Thursday, September 8, 2011

အချိန်ရမှ စိတ်ထဲက ခံစားပြီးဖတ်ပါ သူငယ်ချင်း


နီးကပ်လေ မှုန်ဝါးလေ

ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။ ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။

ကြာတော့ ဒါတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်၊ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို
ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။

"မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?"

သေသေချာချာ စဉ်းစားကြည့်ပါး

အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?

အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?

အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?

မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး

ကျွန်တော်တို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?

နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်တော်တို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့ အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွနတော်တို့ ကြည့်နိုင်စွမ်းရှိခဲ့လား?

အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်တော်တို့ သတိထား ကြည့်ခဲ့မိလား?

ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!

ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။

"မိဘတွေက ကျွန်တော်တို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။ ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်"

လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့
စဉ်းစားခဲ့တယ်။ ဒါပေမယ့် လကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ
ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။
ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို သေသေချာချာ
မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့်
သူပုံမဆွဲနိုင်တာဖြစ်တယ်။

အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊
မှုန်ဝါးနေခဲ့ရတယ်။

မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။

မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။

ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့ ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။

ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို ကျွန်တော် နားလည်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်တစ်ချို့ခွဲပြီး အမေ့အိမ်ကို ကျွန်တော်ပြန်ခဲ့တယ်။ အမေဆံပင်ကို
ဆေးဆိုးပေးတယ်။ အမေ ငိုက်နေတဲ့အချိန် အမေ့ရဲ့မျက်နှာကို သေသေချာချာ
ကြည့်ခဲ့မိတယ်။ အမေ့ရဲ့ပုံရိပ်ကို ကျွနတော်ရဲ့ မျက်စိထဲ၊ ဦးနှောက်ထဲ၊
နှလုံးသားထဲ၊ ကျွန်တော်ရဲ့ အသိထဲ စွဲစွဲမြဲမြဲ မှတ်ထားခဲ့တယ်။

နုပျိုစဉ်က အမေရဲ့ပုံရိပ်နဲ့ အခုလက်ရှိ ပုံရိပ်ကို နှိုင်းယှဉ်ကြည့်ပြီး ကျွန်တော်မျက်ရည် စို့မိတယ်။ လူတိုင်း၊ သားသမီးတိုင်းကို အမေက သူ့ရဲ့နုပျိုတဲ့အရွယ်နဲ့
စတေးခံပြီး ကြီးပြင်းလာတဲ့အထိ နှစ်ချီကြာအောင် ပြုစုကျွေးမွေးခဲ့ပါတယ်။

မိဘတွေနဲ့ ဝေးကွာတဲ့အချိန် ပူပန်စိတ်၊ လွမ်းဆွတ်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် မိဘတွေက ကျွန်တော်တို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ ကျွန်တော်တို့က မိဘတွေ
အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြတယ်။

----------------------------------------------------------------------------------------------

အမေ့ပြေစာ

သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာက အစ သူဝင်လုပ်ရတယ်။ ကြာတော့
စီးပွားရေးသမား တစ်ယောက်လို သူအတွက်အချက် တော်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက .....

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်

စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။

ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။ အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာတစ်စောင်
ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့

အမေ့အပေါ် ကျန်ရှိသော အကြွေးများ...

၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်

ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို အမေ့အိတ်ကပ်ထဲ ဂရုတစိုက်
သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက ပြုံးနေခဲ့တယ်။

-----------------------------------------------------------------------------------------------------------

တုန့်ပြန်မှုကို မျှော်လင့်သူ... အမေ

ချစ်လှစွာသော သမီးငယ်…

ချစ်သူမွေးနေ့အတွက်
ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သမီးငယ်
ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့
အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။

“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို
ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ”

သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ
ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို
မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို
မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို
မေမေတာဝန်မယူရဲဘူး သမီး။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊ အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊ နောင်တမဲ့ရမယ်လို့
မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က မေမေကို အမျိုးသမီးတိုင်းမှာရှိတဲ့
အားငယ်တာ၊ ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်းဆန်တာတွေပါ ပေးခဲ့တယ်။
ဒါကြောင့် သမီးဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ မေမေဖက်ကချည်း အတိုင်းဆမဲ့
ပေးဆပ်ရမယ်လို့ သမီးမတောင်းဆိုသင့်ဘူး။

အားရက်တိုင်းမှာ သမီးငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က သမီးဘဝဖြစ်ခဲ့တယ်။ ချစ်သူနဲ့ပြောခဲ့တဲ့ စကားတိုင်းကို သမီးစွဲမြဲမှတ်ထားပြီး တစ်ခါတလေမှာ
အဲဒီစကားတွေနဲ့ အပူတွေကို သမီးရှာခဲ့တယ်။ သမီးစိတ်ထိခိုက်လို့ ပြောလိုက်တဲ့
စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့စေဘူးဆိုတာ သမီးမေ့ခဲ့ပြီလား?

ကျောင်းပြေးပြီး ချစ်သူနဲ့ သမီးလျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေပြောတယ်။ ဒါပေမယ့် ဒီလိုအားရက်တိုလေးမှာ မေမေလည်း သမီးအဖော်ပြုတာကို လိုချင်တယ်ဆိုတာကို
သမီးတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက်တက်မယ်၊ ချစ်သူနဲ့ဖုန်းပြောမယ်၊
သူငယ်ချင်းအိမ်သွားမယ်နဲ့ မေမေ့အတွက် သမီးရဲ့အချိန်တွေ
ဘယ်လောက်ခွဲပေးခဲ့ပြီလဲ?

တစ်လကို ဖုန်းကြေးဘယ်လောက်ဆိုပြီး အမေကို မကျေမနပ်နဲ့ သမီးရွတ်ပြတတ်သေးတယ်။ အမေလည်း မကျေမနပ်ပြောရရင် အမေအတွက် သမီးဘယ်လောက် ကုန်ကျခဲ့ဖူးလဲ? ဖုန်းနဲ့
ရယ်ရွှင်စရာစာတိုလေးတွေပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သမီးလုပ်ခဲ့တယ်။
သမီးကိုလွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေးတစ်ကြောင်း ရေးပို့ဖို့
သမီးသတိရခဲ့ရဲ့လား?

သမီးက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့ ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သူပါ။ ကျောင်းဆင်းချိန်
အမေကိုလာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ
လျှောက်လည်ခဲ့တယ်။ ညအမှောင် လမ်းကြိုလမ်းကြားမကျန် သမီးနာမည်ကို
တကြော်ကြော်အော်ပြီး အမေလိုက်ရှာခဲ့တာကို သမီးသိလား?

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက်ကို သမီးသောက်နေချိန်မှာ မေမေရဲ့အကြင်နာတွေကို သမီးသတိရရဲ့လား? နွားနို့ထည့်ပေးဖို့ မေမေမေ့သွားတဲ့ညက မေမေ့ကို
သမီးစကားမပြောခဲ့ဘူးနော်။

စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။

“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သမီးရယ်…
သမီးအတွက် ဘယ်အရာမဆို အမေတာဝန်ယူရမယ်လို့ သမီးတောင်းဆိုခဲ့သလို သမီးကလည်း
အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန်သင့်ဘူးလား?

အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ
ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်.. ?

ချစ်သူအပေါ်ထားတဲ့ သမီးရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့ မဟုတ်ဘူးနော် သမီး။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့ စိတ်အာဟာရတစ်မျိုးဆိုတာ
မေမေသိတယ်။ မေမေမျှော်လင့်တာက ချစ်သူနဲ့သမီး အပြန်အလှန်ပေးဆပ်သလိုမျိုး
၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း
သမီးသတိရစေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့
လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ်မလျော့တဲ့အချစ်နဲ့ တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို
သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်? ခုတော့
သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့်
မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သမီးအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။

လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို မိခင်ရဲ့ကောင်းကွက်တွေကို
မှတ်ပြီး အမြဲတစေပေးဆပ်စေတာက ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။
သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့အချိန် အဲဒီသားသမီးတွေရဲ့ အေးစက်စက်
တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက
မျက်ရည်တွေကျမိချိန်မှ မေမေပြောတာတွေကို သမီးနားလည်လာမှာပါ သမီး။

မိခင်တွေလိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲကမိခင်လောက် မမြင့်မြတ်ဘူး၊
တစ်ကိုယ်ကောင်းဆန်တယ်လို့ သမီးထင်ခဲ့တယ်။ ဒီလိုဆိုရင် သမီးငယ်..
ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?

-----------------------------------------------------------------------------------------------------------

အစားထိုးမရတဲ့ နာကျင်မှု

သူက အဖမဲ့သား အမေနဲ့ပဲ ကြီးပြင်းခဲ့သူဖြစ်တယ်။ မူလတန်းကစ အထက်တန်းပြီးတဲ့အထိ အမေရဲ့ပြုစုပျိုးထောင်မှုအောက်မှာ သူကြီးပြင်းခဲ့တယ်။ သူကြိုးစားခဲ့တယ်။ ပထမအဆင့်မှာ သူအမြဲ ရှိနေခဲ့တယ်။ အမေက သူ့ကိုချစ်လွန်းလို့ အိမ်အလုပ်တောင် ပေးမလုပ်ဘဲ ပညာကို သင်ယူစေခဲ့တယ်။
သူ့ကျောင်းစရိတ်အတွက် အမေ အလုပ်တွေပိုလုပ်ခဲ့တယ်။ အမေပင်ပန်းတာကို
ကြည့်ပြီး သူ့ရင်ထဲမှာ သံဓိဌာန်တစ်ခုချခဲ့တယ်။ စာကြိုးစားမယ်၊ ပညာတတ်ကြီး
ဖြစ်ရင် အမေ့ကိုတစ်လှည့် ပြုစုမယ်လို့.....

အဲဒီနောက် သူ့ကြိုးစားမှုနဲ့ ရည်မှန်းထားတဲ့ တက္ကသိုလ်ကို သူတက်ခွင့်ရခဲ့တယ်။ အမေက မိုင်ပေါင်းများစွာဝေးတဲ့ သူ့အဆောင်ကို ရထားတစ်တန်၊ ကားတစ်တန်စီးပြီး
လာကြည့်ခဲ့တယ်။ သူကြိုက်တဲ့ အစားကောင်းတွေ ယူလာပေးခဲ့တယ်။ သူ့အဝတ်တွေ
လျှော်ပေးခဲ့တယ်။ သန့်ရှင်းရေးတွေ လုပ်ပေးခဲ့တယ်။ အိမ်မပြန်ခင် အမေကသူ့ကို
"အဆောင်ကကျွေးတဲ့ ထမင်းဟင်းတွေ စားမကောင်းရင် ဝယ်စားနော်သား၊ ပိုက်ဆံတွေ
ချွေတာသုံးစရာမလိုဘူး။ အမေအသက်ကြီးပြီး ပိုက်ဆံများများ မလိုတော့ဘူး" လို့
မှာတတ်တယ်။ အမေမျက်နှာပေါ်က အရစ်ကြောင်းနဲ့ ဆံဖြူတွေကိုကြည့်ရင်း သူအဓိဌာန်
ချမိပြန်တယ်။ အလုပ်ကောင်းကောင်းရှာပြီး အမေ့ကို ကျေးဇူးဆပ်မယ်လို့...

ရာသီအလီလီပြောင်းလို့ သူကျောင်းပြီး အလုပ်ရသွားခဲ့ပြီ။ စိတ်ကူးအိပ်မက်ထဲက လက်တွဲဖော်ချစ်သူနဲ့ သူ့ဘဝက အစစအရာရာ ပြည့်စုံနေခဲ့တယ်။ မရင်းနှီးတဲ့ မြို့ပြတစ်ခုမှာ
အခြေစိုက်ရပ်တည်ရင်း သူအလုပ်ကြိုးစားခဲ့တယ်။ တစ်နှစ်တစ်ခါ နှစ်ကူးမှ
အမေ့အိမ်ကို သူတစ်ခေါက် ပြန်နိုင်ခဲ့တယ်။ အမေ့အိမ်ရောက်တိုင်း အမေက "သား..
သားအလုပ်စလုပ်တာ မကြာသေးဘူး။ ဘယ်လောက်မှ စုဆောင်းမိသေးမှာ မဟုတ်ဘူး။
အိမ်ပြန်ရင် ကားခက ဈေးကြီးသဘိနဲ့။ ဟိုမှာ လုပ်စရာရှိတာလုပ်ပါ။
အမေနေကောင်းကျန်းမာပါတယ်.. သားစိတ်ချပါ"

အမေ့စကားနားထောင်ပြီး သူ့စိတ်ထဲမှာ "အလုပ်ကောင်းကောင်းလုပ် ရာထူးတွေတိုးမှ အမေငါ့ကို မွေးရကျိုးနပ်မှာ" လို့ တွေးထင်ပြီး အလုပ်တွေ ပိုကြိုးစားခဲ့တယ်။ တစ်လတစ်ခါ
အမေ့ကို ငွေပို့ပေးပြီး တစ်နှစ်မှတစ်ကြိမ် အိမ်ပြန်ဖြစ်ခဲ့တယ်။
သူ့ရဲ့ကြိုးစားမှုကြောင့် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတွေ
သူပိုင်ဆိုင်လာခဲ့တယ်။ ဒိ့ထက်ငွေတွေရှာပြီး အမေ့အတွက် တိုက်တစ်လုံးဝယ်မယ်၊
အမေ့ကိုသူနဲ့ပဲ လာနေစေတော့မယ်လို့ သူအဓိဌာန်ချမိပြန်တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ အမေအသည်းအသန်ဖြစ်တဲ့ အကြောင်းကြားစာတစ်စောင် သူ့ဆီ ရောက်လာခဲ့တယ်။ သူစိတ်တွေလှုပ်ရှားပြီး အမေ့အိမ်ကို
မြန်မြန်ဆန်ဆန်ရောက်သွားချိန် အမေစကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။
အချိန်မီရောက်လာတဲ့ သူ့လက်ကို အမေဆုတ်ကိုင်ပြီး ခပ်ဖွဖွလေး ပြုံးပြတယ်။
အဲဒီနောက် အပြုံးနဲ့ အမေထာဝရ အိပ်စက်သွားခဲ့တယ်။

သူ့ရင်တွေ နာကျင်နေမိတယ်။ အမေ့ကို မပြုစု၊ ကျေးဇူးမဆပ်လိုက်ရခင် သူ့အပါးကနေ အမေထာဝရ ထွက်သွားခဲ့တဲ့အတွက် သူနောင်တရမိတယ်။ သူ့မွေးနေ့တွေ
အကြိမ်ကြိမ်ကျင်းပခဲ့ဖူးပေမယ့် အမေ့မွေးနေ့ကို သူတစ်ခါမှ
မကျင်းပပေးခဲ့ဖူးဘူး။ အဝတ်တစ်စုံ ဝယ်မပေးခဲ့ဖူးဘူး။ အမေနဲ့အတူ
လမ်းမလျှောက်ခဲ့ဖူးဘူး။ အမေ့ကျန်းမာရေးကို မမေးခဲ့ဖူးဘူး။ ဒါတွေ
သူလုပ်နိုင်ရက်နဲ့ သူမလုပ်ခဲ့မိဘူး။

နာကျင်ခြင်းတစ်မျိုးက ဘယ်လိုမှ အစားထိုးလို့မရဘူး။ ကိုယ်သတိရ၊ အသိစိတ်ဝင်တဲ့အချိန် အရမ်းနှောင်းသွားခဲ့ပြီ။ မိဘတွေက သားသမီးတွေဆီကနေ ဘာငွေကြေး၊ ဘာလက်ဆောင်မှ
မမျှော်လင့်တတ်ကြဘူး။ ဒါပေမယ့် သားသမီးတွေက သူတို့ကို မကြာခဏ အဖော်ပြုမယ်၊
အိမ်ပြန်မယ်၊ ချွေးထွက်ချိန် ကမ်းလိုက်တဲ့ ပုဝါပါး၊ လမ်းဖြတ်ကူးချိန်
ဖေးမလိုက်တဲ့ လက်တစ်စုံ၊ မွေးနေ့မှာ တောင်းဆုပြုတဲ့ စကားတစ်ခွန်းက
မိဘတွေရဲ့ ရင်ကို ပိုနွေးထွေးစေပါတယ်။ မိဘတွေကျန်းမာဆဲ၊ မိဘတွေ
ဒီကမ္ဘာမြေပေါ်ကနေ ထွက်မသွားခင်တုန်းမှာ သူတို့နဲ့အတူနေတဲ့ တစ်စက္ကန့်၊
တစ်မိနစ် အချိန်ကို တန်ဖိုးထားပေးပါ။ အဖော်ပြုပေးကြပါ။

Posted by 山崎 雄介

No comments:

Post a Comment