ကျွန်တော့်မိတ်ဆွေ အရာရှိတစ်ဦးဆိုလျှင် လေယာဉ်စီးရမည်ကို ကြောက်သည်။ လေယာဉ်ဖြင့် ခရီးသွားရမည်ဆိုလျှင် ငြင်းသည်။ ရှောင်သည်။ တတ်နိုင်လျှင် ရထား၊ ကားတို့ဖြင့်သာ သွားလိုသည်။ ထို့အပြင် သူကားစီးလျှင် ယာဉ်မောင်းနား ထိုင်၍စီးပြီး ဟိုပြောဒီပြော လုပ်တတ်သည်။ ဤသည်မှာ သူ၏ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြောင့်ပင် ဖြစ်သည်။ အချို့ဆိုလျှင် ပရိသတ်ရှေ့ စကားပြောရမည်ကို ကြောက်သည်။ တစ်လောက အခမ်းအနား တစ်ခုတွင် ဗီဒီယို ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ တေးသံရှင်လည်း ဖြစ်သူ လူငယ်တစ်ဦးအား စင်ပေါ်တက်၍ စကားပြောရန် မေတ္တာရပ်ခံရာ ရိုးသားစွာဖြင့် ငြင်းသည်။ သူစကားမပြောတတ်ဟု အကြောင်းပြသည်။ ကျွန်တော့်အမြင် ပြောရလျှင် ရှက်ကြောက်စိတ်သည် စကားပြောရာ၌ လည်းကောင်း၊ အလုပ်လုပ်ရာ၌ လည်းကောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်မှု နည်းသောကြောင့် ဖြစ်၏။ ရှက်ကြောက်တတ်သောသူသည် လူများနှင့် ပြောဆိုရန် သူတို့အတွက် ဝန်လေးတတ်၏။ သူတို့သည် အခြားသူများအကြားတွင် ရှက်ခြင်း၊ ကြောက်ခြင်းတည်း ဟူသော စိတ်က ကာဆီးလျက် ရှိ၏။ ထိုစိတ်သည် တိုးတက်ရေးကို ဟန့်တားသော စိတ်ဖြစ်၏။ လူညံ့ဖြစ်စေသော စိတ်လည်း ဖြစ်၏။ ရှက်ကြောက်စိတ်သည် မိမိကိုယ်မိမိ မပြုပြင်နိုင်သေးသော ငယ်ရွယ်စဉ် အချိန်က သန္ဓေတည်ခဲ့၏။ လူကြီးများနှင့် နေထိုင်သော ကလေးဘဝ၌ ထိုရှက်ကြောက်ခြင်း အလေ့ကို မိဘတို့ထံမှ ရရှိခဲ့ကြခြင်း ဖြစ်၏။ ဆင်ခြင်မှုနည်းသော မိဘတို့သည် ကလေးများအား မိမိတို့နှင့် စိတ်အခန့် မသင့်သောအခါ ကလေးများကို မြည်တွန်၍ ဟန့်တားမှု အမျိုးမျိုး ပြုလုပ်တတ်ကြ၏။ ကလေးတို့သည် လူကြီးများ၏ ဂရုတစိုက် ပြုစုမှုကို ခံလိုသော အချိန်တွင် ဟန့်တားမှုများကို တွေ့ကြုံခဲ့ကြရသောကြောင့် မပြောရဲမဆိုဝံ့၊ မလုပ်ဝံ့၊ မကိုင်ဝံ့ ဖြစ်နေတတ်သည်။ ထိုအကျင့်သည် ကြီးလာသည့်အခါ လူကြားထဲ ဝင်ရောက်ရသော အချိန်တွင် ပြောရဲဆိုဝံ့ခြင်း မရတော့ဘဲ ရှက်ကြောက်ခြင်း ဖြစ်တတ်ကြ၏။
ရှက်ကြောက်ခြင်းသည် စိတ်၏ နောက်ခံအကြောင်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့်လည်း ရှက်ကြောက်ခြင်း ဖြစ်တတ်သည်။ လူများနှင့် အတွေ့အဆုံ နည်းသောကြောင့် ရှက်ကြောက်ခြင်း ရှိတတ်၏။ ယင်းကို ပြုပြင်နိုင်ရန် လူအများနှင့် မကြာခဏ တွေ့ဆုံခွင့်ရရန် လိုသည်။ လူအများနှင့် ပေါင်းသင်း ဆက်ဆံတတ်အောင် အားထုတ်သင့်သည်။ ဥပမာ လူအများနှင့် တွေ့ဆုံနိုင်သော အစည်းအဝေးများ၊ အလှူအတန်းများ၊ ကစားခုန်စားပွဲများသို့ တက်ရောက်၍ ပါဝင် ဆင်နွှဲသင့်၏။ အစတွင် အဆင်မပြေမှု ရှိနိုင်သော်လည်း မကြာခဏ ပြုလုပ်လာပါက အလေအကျင့် ရရှိလာပြီး အသားကျသွားပေမည်။ လူအများနှင့် ဆက်ဆံရသည့် အခါတွင် လူအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံရပေသည်။ မိမိအား လိုလားသူ၊ နှစ်သက်သဘောကျသူများ ရှိနိုင်သလို မိမိအား မလိုမုန်းထား၊ မချစ်မနှစ်သက်သူများလည်း ရှိနိုင်သည်။ အဆိုးနှင့် တွေ့သည့်အခါ တုန်လှုပ်ချောက်ချားခြင်း မဖြစ်သင့်ပေ။ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရန်လိုသည်။ ဤအလေ့အကျင့်ကို ထိန်းသိမ်း မွေးမြူသွားပါက တဖြည်းဖြည်း လူအမျိုးမျိုးနှင့် နေတတ်၊ ထိုင်တတ် ဖြစ်သွားပေလိမ့်မည်။ ကျွန်တော် ဝန်ထမ်းဘဝက ကျွန်တော့် အထက်အရာရှိက ကျွန်တော်တို့အား အလေ့အကျင့် တစ်ခု ပြုလုပ်ပေးခဲ့သည်။ မိမိထက် အဆင့်မြင့်သည့် လူကြီးများနှင့် ဖုန်းပြောသည့်အခါ ပြောရဲဆိုရဲတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်၏။ ဖုန်းပြောသည့်အခါ ကြောက်စိတ်မရှိရန်၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရန်၊ လူကြီး လက်ခံနိုင်ဖွယ်ရှိသော စကားအသုံးအနှုန်းဖြင့် ပြောရန်၊ လေယူလေသိမ်းကအစ ပျော့ပျောင်းရန် စသည်ဖြင့် သင်ပေး၏။ သူသင်ကြားပေးသည့် အတိုင်း လိုက်နာဆောင်ရွက်ခဲ့သဖြင့် နောင်တွင် မည်သူနှင့်မဆို ဖုန်းစကားပြောရန် ကြောက်စိတ် မရှိတော့ပေ။ ထိုအကျင့်ကောင်းသည် လုပ်ငန်းအတွက် များစွာ အကျိုးဖြစ်စေသည်ကို တွေ့ရ၏။
ရှက်ကြောက်စိတ် ပေါ်လာလျှင် မိမိကိုယ်မိမိ အဘယ်ကြောင့် အနေရ၊ အထိုင်ရ ခက်သည်ကို ဆင်ခြင်သင့်၏။ ရှက်ကြောက်ရန် အတွက် အကြောင်းဘာမျှ မရှိဟူ၍ နှစ်သိမ့်ယူသင့်၏။ ကိုယ်စိတ်နှစ်ပါးကို ဖြေလျှော့၍ သက်သောင့်သက်သာရှိအောင် နေထိုင်သင့်၏။ မိမိ၏ အောင်မြင်မှုများကို ပြန်လည်အောက်မေ့ သတိရသင့်၏။ ဘာသာတရားအရ ဆိုလျှင် ဗုဒ္ဓ ဟောကြားခဲ့သည့် သူတော်ကောင်း တရား ခုနစ်ပါးတွင် ဟီရိနှင့် သြတ္တပ္ပ တရားနှစ်ပါး ရှိသည်။ “ဟီရိ”ဆိုသည်မှာ မကောင်းမှု အကုသိုလ် ပြုလုပ်ရမည်ကို ရှက်ကြောက်ခြင်း၊ ဖောက်လှဲဖောက်ပြန် မမှန်မကန် ပြုလုပ်ရမည်ကို ရှက်ကြောက်ခြင်း ဖြစ်ပြီး “သြတ္တပ္ပ” ဆိုသည်မှာ မကောင်းမှု အကုသိုလ် ပြုလုပ်ရမည်ကို ထိတ်လန့်ခြင်း၊ ဖောက်လွဲဖောက်ပြန် မမှန်မကန် ပြုလုပ်ရမည်ကို ထိတ်လန့်ခြင်းတို့ ဖြစ်သည်။ မကောင်းမှု အကုသိုလ် ပြုလုပ်ရန် ရှက်ကြောက်ခြင်းသည် လိုက်နာအပ်သော တရားထူး၊ တရားမြတ်ဖြစ်၏။ လူကြားထဲ မတိုးရဲ လူများနှင့် ပြောဆို ဆက်ဆံရန် မဝံ့မရဲ ရှက်ကြောက်ခြင်းနှင့် တစ်ကဏ္ဍစီ ဖြစ်သည်ကို ကွဲပြားစွာ ခွဲခြားသိမြင်ဖို့ လို၏။ ဤသည်နှင့် စပ်လျဉ်း၍ သပြေကန် ဆရာတော်ကြီး၏ သြဝါဒတရားကို လေ့လာပါက ရှက်ကြောက်ခြင်း တရားသဘောကို ထင်လင်းစွာ သိမြင်နိုင်မည် ဖြစ်ပါ၏။
ဆရာတော်ကြီးက- “လောကတွင် ရန်သူနှင့် ကြုံကြိုက်သည့်အခါ လက်နက် မပါခဲ့လျှင် ကြောက်ရ၏။ အားကိုးစရာ လက်နက်လေးများ ပါလျှင်မူ ရန်သူနှင့် တွေ့ပင်တွေ့ ငြားသော်လည်း မကြောက်မရွံ့ ရဲဝံ့ကြ၏။ ထိုနည်းတူစွာ မိမိတို့မှာ မကောင်းမှုများ နည်းပါး၍ ကောင်းမှုများ တိုးပွားစေရန် ကြိုးစားခဲ့ကြ၏။ အိုလျှင်လဲ အိုကောင်း၊ သေလျှင်လဲ သေကောင်းသေပြီး နောက်ဘဝ ပြောင်းရလျှင် အကောင်းဘဝ ပြောင်းကြရမှာမို့ သိပ်မကြောက်ရပေ။ ကုသိုလ်မည်သည် မိမိတို့အဖို့ အမြဲတမ်း အားပေးနေသည့် အားဆေးတစ်ခုပင်” ဟူ၍ ဟောကြားတော်မူသည်။ ထို့အပြင် “အရှက်” နှင့် “အကြောက်”ကို ထင်ရှားစွာ နားလည် သဘောပေါက်စေရန် ဆရာတော်ကြီးက- “အရှက်ဟာ မစင်ပေတဲ့ သံတုံးနဲ့ တူသလို အကြောက်ဟာ ရဲရဲနီအောင် မီးဖုတ်ထားတဲ့ သံတုံးနဲ့ တူပါတယ်။ သန့်ရှင်း လှပချင်သူတွေဟာ မစင်ပေမှာ စိုးရိမ်သလို မီးပူမှာလဲ ကြောက်ကြပါတယ်” ဟူ၍ သြဝါဒ ပေးတော်မူသည်။ ရှက်ကြောက်စိတ်သည် မကောင်းသော စိတ်ဖြစ်၏။ ရှက်ကြောက်စိတ် ပပျောက်အောင် ဆင်ခြင်ရန်မှာ မည်သည့် အကြောင်းက ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေသည် ဆိုသည်ကို ဆင်ခြင်ဖို့လိုသည်။ ရှက်ကြောက်သော သူသည် ဘဝသက်ဆုံး ရှက်ကြောက်ခြင်း ရှိနေလိမ့်မည်ဟု မထင်မှတ်စေချင်ပါ။ ရှက်ကြောက်ခြင်း စိတ်ကို ဖြေဖျောက်ရန် တာဝန်သည် မိမိကိုယ်တိုင်ကပင် ဥစ္စာရင်လို ဥစ္စာရင်ခဲ လုပ်ဆောင်ရမည့် တာဝန်ပင် ဖြစ်သည်ဟု ယုံကြည်မိပါ၏။
တက္ကသိုလ်သင်္ခ
No comments:
Post a Comment