Saturday, November 5, 2011

မိမိ၏စိတ်ကို စောင့်ကြည့် ဆင်ခြင်ပါ

Flower News Journal Originally posted

“ရဟန်းတို့ သင်တို့သည် သူတစ်ပါး၏ စိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်မှု မရှိလျှင် မိမိ၏ စိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူ ဖြစ်အောင် လုပ်မည်ဟု ကျင့်ဆောင်အပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် စိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူ ဖြစ်နိုင်သနည်း ဆိုသော် ဥပမာအားဖြင့် အသက်အရွယ် နုပျို၍ အလှပြုပြင် ဆင်ယင်တတ်သည့် အလေ့ရှိသော မိန်းမပျို ယောက်ျားပျိုတို့သည် ကြေးမုံမှန်၌ ဖြစ်စေ၊ ကြည်လင်သော ရေခွက်၌ ဖြစ်စေ၊ မိမိ၏ မျက်နှာရိပ်ကို ကြည့်သည်ရှိသော် အကယ်၍ မှန်ထဲ၊ ရေခွက်ထဲတွင် မိမိမျက်နှာ၌ မြူအညစ်အကြေးကို ဖြစ်စေ။ မှဲ့ခြောက်၊ ဝက်ခြံစသည်ကို ဖြစ်စေ မြင်လျှင် ထိုမြူအညစ်အကြေး သို့မဟုတ် မှဲ့ခြောက်၊ ဝက်ခြံ စသည်တို့ကို ဖယ်ရှားသုတ်သင်ရန် လုံ့လထုတ်၍ ပြုလုပ်ရသည်။ အကယ်၍ မှန်ထဲ၊ ရေခွက်ထဲတွင် မိမိမျက်နှာ၌ မြူအညစ်အကြေးကို ဖြစ်စေ၊ မှဲ့ခြောက်၊ ဝက်ခြံ စသည်ကိုဖြစ်စေ မမြင်လျှင် “ငါ့တစ်ကိုယ်လုံး စင်ကြယ်နေပါတကား” ဟု ဝမ်းမြောက်မှုစိတ် အလိုပြည့်မှု ဖြစ်ရ၏။

ရဟန်းတို့ ဤဥပမာအတိုင်းပင် ငါသည် သူများစည်းစိမ်ကို ရလိုသမှု ရှေးရှုကြံစည်သည့် အဘိဇ္ဈာဖြစ်နေခြင်းက များသလော။ သူများစည်းစိမ်ကို ရလိုသမှု ရှေးရှုကြံသည့် အဘိဇ္ဈာ မဖြစ်ဘဲနေခြင်းက များသလော။ ငါသည် စိတ်ဓာတ် ပျက်စီးနေခြင်းက များသလော။ စိတ်ဓာတ် မပျက်စီးဘဲ နေခြင်းက များသလော။ ငါသည် ထိုင်းမှိုင်းမှု ထိနမိဒ္ဓ နှိပ်စက်နေခြင်းက များသလော။ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ ကင်းနေခြင်းက များသလော။ ငါသည် စိတ်ပျံ့လွင့်နေခြင်းက များသလော။ စိတ်မပျံ့လွင့်ဘဲ နေခြင်းက များသလော။ ငါသည် ယုံမှား သံသယဖြစ်နေခြင်းက များသလော။ ယုံမှားသံသယကို လွန်မြောက်နေခြင်းက များသလော။ ငါသည် အမျက်ဒေါသ ထွက်နေခြင်းက များသလော။ အမျက်ဒေါသ မထွက်ဘဲနေခြင်းက များသလော။ ငါသည် စိတ်ညစ်နေခြင်းက များသလော။ စိတ်မညစ်ဘဲနေခြင်းက မျာသလော။ ငါသည် ကိုယ်ပင်ပန်း နွမ်းနယ်ခြင်းက များသလော။ ကိုယ်မပင်ပန်းဘဲ လန်းဆန်းနေခြင်းက များသလော။ ငါသည် ပျင်းရိနေခြင်းက များသလော။ ထက်သန်သော လုံ့လရှိခြင်းက များသလော။ ငါသည် စိတ်မတည်မငြိမ် ဖြစ်နေခြင်းက များသလော။ စိတ်တည်ငြိမ်နေခြင်းက များသလောဟု ဆင်ခြင်ခြင်းသည် ကုသိုလ်တရားတို့၌ လွန်စွာ ကျေးဇူးများလှ၏။” (ဒဿအင်္ဂုတ္တိုရ်၊ ဒုပဏ္ဏာသက၊ သစိတ္တသုတ်)

လူသည် ရုပ်ခန္ဓာနှင့် စိတ်တို့ ဒွန်တွဲ ဖွဲ့စည်းရာ ဖြစ်ပါသည်။ ယင်းသို့ ဖွဲ့စည်း ဖြစ်တည်လျက် ရှိရာတွင် “စိတ်”က “ရုပ်ခန္ဓာ”ကို ပဲ့ကိုင် ဦးဆောင်ပါသည်။ စိတ်က စေခိုင်းသည့် အတိုင်း ရုပ်ခန္ဓာက လိုက်ပါ ဆောင်ရွက်နေရခြင်း ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် လူသားဟူသည် ကိုယ်ခန္ဓာရှိသော “စိတ်အစဉ်”ဟု ဆိုနိုင်ပါသည်။ လူတွင် “ရုပ်ပိုင်းဘဝ” နှင့် “စိတ်ပိုင်းဘဝ”ဟူ၍ ရှိရာ အများအားဖြင့် လူတို့သည် ထင်သာမြင်သာ ရှိသော ရုပ်ပိုင်းဘဝကို ပိုမို၍ ဂရုစိုက်လေ့ ရှိပါသည်။ အလေးထားလေ့ ရှိပါသည်။ ခန္ဓာကိုယ်လှပရေး၊ ကျန်းမာရေးတို့ကိုသာ တန်ဖိုးထားလေ့ ရှိပါသည်။ ခေတ်မီအလှအပ ပစ္စည်းမျိုးစုံ အလျှံအပယ် ပေါ်ထွန်းလျက်ရှိသော ယနေ့အချိန်အခါတွင် ပြင်ပဗဟိဒ္ဓခန္ဓာ ကိုယ်လှပစေရန် နည်းမျိုးစုံဖြင့် အားထုတ် ကြိုးပမ်းလျက် ရှိပါသည်။ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဆိုလျှင် ငွေကြေး ကြွယ်ဝချမ်းသာသူတို့က သာမန် နှာစေးချောင်ဆိုး ရောဂါကအစ အထူးကု သမားတော်ကြီးများနှင့် ပြသကြသည်။ ခန္ဓာကိုယ် ကျန်းမာရေး လှပရေးကို ဂရုစိုက်ခြင်းမှာ လူသားတစ်ဦးအနေဖြင့် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သော လုပ်ငန်းဆောင်တာ တစ်ရပ် ဖြစ်ပါ၏။ သို့တစေ ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်ရမှန်း သိကြသော်ည်း စိတ်ကျန်းမာရေးကိုမူ ဂရုစိုက်ရကောင်းမှန်းသိသူ အင်မတန် နည်းပါးလှပါ၏။

အရေပြားအပေါ်က အလှအပကို တန်ဖိုးထားသော်လည်း စိတ်ထားအလှအပကို တန်ဖိုးထားတတ်မှု၌မူ အများအားဖြင့် အားနည်းလျက် ရှိပါသည်။ အမှန်မူ ရုပ်ခန္ဓာကျန်းမာရေးကို တန်ဖိုးထားသကဲ့သို့ စိတ်ကျန်းမာရေးကိုလည်း တန်ဖိုးထားရပေလိမ့်မည်။ အရေပြားပေါ်က အလှအပကို မြတ်နိုးတတ်သကဲ့သို့ စိတ်ထား လှပမှုကိုလည်း မြတ်နိုးရပေလိမ့်မည်။ ရုပ်ခန္ဓာကို ဂရုစိုက်သကဲ့သို့ စိတ်ကိုလည်း ဂရုစိုက်ရပေလိမ့်မည်။ စိတ်ကို ဂရုစိုက်ခြင်းဟူသည် မိမိ၏စိတ်ကို သတိဖြင့် စောင့်ကြည့်ခြင်းကို ဆိုလိုပါသည်။ မိမိ၏စိတ်ကို သတိဖြင့် စောင့်ကြည့်လျက် ကုသိုလ်စေတသိက်တွေ ဖြစ်နေသလား။ အကုသိုလ် စေတသိက်တွေ ဖြစ်နေသလားဟု ပညာဖြင့် စိစစ်ဖို့ လိုပါသည်။ မိမိ၏ အတွင်းသန္တာန်သည် ပူလောင် ဆူပွက်နေသလား၊ ငြိမ်းအေး ပြေလွင့်နေသလား ဟူသည်ကို မိမိကိုယ်တိုင် အရှိပကတိအတိုင်း သိဖို့လိုပါသည်။ အမှန်စင်စစ် လူတစ်ဦး၏ ဘဝဟူသည် ထိုသူ၏ စိတ်နှင့်တန်သလို ဖြစ်တည်နေခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မိမိ၏စိတ်နှင့် တန်သော ဘဝကို မိမိကိုယ်တိုင် ပုံဖော် တည်ဆောက်နေခြင်း ဖြစ်ပါသည်။

စိတ်ထားကောင်းသော် ဘဝလည်း ကောင်းပါလိမ့်မည်။ စိတ်ထားအေးချမ်းသော် ဘဝလည်း အေးချမ်းပါလိမ့်မည်။ စိတ်ထားကြည်လင်သော် ဘဝလည်း ကြည်လင်ပါလိမ့်မည်။ စိတ်ထားဖြူစင်သော် ဘဝလည်း ဖြူစင်ပါလိမ့်မည်။ စိတ်တည်ငြိမ်သော် ဘဝလည်း တည်ငြိမ်ပါလိမ့်မည်။ သို့ဖြစ်၍ မိမိ၏ အတွင်းသန္တာန်တွင် လေပြည်လေညင်းလေးတွေ ဖြည်းဖြည်း ငြင်သာ တိုက်ခတ်နေသလား၊ မုန်တိုင်းတွေ ပြင်းပြင်းထန်ထန် မွှေနှောက် တိုက်ခတ်နေသလား ဟူသည်ကို အခါမလပ် စောင့်ကြည့်အပ်ပါသည်။ မိမိ၏စိတ်ကို စောင့်ကြည့် ဆင်ခြင်သော အလေ့ပြုဖန်များလျှင် ကြာသောအခါ အလေ့အကျင့် တစ်ခုသဖွယ် စွဲမြဲသွားပေလိမ့်မည်။

စိတ်ကို စောင့်ကြည့်ဆင်ခြင်သောအလေ့ စွဲမြဲသွားသည့်အခါ- အဘိဇ္ဈာ ဖြစ်လျှင်ဖြစ်ချင်း အဘိဇ္ဈာဖြစ်မှန်း သိမည်။ ထိနမိဒ္ဓ ဖြစ်လျှင်ဖြစ်ချင်း ထိနမိဒ္ဓဖြစ်မှန်း သိမည်။ စိတ်ပျံ့လွင့်မှု ဖြစ်လျှင်ဖြစ်ချင်း စိတ်ပျံ့လွင့်မှန်း သိမည်။ အမျက်ဒေါသဖြစ်လျှင် ဖြစ်ချင်း အမျက်ဒေါသဖြစ်မှန်း သိမည်။ စိတ်ညစ်လျှင်ညစ်ချင်း စိတ်ညစ်မှန်း သိမည်။ ပျင်းရိနေလျှင်နေချင်း ပျင်ရိနေမှန်း သိမည်။ စိတ်ဖိစီးမှု ဖြစ်လျှင်ဖြစ်ချင်း စိတ်ဖိစီးမှု ဖြစ်မှန်းသိမည်။ စိတ်တင်းကျပ်မှု ဖြစ်လျှင်ဖြစ်ချင်း စိတ်တင်းကျပ်မှု ဖြစ်မှန်း သိမည်။

ဘုရားရှင်၏ အထက်ပါ အဆုံးအမတော်တွင် မိမိ၏ စိတ်ကို ဆင်ခြင်ကြည့်သည့်အခါ စိတ်ထဲတွင် အဘိဇ္ဈာဖြစ်နေခြင်း၊ ထိုင်းမှိုင်းနေခြင်း၊ စိတ်ပျံ့လွင့်နေခြင်း၊ ဒေါသဖြစ်ခြင်းစသည့် မကောင်းတရားတို့ ဖြစ်နေသည်ဟု သိရှိသည့်အခါ မည်သို့ပြုသင့်ကြောင်း အောက်ပါအတိုင်း ဟောဖော် ညွှန်ကြားတော်မူခဲ့ပါသည်။ “ရဟန်းတို့ ထိုသို့ ဆင်ခြင်သောသူသည် အကယ်၍ သူများစည်းစိမ်းကို ရလိုသမှု ရှေးရှုကြံသည့် အဘိဇ္ဈာ ဖြစ်နေခြင်းက များသည်၊ စိတ်ဓာတ် ပျက်စီးနေခြင်းက များသည်၊ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ နှိပ်စက်နေခြင်းက များသည်၊ စိတ်ပျံ့လွင့်နေခြင်းက များသည်၊ ယုံမှား သံသယဖြစ်နေခြင်းက များသည်၊ အမျက်ဒေါသ ထွက်နေခြင်းက များသည်၊ စိတ်ညစ်နေခြင်းက များသည်၊ ကိုယ်ပင်ပန်း နွမ်းနယ်နေခြင်းက များသည်၊ ပျင်းရိနေခြင်းက များသည်၊ စိတ်မတည်မငြိမ် ဖြစ်နေခြင်းက များသည် ဟုသိလျှင် ထိုယုတ်ညံ့သည့် မကောင်းသော တရားတို့ကိုသာလျှင် ပယ်ရန်၊ လွန်ကဲသော ဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်မှုကို လည်းကောင်း၊ အပူတပြင်း အားထုတ်မှုကို လည်းကောင်း၊ မဆုတ်နစ်မှုကို လည်းကောင်း၊ သတိကို လည်းကောင်း၊ အဆင်ခြင်ဉာဏ် သမ္ပဇဉ်ကို လည်းကောင်း ပြုသင့်၏။

ရဟန်းတို့ ဥပမာသော်ကား ကိုယ်တွင် ဝတ်ထားသော အဝတ်ကို မီးလောင်သည်ရှိသော် ဦးခေါင်းကို မီးလောင်သည် ရှိသော် မီးငြိမ်းစေရန် လွန်ကဲသောဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်မှုကို လည်းကောင်း၊ အပူတပြင်း အားထုတ်မှုကို လည်းကောင်း၊ မဆုတ်နစ်မှုကို လည်းကောင်း၊ သတိကို လည်းကောင်း၊ အဆင်ခြင်ဉာဏ် သမ္ပဇဉ်ကို လည်းကောင်း ပြုရာသကဲ့သို့ ဤအတူပင် ထိုယုတ်ညံ့သည့် မကောင်းသော တရားတို့ကိုသာလျှင် ပယ်ရန် လွန်ကဲသော ဆန္ဒ၊ လုံ့လအားထုတ်မှု၊ အပူတပြင်း အားထုတ်မှု၊ မဆုတ်မနစ်မှု၊ သတိ အဆင်ခြင်ဉာဏ် သမ္ပဇဉ်ပြုသင့်၏။ မိမိ၏ စိတ်ထဲတွင် မကောင်းသော စေတသိက်တို့ ဖြစ်တည်နေလျှင် အချိန်မီ အထက်ပါ ဘုရားရှင်၏ လမ်းညွှန် သွန်သင်ချက်အတိုင်း လိုက်နာ ဆောင်ရွက်လျက် တားဆီးသင့်ပါ၏။ သို့မှသာလျှင် စိတ်အစဉ်ထဲ၌ မကောင်းသော စိတ်အညစ်အကြေးတို့ အုံဖွဲ့ထူထပ်မလာအောင် ဟန့်တားနိုင်ပါလိမ့်မည်။ ဤသို့ မကောင်းသော စိတ်အညစ်အကြေးတို့ကို ထိထိရောက်ရောက် တားဆီးနိုင်ခြင်းပင်လျှင် ဘဝ၏ အကောင်းဆုံး ကာကွယ်ရေး စနစ်ကြီးတစ်ခု ဖြစ်ပါသည်။ မကောင်းသော စိတ်အညစ်အကြးတို့မှ မွေးဖွား ဖော်ဆောင်ပေးမည့် မကောင်းကျိုးများ အမင်္ဂလာမှုများကို ကြိုတင် ကာကွယ် တားဆီးနိုင်ပါလိမ့်မည်။

ဘုရားရှင်၏ အထက်ပါ အဆုံးအမတော်တွင် မိမိ၏စိတ်ကို ဆင်ခြင်သည့်အခါ စိတ်ထဲ၌ အဘိဇ္ဈာ မဖြစ်ဘဲနေခြင်းက များသည်။ ထိုင်းမှိုင်းမှု ကင်းနေခြင်းကများသည်။ ဒေါသမဖြစ်ဘဲ နေခြင်းက များသည်။ စိတ်မပျံ့လွင့်ဘဲ နေခြင်းက များသည်။ စသော “အကောင်းတရား”တို့၌သာလျှင် တည်သည်ဟု သိရှိသည့်အခါ မည်သို့ပြုသင့်ကြောင်း အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါ၏။ “ရဟန်းတို့ ထိုသို့ ဆင်ခြင်သော သူသည် အကယ်၍ သူများစည်းစိမ်ကို ရလိုသမှု ရှေးရှုကြံစည်သည့် အဘိဇ္ဈာ မဖြစ်ဘဲနေခြင်းက များသည်။ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ ကင်းနေခြင်းက များသည်။ စိတ်မပျံ့လွင့်ဘဲ နေခြင်းက များသည်။ ယုံမှားသံသယကို လွန်မြောက်ခြင်းက များသည်။ အမျက်ဒေါသ မထွက်ဘဲ နေခြင်းက များသည်။ ကိုယ်မပင်ပန်းဘဲ လန်းဆန်းနေခြင်းက များသည်။ ထက်သန်သော လုံ့လရှိနေခြင်းက များသည်။ စိတ်တည်ငြိမ်နေခြင်းက များသည်ဟု သိလျှင် ထိုကောင်းသော တရားတို့၌သာလျှင် တည်၍ ထိုမှတစ်ဆင့် တက်ကာ ကြာမြင့်စွာ စွဲကပ်ပါလာသည့် ယုတ်ညံ့သော တရားတို့ ကုန်ခြင်းငှာ ကြိုးစားအား ထုတ်ရာ၏”

မိမိ၏ စိတ်ကို စောင့်ကြည့် ဆင်ခြင်သည့်အခါ စိတ်ကောင်း စေတသိက်ကောင်းများ ဖြစ်ထွန်းနေသည်ကို တွေ့ရပါက အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း ထိုကောင်းသောတရားတို့ မိမိ၏ စိတ်အစဉ်၌ ဆက်လက် တည်မြဲအောင် အားထုတ် သွားအပ်ပါသည်။ စိတ်ထဲတွင် အကောင်းတရားများ ဖြစ်ထွန်း တည်ကိန်းချိန် များလာပါက အဆိုးတရားများ တည်ကိန်းရန် အခွင့်အလမ်း နည်းပါးသွားပါလိမ့်မည်။ ပုထုဇဉ် ဖြစ်သည့်အလျောက် စိတ်အညစ်အကြေးများ လုံးဝကင်းစင်မည် မဟုတ်ပါ။ သို့တစေ အိမ်ခန်းတွင် တင်သော ဖုံမှုန့် အမှိုက်သရိုက်တို့ကို နေ့စဉ် လှည်းကျင်း ရှင်းလင်းသကဲ့သို့ စိတ်ထဲတွင် ဖြစ်လာသော စိတ်အညစ်အကြေးများကိုလည်း သတိဖြင့် မြင်အောင်ကြည့်လျက် လှည်းကျင်း ရှင်းလင်းသွားမည် ဆိုလျှင် မိမိ၏ အတွင်းသန္တာန်၌ စိတ်ဆိုး စေတသိက်ဆိုးတို့ တစ်စတစ်စ နည်း၍နည်း၍ လာပေလိမ့်မည်။ မိမိ၏စိတ်ကို အမြဲ အညစ်အကြေး ကင်းစင်ကြည်လင်အောင် အားထုတ်သင့်ကြောင်း တိပိဋကဓရ ယောဆရာတော်က ဤသို့ ရေသားထားပါ၏။ အမြဲ ကြည်လင် စိတ်အစဉ် ပြောလျှင် အမှန်ရ။

အမြဲကြည်လင် စိတ်အစဉ် ပြုလျှင် အမှန်ရ။ အမြဲကြည်လင် စိတ်အစဉ် တွေးလျှင် အမှန်ရ။ အလုပ်အပြော စိတ်သဘော မနောဖြူစင်က အရိပ်ပမာ မြတ်ချမ်းသာ နောက်မှာ လိုက်နေကြ။ ကုသိုလ်ထုံမွှမ်း လူ့အစွမ်း ချီးမွမ်းအံ့သြရ။




မင်းနန်(မော်ကျွန်း) ရေးသားသည်

No comments:

Post a Comment