“ပျော်ပွဲစား ထွက်ရအောင်”
သူတို့လူစုထဲတွင် ဤစကားကို ဘယ်သူက စတင်၍ ပြောခဲ့သနည်း။ ကျောင်းတုန်းကလိုပင် ပျော်စရာကိစ္စကို အမောတကော ရှာဖွေတတ်သည့် နှင်းဆီကလား၊ အရက်ကလေး ခပ်ထွေထွေဖြင့် နှုတ်လျှာသွက်စပြုနေသော ကိုလှရှိန်ကလား၊ အနောက်မှ ပြန်ရောက်စ သင်္ဘောသားအရာရှိ အိမ်ရှင် ကိုခင်ထွန်းကလား၊ ဒီဂရီမျက်မှန်နှင့် လျှို့ဝှက်အပြုံးပိုင်ရှင် မမြသက်ကလား၊ စီးကရက်ကို လက်ကြားက မချသူ ကိုဝင်းဇော်ကလား။ ကိုမင်းကြည်နှင့် ဝင်းဝင်းမွန်တို့တော့ မဖြစ်နိုင်။ အဲဒီနေ့က စကားဝိုင်းတွင် သူတို့ မရှိ။
လွန်ခဲ့သော ဆယ်နှစ်ခန့်က သူတို့အုပ်စုသည် တစ်ခုသော တက္ကသိုလ်တွင် အတူတကွ ပညာယူရင်း တပူးတွဲတွဲ ရှိခဲ့ကြသူများ ဖြစ်သည်။ ကျောင်းပြီးသွားသောအခါ သူတို့လည်း တကွဲတပြားစီ ဖြစ်သွားကြလေသည်။ ဤနှစ်များအတွင်းတွင် သူတို့ချင်း တစ်ယောက်စ နှစ်ယောက်စသာ ရံဖန်ရံခါ ဆုံစည်းမိတတ်ကြသည်။ ကင်းကွာနေသူတွေနှင့် ပတ်သက်၍မူ ကြုံဆုံခဲ့သူတွေက ပြောသော တစ်ဆင့်စကားများဖြင့်သာ ဘဝတွေကို ဆက်စပ် ပုံဖော်ကြည့်ခဲ့ကြရ၏။
ဆယ်နှစ်ဆိုသော ကာလမှာ တချို့အတွက် ဘဝအခြေအနေ တစ်ခုခုကို ပြောင်းလဲပစ်ရန် အတော်အသင့် လုံလောက်သော အချိန် ဖြစ်ခဲ့၏။ ကျောင်းတုန်းက သူတို့အုပ်စုထဲတွင် အဆင်းရဲဆုံးဖြစ်သော မုဆိုးမသား ကိုခင်ထွန်းသည် နိုင်ငံခြားသင်္ဘောတွင် အရာရှိတစ်ဦးဖြစ်ကာ နောက်ဆုံးပေါ်ကားနှင့် တိုက်နှင့် ဝင့်ထည်နေလေသည်။ ကိုခင်ထွန်းမိန်းမနှင့် နှင်းဆီကတော့ ကျောင်းတုန်းကလိုပင် ပျံတံတံ ပေါ့တော့တော့ အမူ အရာနှင့် မိဘလုပ်စာ ထိုင်စားခဲ့သော ဘဝမှ လင့်လုပ်စာ ထိုင်စားသော ဘဝသို့ ရောက်၍နေခဲ့လေပြီ။ မာစီဒီကားကို ကိုယ်တိုင် မောင်းကာ ကျောင်းတက်ခဲ့သော သူဌေးသာ ကိုလှရှိန်ကမူ မိဘလက်ထက်က စီးပွားပျက်ကာ ဟန်သာရှိတော့သည်။ အရက်နှင့် စိမ်ထားသူ။ စိတ်ကျရောဂါ ဝေဒနာရှင်တစ်ပိုင်း ဖြစ်၍ နေ၏။
သူတို့အုပ်စုထဲတွင် အလှဆုံး မိန်းကလေးတစ်ဦးဖြစ်သော ကိုလှရှိန်၏ ဇနီး ဝင်းဝင်းမွန်သည် ညှိုးလျစွာ လှပဆဲဖြစ်ကာ သူမ၏ ကောလိပ်နည်းပြဆရာမ လခဖြင့် အိမ်ထောင့်တာဝန်ကို မနိုင်မနင်း ထိန်းသိမ်းနေရသည်။ ကျောင်းနေစဉ်ကပင် လည်လည်ပတ်ပတ်ရှိလှသော ကိုဝင်းဇော်ကတော့ လုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ဒီရေအလား စီးပွားတက်လျှက်ရှိသည်။ (သူသာ အပြင်က မိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့ သူဖြစ်ကာ ထိုမိန်းကလေး၏ မိဘများမှာ ချမ်းသာကြွယ်ဝသူဟု သိရ၏) မပြောင်းလဲဟု ပြောနိုင်သူတစ်ဦးမှာ ကိုမင်းကြည်နှင့် မမြသက်သာ ဖြစ်သည်။ မြန်မာဆန်၍ သိမ်မွေ့ထက်မြက်သော မမြသက်သည် ကျောင်းနေစဉ်က သူ ရည်စူးထားသလိုပင် မြသက်နှင်း ဟူသော အမည်ဖြင့် စာရေးဆရာမ ဖြစ်၍နေ၏။ လူလတ်တန်းစားမိဘများက ပေါက်ဖွားလာသော ကိုမင်းကြည်ကမူ အစိုးရဌာန တစ်ခုတွင် အရာရှိပေါက်စလေး တစ်ယောက်ဖြစ်နေကာ ယခင်ကလိုပင် အနေအထိုင်၊ ရိုးသားအေးချမ်းဆဲဖြစ်၏။ သူတို့နှစ်ဦးမှာ အိမ်ထောင်မပြုကြပုံချင်းလည်း တူညီနေလေသည်။
တစ်နေ့ဗိုလ်ချုပ်ဈေးထဲတွင် နှင်းဆီနှင့် နယ်ကရောက်လာသော မမြသက်တို့ မထင်မှတ်ဘဲ ဆုံစည်းမိရာမှ နှင်းဆီ၏ ဆော်သြမှု ဖြင့် ပါရမီရှိ သူတို့တစ်ထပ်တိုက်သစ်ကလေးတွင် ထမင်းလက်ဆုံစားပွဲကလေး တစ်ခုဖြစ်ပေါ်ခဲ့၏။ ထိုပွဲတွင် တတ်နိုင်သမျှ လူစုံအောင် နှင်းဆီက ကြိုးပမ်းခဲ့၏။ သူမက သူငယ်ချင်းတွေ ပြန်လည်ဆုံစည်းကြလျှင် ငယ်ငယ်တုန်းကလိုပင် ပျော်ရွှင်စရာကောင်းလိမ့်မည်ဟူသော အထင်နှင့် ဖြစ်၏။ ကိုခင်ထွန်း၏ ရည်ရွယ်ချက်ကတော့ တစ်မျိုးဖြစ်သည်။ ကျောင်းနေစဉ်က သူသည် ဆင်းရဲသော မုန့်ဟင်းခါးသည် မုဆိုးမသားဖြစ်သဖြင့် ထာဝရ ရင်ထဲကို တိုးဝင်နေသော သိမ်ငယ်စိတ်အား တွန်းလှန်နေခဲ့ရသူ ဖြစ်၏။ ကိုခင်ထွန်းသည် ယခုလို ပြောင်းလဲတောက်ပသော သူ့ဘဝကို ကျန်လူများအား ပြသရန် ကြွားလိုစိတ်တစ်ဝက် အနိုင်ယူလိုစိတ် တစ်ဝက်ဖြင့် စောင့်မျှော်နေခဲ့သူ ဖြစ်သည်။
ထိုနေ့က ကိုမင်းကြည်နှင့် ဝင်းဝင်းမွန်ကလွဲ၍ ကျန်လူများအားလုံး ရောက်ရှိလာကြသည်။ ကိုမင်းကြည်က ရုံးမှခွင့်ယူ မရ၊ ဝင်းဝင်းမွန်ကတော့ နိမ့်ပါးနေသော အခြေအနေကို ရှက်ရွံ့စိတ်ဖြင့် တမင်ရှောင်ကွင်းခဲ့ခြင်း ဖြစ်သည်။ ကိုလှရှိန်ကို ကားနှင့်လာခေါ်သော နှင်းဆီ နောက် ထည့်လိုက်လိုသော်လည်း သူကတော့ နေမကောင်းဟု အကြောင်းပြကာ ချန်နေရစ်ခဲ့သည်။
ကိုလှရှိန်ကတော့ ဘာဖြစ်သလဲဟု တွေးသည်။ ကြွားချင်လို့ ကြွားစတမ်းဆိုလျှင် ဒီအုပ်စုထဲတွင် ရွှေထီးစဆောင်းခဲ့သူက သူပဲဥစ္စာ၊ ခင်ထွန်းဆိုတဲ့ကောင်ကို ကျောင်းတုန်းက ငါကသာ တိုက်ကျွေးခဲ့ရတာပါ။ ဒီတစ်ခါတော့ သူတိုက်သော နိုင်ငံခြားအရက်ကို တဝကြီး သောက်ပစ်မည်။
စိတ်ထဲက ကြိမ်းဝါးထားသည့်အတိုင်း ထမင်းစားပွဲတွင် တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့၏။ အမှန်အတိုင်း ဝန်ခံရလျှင် ဒီလို အကောင်းစား ဝီစကီမျိုးကို သူ မသောက်နိုင်တာကြာပြီ။
ဝင်းဇော်ကတော့ နှင်းဆီနှင့် စကားပြောရင်း ပျော်ရွှင်လာကာ ငယ်စဉ်ကလိုပင် ရင်ခုန်မြန်လာသည်။ သုံးဆယ်က အတန်ငယ်ကျော် သော်လည်း ဆွဲဆောင်နိုင်ဆဲဖြစ်သော နှင်းဆီကို ရန်ကုန်မြို့ထဲနေပါလျက် ယခင်အခါများက သူ ဘာကြောင့် မေ့လျော့နေခဲ့သနည်းဟု ကိုယ့်ကိုယ်ကိုယ် ကျိတ်အပြစ်တင်ချင်လာ၏။
တကယ်တော့ ကျောင်းနေစဉ်ကပင် ဝင်းဇော်သည် နှင်းဆီကို စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ သို့သော် သူ့ထက် လျင်သော ခင်ထွန်း က ကျောင်းပြီးခါနီးတွင် လက်ထပ်ခွင့် အရင်တောင်းခဲ့၏။ သူ့ထက် ရုပ်ရည်သာသော ခင်ထွန်းကို နှင်းဆီကလည်း မငြင်းခဲ့။ ခင်ထွန်း ကံကောင်းသည်။ နှင်းဆီမိဘများ၏ ငွေကြေးအကူအညီဖြင့်ပင် ခင်ထွန်းသည် နိုင်ငံခြားသင်္ဘော တစ်စီးပေါ်သို့ တက်ခွင့်ရသွားသည်။
ကိုခင်ထွန်းကတော့ ကိုယ့်အိမ်တွင် ကျင်းပနေသော ထမင်းလက်ဆုံစားပွဲကို ကိုယ်တိုင် စိတ်ပါဝင်စားမှု လျော့ပါး၍နေလေသည်။ အဓိကအချက်ကတော့ ဤပွဲကို ဝင်းဝင်းမွန် ရောက်ရှိမလာသော အချက်ဖြစ်၏။ ဝင်းဝင်းမွန်၏ မိဘတွေက ဆင်းရဲသော ခင်ထွန်းကို သူတို့သမီးနှင့် သဘောမတူ။ နှစ်ဖက်မိဘချင်း ရင်းနှီးနေသော သူဌေးသား ကိုလှရှိန်နှင့် ပေးစားရန် စေ့စပ်ခဲ့ကြ၏။ သတ္တိနည်းသော ရိုးအေးသော ဝင်းဝင်းမွန်သည် မိဘတွေ စီစဉ်သမှုကို မလွန်ဆန်ရဲဘဲရှိ၏။ ခင်ထွန်း ခဏတစ်ဖြုတ် အသည်းကွဲခဲ့သည်။ နှင်းဆီကို လက်ထပ်ခွင့် တောင်းခဲ့တာကတော့ ဝင်းဇော် ကို ကလဲ့စားချေချင်စိတ် ဖြစ်သည်။ (သူ့အင်္ကျီကော်လံ စုတ်နေတာကို တစ်ခါက ဝင်းဇော်သည် လူတောထဲတွင် ပြက်လုံးထုတ်၍ လှောင်ပြောင် ခဲ့ဖူးသည်။)
မမြသက်ကတော့ ကျောင်းနေစဉ်ကနှင့် အပုံကြီးကွာခြားနေသော ကိုလှရှိန်ကို ကြည့်ကာ ရင်ထဲတွင် နင့်နာမိသည်။ အသားအရေ စိုစိုပြည်ပြည် တောက်ပသော မျက်လုံးများဖြင့် ကိုလှရှိန်သည် ပျော်ပျော်နေတတ်သော လူတကာကို အကူအညီ လွယ်လွယ်ပေးတတ်သူ ဖြစ်၏။ အခုတော့ မှုန်ရီရီ မျက်လုံး၊ ပါးပူပူ၊ မျက်နှာနီစပ်စပ်၊ လျော့တွဲသော အသားအရေနှင့် ကောင်းစွာကျန်းမာဟန် မရှိသော်လည်း အရက်ကိုတော့ သူသည် မယုံနိုင်စရာ တစ်ခွက်ပြီး တစ်ခွက် သောက်လျက်ရှိ၏။ မမြသက်က သူလာခဲ့တာ မှားပြီဟု ထင်သည်။ နှင်းဆီကလည်း ယောင်္ကျားလုပ်သူ ရှေ့မှာပင် ဝင်းဇော်နှင့် လက်ပွန်းတတီး ရှိလွန်းလှသည်။ ဤပွဲတွင် ယဉ်ကျေးဖွယ်ရာ စကားပြောတတ်သော ကိုမင်းကြည်တစ်ယောက် ရှိနေလျှင် တော်ဦးမည်ဟု မမြသက် တွေးလိုက်မိ၏။
“ပျော်ပွဲစား ထွက်ကြရအောင်”
ဤစကားကို တစ်ယောက်ယောက်က ပြောလိုက်သည်။
“ဒီတစ်ခါ ထွက်ရင်တော့ ကျန်တဲ့လူနှစ်ယောက်ကိုလည်း အပါခေါ်ရမယ်။ ဒါမှ ပိုပျော်စရာကောင်းလာမှာ။ လာမယ့် တနင်္ဂနွေနေ့ပေါ့”
မမြသက်က နှင်းဆီ၏ စကားကို ငြင်းဖို့ပြင်လိုက်သေး၏။ သို့သော် အားနာတတ်သော သူ့စိတ်က အနိုင်ယူသွားပြန်သည်။ သူက နောက်တစ်ပတ်ဆိုရင် နယ်ပြန်တော့မှာပဲ။ ဒီလို နောက်ကို ဆုံချင်မှလည်း ဆုံဖြစ်တော့မည်။ ကြုံတုန်း ကြုံ ခိုက်မှာ ကိုယ့်ကြောင့် တခြားသူငယ်ချင်းတွေရဲ့စိတ်ကို မထိခိုက်စေချင်။
တနင်္ဂနွေနေ့ပျော်ပွဲစားထွက်သောအခါ စုံစုံလင်လင် ဖြစ်နေလေသည်။ တစ်နေ့က ထမင်းဝိုင်းထက်တော့ ပို၍ စိုပြေနေ၏။ ကန်ရေပြင်ရယ်၊ သစ်ပင်တန်းတွေရယ်၊ မြက်ခင်းစိမ်းစိမ်းနဲ့ ကောင်းကင်ပြာပြာရယ်၊ တိမ်ဖြူဖြူတွေနဲ့ လင်းလက်နေတဲ့ နေရောင်ခြည်ရယ်၊ လေညင်း အေးအေးရယ်၊ အဲဒါတွေက သူတို့ဘဝတွေရဲ့ နောက်ကျိညစ်ညူးမှုကို တတ်နိုင်သရွေ့ စင်ကြယ်အောင် ကူညီ ကုစားပေးခဲ့လေသလား။
ရယ်သံတွေက ထမင်းစားခန်း ကျဉ်းကျဉ်းလေးထဲမှာနဲ့မတူ။ ပိုမို လွတ်လပ်နေသလိုပဲ။ ထမင်းလက်ဆုံ စားပြီးသောအခါ သူတို့ ကိုယ့်အစုနှင့်ကိုယ် ဝိုင်းဖွဲ့ကြသည်။ နှင်းဆီးနှင့် ကိုဝင်းဇော်သည် နှစ်ယောက်သား လက်တွင် စီးကရက်ကိုယ်စီဖြင့် ခပ်လှမ်းလှမ်း ကုန်းပေါ်တွင် လမ်းလျှောက်နေကြ၏။ အဆောင်နေ ကျောင်းသားဘဝက မမြသက်သည် ကိုလှရှိန်ကို တစ်ဖက်သတ် ချစ်မိနေကြောင်း သူ့ကို ဖွင့်ဟဝန်ခံဖူး သည်ဟု နှင်းဆီက ပြန်လှန်ပြောပြနေ၏။ ကန်ထဲတွင်တော့ ကိုခင်ထွန်း တစ်ကိုယ်တည်း လှေတစ်စီးကို လှော်ခတ်နေသည်။ ဝင်းဝင်းမွန်က ကော်ဇော်ခင်းပေါ်တွင် ထိုင်ကာ သစ်ပင်တစ်ပင်ကို ကျော်မှီရင်း ကန်ရေပြင်ကို ငေးကြည့်နေသည်။ ကိုခင်ထွန်းကို ငေးကြည့်နေသည်ဟုလည်း ပြောနိုင်ပါသည်။
ကန်စပ်မြက်ခင်းပေါ်မှာတော့ ကိုလှရှိန်၊ မမြသက်နှင့် ကိုမင်းကြည်တို့ စကားဝိုင်းဖွဲ့နေကြသည်။ ကိုမင်းကြည်က မမြသက်၏ နောက်ဆုံးထုတ် ဝတ္ထုကို ချီးမွမ်းနေခြင်းဖြစ်သည်။ ကိုလှရှိန်က မချိပြုံးပြုံးကာ ကျွန်တော့်ကိုတော့ အပြစ်တင်ရင်လည်း ခံရမှာပဲ၊ ကိုယ့်သူငယ်ချင်း စာအုပ်ကို ကိုယ် တစ်ခါမှ မဖတ်ဖူးသေးဘူး။ ဒီတစ်ခါတော့ အချိန်ယူပြီး ဖတ်ဖြစ်အောင် ဖတ်လိုက်ဦးမယ်ဟု ဆိုသည်။
“မဖတ်ရင်လည်း ဘာမှမဖြစ်ပါဘူး ကိုလှရှိန်” ဟု မမြသက်က ပြောလိုက်သည်။ စိတ်ရင်းအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ကိုလှရှိန်သည် အသည်းကင်ဆာဖြင့် နောက်ခြောက်လလောက်သာ အသက်ရှင်နေထိုင်ရတော့မည်ဟု မကြာသေးခင်ကမှ မမြသက်ကို ဝင်းဝင်းမွန်က တီးတိုး သတိပေးခဲ့၏။ အဲဒီကိစ္စကို သူကိုယ်တိုင်လည်း သိနေတယ်ဆိုသော စကားက ပို၍ ကြေကွဲစရာ ကောင်းနေ၏။
“ဘဝဆိုတာ ခုလို ပျော်ပွဲစားထွက်တဲ့ရက်တွေချည်းပဲဆို ဘယ်လောက်ကောင်းလိုက်မလဲနော်”
ဟု ကိုမင်းကြည်က အမှတ်မထင် ပြောလိုက်သည်။ ကိုလှရှိန်က ခြောက်ကပ်ကပ် ရယ်လိုက်ကာ
“အကောင်းဆုံးပေါ့ဗျာ၊ အရက်ကို တားဆီးမယ့်သူ မရှိ၊ စိတ်ရှိလက်ရှိ သောက်ရတာ ပေါ့”
ဟုပြော၏။ မမြသက်က

“ရုရှား စာတစ်ပိုဒ်ရှိတယ်၊ တစ်ခါတုန်းက ပန်းခြံထဲမှာ ပျံဝဲနေတဲ့လိပ်ပြာတစ်ကောင်က လူတွေကိုကြည့်ပြီး မှတ်ချက်ချတယ်တဲ့. . .”
“ဘယ်လိုမှတ်ချက်ချတာလဲ” ကိုလှရှိန်က သိချင်ဇောဖြင့် မေး၏။
“သြော်... လူ့ဘဝဆိုတာ အပန်းဖြေ အားလပ်ရက်ရှည်ကြီး တစ်ခုပါလားတဲ့။ တစ်ခု ကံကောင်းတာက အဲဒီတစ်ရက်ပဲ အသက်ရှင် နိုင်တဲ့လိပ်ပြာလေးဟာ တနင်္ဂနွေနေ့မှာ မွေးဖွားလာတဲ့ အချက်ပဲတဲ့...”
ကျန်နှစ်ယောက်က ပြုံးသည်။ ကိုမင်းကြည်က...
“စာရေးဆရာမက ကျွန်တော်တို့ကို သာသာကလေး နှက်လိုက်ပြီ၊ ဟုတ်ပါတယ်ဗျာ၊ လူ့ဘဝဆိုတာ တနင်္ဂနွေနေ့ချည်းပဲ ဘယ်ဖြစ် နိုင်ပါ့မလဲနော်”
ထိုစဉ် ကိုခင်ထွန်းက လှေဖြင့် ကမ်းကပ်လာကာ ဖိတ်ခေါ်လိုက်၏။
“တစ်ယောက်တည်း လှော်ရတာ ပျင်းတယ်ဗျာ၊ ဘယ်သူတွေ လှေစီးကြမလဲ”
ကိုလှရှိန်က အရင်ဆုံး တက်လိုက်သည်။ ကိုလှရှိန်ကို ထိန်းရအောင် ဝင်းဝင်းမွန်လည်း တက်၏။ မမြသက်လည်း ရည်ရွယ်ချက် မရှိ ဘဲ အများနည်းတူ တက်လိုက်သည်။ ကိုဝင်းဇော်နှင့် နှင်းဆီလည်း အဝေးက လက်ချင်းတွဲ၍ ပြေးလာကာ လှေပေါ်တက်လိုက်ကြသည်။
ကိုမင်းကြည်တစ်ယောက်သာ ကျွန်တော် ရေမကူးတတ်ဘူးဗျာ ဟု ငြင်းဆန်ကာ နေရစ်ခဲ့၏။ ထို့ကြောင့် လှေမှောက်ရာတွင် ကိုမင်းကြည် မပါခဲ့ခြင်းဖြစ်လေသည်။ ရေလယ်တွင် လှေ ဘယ်လိုလုပ် မှောက်သွားသည်ဟု မည်သူကမှ တိတိကျကျ ပြန်မပြောပြနိုင်။ လှေမှောက် ၍ ရေထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်၌ ကိုခင်ထွန်းသည် ပထမဆုံး ဝင်းဝင်းမွန်ကို ဆယ်ခဲ့သည်။ ဝင်းဝင်းမွန်ကို ခြေထောက်လှမ်းစမ်းနိုင်သည့် ရေတိမ်ရာအရပ်သို့ ပို့အပြီး ဒုတိယအကြိမ်မြောက် မှောက်နေသော လှေဆီသို့ ပြန်ကူးသွားသောအခါ မြှုပ်ချည် ပေါ်ချည်ဖြစ်နေသော ကိုဝင်းဇော် ကို တွေ့ကာ ဆယ်ရန် ကြိုးစား၏။ ကိုဝင်းဇော်က ကြောက်လန့်တကြား ကိုခင်ထွန်းကို လှမ်းဖက်ထားလိုက်သည်။ သူတို့နှစ်ယောက် ဖက်လျက် နှစ်မြှုပ်သွားရာ ပြန်ပေါ်မလာတော့ချေ။
နှင်းဆီနှင့် မမြသက်တို့သည် မှောက်နေသော လှေကိုပင် မှီတွယ်ကာ ရေပေါ်တွင် ပေါ်နေ၏။ ကိုလှရှိန်က မမြသက်ကို အရင်တွဲ၍ ကမ်းဆီသို့ပို့မည် ပြင်သော်လည်း မမြသက်က အကြောက်လွန်ကာ ငိုနေသော နှင်းဆီကို သူ့အရင် ပို့စေသည်။ နှင်းဆီကို ကမ်းအရောက်ပို့ပြီး ကိုလှရှိန် ပြန်ကူးလာသောအခါ မမြသက်ကို ရေပေါ်တွင် မတွေ့ရတော့ချေ။ အကူအညီများ ရောက်လာပြီး အတော်ကြီး ကြာမှပင် မမြသက်အလောင်းနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ သေဆုံးနေသော ကိုဝင်းဇော်နှင့် ကိုခင်ထွန်းတို့၏ အလောင်းကို ရေအောက်မှ ဆယ်ယူရရှိလေသည်။
ရောင့်ရဲနိုင်သည်ဆိုသော ကိုမင်းကြည်သည် ထိုနေ့က သူ့ဘဝကို သူ ပထမဆုံးအကြိမ် မကျေမချမ်းဖြစ်ခဲ့မိ၏။ ကျောင်းနေစဉ်ကပင် သူ တစ်ဖက်သတ်မြတ်နိုးလာခဲ့ရသော မမြသက်ကို ရှေ့တွင် အသက်ဘေးကြုံနေပါလျက် မကယ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
နောက်ခြောက်လလောက် ကြာသောအခါ အသည်းကင်ဆာ ရောဂါဖြင့် ကိုလှရှိန် သေဆုံးသွားပြန်သည်။ နောက်ခြောက်လလောက် ကြာသောအခါ လှေမှောက်ခဲ့သော အင်းလျားကန်စပ်မှာပင် အထီးကျန်ဖြစ်နေသော ဝင်းဝင်းမွန်ကို ကိုမင်းကြည်က လက်ထပ်ခွင့်တောင်းခဲ့၏။ ဖိတ်စာပို့လိုက်သော်လည်း သူတို့လက်ထပ်ပွဲသို့နှင်းဆီ ရောက်မလာ။ သူ့အဖော်သစ်တွေနှင့်အတူ ပျော်ပွဲစားထွက်နေသောကြောင့် ဖြစ်လေသည်။
သစ္စာနီ (ပင်လယ်၊ အမှတ် ၃၊ ၁၉၉၃)
credit: thanthannaing (mmcybermedia)

No comments:
Post a Comment