Wednesday, March 21, 2012

“ရဝေနွယ်အသစ်”စာအုပ်အတွက် “အရှင်ဆန္ဒာဓိကရဲ့ ” အမှာစာ (အပိုင်း- ၁)

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ကွန်ပျူတာစာလုံးလေးစီ၊ အနေတော် ကတ်ပြားလေးထုတ်၊ ပလတ်စတစ်လေး လောင်းပြီး စာရေးစားပွဲရှေ့က ကျောင်းတိုက်မကြီးရဲ့ နံရံကပ်ပစ္စည်းတင် စင်လေးပေါ် မှာ မြင်သာထင်သာ ထောင်ထားရရင် ကောင်းမလားလို့ ခုတစ်လော မကြာခဏ တွေးနေ မိပါတယ်။ လုပ်ချင်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်သင့်ဆုံး အလုပ်ကိုပဲ အဓိက ဦးစားပေးလုပ် ဖြစ်သွားဖို့နဲ့ လုပ်သင့်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်ချင်ဆုံး အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်နေဖို့ အတွက်ပါ။

တိကျပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ အဓိကအလုပ်ကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် လုပ်ဖြစ်နေချင်လို့ “အရှင်ဆန္ဒာဓိက အသစ် ဘယ်တော့များ ဖြစ်လာမလဲ” လို့ တွေးတွေးနေမိတာ နေ့စဉ်နေ့တိုင်းပါပဲ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စပြောဖြစ်ခဲ့တာပါ။ ၂-၂-၂၀၀၂ ဆိုတော့ (၂)လေးလုံးနေ့ကပေါ့။ အဲ့ဒီနေ့က နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်ကနေ လုမ္ဗိနီလေဆိပ်ကို ဦးတည်ပျံသန်း လာတဲ့ စာရေးသူတို့ရဲ့ တွင်အော်တာ အမျိုးအစား လေယာဉ်ငယ်လေးကို ပြင်းအားများတဲ့ မိုးကြိုး ထိမှန်ခဲ့ပါတယ်။ လေယာဉ်ကို မိုးကြိုးပစ်ပြီလို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်က ရွှေပါရမီအဖွဲ့သားတွေ လက်အုပ်ကိုယ်စီချီပြီး ဘုရားစာ ရွတ်လိုက်၊ ဘုရားဂုဏ်တော် ပွားလိုက်နဲ့ အားလုံး သတိအနေအထားဖြစ် သွားပါတယ်။ လေယာဉ် ဘယ်အချိန် မီးလောင်ပြီး ပျက်ကျမလဲ ဆိုတဲ့အတွေးနဲ့ အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်စွာ...။ တစ်ယောက်မျက်နှာတောင် တစ်ယောက်မကြည့်မိကြ။ ကိုယ့်တရား အာရုံလေးနဲ့ ကိုယ်၊ ကိုယ့်ကုသိုလ်အာရုံလေးနဲ့ ကိုယ်သေဖို့ အသင့်အနေအထား ပြင်ဆင်ခဲ့ကြ ပါတယ်။

နဂိုကတည်းက တလှုပ်လှုပ် တခါခါ ဖြစ်နေတဲ့ ခရီးသည် (၁၈) ယောက်ပဲ ဆံ့တဲ့ တွင်အော်တာ လေယာဉ် အသေးစားလေးဟာ ဆိုးရွားလှတဲ့ လေထု၊ တိမ်ထုကြားမှာ တယိမ်းယိမ်း တထိုးထိုးနဲ့ လောကဓံကို အန်တုနေရ ရှာပါတယ်။ ရှေ့ဆက်သွားရမယ့် လေယာဉ်လမ်းကြောင်းကို လုံးဝမမြင် တွေ့ရတော့တဲ့ အတွက် နောက်ကြောင်း ပြန်လှည့်ခဲ့ရတဲ့ ဗုဒ္ဓအဲလိုင်းက လေယာဉ်ငယ်လေးဟာ ဟိမဝန္တာတောင်နံရံ နဲ့လည်း အချိန်မရွေး တိုက်မိ ပျက်ကျနိုင်ပါသေးတယ်။ (မနေ့ တစ်နေ့ကမှ အဲ့ဒီလို တစ်စီးဖြစ်ခဲ့ ဖူးသေးတယ်လေ)

ကံကောင်းထောက်မစွာ .. ခတ္တမန္ဒူလေဆိပ်ကို လေယာဉ် ပြန်လည်ဆင်းသက် နိုင်ချိန်မှာတော့ ... လေယာဉ်ပေါ်က ဆင်းဆင်းချင်း... “ဦးဇင်းတော့ အရှင်ဆန္ဒဓိက အသစ်ဖြစ် သွားပြီ” လို့ပြောလိုက်မိပါ တော့တယ်။ ရွှေပါရမီ ကျောင်းဒကာ၊ ကျောင်းအမကလည်း အားကျမခံ ပြန်ပြောလိုက်ပါတယ်။

“တပည့်တော်လည်း ရှိန်ဝင်းအသစ် ဖြစ်သွားပြီ”

“တပည့်တော်လည်း ခင်ချိုဦး အသစ်ဖြစ်သွားပြီ”

ခမည်းတော်ကြီး ကတော့ နှုတ်က ဘာမှထုတ်မပြောဘဲ ပြုံးပြုံး ကြီးလုပ်နေလို့ အဲ့ဒီအပြုံးရဲ့ အဓိပ္ပာယ်ကို အပြေးအလွှား ဖွင့်ဆိုကြည့် လိုက်တော့ “တပည့်တော်လည်း စိန်ဝင်း အသစ်ပါ” .. တဲ့။ နောက်တစ်နေ့ မနက်ထွက်တဲ့ ဟိန္ဒူသတင်းစား တစ်စောင်မှာ “မြန်မာသံ အမတ်ကြီး စီးနင်းလိုက်ပါလာတဲ့ လေယာဉ် လွန်စွာ အင်အားပြင်းထန်သော မိုးကြိုးပစ်ခံရ” ဆိုတဲ့ သတင်းပါလာပါတယ်။ စာရေး သူတို့ရဲ့ သီးသန့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို ဦးဆောင်သူက နီပေါဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေဝင်းနဲ့ ဇနီး ဒေါက်တာ နွယ်နွယ်လှိုင်ပါ။

သေရွာပြန်လို့ ဆိုနိုင်တဲ့ “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ ခံစားမှုက တစ်နှစ်ကို နှစ်အုပ်နှုန်းပဲ စာရေးမယ်လို့ ဆုံးဖြတ်ထားတဲ့ စာရေးသူကို ဟောတရားတွေ မြန်မြန် ကုန်အောင် ရေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ မောင်းနှင်အားကြောင့် အသက်(၄၀) မှာ အုပ်ရေ (၄၀) ပြည့်အောင် စာရေးနိုင်ခဲ့ ပါတယ်။ အသက်(၃၀)က စရေးခဲ့တာမို့ စာရေး သက်(၁၀)နှစ်ပြည့် အမှတ်တရပါ။ တစ်နှစ် နှစ်အုပ် နှုန်းမှန်းထားရာက တစ်နှစ်လေးအုပ်နှုန်း ဖြစ်သွားတယ်ဆိုတော့ လုပ်ငန်း စွမ်းဆောင်ရည် နှစ်ဆတိုးသွားခဲ့တာပေါ့။

သေခြင်းတရားဟာ တွန်းအားပြင်းထန်ဆုံး သူငယ်ချင်းချစ်သူ လေးပါလား ...။

ကျေးဇူးပါပဲ တွင်အော်တာလေးရယ် ....။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့စကားလုံးလေးကို “နောင်တ ရစရာမလိုအောင် အလုပ်လုပ်ထားသူ” ဆိုတဲ့ အဓိပ္ပာယ်နဲ့ တစ်သားတည်း ဖြစ်နေ စေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရှင်ဆန္ဒာဓိက အဟောင်းက အလုပ်နဲ့ ပတ်သတ်ရင် တစ်ခါတစ်ရံမှာ နောင်တတရားနဲ့ လည်း ပတ်သက်နေရ တတ်လို့ပါ။ စာရေးသူရဲ့ မနက်ပိုင်း အချိန်ကို စိတ်ကျေနပ်မှုရှိ မရှိ ရေချိုးချိန်မှာ သိနိုင်ပါတယ်။ နေ့ဆွမ်းမစားမီ ၁၁ နာရီဝန်းကျင် ရေချိုးချိန်ဟာ စာရေးသူရဲ့ မနက်ပိုင်းကာလ အချိန်စီမံခန့်ခွဲ မှုအပေါ် ကျေနပ်အားရမှု ရှိမရှိ အဆုံးအဖြတ်ပေးတဲ့ အချိန်ပါ။

မနက်ပိုင်းအချိန်ကို “စာရေးချိန်” လို့ သတ်မှတ်ထားတဲ့ အတွက် သတ်မှတ်ထားတဲ့ အတိုင်း စာ တကယ်ရေးဖြစ် တယ်ဆိုရင် စာရေးချိန် ပြည့်သွားလို့ ရေချိုးနေတဲ့ အချိန်မှာ အင်မတန် စိတ်ကျေနပ်မှု ဖြစ်ရပါတယ်။ “သူ့ အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျ လုပ်ဖြစ်သွားပီ” ဆိုတဲ့ အတွေးကြောင့် ဖြစ်ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ တစ်ပိုဒ်ပဲ ရေးဖြစ် ရေးဖြစ်၊ တစ်မျက်နှာပဲ ရေးဖြစ် ရေးဖြစ် ... စာရေးဖြစ်တယ် ဆိုရင်ကိုပဲ “ဒီနေ့ မနက်တော့ စာရေးဖြစ်သွားပြီ” ဆိုတဲ့ အတွေးနဲ့ ပီတိတွေ တသိမ့်သိမ့် ဖြစ်ရပါတယ်။ စာရေးဖြစ်တဲ့ နေ့ဆို ရေချိုးရတာ အရသာ ရှိမှရှိ ..။ ရေချိုးတဲ့အလုပ် လုပ်နေရတာကိုက အဓိပ္ပာယ် လေးနက်နေ သလိုလို...။ ရေချိုးနေ ရင်း မေတ္တာပို့လို့လည်း ကောင်၊ ဂုဏ်တော် ပွားလို့လည်း ကောင်း၊ ဝိပဿနာရှုလို့ လည်း ကောင်း၊ အားလုံး အားလုံး ကောင်းမှကောင်း ...။ အံမယ် ... ကြေးတွန်းရတာ တောင် အရသာရှိ နေသေး ...။

ဟိုစာအုပ်လေး ဆွဲဖတ်လိုက်၊ ဒီစာစောင်လေး ကောက်လှန်လိုက်နဲ့ စာပဲ ဖတ်ဖြစ်ပြီး စာလုံးဝ မရေးဖြစ်တဲ့ နေ့ဆို ရေချိုးရတာ လုံးဝအရသာ မရှိတော့ပါဘူး။ အချိန်ကျလို့သာ ရေချိုးခန်း ဝင်လိုက်ရ တယ်..။ ခြေလှမ်းတွေက လေးကန်လို့ ...။ “ဒီနေ့စာလုံးဝ မရေးဖြစ်လိုက်ဘူး” ဆိုတဲ့ အတွေးက ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်စေပါတယ်။ တစ်မနက်လုံး ဖတ်ထားတဲ့ စာတွေက အချက်အလက် ဘယ်လောက်ပဲ ကောင်းကောင်း ... ရေချိုးချိန်မှာ စိတ်ကျေနပ်မှု လုံးဝ မပေးနိုင်တော့ပါဘူး။

မနက်ပိုင်း အချိန်ပဲ ကိုယ့်စိတ်နဲ့ ကိုယ့်ဦးနှောက်က စာရေးလို့ ကောင်းတာဆိုတော့ နေ့လယ်ပိုင်းမှာ ပြန်အစားထိုးဖို့ ကလည်း မဖြစ်နိုင်တော့ ဘူးလေ။ မနက်ပိုင်း စာမရေးဖြစ်ရင် အဲ့ဒီနေ့ အတွက် စာရေးခွင့် ကုန်ဆုံးသွားပါပြီး။ သူ့အချိန်နဲ့သူ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျ မလုပ် ဖြစ်သမျှတော့ စိတ်ကျေနပ်မှုလည်း မရနိုင်သလို အလုပ်လည်း မတွင်ကျယ် နိုင်ပါဘူး။ အလုပ်ကို တန်ဖိုးထားသူတိုင်း သူ့အချိန်နဲ့ သူ့အလုပ် အံဝင်ခွင်ကျ ဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ သိပ်အရေးကြီး ပါတယ်။

ခြွင်းချက် တစ်ချို့မှာအပ သူ့အချိန်နဲ့သူ ကိုယ်သတ်မှတ်ထားတဲ့ အလုပ်ကို တိကျပြတ်သား စွာစိတ်နိုင် ကိုယ်နိုင် လုပ်ဖြစ်နေရင် စိတ်ကျေနပ်မှုလည်းရ၊ အလုပ်လည်း ကိုယ်မျှော်မှန်း ထားတာထက် အများကြီး ပိုပြီးမြောက်ပါတယ်။ “စိတ်ကို နိုင်နင်းသူ၊ အလုပ်ကို နိုင်နင်းသူ” ဆိုတဲ့ ဂုဏ်ပုဒ် (သဘာဝ တရားက လျှို့ဝှက်စွာပေးအပ်တဲ့ လူမသိ ရှင်မကြား ဂုဏ်ပုဒ်) ကြောင့် ကိုယ့်ကိုကိုယ် ကြည်ညိုလေးစားစိတ် လေးနက်စွာ ဖြတ်ထွန်းစေနိုင် ပါတယ်။ စိတ်မနိုင်၊ အလုပ် မနိုင်ခြင်းကြောင့် ဖြစ်ရမယ့် နောင်တ တရားတွေ နဲ့လည်း မပူလောင်၊ မနောက်ကျရတော့ ပါဘူး။

ဘယ်အလုပ်ပဲ လုပ်လုပ်၊ လုပ်နေဆဲ ကာလမှာ အရသာရှိနေရုံနဲ့ မပြီးသေးပါဘး၊ လုပ်ပြီး ကာလမှာလည်း အရသာ ရှိနေဖို့ လိုပါတယ်။ သူ့အချိန်နဲ့ သူ၊ သူ့အလုပ်နဲ့ သူ လိုက်လျောညီ ထွေဖြစ်နေရင် လုပ်နေဆဲမှာ လည်းအရာသာရှိ၊ လုပ်ပြီး ချိန်မှာလည်း အရသာရှိတဲ့ အတွက် ဘယ်အလုပ် ကြောင့်မှ နောင်တ မရတော့ပါဘူး။ စာရေးသူ မကြာခဏ နှလုံးသွင်း ဆင်ခြင်ဖြစ်တဲ့ ဂါထာနှစ်ပုဒ် ရှိပါတယ်။ ဆန့်ကျင်ဘက် အဓိပ္ပာယ်ကို ပြဆိုထားတဲ့ အတွဲလိုက် ဂါထာပါ။ စာရေးသူ အကြိုက်ဆုံးဂါထာတွေထဲက ထိပ်တန်း နှစ်ပုဒ်ပါပဲ။

တစ်ပုဒ်က ....

နတံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။

ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

(ဓမ္မပဒဂါထာ - ၆၇)

အဓိပ္ပာယ်ကတော့ ...

“အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တ တရားတွေနဲ့ ပူလောင်ပင်ပန်း ရတယ်ဆိုရင် အဲ့ဒီ အလုပ်မျိုးကို လုံးဝ မလုပ်တာဘဲ ကောင်းပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးတရားကို မျက်ရည်ရွှဲ မျက်နှာနဲ့ ငိုငိုကြွေးကြွေး ဆွေးဆွေးလျလျ ဆင်းရဲစွာ ခံစားရတယ် ဆိုရင် အဲ့ဒီအလုပ်မျိုးစာ လုံးဝ မလုပ်သင့်တဲ့ အလုပ်ပါပဲ” .. တဲ့။

နောက်တစ်ပုဒ်ကတော့ ...

တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။

ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။

(ဓမ္မပဒဂါထာ - ၆၈)

အဓိပ္ပာယ်ကတော့ ....

“အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တ တရားတွေနဲ့ ပူလောင်ပင်ပန်း ရခြင်း လုံးဝ မရှိဘူးဆိုရင် အဲ့ဒီ အလုပ်မျိုးကို လုပ်တာဟာ သိပ်ကောင်းပါတယ်။ အလုပ် တစ်ခုရဲ့ အကျိုးတရားကို နှစ်သက်ရွှင်လန်းစွာ၊ ဝမ်းမြောက် ကြည်နူးစွာ ချမ်းချမ်းသာသာ ခံစားရတယ်ဆိုရင် အဲ့ဒီအလုပ်မျိုးဟာ မလုပ်မဖြစ် လုပ်သင့်တဲ့ အလုပ်ပါပဲ” ... တဲ့။

သူ့အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျ လုပ်ဖြစ်တဲ့ နေ့ဆိုရင် ကိုယ့်ကိုကိုယ် “အရှင်ဆန္ဒာဓိက အသစ်”လို့ သတ်မှတ်ပါမယ်။ မလုပ်ဖြစ်တဲ့ နေ့ဆိုရင်တော့ အရှင်ဆန္ဒာဓိက အဟောင်းပေါ့။

မနက်ပိုင်း အချိန်မှာ စာရေးဖြစ်တဲ့ နေ့ဆိုရင် ကိုယ့်ကိုကိုယ် “အရှင်ဆန္ဒာဓိက အသစ်”လို့ သတ်မှတ်ပါမယ်။ မရေးဖြစ်တဲ့ နေ့ဆိုရင်တော့ အရှင်ဆန္ဒာဓိက အဟောင်းပေါ့။

အရှင်ဆန္ဒာဓိက အသစ်

နေ့တိုင်း ဖြစ်ဖို့

အားသစ်ရွှင်လန်း

ကြိုးစားစမ်းပါ

ဝမ်းသာပါရစေ အရှင်ဆန္ဒာဓိကရေ... ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံး လေးကို သေခြင်းတရား နဲ့ဆက်စပ်ပြီး ဒုတိယအကြိမ် ပြောဖြစ်တာက ၂၀၀၉ခုနှစ်၊ ဇွန်လ(၄) ရက်နေ့ ညကပါ။ အဲ့ဒီနေ့က ... ညနေ ၅ နာရီခွဲမှာ မုံရွာ၊ ဗောဓိတစ်ထောင်၊ ကမ္ဘာ့ အကြီးဆုံး ရပ်တော်မူ ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကြီးရဲ့ ခန္ဓာကိုယ်တော် အတွင်းပိုင်း အဆောက် အအုံထဲက စာရေးသူတို့ စီးနင်းလိုက်ပါလာတဲ့ လုပ်ငန်းခွင်သုံး ဝန်ချီစက် မတော်တဆ ပြုတ်ကျခဲ့ပါတယ်။ စီးဖော်စီးဖက် (၈)ဦးလုံး ခါးနဲ့ခြေထောက် အသီးသီး ထိခိုက်ဒဏ်ရာ ရကြတဲ့ နေရာမှာ စာရေးသူလည်း ခါးနာ၊ ခြေကျိုး ဖြစ်ခဲ့ရပါတယ်။ ဒူးပြဲတာကတော့ အဆစ်ပေါ့။

မုံရွာ၊ ပြည်သူ့ ဆေးရုံနဲ့ မြင့်မြတ် ဆေးခန်းမှာ အကြမ်းဖျင်း ဆေးကုသမှု ခံယူပြီးတာနဲ့ မန္တလေး၊ အရိုးအထူး ကု ဆေးရုံကြီးဆီကို စစ်ကိုင်း တိုင်းမှူးစီစဉ်ပေးတဲ့ ယာဉ်တန်းရှည်ကြီးနဲ့ ညတွင်းချင်း တဖြည်းဖြည်း မောင်းလာလိုက်တာ ည(၁၂) နာရီကျော်မှပဲ မန္တလေးကို ရောက်ပါတော့တယ်။ အားလုံးကျိုးပဲ့ ပျက်စီးနေကြလို့ ဖြည်းဖြည်း လိမ့်လိမ့်ပဲ မောင်းရတာပါ။

မန္တလေး ရောက်ရောက်ချင်း စိုးရိမ်တကြီး မျက်နှာတွေနဲ့ အသင့်စောင့်ကြိုနေကြတဲ့ ဒကာ ဒကာမတွေက “အံမယ်လေး ... ကံကောင်းလိုက်တာ အရှင်ဘုရားရယ် ...၊ တကယ်ဆို သေရမှာ”လို့ ဆီးပြီး အားပေးကြပါတယ်။ “တကယ်ဆို သေရမှာ”လို့ ဝိုင်းပြီး အားပေးလိုက်ကြတော့ စာရေးသူလည်း တော်တော် အားရှိသွားတာပေါ့။ ဟုတ်တယ်လေ...၊ ဘုရားကြီးရဲ့ ကိုယ်ထည် အတွင်းပိုင်း (၃၁)ထပ်မှာ (၂၇) ထပ်ကနေ (၁၈) ထပ်ထိ တပ်ဆင်ထားတဲ့ ဝန်ချီစက်နဲ့ ပြန်အဆင်း၊ (၂၅) ထပ်လောက် အရောက်ကနေ (၁၈)ထပ် သမံသလင်းအထိ ၂စက္ကန့်၊ ၃စက္ကန့် အချိန်လောက်နဲ့ တစ်ရှိန်ထိုး ပြုတ်ကျ၊ သမံတလင်းပေါ်မှာ ဘာရာဘာ အခံမျှ မရှိ၊ သမံတလင်းနဲ့ လူတွေရဲ့အကြား ပျဉ်ချပ်တစ်ချပ်ပဲ ခြား၊ ဝန်ချီစက် ပတ်ပတ်လည်မှာလည်း ဘာအကာအရံမှ မရှိ၊ အထပ်တိုင်းမှာလည်း လေးဖက်လေးတန် ကွန်ကရစ်ဘောင်တွေ၊ တစ်ထပ်ကို အမြင့် (၁၂)ပေ၊ (၇)ထပ်စာ ပြုတ်ကျတာဆိုတော့ အမြင့်(၈၄)ပေ၊ ဒီတော့ “တကယ်ဆို သေရမှာ” ဆိုတဲ့ သူတို့ အားပေးစကားက ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခုကတော့ ကြိုးရစ်ဘီးမှာ မူလီပြုတ် ထွက်သွားလို့ ကြိုးမထိန်းနိုင်ဘဲ ပြုတ်ကျခဲ့ရုံမို့ပါ)

ဘယ်လိုပဲဖြစ်ဖြစ်... သူတို့ အားပေးသလို ကိုယ့်ကိုကိုယ် “သေရွာပြန်” လို့ပဲ သဘောထားလိုက်ပါတယ်။ ဒါကြောင့်လည်း ည(၁၂) နာရီခွဲ ကျော်ကျော် ခွဲစိတ်ခန်းထဲ ဝင်ခါနီးလေးမှာ တစ်ခဲနက် လာရောက် အားပေးကြတဲ့ ရွှေမန်း ပရိတ်သတ်ကို “ဦးဇင်းတော့ အရှင်ဆန္ဒာဓိက အသစ်” ဖြစ်သွားပြီလို့ ပြုံးပြုံးကြီး နှုတ်ဆက်ရင်း ခွဲစိတ်ခန်းထဲ ဝင်ခဲ့လိုက်ပါတော့တယ်။

ည(၁၂)နာရီ ခွဲကျော်ကျော်လောက် ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ အချိန်မှာတော့ တကယ်ကို အရှင်ဆန္ဒာဓိက အသစ် ဖြစ်သွားပါတယ်။ ဘယ်ခြေရော၊ ညာခြေရော၊ ခြေထောက် နှစ်ဖက်လုံး ကျော်ပတ်တီး အဖွေးသားနဲ့၊ ညာဘက်လက်မှာ ဆေးသွင်းပိုက် တန်းလန်းနဲ့ ပုလင်းကြီး ချိတ်လို့၊ လကမ္ဘာပေါ်တက်တဲ့ အာကာသ ယာဉ်မှူးပုံစံ၊ ဒီဇိုင်းက လန်းမှလန်း ...။ နာကျင်မှု၊ လေးလံမှုတွေကြောင့် လှုပ်လည်း မရ၊ စောင်းလည်းမရ၊ အိုင်စီယူ (အထူးကြပ်မတ် ကုသခန်း) ထဲက လူနာကုတင်ပေါ်မှာ ပက်လက်ကလေး...။

ဒါမှ အရှင်ဆန္ဒာဓိက အသစ်...။

ခြေထောက်ကျိုးပြီး နောက်ပိုင်း ကိုယ်နဲ့သေခြင်းတရားနဲ့ အရမ်းနီးကပ်နေသလို ပိုခံစားရတဲ့အတွက် မသေခင် အချိန်ပိုင်းလေးမှာ အများအကျိုးကို သယ်ပိုးနိုင်သလောက် သယ်ပိုးသွားချင်တာရယ်၊ နည်းလမ်း ပေါင်းစုံနဲ့ အားပေးစောင့်ရှောက် ခဲ့ကြတဲ့ စာဖတ်ပရိတ်သတ်နဲ့ တိုင်းသူပြည်သား တွေရဲ့ မေတ္တာ တရားကို အကောင်းဆုံး တုံ့ပြန်ချင်တာရယ်ကြောင့် ခြေထောက် ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲ ဆင်းရဲ ပင်ပန်းနေကြတဲ့ ကြားထဲကပဲ စာအုပ်နှစ်အုပ် ရေးဖြစ်သွားပါတယ်။ ခြေထောက် နှစ်ဖက်လုံး မလျှောက်နိုင်သေးတဲ့ အချိန် (အောက်ခြေ လွတ်နေတဲ့ အချိန်) တွေမှာ လူနာကုတင်ပေါ် ထိုင်ရင်း ရေးဖြစ်ခဲ့တဲ့ စာအုပ်က “တို့လည်း လိုက်မယ် ချန်မထားနဲ့” စာအုပ်...။ ခြေထောက် တစ်ဖက်လည်း လျှောက်နိုင်သေးတဲ့ အချိန် (ခြေတစ်ပေါင် ကျိုးပြိုင်ပွဲ ဝင်နေတဲ့အချိန်) တွေမှာ စာရေးကုလား ထိုင်ပေါ် ခြေထောက်တစ်ဖက် တန်းတန်းကြီး တင်ထားရင်း ရေးဖြစ်ခဲ့တဲ့ စာအုပ်က “တစ်ပွင့်ပန်လည်း လှပါတယ်” စာအုပ်...။

စနေအစ စနေအဆုံး စာအုပ်နှစ်အုပ်...။ အရှင်ဆန္ဒာဓိက အသစ်ရဲ့ သင်္ကေတ နှစ်ခု...။

တစ်ဘဝလုံးအတွက် အမှတ်တရ ဖြစ်ခဲ့လို့.. ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်

အပိုင်း( ၂) ဆက်ရန်


Shared from Shwe Yee

No comments:

Post a Comment