သတ္တိသုံးမျိုးက ကာယသတ္တိ၊ စိတ္တသတ္တိ၊ စာရိတ္တသတ္တိတို့ပါဘဲ။
ဒီသုံးမျိုးထဲမှာ ထိုးတယ်၊ ခုတ်တယ်၊ ရိုက်တယ် ဆိုတဲ့ ကာယသတ္တိဟာ အလွယ်ဆုံးပါဘဲ။
ဒီထက်ပိုခက်တာက စိတ္တသတ္တိပါ။ကိုယ်က အနိုင်ယူလို့ရရဲ့သားနဲ့ အနိုင်မယူဘဲ အလျှော့ပေးလိုက်တာမျိုးပါ။
ဒီနှစ်ခုထက် ပိုခက်သွားတာကတော့ စာရိတ္တသတ္တိပါ။
ရာထူး၊ အာဏာ၊ ဥစ္စာ စတဲ့ အရာအားလုံးကို မတရားတဲ့နည်းနဲ့တော့ ဘယ်တော့မှ မယူဘူးဆိုတဲ့ သတ္တိမျိုးပေါ့။
"သတ္တိသုံးမျိုး" စာ-၁၅ မှ ကောက်နှုတ်ချက်
"သားရေ လူသေပုပ်၊ လူရှင်ပုပ်လို့ အပုပ်နှစ်မျိုးရှိတယ်။
လူသေပုပ်ဆိုတာကတော့ သေလို့ပုပ်သွားတာပါ။
မြေကြီးထဲမှာ ပုပ်နေတာဆိုတော့ အပေါ်ကို ဘာနံ့မှမထွက်တော့ ဘယ်သူကိုမှ ဒုက္ခမပေးဘူးပေါ့။"
"လူရှင်ပုပ်ဆိုတာကျတော့ ဆိုးတယ်၊ သူများကို ဒုက္ခပေးတယ်၊
အကျင့်စာရိတ္တပျက်စီးနေတဲ့သူတွေဟာ ရှင်ရက်နဲ့ ပုပ်နေသူတွေပဲပေါ့။
သူ့ရဲ့ အကျင့်စာရိတ္တပျက်စီးမှု အပုပ်နံ့တွေက သူရောက်တဲ့ နေရာတိုင်းမှာ နံစော်နေတာပဲပေါ့။
ဒါကြောင့် လူတိုင်းက သူနဲ့ မတွေ့အောင် ဝေးဝေးရှောင်ကြတယ်။"
"မတတ်သာလို့ ဆက်ဆံရပြီဆိုရင်လည်း ဟိုမယုံရ၊ ဒီမယုံရနဲ့ အင်မတန် ဒုက္ခရောက်ကြရတာပေါ့။
ဒါကြောင့် ငါ့သား မိမိကိုယ်ကို သေမှပဲ ပုပ်ပါစေ။
မသေခင် မပုပ်ပါစေနဲ့။"
"အဇ္ဇျတ္တတိုက်ပွဲ" စာ-၃၂ မှ ကောက်နှုတ်ချက်
ဆင်းရဲခြင်းရဲ့ အကြောင်းက နှစ်မျိုးရှိတယ်။
(၁) မလှူခဲ့လို့လဲ ဆင်းရဲတယ်။
(၂) သူတစ်ပါးဥစ္စာ ခိုးခဲ့လို့လဲ ဆင်းရဲတယ်။
မလှူခဲ့လို့ ဆင်းရဲတဲ့သူက ဝီရိယနဲ့ ကြိုးကြိုးကုတ်ကုတ်ရှာဖွေရင် မချမ်းသာတောင် လူတန်းစေ့အောင် အဆင်ပြေသေးတယ်။
သူတစ်ပါးဥစ္စာခိုးခဲ့လို့ ဆင်းရဲတဲ့သူကတော့ ဘယ်လောက်ရှာရှာ မွဲနေမှာပဲတဲ့၊
ဘာဖြစ်လို့လည်း ဆိုတော့ သူရှာလို့ရတဲ့ စည်းစိမ် ဥစ္စာတွေကို ရေ၊မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်တဲ့ အမွေခံဆိုးဆိုတဲ့
ရန်သူမျိုးငါးပါးတစ်ပါးပါးက မပျက်ပျက်အောင် ဖျက်ဆီးတတ်လို့ပဲ။
"အူမတောင့်သော်လည်း သီလစောင့်သူ" စာ-၆၁ မှ ကောက်နှုတ်ချက်
မည်သူမဆို အတ္တနှင့်ပရ လွန်ဆွဲဘူးကြသည်သာ ဖြစ်၏။
ထိုလွန်ဆွဲပွဲတွင် သူတော်ကောင်းစိတ်ရှိသူသည် ပရဟိတကိုသာ အနိုင်ပေးတတ်ကြသည်။
"အူမတောင့်သော်လည်း သီလစောင့်သူ" စာ-၆၂ မှ ကောက်နှုတ်ချက်
အာဒိန္နာဒါန သိက္ခာပုဒ်ကို စောင့်စည်းထိန်းသိမ်းတဲ့ နေရာမှာ
သူတစ်ပါးမပေးတာကို မယူရုံ ထိန်းသိမ်းတာက အပေါ်ယံလောက် ထိန်းသိမ်းတာလို့ဘဲ ခေါ်တယ်။
သူတစ်ပါးခိုးနေတာကို ဆက်မခိုးဖြစ်အောင် ကာကွယ်ပေးရဲမှ
အာဒိန္နာဒါန သိက္ခာပုဒ်ကို အနှစ်သာရ ထိရောက်အောင် စောင့်ရှောက်ထိန်းသိမ်းတယ်လို့ ခေါ်တယ်။
"ခြင်္သေ့နှင့် တူသောလူ" စာ-၆၆ မှ ကောက်နှုတ်ချက်
ဘယ်မကောင်းမှုကိုပဲ လုပ်လုပ် လုပ်တဲ့သူဟာ ဘေးလေးမျိုး ကျရောက်တတ်တယ်။
အဲဒီဘေးတွေက-
(၁) ပရာနုဝါဒဘေး - သူတစ်ပါးက စွပ်စွဲကဲ့ရဲ့ခြင်း။
(၂) အတ္တာနုဝါဒဘေး - ကိုယ့်ကိုကိုယ် စွပ်စွဲကဲ့ရဲ့ခြင်း။
(၃) ဒဏ္ဍဘေး - ထောင်ဒဏ်၊ သေဒဏ်အပြစ်ချခံရခြင်း။
(၄) ဒုဂ္ဂတိဘေး - သေပြီးနောက် အပါယ်ဘုံသို့ ကျရခြင်း။
ဒီလေးမျိုးထဲမှာ မကောင်းမှုလုပ်ပြီး သူတစ်ပါးမသိအောင် ဖုံးကွယ်နိုင်ရင်
ပရာနုဝါဒဘေးကလွတ်မယ်။
ငွေထိုးနိုင်မယ်ဆိုရင် ဒဏ္ဍဘေးကလွတ်မယ်။
ဒီဘေးနှစ်ခုကတော့ ရှောင်နိုင်သေးတယ်ပေါ့။
ဒါပေမယ့်
ကိုယ့်ကိုယ်ကို ငါ့မတရားလုပ်စားနေတဲ့ သူခိုးကြီးပါလားလို့ စွပ်စွဲကဲ့ရဲ့တဲ့ အတ္တာနုဝါဒဘေး၊
သေပြီးတဲ့နောက် အပါယ် လေးပါးကျရတဲ့ ဒုဂ္ဂတိဘေးကိုတော့
ဘယ်လိုမှ ရှောင်လို့ မရတော့ပါဘူး။
"ခြင်္သေ့နှင့် တူသောလူ" စာ-၆၆ မှ ကောက်နှုတ်ချက်
ဒါနပြုခြင်းသည် ဥစ္စာရွှေငွေ၌ ကပ်ငြိတွယ်တာနေသော လောဘကို
သတ်ဖြတ်ပယ်ရှားပစ်ရန်အတွက် ဖြစ်သည်။
အလှူရှင်အဖြစ် ထင်ပေါ်လိုခြင်း၊ လူသိများလိုခြင်းသည်
လောဘတစ်မျိုးပင် ဖြစ်သည်။
ဥစ္စာစည်းစိမ်၌ တွယ်တာကပ်ငြိနေသော လောဘကို ပယ်သတ်ပြီး
နာမည်ကြီးလိုသော လောဘကို ပြန်လည်ဖက်တွယ်လိုခြင်းသည် မြင့်မြတ်သော ပါရမီရှင်တို့၏
ကျင့်စင်ဖြစ်သော ဒါနကို ကုန်သည်ဆန်ဆန် အရောင်းအဝယ်လို သဘောထားရာ ရောက်ပေသည်။
"သိမ်မွေ့သော လောဘ" စာ-၁၃၇ မှ ကောက်နှုတ်ချက်
No comments:
Post a Comment