Tuesday, November 1, 2011

အမျက်ပါရင်နှစ်ဖက်နာမယ်...

ကျွန်မက စိတ်ဆတ်သူပါ။ ဒေါသထွက်လည်းလွယ်ပါတယ်။ ဒီလိုစိတ်ပေါက်ကွဲလွယ်တဲ့ ကျွန်မအဖို့ ထိန်းချုပ်စရာ တရားနာဖို့နဲ့ တရားစာအုပ်တွေကပဲ ကျွန်မရဲ့စိတ်နေစိတ်ထားကို အဆင်ပြေနိုင်မယ်ဆိုတာ သိလို့ စာအုပ်တွေတော်တော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲကမှ အရှင်ဆန္ဒာဓိက ရေးတဲ့ စာအုပ်လေးက ကျွန်မစိတ်ထားအတွက် အဆင်ပြေလို့ ကမ္ဘာသစ်မှ မောင်နှမများလည်း ဖတ်နိုင်ရန် တင်ပြပေးလိုက်ပါတယ်...ငြိမ်းအေးသောဘ၀ပိုင်၇ှင်ဖြစ်စေမယ့် အကြောင်းအရာတပိုင်းတစပေါ့။
...............ဒေါသ...ဒေါသဆိုတဲ့ ပါဋ္ဌိစကားလုံးကို စိတ်တိုတယ်၊စိတ်ဆိုးတယ်၊ အမျက်ထွက်တယ်လို့ဘာသာ ပြန်ကြပေမဲ့ သူ့ရဲ့တိုက်ရိုက်ထွက်တဲ့ အဓိပ္ပါယ်ကတော့ ပျက်စီးခြင်းပါပဲ...ပျက်စီးခြင်းသဘော၊ ပျက်စီးနေတဲ့ သဘောကို ဒေါသလို့ ခေါ်ပါတယ်...ဒေါသဖြစ်ပြီဆိုကိုယ်အမူအရာတွေက ပုံမှန်အတိုင်းမဟုတ်တော့ဘူး။ ဖောက်ပြန်ပျက်စီးသွားတယ်။ အသားဖြူတဲ့လူ ဒေါသဖြစ်ရင် အသားနီသွားတယ်၊ အသားနီတဲ့သူဒေါသဖြစ်ရင် အသားညိုသွားတယ်၊ အသားညိုတဲ့သူဆို မည်းသွား တယ်...စသည်ဖြင့်ပေါ့နော်...ဒေါသဟာ လူရဲ့ပင်ကိုရုပ်အဆင်းကိုလည်း ဖောက်ပြန်ပျက်စီးသွားစေတက်ပါတယ်...ဒေါသဟာ စိတ်ကို လည်း ပျက်စီးစေတက်တယ်။ နဂိုကစိတ်သဘောထားဘယ်လောက်ကောင်းတဲ့သူဖြစ်ဖြစ် ဒေါသ၀င်လာရင် စိတ်တွေ အောက်တန်းကျ ကုန်တော့တာပါပဲ။ သာမန်ပုထုဇဉ်ဆိုတာ အသားထားပေါ့ ဘုရားဖြစ်ဖို့ တစ်ဘ၀သာ လိုတော့တဲ့ ဝေသန္တရာမင်းကြီးတောင် ဇူဇကာ ပုဏ္ဏားက သူ့ေ၇ှ့မှာ သားတော်ဇာလီနဲ့ သမီးတော် ကဏှာဇိန်ကို ဆူးကြိမ်လုံးတွေနဲ့ရိုက်တာတွေ့တော့ ကျောင်းသင်္ခမ်းပေါ်ပြန်တက်၊ ချိတ်ထားတဲ့ သံလျက်ကိုဆွဲယူ၊သံလျက်ကိုသံလျက်အိမ်ကနေထုတ်ပြီးတော့ ဒီပုဏ္ဏားကိုငါသတ်မယ်၊ သတ်ပြီးတော့ ငါ့သားနဲ့ သမီးကို ပြန်ယူမယ်လို့ အတွေးဝင်ခဲ့ပါတယ်။ ဘုရား ဖြစ်ဖို့ တစ်ဘ၀ခြားလေးပဲလိုတော့တဲ့ ဘုရားလောင်းအရင့်အမာ ပုဂ္ဂိုလ်ကြီးတွေတောင် ဒေါသ စိတ်ဝင်လာပြီဆိုတော့ နဂိုက ကောင်းနေတဲ့စိတ်တွေ ဆိုးကုန်ပြီ။ နဂိုက ဖြူနေတဲ့စိတ်တွေ မည်းကုန်ပြီ။ နဂိုက မြင့်နေတဲ့စိတ်တွေ နိမ့်ကုန်ပြီ။ လူသတ်ဖို့အထိ စိတ်ကူးမိသွားတယ်။ သာမန်လူဆိုရင်တော့ မပြောနဲ့တော့၊ ဒေါသသိပ်ကြောက်စရာကောင်းတယ်။နောက်တော့ ဥာဏ်နဲ့ ပြန်ဆင်ခြင်ပြီးတော့ မသတ်ဖြစ်ပါဘူး။ သားသမီးလည်း ပြန်မယူဖြစ်တော့ပါဘူး။
...............ဒေါသဆိုတာ နှစ်ဖက် ပျက်စီးစေတက်တဲ့သဘောပါ။ ကိုယ်နဲ့စိတ်ဆိုတဲ့ နှစ်ဖက်ကိုလည်း ပျက်စီးစေတက်ပါတယ်။ မိမိအကျိုးနဲ့ သူတပါးအကျိုးဆိုတဲ့ နှစ်ဖက်ကိုလည်း ပျက်စီးစေတက်တယ်။ ပစ္စုပ္ပန်အကျိုးနဲ့ တမလွန်အကျိုးဆိုတဲ့ နှစ်ဖက်ကိုလည်း ပျက်စီးစေတက်တယ်။ ဒေါသကိုအခြေခံတဲ့ အပြောအဆိုမှား အပြုအမူမှားတွေကြောင့် ပစ္စုပ္ပန်အကျို့းစီးပွားတွေလည်း ဆုတ်ယုတ်ရတယ်။ တမလွန်မှာလည်း အပါယ်လေးပါးလားရောက်ရခြင်း၊ သုကတိဘ၀တွေရောက်ပြန်တော့လည်း ၀ဋ်လည်ခြင်း၊ တုံ့ပြန်ဒဏ်ခံရခြင်း စတဲ့ စတဲ့ ဆိုးကျိုးဆင်းရဲတွေကို ခံစားရတဲ့အတွက် တမလွန်အကျိုးစီးပွားတွေလည်း ဆုတ်ယုတ်ရတယ်။

...............တစ်ခါတုန်းက မြွေတစ်ကောင်းရဲ့ ခေါင်းတည့်တည့်ကိုပျားတစ်ကောင်းတုပ်လိုက်တယ်။ ငယ်ထိပ်တည်တည့် ကိုခဲပြီး တုပ်ထားတော့ မြွေမှာပေါက်လို့လည်းမရ၊ ရစ်ပတ်လို့လည်း မရနဲ့ အင်မတန်ဒုက္ခရောက်ပြီး နာကျင်နေတယ်။ နာကျင်တော့ ပျားပေါ်မှာဒေါသတွေ ထွက်တယ်။ ငါ့ကိုနာကျင်အောင် လုပ်တဲ့ပျား သေစေရမယ်ဆိုပြီး ခပ်လှမ်းလှမ်းက မောင်းလာတဲ့ လှည်းတစ်စီးရဲ့ လှည်းဘီးအောက်မှာ ခေါင်းထိုးပေးလိုက်တယ်။ မြွေခေါင်းပေါ်က ပျားကို လှည်းဘီးကြိတ်တာဆိုတော့ ပျားလည်းေ သ သွားတယ်။ မြွေလည်းသေသွားတယ်။ သူ့အကျိုးကိုပျက်စီးအောင်လုပ်လိုက်တဲ့ဒေါသက ကိုယ့်အကျိုးကိုလည်းပျက်စီးသွားစေတယ်။
...............အဓိပ္ပါယ်မရှိတဲ့ဒေါသ၊ သဘာဝမကျတဲ့ဒေါသဆိုတာလည်း၇ှိသေးတယ်။ ဥပမာဆိုပါတော့။ လမ်းသွားရင်းနဲ့ ခလုတ်တိုက်မိတယ်။ ဒီခလုတ်ကလည်းတော်တော်ရှုပ်တဲ့ခလုတ်ဆိုပြီး တစ်ခါထပ်ကန်လိုက်တယ်။ ခလုတ်က သူ့ဟာသူမြေကြီးထဲမှာနေတာပါ။ အဲဒါကိုစိတ်ဆိုးပြီး ခလုတ်ကိုနောက်တစ်ခါ ပြန်ကန်တော့ ကိုယ်ပဲနာတာပေါ့။ တချို့ဆို ပန်းကန်လေးလွတ်ကျပြီးတော့ ကွဲသွားတယ်။ ဒီပန်းကန်ကလည်း သေချာကိုင်ထားတဲ့ကြားက ကွဲဦးဟာဆိုပြီးတော့ တစ်ခါထပ်ပြီး ထုလိုက်သေးတယ်။ကြေမွသွားတာပေါ့နော်။ တချို့များတံခါးကြားထဲ မတော်တဆလက်ညပ်သွားတာ၊ စိတ်တိုပြီးတော့ တံခါးကို လက်နဲ့ ပြန်ထုတော့ လက်ပြန်နာတာပေါ့။ သူများက ကိုယ့်လာရိုက်လို့ ဒေါသဖြစ်တာ သဘာဝကျသေးတယ်။ တချို့ကျတော့လည်း ကိုယ်က အပြင်ထွက်မလို့ဟာ မိုးကရွာတော့ ဒီမိုးကလည်းအားတိုင်းရွာနေတာပဲ၊ မိုးသွားပြီးစိတ်တိုတယ်။ ဆောင်းတွင်းကျတော့လည်း ဘာလို့ ဒီလောက်တောင် အေးနေတာလဲ။ နွေရောက်တော့လည်း နေကပူလိုက်တာနော်။ သူ့သဘာဝအတိုင်းဖြစ်နေတဲ့ရာသီဥတုကိုသွားပြီး စိတ်တိုတယ်။

...............သက်ရှိကြောင့်ပဲဖြစ်ဖြစ်၊ သက်မဲ့ကြောင့်ပဲဖြစ်ဖြစ် ဒေါသ ဖြစ်ရင် ပူလောင်ရမှာပါပဲ။ ဒေါသဆိုတာကောင်းကျိုးမပေးဘူး. .ဒေါသရဲ့ အပြစ်ကို ဆင်ခြင်ပြီးတော့လည်း ပယ်သတ်ရပါမယ်။ ဖြစ်လာတဲ့ဒေါသကို ပစ္စုပ္ပန်ကျကျသတိပဋ္ဌာန်နည်းနဲ့ ရူ့မှတ်ပြီးတော့ လည်း ဒေါသကိုပယ်သတ်ရပါမယ်။ ဒေါသဖြစ်လာရင် စိတ်တိုလာပြီဆိုရင် စိတ်တိုတယ်၊ စိတ်တိုတယ်လို့ စိတ်တိုတဲ့ သဘောလေး ကိုစူးစိုက်ပြီးတော့ ရူမှတ့်ရပါမယ်။ ဒေါသဖြစ်နေတဲ့အာရုံကိုမကြည့်ရပါဘူး။ ဒီလူငါ့ကို ဒီလိုပြောတယ်၊ ဒီလူ့ငါ့ကို ဒီလိုလုပ်တယ် ဆိုပြီး တွေးနေရင်တော့ တွေးလေ တွေးလေ ဒေါသဖြစ်လေပဲပေါ့။ တစ်ဘက်သားရဲ့ အဖြစ်အပျက်၊ ဒေါသဖြစ်စရာ အကြောင်းအရာကို မကြည့်ဘဲနဲ့ ကိုယ့်မှာဖြစ်နေတဲ့ ဒေါသစိတ်ရဲ့သဘာဝကိုပဲ စူးစိုက်ပြီးတော့ ရှု့မှတ်၇မယ်။
စိတ်ဆိုးတာ၊ စိတ်ညစ်တာစတဲ့ဒေါသသဘောအားလုံး နည်းတူပဲရှု့မှတ်ရမယ်။ ဒေါသရဲ့သဘောထားကိုလက်ပေါ်တင်ကြည့်သလို တိုက်ရိုက်မြင်တွေ့သွားပြီဆိုရင် ဒေါသရဲ့ဖြစ်ပျက်သဘောတွေလည်း မြင်လာမယ်။ ဒေါသလည်း ကင်းပျေက်ချုပ်ငြိမ်းသွားတယ်။
ကိုယ်နဲ့စိတ်ဆိုတဲ့နှစ်ဖက်၊ မိမိအကျိုးနဲ့သူတပါးအကျိုးဆိုတဲ့ နှစ်ဖက၊် ပစ္စုပ္ပန်အကျိုးနဲ့တမလွန်အကျိုး ဆိုတဲ့ နှစ်ဖက်၊ နှစ်ဖက် ပျက်စီးစေ တက်တဲ့ဒေါသကို ဆင်ခြင်ခြင်းနဲ့ ရှု့မှတ်ခြင်းဆိုတဲ့ နှစ်ဖက်နဲ့ လွှမ်းမိုးအနိုင်ယူနိုင်လို့ ဒေါသ ကင်းစင်စိတ်ကြည်လင်နေပြီ ဆိုရင်တော့ ငြိမ်းအေးသော ဘ၀ပိုင်၇ှင်ဖြစ်ပါပြီ...။


*** ကမ္ဘာသစ်မောင်နှမအားလုံး ငြိမ်းအေးသောဘ၀ပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

ခင်မင်လေးစားလျက်

ကြည်မျိုးခိုင် ( မကွေး )

2 comments:

  1. may i know what is the book name.

    ReplyDelete
  2. I'm sorry that I don't know the book's name, sis 'cause I got this note from Kabar Thit Website's Blog section!

    ReplyDelete