Wednesday, November 30, 2011

မကြားချင်ဆုံးသော စကားတစ်ခွန်း....

ကျွန်မဘဝမှာ မကြားချင်ဆုံး စကားတစ်ခွန်းကို ပြောပါဆိုလျင် မဆိုင်မတွ ပြန်ပြောမိမှာက

“နင့်ကို မခေါ်ချင်ဘူး”

လို့  ဆိုတဲ့ စကားတစ်ခွန်းပါပဲ......။ ဒီစကား တစ်ခွန်းဟာ ကျွန်မရဲ့  ရင်ကို နာကျင်စေတာ ခုချိန်မှာမှ မဟုတ်ပါဘူး...။ လူရယ်လို့  သိတတ်ခါစ အချိန်ကတည်းကပါပဲ...။ ကိုယ့် အစ်မတွေက သူတို့ နဲ့  ပုံစံချင်းမတူတဲ့ ကျွန်မကို သူတို့  သွားလေရာမှာ ခေါ်ချင်စိတ် မရှိပဲ မခေါ်ချင်ဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့  ချန်လှပ်ထားလေ့ ရှိပါတယ်..။ မိန်းကလေးတန်မဲ့ ၅ပေ၆ လက္မအမြင့်ရှိတဲ့ အရပ်နဲ့ ဖြူဝင်းနေတဲ့ အသားရေတွေကို ပိုင်ဆိုင် မျက်နှာပေါက်လဲ ချောလှကြတဲ့ အစ်မတွေက အသားမညိုဘူးဆိုပေမဲ့ သူတို့ ထက်စာရင် အများကြီး ညိုနေတဲ့ သူတို့ လိုလဲ ရုပ်မလှတဲ့ ကျွန်မကို အပြင်ခေါ်ထွက်ရမှာ မခေါ်ချင်ပါဘူးဆိုပြီး အမြဲ ချန်လှပ်ထားခဲ့ကြတယ်...။ ကျွန်မရဲ့ ရင်မှာ အဲ့ဒီ ကလေးအရွယ်ကတည်းကနေ သိမ်ငယ်စိတ်တွေ ခိုအောင်းလာခဲ့ပါတယ်..။

ကျောင်းနေအရွယ်ရောက်တော့လဲ ရွယ်တူတွေနဲ့  တန်းတူ မကစားနိုင်......။ ကျွန်မက ဝင်ကစားရင် သူတို့  အမြဲရှုံးတယ် ၊ အသုံးမကျဘူးဆိုပြီး ကစားတဲ့ အခါတွေမှာ ကျွန်မကို ဘယ်သူမှ မခေါ်ချင်ကြဘူးလေ..။ ဒီလိုနဲ့ ပဲ ကိုယ်ဟာ သူများကစားတာကို ငေးမောရင်း ဘေးအပြင်ဘက်ကို ရောက်မှန်းမသိ ရောက်ရောက်လာပြီး အထီးကျန်ခြင်းဆိုတာကို စပြီးခံစားရလာပါတယ်..။ သူများကစားတာကို ဘေးက ငေးကြည့်ရင်း တစ်ယောက်ထဲ နေတတ်လာခဲ့ပါတယ်..။ ကိုယ့်ရဲ့  အားလပ်ချိန်အများစုမှာ ကိုယ့်ကို အဖော်ပြုသူကတော့ ကိုယ်ဖတ်နေတဲ့ စာအုပ်တွေပေါ့...။မခေါ်ချင်ဘူးလို့  အပြောခံရမှာကို ကြောက်လို့  ဘယ်သူကိုမှ မခေါ်ဖြစ်အောင် ကြိုးစားနေခဲ့ပါတယ်...။ ဒီထဲမှာမှ ကိုယ့်ကို ခင်တွယ်လာသူရှိရင်တော့ ထိုသူကို ဘာပဲ လုပ်ပေးရ လုပ်ပေးရ အနစ်ခံပြီး မက်မက်မောမော တွယ်တာပါလေရော.....။

လက်ချိုးရေတွက်လို့  ရတဲ့ အပေါင်းအသင်းတွေကို သံယောဇဉ် တွယ်တာရင်း အပေါင်းအသင်းတွေနဲ့  ဝေးနေချိန်မှာ ကိုယ့်ရဲ့  ခံစားချက်တွေကို ဒိုင်ယာရီထဲ ရေးချရင်း အချိန်တွေကို ကျော်ဖြတ်လာခဲ့ပါတယ်..။ အလုပ်ထဲကို ရောက်တော့လဲအလုပ်တွေကိုသာ ခေါင်းထဲထည့်..အလုပ်ပြီးလျင်တော့ ကိုယ့်ရဲ့  ကွန်ပြူတာလေးက တစ်ဦးတည်းသော ကိုယ့်ရဲ့ အဖော်ပေါ့...။ ကိုယ်ကိုင်ဆောင်နေတဲ့ ဖုန်း ဆိုတာတောင်မှ တစ်နေ့ လုံးနေ လို့ မှ ခေါ်ဆိုသူ မရှိပဲ ကိုယ်ကလဲ ခေါ်ရမဲ့သူမရှိပဲ အထီးကျန်စွာ နေဖြစ်ခဲ့ပါတယ်..။ ဖုန်းဆိုတာကလဲ အရေးပေါ်သုံးဖို့ ကလွဲရင် တခြား အ လပတ် သတ်လပတ် ပြောစရာလူကို မရှိတာလေ..။

အဲ့ဒီလို မခေါ်ချင်ဘူးလို့  အပြောခံရမှာကို ကြောက်တဲ့ ကျွန်မ တစ်ခုသော ညနေမှာတော့ အကြောက်ဆုံးစကားတစ်ခွန်းကို မထင်မှတ်သူထံမှ ကြားလိုက်ရတော့ လူက ရုတ်တရက် ဘာမှ မလုပ်နိုင်အောင် ငြိမ်သက်သွားပါတော့သည်...။ ပြောတဲ့ သူက ဘာမှ မဟုတ် ပြောလိုက်တယ်ဆိုပေမဲ့ ဒီစကားတစ်ခွန်းကို စိတ္တဇ ဝေဒနာသည် တစ်ယောက်လို ကြောက်လှန့် ခဲ့တဲ့ ကျွန်မအတွက်တော့ အတွင်းမှာ လှိုက်စားနေတဲ့ ဒဏ်ရာကို ချွန်မြနေတဲ့ ဆူးတစ်ချောင်းနဲ့  အထိုးခံလိုက်ရသလိုပါပဲ..။

ကိုယ့်ထက်လဲ ငယ်သူမို့  မသိနားမလည်ပဲ ပြောတာပါလေလို့  တွေးပြီး သူ့ ကို ခွင့်လွတ်နိုင်ပေမဲ့ ဒဏ်ရာတွေနဲ့ ကျွန်မ မထူနိုင်အောင် လဲကျနေခဲ့ပါတယ်..။ မည်သူ.ဆီကမဆို နင့်ကို မခေါ်ချင်ဘူးဆိုတဲ့ စကားလုံးက ကျွန်မအတွက်တော့ သေမိန့် ချတဲ့ စကားလုံးထက်ကို ထက်တဲ့ ဓားသွားတစ်ချောင်းပါ...။ ခု ဒီဓားသွားထက်ထက်နဲ့  နှလုံးသားကို ခပ်နက်နက် အမွှန်းခံလိုက်ရတာပါ...။

သချာတာကတော့ ကျွန်မဟာ ဒီစကားမျိုး နောက်ထပ်တစ်ကြိမ် ထပ်မကြားမိစေဖို့  ကာကွယ်ရင်း ကျွန်မရဲ့  နေ့ တွေဟာ အထီးကျန်မှုတွေ ပိုပြီး တိုးပွား ဆိုးရွားလာတော့မယ် ထင်ပါရဲ့ ..........။

မေသဇင်

စိတ်ဆင်းရဲစေတဲ့ တွေးနည်းတွေ

စိတ်ကို ဆင်းရဲစေတဲ့ သဘာဝမကျတဲ့တွေးနည်းတွေရှိတယ် ။ ပထမ တခုက


All - or - Nothing Thinking လို့ခေါ်တယ်။ အဲ့ဒါက ကိုယ့်ကိုယ်ကို ဖြစ်စေ သူများကိုဖြစ်စေ အကောင်းချည်းသက်သက် (သို့) အဆိုးချည်းသက်သက် အမြင်မျိုး အတွေးမျိုးဖြစ်တယ် ။



ရာခိုင်နှုန်းပြည့်ကောင်းမှ အကောင်းလို့ လက်ခံတယ် ။ နဲနဲလေး ချို့ယွင်းချက် ရှိနေရင် လုံးလုံးမကောင်းဘူး ၊ လက်မခံဘူးဆိုတဲ့ သဘောထားမျိုး ဖြစ်တယ် ၊ အဖြူသက်သက်ဖြစ်ရမယ် ၊ နဲနဲလေး မီးခိုးရောင် သန်းရင် အမဲလို့ ယူဆလိုက်တယ် ။ Black or White သဘောထားဖြစ်တယ် ။



လူတွေဟာ ရာခိုင်နှုန်းပြည့် နေ၇ာတိုင်းမှာ တော်တဲ့သူ မရှိဘူး ။ တစ်နေရာမှာတော်မယ် ၊ နောက်တစ်နေရာမှာ သင့်ရုံပဲ ။ကိုယ်အားသန်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ဘ၀ကိုကိုယ် အဆင်ပြေအောင် စိတ်ချမ်းသာအောင် နေသွားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ကျောင်းစာမှာ သင့်ရုံလောက်နဲ့ အောင်ပြီးတော့ ခရမ်းချဉ်သီး စိုက်ပျိုးရေးနဲ့ စီးပွားဖြစ်နေတဲ့လူရှိတယ် ။ ကျောင်းစားမှာ ဂုဏ်ထူးတွေမရပေမယ့် လူမှုဆက်ဆံရေးမှာ သဘောထားမှန်ပြီး ကျွမ်းကျင်တဲ့လူ တချို့ တော်တော်အဆင်ပြေနေတာလည်းတွေ့ရတယ်။



တစ်ခါအောင်မြင်ရုံနဲ့ ၊ တစ်နေရာမှာ မထူးချွန်ရုံနဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ အဆင်မပြေနိုင်တော့ဘူး ။ ဘယ်တော့မှ လူရာမ၀င်တော့ဘူးလို့ မတွေးသင့်ဘူး ။


This way of evaluating things is unrealistic because life is rarely completely either one way or the other.


ဒီလိုကိစ္စတခုထဲကို ကြည့်ပြီး တန်ဖိုးဖြတ်တာ ၊ တိုင်းတာတာဟာ သဘာဝမကျပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဘ၀ဆိုတာ ဒီလို သက်သက် (သို့) ဟိုလိုသက်သက်ဆိုတာ ဖြစ်ခဲပါတယ် ။


နေရာတိုင်းမှာ တော်တဲ့သူမရှိဘူး ။ နေ၇ာတိုင်းမှာ ညံ့တဲ့သူလည်းမရှိဘူး ။ တစ်နေ၇ာမှာ ညံ့ရင် တစ်နေရာမှာတော်ပါတယ်။ဥပမာပေးရရင်.. ကျောင်းမှာ ခြောက်တန်းလောက်ပဲနေရတဲ့ Thomas Edison ဆိုတဲ့လူဟာ ကမ္ဘာကျော် တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ် ။ လျှပ်စစ်မီးဟာ သူစတင်တီထွင်ခဲ့တာပဲ။


အခုနက ပြောခဲ့တဲ့ All - or - Nothing Thinking ဆိုတာ ဘာကိုပြောချင်တာလဲဆိုတော့

This refers to your tendency to evaluate your personal qualities in extreme, black-or-white categories.

ကိုယ့်ကိုယ်နဲ့ ပတ်သက်တဲ့အရည်အချင်းတွေကို ဖြူရင် ဖြူ ၊ မဖြူရင်အမဲပဲလို့ အတန်းအစားခွဲတတ်တဲ့ တန်ဘိုးဖြတ်တတ်တဲ့ အကျင့်ကိုဆိုလိုတာ ။ ကိုယ့်ကိုယ်ကို အကျဉ်းအကျပ်ထဲေ၇ာက်အောင် မလုပ်သင့်ဘူး ။ ကိုယ်မှန်းသလောက် ရာခိုင်နှုန်းပြည့်ဖြစ်မှ ကိုယ်စိတ်ကူးယဉ်ထားသလိုဖြစ်မှ လို့ တွေးထားရင် ကိုယ်တကယ် ကြုံတွေ့ရတာတွေ ၊ အခြေနေတွေ {ဒီထဲမှာ ကိုယ်လည်းပါတယ်နော်}


ဟာ ကိုယ်မှန်းထားတာနဲ့ အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ် ၊ စိတ်ဓါတ်ကျမယ် ။ ကိုယ့်ကိုယ်ကို အထင်သေးမယ်။


စိတ်ကို ဆင်းရဲစေတဲ့ ဒုတိယ တွေးနည်းတစ်ခုက over generalization လို့ခေါ်တယ်


One thing that happened to you once will occur over and over again.

ကိုယ့်မှာတစ်ခါကြုံခဲ့ရတဲ့ အဆိုးဟာ ထပ်ခါထပ်ခါဖြစ်လာအုံးမှာပဲလို့ တွေးတာမျိုးကို over generalization လို့ခေါ်တယ် ။ တခုခုလုပ်တာ တခါမအောင်မြင်တာနဲ့ ငါတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တော့ဘူးလို့ တွေးတာမျိုးကို ဆိုလိုတယ်။


အဆင်မပြေတာတခုခု ကြုံတိုင်း ငါကံဆိုးတယ် လို့ပြောတာဟာ ငါအမြဲတမ်း ကံဆိုးတယ်ဆိုတဲ့ အဓိပါယ်မျိုး ဖြစ်သွားရင် ကိုယ့်ကိုယ်ကို ၀ါးလုံးရှည်ရှည်နဲ့ သိမ်းပြီး ရမ်းတာနဲ့တူတယ် ။ ဒီလို သိမ်းကြုံးပြီး ကောက်ချက်ချတတ်တဲ့သူဟာ စိတ်ဓါတ်ကျမယ်။တစ်ခါအဆင်မပြေတာ ကြုံရင် ဒီအတွေ့ကြုံထဲက ပညာ ယူပြီးတော့ နောက်တစ်ခါ အဆင်မပြေမဖြစ်ရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးမွေးရမယ်။



ငါကံဆိုးတယ် ။ ငါဘယ်တော့မှ အဆင်မပြေဘူး ဘယ်သူမှငါ့အပေါ် မကောင်းဘူး လူတွေက စိတ်ကောင်းမရှိကြဘူး ။ လူတွေကြောင့်အမြဲတမ်း စိတ်ဆင်းရဲရတယ် ။ ဘယ်သူမှ ငါ့ကို မချစ်ဘူး ၊ ငါအမြဲတမ်း အနစ်နာခံရတယ် ။ ၀ဋ်ကြွေးတွေပါ ။လူတိုင်းပဲ ငါ့ကို အခွင့်ကောင်းယူတယ် ။ သိမ်းကျုံးပြီး ကောက်ချက်ချတဲ့စကားတွေဖြစ်တယ်။ always , never ,every ,all ဆိုတဲ့ သိမ်းကျုံးတဲ့စကားတွေဟာ အလွန်အကျွံတွေ ဖြစ်နေဖို့ များပါတယ် ။ ဒီလိုတွေးတဲ့သူဟာ စိတ်ဓါတ်ကျမှာပေါ့။


တတိယ တစ်ချက်က MENTAL FILTER လို့ခေါ်တယ် ။


ကိစ္စတစ်ခုကို အခြေအနေထဲက အဆိုးတွေကိုချည်း ရွေးပြီးတော့ ကြည့်တတ်တဲ့အကျင့်ကိုဆိုလိုတယ်။ စစ်ပြီးတော့ ကောင်းတာတွေကို ဖယ်ပြီး မကောင်းတာတွေကိုပဲ တွေးတတ်တဲ့ အကျင့်ဖြစ်တယ် ။

When you are depressed you wear a pair of eye-glasses with special lenes that filter our anything positive.

စိတ်ဓါတ်ကျနေတဲ့အခါမှာ ကောင်းတာတွေကို စစ်ထုတ်လိုက်ပြီးတော့ မကောင်းတာတွေကိုပဲ မြင်စေနိုင်တဲ့ အထူး မျက်မှန်တစ်မျိုးကို တပ်ထားတယ် ။ အဲ့ဒီတော့ ကောင်းတာတွေ မမြင်၇တော့ဘူး ။ မကောင်းတာတွေချည်းပဲ မြင်ရတယ်။ကိုယ့်သိစိတ်ထဲကို ၀င်လာခွင့်ပြုတာတွေဟာ အဆိုးတွေချည်း ဖြစ်နေတယ် ။ ကိုယ့်စိတ်က မကောင်းတာတွေကို စစ်ယူပြီး ။ ကောင်းတာတွေကို စစ်ထုတ်ပစ်နေတာကို မသိတော့ အရာရာတိုင်းဟာ မကောင်းဘူးလို့ ကောက်ချက်ချတယ်။


ဒီလိုတွေးတာဟာ မကောင်းတဲ့အကျင့်ဖြစ်တယ် ။ ဒီမကောင်းတဲ့ အကျင့်ကြောင့် မလိုအပ်ပဲနဲ့ စိတ်ဆင်းရဲမှုတွေ အများကြီးခံရမယ် ။


လူတိုင်းမှာ အကောင်းလည်းရှိတယ် အဆိုးလည်းရှိတယ် ။အခြေအနေတိုင်းမှာ အကောင်းအဆိုးဆိုတာ ရှိတာမို့ ငါအခုဘာတွေးနေလဲ ၊ ငါ့တွေးပုံတွေးနည်းက ဘယ်လိုတွေးပုံတွေးနည်းလဲဆိုတာကို သတိထားပြီး ကြည့်တဲ့အကျင့်ကို လုပ်ပါလို့ ....... ။မလိုအပ်ပဲ ကိုယ့်ရဲ့ စိတ်နှလုံးကို ပူလောင်စေ ညစ်နွမ်းစေတာမျိုးတွေ မလုပ်မိကြပါစေနဲ့ ။


ကိုယ့်ကို တကယ် နှိပ်စက်နိုင်တာကိုယ့်အတွေးတွေပဲ ။ တစ်ခြားလူတွေက ကိုယ့်စိတ်ထဲကို ၀င်လာပြီး နှိပ်စက်လို့မရဘူး


စာစုလေးအားဖတ်ပြီး သူငယ်ချင်းတို့စိတ်နှလုံးတွေ အနည်းငယ်ဖြစ်ဖြစ်အေးချမ်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်

MALAY !!!!!!

ဆရာဦးဇောတိကစာအုပ်မှ ကောက်နုတ်ပါသည်။

(copied)

Tuesday, November 29, 2011

Good or Bad ?


A bad person

A bad person talks about others’ bad things even without being asked.

A bad person talks about others’ bad things in exaggeration when being asked.

A bad person never talks about others’ good things at all when not being asked.

A bad person talks about others’ good things just a little bit when being asked.


A good person

A good person talks about others’ good things even without being asked.

A good person talks about others’ good things in more details when being asked.

A good person talks about others’ bad dangerous things in hints when being asked.

A good person doesn’t talk about others’ bad things at all if not being asked. 

[From one of the Shin Zawana's dhamma talks]

မပြတ်ပွားများ သရဏဂုံတရား

သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။

သရဏ

ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။

အဘယ်ကြောင့်ဆိုသော်---

၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။

၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။

၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။

ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။

သရဏဂုံ(၂)မျိုး

လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။

ထိုတွင်...

(၁) လောကီသရဏဂုံသည်...

ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။

ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

(၂) လောကုတ္တရာသရဏဂုံသည်…

သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။

သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။

သရဏဂုံညစ်နွမ်းခြင်း အကြောင်းသုံးပါး

၁. အဉာဏ-သရဏဂုံသုံးပါးအပေါ်၌သေချာကျနစွာ မသိခြင်း၊

၂. သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊

၃. မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊

အယူအဆ ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)

ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအ ကြောင်းကို သိအောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်း မှုကို ပယ်ဖျောက်နိုင်သည်။ နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။

သရဏဂုံတည်ခြင်း

ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထားလဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထား လျှင် ထိုရတနာ မြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ် သည့်စိတ်မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။

သရဏဂုံပျက်ခြင်း နှစ်မျိုး

သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် မပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။

(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။

(၂) သေဆုံးသွားခြင်း။

ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။

သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။

ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံ တည်၍ ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည်အကျိုးများလှသည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။

သရဏဂုံဖြစ် မဖြစ်

၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။

၂) ကြောက်၍ ရှိခိုးခြင်း။

၃) ဆရာဖြစ်၍ ရှိခိုးခြင်း။

ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။

သရဏဂုံပျက် မပျက်

သရဏဂုံဆောက်တည်ပြီးသောသူသည် ...

(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။

(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။

(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။

သရဏဂုံဆောက်တည်ခြင်း

သရဏဂုံဆောက်တည်ချင်သောသူသည်….

အောက်ပါအတိုင်းဆောက်တည်ရမည်။

အဇ္ဇတဂ္ဂေ ပါဏုပေတံ...

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ...,

တတိယမ္ပိ ဗုဒ္ဓံ...

စသည်ဖြင့် ဆက်ဆိုပါ။

အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။

ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။

သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။

သရဏဂုံတည်ခြင်း၏အကျိုး

သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသဖြင့် ကောင်းကျိုး များ အဆင့်ဆင့် ရရှိသွားသော တိသရဏဂမနိယမထေရ် အ- ကြောင်းကို သာဓကအဖြစ် ထုတ်ပြပါမည်။

တိသရဏဂမနိယမထေရ် လောင်းလျာအမျိုးကောင်းသား တစ် ယောက်သည် ရှေးရှေးဘုရားရှင်တို့ ထံတော်၌ (ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု) မဂ်ဖိုလ်နိဗ္ဗာန် ရလိုပါကြောင်း ဆု တောင်းခဲ့သည်။ ထိုထိုဘဝ၌ ဝဋ်ကင်းရာ နိဗ္ဗာန်ကို ရခြင်းရောက် ခြင်း၏ အထောက်အပံ့ ဖြစ်ကုန်သော ဒါနကောင်းမှု သီလကောင်း မှု ဘာဝနာကောင်းမှုတို့ကို ဆည်းပူးပြုလုပ်ကာ အားထုတ်ခဲ့သည်။

ထိုသို့အားထုတ်ခဲ့သောကြောင့် ဝိပဿီမြတ်စွာဘုရားရှင် လက် ထက်တော်အခါ၌ ဗန္ဓုမတီမြို့တော်ရှိ အမျိုးကောင်းသား အိမ်၌ ကံ အားလျော်စွာ မွေးဖွားခဲ့သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံးသည် မျက်စိနှစ်ကွင်း အလင်း မရရှိကြပါ။ တစ်နေ့တွင် ဝိပဿီမြတ်စွာ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသည့်အခါ ရ ဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သိုသော် မိဘနှစ်ပါးစလုံး သည် မျက်မမြင်များ ဖြစ်သောကြောင့် ရဟန်းပြုခွင့် မရရှိခဲ့ပါ။ မျက် မမြင် မိဘနှစ်ပါးကို ထားခဲ့၍ ရဟန်းပြုခဲ့ပါက သင့်တော်မည် မ ဟုတ်ပေ။

ထို့ကြောင့် မိဘများကို လုပ်ကျွေးရင်း မည်ကဲ့သို့သော တရားကို ကျင့်ကြံရရင်လျှင် ကောင်းမည်နည်းဟု ရှာဖွေကြည့်သောအခါ သ-ရဏဂုံသုံးပါးကို အမြဲမပြတ် ရွက်ဆိုနေပါက အကျိုးတရား အား- ကြီးကြောင်း သိရှိခဲ့၏။ ထိုအခါ ရဟန်းတော် တစ်ပါးထံ၌ သရဏဂုံ သုံးပါးကို ခံယူဆောက်တည်ကာ သတိရသည့်အခါတိုင်း ရွတ်ဆို ပွားများနေခဲ့သည်။အလုပ်လုပ်ရင်လည်းရွတ်ဆိုပွားများနေခဲ့သည်။ အိပ်ပျော်သွားသည်အထိ ရွတ်ဆိုပွားများနေခဲ့သည်။ မိဘနှစ်ပါးကို လည်း အသက်ထက်ဆုံး ပြုစုလုပ်ကျွေးခဲ့သည်။

မိဘနှစ်ပါး ကွယ်လွန်ပြီးသည့်နောက် သူလည်း ထိုဘဝမှ ကွယ် လွန် အနိစ္စ ရောက်ခဲ့သည်။ သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့သည့် အစွမ်းသတ္တိ နှင့် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့သည့် အစွမ်းသတ္တိ တို့ကြောင့် ဘဝသံသရာ ကျင်လည်စဉ် သိကြားမင်းအဖြစ်က ကြိမ် (၈ဝ)၊ စကြာဝတေးမင်းအဖြစ်က (၅၇)ကြိမ် ဖြစ်ခဲ့ပါသည်။ သရဏ ဂုံ၏အကျိုးသည် ဤမျှလောက် ကြီးမားပါပေသည်။

နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးတစ်ဦး၏သားအဖြစ် ပဋိသန္ဓေနေ၍ မွေးဖွားခဲ့ပါသည်။ ခုနှစ် နှစ်သား အရွယ်တွင် ကလေးတို့သဘာဝအတိုင်း သူငယ်ချင်းများ နှင့် ဆော့ကစာရင်း ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းသို့ ရောက်သွားခဲ့ကြသည်။ ထိုကျောင်း၌ သီတင်းသုံးနေထိုင်သော ရ-ဟန်းတော်မှာ ရဟန္တာဖြစ်ပါသည်။ ရဟန်းတော်မှ ကလေးများအား ခေါ်ပြီး သရဏဂုံကို သင်ပေးသည့်အခါ တိသရဏဂမနိယမထေရ် လောင်းလျာ အမျိုးကောင်းသားလေးမှာ တစ်ကြိမ်တည်းနှင့် အားလုံးကို အလွတ်ရခဲ့သည်။

ထို့နောက် သူ၏စိတ်ထဲတွင် ဤသရဏဂုံတရားကို သူပွားများခဲ့ ဘူးသည်ဟု အတိတ်ကို သိသောဉာဏ် (ဇာတိဿရဉာဏ်) ပေါ် လာခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း ဝမ်းသာမှု ပီတိသောမနဿ များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပီတိသောမနဿတို့ကို ဉာဏ်နှင့် ဆင် ခြင်၍ ရှုကြည့်သည့်အခါ ဖြစ်ပြီးလျှင် ပျက်ပျက်သွားသော အနိစ္စ သဘောတရားများဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော အမြဲမပြတ် နှိပ်စက်သောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘော တရား များလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုသဘောတရားများကို အဖန်ဖန် ဆန်းစစ်ကြည့်သောအခါ အနှစ်သာရဟူ၍ ဘာမျှတစ်ခုမျှ ရှာဖွေ၍ မရသော အနတ္တသဘောများလည်း ပေါ်လာခဲ့သည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်များ တဆင့်ထက်တဆင့် မြင့်တက်လာကာ ထိုဝိပဿနာဉာဏ်၏ အဆုံးတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက် ရှိခဲ့သည်။ အရဟတ္တမဂ်ဉာဏ်နှင့်အတူ မည်သည့်အခါမျှ ပျက်စီးခြင်း မရှိနိုင်သည့် လောကုတ္တရာ သရဏဂုံကို ခိုင်မြဲစွာ ရရှိ သွားခဲ့သည်။

တိသရဏဂမနိယမထေရ်မြတ်က ဝမ်းသာလွန်း၍ သူ၏အကြောင်း ကို ပြောပြချင်သောကြောင့် ရဟန်းတော်များကို စုဝေးဖိတ်ကြား ကာ သူ၏ ဘဝဖြစ်စဉ်ကို ဤသို့ လျှောက်ထားခဲ့သည်။"စည်းလုံးညီညာ ရောက်လာကြကုန်သော သံဃာတော် အရှင်သူ မြတ်တို့ဘုရား။ အရှင်မြတ်တို့၌ ကြားနိုင်သော သောတဝိညာဏ်ဟု ခေါ်ဆိုအပ်သည့် နာမ်တရားသည် ရှိပါပေ၏။ယခုလျှောက်ထားမည့် ဘုရားတပည့်တော်၏ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အကြောင်း အရာကို အာရုံစိုက်၍ နာယူတော်မူကြပါဘု ရား။”ဟုဆိုကာ သူ၏ ဘဝဖြစ်စဉ်ကို ဟောကြားခဲ့သည်။

ထိုနောက် ဆက်လက်၍ ”စည်းလုံးညီညာ ရောက်လာကြကုန် သော သံဃာတော် အရှင်မြတ်တို့ ဘုရား လောကတစ်ခွင်၌ မြတ် စွာဘုရားသည် ဥဒေတောက်ကျွန်း နေစက်ဝန်းကဲ့သို့ ပေါ်ပေါက်၍ နေပါ၏။ မြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်တို့သည် လည်း လောက၌ အထင်အရှား ဖြစ် ပေါ်၍ နေပါပေ၏။စိုးရိမ်သောက ဘေးဒုက္ခတည်းဟူသော ညှောင့်တံသင်းတို့ကို ပယ်ပျောက်ဖျက်ဆီးတတ်သော၊ သေခြင်းကင်းရာဖြစ်သော တရား ဓမ္မတည်းဟူသော စည်တော် ကြီးကိုလည်း တီးခတ်၍ နေကြပါပေ ကုန်၏။

ကုသိုလ်ကောင်းမူပြုရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါပေ ထသော အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသော သာသ နာတော်မြတ်ကြီး၌ စွမ်းနိုင်ကြသည့်အားလျော်စွာကောင်းစွာပြုအပ် သော ကောင်းမှုကုသိုလ်များကို ပြုကြကုန်လော၊့ ပါရမီ ပြည့်စုံလုံ လောက်သည့်အခါ နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစားကြရပေလိမ့်မည်”ဟု လျှောက်ထားခဲ့သည်။

ထို့နောက် သရဏဂုံ၏အကျိုးတရားများကို ဆက်လက်၍ ဟော ကြားခဲ့သည်။

သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။

၁. ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။

၂. တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။

၃. သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။

၎. အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။

၅. သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။

၆. ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

၇. မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။

၈. ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့ပါသည်။

ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ၏ အကျိုးတရားများမှာ-

၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန် အန္တရယ်များရှိခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။

၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်း ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ် တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည် သူကမျှပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။

ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တနေ့နေ့ တချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းရင်း လင်္ကာ ဆောင်ပုဒ်လေးဖြင့် နိဂုံးချုပ်အပ်ပါ သည်။

ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။

ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။

လေးစားခံရ၊ သွားတိုင်းဆင်ပြေ။

ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။

သရဏဂုံတရား၊ ပွားများနိုင်ကြစေ။




အရှင်ဥက္ကံသ(ဖားအောက်တောရ)

Sunday, November 27, 2011

ကိုယ်ပိုင်အတွေးလေးများ ၁၈ (သတိတရား လက်ကိုင်ထား ၊ မမှားစေနဲ့ လူငယ်များ )

အသက် ၂၁ နှစ် ၊ ကျွှန်တော် လူငယ်ပါ။



ကိုယ်ကလူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်တွေအကြောင်း လူကြီးတွေထက်တော့ နည်းနည်းပိုသိပါတယ်။ ကျွှန်တော်က တိုင်းတစ်ပါးရောက်နေတဲ့အတွက် တိုင်းတစ်ပါးမှာရောက်နေတဲ့ မြန်မာလူငယ်တွေနဲ့ အတွေ့ အထိ ၊ ဆက်ဆံပေါင်းသင်းတာပိုများပါတယ်။ အဲလို ဆက်ဆံပေါင်းသင်းတဲ့အခါ ကျွှန်တော် ဘာတွေ့ ရသလဲဆိုတော့ ဥပမာ စားပွဲတစ်ဝိုင်းထဲ တူတူထိုင်လိုက်တဲ့အခါ ကျွှန်တော်က ဘာသာရေးအကြောင်းလေးအစချီပြီးပြောတော့မယ်ဆို အကုန်လုံးက စိတ်ပျက်တဲ့ပုံဆန်နဲ့ ဒီကောင့်ကိုတော့ ငါတို့ ဘေးမဲ့ပေးလိုက်ပြီ ဆိုတဲ့ ပုံစံတွေကို တွေ့ ရပါတယ်။



လူငယ်တွေက လူကြီးမိဘတွေနဲ့ ဝေးနေတဲ့အခါ ဆုံးမမှုတွေအောက်က လွတ်လပ်ရေးရနေတဲ့အခါကျတော့ ကိုယ်လုပ်ချင်ရာတွေကို မှားမှားမှန်မှန် တစ်ဇွတ်ထိုး ၊ တစ်စောက်ကန်း ဦးစားပေးလုပ်လာကြတယ်။ တစ်ခုခုဖြစ်ပြီဆိုတော့မှသာ စိတ်မထိန်းနိုင်ပဲ ဖြစ်ချင်ရာဖြစ် ထပ်လုပ်တယ်။ သူတို့ မဆင်မခြင်နဲ့ လုပ်လိုက်လို့ အမှားတွေလည်းဖြစ်ရော ၊ အဲလိုဖြစ်ရပါ့မလားဆိုပြီး နောက်ထပ် တစ်ဇွတ်ထိုး အရွဲ့ တိုက်ပြီး အမှားတစ်ခုထပ်လုပ်လိုက်တယ်။ အမှားကို အမှားထပ်တော့ အမှန်တော့ဖြစ်မလာပဲ ၊ အမှားနှစ်ထပ်ကွမ်းပိုင်ရှင်တော့ ဖြစ်သွားတာပေါ့။ သချာင်္တွက်တဲ့အခါမှာလို အနုတ် ( - ) နဲ့ အနုတ် ( - ) ပေါင်းရင် အပေါင်း ( + ) ရမယ်လို့ သူတို့ ထင်နေလေရော့သလားတော့မသိဘူးပေါ့ဗျာ။ လူငယ်တွေက အနာရတာ သိပ်နှစ်သက်တယ်။ အနာရလိုက် ၊ ပြန်ကုလိုက် ၊ ပြန်ထပ်ဖြစ်လိုက်နဲ့ ပဲ ချာလည်လိုက်နေတာ။ အဲဒါကို သူတို့ က ပျော်နေတာ ၊ အံကျနေတာ ၊ ထုံနေတာ။ အဲဒီ အကျင့်ဆိုးကြီးကို ပြင်ဖို့ သူတို့ မှာ အိပ်မက်တောင် မမက်ဘူးဖူး။



ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ စင်ကာပူကြွတုန်းက ကျွှန်တော်တို့ Lotus Foundation အသင်းက အစ်ကိုတွေကို မိန့် သွားတာလေးတစ်ခု ကျွှန်တော် အရမ်းသဘောကျတယ်။ ဆရာတော်က "ဒို့ ဘုန်းကြီးတွေလည်း မြန်မာပြည်အနှံ့  Repair ချည်းလိုက်လုပ်နေရတယ်။ Prepare ကိုမလုပ်ရဘူး။ မြန်မာလူမျိုးတွေကိုက Prepare လုပ်မယ်မကြံဘူး။ Repair လုပ်တာပဲ သဘောကျတယ်" တဲ့။ အခု လူငယ်တွေကလည်း အဲလိုပါပဲ။ ကိုယ်က အဆိုးတွေဖြစ်တာမကြိုက်ရင် အစကတည်းက အဆိုးတွေမဖြစ်အောင် သေသေချာချာ သတိလေးထားပြီး ပြောဆို လုပ်ကိုင်ဆောင်ရွက်ပေါ့။ Prepare လုပ်ပေါ့။ အခုတော့ မဟုတ်ပဲ ဖြစ်ပြီးသွားပြီ ၊ ခံစားပြီးသွားပြီဆိုမှ repair လုပ်တယ်ဆိုတော့ မိအေးနှစ်ခါနာတာပေါ့။



လူငယ်တွေကို လူငယ်စကားနဲ့ ပဲပြောပါမယ်။ လူငယ်တွေ လမ်းမှားမရောက်စေဖို့ မည့်သည်ကိစ္စမှာပဲဖြစ်ဖြစ် ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ၊ လုပ်နိုင်တာ နဲ့ မလုပ်နိုင်တာ ၊ လုပ်သင့်တာ နဲ့ မလုပ်သင့်တာတွေကို သေသေချာချာကွဲကွဲပြားပြားသိရမယ်။ အဲလိုတွေ ခွဲခြားပြီးမသိဘူးဆိုရင် အကျိုးဆုတ်ယုတ်မှုတွေ ၊ လွဲမှားမှုတွေ အများကြီးဖြစ်လာနိုင်တယ်။ အဲဒီလို သေသေချာချာခွဲခြားသိဖို့ ၊ လမ်းမှန်ရဖို့ ဆိုတာကလည်း အသိဥာဏ်က အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီ အသိဥာဏ်ကကော ဘယ်လိုရနိုင်မလဲ ?



ကျွှန်တော့်စိတ်ကြိုက်ဖြေရရင် တစ်ခွန်းတည်းပါပဲ "ဘာသာရေးလမ်းပေါ်မှာလျှောက်ပါ"။ ဘာသာရေးသည် လူတစ်ယောက်အတွက် အလိုအပ်ဆုံးသော အရာတစ်ခုပဲ။ တရားစာလေးတွေဖတ်မယ် ၊ တရားတွေနာမယ် ၊ အဆုံးအမလေးတွေကို နာခံမယ်။ အဲလိုတွေပြုလုပ်ခြင်းအားဖြင့် မသိတာတွေ သိလာတယ်။ သိပြီးသားတွေ ရှင်းသွားတယ်။ အဲဒီလောက်ဆိုရင်ပဲ ကိုယ့်စိတ်ဓာတ်ကလေးဟာ စတင်နူးညံ့ပျော့ပြောင်းလာတော့မှာ။ အသိဥာဏ်ကလည်း အရင်လို ညစ်တစ်တစ်ပေတေတေ မဟုတ်တော့ဘူး။ အလင်းလေးစရလာပြီ။ အဓိက က ကိုယ့်မှာသာ "စိတ်" ရှိဖို့ လိုအပ်တာ။ အဲဒါကို မြတ်စွာဘုရားက "သုဿုသာ လဘတေ ပညံ" ၊ ကြားနာချင်တဲ့စိတ်ရှိပြီဆိုရင် ပညာရပါတယ် တဲ့။



ဒါတွေပြုလုပ်နေခြင်းသည် ကိုယ့်ဘ၀ကို ကိုယ်ပြုပြင်ပြောင်းလဲနေတာပဲ။ တရားနာလိုက်ရလို့ ၊ တရားစာအုပ်လေးဖြစ်ဖြစ် ၊ စာပုဒ်လေးဖြစ်ဖြစ် ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီက တရားဓမ္မနဲ့ ပတ်သတ်တဲ့စကားလေး ၊ အဆုံးအမသြ၀ါဒလေးဖြစ်ဖြစ် ကြားလိုက်တာနဲ့ အရင် ငါ နဲ့ အခု ငါ တူသေးရဲ့ လား ပြန်မေးကြည့်ပါအုံး။ အခု ငါ ကတစ်ခုပိုသိသွားတယ်လေ။ ပေါ့သေးသေးတော့မထင်လိုက်ပါနဲ့ ။တရားဓမ္မနဲ့ ပတ်သတ်လို့ ရှိရင် အကုန်လုံးဟာ အကျိုးရှိ တန်ဖိုးရှိတာတွေချည်းပါပဲ။ ကိုယ်သာ တရားရဲ့ တန်ဖိုးမသိလို့ အသုံးမ၀င်ဘူး ၊ အကျိုးမရှိဘူးလို့ ထင်ကောင်းထင်နိုင်တာပါ။



အဲဒီတော့ ကိုယ့်ဘ၀ ကိုယ်ပြင်ရမှာ။ သူများက ပြင်တယ်ဆိုတာ အကြံပေးရုံလောက်ပဲရမယ် ၊ ဆုံးမသြ၀ါဒပေးရုံလောက်ပဲရမယ်။ မိမိကိုယ်တိုင်က မပြင်သေးသမျှ ဘယ်တော့မှ အကောင်းမဖြစ်ဘူး။ မိမိကိုယ်တိုင်ပြင်မှ အကောင်းဖြစ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက အတ္တာနံ စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ ၊ ကိုယ့်ကိုကိုယ်အချစ်ဆုံးလို့ အသိအမှတ်ပြုတယ်ဆိုရင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းစောင့်ရှောက်ပါတဲ့။မြတ်စွာဘုရားဆိုလိုတဲ့ ကိုယ့်ကိုကိုယ်ထိန်းသိမ်းစောင့်ရှောက်ပါဆိုတာဟာ သတိတရားလက်ကိုင်ထားပြီးတော့ မှားမှားယွင်းယွင်းတွေမလုပ်မိအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့ တဲ့။



ကိုယ့်အမှားကို ကိုယ်သိမှ ၊ ကိုယ့်ဘ၀ကို ကိုယ်ပြင်မှ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာတွေရမှာ။ ဒါတွေကို ဘယ်သူကမှ လာလုပ်ပေးမှာမဟုတ်သလို အလိုလိုလည်းဖြစ်လာမှာမဟုတ်ဘူး။ ဘာသာရေးလေးကို နည်းနည်းမှ မလုပ်မိထားဘူး ၊ မသိထားဘူး ဆိုရင် အဲဒီလူဟာ သူ့ ဘ၀မှာ အခက်အခဲတွေ ၊ stress တွေ pressure တွေ ကြုံတွေ့ လာတဲ့အခါ ဘာနည်းနဲ့ ဖြေရှင်းရမှန်းသိမှာမဟုတ်ဘူး။ဘာသာရေးလမ်းပေါ်လျှောက်ရင် အကောင်းပဲကြုံကြုံ အဆိုးပဲကြုံကြုံ တုန်လှုပ်မှုနည်းနည်းလျော့လာမယ် ၊ နောက် ပါးလာမယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဖြေရှင်းနည်းကိုရတယ် ၊ ခံနိုင်ရည်ရှိတယ် ၊ အားရှိတယ်။ မဖြစ်သင့်တာ ၊ မလုပ်သင့်တာ ၊ မဖြစ်နိုင်တာ စတာတွေကို ကွဲကွဲပြားပြားသိလာမယ်။ အဲဒီတော့ အလိုလိုပဲ မဟုတ်တာ ၊ မကောင်းတာ ၊ မလုပ်သင့်တာ ၊ မဖြစ်သင့်တာတွေကို မလုပ်မိတော့ဘူးပေါ့။ ဒါ ဘာသာရေးရဲ့ အစွမ်းသတ္တိတစ်ခုပဲ။



ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲ ပြင်ဖို့ ရာမှာ မြတ်စွာဘုရားဟောထားတာလေးရှိတယ်။ မဟာသတိပဋ္ဌာနသုတ်ထဲမှာ မြတ်စွာဘုရားက အာတာပီ သမ္ပဇာနော သတိမာ တဲ့။ မြတ်စွာဘုရားက ဒီတရားသုံးပါးကို အဓိက ထားတယ်။ ကိုယ့်ကိုကိုယ်ပြင်ဆင်ဖို့ ရာအတွက်ဆို အာတာပ ဆိုတာ ၀ီရိယ ၊ ကြိုးစားအားထုတ်မှု။ ပေါ့ပေါ့ဆဆမဟုတ်ဘူး။ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်တာကိုပြောတာ။ သမ္မဇာန ဆိုတာ ဆင်ခြင်တုံတရား။ သတိမာ ဆိုတာ အာရုံနဲ့ ပတ်သတ်ပြီးတော့အမှတ်ရနေတာ။ ဒီတရား ၃ မျိုးဟာ ကိုယ့်ကိုကိုယ်ပြင်တဲ့နေရာမှာအရေးအပါဆုံးတရား ၃ မျိုးပဲ။ ကိုယ့်သန္တာန်မှာ ဒီတရား ၃ မျိုးအားနည်းနေသေးရင် အားကောင်းအောင်လုပ်ပေးရမယ်။ အဲလို အားကောင်းလာပြီဆိုရင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းစောင့်ရှောက်မှုဟာ အောင်အောင်မြင်မြင်ကြီးဖြစ်နိုင်တယ်။



အဲဒီတော့ ဘာသာရေးအခြေခံလေးတွေ ကိုယ့်ဆီမှာ မကိန်းအောင်းထားဘူး ၊ သိချင်စိတ်လည်းမရှိဘူးဆိုရင် ၊ ဖတ်ချင်စိတ်လည်းမရှိဘူးဆိုရင် အရေးရယ် အကြောင်းရယ် ဆို ကိုယ့်ဆီမှာ ဘာအားမှရှိမှာမဟုတ်ဘူး။ အဲဒီတော့ လူအများက ထွက်ပေါက် ထွက်ပေါက် နဲ့ သမုတ်ထားတဲ့ မကောင်းတဲ့အလုပ်တွေကို လုပ်ခြင်းဖြင့် စိတ်သက်သာမှုကိုယူကြတယ်။ အဲဒါ ကိုယ့်ကိုကိုယ်ချစ်တာ မဟုတ်ဘူး ၊ နစ်တာ။ ကိုယ့်ဘ၀ကို ပြင်နေတာ မဟုတ်ဘူး ၊ ဆိုးအောင်လုပ်နေတာ။



နိဂုံးချုပ်အားဖြင့် ဘာသာရေးသည် လူတစ်ယောက်ရဲ့ စိတ်ကို နူးညံ့လာအောင် ၊ အရာရာတိုင်း ကိစ္စတိုင်းတွင် အမှန် အမှား ခွဲခြားဝေဖန်တတ်လာအောင် တန်ဖိုးရှိတဲ့အသိတရားတွေကို လမ်းညွန်ပေးတယ်။ အခြေခံကောင်းတွေရလာအောင် လုပ်ပေးတယ်။ တစ်ခုခုလုပ်တော့မယ် ပြောတော့မယ် ဆိုရင် ကိုယ့်ဆီမှာ ဘာသာရေးအခြေခံလေးရှိတဲ့အတွက် အထိန်းအကွပ်လေးရှိတယ်။ ရမ်းမလုပ်တော့ဘူး ရမ်းမပြောတော့ဘူး။ ဒါတွေဟာ ဘာသာရေးရဲ့ အကျိုးကျေးဇူးတွေပဲ။ ထို့ကြောင့် လူငယ်များ အသိတရားလက်ကိုင်ထားပြီးတော့ အမှားကင်းကွာပြီး ဘ၀လမ်းကို အေးအေးချမ်းချမ်းလျှောက်လမ်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပြုရင်း.................................................



ကျမ်းကိုး။



ဒေါက်တာနန္ဒာမာလာဘိဝံသဟောကြားတော်မူသော ဖြစ်နိုင်တာ နဲ့ မဖြစ်နိုင်တာ တရားတော် ၊ ကိုယ့်ဘ၀ ကိုယ်ပြင် တရားတော်



Htoo Tint Naing

18-11-2011

3:30 am

'မာ' ရင်တော့ 'န' သွားမှာပါပဲ



မြင့်သူတွေရဲ့ ကြားမှာ နိမ့်တဲ့အတွက် ကိုယ့်ဘ၀နိမ့်သွားလိမ့်မယ် မထင်ပါနဲ့ ။ မြင့်တဲ့သူတွေရဲ့ ကြားမှာ နိမ့်လိုက်မှ ကိုယ့်ဘ၀ မြင့်နိုင်တာပါ။ စကားလုံးတွေက ဆန့် ကျင်ဘက်တွေချည်း လုပ်ထားတာ။ ဂါထာမှာ နှစ်ခုတည်းပါတာ။ "မြင့်သူတွေရဲ့ ကြားမှာ နိမ့်ပါ"။ ကိုယ်က လုပ်လိုက်တော့ သုံးခုတောင်ဖြစ်သွားတာနော်။ ဒါက အကျိုးဆက်အနေနဲ့ ပြောတာပါ။ "မြင့်သူတွေရဲ့ ကြားမှာ နိမ့်လိုက်လို့ နိမ့်မသွားပါဘူး။ မြင့်လာပါလိမ့်မယ်။" မြင့်သူကြားမှာ နိမ့်မှသာ ၊ မြင့်ရာရောက်နိုင်သည်။

မာနတွေကြီးပြီးတော့ ဘ၀င်မြင့်နေတဲ့သူတွေကြားမှာ မာနကိုနှိမ့်ချပြီးတော့ ဘ၀င်နိမ့်မယ်ဆိုရင် အဆင့်အတန်းမြင့်တဲ့ဘ၀ကိုရောက်နိုင်ပါတယ်။ လူတိုင်းသိကြပါတယ်။ မာနကြီးရင် သံသရာအကျိုးပေးအနေနဲ့ ဘာဖြစ်တတ်သတဲ့တုန်း။ မာနကြီးတဲ့ ပုဂ္ဂိုလ်တွေ အမျိုးယုတ်တတ်တယ်တဲ့။ အမျိုးညံ့တတ်တယ်။ ဖြစ်လေရာ ဘ၀မှာ ယုတ်ညံ့တဲ့အမျိုးမှာဖြစ်တတ်တယ်။ အကြီးဆုံးအကျိုးကတော့ အပါယ်လေးပါးပေါ့လေ။ ဟိုလိုကြီး အကုသိုလ်တွေနဲ့ မှ အပါယ်လေးပါးရောက်တာမဟုတ်ဘူးနော်။ မာနကြီးရင်လည်း အဲဒီမာနကြောင့်ကို အပါယ်လေးပါးကိုရောက်မှာပဲ။ အပါယ်လေးပါးက လွတ်ပြီး လူပြန်ဖြစ်ပြီဆိုရင်လည်း အမျိုးညံ့မှာ ဖြစ်တတ်တယ်။ နိမ့်ကျတဲ့အမျိုးမှာ ဖြစ်တတ်တယ်။

ကိုယ့်ရဲ့ အထင်နဲ့ ကတော့ တစ်ခြားစီဖြစ်သွားတယ်။ ငါအမျိုးမြတ်တယ် ၊ ငါအမျိုးမြင့်တယ် ဆိုပြီးလက်မထောင်ပြီးတော့ ဘ၀င်မြင့်လိုက်တယ်။ အဲဒါအကျိုးပေးတော့ ကိုယ်မလိုချင်တဲ့ ၊ ကိုယ့်နှိမ့်ကျပြောထားတဲ့ အမျိုးယုတ် အမျိုးညံ့မှာပဲ သွားပြီးတော့ ဖြစ်ရပါတယ်။ 

မြင့်တဲ့အတွက် နိမ့်သွားတာပါ။ ဘ၀င်မြင့်တဲ့အတွက် ဘ၀နိမ့်သွားတာပါ။ မြင့်ရင် မမြင့်ပါဘူး။ နိမ့်ပါတယ်။ ဆိုလိုတာကတော့ ဘ၀င်မြင့်ရင် ဘ၀မမြင့်ဘူး ၊ ဘ၀နိမ့်ပါတယ်။ ဆန့် ကျင်ဘက်အနေနဲ့ မာနမကြီးဘူး။ ဘ၀င်မမြင့်ဘူးဆိုရင် ဖြစ်လေရာဘ၀ အမျိုးမြတ်ပါတယ်။ အမျိုးမြင့်ပါတယ်။ နိမ့်တဲ့အတွက် မြင့်သွားတာပါ။ ဘ၀င်နိမ့်တဲ့ အတွက် ဘ၀မြင့်သွားတာပါ။ နိမ့်ရင် မနိမ့်ပါဘူး။ မြင့်ပါတယ်။ ဆိုလိုတာကတော့ ဘ၀င်နိမ့်ရင် ဘ၀မနိမ့်ပါဘူး။ ဘ၀မြင့်ပါတယ်။

ဒီမာနအကြောင်းချည်းပဲ တစ်ရက်ဟောဖို့ တောင်ကောင်းတာနော်။ ဂါထာတစ်ပုဒ်မှာ စကားရပ်က လေးခုရှိတော့ စကားရပ်တစ်ခုကို တစ်ရက်နှုန်းနဲ့ လေးရက် အခန်းဆက်ဟောဖို့ ကောင်းပါတယ်။ ဒါပေမယ့် တရားသိပ်ရှည်ပြီး ငြီးငွေ့ သွားမှာစိုးလို့ နှစ်ရက်နဲ့ ပဲ ပြီးအောင်ဟောပါမယ်နော်။ စီခြောက်ဆယ် နှစ်ခွေစာပေါ့။ 

ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်တုန်းက ပုဏ္ဏိကာထေရီဆိုတာ ရှိပါတယ်။ သူက လူ့ ဘ၀တုန်းက အနာထပိဏ်သူဌေးကြီးရဲ့ အိမ်မှာ ရေခပ်ကျွန်မရဲ့ ဝမ်းမှာ ၀င်စားပြီးတော့ ကျွန်မဖြစ်နေပါတယ်။ ဘာကြောင့် သူက ဒီလိုကျွှန်မဖြစ်ရသလဲဆိုရင် သူဟာ ရှေးဘုရားခြောက်ဆူရဲ့ လက်ထက်မှာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ တိပိဋကဓရ ဘိက္ခုနီမဖြစ်ခဲ့ဖူးပါတယ်။ ခြောက်ဘ၀လုံးနော်။ တရားဟောကလည်း အင်မတန်ကောင်းတယ်။ ဗဟုသုတကလည်း အင်မတန်ပြည့်စုံတယ်။ 

ပညာဗဟုသုတ ပြည့်စုံတာ ၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တာ ၊ တရားဟောကောင်းတာကို အကြောင်းပြုပြီးတော့ မာနတွေကြီးနေတယ်။ ခြောက်ဘ၀လုံး မာနတွေကြီးခဲ့တယ်။ ဘ၀င်တွေမြင့်ခဲ့တယ်။ မာနတွေကြီး ၊ ဘ၀င်တွေမြင့်ပြီးတော့ ဘုန်းကြီးလည်း ဘုန်းကြီးမထင် ၊ ဘိက္ခုနီးမလည်း ဘိက္ခုနီမ မထင်ဖြစ်ခဲ့တယ်။ ဟိုလူလည်း လူမထင် ၊ ဒီလူလည်း လူမထင်နဲ့ မာနတွေကြီးပြီးတော့ ဘ၀င်တွေမြင့်ခဲ့တယ်။

ပိဋကတ်သုံးပုံ အာဂုံဆောင်ပြီး သီလ သမာဓိ ပညာ သိက္ခာသုံးပါးကိုဖြည့်ကျင့်ပေမယ့် ၀ိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် မာနတွေကြီးနေတဲ့အတွက်ကြောင့် ကိလေသာတွေကို အပြီးသတ် ပယ်သတ်ဖို့ မစွမ်းနိုင်ခဲ့ပါဘူး။ တရားထူး တရားမြတ်လုံးဝမရခဲ့ပါဘူး။ သိပ်ကို သံဝေဂရစရာကောင်းပါတယ်။ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင် ၊ ပရိယတ္တိတွေလည်း ပြည့်စုံ ၊ ပဋိပတ္တိတွေလည်း ပြည့်စုံ ၊ သူများကိုလည်း ကျွတ်တမ်းဝင်အောင် ဟောနိုင်ပြောနိုင်ပါလျှက်နဲ့ ကိုယ်တိုင်ကျတော့ မာနတွေ ခံနေတဲ့အတွက်ကြောင့် တရားထူး တရားမြတ်မရခဲ့ပါဘူးတဲ့။

မာနမာတုကတ္တာ ပန ကိလေသေ သမုစ္ဆိန္ဒိတုံ နာသက္ခိ

ပုဏ္ဏိကာထေရီမအလောင်း ပရိယတ် ၊ ပဋိပတ်ပြည့်စုံပါလျှက် တရားထူးမရခြင်းရဲ့ အကြောင်းကို သေချာမှတ်နော်။ ဘာဖြစ်လို့ လဲ။ "မာနကြီးလို့ ၊ ဘ၀မြင့်လို့ "။ စာဘယ်လောက်တတ်တတ် ၊ တရားဘယ်လောက် အားထုတ်ထုတ် မာနကြီးနေရင် ၊ မာနခံနေရင် ၊ ဘ၀င်မြင့်နေရင် ၊ ဘ၀င်ခံနေရင် ၊ ဘယ်တော့မှ တရားထူး တရားမြတ်မရပါဘူး။ သက်တော်ထင်ရှား ဘုရားခြောက်ဆူနဲ့ ခြောက်ကြိမ်တိုင်တိုင် ဆုံရတာတောင် မာနခံနေလို့ တရားမရဘူးဆိုမှတော့ သက်တော်ထင်ရှားဘုရားနဲ့ မဆုံရတဲ့ အခုလိုအချိန်မျိုးမှာဆို ပြောမနေနဲ့ တော့ပေါ့။ မာနတွေ......မာနတွေ.....သိပ်ကြောက်စရာကောင်းတယ်နော်။

ကိုယ့်ဘာသာကိုယ် မာနကြီးတာ ဘာဖြစ်လဲလို့ ခါးမထောက်ပါနဲ့ ။ ဘာမှမဖြစ်ပါဘူး။ တရားထူး မရရုံ ၊ အပါယ်ငရဲကျရုံ နဲ့ အမျိုးညံ့ရုံ ( အမျိုးယုတ်ရုံ ) လေးပါပဲ။ သိပ်မဆိုးပါဘူးနော်။

ဘုရားခြောက်ဆူလုံးလက်ထက်မှာ ပရိယတ် ၊ ပဋိပတ် ပြည့်စုံခဲ့ပေမယ့် ဦးဇင်းတို့ ဂေါတမဘုရားရှင် လက်ထက်ကျမှ ရဟန္တာဖြစ်ရပါတယ်။ ရဟန္တာဖြစ်တော့လည်းပဲ အမျိုးမြတ်တဲ့ဘ၀ကနေ ဘိက္ခုနီမ ၀တ်ပြီးတော့ ရဟန္တာဖြစ်ရတာလား ဆိုတော့ မဟုတ်ဘူး။ ကျွှန်မဘ၀ကနေ ဘိက္ခုနီမ၀တ်ပြီးတော့ ရဟန္တာဖြစ်ရတယ်။

အဲဒီ ကျွှန်မဖြစ်ရတာဘာကြောင့်လဲဆိုတော့ မာနကြီးခဲ့လို့ ပါပဲ။ တရားထူးမရတာလည်း မာနကြီးလို့ ၊ ကျွှန်ဖြစ်ရတာလည်း မာနကြီးလို့ ။ ဒါကြောင့် မာနကတော့ ကြီးကိုမကြီးသင့်ပါဘူး ယောဂီတို့ ရယ်။ "မာန်မာန မထားသင့်ပါတယ်" ဆိုတဲ့ သီချင်းစာသားလေးကို တရားသဘောလေးနဲ့ အမြဲနှလုံးသွင်းကြပေါ့နော်။ 

မှတ်ချက်။

ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) ၏ ထူးမှထူး စာအုပ်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သား ၊ ပြန်လည်စာစီစာရိုက်ခြင်းပြုပြီးသကာလ ၊ ကျွှန်တော့်မိတ်ဆွေများ မှတ်သားနာယူကျင့်ကြံစေခြင်း အလို့ ဌာ ကုသိုလ်ဖြစ် ပြန်လည်မျှဝေဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

ယနေ့ ၁၁-၁၁-၂၀၁၁ မှာ ကျွှန်တော့် မိတ်ဆွေအပေါင်းအသင်းများ ထူးခြားတဲ့အသိလေးရပြီးတော့ ဆရာတော်ဆုံးမထားတဲ့အတိုင်း မိမိတို့ မှာ ရှိတဲ့ မာနတွေ ( တစ်ခါတစ်လေ မောဟ ဦးစီးတဲ့ မာနတွေလည်းရှိတတ်ပါတယ်။ ကိုယ်ကတော့ ကိုယ်ဘာမှမလုပ်ဘူးထင်တာပဲ။ ဒါပေမယ့် မသိစိတ် ၊ မောဟ ဦးစီးတဲ့ မာနလေးတွေလည်းရှိပါတယ်။ ) ကို အမြစ်က မကျန်ပယ်သတ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပြုရင်း........................................................

Htoo Tint Naing
11-11-2011
11:11 am

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ


ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။

ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။

မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ၀င်ရောက် လာပါတယ်။

ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် တစ်နေရာမှာ ဒေါသကြီးစွာနဲ့ ရန်တွေထောင်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရပါတယ်။ အော်.. ဘာတွေကြောင့်များ အဲလောက်ထိ ဒေါသတွေ ကြီးနေတာပါလိမ့်နော်လို့သာ တွေးမိပါတယ်။

မကြာပါဘူး။ သူမ အော်ဟစ်တာကို အစပိုင်းမှာ ငြိမ်ခံနေတဲ့ ယောက်ျားဖြစ်သူက ထလို့ ကန်ထည့်လိုက်တဲ့ မြင်ကွင်းကို မြင်လိုက်ရပြန်ပါတယ်။ အော်…ဒုက္ခ…ဒုက္ခ လို့သာ တွေးရင်း ဒီမြင်ကွင်းကို ကြည့်လို့ သံဝေဂတရားတွေ တိုးပွားလာရပါတယ်။

တကယ်တော့ ဒေါသချင်းပြိုင်နေတဲ့ ပြိုင်ပွဲလေးတစ်ခုဆိုရင်လည်း မှားမယ် မထင်ပါနော်။ တစ်ယောက် တစ်ယောက် အဘယ်သို့ပင် ရိုက်ပုတ်နေပါသော်လည်း ဒေါသကို ဘယ်သောအခါမှ မထိနိုင်ပါဘူး။ ဒေါသကို လက်ခံထားတဲ့ ခန္ဓာအိမ်ကြီးကသာလျှင် အထိတွေနာလို့ အနာတရနဲ့ ပင်ပန်း နေရတာပါလားရယ်လို့ ကြည့်ရင်းက သိလာရပါတယ်။

အင်း မြန်မြန်အေးချမ်းကြပါစေလို့ စိတ်မှာ ဘာမဆိုင် ညာမဆိုင် မေတ္တာတွေ ပို့ပေးနေ မိပြန်ပါတယ်။ တဆက်တည်းလည်း စွန်းလွန်းဆရာတော်ကြီးကို ပြေးလို့ သတိရမိပါ သေးတယ်။

တစ်နေ့သောအခါ စွန်းလွန်းဆရာတော်ကြီးဟာ စွန်းလွန်းရွာမှာ ပရိတ်ရွတ်၊ ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်တာကြောင့် ကြွသွားရာမှ ပြန်လာတဲ့အခါ ရွာထဲမှာ ကလေးမနှစ်ယောက် ရန်ဖြစ်နေ တာကို တွေ့တော်မူတယ်လေ။ အဲဒီအခါ ဆရာတော်ကြီးက ကပ္ပိယဒကာကို ခေါ်ပြီး “အဲဒီက ကလေးမနှစ်ယောက် တရားဟောနေကြတယ်ကွယ့်။ မောလှရော့မယ် ထင်တယ်။ ဟောသည် ငှက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက် တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရားပူဇော်ပါတယ်။ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ ဖြစ်ကြသေးတာပေါ့” လို့ မှာကြားပြီး စေလွှတ် တော်မူတယ်။

အဲလို ငှက်ပျောသီးလည်း ပေးလိုက်ရော ကလေးမနှစ်ယောက်လည်း ဟိုကြည့် သည်ကြည့်နှင့် ဘာမျှမပြောတော့ဘဲ ငှက်ပျောသီးကိုင်ပြီး အကြောင်သား ငြိမ်နေကြတယ်တဲ့လေ။

ခုလည်း ဘာထူးလဲနော်။ ယိုသူမရှက် မြင်သူရှက် ဆိုသလိုပါပဲ။ ဘေးကမြင်ရတဲ့လူက သူတို့ရင်ထဲက ဒေါသကြီးကို အတိုင်းသား မြင်လို့ တောင် ကြောက်တတ်လာပါပြီ။ ဆရာတော်ကြီးကို သတိရလိုက်ပေမယ့် ဆရာတော်ကြီးလိုတော့ ငှက်ပျောသီး သွားမပေးရဲပါဘူးနော်။ တော်နေမှ ဒေါသတွေက ရမ်းပုံမီးကျဖြစ်သွားပါဦးမယ်လေ။

ဒါကြောင့်ပဲ “ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ” လို့ မေတ္တာဓါတ်တွေ သူတို့အပေါ် လွှမ်းခြုံလို့ ပို့ပေး နေမိပါတယ်။ တဆက်တည်းလည်း ဒီမေတ္တာပို့လေးရဲ့ အဓိပ္ပါယ်လေးကို ပုံဖော်မိနေပါတယ်။

တကယ်တော့ အခုရနေတာသည် ဒုက္ခခန္ဓာ ၊၊ နောက်ထပ် ထပ်ပြီး ရချင်နေတာက သမုဒယ သစ္စာပါနော်။ အင်း သမုဒယကနေပဲ ဒေါသကိလေသာတွေ ပွားတိုးလာရတာပါလားဆိုတာ ဆက်မိ သွားပါပြီ။ ဘယ်လိုပါလိမ့်ဆိုတော့….

ကိုယ်နဲ့  ထိုက်သလောက်တွေ ရနေတဲ့အပေါ် သြော် ငါနဲ့  ထိုက်သလောက် ငါရတာပဲလေလို့ သဘောမထားတတ်တဲ့အခါ မကျေနပ်တာတွေ ဖြစ်လာမယ် ။ ဒါသည် ဒေါသပဲလေ။ ပိုကောင်းတာကို ရချင်နေတာသည် အခုရ နေတာကို မကျေနပ်နိုင်လို့ပဲ ဒီ့ထက်ကောင်းတာ ရချင်နေ တာမဟုတ်လား။ မကျေနပ် ဖြစ်နေသမျှ ဒေါသပဲလေ ။

ဒီဒေါသသည် လိုချင်၊ ရချင်ခြင်းဆိုတဲ့ သမုဒယက ပေါက်ပွား လာတာပဲ မဟုတ်ပါလား။ ဒါကြောင့် “ဒေါသခပ်သိမ်း ငြိမ်းရပါလို၏” “ငြိမ်းကြပါစေ” လို့ဆိုရင်ပဲ ဒါကို ဖြစ်စေတဲ့ သမုဒယနဲ့ ဒုက္ခတွေ ငြိမ်းနိုင်ပါစေလို့စိတ်ကို အာရုံပြုထား ရပါမယ်ဆိုတာ ပေါ်လာပါတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုချင်နေတဲ့ သမုဒယကြောင့်သာ ဒီလို ဒေါသတွေ ရနေရတာကို သိမြင်ပြီး သမုဒယငြိမ်းမှ ဒေါသငြိမ်းနိုင်တော့မှာပါလားလို့ အမြင်မှန်စွာနဲ့ “ဒေါသခပ်သိမ်းငြိမ်း ရပါလို၏ ”လို့ မေတ္တာပို့ပေးနေမိပြန်ပါတယ်။

အော် သူတို့တွေ အားလုံးလည်း သမုဒယတွေ ငြိမ်းနိုင်လို့ ဒေါသတွေ သိမ်းနိုင်ကြပါစေရယ်လို့ လှမ်းပြီး မေတ္တာပို့တိုင်း ဒီသမုသယနဲ့ ဒုက္ခကနေ လွတ်ငြိမ်း နိုင်ကြပါစေလို့သာ ပို့ပေးနေရပါပြီ။

အင်း ဒါမှသာ ပညာနဲ့ ယှဉ်တဲ့ မေတ္တာဓါတ်လေးတွေ တွဲပါသွားမယ်ဆိုတာလေး တွေးမိသမျှ ပြန်လည် ဝေမျှရင်း အားလုံးလည်း “ဒေါသခပ်သိမ်း ငြိမ်းနိုင်ကြလို့ ” သမုဒယ ပိုက်ကွန်တွင်းမှ အလွတ်ရုန်းထွက်နိုင်ကြပါစေ။

Posted by dimplemit
[Myanmar Friends Day Group]

အသေလေးများနှင့်အတူ သေခြင်းဆီသို့.

သေခြင်းနှင့်ပတ်သက်လို့ ငယ်စဉ်ကတည်းက ခုချိန်ထိ အမျိုးမျိုး ခံစားချက်တွေက ပြောင်းလဲလာလိုက်တာ ခုလက်ရှိ စာရေးနေတဲ့ အချိန်မှာ ရှိ နေတဲ့ သေခြင်းအပေါ် အမြင်လေးကို သုံးသပ်မိနေပြန်ပါပြီ။ ကျနော့အနေနဲ့ လူ့ဘ၀ရဲ့ အရေးကြီးဆုံး အလုပ်ဟာ အပါယ်လွတ် ရေး ကြိုးပမ်းဖို့ပဲဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ အသေမဦးခင် ဥာဏ် ဦးအောင် ကြိုးစားရပါတော့သည်။ အဲလို ကြိုးစားရင်းကမှ ကိုယ့်ခန္ဓာတွင်းက ရုပ်၊ နာမ်တရားတွေရဲ့ တရစပ် သေပျောက်နေပုံကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ အဲဒီ အချိန်မှာပဲ ကြောက်စိတ်တွေ ၀င်လာခဲ့ဖူးပါတယ်။ ဘာကို ကြောက်တာလဲဆိုတော့ ဖြစ်သမျှတွေအားလုံးဟာ ပျက်ခြင်းနဲ့သာ အဆုံးသတ်နေပါလားဆိုတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလေးတွေကို ကြည့်ရင်း နဲ့ပဲ သိနေတာတွေပါ ပျက်လိုက် နေပြန်တာကြောင့် ဖြစ်ပါတယ်။ ဘာများ တည်မြဲတာရှိလို့လဲ ။ မြင်သမျှတွေ ပျက်နေမှတော့။ ပျက်တာကို သိနေတဲ့ သိခြင်းသဘောတွေကပါ တစ်ခါနောက်က လိုက်ပြီး ပျက်နေပြန်တော့ မလွန်လွန်ဘူးလား။ နည်းနည်းလေးလောက်တော့ အပျက်လေးတွေ ရပ်ပေး ပါဦးလားလို့ တားဆီးကြည့်လို့ကလည်း မရပြန်တာကြောင့် စိတ်တွေကလည်း ပျက်ပြီးရင်း ပျက်လိုက်နေပြန်တာလေ။ အော်….အရင်ကတော့ သေခြင်းဆို တာကို ပညတ်ခန္ဓာကိုယ်ကြီး အသက်မဲ့သွားတာကိုပဲ သိခဲ့တာလေ။ ခုတော့ ဘယ်ဟုတ်မလဲ။ ခန္ဓာတွင်းက ပရမတ်သဘောတွေက မရပ်မနားကို မွေးပြီး ရင်းသေရင်းဆိုတော့ ဟူး……..သေခြင်းတရားတွေက တရစပ်ကို စက္ကန့်မလပ် မင်းမူနေမှတော့ ဒီအသေမှ မကြောက် ဘာများ ကြောက်ရဦးမှာလဲနော်။


မရပ်မနား သေပြီးရင်း သေပြနေသော ကျနော့ ခန္ဓာတွင်းက ပရမတ် သဘောတွေကို မြင်ရပါများတော့ စက်ဆုပ်ရွံ့ရှာရပြီပေါ့။ ဒီလောက် အသေ တွေ ဆက်နေမှတော့ ဒါကြီးကို မြင်နေရတဲ့ စိတ်အစဉ်က ဘယ်လောက်ထိ များခံနိုင်မှာမို့လဲနော်။ အော်ဂလီတွေဆန်လို့ အသေတွေ ရပ်ဖို့ ကြိုးစားပြန် တယ်။ မရတော့ မနိုင်ရင် ထွက်ပြေးမယ်ပေါ့။ အသေလွတ်ရာကို ရှာနေတာ လေ။ အမယ် ရမယ်ထင်လို့လား။ ဘယ်ရလိမ့်မလဲနော်။ ပိုပြီးတောင် သေပြ နေပြန်တာကြောင့် နောက်ဆုံးတော့ သူ့သဘော သူဆောင် နေပေတော့ ဆိုပြီး နှလုံးသွင်းလေး ပြောင်းပေးလိုက်တော့မှသာ အသေလွတ် သွားတော့တယ်။


အင်း ခုတော့လည်း ဒီသဘောတရားတွေကို လက်မခံချင်လည်း လက်ခံနေရပါပြီ။ နှလုံးသွင်းလိုက်တိုင်းပဲ အမြဲမပြတ်သေနေတဲ့ သေခြင်း တရားတွေကို မကြည့်ပဲလဲ သိနေရပြီမို့ သေခြင်းများစွာနှင့် တူယဉ်တွဲလို့ အသေ နှလုံးသွင်းနဲ့ပဲ ရှင်သန်နေရပါပြီ။ ထမင်းစားရင်းလည်း ကိုယ်တွင်းက ပြ နေတဲ့ ဗြောင်းဆန်နေသော အသေများစွာနှင့်အတူ လက်တွဲလို့ ဟင်းတွေခပ် နေရပြန်ပါပြီ။


ခုတော့သိသွားပါပြီ။ ဒီခန္ဓာကြီးဟာ တကယ်တော့ မွေးလိုက်၊ သေလိုက် ဆိုတဲ့ မွေးသေတွေကို တရစပ် မွေးထုတ်ပေးနေတဲ့ စက်ရုံကြီး တစ်ခုဆိုတာကိုလေ။ခုချိန်သေမှာ ကြောက်သေးလားဆိုရင်တော့ ကြောက်ချိန် မရအောင်ကို သေပြနေတာမို့ ကျနော့ အဖော် အသေများစွာဖြင့် မကြောက်၊ မကြောက်လို့သာ ပြောရင်း သေပြနေရပါတော့မယ်။


ခန္ဓာထဲက စက္ကန့်မလပ် ကိုယ်မကြည့်လည်းသေ၊ ကိုယ်ကြည့်လည်း သေနေမှာကို တွေးရင်း ဒီအသေများစွာ မွေးထုတ်ပေးနေသော ခန္ဓာစက်ရုံကြီး ဘယ်အချိန် ပြိုလဲ ပျက်စီးသွားမယ်ဆိုတာကို စောင့်ကြည့်နေရပါပြီ။ အင်း …တစ်နေ့တစ်နေ့ မရေမတွက်နိုင်အောင် မွေးထုတ်ပေးနေသော သေခြင်းများ ပိုင်ရှင် ကျနော့ ခန္ဓာကြီးကတော့ သံသရာအကြွေးများ ကျေအောင်ဆပ်ရင်း သေခြင်းဆီသို့ အသေလေးများနှင့် ချီတက်လို့နေပါပြီ ဆိုတာလေးကို ခံစားမိသမျှ တင်ပြလိုက်ရပါတော့သည်။




Posted by dimplemit

[Myanmar Friends Day Group]

မီးလွတ်ကျင့်စဉ်ဆိုတာ


ဒီနေ့ ကျနော် ရေးချင်တာလေးကတော့“မီးလွတ်ကျင့်စဉ်” ဆိုတာလေးပေါ့။

ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့။ ကျနော် တရားပွဲတစ်ခုကို သွားနာတော့ အဲဒီတရားပွဲက “ အထူးအလုပ်ပေး မီးလွတ်တရား” လို့ ရေးထားတာတွေ့ရပါတယ်။ ဒီတော့ ကျနော် စဉ်းစားတယ်။ မီးလွတ်က ဘာအဓိပ္ပာယ်လဲပေါ့။

အင်း.. တစ်ယောက်ယောက်ကို မေးကြည့်ဦးမယ်ဆိုပီး ဘေးက လူတစ်ယောက်ကို မေးတော့ သူကပြောတယ်။ အင်း..တရားပွဲက တနေကုန်ဆိုတော့ လူတွေက ထမင်းဗူးတွေနဲ့ အဝေးက လာရတော့ အိမ်မှာ ချက်ချိန်မရှိလို့ မီးငြိမ်းလို့ “မီးငြိမ်းတရားပွဲ”လို့ ရေးထားတာ နေမှာပေါ့လို့ဖြေတယ်။ ဒါပေမယ့် သူလည်း ကောင်းကောင်းမသိဘူးလို့ ပြန်ဖြေရှာတယ်။

ဒါနဲ့ ကျနော်လည်း ဘာရယ်မဟုတ် ဒီမီးငြိမ်းဆိုတဲ့ အဓိပ္ပါယ်လေးကို တရားဟောမယ့် ဆရာတော် ကြွမလာခင် လျှောက်စဉ်းစားကြည့်နေတယ်။ ကျနော် အရင်က ကြားဖူးတာတွေနဲ့ ဆက်စပ်တွေးနေတာပေါ့။ မီးလွတ် ကျင့်စဉ် ဆိုတာ ငှက်ပျောသီးပဲစားပြီး မီးနဲ့ချက်တာ တခုမှမစားဘဲ ကျင့်တာကို ကြားဖူးတာရှိတော့ အဲဒီလိုများလားပေါ့။ လျှောက်တွေးသာ နေတာပါ။ အဖြေမှန်ကို အဲတုန်းက မသိခဲ့ပါဘူး။ နောက်မှပဲ သိတော့တယ်။

အဲဒီတော့ ကျနော့်လို မဖြစ်ရလေအောင် ကျနော် သိလိုက်ရ တဲ့ “ မီးလွတ်ကျင့်စဉ်” ပဲဖြစ်ဖြစ်၊ “မီးငြိမ်းကျင့်စဉ်”ပဲ ဖြစ်ဖြစ် အခု အားလုံးကို သိစေချင်လို့ ဝေငှလိုက်ပါရစေနော်။

လူတိုင်းဟာ မီး(၁၁)မီး အလောင်ခံနေရပါတယ်။ ဒါကြောင့် တချို့က (၁၁)မီး ငြိမ်းရပါလို၏လို့ ရည်ရွယ်ပြီး ဘုရားကပ်တဲ့အခါ ရေစစ်ဆိုလည်း (၁၁)ခု၊ ပစ္စည်းတွေကို (၁၁)ခုစီဒီရည်ရွယ်ချက်နဲ့ လှူကြတာတွေ တွေ့ဖူးမှာပေါ့။ အဲဒီ (၁၁)မီးက ဘာတွေလဲဆိုတော့-

(၁) ချစ်စရာထင်ခြင်း (လောဘမီး)

(၂) မုန်းစရာထင်ခြင်း (ဒေါသမီး)

(၃) အဟုတ်ထင်ခြင်း (မောဟမီး)

ဒီ (၃) ခုကို အရင်မှတ်လိုက်တာပေါ့နော်။ ဒီ (၃) ခုကနေ ကိုယ်လွတ်ရဲ့လား ပြန်စဉ်းစားကြည့်ပါ။ အို..ချစ်စရာတွေကတော့ ထင်လိုက်ရတာ မပြောနဲ့။ မတွေ့ရမနေနိုင်၊မကြားရမနေနိုင်၊ ဒါတွေက မီးအရှိန်နဲ့ကို လောင်နေတာနော်။ နောက်..ကိုယ်မမြင်ချင်တဲ့ မျက်နှာမြင်ရပြန်ပြီ။ ဟင်း.. စိတ်ပျက်စရာပဲ၊ ဘာပဲ ညာပဲပေါ့။ ဒါလည်း ဒေါသမီးတွေလေ။ တဟုန်းဟုန်းနဲ့ပေါ့။ ကိုယ်လုပ်တာမှ အဟုတ်ထင်၊ သူများလုပ်ရင် ကိုယ့်လိုဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ မီးတွေလည်း လောင်ချင်တိုင်း လောင်လို့ပေါ့။ ဒါတောင်(၃)ခုပဲ ရှိသေးတယ်နော်။

ဘယ် (၁) ခုတော့ လွတ်ပါတယ်လို့ပြောလို့ရပြီလဲ?လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။

အဖြေကတော့ သုံးခုလုံး ဟုန်းဟုန်းတောက်နေပါတယ်ဆိုတာပဲ ထွက်လာပါတယ်။

ဒါဆို နောက်ဆက်ကြဦးစို့။ အထက်ကသုံးမီးတော့ မလွတ်ဘူးပေါ့။ နောက်မီးတွေများ လွတ်နိုင်မလား။ ဆက်ကြည့်ကြဦးစို့ နော်-

(၄) မွေးဖွားခြင်း

(၅) အိုခြင်း

(၆) နာခြင်း

(၇) သေခြင်း

ဒီ (၄) မျိုး တစ်သုတ် မှတ်လိုက်နော်။ လူတိုင်းဟာ မွေးဖွားခြင်း ခံခဲ့ ရတာချည်းပဲ။

မွေးလာကတည်းက ရီပြီးမွေးတာလား? ငိုပြီး မွေးတာလား ? စဉ်းစားကြည့်ပေါ့။ ငိုနေမှတော့ ဒုက္ခဆင်းရဲလို့ပေါ့။

အဲဒီကနေ မအိုချင်ပါဘူး ဆိုလည်း တားလို့ ရပါ့မလား။ အိုခြင်းမီးတွေ လောင်နေလိုက်တာ။

ဒီကြားထဲက နာခြင်းမီးတွေကလည်း အရှိန်ကောင်း နေလိုက်တာ။ဟိုလိုဖြစ်လိုက်၊ ဒီလိုဖြစ်လိုက်၊ ရှာမရတဲ့ ရောဂါရော၊ ရှာရတာတွေရော စုံလို့၊ အခုများဆို ရောဂါအသစ် အသစ်တွေကို ထွက်လာလိုက်ကြတာ။ ဆေးပညာတောင် လိုက်လို့ မမှီနိုင်ဘူး။ ဒါ..နာခြင်းမီးတွေ လောင်နေတာပဲ။

နာပြီးရင် သေဖို့ သာပြင်ပေတော့။ မသေမယ့် လူရယ်လို့ လောကမှာ မရှိပါဘူး။ သေခြင်း မီးတွေ အလောင်ခံ ရဦးမှာ ကျိန်းသေပဲ။ ဒါဆို ဒီ(၄)မျိုးကရော လွတ်နိုင်ပါသေးလား?။ကိုယ့်ကိုကိုယ် ပြန်စဉ်းစားနော်။ မလွတ်ပါဘူး။ အင်း...ခုပြောပြီးသား မီး(၇)မျိုးကနေတော့ လွတ်တာတစ်ခုမှ မတွေ့ပါဘူးနော်။ နောက်ထပ်ကျန်တဲ့(၄)မျိုး တော့ လွတ်နိုင်လောက်ပါရဲ့လို့တွေးနေရင် အခု ဆက်ပြောမယ်နော်။

(၈) စိုးရိမ်ခြင်း

(၉) ငိုကြွေးခြင်း

(၁၀) ကိုယ်ဆင်းရဲခြင်း

(၁၁) စိတ်ဆင်းရဲခြင်း

ဒါကတော့ နောက်ဆုံး(၄)မီးပဲ။ ကျနော့်အဖို့တော့ ပိုတောင်ဟုန်းဟုန်းတောက် နေသေးတယ် ထင်တာပါပဲ။ အို..တစ်ခုခုဆို စိတ်တွေပူလိုက်ရတာ၊ စိုးရိမ်လိုက်ရတာ။ တစ်ခါတလေများ မရှိရှိတာလိုက်ပူနေလိုက်တာ ပြောမနေနဲ့။ စိုးရိမ်စရာ မရှိရင် မနေတတ် သလောက်ပဲ။ ကျနော့အဖြစ်ကတော့ အခုတောင် ကိုယ်နဲ့ မဆိုင်တာတွေအတွက် လိုက်ပူ နေလို့ ဒီလောက်စာတွေ ရေးနေတာပေါ့။

သြော်..ကျနော့မီးက တော်တော် အားတွေ ကောင်းနေလိုက်ပါလားလို့ ရေးရင်းမြင်နေရပါပြီ။ အဲဒီ စိုးရိမ်မှု့ကြောင့် ငိုရပေါင်းလည်း မရေနိုင်တော့ဘူး။ ငိုကြွေးရမှတော့ ကိုယ်ရော၊ စိတ်ရော ချမ်းသာပါတော့မလား ?။

ဒီ(၄)မီးက Series လို ဆက်နေတော့ တခုကြောင့် နောက်တခု တွေမီးဆက် ကူးသွားလိုက်တာ ဘာပြောကောင်းမလဲ။ တစ်ကိုယ်လုံးကိုမီးဟုန်းဟုန်း တောက်ပြီး လောင်ကောင်းနေတာပေါ့။ ဒါဟာ ကိုယ့်တစ်ယောက် ထဲလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲနော်။

သူများတွေလိုက်ကြည့်တော့လည်း လူတိုင်းလိုလို ဒီလေးမီးက လောင်ပြနေတာ မြင်ရတော့လေ....အင်း ဘာနဲ့တူနေပါလိမ့်မယ်ဆိုတော့ မီးပုံပြပွဲနဲ့ တူတယ်လို့ ပြောရတော့မယ်ထင်ပါရဲ့။ ဒါတောင် ကိုယ့်ကိုကိုယ် ပူမှန်း မသိအောင် မီးပုံထဲမှာ ပျော်နေကြတာနော်။ တော်တော် သတ္တိကောင်းနေလိုက်ကြတာ။ ဒီ(၁၁)မီးလောက်ကတော့ အေးဆေးပေါ့လေ။

သာမာန် အပူမီးက ရေတစ်ခွက်နဲ့လည်း ငြိမ်းသွားနိုင်ပါတယ်။ ဒီမီးကတော့ ဘယ်ရေနဲ့ နိုင်လိမ့်မလဲ။ အားကောင်းလွန်းလို့ တော်ရုံနဲ့တော့ ငြိမ်းလို့ရမယ်မထင်။ ဘယ်လိုငြိမ်းရပါ့မလဲဆိုတော့ တရားရေအေးနဲ့သာ ငြိမ်းနိုင်ပါတယ်တဲ့။

တရားအားထုတ်စဉ် ဘယ်မီးတွေများ ငြိမ်းနေပါလိမ့်မယ်လို့ ဆက်တွေးလိုက်တော့....

လူတစ်ယောက် တရားအားထုတ် နေစဉ်မှာ ကိုယ့်စိတ်ကို ကိုယ်က ကောင်းကောင်း control လုပ်နိုင်မယ် ဆိုရင် ဘာတွေငြိမ်းသွားမလဲ။

၁ - စိုးရိမ်ခြင်းမီးတွေ ငြိမ်းမယ်။

အဲဒီ မီးစကို ဆွဲထုတ် လိုက်တာနဲ့ သူနဲ့ တဆက်တည်းဖြစ်တဲ့(၄)စ ငြိမ်းသွားပြီပဲ။

ဘာတွေလိုက်ငြိမ်းမလဲဆိုတော့

၂- မစိုးရိမ်တော့ မငိုကြွေးရတော့ဘူးနော်။ ငိုကြွေးခြင်းမီး ငြိမ်းနေပါပြီ။

၃- စိုးရိမ်ခြင်းနဲ့ ငိုကြွေးခြင်းမီးတွေ ငြိမ်းနေတော့ ကိုယ်လည်းချမ်းသာနေပြီမို့ ကိုယ်ဆင်းရဲခြင်းမီးလည်း ငြိမ်းနေပါပေါ့လား။

၎- အနေနဲ့ ကိုယ်ဆင်းရဲခြင်းမရှိသလို စိတ်ဆင်းရဲခြင်းလည်း ကင်းနေပြီမို့ ဒီစိတ်ဆင်းရဲခြင်းဆိုတဲ့မီးလည်း ငြိမ်းနေပါပြီနော်။

အော် တရားအားထုတ်နေစဉ်မှာ ဒီလေးမီးတော့ သက်သာနေပြီ။ မီးလေးစတော့ ဆွဲထုတ်နိုင်လို့ ငြိမ်းနေကြပြီဆိုတာလေး မြင်လာပါပြီ။ ဒါတင်ပဲလားလို့ ဆက်လိုက်တော့ နောက်ထပ်ငြိမ်းတာတွေပါ ထပ်တွေ့လာရ ပါတယ်။

နောက် ဘာငြိမ်းနိုင်မလဲ ဆိုတော့ တရားအားထုတ်စဉ်မှာ ကိုယ့်စိတ်ကို ငြိမ်းအေးအောင်ထား နေနိုင်လို့ လောဘ၊ ဒေါသ၊ မောဟတွေ အဝင်မခံတဲ့အတွက် ရှေ့သုံးမီးဖြစ်တဲ့

၅- လောဘမီး

၆- ဒေါသမီး

၇- မောဟမီးတွေပါ ငြိမ်းနေပြန်ပါပြီ။

ဘယ်လိုလုပ်ငြိမ်းရသလဲဆိုတော့ လောဘဖြစ်ရင် တန်းသိမယ်။ ဒေါသဖြစ်ရင် တန်းသိမယ်။ မောဟ လည်း ဒီအတိုင်းပဲ။ ဘာလို့ တန်းသိတာလဲ။ တန်းသိအောင် သတိနဲ့ စောင့်ကြည့်နေလို့ပေါ့။ ဒါကိုပဲ တရားထိုင်တယ်လို့ ပြောတာ။

အဲဒီတော့ အစောက (၄) မီးနဲ့ အခု (၃)မီး ပေါင်း(၇)မီး ငြိမ်းနေနိုင်ပြီပေါ့။

ဒါဆို ကျန်တာ အလယ်(၄)မီး ရှိသေးတယ်။ အဲဒီထဲက မွေးဖွားခြင်း လို့ခေါ်တဲ့ ဇာတိမီး တစ်ခုကတော့ ငြိမ်းနိုင်ပါတယ်တဲ့။

၈- ဇာတိမီးလည်း ငြိမ်းနေပေါ့။

ကျန်တဲ့ အို၊ နာ၊ သေကတော့ ဘယ်သူမှငြိမ်း လို့ရမှာ မဟုတ်ပါဘူးတဲ့။ တရားထိုင်ရင်းနဲ့ တောင် နာခြင်း မီးတွေ အလောင်ခံ၊ အိုခြင်းမီးတွေ အလောင်ခံနေရတာ၊ သေခြင်းမီးကလည်း တရားထိုင်ခြင်းနဲ့ မငြိမ်းနိုင်လို့ ဒီ(၃)မီးကတော့ ဆက်လောင်နေဦးမှာပါပဲတဲ့။

ဒါဆိုရင် (၁၁)မီးထဲက တရားထိုင်နေရင်းနဲ့ (၈)မီး ဆွဲနှုတ်နိုင်ပါတယ်။

ကဲ.. (၁၁) မီးလောင်မယ့်အစား (၃)မီးပဲ အလောင်ခံရတော့ မသက်သာပေဘူးလား။ ဒါကြောင့် တရား တစ်ခါထိုင်ရင် ဒီမီး(၈)မီးတော့ ဆွဲထုတ်နေနိုင်ပြီလို့ မြင်ထားလိုက်ပါပြီ။

ဘာပဲဖြစ်ဖြစ်လေ ပုံမှန်ချိန်မှာ အလောင်ခံနေရတဲ့ (၁၁)မီးထဲကမှ တရားထိုင်ချိန်မှာ (၈)မီးဆွဲထုတ်လိုက်မယ် ဆိုရင် ကျန်တဲ့ အပူလောက်ပဲခံရတော့မှာပါနော်။

ဒါလောက်တောင် အပူတွေ သက်သာသွားမယ့် ကျင့်စဉ်မို့ မီးငြိမ်းတရား (သို့မဟုတ်) မီးလွတ်တရားလို့ ခေါ်ကြတာပေါ့။ ဒါဆို ကျနော်တို့အနေနဲ့ ပူလောင်မှု့တွေ လျှော့ချင်ရင် တရားမထိုင်သင့်ပေဘူးလား။ ထိုင်သင့်တယ် လို့ ထင်ရင် စကြိုးစားပေတော့။

အင်း ကြာတော့ ဒီမီးတွေ အလောင်ခံရလွန်းလို့ ဘယ်တော့ ပြာဖြစ်မလဲတောင် မသိပါဘူး။

တဖြည်းဖြည်းချင်းနဲ့ ဆံပင်တွေတောင် ဖြူလာတယ်ဆိုရင်ပဲ အော်ငါတော့ မီးလောင်ခံရလွန်းလို့ ဆံပင်တွေ တောင် ပြာရောင်ပေါက်လာပါပေါ့လားလို့ တွေးလို့တောင်ရနေပြီနော်။

အဲဒီတော့ ကိုယ့်ကိုကိုယ် ဒေါသထွက်ရင် ဟာ.. မီးတွေ လောင်နေပြီလို့သာ ပြန်ကြည့်ပေတော့။ ဒီလိုပဲ ဒီ(၁၁)မျိုးထဲက တစ်ခုခုဖြစ်လာရင် မီးတွေ လောင်နေပြီ။ မြန်မြန်ငြိမ်းမှပဲလို့သာ သတိနဲ့ နေပေးရပါတော့မယ်။ ကဲ..ဒါဆိုရင်တော့ ဒီနေ့(၁၁)မီး အကြောင်း ကောင်းကောင်း သိသွားပြီဖြစ်လို့၊ (၁၁)မီးမှ (၈)မီးနှုတ်နိုင်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

ဒါပေမယ့် ဆုတောင်းရုံနဲ့ တော့ မရဘူးနော်…။ ကိုယ်တိုင် ကြိုးစားအားထုတ်မှ ရမှာမို့ လက်တွေ့စလို့ မီးစတွေ ဆွဲနုတ်ကြပါစို့လား။

Posted by dimplemit
[Myanmar Friends Day Group]

Nin Shi Hma Pyae Sone Hmar

Saturday, November 26, 2011

အကြိမ်ကြိမ် မှာကြားသွားတယ်


သံသရာနှင့် ပတ်သက်လို့ သီချင်းတစ်ပုဒ်ရဲ့ စာသားအချို့ကို မှတ်မိနေပါတယ်။ ..သံသရာဆွဲဆန့်လို့… ဘယ်လောက်ပင်ရှည်ရှည်… ချစ်သူရင်ခွင်ကြား နားနားနေနေ… မျောရင်လည်းမျောပါစေ၊ ချစ်သူရင်ခွင်သည်သာ ငြိမ်းချမ်းရာမြေ..တဲ့…။
ပညာတတ် အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြောတယ်။ ..သံသရာဆိုတာ ရှိရင် ရှိမယ်၊ မရှိရင် မရှိဘူး။ ဒါကို ကျုပ် စိတ်မ၀င်စားဘူး..တဲ့…။
လူလတ်ပိုင်းထဲက သံသယ၀ါဒီတစ်ဦးက ဆိုပြန်တယ်။ ..ပိဋ္ဋိကတ်သုံးပုံဆိုတာ တကယ့်ဘုရားဟော ဟုတ်ရဲ့လား..တဲ့။
အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးကတော့…
..ဘ၀ဇာတ်သိမ်းငြိမ်းရာဆိုတဲ့ နိဗ္ဗာန်ဆိုတာ မလိုချင်သေးဘူး။ ဥာဏ်လည်းမမီဘူး။ တစ်ဘ၀ပြီးတစ်ဘ၀ ခံစားနေချင်သေးတယ်..တဲ့။
သဘောတရားဆရာကြီးတစ်ဦးကတော့ ဒီလိုမျိုးပြောတယ်…
..ကျုပ်က သံသရာမှာ ဘ၀ပေါင်းများစွာကို အထက်တန်းကျကျ လျှောက်လှည့်ပြီး လေ့လာနေချင်သေးတယ်၊ ကျွတ်တမ်းဝင်ဖို့ဆိုတဲ့ အလုပ်ကို ကျုပ်မလုပ်လိုဘူး..တဲ့။
အဘိဓမ္မာသင်တန်း အတူတက်နေတဲ့ အသက်၇၀ကျော် ပညာတတ်အငြိမ်းစား အရာရှိကြီးက ပြောလာတယ်။
..ကျုပ်တော့ ဟောတာ၊ ပြောတာတွေ နားထောင်ရလေလေ သံသယ၀င်လေလေပဲ၊ ဘာသာပြောင်းပြီး လေ့လာရမလားလို့တောင် စိတ်ကူးနေတယ်..တဲ့။
လူကြီးတစ်ဦးက မေးလာပြန်တယ်။ ..ဒီတရားဓမ္မတွေ သိလာအောင် ဗုဒ္ဓဘုရားကို ဘယ်သူက သင်ပေးသွားတာတုံး..တဲ့။
ဒီလိုမျိုး အပြောအဆိုတွေ၊ အမေးအမြန်းတွေ၊ သံသယပွားနေတာတွေကို ကြားသိသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကတော့ အခုလို သုံးသပ်တယ်။
..ဒါတွေကို ကြားရတဲ့ ဗုဒ္ဓဘာသာဝင်အနေနဲ့ သွေးလန့်ကောင်း သွေးလန့်ပေလိမ့်မယ်၊ ဒါပေမယ့် ကျုပ်အဖို့တော့ မဆန်းဘူးဗျာ.. Freedom is appreciation of necessary လို့ဆိုထားတယ် မဟုတ်လား။ Necessity သိရင်၊ freedom ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ၊ အခုလိုမျိုး ဘုရားတရားပေါ်မှာ သံသယ၀င်လာကြတာဟာ ကမ္ဘာလောကကြီး ပျက်ဖို့အတွက် လိုအပ်ချက် Necessity တွေပဲဗျ။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ဟောထားပြီးသားပါ။ ယခုအခါ ဘုန်းတော်ကြီးများကလည်း လူတွေသိအောင် ဟောပြနေပါတယ်။ ..ဆုတ်ကပ်..အကြောင်း လေ့လာကြည့်ပါ။ ဒီလိုမျိုး အပြောအဆို၊ အပြုအမူတွေဟာ ဆုတ်ကပ်ဖြစ်ပေါ်မယ့် အဆင့်တိုင်းမှာ ပေါ်လာစမြဲပါ..လို့ သူက သုံးသပ်တယ်။

သုံးသပ်ချက်ကို စိတ်ဝင်စားတာကြောင့် ကမ္ဘာစောင့်တရားများအကြောင်း လေ့လာကြည့်မိတယ်။ ကမ္ဘာစောင့်တရားကြီး နှစ်ပါးရှိကြောင်း သိရတယ်။ နံပါတ်(၁)က အာဇီဝဋ္ဌမကသီလ ဆိုတဲ့တရား။ နံပါတ်(၂)က ဗြဟ္မစိုရ်တရားတို့ ဖြစ်ကြတယ်။ နံပါတ်(၁)ဖြစ်တဲ့ အာဇီဝဋ္ဌမကသီလတရား ဆိုတာက…
(က) သက်ရှိသတ္တ၀ါတို့ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ခ) သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဂ) သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဃ) မဟုတ်မမှန်သော စကား(မုသား)ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(င) ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(စ) ဆဲရေးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဆ) အတင်းအဖျင်းပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဇ) ဒုစရိုက်လုပ်ငန်းတို့ဖြင့် စီးပွားရှာခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်တယ်။
နံပါတ်(၂) ဗြဟ္မစိုရ်တရားကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုပြီး ၄-ပါးရှိကြောင်း သိရတယ်။

ဒီကမ္ဘာစောင့်တရားကြီးနှစ်ပါး ထွန်းကားနေတဲ့ ကာလမှာ ကမ္ဘာကြီးဟာ ငြိမ်းချမ်းနေပါတယ်။ သာယာနေတယ်။ သတ္တ၀ါတွေဟာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနေကြတယ်။ လူတွေရဲ့သက်တမ်းဟာ အသင်္ချေအထိ တိုးတက်နေတယ်လို့ ဆိုတယ်။
ဒါပေမဲ့ လူတွေမှာ လောဘ၊ ဒေါသ၊ မောဟတရား (၃)ပါးဖြစ်ပေါ်လာတဲ့အခါ လူတွေရဲ့ သက်တမ်းဟာ လျော့ကျဆုတ်ယုတ်သွားတယ်။ အသင်္ချေယတန်းမှ တစ်သိန်းအထိ ဆုတ်ယုတ်သွားတယ်။ ဒါပေမဲ့ လောဘ၊ ဒေါသ၊ မောဟ အားနည်းသေးတဲ့အတွက် လူ့လောကကြီးမှာ ခိုးမှု၊ သတ်မှုဆိုတာ မပေါ်ပေါက်သေးဘူး။ ဒါပေမဲ့ အသက်ရှစ်သောင်းတန်းအထိ ကျလာတဲ့အခါမှာတော့ ခိုးမှု၊ သတ်မှုဆိုတဲ့ ဒုစရိုက်နှစ်ပါး ပေါ်ထွန်းလာတယ်။ ဒီအခါမှာ အသက်ရှစ်သောင်းတန်းမှာရှိတဲ့ လူတွေရဲ့ သားသမီးတွေဟာ အသက်ရှစ်သောင်းတန်းအထိ မနေရတော့ဘူး။ အသက်လေးသောင်းတန်းအထိပဲ နေကြရတော့တယ်။ သက်တမ်းတစ်ဝက်တိတိ လျော့ကျသွားတယ်။

တစ်ခါ အသက်လေးသောင်းတန်းမှာ မုသာဝါဒဆိုတဲ့ လိမ်ညာမှုတွေပေါ်လာလို့ သက်တမ်းတစ်ဝက် လျော့ကျသွားပြန်တယ်။ သက်တမ်း နှစ်သောင်းတန်း ဖြစ်လာတယ်။ တစ်ခါကုန်းတိုက်မှု(ပိသုဏ၀ါစာ) ပေါ်လာပြန်တဲ့အခါ သက်တမ်းတစ်ဝက် ထပ်လျော့သွားပြန်တယ်။ သက်တမ်းတစ်သောင်းတန်းမှာ တဏှာရာဂ ပိုမိုထူပြောလာတဲ့အတွက် သူတစ်ပါး သားမယားကို မတော်မတရား ကျူးကျော်မှုတွေ ဖြစ်လာတယ်။ ဒီအခါမှာ အသက်ငါးထောင်တန်းအထိ ကျသွားပြန်တယ်။ ငါးထောင်တန်းမှာ တစ်ခါကြမ်းတမ်းစွာ ဆဲဆိုမှု၊ အတင်းအဖျင်း ပြောဆိုမှုတွေ ပေါ်လာပြန်တော့ သက်တမ်းနှစ်ထောင်အထိ ဆုတ်သွားပြန်တယ်။ တစ်ခါ ..သူတစ်ပါး ပစ္စည်းဥစ္စာ မတရားရယူရန် ကြံစည်မှု(အဘိဇ္ဈာ) တရားနဲ့ သူတစ်ပါးသေကြေပျက်စီးစေလိုမှု(ဗျာပါဒ)တရား ..နှစ်ပါး ပေါ်ပေါက်လာပြန်တဲ့အခါ သက်တမ်းတစ်ထောင်တန်းအထိ ကျသွားတယ်။

တစ်ခါ တဏှာ၊ ရာဂ ထူပြောလာတာနဲ့အမျှ အဓမ္မရာဂဆိုတဲ့ မတပ်မက်အပ်သော ..အမိ၊ အမေ၊ အစ်မ၊ သမီး..တို့အပေါ် တပ်မက်ခြင်း၊ ၀ိသမလောဘဆိုတဲ့ မိမိဇနီးမယားအပေါ်မှာ အလွန်အကျူးနည်းလမ်းမကျ မေထုန်မှီဝဲခြင်း၊ မစ္ဆာဓမ္မဆိုတဲ့ လိင်တူအချင်းချင်း ကျူးလွန်ဖောက်ပြန်ခြင်းဆိုတာတွေ ပေါ်လာပြန်တော့ လူတွေရဲ့သက်တမ်းဟာ နှစ်ရာအထိ ကျသွားတယ်။

တစ်ခါ ရတနာသုံးပါးနဲ့ အမိ၊ အဘများအပေါ် ပြုသင့်ပြုထိုက်သော (၀တ်ကြီးဝတ်ငယ်) ကျင့်ဝတ်တွေ၊ အရိုအသေပြုမှုတွေ ပျက်စီးလာတဲ့အခါ အသက်တစ်ရာတန်းအထိ ကျသွားတယ်။ ဒီနောက် ဒုစရိုက် ဆယ်ပါးလုံး ပြည့်ပြည့်စုံစုံနဲ့ လွန်လွန်ကဲကဲ ကျူးလွန်လာကြတဲ့အခါမှာ လူတွေရဲ့ သက်တမ်းဟာ တစ်ရာအထိတောင် မနေကြရတော့ဘူး။ ဒီအခါမှာ လောကကို စောင့်ရှောက်ပေးနေတဲ့ ..အရှက်၊ အကြောက် (ဟိရီ၊ သြတ္တပ္ပ) တရားလည်း ပျောက်ကွယ်လာတယ်။ ဒီနေ့ကမ္ဘာမှာ လူတွေရဲ့သက်တမ်းဟာ (၇၅)နှစ်အထိ နေကြရသူ နည်းလာတယ်။ နေ့စဉ်နဲ့အမျှ အစွမ်းထက်တဲ့ လက်နက်တွေနဲ့ သတ်နေကြ၊ သေနေကြရတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ သေနေကြရတယ်။ ဆေးကုလို့မရတဲ့ ရောဂါတွေနဲ့ သေနေကြရတယ်။ ငတ်မွတ်ခေါင်းပါးလို့ သေနေကြရတယ်။ နှစ်စဉ်သန်းပေါင်းများစွာ သေနေကြရတယ်။ ဒါ့အပြင် ယခုလိုမျိုး ဘုရားတရားအပေါ်မှာ သံသယတွေ များလာခြင်းနဲ့အတူ တွေ့မှ၊ မြင်မှ ယုံမယ်၊ ကိုယ်တိုင်တွေ့မြင်မှ တကယ်ရှိတယ်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ တစ်နည်းပြောရရင် အာရုံသိအဖြစ်သို့ရောက်မှ ..ရှိခြင်း..ဆိုတာကို လက်ခံပြီး၊ မိမိတို့ ..အာရုံသိ.. အဖြစ်သို့ မရောက်လျှင် ..ရှိခြင်း..ဆိုတာ လက်မခံတဲ့သဘော ဖြစ်လာတယ်။ ဒါဟာ ၀ိပဿနာဥာဏ်မှတစ်ဆင့် တက်လှမ်းရမယ့် လောကုတ္တရာဥာဏ်ကွယ်မယ့်သဘော (၀ါ) ဘုရားသာသနာကွယ်မယ့်သဘော၊ လူတွေရဲ့သက်တမ်းဟာ (၁၀)နှစ်တမ်းအထိ ထိုးဆင်းသွားမယ့်သဘောရဲ့ ရှေ့ပြေးနိမိတ်တွေ ဖြစ်တယ်။

အမှန်မှာ ကိလေသာဝဋ္ဋ်၊ ကမ္မ၀ဋ္ဋ်၊ ၀ိပါက၀ဋ္ဋ်ဆိုတဲ့ ၀ဋ္ဋ်(၃)ပါးလည်ပတ်နေတာရယ်၊ ရုပ်နာမ်တို့ရဲ့ ကြောင်းကျိုးဖြစ်စဉ်ကို ဂဃနဏ မလေ့လာ မသိရှိတာရယ်ကြောင့် သံသရာဆိုတာ ရှိချင်ရှိမယ်၊ မရှိရင် မရှိဘူး ဆိုတာတို့ကစပြီး ဘုရားဟော ပိဋ္ဋိကတ်သုံးပုံဟာ တကယ်ဘုရားဟော ဟုတ်ရဲ့လားဆိုတာတို့ ဘုရားကို ဒီဥာဏ်တွေ ဘယ်သူသင်ပေးသွားတာတုံးဆိုတာတို့အထိ အတွေးအမြင် အလွန်တိမ်ကာ သေးသိမ်ကျဉ်းမြောင်းလာကြတယ်။ သံသယတွေ ၀င်လာကြတယ်။ ဒီလိုမျိုး ဖြစ်လာတာဟာ အမှတ်တမဲ့နဲ့ အကြောင်းမဲ့ ဖြစ်လာတာလို့ မဆိုနိုင်ဘူး။ ဒီလိုမျိုး ကစင့်ကလျား တွေးလာကြခြင်းရဲ့ အကျိုးသက်ရောက်မှုက လူတွေဟာ ယခုထက်ပိုပြီး အကုသိုလ်ဒုစရိုက်တွေ လုပ်လာကြလိမ့်ဦးမယ်၊ ဒီအခါမှာ ယခုထက် သက်တမ်းတွေ ..တို..လာကြလိမ့်ဦးမယ်။ အခုဆိုရင် အာဖရိကတိုက်က ဆွာဇီလန်နိုင်ငံမှာ လူတွေရဲ့သက်တမ်းဟာ (၃၄)နှစ်သာရှိပြီး မာလာဝီနိုင်ငံမှာ ပျမ်းမျှသက်တမ်း (၂၇)နှစ်ပဲ ရှိတော့တယ်။ နောက်ဆုံး (၁၀)နှစ်အထိ ရောက်သွားလိမ့်မယ်။ ယခု သတ်ဖြတ်သေကြေ နေကြရတာထက် အဆတစ်ရာသာမယ့် လောကငရဲကို ရောက်ကြရလိမ့်ဦးမယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်တွေသာ ဖြစ်တယ်။ ဒါကြောင့်လည်း ဘုရားရှင်က ဤသို့ အကြိမ်ကြိမ် မှာကြားသွားခဲ့သည်။

..၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာ ဒေန၊ သမ္မာဒေထ.. ဖြစ်ခြင်းသဘောရှိသော တရားတို့သည် ပျက်ခြင်းသဘော ရှိကုန်၏။ သတ္တ၀ါတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲ သတိပဋ္ဌာန်တရားကို အားထုတ်ကာ သီလ၊ သမာဓိ၊ ပညာတို့ကို ဆောက်တည်ကြ၊ သတိတရား လက်ကိုင်ထားကာနေကြလို့ အကြိမ်ကြိမ် မှာကြားသွားပါတယ်။

စိုးဝင်း (ချောက်)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း မှ ရိုက်ကူးမျှဝေပါသည်။ 

Monday, November 21, 2011

War So

အဆိုးဆုံးရောဂါ ကုစားပါ


..ရောဂ..သဒ္ဒါသည် နာကျင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထိုရောဂါသည် --
(၁) ကိုယ်မှာဖြစ်သော အနာရောဂါ၊
(၂) စိတ်မှာဖြစ်သော အနာရောဂါဟု နှစ်မျိုးနှစ်စားရှိပါသည်။ ထိုတွင် ကိုယ်မှာဖြစ်သော အနာရောဂါသည် သွေးကြောင့်ဖြစ်သော ရောဂါ၊ လေကြောင့်ဖြစ်သောရောဂါ စသည်ဖြင့် (၉၆)ပါးသာရှိပါသည်။ စိတ်မှာဖြစ်သော အနာရောဂါကား (၁၅၀၀)တောင် ရှိပါသည်။ (၉၆)ဖြာ အနာရောဂါသည် မိမိသန္တာန်မှာ ဖြစ်သည်ရှိသော် သေလုအောင်လည်း ရောဂါခံစားချင်ခံစားရမည်၊ သေချင်လည်း သေမည် (တစ်နည်းသော်) သေလုအောင်လည်း နှိပ်စက်ချင်လျှင် နှိပ်စက်မည်၊ သေအောင်လည်း နှိပ်စက်ချင်လျှင် နှိပ်စက်မည်။

သို့သော် ထို(၉၆)ဖြာ အနာရောဂါကြောင့်တော့ အပ္ပါယ်(၄)ပါးသို့ မကျရောက်နိုင်ပေ။ (၁၅၀၀) ကိလေသာ အနာရောဂါကား ဤဘ၀မှာလည်း ဒေ၀ဒတ်လောင်း ရွဲကုန်သည်ကို ၀ိသမလောဘကိလေသာ အနာရောဂါကြောင့် သွေးပွက်ပွက်ဆူအောင် အန်ကျခြင်းကဲ့သို့ ပစ္စုပ္ပန်ဘ၀မှာလည်း သေလုအောင်၊ သေအောင်ခံစားရသည့်အပြင် သေပြီးတမလွန် လောက၊ နောင်ဘ၀မှာလည်း အပ္ပါယ်(၄)ပါးသို့ ကျရောက်နိုင်ပါသည်။

* (၁၅၀၀) ကိလေသာအနာရောဂါ
ကိလေသာဟူသောပုဒ်သည် ..ကိလိသ..ဟူသော သဒ္ဒါမှ ကိလေသာဟု ဖြစ်လာသည်။ ထိုကိလိသ -- သဒ္ဒါသည် ..ညစ်နွမ်းစေခြင်း..၊ ..ပူလောင်စေတတ်ခြင်း..ဟု အဓိပ္ပါယ်ရပါသည်။ ကိလေသာအနာရောဂါမရှိသော မူရင်းစိတ်ကား အင်မတန်ဖြူစင်ပါသည်။ ထိုသို့ ဖြူစင်သော်လည်း ပင်ကိုဖြူစင်သော အ၀တ်ကို ကြေးညှော်(ဂျီးညှီ)နှင့်ထိလျှင် ညစ်နွမ်းသွားသကဲ့သို့ ထိုဖြူစင်သော စိတ်မှာလည်း ကိလေသာကြေးညှော်(ဂျီးညှီ) ကပ်ငြိသွားသောကြောင့် ညစ်နွမ်းသွားရတာ ဖြစ်ပါသည်။ ထို့ကြောင့် ကိလေသာ -- ဟုဆိုအပ်သော ..ကိလိသ..မူရင်းသဒ္ဒါသည် ..ညစ်နွမ်းစေခြင်း..ဟု အဓိပ္ပါယ်ရတာ ဖြစ်ပါသည်။ ထို့အတူ ကိလေသာ ကင်းစင်သော ပင်ကိုမူရင်းစိတ်သည် ဖြူစင်သော်လည်း ထိုစိတ်အပေါ် ၀ိသမလောဘကိလေသာ၊ ဒေါသကိလေသာ စသည်များ ကပ်ငြိပါက အင်မတန်ပူလောင်ပါသည်။ မည်မျှပူလောင်သည်ဆိုသည်မှာလည်း ကပ်ငြိဖူးသူတိုင်း သိကြပါသည်။ သူတစ်ပါးအပေါ် ဒေါသအမျက်ချောင်းချောင်းထွက်ပါက ထိုဒေါသသူတစ်ပါးအပေါ်မကျရောက်မီ မိမိသည်ပင် အနည်းဆုံး မျက်နှာနီမြန်းခြင်း၊ ကိုယ်တဆတ်ဆတ်တုန်ခြင်း စသည်ဖြင့် ပြင်းထန်လျှင်ပြင်းထန်သလောက် ပူလောင်ပါသည်။ ထို့ကြောင့် ..ကိလေသာ..ဟုဆိုအပ်သော ..ကိလိသ..သဒ္ဒါသည် ..ပူလောင်စေတတ်ခြင်း..ဟုလည်း အဓိပ္ပါယ်ထွက်တာဖြစ်ပါသည်။

* ကိလေသာ (၁၀) ပါးမှ (၁၅၀၀) ဖြစ်ပုံ
ထိုကိလေသာသည် --
..လော၊ ဒေါ၊ မော၊ မာ၊ တစ်ဖြာ ဒိဋ္ဌိ၊ ၀ိ၊ ထိ၊ ဥဒ်၊ အ၊ နောတ္တပ္ပ၊ ဆယ်ဝကိလေသာ..ဟူသည့်အတိုင်း
(၁) လောဘ ကိလေသာ = လောကီအာရုံကာမဂုဏ် လိုချင်တပ်မက်စွဲလမ်းခြင်း။
(၂) ဒေါသ ကိလေသာ = အမျက်ထွက်ခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း။
(၃) မောဟ ကိလေသာ = အာရုံ၏အမှန်သဘောကို ဖုံးကွယ်ခြင်း၊ မသိမိုက်မဲခြင်း၊ တွေဝေခြင်း။
(၄) မာန ကိလေသာ = ထောင်လွှားတက်ကြွခြင်း။
(၅) ဒိဋ္ဌိ ကိလေသာ = မှားမှားယွင်းယွင်းသိစေခြင်း (အယူမှားခြင်း)။
(၆) ၀ိစိကိစ္ဆာ ကိလေသာ = ဘုရား၊ တရား၊ သံဃာနှင့် ကံ၊ ကံ၏အကျိုးမှာ ယုံမှားခြင်း။
(၇) ထိန ကိလေသာ = စိတ်မလန်းဘဲ ခပ်ထိုင်းထိုင်း ဖြစ်နေခြင်း။
(၈) ဥဒ္ဓစ္စ ကိလေသာ = စိတ်ပျံ့လွင့်ခြင်း။
(၉) အဟိရိက ကိလေသာ = ဒုစရိုက် (၁၀) ပါးကို ပြုလုပ်ရမှာ မရှက်ခြင်း။
(၁၀) အနောတ္တပ္ပ ကိလေသာ = ဒုစရိုက် (၁၀) ပါးကို ပြုလုပ်ရမှာ မကြောက်လန့်ခြင်းဟူ၍ ကိလေသာ (၁၀) ပါး ရှိပါသည်။

ထိုအကျဉ်း (၁၀) ပါးမျှရှိသော ကိလေသာသည် --
..နာမ်တေပညံ၊ ရုပ်နိပ္ဖန်၊ လက္ခဏံရုပ်လေး၊ သန္တာန်နှစ်ဝ၊ မြှောက်ဆင့်က၊ တစ်ရာ့ငါးဆယ်ရေး၊ ဆယ်ကိလေသာ၊ မြှောက်ဆင့်ကာ၊ ငါးရာ့တစ်ထောင်တွေး..ဟူသော လင်္ကာနှင့်အညီ လောဘကိလေသာသည် ..နာမ်တေပညံ..အရ စိတ်(၁)ပါး၊ စေတသိက်(၅၂)ပါး - ပေါင်း(၅၃)ပါး၊ ..ရုပ်နိပ္ဖန်..အရ နိပ္ဖန္နရုပ်(၁၈)ပါး၊ ..လက္ခဏံရုပ်လေး..အရ လက္ခဏရုပ်(၄)ပါး စုစုပေါင်း (၇၅)ပါးကို အာရုံပြု၍ ထို (၇၅)ပါးသော အာရုံသည် ..သန္တာန်နှစ်ဝ၊ မြှောက်ဆင့်က၊ တစ်ရာ့ငါးဆယ်ရေး..အရ မိမိအန္ဈတ္တသန္တာန်မှာလည်း ရှိ၏။ သူတစ်ပါး ဗဟိဒ္ဓသန္တာန်မှာလည်း ရှိ၏။ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ကို အာရုံပြု၍ လောဘပေါင်း (၇၅)ပါးဖြစ်၏။ ဗဟိဒ္ဓသန္တာန်ကို အာရုံပြု၍ လောဘပေါင်း (၇၅)ပါးဖြစ်ရကား လောဘပေါင်း (၁၅၀) ဖြစ်၏။
..ဆယ်ကိလေသာ၊ မြှောက်ဆင့်ကာ၊ ငါးရာ့တစ်ထောင်တွေး..အရ၊ လောဘကိလေသာကဲ့သို့သော ကိလေသာများလည်း (၁၅၀) စီရှိရကား (၁၅၀)ကိုတည်၍ ကိလေသာ(၁၀)ပါးဖြင့် မြှောက်ပါက (၁၅၀၀) ကိလေသာ ဟူ၍ ဖြစ်လာရပါသည်။
ထိုသို့ ကိလေသာ အကျဉ်း(၁၀)ပါး၊ အကျယ် (၁၅၀၀) ရှိသော်လည်း အကြောင်းရင်း (ဟိတ်) ကိလေသာမှာ လောဘ၊ ဒေါသ၊ မောဟ -- ဟုဆိုအပ်သော ကိလေသာ (၃)ပါးသာ အကြောင်းရင်းဖြစ်ပါသည်။

* အကုသိုလ် ကိလေသာနှင့် ကပ်ကြီး (၃) ပါး
သတ္တ၀ါတွေ သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာအနာရောဂါများ အားကြီးပါက -- ကပ်ကြီး (၃) ပါး ဆိုက်ရောက်တတ်ပါသည်။
(၁) ငတ်မွတ်ခေါင်းပါး အစာရှားခြင်းဘေးဆိုက်၍ ပျက်စီးခြင်း ဒုဗ္ဘိက္ခန္တရကပ်။
(၂) လက်နက်ဘေးကြောင့် ပျက်စီးခြင်း သတ္ထန္တရကပ်။
(၃) ကူးစက်တတ်သော အနာရောဂါဘေးကြောင့် ပျက်စီးခြင်း ရောဂန္တရကပ် ဟု ကပ်ကြီး(၃)ပါး ရှိသည်တွင် --
(က) သတ္တ၀ါတို့၏ သန္တာန်မှာ ၀ိသမလောဘတရား အားကြီးသောအခါ --
..လောဘကြီးက၊ ငတ်မွတ်ကြ၊ ဒုဗ္ဘကပ်ကြီးဆိုက်..ဆိုသည့်အတိုင်း အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်တတ်ပါသည်။
(ခ) သတ္တ၀ါတို့၏ သန္တာန်မှာ ဒေါသတရား အားကြီးသောအခါ --
..ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်..ဆိုသည့်အတိုင်း လက်နက်ဘေးဟူသော သတ္ထန္တရကပ် ဆိုက်ရောက်တတ်ပါသည်။
(ဂ) သတ္တ၀ါတို့၏ သန္တာန်မှာ မောဟတရား အားကြီးသောအခါ --
..မောဟကြီးက၊ အနာရ၊ ရောဂကပ်ကြီးဆိုက်..ဆိုသည့်အတိုင်း အနာရောဂါဘေးဟူသော ရောဂန္တရကပ် ဆိုက်ရောက်တတ်ပါသည်။

* အကုသိုလ်ကိလေသာ အနာရောဂါနှင့် တမလွန်က ကပ်ဘေး
(က) သတ္တ၀ါတို့၏ သန္တာန်မှာ ၀ိသမလောဘအားကြီးသောအခါ ဤဘ၀မှာပင် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်တတ်သည် မဟုတ်သေး။ တမလွန်လောက နောင်ဘ၀မှာလည်း --
..လောဘနှင့်သေ၊ ပြိတ္တာပြေ(ပြည်)၊ ရောက်လေဧကန် မလွဲတည်း..ဆိုသည့်အတိုင်း ပြိတ္တာကဲ့သို့သော ဘ၀မျိုးသို့ ကျရောက်တတ်ပါသည်။
(ခ) သတ္တ၀ါတို့၏ သန္တာန်မှာ တစ်ဦးနှင့်တစ်ဦး သည်းမခံနိုင်ဘဲ ဒေါသတရား အားကြီးသောအခါ --
ဤဘ၀မှာပင် သတ္ထန္တရကပ် ဆိုက်ရောက်တတ်သည် မဟုတ်သေး၊ တမလွန်လောက နောင်ဘ၀မှာလည်း
..ဒေါသနှင့်သေ၊ ငရဲပြေ(ပြည်)၊ ရောက်လေဧကန်မလွဲတည်း..ဆိုသည့်အတိုင်း ငရဲဘ၀မျိုးသို့ ကျရောက်တတ်ပါသည်။
(ဂ) သတ္တ၀ါတို့၏ သန္တာန်မှာ မသိမိုက်မဲမှု မောဟအားကြီးသောအခါ ဤဘ၀မှာပင် ရောဂန္တရကပ် ဆိုက်ရောက်တတ်သည် မဟုတ်သေး၊ တမလွန်လောက နောင်ဘ၀မှာလည်း
..မောဟနှင့်သေ၊ တိရစ္ဆာန်ပြေ(ပြည်)၊ ရောက်လေဧကန် မလွဲတည်း..ဆိုသည့်အတိုင်း တိရစ္ဆာန်ဘ၀မျိုးသို့ ကျရောက်တတ်ပါသည်။
ဤသည်တို့မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ အနာရောဂါရှိသူတို့ ရရှိခံစားရသော အကျိုးရင်းနှင့် အကျိုးဆက်များပင် ဖြစ်ပါသည်။

 * မြတ်ဗုဒ္ဓ၏ ဆေး (၄) မျိုး
သတ္တ၀ါတို့ သန္တာန်မှာဖြစ်သော (၉၆)ဖြာ အနာရောဂါစွဲကပ်ပါက သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေး၊ ထိုးဆေး၊ စားဆေး စသည်ဖြင့် များစွာရှိသော်လည်း ကိလေသာ အနာရောဂါအတွက် မြတ်ဗုဒ္ဓ၏ ဆေးတော်ကတော့ ဒါနဆေး၊ သီလဆေး၊ သမထဆေး၊ ၀ိပဿနာဆေး ဟူ၍ ဆေး(၄)မျိုးသာ ရှိပါသည်။ ထိုဆေး(၄)မျိုးကုစားပါက ကိလေသာအနာရောဂါ သက်သာပျောက်ကင်းပါမည်။
မှန်ပါသည် --
လောကီအာရုံ ကာမဂုဏ်တို့မှာ တပ်မက်စွဲလမ်းခြင်း၊ မိမိပစ္စည်းကို သူတစ်ပါးအား မပေးရက်လို ၀န်တိုခြင်း စသော လောဘကိလေသာ အနာရောဂါကို တတ်စွမ်းသမျှ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဟူသော ဒါနကုသိုလ်ဆေးဖြင့် ကုစားရပါမည်။
တစ်ဦးနှင့်တစ်ဦး သည်းမခံနိုင်ဘဲ စိတ်ဆိုးအမျက်ချောင်းချောင်း ထွက်နေသော ဒေါသကိလေသာ အနာရောဂါကို သတ္တ၀ါတို့အပေါ် မေတ္တာပို့ခြင်း၊ တစ်ဦးနှင့်တစ်ဦး ကာယကံ၊ ၀စီကံ၊ မနောကံ မေတ္တာထားခြင်း၊ သမထဘာဝနာဆေး ဖြင့်လည်းကောင်း။
တစ်ဦးနှင့်တစ်ဦး မလွန်ကျူးမိအောင် သီလကို လုံခြုံစွာ စောင့်ထိန်းခြင်းဟူသော သီလဆေးဖြင့်လည်းကောင်း ကုစားရပါမည်။
အမှန်ကို ဖုံးလွှမ်းခြင်း၊ မသိမိုက်မဲခြင်း၊ တွေဝေခြင်းစသော မောဟကိလေသာ အနရောဂါကို တရားတော်များ နာကြားခြင်း ဓမ္မဿဝနဘာဝနာ၊ တရားစာပေဖတ်ရှူခြင်း ဓမ္မဿဝနဘာဝနာဟုဆိုအပ်သော သမထဘာဝနာဆေး၊ ရုပ်နာမ်၊ ဓမ္မသင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာယဉ်(၃)ပါးဖြင့် ပွားများဆင်ခြင်ခြင်း ၀ိပဿနာဆေးတို့ဖြင့် ကုစားရပါမည်။
ဒါနဆေးသည် ကိလေသာရောဂါ အထိုက်အလျောက်သက်သာ၏။ သို့သော် အမြစ်ပြတ်အောင် မပျောက်နိုင်။

သီလဆေးသည် ဒါနဆေးထက် ကိလေသာရောဂါသက်သာ၏။ သို့သော် အမြစ်ပြတ်အောင် မပျောက်နိုင်။
သမထ ဘာဝနာဆေးသည် ဒါန၊ သီလဆေးတို့ထက် ကိလေသာ ရောဂါသက်သာ၏။
မည်မျှအထိ သက်သာသနည်းဟူမူ အထက် ဘ၀ဂ် -- ဟု ဆိုအပ်သော နေ၀သညာနာသညာထတန အရူပဗြဟ္မာဘုံသားအဖြစ် မဟာကပ် (၈၄၀၀၀) ရှစ်သောင်းလေးထောင်ထိအောင် ပရိယုဋ္ဌာန၊ ၀ီတိက္ကမကိလောသာ မဖြစ်ဘဲ သက်သာပျောက်ကင်း၏။ သို့သော် အမြစ်ပြတ်အောင် မပျောက်နိုင်။
ဝိပဿနာဆေးတော်ကို သုံးစွဲမှသာ သောတာပန်ဖြစ်လျှင် ဒိဋ္ဌိဂတသမ္ပယုတ်မှာရှိသော ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကိလေသာ အနာရောဂါအမြစ်ပြတ်၏။
အနာဂါမ်ဖြစ်လျှင် ကာမရာဂနှင့် ဒေါသကိလေသာ အနာရောဂါ အမြစ်ပြတ်၏။
ရဟန္တာဖြစ်လျှင်ကား အောက်မဂ်များ မပယ်နိုင်၍ ကျန်သေးသော ကိလေသာ(၇)ပါး အနာရောဂါ အမြစ်ပြတ်၏။

ထို့ကြောင့် စိတ်မှာဖြစ်သော (၁၅၀၀) ကိလေသာ အဆိုးဆုံးအနာရောဂါကို မြတ်ဗုဒ္ဓပေးတော်မူသော ဒါနဆေး၊ သီလဆေး၊ သမထဆေး၊ ၀ိပဿနာဆေးဟူသော ဆေး(၄)မျိုးတို့ဖြင့် အဆင့်ဆင့်ကုစားပြီး နောက်ဆုံးဖြစ်သော ၀ိပဿနာဆေးတော်ကြီးဖြင့် အမြစ်ပြတ်ပျောက်ကင်းအောင် ကုစားနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။

အရှင်စန္ဒောဘာသ
(ရမည်းသင်း)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း မှ ရိုက်ကူးမျှဝေပါသည်။