Friday, March 23, 2012

ရက်ရက်ရောရော အရှုံးခံနေကြသူများ

ကျမဟာ လူတွေထဲက လူတစ်ယောက်မို့ လူတွေအကြောင်း ၊ လူတွေ အရေး ကို စိတ်ဝင်စားပါတယ် ၊ မြန်မာတွေထဲက မြန်မာ တစ်ယောက်မို့ မြန်မာတွေ အကြောင်း ၊ မြန်မာတွေ အရေးဆိုရင် အထူး စိတ်ဝင်စားပါတယ် ။ ခုတလော ကျမ စိတ်ဝင်တစားလေ့လာ သုံးသပ်မိတဲ့ အကြောင်းအရာ ကတော့ မြန်မာ အမျိုးသမီးလေးတွေရဲ့ မြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ကန် မသင့်မြတ်တဲ့ ၀တ်စား နေထိုင် ပြုမူ ပုံတွေ ပါပဲ ။

ဗုဒ္ဒ ဘာသာကို ယုံကြည် သက်ဝင်ကြတဲ့ လူမျိုးတစ်မျိုး ဖြစ်တာက တစ်ကြောင်း ၊ အစဉ်အလာ ကြီးမားလှတဲ့ ယဉ်ကျေးမှု အဆောက်အအုံ ကြီးထဲမှာ နေသားတကျ ပျော်မွေ့ လာကြတဲ့လူမျိုး ဖြစ်တာက တစ်ကြောင်း တို့ကြောင့် ကျမတို့ရဲ့ မြန်မာ့ဓလေ့ ထုံးစံဟာ တခြား ဘယ်နိုင်ငံရဲ့ ဓလေ့ ထုံးစံနဲ့မှ မတူ နိုင်ပါဘူး ။ နှိုင်းယှဉ်လို့လဲ မရပါဘူး ။ ဒါဟာ မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက် ကို တန်ဖိုး ထားတဲ့ သူတိုင်း သိထားကြတဲ့ မွေးရာပါ ပင်ကိုယ် အသိပါ ။

သို့ပေမဲ့ မြန်မာမိန်းကလေး အများစုဟာ နှိုင်းယှဉ်အပ်တဲ့ အရာတွေ ကို ချန်လှပ်ထားပြီး ၊ မနှိုင်းယှဉ် အပ်တဲ့ တခြားသော နိုင်ငံတွေရဲ့ ဓလေ့ ထုံးစံတွေကို နှိုင်းယှဉ် အတုယူနေကြပါတယ် ။အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ၊ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၊ တခြား လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု တွေကို အတု မယူဘဲ မြန်မာ့ ယဉ်ကျေးမှုဓလေ့နဲ့ အင်မတန်မှ သွေဖည်နေတဲ့ တခြားသောနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ကို လိုက်အတု ယူနေကြပါတယ် ။ ဆုတ်ယုတ် ပျက်စီးစပြုနေတဲ့ ယဉ်ကျေးမှု ပုံစံ တစ်ခု အဖြစ် အသွင် ကူးပြောင်းလို့ လာနေပါတယ် ။

ကျမလည်း ခေတ်လူငယ် တစ်ယောက်မို့ ခေတ်မှီမှီ အဆင့် အတန်းရှိရှိ လုံလုံ ခြုံခြုံ ၀တ်စားထားတဲ့ မိန်းကလေး တွေ တွေ့ရင် သဘောကျပါတယ် ၊ မြန်မာမိန်းကလေး တစ်ယောက် ပီပီ ကိုယ့်ကိုကိုယ် တန်ဖိုးထားသူ အဖြစ်လေးစားပါတယ် ။ မြန်မာ အမျိုးသမီးတိုင်း မြန်မာဆန်ဆန် ထမီ ၊ ရင်ဖုံးနဲ့ အမြဲ နေရမယ်လို့ မဆိုလိုပါဘူး ၊ သူ့ခေတ်ရေစီးနဲ့ သူတော့ ရှိမှာပေါ့ ၊ခေတ်မလွန်ဖို့ ၊ခေတ်ပျက်အောင် မလုပ်ကြဖို့ပဲ ပြောချင်တာပါ ၊

မှတ်မိပါသေးတယ် ၊ အဆိုတော် ရေဗက္ကာဝင်းလေး ပေါ်လာကာစက ရှိုးပွဲ တစ်ခု မှာ "မြန်မြန်နမ်းပါ ပန်းကလေး" ဆိုတဲ့ သီချင်းကို ဆိုတယ် ၊ သီချင်းလေးနဲ့ သူ့ရဲ့ ခေတ်မှီမှီ လုံလုံ ခြုံခြုံ အပြင်အဆင်လေးနဲ့ ၊ သူ့ရဲ့ အိနြေ္ဒရတဲ့ မျက်နှာပေးလေးနဲ့ သိပ်လိုက်ဖက်ပြီး သိပ်ချစ်ဖို့ ကောင်းလို့ ကျမ အရမ်းကြိုက်ခဲ့ ပါတယ် ။ ကျမလို ပဲ သူ့ကို စင်အောက်က အားပေး နေတဲ့ ပရိတ်သတ် ဟာလည်း လှောင်ပြောင်လိုစိတ် အလျင်းမရှိဘဲ သူတို့ကို ဖြေဖျော်ပေးနေတဲ့ အဆိုတော်လေးကို အမြတ်တနိုး တန်ဖိုးထားတဲ့ စိတ်နဲ့ အားပေး နေတယ်ဆိုတာကို သူတို့မျက်လုံးတွေက သက်သေပြနေပါတယ် ။

ကျမပြောချင်တာက Public Figure ပဲ ဖြစ်ဖြစ် ၊ သရုပ်ဆောင်ပဲ ဖြစ်ဖြစ် ၊ အဆိုတော်ပဲ ဖြစ်ဖြစ် ဒါမျိုးလေးတွေပဲ ဖြစ်သင့်ပါတယ် ။ သူတို့တတ်ထားတဲ့ အနုပညာနဲ့ ပရိတ်သတ်ကို အလုပ်အကျွေး ပြုရာမှာ အနုပညာကို ဗန်းပြပြီး ပရိတ်သတ်ကို လူမထင်တဲ့ အပြု အမူတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ် ။ ပရိတ်သတ်ကို သူတို့ချပြချင်တာ သူတို့ရဲ့ အနုပညာလား ၊ သူတို့ရဲ့ ခန္ဒာ ကိုယ်လား ၊ ပရိတ်သတ်ကို နက်နဲသိမ်မွေ့ လှတဲ့ အနု ပညာကို ခံစားစေချင်တာလား ၊ လူမှု ပတ်ဝန်းကျင်အတွက် အန္တရာယ် များလှတဲ့ မဖွယ်မရာ စိတ်ရိုင်းတွေကို နှိုးဆွချင်တာလား ၊ နှုတ်ရိုင်းတွေရဲ့ နှစ်ပြားမတန်တဲ့ အပြောအဆိုကို ခံချင်ကြတာပါလား ။ အနုပညာပါလို့ပြောပြီး ဘာကို အလို ရှိကြတာပါလဲ ၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်သင့်ပါတယ် ၊ ကျော်ကြားမှုကို လိုချင်လို့ပါဆိုရင်လည်း အပုပ်နံ့နဲ့ မကျော်ကြားပဲ ၊ သင်းပျံ့တဲ့ မွှေးရနံ့နဲ့ ကျော်ကြားတာပဲ မဖြစ်သင့်ဘူးလား ။

အပြတ် အဟိုက် အတို အကျပ် ၀တ်ပြီး ပရိတ်သတ် ရှေ့ရောက်လာတယ် ၊ အပြင်အင်္ကျီ နဲ့ ည၀တ်အင်္ကျီ

မှားဝတ်ပြီး ပရိတ်သတ် အမြင်ထဲ ရောက်လာတယ် ၊ ရေကူးဝတ်စုံနဲ့ ပွဲတက်ပြီး အရက်သောက်တဲ့သူက သောက်တယ် ၊ ဒါတွေ ဟာ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်လို့တော့ ပြောလို့ မရပါဘူး ။ ဒီလောက်ထိ လွတ်လပ်ချင်တယ် ဆိုရင် မြန်မာ ပရိတ်သတ်ရှေ့ ၊ မြန်မာ မိန်းကလေးတွေရဲ့ ရှေ့ကို ရောက်မလာ သင့်ပါဘူး ။ တကယ်တမ်းပြောရမယ် ဆိုရင် သူတို့ဟာ မြန်မာမိန်းကလေးတွေရဲ့ ကောင်းမွန်တဲ့ ပုံရိပ်သင်္ကေတ ဖြစ်သင့်သလို ၊ ယိုင်နဲ့နေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို လမ်းမှန်ရောက်အောင်တွန်းပို့ပေးတဲ့ ရှေ့ဆောင်ပြပေးတဲ့ သူတွေသာ ဖြစ်သင့်ပါတယ် ။ ပရိတ်သတ်ရဲ့ အားပေးမှု နဲ့ ရပ်တည်တယ် ပြောပြီး ပရိတ်သတ်ကို ဒီလိုနည်းနဲ့သာ ပြန်ပြီး ကျေးဇူး ဆပ်သင့်ပါတယ် ။

မြန်မာ မိန်းကလေး အများစုကို ပြောရမယ်ဆိုရင်လည်း ကိုယ်ကိုတိုင် ရဲ့ ကိုယ်ကျင့်သိက္ခာ ၊ ကိုယ်ကိုတိုင်ရဲ့ တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်မှပဲ ရတာပါ ၊ ဘယ်မိဘ ဘယ်အသိုင်းအ၀ိုင်းကမှ ကိုယ့်ရဲ့ ကိုယ်ကျင့် တရား ဂုဏ်သိက္ခာ ကာကွယ်ပေးလို့ မရသလို ၊ ဘယ်လို ဓနဥစ္စာ အဆောင်အယောင် ကမှလည်း ကိုယ့်တန်ဖိုးကို မြှင့်တင်ပေးလို့ မရပါဘူး ၊ မြန်မာပြည်မှာ မွေးပြီး မြန်မာ လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့ သူတွေမို့ ဒီအချက်တွေဟာ မြန်မာ မိန်းကလေး တစ်ယောက်အတွက် အသက်ထက်ဆုံး တန်ဖိုးထားစောင့်ထိန်းရမယ့် ဘ၀ရဲ့ အရေး အကြီးဆုံး အရာတွေပါပဲ ၊ ဒါကြောင့် ကိုယ့်တန်ဖိုးကို နိမ့်ကျစေမဲ့ အတုမယူသင့်တဲ့ အရာတွေကို အတု မယူသင့်ပါဘူး ။

ချက်ပေါ် ပေါင်ပေါ် ၀တ်ပြနိုင်မှ ခေတ်မှီတာ မဟုတ်သလို ၊ ဒီလိုဝတ်ပြလို့ လူစိတ်ဝင်စားတာ ခံရပြီ ဆိုရင်လည်း ကိုယ့်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဝင်စားခြင်းမျိုးမဟုတ်တာတော့ သေချာပါတယ် ၊ ဘာလိုချင်လဲ ဘာပေးနိုင်မလဲ ဆိုတဲ့ သကောင့် သားတွေရဲ့ စိတ်ဝင်စားခြင်းမျိုးပဲ ခံရမှာပါ ၊၊ ကြီးလိုက်တဲ့ အန္တရာယ် ..။

တချို့မိန်းကလေးတွေ ဟာ မလုံ မခြုံဝတ် ၊ သရုပ်ပျက် အပြင်အဆင်တွေနဲ့ ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့ နေရာတွေကိုသွား ၊ သူ့စည်းကိုယ့်စည်း စောင့်ထိန်းရမှန်းမသိ ပျော်ကြ ပါးကြနဲ့ ၊ အလွန့်ကို စိတ်ပျက်ဖွယ် ၊ ရင်လေးစရာ လုပ်ရပ်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် လုပ်လို့နေကြပါပြီ ၊ ချင့်ချိန်စဉ်းစားကြပါအုံး ၊ ကိုယ့် ဘ၀ကို ဒီလောက်နဲ့ပဲ ရပ်တန့် ကြတော့မှာ လား ၊ ရှေ့ဆက်ပြီး အိနြေ္ဒသိက္ခာရှိပြီး အပြစ် အနာအဆာကင်းတဲ့ မိန်းကလေးတွေ အဖြစ် မရပ်တည်ချင်ကြတော့ဘူးလား ၊ တကယ့်ကို ထက်မြက်ပြီး အဆင့် အတန်းရှိတဲ့ မိန်းမကောင်းလေးတွေအဖြစ် မရပ်တည်ချင် ကြတော့ ဘူးလား ၊ ဘာကြောင့် များ ကိုယ့်ကိုကိုယ် အရင်းအနှီးပြုပြီး ၂ခါပြန် ရှုံး ၊ ၁၀ ခါပြန်ရှုံး ၊ ဘ၀တစ်သက်လုံး ရှုံးမဲ့ အရှုံးတွေကို လုပ်နေကြပါသလဲ ၊ ဘယ်သူကများ အတင်းအဓ္ဒမ အရင်းအနှီး ထုပ်ခိုင်းနေလို့လဲ သာ မေးချင်ပါတယ် ။

သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို အလွန် သတိထား ကြပ်မတ်ရမဲ့ အချိန်အခါကို ရောက်လို့နေ သလို ၊ တချို့သော သူတွေဟာ နှမချင်းမစာမနာ ၊ သားသမီးချင်း မစာမနာ ၊ ကိုယ့်အတွက် ၊ ကိုယ့် အကျိုးစီးပွားအတွက်သာ ကြည့်တတ်ကြလို့ ကိုယ့်မြေ ကိုယ့်ရေ နဲ့ အသက်ဆက်ပြီး ကိုယ့် အမျိုး ကိုယ်တော့ မဖျက်ဆီး ကြပါနဲ့လို့ အကြံပေးချင်ပါတယ် ။

ဒီနေရာမှာ ခန္ဒာကိုယ်ကိုရင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မိန်းကလေးတွေ အကြောင်းတော့ မဆွေးနွေး ၊ မထောက်ပြလိုပါဘူး ။ ဘက်စုံ ထောင့်စုံ (အထူးသဖြင့် စီးပွားရေ ၊ ပညာရေး) ချွတ်ယွင်းအားနည်း နေတဲ့ ကျမတို့ နိုင်ငံအတွက် ဒါတွေကိုသာ သွားထောက်ပြနေရင် အဆင့်ကျော်သလို ဖြစ်နေပြီး ၊ သူတို့ပေးတဲ့ အကြောင်းပြချက်တွေ နားထောင်ရတာနဲ့တင် မောသွားနိုင်ပါတယ် ။

နောက်ဆုံး အနေနဲ့ အကြံပေး တိုက်တွန်းချင်တာကတော့ ဘယ်ခေတ် ဘယ်စနစ်မှာပဲဖြစ်ဖြစ် ၊ ဘယ်အရပ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် ၊ ဘယ်အချိန် ဘယ်အခါမှာပဲ ဖြစ်ဖြစ် ငါ ဟာ မြန်မာပြည်ထဲက မြန်မာမိန်းကလေး တစ်ယောက်ဆိုတာတော့ လုံးဝ မမေ့အပ်သလို ၊ အမြဲတမ်း သတိပေးနေဖို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အရေးကိစ္စမဟုတ်ဘဲ ၊ အမျိုးသားရေးကိစ္စ တစ်ခုဖြစ်နေလို့ပါပဲရှင်....။

အရာရာတိုင်းဟာ အတုယူခြင်းကစပြီး တတ်မြောက်ရတာမို့ ၊ ကောင်းသော အရာများကိုသာ အတုယူကြ ပြီး ကိုယ် ကျိုးအတွက် ရော ၊ အများအကျိုးအတွက်ရော အသုံးချ နိုင်မယ့် အတတ်ပညာများကို ရရှိခံစားနိုင်ကြ ပါစေ လို့ ဆန္ဒပြုလျက်........... မမြန်မာ (၂၃-၀၃-၂၀၁၂)

( စာရေးဆရာ မဟုတ်လို့ ကျမ အရေးအသားတွေ မညက်ညော ရင် တောင်းပန်ပါတယ် ၊ စိတ်ထဲ ရှိတဲ့ အတိုင်းချရေး မိခြင်းပါ )

Ma Myanmar Facebook မှ ကူးယူခဲ့ပါသည်။


Posted by PNSjapanat 1:06 AM

Shard from မျိုးချစ် ကရင်

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete