သံသရာနှင့် ပတ်သက်လို့ သီချင်းတစ်ပုဒ်ရဲ့ စာသားအချို့ကို
မှတ်မိနေပါတယ်။ ..သံသရာဆွဲဆန့်လို့… ဘယ်လောက်ပင်ရှည်ရှည်… ချစ်သူရင်ခွင်ကြား နားနားနေနေ…
မျောရင်လည်းမျောပါစေ၊ ချစ်သူရင်ခွင်သည်သာ ငြိမ်းချမ်းရာမြေ..တဲ့…။
ပညာတတ် အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြောတယ်။ ..သံသရာဆိုတာ
ရှိရင် ရှိမယ်၊ မရှိရင် မရှိဘူး။ ဒါကို ကျုပ် စိတ်မ၀င်စားဘူး..တဲ့…။
လူလတ်ပိုင်းထဲက သံသယ၀ါဒီတစ်ဦးက ဆိုပြန်တယ်။ ..ပိဋ္ဋိကတ်သုံးပုံဆိုတာ
တကယ့်ဘုရားဟော ဟုတ်ရဲ့လား..တဲ့။
အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးကတော့…
..ဘ၀ဇာတ်သိမ်းငြိမ်းရာဆိုတဲ့ နိဗ္ဗာန်ဆိုတာ မလိုချင်သေးဘူး။
ဥာဏ်လည်းမမီဘူး။ တစ်ဘ၀ပြီးတစ်ဘ၀ ခံစားနေချင်သေးတယ်..တဲ့။
သဘောတရားဆရာကြီးတစ်ဦးကတော့ ဒီလိုမျိုးပြောတယ်…
..ကျုပ်က သံသရာမှာ ဘ၀ပေါင်းများစွာကို အထက်တန်းကျကျ လျှောက်လှည့်ပြီး
လေ့လာနေချင်သေးတယ်၊ ကျွတ်တမ်းဝင်ဖို့ဆိုတဲ့ အလုပ်ကို ကျုပ်မလုပ်လိုဘူး..တဲ့။
အဘိဓမ္မာသင်တန်း အတူတက်နေတဲ့ အသက်၇၀ကျော် ပညာတတ်အငြိမ်းစား
အရာရှိကြီးက ပြောလာတယ်။
..ကျုပ်တော့ ဟောတာ၊ ပြောတာတွေ နားထောင်ရလေလေ သံသယ၀င်လေလေပဲ၊
ဘာသာပြောင်းပြီး လေ့လာရမလားလို့တောင် စိတ်ကူးနေတယ်..တဲ့။
လူကြီးတစ်ဦးက မေးလာပြန်တယ်။ ..ဒီတရားဓမ္မတွေ သိလာအောင်
ဗုဒ္ဓဘုရားကို ဘယ်သူက သင်ပေးသွားတာတုံး..တဲ့။
ဒီလိုမျိုး အပြောအဆိုတွေ၊ အမေးအမြန်းတွေ၊ သံသယပွားနေတာတွေကို
ကြားသိသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကတော့ အခုလို သုံးသပ်တယ်။
..ဒါတွေကို ကြားရတဲ့ ဗုဒ္ဓဘာသာဝင်အနေနဲ့ သွေးလန့်ကောင်း
သွေးလန့်ပေလိမ့်မယ်၊ ဒါပေမယ့် ကျုပ်အဖို့တော့ မဆန်းဘူးဗျာ.. Freedom is
appreciation of necessary လို့ဆိုထားတယ် မဟုတ်လား။ Necessity သိရင်၊ freedom ရတယ်ဆိုတဲ့
သဘောပေါ့ဗျာ၊ အခုလိုမျိုး ဘုရားတရားပေါ်မှာ သံသယ၀င်လာကြတာဟာ ကမ္ဘာလောကကြီး ပျက်ဖို့အတွက်
လိုအပ်ချက် Necessity တွေပဲဗျ။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ဟောထားပြီးသားပါ။ ယခုအခါ
ဘုန်းတော်ကြီးများကလည်း လူတွေသိအောင် ဟောပြနေပါတယ်။ ..ဆုတ်ကပ်..အကြောင်း လေ့လာကြည့်ပါ။
ဒီလိုမျိုး အပြောအဆို၊ အပြုအမူတွေဟာ ဆုတ်ကပ်ဖြစ်ပေါ်မယ့် အဆင့်တိုင်းမှာ ပေါ်လာစမြဲပါ..လို့
သူက သုံးသပ်တယ်။
သုံးသပ်ချက်ကို စိတ်ဝင်စားတာကြောင့် ကမ္ဘာစောင့်တရားများအကြောင်း
လေ့လာကြည့်မိတယ်။ ကမ္ဘာစောင့်တရားကြီး နှစ်ပါးရှိကြောင်း သိရတယ်။ နံပါတ်(၁)က အာဇီဝဋ္ဌမကသီလ
ဆိုတဲ့တရား။ နံပါတ်(၂)က ဗြဟ္မစိုရ်တရားတို့ ဖြစ်ကြတယ်။ နံပါတ်(၁)ဖြစ်တဲ့ အာဇီဝဋ္ဌမကသီလတရား
ဆိုတာက…
(က) သက်ရှိသတ္တ၀ါတို့ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ခ) သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဂ) သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဃ) မဟုတ်မမှန်သော စကား(မုသား)ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(င) ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(စ) ဆဲရေးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဆ) အတင်းအဖျင်းပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဇ) ဒုစရိုက်လုပ်ငန်းတို့ဖြင့် စီးပွားရှာခြင်းမှ ရှောင်ကြဉ်ခြင်းတို့
ဖြစ်တယ်။
နံပါတ်(၂) ဗြဟ္မစိုရ်တရားကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုပြီး
၎-ပါးရှိကြောင်း သိရတယ်။
ဒီကမ္ဘာစောင့်တရားကြီးနှစ်ပါး ထွန်းကားနေတဲ့ ကာလမှာ ကမ္ဘာကြီးဟာ
ငြိမ်းချမ်းနေပါတယ်။ သာယာနေတယ်။ သတ္တ၀ါတွေဟာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့
ပြည့်စုံနေကြတယ်။ လူတွေရဲ့သက်တမ်းဟာ အသင်္ချေအထိ တိုးတက်နေတယ်လို့ ဆိုတယ်။
ဒါပေမဲ့ လူတွေမှာ လောဘ၊ ဒေါသ၊ မောဟတရား (၃)ပါးဖြစ်ပေါ်လာတဲ့အခါ
လူတွေရဲ့ သက်တမ်းဟာ လျော့ကျဆုတ်ယုတ်သွားတယ်။ အသင်္ချေယတန်းမှ တစ်သိန်းအထိ ဆုတ်ယုတ်သွားတယ်။
ဒါပေမဲ့ လောဘ၊ ဒေါသ၊ မောဟ အားနည်းသေးတဲ့အတွက် လူ့လောကကြီးမှာ ခိုးမှု၊ သတ်မှုဆိုတာ
မပေါ်ပေါက်သေးဘူး။ ဒါပေမဲ့ အသက်ရှစ်သောင်းတန်းအထိ ကျလာတဲ့အခါမှာတော့ ခိုးမှု၊ သတ်မှုဆိုတဲ့
ဒုစရိုက်နှစ်ပါး ပေါ်ထွန်းလာတယ်။ ဒီအခါမှာ အသက်ရှစ်သောင်းတန်းမှာရှိတဲ့ လူတွေရဲ့ သားသမီးတွေဟာ
အသက်ရှစ်သောင်းတန်းအထိ မနေရတော့ဘူး။ အသက်လေးသောင်းတန်းအထိပဲ နေကြရတော့တယ်။ သက်တမ်းတစ်ဝက်တိတိ
လျော့ကျသွားတယ်။
တစ်ခါ အသက်လေးသောင်းတန်းမှာ မုသာဝါဒဆိုတဲ့ လိမ်ညာမှုတွေပေါ်လာလို့
သက်တမ်းတစ်ဝက် လျော့ကျသွားပြန်တယ်။ သက်တမ်း နှစ်သောင်းတန်း ဖြစ်လာတယ်။ တစ်ခါကုန်းတိုက်မှု(ပိသုဏ၀ါစာ)
ပေါ်လာပြန်တဲ့အခါ သက်တမ်းတစ်ဝက် ထပ်လျော့သွားပြန်တယ်။ သက်တမ်းတစ်သောင်းတန်းမှာ တဏှာရာဂ
ပိုမိုထူပြောလာတဲ့အတွက် သူတစ်ပါး သားမယားကို မတော်မတရား ကျူးကျော်မှုတွေ ဖြစ်လာတယ်။
ဒီအခါမှာ အသက်ငါးထောင်တန်းအထိ ကျသွားပြန်တယ်။ ငါးထောင်တန်းမှာ တစ်ခါကြမ်းတမ်းစွာ ဆဲဆိုမှု၊
အတင်းအဖျင်း ပြောဆိုမှုတွေ ပေါ်လာပြန်တော့ သက်တမ်းနှစ်ထောင်အထိ ဆုတ်သွားပြန်တယ်။ တစ်ခါ
..သူတစ်ပါး ပစ္စည်းဥစ္စာ မတရားရယူရန် ကြံစည်မှု(အဘိဇ္ဈာ) တရားနဲ့ သူတစ်ပါးသေကြေပျက်စီးစေလိုမှု(ဗျာပါဒ)တရား
..နှစ်ပါး ပေါ်ပေါက်လာပြန်တဲ့အခါ သက်တမ်းတစ်ထောင်တန်းအထိ ကျသွားတယ်။
တစ်ခါ တဏှာ၊ ရာဂ ထူပြောလာတာနဲ့အမျှ အဓမ္မရာဂဆိုတဲ့ မတပ်မက်အပ်သော
..အမိ၊ အမေ၊ အစ်မ၊ သမီး..တို့အပေါ် တပ်မက်ခြင်း၊ ၀ိသမလောဘဆိုတဲ့ မိမိဇနီးမယားအပေါ်မှာ
အလွန်အကျူးနည်းလမ်းမကျ မေထုန်မှီဝဲခြင်း၊ မစ္ဆာဓမ္မဆိုတဲ့ လိင်တူအချင်းချင်း ကျူးလွန်ဖောက်ပြန်ခြင်းဆိုတာတွေ
ပေါ်လာပြန်တော့ လူတွေရဲ့သက်တမ်းဟာ နှစ်ရာအထိ ကျသွားတယ်။
တစ်ခါ ရတနာသုံးပါးနဲ့ အမိ၊ အဘများအပေါ် ပြုသင့်ပြုထိုက်သော
(၀တ်ကြီးဝတ်ငယ်) ကျင့်ဝတ်တွေ၊ အရိုအသေပြုမှုတွေ ပျက်စီးလာတဲ့အခါ အသက်တစ်ရာတန်းအထိ ကျသွားတယ်။
ဒီနောက် ဒုစရိုက် ဆယ်ပါးလုံး ပြည့်ပြည့်စုံစုံနဲ့ လွန်လွန်ကဲကဲ ကျူးလွန်လာကြတဲ့အခါမှာ
လူတွေရဲ့ သက်တမ်းဟာ တစ်ရာအထိတောင် မနေကြရတော့ဘူး။ ဒီအခါမှာ လောကကို စောင့်ရှောက်ပေးနေတဲ့
..အရှက်၊ အကြောက် (ဟိရီ၊ သြတ္တပ္ပ) တရားလည်း ပျောက်ကွယ်လာတယ်။ ဒီနေ့ကမ္ဘာမှာ လူတွေရဲ့သက်တမ်းဟာ
(၇၅)နှစ်အထိ နေကြရသူ နည်းလာတယ်။ နေ့စဉ်နဲ့အမျှ အစွမ်းထက်တဲ့ လက်နက်တွေနဲ့ သတ်နေကြ၊
သေနေကြရတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ သေနေကြရတယ်။ ဆေးကုလို့မရတဲ့ ရောဂါတွေနဲ့ သေနေကြရတယ်။
ငတ်မွတ်ခေါင်းပါးလို့ သေနေကြရတယ်။ နှစ်စဉ်သန်းပေါင်းများစွာ သေနေကြရတယ်။ ဒါ့အပြင် ယခုလိုမျိုး
ဘုရားတရားအပေါ်မှာ သံသယတွေ များလာခြင်းနဲ့အတူ တွေ့မှ၊ မြင်မှ ယုံမယ်၊ ကိုယ်တိုင်တွေ့မြင်မှ
တကယ်ရှိတယ်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ တစ်နည်းပြောရရင် အာရုံသိအဖြစ်သို့ရောက်မှ ..ရှိခြင်း..ဆိုတာကို
လက်ခံပြီး၊ မိမိတို့ ..အာရုံသိ.. အဖြစ်သို့ မရောက်လျှင် ..ရှိခြင်း..ဆိုတာ လက်မခံတဲ့သဘော
ဖြစ်လာတယ်။ ဒါဟာ ၀ိပဿနာဥာဏ်မှတစ်ဆင့် တက်လှမ်းရမယ့် လောကုတ္တရာဥာဏ်ကွယ်မယ့်သဘော (၀ါ)
ဘုရားသာသနာကွယ်မယ့်သဘော၊ လူတွေရဲ့သက်တမ်းဟာ (၁၀)နှစ်တမ်းအထိ ထိုးဆင်းသွားမယ့်သဘောရဲ့
ရှေ့ပြေးနိမိတ်တွေ ဖြစ်တယ်။
အမှန်မှာ ကိလေသာဝဋ္ဋ်၊ ကမ္မ၀ဋ္ဋ်၊ ၀ိပါက၀ဋ္ဋ်ဆိုတဲ့ ၀ဋ္ဋ်(၃)ပါးလည်ပတ်နေတာရယ်၊
ရုပ်နာမ်တို့ရဲ့ ကြောင်းကျိုးဖြစ်စဉ်ကို ဂဃနဏ မလေ့လာ မသိရှိတာရယ်ကြောင့် သံသရာဆိုတာ
ရှိချင်ရှိမယ်၊ မရှိရင် မရှိဘူး ဆိုတာတို့ကစပြီး ဘုရားဟော ပိဋ္ဋိကတ်သုံးပုံဟာ တကယ်ဘုရားဟော
ဟုတ်ရဲ့လားဆိုတာတို့ ဘုရားကို ဒီဥာဏ်တွေ ဘယ်သူသင်ပေးသွားတာတုံးဆိုတာတို့အထိ အတွေးအမြင်
အလွန်တိမ်ကာ သေးသိမ်ကျဉ်းမြောင်းလာကြတယ်။ သံသယတွေ ၀င်လာကြတယ်။ ဒီလိုမျိုး ဖြစ်လာတာဟာ
အမှတ်တမဲ့နဲ့ အကြောင်းမဲ့ ဖြစ်လာတာလို့ မဆိုနိုင်ဘူး။ ဒီလိုမျိုး ကစင့်ကလျား တွေးလာကြခြင်းရဲ့
အကျိုးသက်ရောက်မှုက လူတွေဟာ ယခုထက်ပိုပြီး အကုသိုလ်ဒုစရိုက်တွေ လုပ်လာကြလိမ့်ဦးမယ်၊
ဒီအခါမှာ ယခုထက် သက်တမ်းတွေ ..တို..လာကြလိမ့်ဦးမယ်။ အခုဆိုရင် အာဖရိကတိုက်က ဆွာဇီလန်နိုင်ငံမှာ
လူတွေရဲ့သက်တမ်းဟာ (၃၄)နှစ်သာရှိပြီး မာလာဝီနိုင်ငံမှာ ပျမ်းမျှသက်တမ်း (၂၇)နှစ်ပဲ
ရှိတော့တယ်။ နောက်ဆုံး (၁၀)နှစ်အထိ ရောက်သွားလိမ့်မယ်။ ယခု သတ်ဖြတ်သေကြေ နေကြရတာထက်
အဆတစ်ရာသာမယ့် လောကငရဲကို ရောက်ကြရလိမ့်ဦးမယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်တွေသာ ဖြစ်တယ်။
ဒါကြောင့်လည်း ဘုရားရှင်က ဤသို့ အကြိမ်ကြိမ် မှာကြားသွားခဲ့သည်။
..၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာ ဒေန၊ သမ္မာဒေထ.. ဖြစ်ခြင်းသဘောရှိသော
တရားတို့သည် ပျက်ခြင်းသဘော ရှိကုန်၏။ သတ္တ၀ါတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲ
သတိပဋ္ဌာန်တရားကို အားထုတ်ကာ သီလ၊ သမာဓိ၊ ပညာတို့ကို ဆောက်တည်ကြ၊ သတိတရား လက်ကိုင်ထားကာနေကြလို့
အကြိမ်ကြိမ် မှာကြားသွားပါတယ်။
စိုးဝင်း (ချောက်)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း မှ ရိုက်ကူးမျှဝေပါသည်။
No comments:
Post a Comment