Sunday, March 25, 2012

“ဥဇုဂုဏ်”

အရှင်ပဏ္ဍိတာဘိဝံသ

မာယာ သာဌေယျ စသော ကောက်ကျစ် စဉ်းလဲကြောင်း တရားများ မရှိသော ၊ ရိုးသား ဖြောင့်မတ်သော ဖြောင့်မတ် မှန်ကန်သော ဂုဏ်သည် “ဥဇု”ဂုဏ်မည်၏။ ယင်း ဥဇုဂုဏ်ကား အလွန် အရေးကြီး၏၊ အလွန် လိုအပ်လှ၏ ၊ ဤလောက၌ ဥဇုဂုဏ် ရှိနေကြမည် ဆိုလျှင် ရှုတ်ထွေး ပွေလီသည့် အမှုကိစ္စတွေ ဖြစ်ပေါ်လာကြမည် မဟုတ်၊ ဥဇုဂုဏ် နည်းပါးကြ၍သာ ရှုတ်ထွေးမှုအလီလီ ဖြစ်ပေါ်နေကုန်၏။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်က မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသည့် အနေဖြင့် သတ္တ၀ါများအပေါ်မှာ မေတ္တာ ပွားသူများ သည်ပင် “ သက္ကော ဥဇူ စ သုဟုဇူ စ” ဟု ဥဇုဂုဏ်နှင့် ပြည့်စုံရမည် ဖြစ်ကြောင်း ဟောမိန့်တော် မူခဲ့၏။ ဤဥဇုဂုဏ်ကာ ပဓာနိယင်္ဂ ငါးပါးတွင်လည်း တစ်ပါးအပါအ၀င် ဖြစ်၏။

ရိုးသားဖြောင့်မတ်သူသာ သူတစ်ပါး အပေါ် မေတ္တာထားနိုင်မည်ဖြစ်၏။ ကောက်ကျစ်စဉ်းလဲခြင်း၊ လှည့်ပတ်ခြင်း ရှိသူ များကား သူတစ်ပါးအပေါ် မေတ္တာထားနိုင်မည်မဟုတ်။ မေတ္တာသာ မဟုတ် မရိုးမဖြောင့် သူများ၌ အခြား ကိုယ်ကျင့်တရား ကောင်းများ ဖြစ်ပွားရန်လည်း မလွယ်။ စင်ကြယ်သန့်ရှင်းသော ပိတ်ကား ချပ်ပေါ်မှာသာ ပန်းချီဆေး တောက်ပ ပေါ်လွင်စွာ ထင်ရှားနိုင်၍ ညစ်ပေနေသော ပိတ်ကား ချပ်ပေါ် တွင် ဆေးရောင်မပေါ်လွင် မထားရှားနိုင်သကဲ့သို့ ကောင်းမြတ်သော တရားများကား သန့်ရှင်းစင်ကြယ်သော စိတ်ဓာတ်၌သာ ထင်နိုင် တည်နိုင်၍ စိတ်ဓာတ် မသန့်ရှင်း မဖြောင့်မတ်သူ၌ တည်နိုင် ခွင့် မရှိချေ။ ထို့ကြောင့် ရိုးသားဖြောင့်မတ်မှုသည် အလွန်အရေးကြီးသောကြောင့် “ဥဇု သုဟုဇု”ဟု နှစ်ချက် ထပ်၍ ဟောကြားခဲ့ခြင်း ဖြစ်သည်ဟု ပရိတ်ကြီး နိဿယျသစ်၌ ကျမ်းပြုအကျော် သပြေကန်ဆရာတော် မိန့်တော်မူ၏။

ဤ၌ အလျင်းသင့်၍ ဥဇု သုဟုဇု နှစ်မျိုး၏ ထူးခြားချက်ကို တင်ပြပါဦးမည်။ ကိုယ်, နှုတ် ဖြောင့်မတ်သူသည် ဥဇု မည်၏။ စိတ်ဖြောင့်မတ်သူသည် သုဟုဇုမည်၏။ တစ်ကြိမ် ဖြောင့်မတ်သူသည် ဥဇု မည်၏။ အမြဲဖြောင့်မတ်သူသည် သုဟုဇု မည်၏။ စဉ်းလဲ ကောက်ကျစ်မှု မရှိသူသည် ဥဇုမည်၏။ လှည့်ပတ် ဖြားယောင်းမှု မရှိသူသည် သုဟုဇုမည်၏။ မိမိ၌ ထင်ရှား မရှိသော ဂုဏ်ကို ထင်စွာမပြုသူ၊ မဖော်ထုတ်သူသည် ဥဇုမည်၏။ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကြောင့် ဖြစ်ပေါ်လာသော ပစ္စည်းလာဘ်ကို လက်ခံ သိမ်းပိုက်မှု မပြုသူသည် သုဟုဇုမည်၏။ (ခုဒ္ဒက၊ဋ္ဌ၊ ၂၀၄။ သုတ္တနိ၊ဋ္ဌ၊ ၁၊ ၁၈၁၊ ပရိတ္တ၊ဋီ၊၅။)

ဖြောင့်မတ်ခြင်း ဥဇု, လွန်စွာ ဖြောင့်မတ်ခြင်း သုဟုဇု-တို့၏ ဆန့်ကျင်ဘက်တို့ကား မာယာ၊ သာဌေယျ၊ ကုဟန၊ လပန၊ နေမိတ္တိကထာ၊ နိပ္ပေသိကထာ စသည်တို့တည်း။ ထို့တွင် မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို ဖုံးလွမ်းခြင်း သဘောသည် “မယာ”မည်၏။ မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ထုတ်ဖော်ပလွှား ၀ါကြွား ပြောဆို ခြင်းသည် “သာဌေယျ”မည်၏။လာဘ်ပေါ များလိုမှု, ထင်ပေါ်ကျော်ကြားလိုမှု, ရိုသေဆည်းကပ်လိုမှု အကြောင်းပြု၍ မိမိကို အထင်ကြီးအောင် ချီးမွမ်းအံ့သြအောင် ပြုလုပ်ပြောဆိုခြင်း၊ ဈာန်တရား၊ မဂ်တရား ရလေဟန် သိဒ္ဓိအမျိုးမျိုးပြီး လေဟန် ပြောဆိုခြင်းမျိုးသည် “ကုဟန”မည်၏။

လာဘ်လာဘနှင့်စပ်သောစကားကို ပေးလှုချင်လာအောင် လမ်းကြောင်းပေး၍ ပြောဆိုခြင်း၊ ဘုန်းကြီးကို မည်သည့် ဗိုလ်ချုပ်ကြီးက ကိုးကွယ်သည်၊ မည်သည့် ၀န်ကြီးက ကိုးကွယ်သည် စသည် မြေပိုင်ရှင်ကြီး၊ ကုမ္မဏီပိုင်ရှင်ကြီး စသည် ဖြင့် ဒကာ ဒကာမတို့ကို မြှောက်ပင့်၍ ပြောဆိုခြင်း၊ မလှုဘဲ မနေသာအောင် ဖွဲ့နှောင်ရစ်ပတ်၍ ပြောဆိုခြင်းမျိုးသည် “ပလန”မည်၏။ မိမိ အလိုရှိအပ်သော ၀တ္ထုကို အရိပ်နိမိတ်ပြု၍ ပြောဆိုခြင်းမျိုးသည် “နေမိတ္တိကထာ”မည်၏။ အလှုဘဲ မနေ၀ံ့အောင် ဆဲရေးခြင်း၊ ရှုတ်ချ ခြင်း၊ သဒ္ဓါတရားမရှိသူ ရတနာသုံးပါးကို မကြည်ညိုသူ၊ နှမြောတွန့်တိုသူ စသည်ဖြင့် ကဲ့ရဲ့ခြင်းမျိုးသည် “နိပ္ပေသိကထာ” မည်၏။ (အဘိ၊ဌ၊၂၊ ၂၇၄။ ၀ိသုဒ္ဓိ၊၁၊ ၂၂-၂၃)

မာယာ, သာဌေယျ စသည်အပြစ်များမှ ကင်းစင်၍ ရိုးသားဖြောင့်မတ်ခြင်း, ဖြောင့်မတ် မှန်ကန်ခြင်း ဂုဏ်သည် “ဥဇု” ဂုဏ်မည်၏။ ကျေးဇူးတော်ရှင် ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဒေါက်တာ အရှင်သီလာနန္ဒာဘိဝံသ မထေရ်မြတ်ကား ဥဇုဂုဏ်နှင့် လုံးဝဥဿုံ ပြည့်စုံသည့် ဆရာတော် တစ်ပါး ဖြစ်ပါသည်။

ဆရာတော်သည် မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကိုပင် ပြောဆိုဖို့ မဆိုထားဘိ မိမိ၌ ထင်ရှားရှိသော ဂုဏ်ကိုပင်ထုတ်ဖော် ပြောဆိုလေ့မရှိပေ။ ကိုယ်အမူအရာအားဖြင့်လည်း သူတစ်ပါး အထင်ကြီးအောင် ပေါ်လွင်ထင်ရှားအောင် ဟိတ်ဟန်လုပ်၍ နေလေ့မရှိ။ အမြဲတမ်း အေးအေးမှန်မှန်ပင် နေလေ့ရှိ၏။ သို့ဖြစ်၍ ဆရာတော်ကို စာတတ်ပေတတ် ကျမ်းပြုအကျော် ဆရာတော်ဟူ၍ သိသူ နည်းပါးလှ၏။ ပညာရှင်လူပုဂ္ဂိုလ် များနှင့် ဆရာတော်၏ ပညာအရည်အချင်းကို သိသူရဟန်းအချင်း ချင်းကသာ ဆရာတော်ကို ယုံကြည်ကိုးစား အားထားကြ၏။ ရိုသေလေးမြတ် ဆည်းကပ်ကြ၏။

စာရေးသူသည် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သူဌေးတန်းကျောင်းနာယကဆရာတော် အရှင်မာနိတသိရီဘိဝံသ၊ စည်ရှင် နာယကဆရာတော် အရှင်အဂ္ဂဉာနာဘိဝံသ တို့နှင့်အတူ ဆရာတော်ထံ မုဒ္ဓဗောဓ၊ သက္ကတ သဒ္ဒါကျမ်းနှင့်အင်္ဂလိပ် စာ အနည်းအကျဉ်း သင်ယူဖူး၏။ ဟေတုဝေကလ္လ အကြောင်း ချို့တဲ့သဖြင့် သက္ကတသဒ္ဒါကို ကောင်းစွာ မတတ်မြောက်ခဲ့၊ စည်ရှင် နာယကဆရာတော် အရှင်အဂ္ဂဉာနာဘိဝံသကမူ ဟေတုသမ္ပန္န အကြောင်းပြည့်စုံသဖြင့် သက္ကတသဒ္ဒါကို ကောင်း စွာ တတ်မြောက်ပါသည်။ ယင်းသို့ ဆရာတော်ထံ ပညာသင်ယူခွင့်ရသဖြင့် ဆရာတော်နှင့် အထိုက်အလျောက် ရင်းနှီးခွင့် သိကျွမ်းခွင့်ရခဲ့၏။ ဆရာတော်သည် ရိုးသား၏၊ ဖြောင့်မတ်၏၊ အေးဆေးတည်ငြိမ်၏၊ ဟိတ်ဟန် မလုပ်တတ်၊ အပေါ်စီးက နေရာ မယူတတ်၊ တစ်ခါတစ်ရံ သူ၏ထံ ပညာသင်ယူနေသော စာရေးသူတို့၏ အရိုအသေပြုမှု လေးစားမှုကိုပင် အားတုံ့ အားနာ ဖြစ်ဟန်ရိုနေ၏။

ဆရာတော်၏ ပညာစွမ်းအား ပညာအရည်အချင်းကို စာရေးသူအနေနှင့် မရေးသား မတိုင်းတာဝံ မတိုင်းတာနိုင်ပါ။ ဥပမာ ပြုရသော် ဘုရားရှင် လက်ထက်တော်အခါက ပင်္ဂီယာနီပုဏ္ဏားသည် ဘုရားရှင် အထံတော်မှ ပြန်လာစဉ် လမ်းခရီး အကြား၌ ကာရဏပါလီပုဏ္ဏားနှင့် တွေ့ဆုံ၏၊ ထိုအခါ ကာရဏပါလီပုဏ္ဏားက “ အဆွေ ပင်္ဂီယာနီ ဘယ်အရပ်က လာပါ သလဲ” ဟု မေးမြန်းရာ ဘုရားရှင်အထံတော်က လာခဲ့ကြောင်း ပြေဆို၏။ သို့ဖြစ်လျှင် “အဆွေ ပင်္ဂီယာနီ ရဟန်းဂေါတမ ၏ ဉာဏ်ပညာ အစွမ်းကို သင်ဘယ်လိုမြင်ပါလဲ၊ ရဟန်းဂေါတမကို ပညာရှိတစ်ဆူဟု မှတ်ထင်ပါသလား ဟု မေးမြန်း၏။ ထိုအခါ ပင်္ဂီယာနီ ပုဏ္ဏားက “ကျွန်ုပ်က ဘယ်လိုလူစားမို့ ရဟန်းဂေါတမ၏ ပညာစွမ်းကို သိနိုင်မှာလဲ၊ ရဟန်းဂေါတမလို ပညာရှိသူများသာ ရဟန်းဂေါတမ၏ ပညာစွမ်းကို သိနိုင်မှာပ” ဟု ပြောဆိုလေသည်။

ထိုနည်းတူစွာပင် အရှင်သီလာနန္ဒာဘိဝံသ၏ ပညာအရည်အချင်းကို အရှင်သီလာနန္ဒာဘိဝံသလို ပညာရှင်များသာ သိနိုင်မည် ဖြစ်ပါသည်။

ပညာရှင်များကမူ အရှင်သီလာနန္ဒာဘိဝံသသည် မာဂဓ သက္ကတ စွမ်စုံတတ်မြောက်သည့် ပညာရှင် တစ်ဆူဟု အသိ အမှတ်ပြုကြသည်။ စာရေးသူ ရန်ကုန်ရောက်ခါစ အချိန်က ဓမ္မဃောသက ဦးမောင် မောင် ပင့်လျှောက်၍ ဂန္ဓီခန်းမ စာပေ ဟောပြောပွဲတစ်ခုသို့ သွားရောက် နားထောင်ဖူးသည်။ ထိုစာပေဟော ပြောပွဲတွင် စာရေးဆ၇ာ တစ်ဦးက ဆရာတော် ဦးဗုဓ် စာတတ်ကြောင်း၊ ပညာတော်ကြောင်း၊ ကျမ်းဂန်နှံ့စပ် ကြောင်း အကျယ်တ၀င့် ဟောပြောသွား၏။ ထို့နောက် ဆရာမာဃ အလှည့် ရောက်သောအခါ ဆရာမာဃက ဆရာတော် ဦးဗုဓ်သည် မာဂဓ ကျွမ်းကျင်သော်လည်း သက္ကတ မကျွမ်းကျင်သဖြင့် အချို့ပါဌ် အဆုံးအဖြတ် များတွင် ပြည့်စုံ ထိရောက်မှု မရှိကြောင်း၊ ပရသမယ တည်းဟူသော တောအုပ်သို့ မချင်းနင်း မ၀င်ရောက်နိုင် ကြောင်း အရှင်သီလာနန္ဒာဘိဝံသသည် မာဂဓ သက္ကတ စွယ်စုံတတ်မြောက် ကြောင်း၊ ပရသမယတည်းဟူ သော တောအုပ်သို့ ကောင်းစွာ ချဉ်းနင်း ၀င်ရောက်နိုင်ကြောင်း ဟောပြောသွားပါသည်။ သို့ဖြစ်၍ ပညာရှင် များကမူ အရှင်သီလာနန္ဒာဘိဝံသသည် သက္ကတ မာဂဓ စွယ်စုံတတ်မြောက်ကြောင်း အသိအမှတ် ပြုကြသည်။

ဆရာတော် အရှင်သီလာနန္ဒာဘိဝံသသည် မာဂဓ သက္ကတ ကျမ်းဂန်အရပ်ရပ်တို့၌ နှံ့စပ် ကျွမ်းကျင်တော်မူပုံကို ဆရာ တော် ရေးသားထားသည့် ပါဏိနီယဓာတုပါဌကျမ်း၊ ၀ါကျာဝယ၀ ၀ဏ္ဏနာ ၊ ရူပသိဒ္ဓိဋီကာနိဿယ စသော ကျမ်းတို့ကို ကြည့်ရှုလေ့လာပါက သိနိုင်မည်ဖြစ်ပါသည်။

ဤကဲ့သို့ ဥဇုဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်စသည့် ဂုဏ်ပေါင်းစုံတို့ဖြင့် ဝေဆာပြန့်ကျယ်သာသနာတော်နယ် ၌ လွန်စွာ တင့်တယ်၍ သာသနာတော်၏ ဂုဏ်ကျက်သရေကို ဆောင်တော်မူသော ဆရာသခင် ကျေးဇူးရှင်အားဤစာပန်း ဖြင့် ရှိခိုးဦးတင် ကန်တော့ပန်းဆင်ပါသည်။ ရုပ် နာမ် ခန္ဓာ သံသရာ စက်ရဟတ် မချုပ်ပြတ်သေးသည်ရှိသော် ကောင်းရာ သုဂတိလားပါစေသော်။

အရှင်ပဏ္ဍိတာဘိဝံသ

ပဓာနနာယကဆရာတော်

မဟာဗောဓိပရိယတ္တိစာသင်တိုက်

မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်၊

ရန်ကုန်မြို့၊

မှတ်ချက်။ ဆန်ဖရန်စစ်စကိုမှ စေတနာရှင် ဒေါ်မြင့်မြင့်သိန်း ပေးပို့လှုဒါန်းလိုက်သော ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ဦးသီလာနန္ဒာဘိဝံသ အထိမ်းအမှတ် မော်ကွန်းစာစောင်မှ ထပ်ဆင့်၍ ဆရာတော်ဘုရားကြီးကို ပူဇော်သောအားဖြင့် ဓမ္မဒါန ပြုလိုက်ပါသည်


Shared from Shwe Yee

No comments:

Post a Comment