Sunday, November 20, 2011

အရင်းအနှီး


စာရေးသူရဲ့ ကျောင်းရှေ့က အရိပ်ရ ညောင်ခြေထောက်ပင်ကြီးအောက်မှာ အုတ်ရေအိုးစင်လေး တစ်ခုရှိပါတယ်။ စလင်းမြို့၊ မြင်တင်ရပ် ဦးခင်မောင်တင့်မိသားစုက လှူထားတာပါ။ သောက်ရေအိုးသုံးလုံးဆံ့တဲ့ ရေအိုးစင်လေးပါ။ ကျောင်းရှေ့လမ်းဟာ စလင်း-ဆိပ်ဖြူ၊ စလင်း-မင်းဘူးသွားလမ်းမကြီးဖြစ်သလို ကျောင်းနဲ့မနီးမဝေးမှာ ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ ရွှေကြာငုံရပ်၊ မြေမိကုန်းရပ်နှင့် မြေမိကွက်သစ်ရှိနေတာမို့ မြို့ထဲ၊ ဈေးသွားသူ၊ မြို့ထဲမှ ရုံး၊ ရဲစခန်း၊ ရွှေကြာငုံ၊ ဆင်ဖြူကျွန်းနဲ့ အခြားရွာများ၊ မြစ်နားရွာများအထိ သွားသူတွေရှိနေတဲ့အတွက် လူမပြတ်တဲ့နေရာပါ။ ဒီတော့ ညအခါ မှောင်မှောင်မည်းမည်းသွားလာရသူတွေအတွက် ကျောင်းမုခ်ဦးမှာ မီးချောင်းတပ်ဆင်ပြီး အလင်းရောင်ကုသိုလ်ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုနဲ့ ရေချမ်းစင်ကုသိုလ်လုပ်ရရင် ကောင်းလေစွလို့ စိတ်ကူးနေတုန်း ရေချမ်းစင်ဒကာပေါ်လာတာနဲ့ နိစ္စပတ်ကုသိုလ်ဝတ်တစ်ခုတော့ တိုးပြီဟဲ့ဆိုပြီး ၀မ်းသာခဲ့ရပါတယ်။ ၀မ်းမြောက်ဝမ်းသာဖြစ်လို့မှ (၂)လမပြည့်ခင်မှာ လေးပေမီးချောင်း လူခိုးသွားလို့ စိတ်ညစ်ရပါလေရော။ တွေ့ရပုံတွေ… တွေ့ရပုံတွေ…။

ဒီတော့ အသိ ဒကာမကြီးတစ်ယောက် အဖြစ်သနစ်ကို ပြေးအမှတ်ရမိပါတော့တယ်။ ဒီဒကာမကြီးက အထူးအဆန်းပါ။ သူက လုံးဝ စာမတတ်ဘူး။ တောမှာမွေး၊ တောမှာနေသူ၊ တောသူစစ်စစ်၊ စာသာတစ်လုံးမှ မတတ်တာရယ်၊ မြို့ပေါ်တက်ပြီး ဈေးထဲ နေ့စဉ် ကုန်ခြောက်ဆိုင် ဖွင့်တယ်လေ။ ဈေးသိမ်းချိန် ရွာပြန်ပေါ့။ ကဏန်းသင်္ချာတစ်လုံးမှ မသိ၊ မသင်ဖူးပေမဲ့ စိတ်တွက်တွက်လိုက်ပုံများ မွှတ်လို့ပါ။ စာတတ်သူတွေထက်တောင် မြန်ပါသေးရဲ့။ ဒကာမကြီးက အပျိုကြီးတစ်ကိုယ်တည်း။ မောင်တွေ၊ ညီမတွေ၊ တူတွေ၊ တူမတွေ ရှိပေမယ့် ဘယ်သူ့မှ အားမကိုးဘူး။ သူ့ရှိတဲ့ လယ်တွေယာတွေ အဖက်ချထားတယ်လေ။ အဖက်ချတယ်ဆိုတာ တစ်မိုး၊ တစ်ရာသီကို လယ်တစ်ဧက စပါးဘယ်နှတင်းပေးဆိုပြီး သူများကို လုပ်ခိုင်းတာပါ။ လယ်လုပ်သူက စိုက်ပျိုး၊ ထွန်ယက်၊ သီးနှံဖြစ် မြေသြဇာဆေး၊ ပိုးသတ်ဆေးကအစ သူ့ဖာသာအကုန်ခံ၊ တစ်ဧကသတ်မှတ်တင်းက ပိုတာယူပေါ့။ အဲဒီဒကာမကြီးက လယ်တွေယာတွေကလည်းရ၊ ဈေးရောင်းတာကလည်း မြတ်ဆိုတော့ ပိုလျှံတယ်လေ။ စီးပွားအရှာ ကောင်းသလောက် အလှူအတန်းကလည်း ရက်ရောသူပါ။ တစ်လတစ်လနိစ္စပတ်ဝတ်ဆွမ်းထုပ်ကကို (၇)ထုပ် ရှိတယ်။ ဒီကြားထဲက ဟိုဟိုဒီဒီ ပစ္စည်းလေးပါး ထောင့်စေ့အောင်လှူတဲ့အပြင် ပဉ္ဇင်းအမအဖြစ်နဲ့ ကိုရင်တစ်ပါး ရဟန်းခံပါလေရော။ ရည်ရွယ်ချက်တော့ကြီးတယ်။ ဒီကိုရင်ကို ငယ်ငယ်လေးကတည်းက ထောက်ပံ့လှူဒါန်းပြီး စာသင်တိုက်ပို့ထားတယ်။ အဲ… ရဟန်းခံပြီး သုံးနှစ်လောက်ရှိတော့ သူ့ရဟန်း လူထွက်ပါလေရော..။ ဒီတော့မှ ရင်ဘတ်စည်တီး ငိုကြီးချက်မ ဖြစ်ရပြီပေါ့။ ပတ်ဝန်းကျင်က သူ့ကြည့်ပြီး သနားနေကြတယ်။ ဒီအပျိုကြီးတော့ ရဟန်းခံဖို့ စိတ်ကုန်သွားလောက်ပြီလို့ ထင်နေကြတာ။ ဘယ်ဟုတ်လိမ့်မလဲ၊ နောင်တစ်နှစ်လောက်ရှိတော့ စာသင်သားကိုရင်တစ်ပါးကို ရဟန်းခံပါလေရော။ အဲဒီရဟန်းကလည်း (၅)နှစ်လောက်ရှိတော့ လူထွက်ပြန်ပါလေရော။ ဒါနဲ့လည်း စိတ်ပျက်မသွားဘူး၊ ကဲဒါလောက်တောင် ထွက်ချင်ကြတာ ထွက်ကြဦးဟာဆိုပြီး နောက်ထပ်အသက်ပြည့်တဲ့ ကိုရင်နှစ်ပါး ရဟန်းခံပြန်ပါတယ်၊ ထိုမျှမက သူ့ရွာက ကျောင်းထိုင်ဆရာတော်ကိုပါ ဒီရဟန်းခံပွဲနဲ့အတူရောပြီး သိမ်ထပ်လိုက်တယ်လေ။ သူ့သဒ္ဓါတရားက တွန့်ပြီး နောက်ဆုတ်မသွားတဲ့အပြင် ထပ်ထပ်တောင် တိုးသွားပါရောလား။ အဲဒီအခါမှ ရဟန်းတွေမြဲသွားပါတော့တယ်။

ဒီဒကာမကြီးထုံး နှလုံးမူပြီး စာရေးသူလည်း နောက်ထပ် မီးချောင်းအသစ်တစ်ချောင်း ထပ်လှူပါတယ်။ ဒါလည်း (၆)လမပြည့်ခင်မှာ ထပ်ပျောက်ပြန်ပါတယ်။ ကဲ… ပျောက်ဦးဟာဆိုပြီး အသစ်ဝယ်ပြီး ထပ်တပ်ဆင်ရပြန်ပါတယ်။ ဒီနောက်တော့ မပျောက်တော့ပါဘူး။ မီးချောင်းအတွက် စိတ်ချမ်းသာသွားရပေမယ့် ရေချမ်းစင်အတွက် စိတ်ညစ်ညူးစရာတွေ မကြာခဏ တွေ့ရပြန်ပါတယ်။ တော်ကြာ ရေဖလား ခိုးသွားလိုက်ကြ၊ ရေအိုးဖုံးခိုးသွားလိုက်ကြနဲ့လေ။ ကဲ…နင်တို့ကပဲ ခိုးနိုင်မလား၊ ငါကပဲ လှူနိုင်မလားဆိုပြီး ထပ် ထပ် လှူရပြန်ပါတယ်။ ဒါလည်း ပျောက်လို့ မဆုံးနိုင်တော့ပါဘူးလေ။ ဒီတော့မှ ဌေးကြည်(စလင်း)ရဲ့ ကဗျာတစ်ပုဒ်ကို သဘောပေါက်သွားပါတော့တယ်။ ကဗျာလေးက

-လမ်းခုလတ်က ပုစ္ဆာ
ရေလှူပါလျက်
ဘယ်အတွက်ကြောင့်
ခွက်ကို ကြိုးချည်ထားသနည်း။… တဲ့လေ။
ဒါနဲ့လည်း မပြီးသေးပါဘူး။ မြို့ထဲက အရူးမတစ်ယောက်က ရေခွက်၊ ရေအိုးဖုံးတွေ ယူသွားရုံမျှမက ရေတွေကိုပါ အကုန်သွန်သွားတဲ့ဒဏ်ကိုပါ ခံရပါသေးတယ်။ အရူးသာဆိုတယ် မတောင်းလိုက်နဲ့၊ တောင်းလိုက်ရင် ထမင်းလည်းပေး၊ ဟင်းလည်းပေး၊ ပိုက်ဆံလည်းပေး၊ မုန့်လည်းပေးဆိုတာ ဒွန်တွဲလျက်ပါ။ ဒါ့အပြင်မပေးရင် မီးလောင်ပါစေ၊ ရေမျောပါစေ၊ ကားတိုက်ပါစေလို့ ကျိန်သွားသေးတာရယ်။ ဒီ့အပြင် ဟိုဟာဆွဲသွား ဒီဟာဆွဲသွား လုပ်ပါသေးတယ်။ သူ့ဝဋ်ကလည်း အလွန်ကြီးတာကလား။ လေးလေးပင်ပင် ကျောက်ခဲလို၊ အုတ်ခဲလိုတွေကို အိတ်နဲ့ထည့်၊ ခေါ်င်းပေါ်မှာရွက်ရုံမက ခါးစောင်းတင်ပြီး မနိုင်မနင်း သယ်သွားသေးတာရယ်။ ကိုယ်ကတော့ သူ့ကြည့်ပြီး သနားတာနဲ့ ဆွမ်းကျန်၊ ဟင်းကျန်လေးတွေပေးပေးနေတာလေ။ တစ်နေ့တော့ ဘာမျှမရှိတာနဲ့ မပေးလိုက်နိုင်ဘူး။ အဲဒီနေ့မှာပဲ မပေးရကောင်းလားဆိုပြီး ရေအိုးစင်က ရေအိုးတွေပါ ရိုက်ခွဲသွားပါလေရော။ စိတ်တိုလိုက်တာလေ၊ မပြောပါနဲ့တော့။ တုတ်တောင် ဆွဲပြီးနေပြီ၊ အဲဒီအချိန်မှာ လျှပ်တစ်ပြက် လင်္ကာလေး တစ်ပုဒ်ပေါ်လာတာနဲ့ စိတ်ပြေသွားပါလေရော။ ဒီကဗျာက…

ရှေးကကောင်းလို့၊ ခုကောင်းပါသည်၊ ခုကောင်း၊ နောင်ကောင်းပါလိမ့်မည်။
ရှေးကဆိုးလို့၊ ခုဆိုးပါသည်။ ခုဆိုး၊ နောင်ဆိုးပါလိမ့်မည်… ဆိုတာပါပဲ၊ ဟုတ်တယ်လေ… အရူးတုပြီး စိတ်ဆိုးနေရင် ကိုယ်ပါအရူးဖြစ်သွားတော့မပေါ့။

ခွေးကိုရန်မူ ရိုက်သောသူ
ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး… ဆိုသလို ဖြစ်နေမှာပေါ့။ ဒီလိုနဲ့ နောက်နေ့ ရေအိုး၊ ရေအိုးဖုံး၊ ရေဖလား အသစ်တွေဝယ်ပြီး ရေပြန်ဖြည့်ရပါတယ်။

အင်း… အဆိုးနဲ့အကောင်း ဒွန်တွဲထားတဲ့ လောကကြီးဟာ ဒီလိုပဲ အဆိုးနဲ့တွေ့ရင် အကောင်းနဲ့ဖြေကြရပါလိမ့်မယ်။ ဒါ… နေရာတိုင်းမှာပါ။ သူဆိုးတိုင်းသာ ကိုယ်ပါရောမကောင်းရင် လောကကြီး ပြောင်းပြန်လန်သွားတော့မပေါ့။ ဒါကြောင့် လောကကြီး ပြောင်းပြန်လန်သွားတော့မပေါ့။ ဒါကြောင့် လောကကြီး ကိုယ့်ကြောင့် မလှချင်နေ၊ အကျည်းတော့ မတန်သင့်ဘူးလေ။ အမှောင်ရှေ့မှာ အလင်းရှိတယ်။ အပူရှေ့မှာ အအေးရှိတယ်။ အရှူံးရှေ့မှာ အနိုင်ရှိတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ နို့ပေမဲ့ ထိုင်နေလို့တော့ ဘာမျှဖြစ်လာမှာ မဟုတ်ဘူးနော်။ ယုံကြည်မှုရှိဖို့၊ အသိ၊ သတိရှိဖို့၊ ဓမ္မဓိဋ္ဌာန်ကျကျ တွေးဖို့၊ မတွေဝေဖို့၊ ရှေ့လာဘ်မြင်ဖို့၊ အနစ်နာခံဖို့ ဆိုတဲ့ …အရင်းအနှီး… တော့ စိုက်ထုတ်ရလိမ့်မယ်ဆိုတာ ကြိုတင်ပြောထားချင်ပါတယ်။   ။

ဦးစန္ဒိမ (စလင်း)

No comments:

Post a Comment