Wednesday, March 21, 2012

“ရဝေနွယ်အသစ်”စာအုပ်အတွက် “အရှင်ဆန္ဒာဓိကရဲ့ ” အမှာစာ (အပိုင်း- ၂ )

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ခေါင်းစဉ်တပ်ပြီး “ပြုတ်ကျ ဘဝရဲ့ ဒုက္ခအလှ” အတွေ့ အကြုံလေး တွေကို ဆောင်းပါးရှည် စာအုပ်တစ်အုပ် မှတ်တမ်း တင်ရေးသားဖို့ စိတ်ကူးမိပေမယ့် အကြောင်းမညီညွှတ်လို့ မရေးဖြစ်တော့ပါဘူး။ ပြုတ်ကျဖော် ပြုတ်ကျဖက်၊ ကျိုးဖော်၊ ကျိုးဖက် ဆရာတော် ရဝေနွယ်ကတော့ “ရဝေနွယ် အသစ်” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ ဆောင်းပါးရှည် ရေးဖြစ်သွား ပါတယ်။

“တပည့်တော်က အရြှင်ဘုရား ခြေထောက်ကျိုးတဲ့ အတွေ့အကြုံ လေးတွေ ပါမယ်မှတ်နေတာ ...၊ “ရဝေနွယ် အသစ်” ဆိုတော့ ရဝေနွယ်ရဲ့ ဘဝ ဇာတ်ကြောင်းလေးတွေ၊ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေ၊ ရင်တွင်းခံစားချက် လေးတွေ ပါမယ် အောက်မေ့လို့...၊ ပါမလာဘူးနော်” လို့ စာရေးသူက ပြောတော့ ဆရာတော် ရဝေနွယ်က ...

“တပည့်တော် ကိုယ့်အကြောင်းကိုယ် မရေးရဲလို့ပါ” ... တဲ့။ ရိုးသားလိုက်တဲ့ အဖြေ ...၊ ကြည်ညိုပါတယ် ဘုရား...။မရေးရဲလို့ မရေးဖြစ်ပေမယ့် ကိုယ့်ဘာသာတွေးပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ထားတဲ့ ရင်တွင်းဖြစ်လေးတွေ တသီတတန်းကြီး ရှိလိမ့်မယ်လို့တော့ မှန်းဆရပါတယ်။ “ဘယ်သူမြင် ဘယ်သူသိမှာလဲ၊ သူရှိတယ် ကိုယ့်ရင်ထဲ၊ အမြဲငြိတွယ်” ပေါ့နော...။ “သူ” ဆိုတော့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေ၊ သင်ခန်းစာတွေ၊ သုံးသပ်ဆုံးဖြတ် မှုတွေကို ပြောတာပါ။ စာဖတ်သူတိုင်းကတော့ စာရေးသူတွေရဲ့ ကိုယ်တွေ့ အဖြစ်အပျက် ခံစားချက်တွေကို ဖတ်ချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သဘောတရား သက်သက် ဖတ်ရရင်လည်း ကိုယ်တွေ့နဲ့ နှိုင်းယှဉ်ပြီး ခံစားသုံးသပ်နိုင်တဲ့ အတွက် ကျေနပ်ပါတယ်။ စာရေးသူရဲ့ “အတွေ့အကြုံ”ကို စာဖတ်သူရဲ့ “အတွေ့အကြုံ”နဲ့ ပေါင်းစပ်ပြီး လက်တွေ့ ဘဝထဲမှာ အံဝင်ခွင်ကျ အသုံးချ ဖြစ်ဖို့က စာဖတ်သူတိုင်းရဲ့ တာဝန်ပဲ မဟုတ်ပါလား...။

“ရဝေနွယ်အသစ်” ထဲမှာပါတဲ့ သဘောတရားတွေဟာ ရဝေနွယ် အသစ်ဖြစ်အောင် ထုဆစ် ပုံဖော်မယ့် ကိရိယာတန်ဆာ ပလာတွေပါ။ အဲဒီ ကိရိယာ တန်ဆာပလာတွေ အတိုင်း စာဖတ်သူက စာဖတ်သူရဲ့ ဘဝကို ထုဆစ် ပုံဖော်ရင် စာဖတ်သူလည်း “စာဖတ်သူအသစ်” ဖြစ်သွားမှာပါ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို “စိတ်ဓာတ် အသစ်၊ လုပ်ရင်အသစ်” ဆိုတဲ့ စကားလုံးလေးနဲ့ တွဲပြီးမြင်ပါတယ်။စိတ်ဓာတ်နဲ့ လုပ်ရပ်ဟောင်းနေရင် လူအဟောင်း၊ စိတ်ဓာတ်နဲ့ လုပ်ရပ် သစ်နေရင် လူအသစ်...။

လောဘ၊ ဒေါသ၊ မောဟ (အတိုချုပ်ပြောတော့ လော ဒေါ မော) ဆိုတာ သံသရာ တစ်လျှောက်လုံး အမြဲတမ်း ပေါင်းသင်းခဲ့တဲ့ အဟောင်း တရား...။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ လော ဒေါ မော တွဲနေရင် စိတ်ဓာတ် အဟောင်း၊ လုပ်ရပ်အဟောင်း ...၊ လူလည်း အဟောင်း။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ လော ဒေါ မော တွဲမနေရင် စိတ်ဓာတ် အသစ်၊ လုပ်ရပ် အသစ် ...၊ လူလည်း အသစ်။

“အဟောင်း ပျောက်လို့ အသစ်ရောက်”တဲ့ “လူ အသစ်” ဖြစ်ချင်ရင် လောဘ ခေါင်းပါး ရမယ်၊ ဒေါသ လျော့ပါး ရမယ်၊ မောဟ လွင့်ပါးရမယ်။ “ပါးသုံးပါး” ပေါ့ ...။ ခေါင်းပါး၊ လျော့ပါး၊ လွင့်ပါး ...။

သာသနာတွင်း သီလ၊ သမာဓိ၊ ပညာ ဆိုတာ သာသနာနဲ့ ကြုံမှ ဖြည့်ကျင့်ခွင့်ရတဲ့ အသစ်တရား...။ ဓိတ်ဓာတ်နဲ့ လုပ်ရပ်မှာ သီလ၊ သမာဓိ၊ ပညာတွဲ နေရင် စိတ်ဓာတ် အသစ်၊ လုပ်ရပ်အသစ် ...။ လူလည်း အသစ်။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ သီလ၊ သမာဓိ၊ ပညာ တွဲမနေရင် စိတ်ဓာတ် အဟောင်း၊ လုပ်ရပ် အဟောင်း၊ လူလည်း အဟောင်း။

“အသစ်ရောက်လို့ အဟောင်းပျောက်” တဲ့ “လူ အသစ်” ဖြစ်ချင်ရင် သီလ ဖြောင့်ရမယ်၊ သမာဓိ ခိုင်မတ်ရမယ်၊ ပညာ မြင့်မတ်ရမယ်။ “မတ်သုံးမတ်” ပေါ့...။ ဖြောင့်မတ်၊ ခိုင်မတ်၊ မြင့်မတ် ....။

အဟောင်းပျောက်လို့ အသစ်ရောက်ရင်လည်း အသစ်၊ အသစ်ရောက်လို့ အဟောင်းပျောက်ရင်လည်း အသစ်...။ အဟောင်းပေါ်လာတိုင်း ဖျောက်ဖျက် ပစ်သွားမယ် ဆိုရင်လည်း အသစ်ဖြစ်၊ အသစ်ပေါ်လာတိုင်း ဖြည့်ဆည်း ဖြစ်သွားမယ် ဆိုရင်လည်း အသစ်ဖြစ်...။

အသစ်ဖြစ်ချင်ရင် အဟောင်းတွေ ကုန်အောင်ထုတ်။

အသစ်ဖြစ်ချင်ရင် အသစ်တွေ ပြည့်အောင်ဖြည့်။

အဟောင်းလုံးဝ ကုန်ရင် လုံးဝ အသစ်ဖြစ်ပြီ၊ အသစ်လုံးဝ ပြည့်ရင် လုံးဝ အသစ်ဖြစ်ပြီ ...။ အဟောင်းကုန်မှတော့ အသစ်ဖြစ်ပြီပေါ့၊ အသစ် ပြည့်နေမှတော့ အဟောင်းအတွက် နေရာ ဘယ်ရှိပါတော့မလဲ...။

အဟောင်းကုန်ဖို့ အဓိကလား၊ အသစ်ပြည့်ဖို့ အဓိကလား...။

အဟောင်းကုန်မှ အသစ်ပြည့်မယ်။ အသစ်ပြည့်မှာ အဟောင်းကုန်မယ်....။

အမှောင် ပျောက်ရင်လည်း အလင်းရောက်ပါတယ်၊ အလင်း ရောက်ရင်လည်း အမှောင် ပျောက်ပါတယ်။ တစ်ပြိုင်တည်းပါပဲ။ “သွေးသားတွေ ပြောင်းပြီး လှလာလိုက်တာ” ဆိုတဲ့ နေရာမှာ သွေးသား အဟောင်းတွေ ပျောက်သွားလို့လည်း သွေးသား အသစ်တွေ ရောက်လာတာပါ။ သွေးသား အသစ်တွေ ရောက်လာလို့ လည်း သွေးသား အဟောင်းတွေ ပျောက်သွားတာပါ။ တစ်ပြိုင်တည်းပါပဲ။

လောဘ၊ ဒေါသ၊ မောဟ အဟောင်း အဟောင်းတွေ ပျောက်သွား ရင်လည်း သီလ၊ သမာဓိ၊ ပညာ အသစ် အသစ်တွေ ရောက်လာပါလိမ့်မယ်။ သီလ၊ သမာဓိ၊ ပညာ အသစ်အသစ်တွေ ရောက်လာ ရင်လည်း လောဘ၊ ဒေါသ၊ မောဟ အဟောင်း အဟောင်းတွေ ပျောက်သွားပါလိမ့်မယ်။ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်လေ ... သီလ၊ သမာဓိ၊ ပညာ ပြည့်စုံလေ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံလေ ...၊ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်လေ။ တစ်ပြိုင်တည်းပါပဲ။အရှင်ဆန္ဒာဓိက အဟောင်း ပျောက်သွားရင် အရှင်ဆန္ဒာဓိက အသစ် ဖြစ်လာပါလိမ့်မယ်၊ အရှင်ဆန္ဒာဓိက အသစ်ဖြစ်လာရင် အရှင်ဆန္ဒာဓိက အဟောင်း ပျောက်သွားပါလိမ့်မယ်၊ တစ်ပြိုင်တည်းပါပဲ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို စာရေးတဲ့ အလုပ်နဲ့ တွဲတွဲပြီး သတိရတတ်ပါတယ်။

လိုအပ်ချက်နဲ့ စေတနာအရ တခြားပရဟိတ အလုပ်တွေကို မလွှဲမရှောင်သာ လုပ်နေရပေမယ့် ကိုယ့်ရဲ့ အဓိက ပရဟိတ အလုပ်က စာရေးတဲ့ အလုပ်ဆိုတာကို ဘယ်တော့မှ မမေ့ပါဘူး။ တခြားဘာ ပရဟိတ အလုပ်ပဲ လုပ်နေ လုပ်နေ “ဒါငါ့ရဲ့ အဓိက အလုပ်မဟုတ်ဘူး၊ ပရဟိတနဲ့ ပတ်သက်ရင် ငါရဲ့ အဓိကအလုပ်က စာရေးတဲ့ အလုပ်ပဲ” လို့ အမြဲနှလုံးသွင်း ပါတယ်။ “တခြား အလုပ်တွေကြောင့် အဓိက အလုပ် မထိခိုက်ပါစေနဲ့” လို့လ်း အမြဲသတိပေး နေပါတယ်။ ပရဟိတနဲ့ ပတ်သတ်ပြီး စာရေးတဲ့အလုပ် တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ဖြစ်သွားတဲ့ တစ်နေ့ဟာ ကိုယ်ကိုကိုယ် တကယ်ကျေနပ် အားရတဲ့ “အရှင်ဆန္ဒာဓိက အသစ်” ဖြစ်လာတဲ့နေ့ပါပဲ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ခရီးသွားစရာ ကိစ္စကြုံလာတိုင်း အားမလိုအား မရ ရေရွတ်နေမိတတ်ပါတယ်။ အခြေအနေ၊ အချိန်အခါအရ မလွှဲမရှောင်သာ ခရီးတွေ သွားသွားနေရပေမယ့် ပြည်တွင်းခရီးလည်း ဘယ်ကိုမှ မသွားချင်တော့ပါဘူး။ ပြည်ပခရီးလည်း ဘယ်ကိုမှ မသွားချင်တော့ပါဘူး။ ကိုယ့်တောရ ကျောင်းမှာ ပဲ အမြဲနေချင်လှပါပြီး။ တောရကျောင်းမှာ နေချိန်များလေ၊ စာလည်း ပိုရေးဖြစ်လေပါ။ စာရေးတဲ့ အလုပ်ကိုရည်ရွယ်ပြီး “မင်းအခု ဘာလုပ်နေလဲ” လို့အမြဲ မေးဖြစ်သလို.. ခရီးသွားတဲ့ ကိစ္စကို ရည်ရွယ်ပြီး “မင်းအခု ဘယ်ရောက်နေလဲ” လို့လည်း အမြဲမေးဖြစ်ပါတယ်။ ဒီမေးခွန်းနှစ်ခုက ကိုယ့်ကိုကိုယ် အမြဲမေးဖြစ်နေတဲ့ မေးခွန်းနှစ်ခုပါပဲ။ စိတ်တိုင်းကျတဲ့ အဖြေကတော့ မရတစ်ချက် ရတစ်ချက်ဖြစ်နေဆဲပါပဲ။

“အရှင်ဆန္ဒဓိက အသစ်” ဆိုတဲ့စကားလုံးလေးကို စာရွက်ပေါ် မှာနဲ့ နှုတ်ခမ်းဖျားမှာပဲ ကပ်ငြိ မနေစေချင်ပါဘူး။ နှလုံးသားပေါ်မှာနဲ့ လက်တွေ့ ဘဝထဲမှာပါ စွဲထင်နေစေချင် ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစား လျက်ပါ။ တဖြည်းဖြည်းတော့ ဖြစ်လာပါလိမ့်မယ်။

“အရှင်ဆန္ဒာဓိက အသစ်”ဆိုတဲ့ စကားလုံးလေးကို ...........................................................။”

ထာဝရ အေးချမ်းကြပါစေ ...။

မေတ္တာဖြင့်

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


Shared from Shwe Yee

No comments:

Post a Comment