Sunday, November 20, 2011

သံသရာ ရေစက် (ကိုမျိုးမြတ်သူပို့ပေးသော မေးလ်ကို ပြန်လည်ဝေမျှပါသည်)

မှန်တင်ခုံပေါ် တင်ထားတဲ့ “နေဗီယာ ဘော်ဒီလိုးရှင်း” ဘူးကို ဆတ်ခနဲ လှမ်းယူပြီး တစ်ကိုယ်လုံး အနှံ့ လိမ်းနေတဲ့ ကိုယ်ခန္ဓာ ခပ်ပိန်ပိန်နဲ့ ဒေါ်တင်တင်ဟာ အသားလှဆီတွေ ဘယ်လိုပဲ လိမ်းလိမ်း တင်းရင်း ပြည့်ဖြိုး မလာတော့တဲ့ အသားအရေကို ကြည့်ပြီး စိတ်ထဲမှာ အားမလို အားမရ ဖြစ်နေပါတယ်။တကယ်ဆိုရင် ခြောက်ဆယ်ကျော် မိန်းမ တစ်ယောက်ဟာ လှမယ်ဆိုရင် လှလို့ ရသေးတဲ့ အရွယ်လို့ ဒေါ်တင်တင်ဘက်က ခံယူထားလေတော့ အရေပြား တွန့်လာတာကို စိတ်တိုင်း မကျပေမယ့်အကြိမ်ကြိမ် ပေါင်းတင်ထားလို့ အဆင်ပြေ နေသေးတဲ့(ဒေါ်တင်တင်ဘက်က ထင်နေတာပါ) မျက်နှာ အိုအိုကြီးကိုတော့ ဂုဏ်ယူတတ် ပါသေးတယ်။ လော်ရယ်က ထုတ်တဲ ပန်းနုရောင် နှုတ်ခမ်းနီ ကောင်းမှုကြောင့် စိုလဲ့လဲ့ ဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံကို ဆေးသားညီ အောင် နောက်ထပ် ထပ်ထပ် ဆိုးလိုက်ပါတယ်။ သိပ်ပြီး ရဲတောက် နေတာမျိုး မဖြစ်စေဖို့တော့ ဒေါ်တင်တင် ဂရုစိုက်ပါတယ်။ လူကဲ့ရဲ့စရ ဖြစ်နေမှာကိုး။ မိတ်ကပ်၊ ဘာညာ လိမ်းထားတာတောင် လိမ်းထား သလိုလို၊ မလိမ်းထား သလိုလိုနဲ့ အနုစိတ်ပြီး ခြယ်သ တတ်တာတော့ ဒေါ်တင်တင် ကျွမ်းကျင်ပါတယ်။


နဂိုကတည်းက အလှ အပ၊ အသန့်အပြန့် ကြိုက်တတ်တဲ့ ဒေါ်တင်တင်ဟာ သူ့ ယောက်ျား ဦးတောက်ထွန်း လေဖြတ်ပြီး အိပ်ရာထဲ လဲကတည်းက “နာခြင်း” ဆင်းရဲကို ထိတ်လန့်သွားပြီး အရင်ကထက် ပိုနုချင်၊ လှချင်၊ ငယ်ချင် လာတာတော့ ငြင်းမရဘူး။ ဘယ်အရင်ဆို ခန့်ညားချော မောနေတဲ့ ဦးတောက်ထွန်းကို အားမနာ၊ လျှာမကျိုး မင်းသား ရန်အောင်လောက် အထိ မှန်းပြီး ကိုယ့်ငါးချဉ် ကိုယ်ချဉ်ခဲ့တာမျိုး ဆိုတော့ ခုလို လူမမာ ပုံကြီးနဲ့ အိပ်ရာထဲလဲတဲ့ အခါ မှာတော့ ဒေါ်တင်တင်ရဲ့ အရင်လို နှစ်သက်တဲ့ စိတ်တွေဟာ လျော့ပါးစ ပြုလာပြီး အလိုလို နေရင်း ဘာကို လန့်လို့လန့်မှန်း မသိ ဖြစ်လာတာပါပဲ။ ဒါ ပေမယ့် လူမမာကိုတော့ မျက်နှာလွဲ ခဲပစ် မလုပ်ရက်ပါဘူး။ ငယ်လင် ငယ်မယားတွေကိုး။ ချေး၊ သေးကိစ္စ။ ရေဖတ် တိုက်၊ အ၀တ်လဲ ဘာညာတွေသာ လုပ်မပေးချင် နေမယ်။ အပျံစား ပြင်ဆင်၊ ၀တ်စားပြီးမှ ကောင်မလေးတွေ အဆင်သင့် လုပ်ထားပေးတဲ့ ကွေကာအုပ်ကလေး၊ ကြက်စွပ်ပြုတ်ကလေးလာ တိုက်။ ရေဖန်ခွက် ကလေးယူပြီး ဆေးတိုက်တာ မျိုးလောက်တော့ လုပ်ပေးပါသေးတယ်။


အိပ်ရာ ခွဲအိပ်နေတာ ကြာပြီဆိုတော့ တစ်ခါတလေ အိမ်မက်၊ ယာမက် မကောင်းရင် ဖျတ်ခနဲ အခန်းကူးပြီး လူမမာကို ထကြည့်မိတဲ့ အခါမှာ အိပ်ပျော်နေတဲ့ ဦးတောက်ထွန်း မျက်နှာကို ပြိတ္တာကြီး လိုလို ထင်လိုက်တာကြောင့် ဘုရားခန်းထဲ ပြေးဝင်ပြီး ဂုဏ်တော် ပေါင်းစုံကို အဆီအငေါ် မတည့် ရွတ်ဆိုမိတဲ့ အခါတွေလည်း ရှိခဲ့တာပါပဲ။ တော်သေးတာပေါ့လေ။ ဒေါ်တင်တင် တစ်ယောက် အိပ်ပျော်နေရင်း သူ့ကိုယ်သူ ပြန်ကြည့်နိုင်တဲ့ အစွမ်း မရှိလို့သာပေါ့။ ရှိခဲ့ရင် ရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်မကြီး ဆိုပြီး သူ့ရုပ်သူ ပြန်လန့်အော်မှာတော့ သေချာပါတယ်။ ပိုပြီး သေချာတာက ညအိပ်ရာ ၀င်ပြီဆိုရင် ဒေါ်တင်တင်ဘက်က ဘာမှ မလိမ်းခြယ်တော့တဲ့ အတွက် မူရင်း ရုပ်ရည် အမှန်ကို မြင်ရမှာ ကြောက်တာနဲ့ပဲ မှန်တောင် ခပ်ကြာကြာ မကြည့်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဦးတောက်ထွန်း သေသွားမှာကိုတော့ ဒေါ်တင်တင် စိုးရိမ်တတ်ပါသေးတယ်။ အမော ဖောက်လာတာတွေ၊ အသည်းအသန် ဖြစ်တာတွေ ကြုံလာပြီ ဆိုရင် ကုန်ချင်သလောက် ကုန်ပါစေဆိုပြီး အထူးကု ဆေးခန်းပြေး တင်ပေးတာမျိုးပါ။ သက်သာသလို ရှိမှ အိမ်ပြန်ခေါ်လာရတဲ့ ဦးတောက်ထွန်းဟာ ဆေးသက်ပဲ ကျန်တော့တာပါ။


မွေးထားတဲ့ သမီး နှစ်ယောက်က အိမ်ထောင်ကျပြီး နိုင်ငံခြား ရောက်နေတာ ဆိုတော့ လူမမာ လင်သားကို“သူမပြုစုရင် ဘယ်သူ ပြုစုမလဲ။ ပစ္စည်းဥစ္စာ ဆိုတာ ရှိရင်တန်ဆာ၊ မရှိရင်ဝမ်းစာ” ဘာညာဆိုပြီး လူမမာ လာကြည့်တဲ့ ဧည့်သည်တွေကို ဧည့်ခံတရား ဟောတတ်ပါသေးတယ်။ အရင်ကလောက် မချမ်းသာတော့ပေမယ့် ဦးတောက်ထွန်း ရှာဖွေ ထားသမျှတွေဟာ အတိုင်းအတာ တစ်ခု အထိတော့ လွန်ပါသေးတယ်။ ဘယ်သူက ဘယ်ဆရာဝန် ကောင်းတယ် ဆိုကု၊ ဘယ်မြန်မာဆရာ စွမ်းတယ်ဆိုရင်လည်း သွားကု ဒေါ်တင်တင် အကုန်လိုက် လုပ်ပါတယ်။ တစ်ခု ရှိတာက ဘယ်နေရာမှာပဲ ကုကု လူနာရှင် သူဌေးမကြီး ဆိုတဲ့ စတိုင်လ်တွေ၊ မလိုင်တွေကိုတော့ တစ်ပြားသားမှ အပွန်းအပဲ့ မခံတတ်ပါဘူး။


ဒီနေ့“စီတီစကန်” ရိုက်မယ်ဆိုရင် ပိုးလက်ရေး ဗေဒါရောင် ၀မ်းဆက်နဲ့ ခရမ်းစွဲ တစ်ဆင်စာ ၀တ်ပြီး လက်ပွေ့အိတ် အနက်နဲ့ ဒေါက်ဖိနပ် ခရမ်းရင့်ပေါ့လေ။ နောက်နေ့ အထူးကုဆေးခန်းပြ မယ့်အီးစီဂျီဆွဲ၊ ဆီးစစ်၊ သွေးစစ်ဘာညာဆိုရင် ကီမိုနိုခဲရောင် ၀မ်းဆက်နဲ့ စိန်တစ်ဆင်စာ ၀တ်ပြီး လက်ပွေ့အိတ်ငွေရောင်နဲ့ လေဒီရှူးနက်ပြာ။ နောက်တစ်ပတ် မြန်မာဆရာ ပြမယ်ဆိုရင် ပါတိတ် ၀မ်းဆက် အစိမ်းနုနဲ့ မြတစ်ဆင်စာ ၀တ်ပြီး လက်ကိုင်အိတ် စိမ်းပြာနဲ့ ဒေါက်ဖိနပ် အစိမ်းပုတ်ကို အကျအန ၀တ်ဆင်ပြီး သစ်ခွ ဖြူဖြူ တစ်ပွင့်ကတောင် ကေသာမှာ အဆစ်ပါသေးတာမျိုးပါ။ လူမမာနဲ့ အပြင်ထွက် ဖြစ်တိုင်း ဒေါ်တင်တင်ဝတ်တာ စားတာ လုံးဝ မထပ်စေရဘူး။ ညအိပ်တာတောင် ရောင်စုံ ပိုးဂါဝန် ဖားဖားကြီးတွေကို တစ်ညတစ်မျိုး မရိုးအောင် ၀တ်အိပ်တာမျိုးပါ။ သမီးတွေဆီက ဖုန်းတွေ ဘာတွေ လာပြီဆိုရင်တော့။


“ပင်ပန်းလိုက်တာ သမီးရယ်။ ဘယ်လို လုပ်မလဲ ဟုတ်လား။ ကိုယ့်လင် အရှင်သခင်ကို ကိုယ်ပဲ ပြုစုမှ မယား ၀တ္တရား ကျေတော့မပေါ့။ မာမီလည်း နေ့နေ့ညည အရိပ် တကြည့်ကြည့်ပါပဲကွယ်။ သမီး ဒယ်ဒီ အခြေအနေက လုံးဝ တိုးတက် မလာတာ ကံပဲပေါ့။ ကြာကြာ ပြုစုရလေ။မာမီ ကုသိုလ်ရလေပဲလို့ နှလုံးပိုက်ပြီး ယုယရ တာပါပဲ သမီးရယ်။ ဘာ။ မလာနဲ့ သမီး မလာနဲ့။ ခရီးက နီးနီးလေးမှ မဟုတ်တာကွယ်။ ကမ္ဘာ တစ်ခြားစီ ဥစ္စာ။ စရိတ်နဲ့ ခွင့်ယူရမှာနဲ့ မထူးပါဘူး သမီးရယ်။ မာမီ ရှိနေတာပဲကွယ်။ အခြေ အနေ မကောင်းရင် မာမီ “အီးမေးလ်” ပို့လိုက်မယ်နော်။ အင်းပါ သမီးရဲ့ အင်းပါ။ သြော် သမီးရေ။ ဟိုတစ်ခါ ပို့လိုက်တဲ့“ရယ်ဗလွန်” ဆက်ဟာလေ။ ကုန်နေပြီ သမီးရဲ့။ ဒီကဟာတွေက မာမီ့ အသားအရေနဲ့ မတည့်ဘူးလေ။ အဲဒါ လူကြုံရှိရင် ပို့လိုက်ပါဦး”


အဲဒီလိုနဲ့ ဒေါ်တင်တင်ရဲ့ လုပ်ဆောင်ချက်တွေကို စိတ်တိုင်း မကျသူဆိုလို့ ဦးတောက်ထွန်း တစ်ယောက်ပဲရှိပါတယ်။


ဒါပေမယ့် လူမမာ ဘ၀ဆိုတော့ အာရုံက သိနေပေမယ့် စိတ်သွားတိုင်း ကိုယ် မပါနိုင်တဲ့ အဖြစ်ဆိုး ဘ၀မှာ ဒေါ်တင်တင်တို့ လူမမာ ခန်းထဲကို ပြင်ဆင်ပြီး ၀င်လာပြီဆိုရင် ဦးတောက်ထွန်းဟာ မျက်လုံးတွေ အရောင် တောက်လာပြီး ၀ူးဝူးဝါးဝါး ပြောလိုပြော။ မျက်ရည်ကျလို ကျနဲ့ အမောဖောက် ရောဂါ ထလာတတ်တာတော့ အမှန်ပါပဲ။


_ _ _


(၂)


ဦးတောက်ထွန်း လေဖြတ်ပြီး နှစ်လမပြည့်ခင်မှာ အလုပ်သမား ကောင်မလေး နှစ်ယောက်နဲ့ နေ့ည သူနာပြု ဆရာမ နှစ်ယောက်တို့ဟာ မောက်မာ တင်စီးလွန်းတဲ့ ဒေါ်တင်တင်နဲ့ ကတောက်ကဆ ဖြစ်ပြီး အလုပ် ထွက်သွားကြတယ်။ ဒရိုင်ဘာ တစ်ယောက်ပဲ ကျန်တာပေါ့လေ။ ငွေ ဘယ်လောက် ပေးပေး စိတ်ချရတဲ့ လူသစ်ဆိုတာ လွယ်လွယ် မရနိုင်တဲ့ အတွက် လူနာ ပြုစုရမယ့် တာဝန်တွေ ဒေါ်တင်တင် အပေါ် ပိလာတာပါပဲ။ အရွယ်မသိ တရား မသိဘဲ လူကို လူလို မဆက်ဆံခဲ့တဲ့ အကျိုးတရားဟာ ဒေါ်တင်တင်ကို ချွေရံသင်းပင်း နည်းစေခဲ့သလို လူမမာ ပြုစုရေး ငရဲ ခန်းကြီးကို (ဒေါ်တင်တင်ဘက်က သတ်မှတ်တာပါ) တစ်ဦးတည်း စတင်ရပါတော့တယ်။ ဒရိုင်ဘာကို စိတ်မချရလို့ ဆိုပြီး အိမ်ထဲတောင် ပေးမ၀င်ခဲ့ပါဘူး။


ရေပတ်တိုက်၊ အ၀တ်လဲဆိုတာ လောက်တော့ လုပ်ဝံ့ပေမယ့်ချေး၊ သေးကိစ္စ ပေါ်လာပြီဆိုရင် ရွံရှာ အော့အန်တဲ့ အထိ ဒေါ်တင်တင် ဖြစ်တတ်ပါတယ်။ လူမမာ စိတ်ချမ်းသာအောင် စားချင်တာ စားဆိုပြီး ကျွေးခဲ့လေတော့ အစာဟောင်း ထွက်တဲ့ အခါ ရောဂါသည်တို့ ထုံးစံအတိုင်း ပိုပြီးနံစော်၊ ရွံရှာဖွယ် ကောင်းနေတာ ဆိုတော့ သုတ်သင် ပေးရသူ အဖို့ ငါးပါး မှောက်တာပေါ့လေ။ ဦးတောက်ထွန်းရဲ့ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို တစ်ယောက်တည်း မရ၊ ချီရတာက တစ်မျိုး၊ ချေးသေးတွေ အတည် မစောင့်ဘဲ ထွက်ချင်သလို ထွက်ထားတာက တစ်ဖုံဆိုတော့ ရေရှည်မှာ ဒေါ်တင်တင်လည်း မတတ်နိုင်တော့လို့ အိပ်ရာပေါ်မှာပဲ ပလတ်စတစ် ထူထူခင်းပြီး လူမမာကို အရှက်လုံအောင် စောင်နဲ့ အုပ်ထားရုံပဲ တတ်နိုင်ပါတော့တယ်။


အညစ်အကြေးတွေကို ဆေးကြော သုတ်သင်ပြီးတဲ့ အခါတိုင်း အဲဒီ အနံ့ ဆိုးတွေက လက်မှာ စွဲနေတာဆိုတော့ အကောင်းစား ရေမွှေးဆွတ်လည်း မခံနိုင်ပါဘူး။ အဆိုးဆုံးက လူမမာရဲ့ အိပ်ရာ နာတွေကို သုတ်သင် ပေးရတာပါပဲ။ သုံးရက်အတွင်း ဒေါ်တင် တင်တစ်ယောက် ချုံးချုံးကျ သွားတာကြောင့် ဒရိုင်ဘာကို အိမ်ထဲ ခေါ်ခိုင်းလိုခိုင်း၊ သမီးတွေဆီ ဖုန်းဆက်တန်ဆက်၊ အီးမေးလ် ပို့တန်ပို့ လုပ်ရပါတော့တယ်။ နဂိုကတည်းက ဓာတုဗေဒ အဆီ အနှစ်တွေနဲ့ ဖုံးကွယ် လိမ်းကျံခဲ့တဲ့ အမယ်အို ပေါက်စဟာ လူမမာ ပြုစုရင်း ပင်ပန်းလာတာကြောင့် ဘာတစ်ခုမှ မပြင်ဆင်နိုင်တော့ဘဲ ဂီလာနရုပ် ပေါက်လာခဲ့ပါတော့တယ်။ ငါးရက်မြောက်မှာတော့ သူနာပြုဆရာမ အသစ်နှစ်ယောက် ထပ်ရလို့ ဒေါ်တင်တင် ၀မ်းသာမဆုံး ဖြစ်နေစဉ်မှာပဲ ဦးတောက်ထွန်း တစ်ယောက် ၀ဋ်ကျွတ်သွားပါတော့တယ်။


အဲဒီမှာတင် ဒေါ်တင်တင် အဖို့ ငါးပါးမှောက်ရုံတင်မက သံဃာ စင်ပါပြိုတဲ့ ကိန်းဆိုက်တာပေါ့လေ။ အသုဘ အလောင်း မပြောနဲ့ အသုဘတောင် လိုက်မပို့ဘူးတဲ့ အတွက် လင်သား ဖြစ်သူ သေပြီဆိုတာနဲ့ မျက်နှာကိုတောင် စေ့စေ့ မကြည့်ရဲတော့ပါဘူး။ သူဌေး ရပ်ကွက်ထဲမှာ အချိန်ပြည့် ကူညီနိုင်သူ မရှိတာကြောင့် ဦးတောက်ထွန်းရဲ့ ဆွေမျိုး နီးစပ် ယောက်ျားသား နှစ်ယောက်ကို ခေါ်ပြီး အကူအညီေ တာင်းရပါတော့တယ်။ အရင်က ဆေးဖော်ကြောဖက် တောင် မလုပ်ခဲ့တဲ့ ဒေါ်တင်တင်ကိုယ်တိုင် ခေါ်တယ်ဆိုပေမယ့် လိုလိုလားလား ကူညီကြပါတယ်။ ဦးတောက်ထွန်း မျက်နှာကို ထောက်လို့ပဲ ဖြစ်မှာပေါ့လေ။ အဲဒါနဲ့ပဲ ဒေါ်တင်တင်ဟာ အသုဘကို ချက်ချင်း ချခိုင်းပါတော့တယ်။


“သေသူရဲ့ ဆန္ဒဆိုတော့လည်း အန်တီ ဘယ်လို လုပ်ရမှာလဲကွယ်။ သမီးတွေကလည်း တော်ရုံနဲ့ ရောက်ကြဦးမှာ မဟုတ်ဘူး။ ရေဝေး အအေးတိုက်မှာ အကြာ ကြီး ထားချင်ပေမယ့် ဒီနေ့ ချက်ချင်းချမှ မင်းတို့ ဦးလေးဆန္ဒကို လေးစားရာ ရောက်မယ် မဟုတ်လား။ အဲဒါကြောင့်ပါ”


“ကလေးတွေမြင်အောင် စောင့်လိုက်ပါဦးလား အန်တီရယ်”


“နေ နေ နေပါစေကွယ်။ ဒီနေ့ပဲ ချလိုက်တာ ကောင်းပါတယ်။ အီး ဟီးဟီး အန်တီ့ဘက်က စောင့်ချင်ပါတယ်ကွယ်။ ဒါပေမယ့်”


အမှန်တော့ သေသူရဲ့ ဆန္ဒ မဟုတ်ပါဘူး။ ဦးတောက်ထွန်းရဲ့ ပြောင်းလဲလာမယ့် အသုဘတရား သဘောကို ဒေါ်တင်တင်ဘက်က မခံစား နိုင်တာ အဓိကပါ။တစ်နာရီ၊ နှစ်နာရီ အတွင်းမှာတောင် ဖောင်းပွ၊ တောင့်တင်းလာ သလိုလို။ ဟနေတဲ့ ပါးစပ်ကပဲ တစ်စုံတစ်ခု ပြောနေသလိုလို။ လင်သားဆိုတော့ မကြည့်ရရင်လည်း မနေနိုင်။နောက်ဆုံး ပ၀ါရှည် အုပ်လိုက်တာတောင် ဟိုနားကပဲ လှုပ်လိုက်သလိုလို။ ဒီနားကပဲ ရွေ့သွားသလိုလို ထင်နေတော ဒီအပုပ်ကောင် ရုပ်ဆောင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ဒေါ်တင်တင် မမြင်ဝံ့တော့ပါဘူး။ မြန်မြန် သင်္ဂြိုဟ်မှပဲ အေးမယ်ဆိုပြီး ချက်ချင်း အသုဘ ချခိုင်းတာမျိုးပါ။


သရဏဂုံ တင်ဖို့ ဘုန်းကြီး ပင့်ရမယ်လည်း ဆိုရော ဒေါ်တင်တင် ဆွံ့အသလိုလို ဖြစ်သွားတယ်။ ပင့်စရာ ဘုန်းကြီး မပြောနဲ့ ဥပုသ်တောင် စောင့်ဖူး တာ မဟုတ်လေတော့ နီးစပ်ရာ ကျောင်းက ဘုန်းကြီးကို ပြေးပင့်ခိုင်းရတာပါပဲ။ နာရေး ကူညီမှု အသင်းကို အသုဘ ကိစ္စ အ၀၀ အပ်လိုက်တာဆိုတော့ သရဏဂုံ တင်ပြီးချိန်လောက်မှ အသုဘ ယာဉ်မောင်းလာဖို့ သေချာ ချိန်းခိုင်းတာမျိုးပါ။ တိုက်ရှေ့မှာ အသုဘယာဉ် အကြာကြီး ရပ်နေတာကိုလည်း ဒေါ်တင်တင် မလိုလားပါဘူး။ အရင်ကတည်းက ကိုယ်ပိုင်ကားနဲ့ နာရေးကား လမ်းမှာ ဆုံရင်တောင် မျက်စိ စုံမှိတ်ပြီး “ဖွဖွဖတ်ဖတ်” လုပ်တတ် တာမျိုးဆိုတော့ တိုက်ရှေ့မှာ အဲဒီကားကြီး လာရပ်တာကိုတောင် ဒေါ်တင်တင် ကျောချမ်းနေမှာ သေချာသလောက်ပါပဲ။


ဖြစ်ချင်တော့ သရဏဂုံ တင်ပေးတဲ့ ဘုန်းကြီး တရားဟောလို့ ကောင်းနေတုန်းမှာ “၀ုန်း” ဆို နာရေးကားကြီး တိုက်ရှေ့ကို ရောက်ချလာပါလေရော။ မျက်စိမျက်နှာ ပျက်နေတဲ့ ဒေါ်တင်တင်ဟာ ဘုန်းကြီး တရားဟောတဲ့ဆီ အာရုံ မရောက်တော့ပါဘူး။ ရေစက်ချ ခါနီးမှာတော့“ရေစက် မချလို့ မရဘူးလား။ ဘာညာနဲ့ ဒေါ်တင်တင် ဈေးဆစ်ပါတော့တယ်။ တကယ်တော့ နာတာရှည် လူမမာ လင်သားကြီးရဲ့ အို၊ နာ၊ သေ ဒုက္ခတွေကို တော်တော်လေး ထိတ်လန့်သွားလို့ နောင်ဘ၀ အထိ ရေစက်ဆုံမှာ ကြောက်တာနဲ့ပဲ ရေစက် မချချင်မှန်း ဘုန်းကြီးက မသိပါဘူး။ နောက်ဆုံး ဘုန်းကြီးကို မလွန်ဆန်နိုင်တာကြောင့် ရေစက်ချ လိုက်ရပေမယ့် ပါးစပ်က လိုက်မဆိုသလို အမျှလည်း ဝေမပေးပါဘူး။ ဘေးလူတွေ ရဲ့ အသံကိုပဲ ကြားလိုက်ရတဲ့ ဘုန်းကြီးဟာ ဗုဒ္ဓဘာသာစိတ် အပြည့်အ၀ မရှိတဲ့ ဒေါ်တင်တင်ကို သာသာနဲ့ နာနာကလေး နှက်ပြီး တရား ချလိုက်ရပါသေးတယ်။ ဦးတောက်ထွန်းကို အသုဘယဉ်ပေါ် တင်ကြစဉ်မှာတော့။


“ဟဲ့ဟဲ့ ဖြေးဖြေး လုပ်ကြပါကွယ်။ အေင်မလေး ကိုတောက်ထွန်းရဲ့ သွားနှင့်ပြီလား။ ရှင့်ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာမို့ ကျွန်မ ရင်မှာ မချိပါဘူး။ ကျွန်မဘက်က တာဝန်ကျေအောင် ကုပေးပါတယ်နော်။ ကျွန်မ မှားမိသမျှ အပြစ်မယူပါနဲ့ရှင် အီး ဟီးဟီး”


ငိုကြီး ချက်မနဲ့ အလောင်းကို ဆွဲမတတ်၊ လွဲမတတ် လုပ်နေလို့ သယ်ပိုးသူတွေလည်း အမြင်ကတ်ပြီး ပြန်ချဖို့အလုပ်မှာတော့


“ဟဲ့ဟဲ့ သယ်ကြလေ၊ သယ်ကြ။ ဘယ့်နှယ့်ဟာတွေလဲ။ လမ်းတစ်ဝက်ကြီး မချကောင်းဘူးဟဲ့။ သွား သွားကြ ကားပေါ် မြန်မြန်တင်။ ဟဲ့ဟိုတစ်ယောက်က ရေအိုးခွဲလေ။ နာနာလေးသာ ပစ်ပေါက်ပြီး ခွဲ”


(၃)


အသုဘယာဉ် နောက်က ကိုယ်ပိုင်ကားနဲ့ လိုက်လာခဲ့တဲ့ ဒေါ်တင်တင်ဟာ ရေဝေးနား နီးလာလေ ရင်ထဲမှာ ကတုန် ကယင်နဲ့ ကြောက်လာလေပါပဲ။ အသုဘရှင် ဖြစ်နေလို့သာ လိုက်လာရတာပါ။ အဲဒီလို နိမိတ်မရှိ၊ နမာမရှိ နေရာမျိုးကို ဒေါ်တင်တင်ဘက်က ခြေဦး လှည့်ချင်တာ မဟုတ်လေတော့ ဒီကိစ္စမြန်မြန်ပြီးမှ အေးမယ်ဆိုပြီး အရဲစွန့် လာရတာမျိုးပါ။ ဒေါ်တင်တင် ထိတ်လန့်စရာ မလိုလောက်အောင် နာရေး ကူညီမှု အသင်းသားတွေက အစစအရာရာ အဆင်ပြေအောင် လုပ်ဆောင်ပေးကြပါတယ်။


အသုဘ ချပြီးတဲ့ ညနေလောက်မှာတော့ သမီးတွေဆီက ဖုန်းဝင်လာပါတယ်။ သူတို့ဘက်ကလည်း လာဖို့ အစီအစဉ် လုပ်ပြီးပေမယ့် ဖအေကြီးကို မမြင်ရတော့မယ့် အတူတူ စရိတ်အကုန် ခံပြီး မလာကြတော့ဘူး ဆိုလာတော့ ဒေါ်တင်တင်လည်း ငိုကြီးချက်မ ထပ်ဖြစ်ရပြန်ပါတယ်။


“အောင်မယ်လေး သမီးတို့ရယ်။ မာမီ့ အဖြစ်ကို လာကြည့်ကြပါဦး။ အိမ်မှာက ဒရိုင်ဘာ တစ်ယောက်ပဲ ရှိတော့တာလေ။ သူနာပြု ဆရာမ နှစ်ယောက်ကိုတောင် အတင်း ဆွဲထားရသေးတာ။ သမီး ဒယ်ဒီတို့ အမျိုးက နှစ်ယောက်ပဲ လာတယ်။ မာမီ တစ်ယောက်တည်း သူစိမ်းတွေ အလယ်မှာ ဘယ်လို နေရမှာလဲ သမီးတို့ရယ်။ အီး ဟီးဟီး အမြန်သာ လာကြပါကွယ်။ မာမီ တစ်ယောက်တည်း အားငယ်လွန်းလို့ပါ”


အမှန်က ရက်လည်ပြီးရင် ဒေါ်တင်တင် တစ်ယောက်တည်း မနေရဲတာကြောင့် သမီးတွေကို အလွမ်း သယ်ပြီး မှာကြားရတာမျိုးပါ။ စိတ်ထဲမှာတော့ ဟိုတုန်းက နုပျို လတ်ဆတ်နေတဲ့ ကိုတောက်ထွန်းကို သတိတရ ရှိပေမယ့် မြင်တွေ့နေကျ လူမမာ ပုံစံကြီးကို မြင်လိုမြင်၊ ပါးစပ်ဟပြီး ဖူးယောင် တောင့်တင်းလာတဲ့ အသုဘ ရုပ်အလောင်းကြီးကို မြင်လိုမြင် ဖြစ်နေတာကြောင့် မှောင်စပျိုးကတည်းက ဒေါ်တင်တင် ဘုရား တနေတာပါပဲ။


“ဘုရား ဘုရား။ ကိုတောက်ထွန်း ကျွတ်မှ ကျွတ်ပါ့မလား။ ကျွန်မဘက်က တာဝန် ကျေပါတယ်နော်။ ကျွန်မအသည်း ငယ်တာ ရှင်သိပါတယ်။ ဒီညတော့ ကျွန်မကို မကျီစားပါနဲ့ရှင်။ ကျွန်မ ရှင့်ကို ကြောက်လွန်းလို့ပါ”


ပါးစပ်က တဖွဖွ ပြောနေတဲ့ ဒေါ်တင်တင်ဟာ ကြောက်စိတ်ကို ကာကွယ်ဖို့ ဘုရားခန်းထဲ ၀င်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဘုရား ရှိခိုးနေတုန်း ဘုရားစင်ပေါ်က ကြောင်ခုန်ချတာကို သရဲ ခြောက်တယ် ထင်ပြီး အူယားဖားယား ပုံစံနဲ့ ဘုရားခန်းထဲက ပြေးထွက်လာတာကို သူနာပြု ဆရာမက မြင်ပြီး ချော့မော့ နှစ်သိမ့်ရင်း သံပုရာရည်ကလေး ဖျော်တိုက်လိုက်မှ ဒေါ်တင်တင် နှလုံးတုန် ရပ်သွားခဲ့ပါတယ်။ ညဆယ်နာရီလောက် အထိ အကြောက်လွန်ပြီး ငိုယိုနေသေးတဲ့ အတွက် သူနာပြု ဆရာမက အိပ်ဆေးတိုက်ပြီး အခန်းထဲ ၀င်သိပ်ပေးရပါသေးတယ်။ ဒါပေမယ့် ဒေါ်တင်တင်ရဲ့ ကြောက်လန့်စိတ်ဟာ အိပ်ဆေး တစ်လုံးလောက်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ညဆယ့်နှစ်နာရီ မထိုးခင်မှာ အိမ်မက်ဆိုး တစ်ခုကြောင့် လန့်နိုး သွားခဲ့ပါတော့တယ်။ ဘုရားစူး အသုဘ အိမ်လို့ ပြောရလောက်အောင် ရှိသမျှ လူအကုန် အိပ်မောကျနေတဲ့ အိမ်ကြီးထဲမှာ မသွားရဲ၊ သွားရဲနဲ့ ထမင်းစားခန်းထဲ ၀င်ပြီး ရေသောက်မလို့ ထလာတဲ့ ဒေါ်တင်တင်ဟာ သွေးပျက်ခြောက်ခြား တုန်ရီနေတာလည်း အမှန်ပါပဲ။ ကျန်သူတွေ ဘယ်မှာ အိပ်ကြ သလဲဆိုတာ မသိတဲ့ အတွက် သွားနိုးရမှာလည်း ကြောက်တာနဲ့ ထိတ်လန့်စိတ်ကို အားတင်းပြီး ထမင်းစားခန်း အ၀င်ဝနားက မီးခလုတ်ကို တုန်ရီနေတဲ့ လက်နဲ့ နှိပ်လိုက်တဲ့ အခါ “ထောက်ခနဲ” မီးလင်းသွားခဲ့ပါတယ်။


အဲဒီ နောက်မှာတော့ ရေခဲသေတ္တာဘေး အ၀တ်လှန်းစင်ရှေ့က “ခေါင်းမပါတဲ့ မည်းမည်း၀၀ ပုံစံကြီး” ကို မြင်လိုက်ရတဲ့ အခါမှာတော့. . .


“အောင်မလေး ကိုတောက်ထွန်းရဲ့”


_ _ _


အချိန်တန်လို့ သမီးတွေ ရောက်လာတဲ့ အခါမှာတော့ ဒေါ်တင်တင်ရဲ့ အသုဘကို အလှအပများစွာနဲ့ စည်စည်ကားကား သင်္ဂြိုဟ် ပေးကြပါတယ်။ လင်မယား နှစ်ယောက် သေတာကလည်း နေ့မကူးခင် တစ်ရက်တည်း ဆိုတော့ ရက်လည် ဆွမ်းသွပ်တာကို တစ်ရက်တည်း လုပ်ကြရပါတယ်။ သမီးနှစ်ယောက်ခမျာ မျက်ရည် အရွှဲသားနဲ့ မိဘနှစ်ပါး အတွက် လှူဒါန်း၊ အမျှဝေ၊ ရေစက်ချလိုက်ကြပါတော့တယ်။


ရေဝေးကို ကြောက်လွန်းတဲ့ ဒေါ်တင်တင်ဟာ ရေဝေး အအေးတိုက်ထဲမှာ သုံးရက်လောက် နေခဲ့ရတယ် ဆိုတာကို သိများ သိခဲ့ရင်။


ရေစက် မဆုံချင်တဲ့ ဒေါ်တင်တင်ဟာ သမီး နှစ်ယောက်ရဲ့ လှူဒါန်း၊ အမျှဝေ၊ ရေစက်ချမှုကြောင့် ရှည်လှတဲ့ သံသရာမှာ ဦးတောက်ထွန်းနဲ့ ဆုံကြဦးမယ်ဆိုတာ သိများ သိခဲ့ရင်။


တရား မသိဘဲ အလှအပကိုသာ မက်မော တွယ်တာခဲ့တဲ့ ဒေါ်တင်တင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘာရောဂါဖြစ်လို့ ဖြစ်နေမှန်းတောင် မသိခဲ့ပါဘူး။ တကယ်တော့ ဒေါ်တင်တင်ဘက်က ညည့်နက်သန်းခေါင်မှာ မြင်လိုက်ရတဲ့ ခေါင်းမပါတဲ့ မည်းမည်း ၀၀ကြီးဟာ သူမ ၀တ်နေကျ ညအိပ်ဝတ် ပိုးဂါဝန် တစ်ထည်လို့သာ သိလိုက်မယ် ဆိုရင် ဦးတောက်ထွန်းနဲ့ သေရွာမှာ ရေစက်သွား ဆုံစရာ အကြောင်းတော့ မမြင်မိပါဘူး။


ထွန်းတောက်ထွဋ် (သင်္ချာ)






No comments:

Post a Comment