ဝိပဿနာ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများဟာ သံသရာက လွတ်မြောက်ရာ နိဗ္ဗာန်ရဖို့ ထက် ပထမဆုံး အပါယ်လေးပါးလွတ်မြောက်ရာ သောတာပန် ဖြစ်ဖို့ ကျင့်ကြံအားထုတ်နေကြရပါတယ်။
စစ်မှန်တဲ့ မဂ်ဖိုလ် ရဖို့ ၊ အတုရောင် မဂ် နဲ့ မကြုံတွေ့ ထားရင် စစ်မှန်တဲ့မဂ်ဆိုတာ သိဖို့ ခက်ခဲပါတယ်။ဘုရားရှင်သက်တော်ထက်ရှားရှိစဉ်က တရားနာရင်းပင် သောတာပန်၊သကဒါဂါမ်၊အနာဂမ် နဲ့ ရဟန္တာ ဖြစ်သွားကြသူအရိယာများ ရှိကြသော်လည်း၊မျက်မှောက်ခေတ်ကာလမှာတော့.. ကိုယ်တိုင် ကျိုးစားအားထုတ်မှသာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြမယ်ဆိုတာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိပါ။အဲဒီလို ကျိုးစားနေကြသော ဓမ္မမိတ်ဆွေများအတွက် အထောက်ကူဖြစ်စေရန် ဖတ်ရှုထားမိသော စာမျက်နှာ တစ်ခုကို ဓမ္မဒါနပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ် အချိန် ရှင်မဟာကဿဖကိုယ်တော်ကြီးက ဘုရားသခင်ကိုယ် တော်မြတ်ကြီးကို မေးပါတယ်…။
အရှင်ဘုရား … တဲ့ "သိက္ခာပုဒ်" တွေ "နည်း" တုန်းက "ရဟန္တာ" တွေ သိပ်ဖြစ်တာဘဲ … တဲ့ ။
အရှင်ဘုရားက သိက္ခာပုဒ်တွေ ပေါ်တိုင်းပေါ်တိုင်း၊ တိုးလိုက်တော့ နှစ်ရာ့နှစ်ဆယ် -ခုနှစ် သွယ်တောင်ဖြစ်သွားတော့ ရဟန္တာအဖြစ် နည်းသွားတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလိမ့်မတုံးလို့ ဘုရားကို လျှောက်တယ်.. တဲ့။
မြတ်စွာဘုရားက ဘယ်လိုဖြေသလဲဆိုတော့...
"သဒ္ဓမ္မပဋိရူပက"ဆိုတာရှိတယ်… တဲ့ ၊ အဓိပ္ပါယ်က တရားအတုတွေ ပေါ်လာလို့ရှိရင်လည်း အဲဒီတရားတုတွေ ပေါ်လာတဲ့အတွက်ကြောင့် "ရဟန္တာ"အဖြစ်နည်းတယ် .. . တဲ့ ။
တကယ်ကို ကျိုးစားအားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတွေရဲ့ ဉာဏ်စဉ်ဟာ တက်လာတာနဲ့အမျှ ဖြစ်ပျက်မြင်လာတဲ့ "ဥဒယဗ္ဗယဥာဏ်"မှာ "အဓိဂမပဋိရူပက" လို့ ခေါ်တဲ့ "နိဗ္ဗာန် အတု" ဝင်တတ်ပါတယ်။
အဲဒီနိဗ္ဗာန်အတုဝင်လာတဲ့ အခါ ယောဂီဟာ ဒါ "နိဗ္ဗာန်"ဘဲဆိုပြီး တရားရပ် ပစ်လိုက်တတ်ကြပါတယ် … ။
ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဟောပါတယ်....
"ငါတော့ဖြင့် "သောတာပတ္တိမဂ်" ဆိုက်ပြီ "နိဗ္ဗာန်" မြင်ပြီဆိုပြီးတော့ ရပ်လိုက်တော့ တရားကတော့ "ဥဒယဗ္ဗယ" ဖြစ်ပျက်ဆိုတော့ ဆုံးမှမဆုံးသေးဘဲ…၊မဆုံးသေးချိန်မှာ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါတဲ့၊ နိဗ္ဗာန်အတု ဝင်လာတယ်။ ရဟန္တာ အဖြစ်နည်းတာ နိဗ္ဗာန်အတုဝင်လို့ပါ....တဲ့။"
ဓမ္မမိတ်ဆွေတို့ သိထားသင့်တဲ့ အဲဒီ မဂ်အတု ၁၀ပါး ဖေါ်ပြပေးလိုက်ပါတယ်။
ခုနပြောသလို ဓမ္မမိတ်ဆွေဟာ ဉာဏ်စဉ်တက်လာလို့  ဖြစ်ပျက်မြင်တဲ့အချိန်မှာ အဲဒီမဂ်အတု ထဲက တမျိုးမျိုး နဲ့ ကြုံတွေ့ တတ်ပါတယ်။
၁။ သြဘာသ=အလင်းရောင်
၂။ ပီတိ=၀မ်းသာမှုလွန်ကဲလာခြင်း
၃။ ဉာဏ=ဉာဏ်ထက်မြက်ခြင်း
၎။ ပဿဒ္ဓိ=ကိုယ်စိတ်ငြိမ်းအေးနေခြင်း
၅။ သုခ=တစ်ကိုယ်လုံးချမ်းသာမှုစိမ့်နေခြင်း
၆။ အဓိမောက္ခ=လွန်ကဲသောယုံကြည်မှုသဒ္ဓါဖြစ်ခြင်း
၇။ ဥပဋ္ဌာန=စွဲမြဲသောသတိကောင်းနေခြင်း
၈။ ပဂ္ဂဟ=လုံ့လ၀ီရိယဇွဲထက်သန်နေခြင်း
၉။ ဥပေက္ခာ=၀ိပဿနုပေက္ခာနှင့်အာဝဇ္ဇနုပေက္ခာတို့ဖြစ်ခြင်း
၁၀။ နိကန္တိ=ရှေ့ပိုင်းကိုးမျိုးကိုနှစ်သက်တွယ်တာခြင်းဆိုပြီး (၁၀)မျိုးရှိပါတယ်။
ခုလို မသိထားပြန်ရင်လည်း ကမ္မဋ္ဌာန်းဆရာမပါဘဲ မိမိဖာသာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲ ဝိပဿနာမကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တို့က "မဂ်ရပြီ" လို့ ထင်ပြီး ရှေ့ဆက်အားမထုတ်တော့ဘူးဆိုရင် တရားထူးရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီမဂ်တု(၁၀)မျိုးကိုတော့ ဝိပဿနာအားထုတ်သူတိုင်း သိထားသင့်ပါတယ်။
အဲဒီ မဂ်အတု(၁၀)ပါးကို...
"ဝိပဿနုပက္ကိလေသ"=ဝိပဿနာညစ်ညူးကြောင်းတရားများ”လို့ ခေါ်ပေမဲ့...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကတော့ မှတ်ရလွယ်ကူအောင်
"မဂ်တု (၁၀)ပါး"လို့ သုံးနှုန်းလေ့ ရှိပါတယ်။
( ၁ ) "သြဘာသ"=အလင်းရောင်
ခန္ဓာကိုယ်က အရောင်အဆင်း ထွက်တတ်တယ်..တဲ့၊ ဖြစ်ပျက်အားထုတ်ရင်း"ဥဒယဗ္ဗယဥာဏ်"က ရင့်သန်လာတော့ မိမိ ရဲ့ ခန္ဓာကိုယ်က အရောင်အဆင်း ထွက်လာတတ်ပါတယ် …
အဲဒီလို ကိုယ်ပေါ် အရောင်အဆင်းထွက်လာတော့...
သြော်… ဒါ "မဂ်"က ထွက်လာတဲ့ အရောင်ပဲ ဆိုပြီး ဒါ "မဂ်ဥာဏ်"ရတဲ့သဘောဘဲလို့ ကိုယ့်ဟာကိုယ်ထင်တတ်ကြပါတယ်… ဒါ့ကြောင့် အရောင်အဆင်းကို အာရုံပြုပစ်လိုက်ကြပါတယ် ။
အရောင်ဘက်လှည့်သွားပြီး သာယာ ပစ်လိုက်တဲ့အခါ ဥာဏ်ကတော့ မရှိတော့ပါဘူး၊ သို့ သော် အရောင် ကတော့ ထွက်လျက်ပါဘဲ …။ အဲဒီမှာလည်း သူ့ဟာသူ "မဂ်" ရလို့ ခန္ဓာက အရောင်ထွက်လာတာဘဲဆိုပြီး ရပ်ပစ်လိုက် တော့ တရားတု ဝင်လာတတ်တယ်..တဲ့၊ နိဗ္ဗာန်လည်း မဟုတ်ဘူး၊မဂ်လည်း မဟုတ်ဘူး…။
တစ်ချို့ တွေ ဘယ်လောက်တောင် အရောင်ထွက်သလဲ ဆိုယင်...
တင်ပလ္လင်ခွေတစ်ခုလုံးမှာ တစ်ကိုယ်လုံးကနေပြီး အရောင်တွေဖြာထွက်တတ်တယ်...တဲ့။
တစ်ချို့ ကျ တော့လည်း ဒီတိုက်တစ်ခုလုံးမြင်လာအောင်ထွက်တတ်တယ်။တစ်ချို့ ကျတော့လည်း ကောင်းကင်ကကျအောင်လင်းတယ်၊
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး က အဲဒီလို ဖြစ်ပျက် မြင်တဲ့ဥာဏ်တုန်းက ဆိုရင် အောက်အဝီစိ ကျအောင်လင်းတယ်… ၊ အထက်ဗြဟ္မာပြည်ထိ အောင် လင်းထွက်တယ်… လို့  မိုးကုတ်ဆရာတော်ကြီး ဟောထားတဲ့ တရားမှာ နာကြားဖူးပါတယ်။
အဲဒါကို မဂ်ရလို့ထင်ပြီး ယောဂီပုဂ္ဂိုလ်က အားထုတ်နေရက ရက်ပစ်လိုက်တတ်တယ် ၊ ငါ မဂ်ရလို့ အရောင်ထွက်တာဘဲဆိုပြီး အရောင်ဘက်လှည့်လိုက်တယ်၊ ဟိုဖြစ်ပျက် ဖက် ပြန် မလှည့်တော့ဘူး… .အားရတင်းတိမ်တဲ့ဘက် လှည့်သွားပါတော့တယ်…. ။အဲဒီအခါမှာ.. တရားထူးရဖို့ လွဲချော်ရပါတော့တယ်။
( ၂ ) "ပီတိ"=၀မ်းသာမှုလွန်ကဲလာခြင်း
အရောင်မလာတဲ့ပုဂ္ဂိုလ်မှာတော့ ပီတိဆိုတာလာပါလိမ့်မယ် …
ပီတိဆိုတာက တစ်ခါတည်း ခန္ဓာကိုယ်ကြီးကြွသွားပြီး၊ ပေါ့ပါးသွားပြီး၊ ကြက်သီးတွေက ထ..လို့ ကောင်းကင်ပျံ တော့မလိုလို၊ ထိုင်ရမှန်းမသိ၊ ထရမှန်းမသိ၊ ဒီလိုဖြစ်လာတတ်ပါတယ်… ။
ဒါကလည်း "ဥဒယဗ္ဗယ" - ဆိုတဲ့ ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်ကြောင့် ဖြစ်ပေါ်လာတတ်တာပါဘဲ…။
ပီတိ-ငါးမျိုးရှိပါတယ်
ခုဒ္ဒကာပီတိ၊
ခဏိကာပီတိ၊
သြကန္တိကာပီတိ၊
ဥဗ္ဗေဂါပီတိ၊
ဖရဏာပီတိ လို့ ဆိုပြီး ဒီ ပီတိ( ၅ )မျိုး ဟာ ဖြစ်ပေါ်လာသည်။
လေ့လာထားသလောက် "ပီတိ" ( ၅ )မျိုးကို အကျယ်ချဲ့ ပြီး ဖေါ်ပြပါရစေ။
♦ခုဒ္ဒကာပီတိ
မိမိကိုယ်ထဲမှာဖျင်းခနဲ့ ကြက်သီးထခြင်း၊ အသားရေ ဆိုးဆိုးဆတ်ဆတ်လှုပ်ခြင်း၊ မျက်ရည်ယိုထွက်ခြင်း၊ ရင်ထဲနှလုံးထဲ၌ ဖိုကနဲ့၊လှိုက်ကနဲ့တက်ကြွခြင်း၊ ကိုယ်ထဲ၌ စိမ့်ကနဲ့၊ ငြိမ့်ကနဲ့ ကောင်းသွားတာတွေ တို့ကိုဖြစ်စေပြီးတော့ တစ်ကြိမ်ထဲ နဲ့  ပျောက်ငြိမ်းသွားတဲ့ နှစ်သိမ့်အားရမှုဟာ"ခုဒ္ဒကာပီတိ"ပဲ ဖြစ်ပါတယ်။
♦ခဏိကာပီတိ
သေးငယ်တဲ့ နှစ်သိမ့်အားရမှု လို့ ဆိုလိုပါတယ်။ တဖျင်းဖျင်းနှင့် ကြက်သီးထခြင်း စသည် တို့ကို ဆင့်ကာဆင့်ကာ အကြိမ်များစွာဖြစ်စေပြီး လျှပ်ပျက်သလိုမျိုး ခဏခဏ အထပ်ထပ်ဖြစ်ပေါ်တဲ့ နှစ်သိမ့်အားရမှုဟာ "ခဏိကာပီတိ" ပင် ဖြစ်ပါတယ်။
♦သြကန္တိကာပီတိ
ပါဠိအဋ္ဌကထာတွေ ကို ထောက်ရှု၍ ပီတိကြောင့် မျက်ရည်ယိုခြင်း၊ ငိုခြင်းများလည်း ဖြစ်တတ်သည် ကို မှတ်သားအပ်ပါတယ်။ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့မည့် အနေအထားနဲ့ မိမိကိုယ်ထဲမှာ ဖျင်းဖျင်းစိမ့်စိမ့် ငြိမ့်ငြိမ့်နှင့် လှိုက်လှိုက်လှဲလှဲပြည့်တက်ပျံ့နှံ့လာပြီးတော့ ပျောက်ပြယ်သွားတတ်သော နှစ်သိမ့်အားရမှုဟာ"သြကန္တိကာပီတိ"ဖြစ်ပါတယ်။
ဥပမာ- ကမ်းကိုဖုံးလွှမ်းသွားမည့်အနေဖြင့် အတင်းပြေးလာသော ပင်လယ်လှိုင်းလုံးကြီးတွေဟာ ကမ်းစပ်ကို ရောက်ပြီဆိုရင် ပျက်ပြယ်သွားသလိုဘဲ မိမိခန္ဓာကိုယ်ထဲမှာ လှိုက်လှဲ ပြင်းထန်ပြီး၊ သက်ဝင်လာပြီးတော့တဖန်ပျက်ပြယ်သွားတဲ့ အားရနှစ်သိမ့်မှု လိုမျိုး လို့ ဆိုလိုတာပါ။
♦ဥဗ္ဗေဂါပီတိ
မိမိကိုယ်တိုင်ပင် ဘယ်လိုဖြစ်နေတယ်လို့ မသိနိုင်လောက်အောင်ဖျင်းဖျင်းစိမ့်စိမ့် နဲ့ အားကောင်းစွာ ဖြစ်ပေါ်လာပြီး၊အဲဒီလို ပေါ်လာပြီးရင် တစ်ကိုယ်လုံးဖြစ်စေ၊ ကိုယ် အင်္ဂါတစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တက်ကြွလှုပ်ရှားလွင့်စင် သွားစေနိုင်တဲ့ နှစ်သိမ့်အားရမှုဟာ "ဥဗ္ဗေဂါပီတိ"ဖြစ်ပါတယ်။
ယခုကာလမှာ ဤသိပဌာန်ရှုမှတ်နည်းအရ ရှုမှတ်သောသူတစ်ချို့မှာ ကိုယ်အင်္ဂါတစ်စိတ်တစ်ပိုင်း မြောက်တက်သွားသည်ကို တွေ့ကြရပါတယ်။ တစ်ချို့မှာလည်း ကိုယ်တစ်စိတ်တစ်ပိုင်း ကြွတက်နေသည်ကို တွေ့ကြရတယ်။ လက်၊ခြေ၊ခေါင်များ ဆတ်ခနဲ၊ ဖြတ်ခနဲအလိုလို လှုပ်ရှားသွားတာ ကိုလည်း တွေ့ကြရပါတယ်။ တစ်ဦးမှာမူကား ထိုင်နေတဲ့ဣရိယာပုဒ် မပျက်ပဲ နဲ့ တစ်တောင်ခန့်မြင့်အောင် အကြိမ်များစွာ ခုန်လျှက်ခုန်လျှက် ဖြစ်နေသည်ကိုလည်း တွေ့ကြရပါတယ်။ ဒါက "ဥဗ္ဗေဂါပီတိ"ရဲ့ အစွမ်းလို့ ယုံကြည်အပ်ပါတယ်။
♦ဖရဏာပီတိ
ခန္ဓာတစ်ကိုယ်လုံးမှာ စိမ့်လျှက်အေးလျှက် အလွန်ခံသာ၊ အလွန်ကောင်းတဲ့အထိအတွေ့ ပီတိ၊ဇရုပ် တို့ကို ပျံ့နှံ့စေပြီး အလွန်အားကြီးစွာဖြစ်ပေါ်သော နှစ်သိမ့်အားရမှုဟာ "ဖရဏာပီတိ" ဖြစ်ပါတယ်။
အဲဒီပီတိ ဖြစ်နေခိုက်မှာ လေအပြည့်သွင်းထားတဲ ဘောလုံး လိုဘဲ ခန္ဓာကိုယ်ထဲ မှာ အတွေ့ကောင်းများ နဲ့  အပျံ့အနှံ့ပြည့် ကြပ်နေတယ် လို့ ထင်ရပါလိမ့်မယ်။ အဲဒီဖြစ်ပေါ်နေတဲ့အခိုက်မှာ တစ်စုံတစ်ခုသော ကိုယ်နုတ်အမူအရာ ဘာကိုမှ မပြုနိုင်ပဲ ငြိမ်သက်လျှက်သာ ရှိနေတတ်ပါတယ်။ မျက်တောင် မခတ်ချင်လောက်အောင်၊ မျက်စိမဖွင့်ချင်လောက်အောင် ငြိမ်သက်သိမ်မွေ့ပြီး အဲဒီပီတိအရသာကို ခံစားနေမိတတ်ပါတယ်။
ဒီပီတိ(၅)မျိုးကို အလွန် ထက်သန်အားကောင်းစွာ ဖြစ်သောသူမှာ လှစ်ခနဲတစ်ခဏမျှ မေ့သလို ဖြစ်ဖြစ်သွားတတ်ပါတယ်။
ဘုရားပွင့်တော်မူကြောင်းကို ကြားရသော သုမေဓာရှင်ရသေ့၊ အနာထပိဏ်သူဌေးကြီး၊ မဟာကပ္ပနမင်းကြီးတို့ရဲ့ ပီတိမျိုးပင်ဖြစ်သည်လို့ ယုံကြည်အပ်ပါတယ်။
အထက်ဖေါ်ပြခဲ့တဲ့အတိုင်းဖြစ်တတ်တဲ့အပြင် "ဘင်္ဂဉာဏ်"စတဲ့ အထက်ဉာဏ်တို့၏ အရာ၌လည်း မှတ်လို့ ကောင်းနေစဲမှာပင် လှစ်ကနဲ၊ မိုက်ကနဲ တစ်မှတ်နှစ်မှတ်စာမျှ ဖြစ်ဖြစ်သွားတတ်ပါတယ်။ အဲဒီနောက်ရှုမှတ်ရတာ အထူးကောင်းမွန် မြဲနေတတ်ပါတယ်။
ဒါကတော့ "ပီတိ"ရဲ့ အကြောင်းကို ပုံဖေါ်ပြောပြတာပါ။
( ၃ ) ဉာဏ=ဉာဏ်ထက်မြက်ခြင်း
သြဘာသေစေဝ ဥာဏေစ တစ်ခါတစ်လေကျတော့ဥာဏ်က သိပ်တက်လာပြီး၊ ဖြစ်ပျက်ကလေးတွေ စိပ်စိပ် - စိပ်စိပ်ပြီး လာတာကိုပင် လျှင် "ငါ့ ရဲ့ ဥာဏ်က သာမည အရင်ဥာဏ် မဟုတ်တော့ဘူး၊ ဒါ မဂ်ဥာဏ်၊ ဒီလောက်စူးစူးစိုက်စိုက်မြင်တာဘဲဆိုပြီး ဖြစ်ပျက်တွေ စိပ်စိပ်ကြီးမြင်လာလို့ရှိ ရင်လည်း ဒီဥာဏ်ဟာ "မဂ်ဥာဏ်"လို့ မမှတ်ယူလိုက်ပါနဲ့၊ ဒါဟာ "ဝိပဿနာမဂ်"ဘဲ ရှိပါသေးတယ် .။
လောကုတ္တရာမဂ် .. မဟုတ်သေးပါဘူး၊ ဒါပေမဲ့ အရင်ဥာဏ်နဲ့တော့ မတူပါဘူး.. တစ်ခါတည်းထိုးထွင်းပြီး သိလာတဲ့ဥာဏ်… ဖြစ်ပါတယ်။
အဲဒီဥာဏ်ကိုလည်း "အဓိဂမပဋိရူပက"ဆိုပါတယ်၊ "အဓိဂမပဋိရူပက"ဆိုတာက "မဂ်ရပြီ"လို့ထင်တတ်ပါတယ်၊
အဲဒါမျိုး ဖြစ်လာလို့ရှိရင် သြော်… ဒီဥာဏ်ဟာ ဝိပဿနာဥာဏ်ဘဲရှိသေးတယ်ဆိုပြီး သတိထားပြီးရှုမြဲ ဘဲ၊ ဆက်ရှုနေသင့်ပါတယ် … ။
သြဘာသေစေဝဥာဏေစ၊ ပီတိယာစ ဝိကမ္ပတိ တွေကြောင့်လည်း တုန်လှုပ်တတ်ပါ တယ်…။
တစ်ခါတစ်လေ ပဿဒ္ဓိ = တခါတည်း ရှုရင်းမတ္တ နဲ့ ဖြစ်ပျက်တွေမြင်ပြီး ကိုယ်ဟာကျောက်တိုင်ကြီးလိုဘဲ ဖြစ်နေတတ်ပါတယ်၊ ခန္ဓာကိုယ်ကြီးကလည်း ငြိမ်းသွားတယ်၊ စိတ်တွေလည်းငြိမ်းပြီးနေတယ်၊အဲဒါကတော့.. ဖြစ်ပျက်တွေမြင်လို့ ကိုယ်ငြိမ်း၊ စိတ်ငြိမ်း ဖြစ်တာနေတာပါ။
၎။ ပဿဒ္ဓိ=ကိုယ်စိတ်ငြိမ်းအေးနေခြင်း
ကိုယ်ငြိမ်း၊ စိတ်ငြိမ်းဖြစ်သွားပြန်တော့လည်း...
သြော် ဒါ "မဂ်အစစ်" မို့ ဒါလောက်တောင်ဘဲ ကိုယ်၏ ငြိမ်းခြင်း၊ စိတ်၏ ငြိမ်းခြင်းဖြစ်တာဘဲလို့ ဆိုပြီး၊ မိမိတို့ ရဲ့ အားထုတ်နေတဲ့ အလုပ်ရပ်ပစ်လိုက်တတ်ကြပါတယ်။ တကယ်တော့- ဥဒယဗ္ဗဥာဏ် ကြောင့်လာတဲ့ ပဿဒ္ဓိတွေပါဘဲ .. ။
အဲဒီချမ်းသာဟာ ကိုယ်ငြိမ်း၊ စိတ်ငြိမ်းတဲ့ တကယ်ငြိမ်းတာတွေလည်း ပဿဒ္ဓိ ပါဘဲ ၊ ဒီက သတိတွေ ကလည်း ဖြစ်ပျက်ပါဘဲ၊
ကိုယ့်ဖြစ်ပျက် မပျောက်ပါစေနဲ့၊ စိတ်ထဲမှာ ချမ်းသာလိုက်တာ ဘာချမ်းသာနဲ့မှ မတူ ဘူး ဆိုပေမယ့် ဖြစ်ပျက် ကို မြင်လို့ ချမ်းသာတာရှိသေးတယ်၊ ဒီ ချမ်းသာတဲ့ သုခကို ဖြစ်ပျက်ရှုပေးရမှာပါ။
အဲဒီလို ဥဒယဗ္ဗယနေရာမှာ တရားတု ဝင်နှိပ်စက်နေတတ်တယ် လို ဆိုပါတယ်။
၅။ သုခ=တစ်ကိုယ်လုံးချမ်းသာမှုစိမ့်နေခြင်း
ဒီ "ဥဒယဗ္ဗယ"ဆိုတဲ့ ဖြစ်ပျက် မြင်နေတုန်းမှာ ဥာဏ်ဓာတ်အကြည်က လေးလာပါတယ်…။ ဥာဏ်က မဂ်ဥာဏ်လည်းမဟုတ်သေးပါဘူး၊ ဝိပဿနာဥာဏ်ကနေ လုပ်တာပါ
တစ်ခါတလေများ ဒီ - သုခ ချမ်းသာနေလိုက်တာများ နတ်စည်းစိမ်နဲ့ မလဲနိုင်ဘူးဆိုတာတောင် လာပါတယ်…။
နတ်စည်းစိမ်ထက်တောင် ချမ်းသာသေးတယ်၊ ဒီအခုစိတ်ထဲ ချမ်းသာနေလိုက်တာ ဖြစ်ပျက်ကလေးတွေ ရှုပြီးချမ်းသာလုံးကလေးနဲ့ ကိုယ့်မှာ နေလိုက်ရတာတဲ့၊ သူ့မှာ ဖြစ်ပျက်ကတော့ မရှိတော့ဘူး၊ ချမ်းသာတဲ့ဘက် ကို ဉာဏ်က ရောက်သွားနေနှင့်တော့တယ်။
အဲဒီလို ချမ်းသာပြီးတော့ နှစ်သက်တတ်တဲ့ဘက် ရောက်သွားပြီဆိုတော့"မဂ်အစစ်" မဟုတ်တော့ဘူးဆိုတာ အသေချာပါဘဲ။
မမြင်ရသေးဘဲနဲ့ ယောဂီရဲ့ စိတ်ထဲမှာ တစ်ခါတည်း ငါတော့ဖြင့် သောတာပန်ဖြစ်ပြီဟေ့… ဆိုပြီး အဓိမာနနဲ့ ရပ်နေလိုက်မိကြပါတယ်။
၆။ အဓိမောက္ခ=လွန်ကဲသောယုံကြည်မှုသဒ္ဓါဖြစ်ခြင်း
အဓိမောက္ခောတိ သဒ္ဓါ၊ ဝိသုဒ္ဓိမဂ်၊…. အဓိမောက္ခဆိုတာလည်းလာတတ်ပါသေးတယ်တဲ့၊
မြတ်စွာဘုရားအပေါ် ယုံကြည်လိုက်တာ ကျုပ်ဖြင့် ဘယ်လိုကြည်ညိုနည်းနဲ့ ကြည်ညိုမှန်းကို မသိဘူး၊ သိပ်ယုံကြည်တာဘဲဆိုပြီး ဖြစ်ပျက်မြင်တုန်း ယုံကြည်တဲ့ သဒ္ဓါဆုံးဖြတ်ချက်ချတာ အကြီးအကျယ်လာတတ်လို့ အဲဒါကို ကျေနပ်မနေသင့်ပါဘူး။ သူလည်း သဒ္ဓမ္မပဋိရူပက ပါဘဲလို့ ဆိုပါတယ်။ မဂ်အတု ဖြစ်ပါတယ်။
ဘုရားကြည်ညိုရတာ အရင် ကြည်ညိုပုံနဲ့ မတူဘူးဆိုပြီး ဥဒယဗ္ဗယဥာဏ်ပေါ်လာတဲ့ အဲဒီအဓိမောက္ခကလေးဟာလည်း အဓိဂမပဋိရူပက ဆိုတာလည်းတဲ့ မဂ်တုကလေးအဖြစ်နဲ့ ဝင်လာတာဖြစ်လို့ ဒီဥစ္စာကို ငါမဂ်စစ်ရပြီလို ထင်နေတတ်ကြပါတယ်။
၇။ဥပဋ္ဌာန=စွဲမြဲသောသတိကောင်းနေခြင်း
ဥပဋ္ဌာနေစ ကမ္ပတိ သတိကလည်း ရှုတာ ကြာလာတော့ သတိက အရင်သတိမျိုး မဟုတ်တော့ဘူး၊ နည်းနည်းမှ မလွတ်တဲ့ သတိတွေ တစ်ခါတည်း လာလိုက်တဲ့အခါကျတော့...
ဒါဟာ မဂ်ဥာဏ်မို့ ဒီလောက်ထက်တာဘဲလို့လည်း ကိုယ့်စိတ်ထဲမှာ ထင်သွားတတ်တယ်။
မဂ်ဥာဏ်မို့ ဒါလောက်ထက်တာဘဲ .. လို့ ကိုယ်စိတ်ထဲမှာ ထင်သွားပြန်လို့ရှိရင်လည်း ခုနင်က အဓိဂမပဋိရူပက၊ အဓိဂမဆိုတာ မရဘဲနဲ့ရတယ်၊ ပဋိရူပက ဆိုတာကအလားတူ ၊ အလားတူကို အစစ်ထင်တတ်တယ်၊
သူ့တို့ ကို ဂရုမစိုက်နဲ့၊ ကိုယ့်ဖြစ်ပျက်နဲ့ကိုယ်နေလိုက်မယ်ဆိုရင် သူ့ဟာသူ ပျောက်သွားလိမ့်မယ်…။
၈။ပဂ္ဂဟ=လုံ့လဝီရိယဇွဲထက်သန်နေခြင်း
ယေဟိ စိတ္တံ ပဝေဓတိ၊ ပဂ္ဂဟောတိ ဝီရိယံ - ဆိုတာ...
ဝီရိယကလည်း …ဒီဖြစ်ပျက်မြင်တဲ့ ဥာဏ်နေရာမှာ အားထုတ်နေတဲ့ ဝီရိယကလည်း ရှေးက ဝီရိယမျိုး မဟုတ်တော့ဘဲ နဲ့ ရှုလိုက်တယ်ဆို ဥာဏ်နဲ့တွဲတွဲပြီးထွက်တဲ့ ဝီရိယဖြစ်ပြီးလာတော့..
သြော်…ဒီလို ဝီရိယမျိုး ငါ ပုထုဇဉ်တုန်းက ဘယ်တော့မှ မဖြစ်ဘူး - ဘူး၊ အခုအချိန် မှ တွေ့လာတဲ့ ဝီရိယ၊ ဘုရားရဟန္တာများဖြစ်တဲ့ ဝီရိယဘဲဆိုပြီး အဲဒီ ဝီရိယကလည်း အကြီးစား ဝီရိယဖြစ်နေလေတော့ ဒါဟာ သမ္မာဝါယမ မဂ္ဂင်အစစ်ဘဲ ထင်ချက်ထင်မြင်တတ်ပါတယ်။
စင်စစ်တော့ ဒါ ဖြစ်ပျက်မြင်လို့ပေါ်တာ ပါဘဲ။အဲဒီ ဝီရိယကိုလည်း ဖြစ်ပျက်ရှုရမှာဖြစ်ပါတယ်။
၉။ ဥပေက္ခာ=၀ိပဿနုပေက္ခာနှင့်အာဝဇ္ဇနုပေက္ခာတို့ဖြစ်ခြင်း
တတြမေဇ္ဈတ္တတာ.. ဆိုတဲ့ဥစ္စာ ပေါ်လာတော့ ဥပေက္ခာသဘော လာပေါ်လာပါတယ် ။
ဖြစ်ပျက်ကလေးတွေ ကိုယ့်စိတ်မှာတန်းတန်း၊တန်းတန်း၊ တန်းတန်းဖြစ်နေပြီးတော့ အဲဒါကိုလည်းမသာယာဘူး၊ ပြစ်မှားတဲ့ ဒေါသလည်း မလာဘူးဘဲ၊ အဲဒီ ဖြစ်ပျက်ကလေးတွေကို သာယာပြစ်မှားမှုကင်းပြီး မြင်နေတဲ့ အခါရှိပါတယ်။အဲဒီတော့ "တသြမေဇ္ဈတ္တတာ" ဆိုတဲ့ စေတသိက်ကဝင်ပြီး သူကမဂ်ဝင်လုပ်နေပါတော့တယ်…သဘောကတော့ လျစ်လျူရှုတဲ့သဘောပါဘဲ…။
အဲဒီတော့ ဒါမဂ်မဟုတ်သေးဘူးဆိုတဲ့ အမြင်ကတော့ဖြင့် သိပ်ရှင်းပါတယ်။သာယာမှု၊ ပြစ်မှားမှု ကင်းနေတာကို မဂ်အစစ် လို့ ထင်ပြီး ဖယ်တဲ့နည်းသာ သတိမပေးလို့ရှိရင် မဂ်ဘဲလို့ဆိုပြီ ရပ်ပစ်လိုက်တတ်ကြပါတယ်..
၁၀။နိကန္တိ=ရှေ့ပိုင်းကိုးမျိုးကိုနှစ်သက်တွယ်တာခြင်း
နိကန္တိဆိုတာ လာတတ်ပါသေးတယ်၊ နိကန္တိဆိုတာ တဏှာပါဘဲ။ ။
တဏှာက ဘယ်လိုဖြစ်လာသလဲ ဆိုတော့..
အို…ဒါ ငါ့အရောင်ဘဲ၊ နှစ်သက်ပစ်လိုက်တယ်၊ ခန္ဓာ ကိုယ်က အရောင်ထွက်လာရင်လေဟာ… ဒါ ငါ့မဂ်ဘဲ၊ အထက်က ရေးပြထားတဲ့ အရာ ဟာတွေကိုပေါ့။ ဒါငါ့ မဂ်တွေဆိုတဲ့နိကန္တိနှစ်သက်မှု၊ ခုနရေးပြထားတဲ့ ကိုးခုတွေကို နှစ်သက်လိုက်မိပါတယ်။
အဲဒီ နောက်ဆုံးပိတ် နှစ်သက်တဲ့တစ်လုံးဟာ အဆိုးဆုံးပါဘဲ… ။
အဓိဂမဆိုတာ မဂ်ဖိုလ် ကိုပြောတာဖြစ်ပြီး ပဋိရူပက ဆိုတာ အတုအယောင်ကိုပြောတာ ..ဖြစ်ပါတယ် ၊ အလားတူဖြစ်နေတဲ့ဥစ္စာ မဂ်နဲ့ အလားတူဖြစ်နေတာကို မရဘဲနဲ့ ရတယ်ထင်တတ်ကြပါတယ်။
မရပဲနဲ့ ရတယ်ထင်တတ်တယ်။
မရဘဲနဲ့ ရတယ်ထင်တာကို အဓိဂမ ပဋိရူပကလို့ ခေါ်ပါတယ်…။ မြန်မာလိုပြန်လိုက်တော့ မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ထင်တာ..ဖြစ်ပါတယ်။
သေတာပန် ဖြစ်မဲ့ ပုဂ္ဂိုလ်ဟာ ဒီဆယ်ခုထဲက တစ်ခုခုလာရမှာဖြစ်ပါတယ်။
မလာသေးဘူးဆိုရင် မမှန် သေးပါဘူးတဲ့…။လာပြန်လည်း တစ်ခုခု လာရမယ်။ လာရင်လည်း ဖယ်ရှားတတ်ရမယ်။ ဒါမှ အထက်မဂ်ရမှာဖြစ်ပါတယ်။
အဲဒီတော့ ဒီဆယ်ခုလာတိုင်း လာတိုင်း ဂရုမစိုက်ဘဲနဲ့ ကိုယ့်ဖြစ်ပျက်မပျောက်အောင် သတိထား ရှုမှတ်နေရမှာဘဲ ဖြစ်ပါကြောင်း တင်ပြရင်း ဓမ္မမိတ်ဆွေများ စစ်မှန်တဲ့မဂ်အစစ်နဲ့ မတွေ့ ခင် ကြုံတွေ့ ရမဲ့ မဂ်အတု ရှောင်ရှားနိုင်ပါစေလို့ ဆန္ဒပြုရင်း ဓမ္မကုသိုလ်ပြုပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ (ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား - ( မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော" ဖြစ်ပျက်မြင်တုန်းနိဗ္ဗာန်အတုဝင်တတ်တယ်" တရားတော် ) နှင့် ( တော်ကူးဆရာတော်ဥူးနာဝိက (Buddhavasa Tiloka))