မဟာသမုဒ္ဒရာရဲ့ အံ့ဖွယ်ရှစ်ဖြာထဲမှာ “မဟာသမုဒ္ဒရာ အပုပ်ကောင်တွေကို ဘယ်တော့မှ သူထဲမှာ မထားဘူး။ ကမ်းပေါ်ရောက်အောင် ပို့ပစ်တတ်တယ်”တဲ့။
“ရှင်တော်မြတ်ဘုရားရဲ့ သာသနာတော်ဟာ ကိုယ်ကျင့်တရားမကောင်းတဲ့ သူတွေ နေလို့မရပါဘူး။ ကိုယ့်ကျင့်တရား မကောင်းတဲ့ သူတွေဟာ ရှင်တော်မြတ်ဘုရားရဲ့ သာသနာတွင်းမှာ ကြာရှည်စွာ မရပ်တည်နိုင်ကြပါဘူး။ သာသနာတော်တွင်းကနေ ထွက်ခွါသွားရကြပါတယ်”တဲ့။
တစ်ခါတုန်းက ဘုရားရှင်က ရဟန်းတော်တွေကို “ရဟန်းတို့ ရဲရဲပြောင်ပြောင် တောက်လောင်နေတဲ့ သံပြားကြီးတွေကို ၀တ်ရတာနဲ့ သင်္ကန်းကို ၀တ်ရတာဟာ ဘယ်ဟာက ကောင်းလဲ”လို့ မေးတော်မူပါတယ်။
ရဟန်းတော်တွေက “သင်္ကန်းကို ၀တ်ရတာက ကောင်းပါတယ်”လို့ ဖြေကြပါတယ်။
ဒီအခါမှာ ရှင်တော်မြတ်ဘုရားက “ကိုယ်ကျင့်တရားမကောင်းတဲ့ ရဟန်းဟာ သင်္ကန်းဝတ်တာနဲ့စာရင် ရဲပြောင်ပြောင်တောက်လောင်နေတဲ့ သံပြားကြီးတွေကို ၀တ်ရတာကမှ ကောင်းပါသေးတယ်။ သင်္ကန်းဝတ်ရတာက မကောင်းပါဘူး။ သံပြားကြီးက တစ်ဘ၀ပဲ သေစေနိုင်တယ်။ သင်္ကန်းကတော့ ကိုယ်ကျင့်တရားမကောင်းပဲ ၀တ်ထားတဲ့ ရဟန်းကို ဘ၀ဆက်တိုင်းသေစေနိုင်တယ်။ ဆင်းရဲခြင်းကို ပေးစွမ်းနိုင်တယ်”လို့ ဟောကြားတော်မူခဲ့ပါတယ်။
အရာတိုင်းဟာ သူနဲ့ထိုက်တန်တဲ့ ပေးဆပ်မှုတော့ ရှိရစမြဲပါ။ ဘယ်အရာကမှ အလကားမရပါဘူး။ သင်္ကန်းကို ၀တ်မယ်ဆိုရင်သင်္ကန်းနဲ့ ထိုက်တန်တဲ့ အရာတွေကိုတော့ ပေးဆပ်ရမှာပါ။
”ဣနြေ္ဒတို့ကို စောင့်စည်းထိန်းချုပ်မှု မရှိ၊ မှန်ကန်စွာ ပြောဆိုခြင်းလည်း မရှိ၊ ကိလေသာဖန်ရည်လဲ မကင်းပါပဲလျှက် ဖန်ရည်ဆိုးသော သင်္ကန်းကို ၀တ်ရုံသောသူသည် ဖန်ရည်ဆိုးသော သင်္ကန်းနှင့် မထိုက်တန်ပေ”
ဒါက ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ သင်္ကန်းကို ၀တ်ချင်သူများအတွက် လိုအပ်တဲ့ အခြေခံအချက်တွေပါ။ ပြောခဲ့ အချက်သုံးချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ “ကိလေသာဖန်ရည် မကင်းရင်တောင်မှ သင်္ကန်းဝတ်သူဟာ ဣနြေ္ဒတို့ကို စောင့်စည်းထိန်းချုပ်ခြင်း မှန်ကန်စွာပြောဆိုတတ်ခြင်းဆိုတဲ့ အချက်နှစ်ချက်နဲ့တော့ ပြည့်စုံရပါမယ်”။
တကယ်တော့ ရဟန်းဘ၀ဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့သူနဲ့တူပြီးတော့ လူ့ဘ၀ကတော့ မြေပြင်ပေါ် လမ်းလျှောက်နေရသူနဲ့ တူပါတယ်။
မြေပြင်ပေါ် လမ်းလျှောက်နေသူဟာ ချော်လဲရင် နာရုံပါပဲ။ ကြိုးတန်းပေါ်ကသူ ချော်လဲရင်တော့ သေတောင်သေနိုင်ပါတယ်။ မြေပြင်ပေါ်ကသူနဲ့ ကြိုးတန်းပေါ်ကသူ ချော်လဲတာချင်း အတူတူတောင်မှ ကြိုးတန်းပေါ်ကသူက သေဖို့ပိုများပါတယ်။
ဒါကြောင့် သင်္ကန်းဝတ်သူများရော သင်္ကန်းဝတ်ချင်တဲ့သူများရော “ငါဝတ်မယ့်သင်္ကန်းနဲ့ ထိုက်တန်အောင် ငါနေနိုင်ပါ့မလား”ဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။
“ငါဝတ်ထားတဲ့ သင်္ကန်းနဲ့ ငါနဲ့ ထိုက်တန်ရဲ့လားဆိုတာ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်”။
ဆရာသမားများကတော့ “သင်္ကန်းဝတ်နဲ့ ကောင်းကောင်းမွန်မွန် မနေနိုင်ရင် စောစောစီးစီး လူထွက်ကြ။ လူ့ဘ၀က သားနဲ့မယားနဲ့ ပျော်ပျော်ပါးပါးနေပြီးတော့ ငါးပါးသီလလောက် လုံအောင်ထိန်းနိုင်ရင် နောင်ရေးစိတ်အေးရတယ်။ အနည်းဆုံးတော့ ဒီဘ၀မှာ မိန်းမတော့ ရလိုက်သေးတယ်။ သင်္ကန်းဝတ်နဲ့ ကောင်းကောင်းမွန်မွန် မနေနိုင်ပဲ နေရင် ဒီဘ၀လဲ မိန်းမမရ သေတော့လဲ ငရဲသွားရဦးမယ်၊ နှစ်ခါရှုံးတယ်။ ဒါကြောင့် လူထွက်ကြ”လို့ ပြောလေ့ရှိပါတယ်။
ဒါက ပါရာဇိကကျပြီးသား ရဟန်းတွေကို တွေးစေလိုလို့ ပြောတာပါ.။ အဖြေတော့ မဟုတ်ပါဘူး။ မေးခွန်းကို ဖြေပါတော့မယ်။
ပါရာဇိကမကျသေးတဲ့ ရဟန်းဆိုရင် မလေးမစားလုပ်ရင် အပြစ်ဖြစ်ပါတယ်။ ပါရာဇိကကျပြီးသွားရင်တော့ ပါရာဇိကကျပြီးမှန်းသိရဲ့သားနဲ့ လူမထွက်သေးတဲ့ ရဟန်းဆိုရင်တော့ မလေးမစားလုပ်လဲ အကုသိုလ်မဖြစ်ပါဘူး။
ဒါကြောင့် ရဟန်းတော်များအနေနဲ့လဲ ပါရာဇိကကျပြီသွားရင် သင်္ကန်းနဲ့ ဘယ်လိုမှ မထိုက်တန်တော့တဲ့အတွက် ကိုယ်ဝတ်ထားတဲ့ သင်္ကန်းနဲ့ ကိုယ်နဲ့ မထိုက်တန်တော့ဘူးဆိုတာကို တွေးပြီးတော့ လူထွက်သင့်ပါတယ်။ နေမယ်ဆိုရင် ကိုရင်ဘ၀နဲ့ပဲ ဆက်ပြီး နေသင့်ပါတယ်။ ရဟန်းအဖြစ်နဲ့ ဆက်ပြီး မနေသင့်တော့ပါဘူး။ ပါရာဇိက ကျပြီးသားကို ရဟန်းအဖြစ်နဲ့ဆက်နေမယ်ဆိုရင် သူဟာ သူခိုးတစ်ယောက်ပါပဲ။ သူ့ကို ဒကာ ဒကာမက လှုတန်းသမျှဟာ ခိုးယူနေတာနဲ့ အတူတူပါပဲ။
မလေးမစားလုပ်တာဟာ ဘယ်လို စိတ်နဲ့လုပ်တာလဲဆိုတာ ဆန်းစစ်သင့်ပါတယ်။
ကောင်းစေလိုတဲ့စိတ်နဲ့ဆိုရင် (အမူအရာက မလေးမစားသလိုဖြစ်နေသော်လဲ) အပြစ်မဖြစ်ပါဘူး။
တစ်ခါတုန်းက ၀ိသာခါဟာ မိန်းမတစ်ယောက်နဲ့ ကွယ်ရာမှာ ထိုင်ပြီး စကားပြောနေတဲ့ ရဟန်းကို ဒီလို မနေသင့် မထိုင်သင့်ဘူးလို့ ဆုံးမပါတယ်။ ရဟန်းက အရေးမလုပ်ပါဘူး။ ၀ိသာခါဟာ လမ်းထွက်ပြီးတော့ လမ်းသွားနေတဲ့ ရဟန်းတွေကို “ဒီရဟန်းဟာ ဒီလိုနေထိုင်နေပါတယ်”ဆိုပြီး လျှောက်ပါတယ်။
ရဟန်းတွေက ဘုရားပြန်လျှောက်ကြပါတယ်။ ဘုရားက အကြောင်းအကျိုး တိကျခိုင်မာမှုရှိရင် ပါရာဇိကအာပါတ်စတဲ့ သင့်တော်တဲ့အာပါတ်နဲ့ အဲဒီရဟန်းကို စွပ်စွဲခွင့်ရှိတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
ဒါကြောင့် ၀ိနည်းနဲ့အညီမနေတဲ့ ဦးဇင်းကို မလေးစားရင်ဆိုတဲ့ မေးခွန်းကို ဖြေရရင် ပါရာဇိကကျတဲ့အထိ ၀ိနည်းနဲ့ အညီမနေတဲ့ ဦးဇင်းကို မလေးမစားလုပ်ရင် အပြစ်မရှိပါဘူး။
ပါရာဇိက မကျသေးသော်လဲ ကောင်းစေလိုတဲ့ စိတ်နဲ့ဆိုရင် အကြောင်းအကျိုးလဲ ခိုင်လုံတယ်ဆိုရင် သင့်တော်တဲ့ အာပတ်နဲ့ စွပ်စွဲပိုင်ခွင့်ရှိပါတယ်။
ဒီလောက်ဆိုရင် အဖြေက လုံလောက်ပြီလို့ ယူဆလိုက်ပါတယ်။
မိုးသု(မန္တလေး)
No comments:
Post a Comment