Monday, November 21, 2011

အဆိုးဆုံးရောဂါ ကုစားပါ


..ရောဂ..သဒ္ဒါသည် နာကျင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထိုရောဂါသည် --
(၁) ကိုယ်မှာဖြစ်သော အနာရောဂါ၊
(၂) စိတ်မှာဖြစ်သော အနာရောဂါဟု နှစ်မျိုးနှစ်စားရှိပါသည်။ ထိုတွင် ကိုယ်မှာဖြစ်သော အနာရောဂါသည် သွေးကြောင့်ဖြစ်သော ရောဂါ၊ လေကြောင့်ဖြစ်သောရောဂါ စသည်ဖြင့် (၉၆)ပါးသာရှိပါသည်။ စိတ်မှာဖြစ်သော အနာရောဂါကား (၁၅၀၀)တောင် ရှိပါသည်။ (၉၆)ဖြာ အနာရောဂါသည် မိမိသန္တာန်မှာ ဖြစ်သည်ရှိသော် သေလုအောင်လည်း ရောဂါခံစားချင်ခံစားရမည်၊ သေချင်လည်း သေမည် (တစ်နည်းသော်) သေလုအောင်လည်း နှိပ်စက်ချင်လျှင် နှိပ်စက်မည်၊ သေအောင်လည်း နှိပ်စက်ချင်လျှင် နှိပ်စက်မည်။

သို့သော် ထို(၉၆)ဖြာ အနာရောဂါကြောင့်တော့ အပ္ပါယ်(၄)ပါးသို့ မကျရောက်နိုင်ပေ။ (၁၅၀၀) ကိလေသာ အနာရောဂါကား ဤဘ၀မှာလည်း ဒေ၀ဒတ်လောင်း ရွဲကုန်သည်ကို ၀ိသမလောဘကိလေသာ အနာရောဂါကြောင့် သွေးပွက်ပွက်ဆူအောင် အန်ကျခြင်းကဲ့သို့ ပစ္စုပ္ပန်ဘ၀မှာလည်း သေလုအောင်၊ သေအောင်ခံစားရသည့်အပြင် သေပြီးတမလွန် လောက၊ နောင်ဘ၀မှာလည်း အပ္ပါယ်(၄)ပါးသို့ ကျရောက်နိုင်ပါသည်။

* (၁၅၀၀) ကိလေသာအနာရောဂါ
ကိလေသာဟူသောပုဒ်သည် ..ကိလိသ..ဟူသော သဒ္ဒါမှ ကိလေသာဟု ဖြစ်လာသည်။ ထိုကိလိသ -- သဒ္ဒါသည် ..ညစ်နွမ်းစေခြင်း..၊ ..ပူလောင်စေတတ်ခြင်း..ဟု အဓိပ္ပါယ်ရပါသည်။ ကိလေသာအနာရောဂါမရှိသော မူရင်းစိတ်ကား အင်မတန်ဖြူစင်ပါသည်။ ထိုသို့ ဖြူစင်သော်လည်း ပင်ကိုဖြူစင်သော အ၀တ်ကို ကြေးညှော်(ဂျီးညှီ)နှင့်ထိလျှင် ညစ်နွမ်းသွားသကဲ့သို့ ထိုဖြူစင်သော စိတ်မှာလည်း ကိလေသာကြေးညှော်(ဂျီးညှီ) ကပ်ငြိသွားသောကြောင့် ညစ်နွမ်းသွားရတာ ဖြစ်ပါသည်။ ထို့ကြောင့် ကိလေသာ -- ဟုဆိုအပ်သော ..ကိလိသ..မူရင်းသဒ္ဒါသည် ..ညစ်နွမ်းစေခြင်း..ဟု အဓိပ္ပါယ်ရတာ ဖြစ်ပါသည်။ ထို့အတူ ကိလေသာ ကင်းစင်သော ပင်ကိုမူရင်းစိတ်သည် ဖြူစင်သော်လည်း ထိုစိတ်အပေါ် ၀ိသမလောဘကိလေသာ၊ ဒေါသကိလေသာ စသည်များ ကပ်ငြိပါက အင်မတန်ပူလောင်ပါသည်။ မည်မျှပူလောင်သည်ဆိုသည်မှာလည်း ကပ်ငြိဖူးသူတိုင်း သိကြပါသည်။ သူတစ်ပါးအပေါ် ဒေါသအမျက်ချောင်းချောင်းထွက်ပါက ထိုဒေါသသူတစ်ပါးအပေါ်မကျရောက်မီ မိမိသည်ပင် အနည်းဆုံး မျက်နှာနီမြန်းခြင်း၊ ကိုယ်တဆတ်ဆတ်တုန်ခြင်း စသည်ဖြင့် ပြင်းထန်လျှင်ပြင်းထန်သလောက် ပူလောင်ပါသည်။ ထို့ကြောင့် ..ကိလေသာ..ဟုဆိုအပ်သော ..ကိလိသ..သဒ္ဒါသည် ..ပူလောင်စေတတ်ခြင်း..ဟုလည်း အဓိပ္ပါယ်ထွက်တာဖြစ်ပါသည်။

* ကိလေသာ (၁၀) ပါးမှ (၁၅၀၀) ဖြစ်ပုံ
ထိုကိလေသာသည် --
..လော၊ ဒေါ၊ မော၊ မာ၊ တစ်ဖြာ ဒိဋ္ဌိ၊ ၀ိ၊ ထိ၊ ဥဒ်၊ အ၊ နောတ္တပ္ပ၊ ဆယ်ဝကိလေသာ..ဟူသည့်အတိုင်း
(၁) လောဘ ကိလေသာ = လောကီအာရုံကာမဂုဏ် လိုချင်တပ်မက်စွဲလမ်းခြင်း။
(၂) ဒေါသ ကိလေသာ = အမျက်ထွက်ခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း။
(၃) မောဟ ကိလေသာ = အာရုံ၏အမှန်သဘောကို ဖုံးကွယ်ခြင်း၊ မသိမိုက်မဲခြင်း၊ တွေဝေခြင်း။
(၄) မာန ကိလေသာ = ထောင်လွှားတက်ကြွခြင်း။
(၅) ဒိဋ္ဌိ ကိလေသာ = မှားမှားယွင်းယွင်းသိစေခြင်း (အယူမှားခြင်း)။
(၆) ၀ိစိကိစ္ဆာ ကိလေသာ = ဘုရား၊ တရား၊ သံဃာနှင့် ကံ၊ ကံ၏အကျိုးမှာ ယုံမှားခြင်း။
(၇) ထိန ကိလေသာ = စိတ်မလန်းဘဲ ခပ်ထိုင်းထိုင်း ဖြစ်နေခြင်း။
(၈) ဥဒ္ဓစ္စ ကိလေသာ = စိတ်ပျံ့လွင့်ခြင်း။
(၉) အဟိရိက ကိလေသာ = ဒုစရိုက် (၁၀) ပါးကို ပြုလုပ်ရမှာ မရှက်ခြင်း။
(၁၀) အနောတ္တပ္ပ ကိလေသာ = ဒုစရိုက် (၁၀) ပါးကို ပြုလုပ်ရမှာ မကြောက်လန့်ခြင်းဟူ၍ ကိလေသာ (၁၀) ပါး ရှိပါသည်။

ထိုအကျဉ်း (၁၀) ပါးမျှရှိသော ကိလေသာသည် --
..နာမ်တေပညံ၊ ရုပ်နိပ္ဖန်၊ လက္ခဏံရုပ်လေး၊ သန္တာန်နှစ်ဝ၊ မြှောက်ဆင့်က၊ တစ်ရာ့ငါးဆယ်ရေး၊ ဆယ်ကိလေသာ၊ မြှောက်ဆင့်ကာ၊ ငါးရာ့တစ်ထောင်တွေး..ဟူသော လင်္ကာနှင့်အညီ လောဘကိလေသာသည် ..နာမ်တေပညံ..အရ စိတ်(၁)ပါး၊ စေတသိက်(၅၂)ပါး - ပေါင်း(၅၃)ပါး၊ ..ရုပ်နိပ္ဖန်..အရ နိပ္ဖန္နရုပ်(၁၈)ပါး၊ ..လက္ခဏံရုပ်လေး..အရ လက္ခဏရုပ်(၄)ပါး စုစုပေါင်း (၇၅)ပါးကို အာရုံပြု၍ ထို (၇၅)ပါးသော အာရုံသည် ..သန္တာန်နှစ်ဝ၊ မြှောက်ဆင့်က၊ တစ်ရာ့ငါးဆယ်ရေး..အရ မိမိအန္ဈတ္တသန္တာန်မှာလည်း ရှိ၏။ သူတစ်ပါး ဗဟိဒ္ဓသန္တာန်မှာလည်း ရှိ၏။ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ကို အာရုံပြု၍ လောဘပေါင်း (၇၅)ပါးဖြစ်၏။ ဗဟိဒ္ဓသန္တာန်ကို အာရုံပြု၍ လောဘပေါင်း (၇၅)ပါးဖြစ်ရကား လောဘပေါင်း (၁၅၀) ဖြစ်၏။
..ဆယ်ကိလေသာ၊ မြှောက်ဆင့်ကာ၊ ငါးရာ့တစ်ထောင်တွေး..အရ၊ လောဘကိလေသာကဲ့သို့သော ကိလေသာများလည်း (၁၅၀) စီရှိရကား (၁၅၀)ကိုတည်၍ ကိလေသာ(၁၀)ပါးဖြင့် မြှောက်ပါက (၁၅၀၀) ကိလေသာ ဟူ၍ ဖြစ်လာရပါသည်။
ထိုသို့ ကိလေသာ အကျဉ်း(၁၀)ပါး၊ အကျယ် (၁၅၀၀) ရှိသော်လည်း အကြောင်းရင်း (ဟိတ်) ကိလေသာမှာ လောဘ၊ ဒေါသ၊ မောဟ -- ဟုဆိုအပ်သော ကိလေသာ (၃)ပါးသာ အကြောင်းရင်းဖြစ်ပါသည်။

* အကုသိုလ် ကိလေသာနှင့် ကပ်ကြီး (၃) ပါး
သတ္တ၀ါတွေ သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာအနာရောဂါများ အားကြီးပါက -- ကပ်ကြီး (၃) ပါး ဆိုက်ရောက်တတ်ပါသည်။
(၁) ငတ်မွတ်ခေါင်းပါး အစာရှားခြင်းဘေးဆိုက်၍ ပျက်စီးခြင်း ဒုဗ္ဘိက္ခန္တရကပ်။
(၂) လက်နက်ဘေးကြောင့် ပျက်စီးခြင်း သတ္ထန္တရကပ်။
(၃) ကူးစက်တတ်သော အနာရောဂါဘေးကြောင့် ပျက်စီးခြင်း ရောဂန္တရကပ် ဟု ကပ်ကြီး(၃)ပါး ရှိသည်တွင် --
(က) သတ္တ၀ါတို့၏ သန္တာန်မှာ ၀ိသမလောဘတရား အားကြီးသောအခါ --
..လောဘကြီးက၊ ငတ်မွတ်ကြ၊ ဒုဗ္ဘကပ်ကြီးဆိုက်..ဆိုသည့်အတိုင်း အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်တတ်ပါသည်။
(ခ) သတ္တ၀ါတို့၏ သန္တာန်မှာ ဒေါသတရား အားကြီးသောအခါ --
..ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်..ဆိုသည့်အတိုင်း လက်နက်ဘေးဟူသော သတ္ထန္တရကပ် ဆိုက်ရောက်တတ်ပါသည်။
(ဂ) သတ္တ၀ါတို့၏ သန္တာန်မှာ မောဟတရား အားကြီးသောအခါ --
..မောဟကြီးက၊ အနာရ၊ ရောဂကပ်ကြီးဆိုက်..ဆိုသည့်အတိုင်း အနာရောဂါဘေးဟူသော ရောဂန္တရကပ် ဆိုက်ရောက်တတ်ပါသည်။

* အကုသိုလ်ကိလေသာ အနာရောဂါနှင့် တမလွန်က ကပ်ဘေး
(က) သတ္တ၀ါတို့၏ သန္တာန်မှာ ၀ိသမလောဘအားကြီးသောအခါ ဤဘ၀မှာပင် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်တတ်သည် မဟုတ်သေး။ တမလွန်လောက နောင်ဘ၀မှာလည်း --
..လောဘနှင့်သေ၊ ပြိတ္တာပြေ(ပြည်)၊ ရောက်လေဧကန် မလွဲတည်း..ဆိုသည့်အတိုင်း ပြိတ္တာကဲ့သို့သော ဘ၀မျိုးသို့ ကျရောက်တတ်ပါသည်။
(ခ) သတ္တ၀ါတို့၏ သန္တာန်မှာ တစ်ဦးနှင့်တစ်ဦး သည်းမခံနိုင်ဘဲ ဒေါသတရား အားကြီးသောအခါ --
ဤဘ၀မှာပင် သတ္ထန္တရကပ် ဆိုက်ရောက်တတ်သည် မဟုတ်သေး၊ တမလွန်လောက နောင်ဘ၀မှာလည်း
..ဒေါသနှင့်သေ၊ ငရဲပြေ(ပြည်)၊ ရောက်လေဧကန်မလွဲတည်း..ဆိုသည့်အတိုင်း ငရဲဘ၀မျိုးသို့ ကျရောက်တတ်ပါသည်။
(ဂ) သတ္တ၀ါတို့၏ သန္တာန်မှာ မသိမိုက်မဲမှု မောဟအားကြီးသောအခါ ဤဘ၀မှာပင် ရောဂန္တရကပ် ဆိုက်ရောက်တတ်သည် မဟုတ်သေး၊ တမလွန်လောက နောင်ဘ၀မှာလည်း
..မောဟနှင့်သေ၊ တိရစ္ဆာန်ပြေ(ပြည်)၊ ရောက်လေဧကန် မလွဲတည်း..ဆိုသည့်အတိုင်း တိရစ္ဆာန်ဘ၀မျိုးသို့ ကျရောက်တတ်ပါသည်။
ဤသည်တို့မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ အနာရောဂါရှိသူတို့ ရရှိခံစားရသော အကျိုးရင်းနှင့် အကျိုးဆက်များပင် ဖြစ်ပါသည်။

 * မြတ်ဗုဒ္ဓ၏ ဆေး (၄) မျိုး
သတ္တ၀ါတို့ သန္တာန်မှာဖြစ်သော (၉၆)ဖြာ အနာရောဂါစွဲကပ်ပါက သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေး၊ ထိုးဆေး၊ စားဆေး စသည်ဖြင့် များစွာရှိသော်လည်း ကိလေသာ အနာရောဂါအတွက် မြတ်ဗုဒ္ဓ၏ ဆေးတော်ကတော့ ဒါနဆေး၊ သီလဆေး၊ သမထဆေး၊ ၀ိပဿနာဆေး ဟူ၍ ဆေး(၄)မျိုးသာ ရှိပါသည်။ ထိုဆေး(၄)မျိုးကုစားပါက ကိလေသာအနာရောဂါ သက်သာပျောက်ကင်းပါမည်။
မှန်ပါသည် --
လောကီအာရုံ ကာမဂုဏ်တို့မှာ တပ်မက်စွဲလမ်းခြင်း၊ မိမိပစ္စည်းကို သူတစ်ပါးအား မပေးရက်လို ၀န်တိုခြင်း စသော လောဘကိလေသာ အနာရောဂါကို တတ်စွမ်းသမျှ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဟူသော ဒါနကုသိုလ်ဆေးဖြင့် ကုစားရပါမည်။
တစ်ဦးနှင့်တစ်ဦး သည်းမခံနိုင်ဘဲ စိတ်ဆိုးအမျက်ချောင်းချောင်း ထွက်နေသော ဒေါသကိလေသာ အနာရောဂါကို သတ္တ၀ါတို့အပေါ် မေတ္တာပို့ခြင်း၊ တစ်ဦးနှင့်တစ်ဦး ကာယကံ၊ ၀စီကံ၊ မနောကံ မေတ္တာထားခြင်း၊ သမထဘာဝနာဆေး ဖြင့်လည်းကောင်း။
တစ်ဦးနှင့်တစ်ဦး မလွန်ကျူးမိအောင် သီလကို လုံခြုံစွာ စောင့်ထိန်းခြင်းဟူသော သီလဆေးဖြင့်လည်းကောင်း ကုစားရပါမည်။
အမှန်ကို ဖုံးလွှမ်းခြင်း၊ မသိမိုက်မဲခြင်း၊ တွေဝေခြင်းစသော မောဟကိလေသာ အနရောဂါကို တရားတော်များ နာကြားခြင်း ဓမ္မဿဝနဘာဝနာ၊ တရားစာပေဖတ်ရှူခြင်း ဓမ္မဿဝနဘာဝနာဟုဆိုအပ်သော သမထဘာဝနာဆေး၊ ရုပ်နာမ်၊ ဓမ္မသင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာယဉ်(၃)ပါးဖြင့် ပွားများဆင်ခြင်ခြင်း ၀ိပဿနာဆေးတို့ဖြင့် ကုစားရပါမည်။
ဒါနဆေးသည် ကိလေသာရောဂါ အထိုက်အလျောက်သက်သာ၏။ သို့သော် အမြစ်ပြတ်အောင် မပျောက်နိုင်။

သီလဆေးသည် ဒါနဆေးထက် ကိလေသာရောဂါသက်သာ၏။ သို့သော် အမြစ်ပြတ်အောင် မပျောက်နိုင်။
သမထ ဘာဝနာဆေးသည် ဒါန၊ သီလဆေးတို့ထက် ကိလေသာ ရောဂါသက်သာ၏။
မည်မျှအထိ သက်သာသနည်းဟူမူ အထက် ဘ၀ဂ် -- ဟု ဆိုအပ်သော နေ၀သညာနာသညာထတန အရူပဗြဟ္မာဘုံသားအဖြစ် မဟာကပ် (၈၄၀၀၀) ရှစ်သောင်းလေးထောင်ထိအောင် ပရိယုဋ္ဌာန၊ ၀ီတိက္ကမကိလောသာ မဖြစ်ဘဲ သက်သာပျောက်ကင်း၏။ သို့သော် အမြစ်ပြတ်အောင် မပျောက်နိုင်။
ဝိပဿနာဆေးတော်ကို သုံးစွဲမှသာ သောတာပန်ဖြစ်လျှင် ဒိဋ္ဌိဂတသမ္ပယုတ်မှာရှိသော ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကိလေသာ အနာရောဂါအမြစ်ပြတ်၏။
အနာဂါမ်ဖြစ်လျှင် ကာမရာဂနှင့် ဒေါသကိလေသာ အနာရောဂါ အမြစ်ပြတ်၏။
ရဟန္တာဖြစ်လျှင်ကား အောက်မဂ်များ မပယ်နိုင်၍ ကျန်သေးသော ကိလေသာ(၇)ပါး အနာရောဂါ အမြစ်ပြတ်၏။

ထို့ကြောင့် စိတ်မှာဖြစ်သော (၁၅၀၀) ကိလေသာ အဆိုးဆုံးအနာရောဂါကို မြတ်ဗုဒ္ဓပေးတော်မူသော ဒါနဆေး၊ သီလဆေး၊ သမထဆေး၊ ၀ိပဿနာဆေးဟူသော ဆေး(၄)မျိုးတို့ဖြင့် အဆင့်ဆင့်ကုစားပြီး နောက်ဆုံးဖြစ်သော ၀ိပဿနာဆေးတော်ကြီးဖြင့် အမြစ်ပြတ်ပျောက်ကင်းအောင် ကုစားနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။

အရှင်စန္ဒောဘာသ
(ရမည်းသင်း)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း မှ ရိုက်ကူးမျှဝေပါသည်။ 

No comments:

Post a Comment