ကျခြင်းကို ခွင့်လွှတ်ရန်အတွက် သူတို့တွင် နောက်ကျသော နာရီတလုံး အမြဲ ရှိနေသည်။ သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုနှင့် အမြဲ တိုးနေတတ်သည်။ သို့မဟုတ် အိမ်မှထွက်ကာနီးတွင် စကားကြောရှည်သော မိတ်ဆွေ တယောက်နှင့် အမြဲ တွေ့နေတတ်သည်။ သို့မဟုတ်လျှင်လည်း ကိုယ့်ကိုယ်ကိုယ် ထူးခြားသော လူတယောက်ကဲ့သို့ ခံယူနေတတ်သည်။ ပါရမီရှင်ဆိုသည်မှာ အချိန်ကို ဂရုမစိုက်တတ်သူ ဖြစ်သည်ဟူသော အယူအဆမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နေချင်သည်။
အထက်က ဖော်ပြချက်များဟာ ဆရာကြီး အိုဗာစထရိရဲ့ ယူဆချက်များဖြစ်ပါတယ်။ ရင့်ကျက်တဲ့ လူတယောက်ဟာ တာဝန်သိရမယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားတာတွေပါ။ ကလေးငယ်ဘ၀မှာ တာဝန်ဆိုတာကို မသိနားမလည်ပေမယ့် ရင့်ကျက်တဲ့သူ ဆိုတာကတော့ ကိုယ့်တကိုယ်တည်းအတွက် တာဝန်ကိုသာမက လူ့လောကအတွက်ပါ တာဝန်ယူတတ်သူ ဖြစ်ရမယ်လို့  ဆိုထားပါတယ်။
ဒါပေမယ့် တာဝန်ယူတတ်သူအဖြစ်ကို အလိုအလျောက် ရောက်မှာ မဟုတ်ဘူး၊ ရောက်ရှိဖို့အတွက် ကြိုးပမ်းအားထုတ်ရမယ်၊ သည်လို ကြိုးပမ်းအားထုတ်နိုင်ဖို့ အတွက် ကိုယ့်မှာ ရှိတဲ့ အကျင့်စွဲတွေ အသိစွဲတွေကို ဖြတ်ကျော်ဖို့  လိုတဲ့အကြောင်း သည်လို ဆက်ပြောပါတယ်။
တာဝန်မသိမှုမှ တာဝန်သိမှုဆီသို့ လျှောက်လှမ်းရသောဘ၀သည် ဘေးအန္တရာယ်တို့နှင့် ပြည့်နေသည်။ ကလေးငယ်ဘ၀တွင် လုံခြုံရေးပြဿနာကိုလည်းကောင်း၊ အရေးပါ အရာရောက်အောင် လုပ်ရသည့် ပြဿနာကိုလည်းကောင်း ရင်ဆိုင်ရသည်။ သို့သော် မိမိ လိုချင်သည့်အရာကို ရအောင် ကြိုးပမ်းရန်အတွက် စွမ်းရည် စွမ်းအား လုံလုံလောက်လောက် မရှိသေးသဖြင့် တစုံတယောက်ကို အားကိုးမှီခိုနေရသည်။ ယင်းသို့  မှီခို နေရစဉ်အတွင်း "အောင်မြင်စွာ မှီခိုတတ်သော အကျင့်" ကို ခိုင်မာအောင် လုပ်မိလာတတ်သည်။ ထိုသို့ လုပ်မိလျှင် တာဝန်ယူတတ်သည့်စိတ်သည် မဖွံ့ဖြိုးလာတော့။ ယင်းမှာ ပထမ အန္တရာယ်ဖြစ်သည်။
ဒုတိယအန္တရာယ်မှာ သူတပါးကို မှီခိုရင်း သိမ်ငယ်စိတ် ၀င်သွားတတ်သည့်အချက် ဖြစ်သည်။ မှီခိုခြင်းကင်းပြီး လွတ်လပ်သည့်ဘ၀သို့  ဦးတည်သည့် စိတ်ဆန္ဒနေရာတွင် အညံ့ခံ အရှုံးပေးတတ်သည့် ကျွန်စိတ်က အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ခံပြင်းစိတ်ကြောင့် ဘယ်အရာကိုမဆို မှုန်ဆန်ပုန်ကန်တတ်သည့် စိတ် ၀င်လာတတ်သည်။
အရွယ်ရောက်သူတွေရဲ့ တာဝန်မဲ့အပြုအမူများရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့  ဆရာကြီး အိုဗာစထရိက ယူဆပါတယ်။ ကလေးငယ်ဘ၀မှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့  ထိန်းချုပ်ခံခဲ့ရတာမျိုး၊ မှီခိုအားထားတတ်တဲ့ အကျင့်နဲ့ နေထိုင်ရင်း ကယ်တင်ရှင်ကိုပဲ မျှော်လင့်နေတတ်တာမျိုး ၊ သည်လို အကျင့်မှား အသိမှားတွေက မသိစိတ်ထဲမှာ ကိန်းအောင်းသွားတာကြောင့် တာဝန်မယူတတ်တော့တာလို့ သူက ကောက်ချက်ချပါတယ်။
ဘာပဲဖြစ်ဖြစ် လူဟာ အမှီအခိုကင်းတဲ့ ဘ၀ကို ရောက်ဖို့  ကိုယ့်ဖာသာ ကြိုးပမ်းအားထုတ်ရမှာပဲလို့  ဆရာကြီးက ဆိုပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ တာဝန်ယူတတ်တဲ့ စိတ်တွေဟာ အလိုအလျောက် မဖြစ်လာတတ်ဘူး၊ ကိုယ့်ဖာသာ လေ့ကျင့်အားထုတ်ရလိမ့်မယ်၊ လူသားဟာ ရင့်ကျက်သူအဖြစ်ကို ရရောက်ဖို့  တာဝန်ယူခြင်း ကွင်းဆက်ကို ခိုင်မာအောင် လုပ်ရမယ်၊ တာဝန်ယူခြင်းကွင်းဆက် ချို့တဲ့အားနည်းရင် အချောင်သမား အဖြစ်ပဲ ရပ်တည်နေရလိမ့်မယ်လို့  သူက သတိပေးထားပါတယ်။ ။
ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet
မောင်သာမည
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ ၂၀၀၃ စာအုပ် တွင် ပါဝင်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
Tuesday, 06 September 2011 00:58
http://www.maukkha.org/index.php?option=com_content&view=article&id=1786:2011-09-06-01-08-23&catid=86:feature&Itemid=266
No comments:
Post a Comment