Wednesday, November 30, 2011

မကြားချင်ဆုံးသော စကားတစ်ခွန်း....

ကျွန်မဘဝမှာ မကြားချင်ဆုံး စကားတစ်ခွန်းကို ပြောပါဆိုလျင် မဆိုင်မတွ ပြန်ပြောမိမှာက

“နင့်ကို မခေါ်ချင်ဘူး”

လို့  ဆိုတဲ့ စကားတစ်ခွန်းပါပဲ......။ ဒီစကား တစ်ခွန်းဟာ ကျွန်မရဲ့  ရင်ကို နာကျင်စေတာ ခုချိန်မှာမှ မဟုတ်ပါဘူး...။ လူရယ်လို့  သိတတ်ခါစ အချိန်ကတည်းကပါပဲ...။ ကိုယ့် အစ်မတွေက သူတို့ နဲ့  ပုံစံချင်းမတူတဲ့ ကျွန်မကို သူတို့  သွားလေရာမှာ ခေါ်ချင်စိတ် မရှိပဲ မခေါ်ချင်ဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့  ချန်လှပ်ထားလေ့ ရှိပါတယ်..။ မိန်းကလေးတန်မဲ့ ၅ပေ၆ လက္မအမြင့်ရှိတဲ့ အရပ်နဲ့ ဖြူဝင်းနေတဲ့ အသားရေတွေကို ပိုင်ဆိုင် မျက်နှာပေါက်လဲ ချောလှကြတဲ့ အစ်မတွေက အသားမညိုဘူးဆိုပေမဲ့ သူတို့ ထက်စာရင် အများကြီး ညိုနေတဲ့ သူတို့ လိုလဲ ရုပ်မလှတဲ့ ကျွန်မကို အပြင်ခေါ်ထွက်ရမှာ မခေါ်ချင်ပါဘူးဆိုပြီး အမြဲ ချန်လှပ်ထားခဲ့ကြတယ်...။ ကျွန်မရဲ့ ရင်မှာ အဲ့ဒီ ကလေးအရွယ်ကတည်းကနေ သိမ်ငယ်စိတ်တွေ ခိုအောင်းလာခဲ့ပါတယ်..။

ကျောင်းနေအရွယ်ရောက်တော့လဲ ရွယ်တူတွေနဲ့  တန်းတူ မကစားနိုင်......။ ကျွန်မက ဝင်ကစားရင် သူတို့  အမြဲရှုံးတယ် ၊ အသုံးမကျဘူးဆိုပြီး ကစားတဲ့ အခါတွေမှာ ကျွန်မကို ဘယ်သူမှ မခေါ်ချင်ကြဘူးလေ..။ ဒီလိုနဲ့ ပဲ ကိုယ်ဟာ သူများကစားတာကို ငေးမောရင်း ဘေးအပြင်ဘက်ကို ရောက်မှန်းမသိ ရောက်ရောက်လာပြီး အထီးကျန်ခြင်းဆိုတာကို စပြီးခံစားရလာပါတယ်..။ သူများကစားတာကို ဘေးက ငေးကြည့်ရင်း တစ်ယောက်ထဲ နေတတ်လာခဲ့ပါတယ်..။ ကိုယ့်ရဲ့  အားလပ်ချိန်အများစုမှာ ကိုယ့်ကို အဖော်ပြုသူကတော့ ကိုယ်ဖတ်နေတဲ့ စာအုပ်တွေပေါ့...။မခေါ်ချင်ဘူးလို့  အပြောခံရမှာကို ကြောက်လို့  ဘယ်သူကိုမှ မခေါ်ဖြစ်အောင် ကြိုးစားနေခဲ့ပါတယ်...။ ဒီထဲမှာမှ ကိုယ့်ကို ခင်တွယ်လာသူရှိရင်တော့ ထိုသူကို ဘာပဲ လုပ်ပေးရ လုပ်ပေးရ အနစ်ခံပြီး မက်မက်မောမော တွယ်တာပါလေရော.....။

လက်ချိုးရေတွက်လို့  ရတဲ့ အပေါင်းအသင်းတွေကို သံယောဇဉ် တွယ်တာရင်း အပေါင်းအသင်းတွေနဲ့  ဝေးနေချိန်မှာ ကိုယ့်ရဲ့  ခံစားချက်တွေကို ဒိုင်ယာရီထဲ ရေးချရင်း အချိန်တွေကို ကျော်ဖြတ်လာခဲ့ပါတယ်..။ အလုပ်ထဲကို ရောက်တော့လဲအလုပ်တွေကိုသာ ခေါင်းထဲထည့်..အလုပ်ပြီးလျင်တော့ ကိုယ့်ရဲ့  ကွန်ပြူတာလေးက တစ်ဦးတည်းသော ကိုယ့်ရဲ့ အဖော်ပေါ့...။ ကိုယ်ကိုင်ဆောင်နေတဲ့ ဖုန်း ဆိုတာတောင်မှ တစ်နေ့ လုံးနေ လို့ မှ ခေါ်ဆိုသူ မရှိပဲ ကိုယ်ကလဲ ခေါ်ရမဲ့သူမရှိပဲ အထီးကျန်စွာ နေဖြစ်ခဲ့ပါတယ်..။ ဖုန်းဆိုတာကလဲ အရေးပေါ်သုံးဖို့ ကလွဲရင် တခြား အ လပတ် သတ်လပတ် ပြောစရာလူကို မရှိတာလေ..။

အဲ့ဒီလို မခေါ်ချင်ဘူးလို့  အပြောခံရမှာကို ကြောက်တဲ့ ကျွန်မ တစ်ခုသော ညနေမှာတော့ အကြောက်ဆုံးစကားတစ်ခွန်းကို မထင်မှတ်သူထံမှ ကြားလိုက်ရတော့ လူက ရုတ်တရက် ဘာမှ မလုပ်နိုင်အောင် ငြိမ်သက်သွားပါတော့သည်...။ ပြောတဲ့ သူက ဘာမှ မဟုတ် ပြောလိုက်တယ်ဆိုပေမဲ့ ဒီစကားတစ်ခွန်းကို စိတ္တဇ ဝေဒနာသည် တစ်ယောက်လို ကြောက်လှန့် ခဲ့တဲ့ ကျွန်မအတွက်တော့ အတွင်းမှာ လှိုက်စားနေတဲ့ ဒဏ်ရာကို ချွန်မြနေတဲ့ ဆူးတစ်ချောင်းနဲ့  အထိုးခံလိုက်ရသလိုပါပဲ..။

ကိုယ့်ထက်လဲ ငယ်သူမို့  မသိနားမလည်ပဲ ပြောတာပါလေလို့  တွေးပြီး သူ့ ကို ခွင့်လွတ်နိုင်ပေမဲ့ ဒဏ်ရာတွေနဲ့ ကျွန်မ မထူနိုင်အောင် လဲကျနေခဲ့ပါတယ်..။ မည်သူ.ဆီကမဆို နင့်ကို မခေါ်ချင်ဘူးဆိုတဲ့ စကားလုံးက ကျွန်မအတွက်တော့ သေမိန့် ချတဲ့ စကားလုံးထက်ကို ထက်တဲ့ ဓားသွားတစ်ချောင်းပါ...။ ခု ဒီဓားသွားထက်ထက်နဲ့  နှလုံးသားကို ခပ်နက်နက် အမွှန်းခံလိုက်ရတာပါ...။

သချာတာကတော့ ကျွန်မဟာ ဒီစကားမျိုး နောက်ထပ်တစ်ကြိမ် ထပ်မကြားမိစေဖို့  ကာကွယ်ရင်း ကျွန်မရဲ့  နေ့ တွေဟာ အထီးကျန်မှုတွေ ပိုပြီး တိုးပွား ဆိုးရွားလာတော့မယ် ထင်ပါရဲ့ ..........။

မေသဇင်

2 comments:

  1. ကျွန်တော်က ခင်ဗျားလောက်တော့ မဆိုးဘူး။ ဒါပေမယ့် ငယ်ငယ်က ဘောလုံးကန်ရင် ဘယ်သူမှ မခေါ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကန်မှမကန်တတ်ပဲ။
    တစ်ခုတော်သေးတာက မခင်တဲ့သူတွေနဲ့ နေရတာထက် တစ်ယောက်ထဲနေရတာကို ပိုကြိုက်တယ်။ တွေးချင်ရာတွေး ငေးချင်ရာငေး ဂစ်တာတီးပြီး သီချင်းအော်ဆိုလိုက်မလား။ စာအုပ်ဖတ်မလား သီချင်းနားထောင်မလား အို အကုန်လုပ်လို့ရတယ်။ သူငယ်ချင်းအရင်းတွေနဲ့ဆိုရင်တော့ တစ်နေကုန်နေနိုင်တယ်။
    အကြံတစ်ခုတော့ ပေးမယ်။ ငယ်ငယ်က သူများက မခေါ်ချင်ရင် စိတ်ထဲမှာ ဘယ်လိုတွေးလဲဆိုတော့ ဘာလို့ဂရုစိုက်ရမှာလဲလို့။ ဘယ်သူမှ သင်ပေးတာမဟုတ်ဘူးနော်။ ကိုယ့်ထမင်းကိုယ်စားပြီးနေတာ ဘယ်သူ့ကို ဂရုစိုက်ရမှာတုန်းလို့ ခေါ်ချင်ခေါ် မခေါ်ချင်နေပေါ့။ ဟုတ်ဘူးလား။ အခုအလုပ်မှာ ထမင်းတူတူထွက်စားတဲ့သူမရှိဘူး။ အဲဒီအတွက် အားငယ်ရမှာလား။ မငယ်ပေါင်. သူတို့ သောင်စဉ်ရေမရ ပြောတာတွေနားထောင်မယ့်အစား ကိုယ်ဖာသာတစ်ယောက်ထဲ စာအုပ်ဖတ်နေလိုက်မယ်။ တစ်ခါ တစ်ယောက်ထဲထိုင်နေတုန်း ဖစ်လပိုင်တစ်ယောက်က သူတို့အုပ်စုနဲ့သူတို့ ထမင်းစားထွက်ရင်းနဲ့တွေ့တော့ ဘာပြောလဲဆိုတော့ You are lonely တဲ့။ ချက်ချင်းပဲပြန်ပြောလိုက်တယ်။ I am not lonely. I am just alone. လို့ :D
    ဆရာတော် အရှင် ဆန္ဒာဓိကရဲ့ တစ်ယောက်ထဲနေတစ်စိတ်ထဲထားတို့ ၊ ဆရာတော် ဦးဇောတိကရဲ့ စာအုပ်တွေ ဖတ်ကြည့်ပါလား။ တစ်ယောက်ထဲနေရတာတော်တော်အဆင်ပြေသွားမယ်။အနည်းဆုံးတော့ ဘာမှ အားငယ်စရာမလိုဘူး ကိုယ့်ထမင်းကိုယ်စားပြီးနေတာ :D

    ReplyDelete
  2. ကိုအောင်ဒင်...
    ကော်မန့်ပေးထားတာလေး ကြိုက်ပါတယ်။ အကြံဥာဏ်နဲ့ အိုင်ဒီယာလေးတွေ ပြောပေးထားတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးကို ခိုင်လည်း သူများတင်ထားတာ ကြိုက်လို့ ပြန်ကူးယူပြီး ဝေမျှလိုက်တာပါ။ အရှင် ဆန္ဒာဓိက ရဲ့ တစ်ယောက်တည်းနေ၊ တစ်စိတ်တည်းထား တရားကို စာအုပ်ဖတ်ဖူးတာ တော်တော်လေး ကြိုက်ပါတယ်။ ခိုင်ကတော့ စာအုပ်ဖတ်တာထက် တရားနာရတာ ပိုကြိုက်လို့ အားရင်တော့ နာဖြစ်ပါတယ်။ တခြားပို့စ်တွေကိုလည်း အားရင် လာဖတ်ပါဦး။ ကျေးဇူးတင်ပါတယ် :)
    ခိုင်ခိုင်

    ReplyDelete