Tuesday, November 1, 2011

အမှန်တရားကိုမြတ်နိုးသူ



ကျွန်မငယ်ငယ်ကဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုပါ..
ဟန်သစ်မဂ္ဂဇင်းကထင်ပါတယ်။ဘယ်သူရေးတာလဲတော့မသိတော့ပါ.
ဖတ်ဖူးပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ..ကျွန်မသဘောကျမိတဲ့ ပုံပြင်လေးပါ


တစ်ခါတုန်းကရွာတရွာမှာအလွန်အရုပ်ဆိုးတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်..
သူကရုပ်ဆိုးသလောက်အပြောကကြမ်းသတဲ့ ..ဒါပေမဲ့ သူကမဟုတ်မခံသမားပါ..
တခြားမိန်းမတွေလိုမဟုတ်ကဟုတ်ကအတင်းအဖျင်းပြောခြင်းမရှိ
အဲ..အမြင်မတော်တာတွေ့ ရင်..မဟုတ်တာလုပ်တာများတွေ့ ရင်တော့
ဘယ်သူ့ ကိုမှ အားနာကြောက်ရွံ့ ခြင်းမရှိဒိုးကနဲဒေါက်ကနဲပြောတတ်ပါတယ်..
အဲဒါတွေကြောင့် လူတကာနဲ့ ပြဿနာဖြစ်ပေါင်းလည်းမနည်းတော့ပါဘူး။
မကျေနပ်တာရှိရင်လဲအမျိုးမျိုးကျိန်ဆဲနေတတ်တယ်တဲ့ ..
ကြာလာတော့ရွာထဲကလူတွေနဲ့ မတည့်ဖြစ်လာတာပေါ့..သူ့ ကိုဆိုလူတွေကမခေါ်ချင်မပြောချင်တွေဖြစ်လာပြီးတော့..ကလေးတွေကလည်းသူ့ ကိုဆိုကြောက်နေကြတော့တာပေါ့..အပြောကလဲကြမ်း၊ရုပ်ကလည်းဆိုးတာကိုး.
တချို့ ကလည်းသူ့ ကိုစုန်းအတတ်ပဲတတ်သလိုလို..သူကလူတွေကိုမကျေနပ်လို့ ကျိန်ဆဲရင်အဆဲခံရတဲ့ 
လူကခိုက်တယ်တို့ ပြောဆိုလာကြပါတယ်..လူရုပ်ဆိုးတော့စုန်းမျိုးထင်ဆိုတဲ့ စကားပုံလဲရှိတယ်မဟုတ်လား....နောက်ဆုံးတော့ရွာသားတွေရဲ့ ဝိုင်းဝန်းအရေးဆိုမှုကြောင့် သူ့ ကို
ရွာသူကြီးကရွာထဲကနှင်ထုတ်လိုက်တယ်..ဒါပေမဲ့ ရွာအပြင်ဖက်မှာတော့နေခွင့် ပြုထားတယ်..
အဲဒီရွာရဲ့ ပိုင်နက်ထဲမှာပေါ့လေ..ဒီလိုနဲ့ အဲဒီအမျိုးသမီးဟာရွာအပြင်မှာပဲတစ်ယောက်ထဲနေထိုင်ပါတော့တယ်..
သူဟာအသက်အရွယ်ကြီးလှပြီဖြစ်ပေမဲ့ သူ့ ဘာသာတောင်ယာလုပ်ကိုင်ပြီးတော့အသက်မွေးပါတယ်..
ရွာအပြင်ကတဲလေးမှာတစ်ယောက်ထဲနေလာတာတော်တော်လေးတောင်ကြာလာခဲ့ ပါပြီ..
သူရုပ်ကလည်းအသက်ကြီးလေပိုအရုပ်ဆိုးပြီးကြောက်ဖို့ ကောင်းလာလေပါပဲ..
ဒါပေမဲ့ သူကတော့တစ်ယောက်ထဲအပူအပင်မဲ့ စွာနေထိုင်ဖြတ်သန်းနေပါတယ်..
ဒီလိုနဲ့ ..တစ်နေ့ မှာတော့ဒေါ်ရုပ်ဆိုးရဲ့ တဲကလေးကိုဧည့်သည်တစ်ယောက်ရောက်လာပါတယ်..
သူကတော့ခရီးဝေးကနေလာပြီးရွာလေးထဲကိုသွားမဲ့ လူလတ်ပိုင်းတစ်ယောက်ပါ..
အဲဒီလူငယ်ဟာခ၇ီးပန်းလာတာကြောင့်တွေ့ တဲ့ တဲလေးမှာခဏနားမယ်ဆိုတဲ့ အကြံနဲ့ ဝင်လာခဲ့ တယ်
အထဲကိုရောက်တော့ဘယ်သူ့ ကိုမှမတွေ့ တာနဲ့ဟိုဒီရှာကြည့်မိတယ်..အဲဒီမှာမီးဖိုဘေးမှာထိုင်ပြီးသူ့ ကိုစူးစိုက်ကြည့်နေတဲ့ဒေါ်ရုပ်ဆိုးကိုတွေ့ ပါတယ်..လူငယ်ကဒေါ်ရုပ်ဆိုးကြီးကိုယဉ်ယဉ်ကျေးကျေးပဲခွင့် တောင်းပါတယ်.သူကခရီးဝေးကလာတဲ့ သူဖြစ်ကြောင်း၊အပြင်မှာအလွန်ပူပြီးအရမ်းလည်းပင်ပန်းနေပြီဖြစ်သဖြင့် ခဏနားပါရစေဟုခွင့် တောင်းလိုက်ပါတယ်..ဒေါ်ရုပ်ဆိုးကလည်းကြည်ကြည်ဖြူဖြူပဲခွင့် ပြုပါတယ်။
ေ၇နွေးကြမ်းတွေဘာတွေတိုက်နဲ့ ပေါ့လေ..ဒေါ်ရုပ်ဆိုးကလည်းလူတွေနဲ့ စကားမပြောရတာကြာလို့ ထင်ပါရဲ့ ..
အတော်လေးလေပေးဖြောင့်နေကြတယ်။ခရီးသွားလူငယ်ကလည်းအရိပ်မှာနားပြီး..ဒေါ်ရုပ်ဆိုးတည်ခင်းဧည့်ခံတဲ့ ရေနွေးကြမ်းကြောင့် အတော်လေးလန်းဆန်းနေပါပြီ..အဲဒီမှာလူငယ်ကစပြီးစပ်စုတော့တာပေါ့လေ.."အမေရေ.ကျွန်တော်တစ်ခုမေးလို့ ရမလားခင်ဗျ"
ဆိုပြီးစပါတယ်..ဒေါ်ရုပ်ဆိုးကလည်းအင်းပေါ့။မေးပေါ့လေ.."အမေကဘာလို့ ဒီတောထဲမှာတစ်ယောက်ထဲနေ နေတာလဲဗျ"..အဲဒီမှာဒေါ်ရုပ်ဆိုးကပြန်ပြောပါတယ်.."အေး..ရွာသားတွေကငါ့ကိုရွာထဲကမောင်းထုတ်ထားကြတာဟေ့..ငါ့ကိုဘယ်သူမှရွာထဲမှာမနေစေချင်ဘူး။ဒါကြောင့်ငါဒီမှာနေလာတာကြာပါပေါ့."
လူငယ်တော်တော်အံ့ဩသွားတယ်."ရွာသားတွေကဘာလို့ အမေ့ ကိုမောင်းထုတ်ကြတာလဲ"
အဲဒီမှာဒေါ်ရုပ်ဆိုးကြီးရယ်ပါတယ်..တော်တော်လေးမောခါမှဖြေတယ်..
"ဘာလို့ လဲဆိုတော့ငါကအမှန်ကိုပြောလို့ ဟေ့..ဒါကြောင့်ငါ့ကိုမောင်းထုတ်လိုက်ကြတာ"
လူငယ်ကလည်းအတော်အံ့ဩသွားတဲ့ပုံနဲ့ "အမှန်ကိုပြောလို့ ဟုတ်လား..အံ့ ဩပဗျာ..ကျွန်တော်ကတော့အမှန်ပြောတဲ့ သူကိုပဲသဘောကျတယ်..မှန်တာပြောလို့ ကတော့ဗျာ
ဘာမကြိုက်စရာရှိလဲ..ကျွန်တော်ကအမှန်တရားကိုမြတ်နိုးတဲ့သူ..မှန်တာပြောလို့ ကတော့....."
အစချီလို့ သူ့ ရဲ့ အမှန်တရားမြတ်နိုးပုံကိုဖွင့် ဆိုပါတော့တယ်..ဒေါ်ရုပ်ဆိုးကတော့ခေါင်းတညိတ်ညိတ်နဲ့ ပဲနားထောင်နေပါတယ်..ထောက်ခံတာလား.မထောက်ခံတာလားတော့မသိဘူးပေါ့လေ..
လူငယ်လည်းတော်တော်လေးလေထွားပြီးမှဒေါ်ရုပ်ဆိုးရဲ့ တဲလေးထဲကထွက်ခွာသွားပါတယ်..
လူငယ်အတော်လေးလှမ်းတဲ့ နေရာရောက်မှသူ့ ရဲ့ ထီးကျန်နေခဲ့ တာကိုဒေါ်ရုပ်ဆိုးကတွေ့ ပါတယ်..
ဒါနဲ့ ပဲလူငယ်ကိုလှမ်းခေါ်လိုက်တယ်.."ဟေ့ ..သူငယ်ထီးကျန်ခဲ့ ပြီကွယ့် ..ဟေ့သူငယ်"
ဒါပေမဲ့ လူငယ်ကမကြားပါဘူး..ဒါနဲ့ သူလဲအသံကိုအစွမ်းကုန်မြှင့် ပြီးခေါ်လိုက်တယ်.
"ဟေ့..မျက်စိတစ်ဖက်လှပ်နဲ့ သူငယ်.ဒိမှာထီးကျန်ခဲ့ ပြီ"..
ဒေါ်ရုပ်ဆိုးရဲ့ အောင်မြင်လှတဲ့ အသံကိုလူငယ်ကြားသွားပါတယ်..
အဲဒီမှာလူငယ်ကဒေါသတကြီးပြန်လှည့်လာပြီးထီးကိုဆွဲယူထွက်သွားပါတယ်..
ကျေးဇူးတင်ကြောင်းပြောမသွားတဲ့အပြင်မီးဝင်းဝင်းတောက်တဲ့ မျက်လုံးနဲ့ကြည့်ပြီးတစ်ရှိန်ထိုးလှည့်ထွက်သွားပါတယ်..
ဒါတွေကိုတစ်သက်လုံးကြုံတွေ့ လာတဲ့ ဒေါ်ရုပ်ဆိုးကတော့ထီိမထင်တဲ့ မျက်နှာနဲ့ ဟားတိုက်ပြီးကျန်ခဲ့ ပါတယ်..

ဒီပုံပြင်ကိုဖတ်ပြီးကျွန်မစဉ်းစားမိတာကအဲဒီပုံပြင်ထဲကလူငယ်ကပဲအမှန်တကယ်အမှန်တရားကိုလက်မခံနိုင်သေးတာလား
ဒေါ်ရုပ်ဆိုးကြီးကပဲစကားလုံးရွေးချယ်မှုနဲ့ အခြေအနေအချိန်အခါကိုမသိတတ်တာလားဆိုတာကိုပါ။




Posted by Hnin Hmone Yee

No comments:

Post a Comment