Wednesday, April 25, 2012

နူနာရောဂါသည်များအား ပေးလှူကြပါ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မရမ်းချောင်းဂေဟာမှာရှိတဲ့ အနာကြီးရောဂါသည်များအား ငွေကြေး၊ ဆေးဝါး၊ အဝတ်အထည်၊စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းနှင့်စပ်လျဉ်းပြီး ဒီပိုစ့်လေးကိုရေးဖြစ်ခဲ့ပါတယ်။ ဦးဇင်းကိုယ်တိုင် လည်း တတ်နိုင်သလောက် လှူဒါန်းပြီးပါပြီ။ ငွေကြေးအင်းအားနဲ့လှူဒါန်းထားပေမယ့် ဓမ္မအင်အားနဲ့ပါ လှူဒါန်းတဲ့ အနေနဲ့ ရေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

“ယောဘိက္ခဝေ မံ ဥပဌဟေယျ သော ဂိလာနံ ဥပဌဟေယျာတိ”

မြတ်စွာဘုရားရှင်ဆုံးမဟောကြားတော်မူခဲ့တဲ့ အဆုံးအမလေးတစ်ခုရှိပါတယ်။ အဲဒါဘာလဲလို့ ဆိုတော့ “ ချစ်သားတို့ ငါဘုရားရှင်ကို လုပ်ကျွေးပြုစုချင်သောသူသည် ဂိလာနပုဂ္ဂိုလ်တို့အား ပြုစုလုပ်ကျွေးကြကုန်”ဆိုတဲ့ အဆုံးအမလေးပါ။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိတို့ရဲ့ အားကိုးမှီခိုရာဖြစ်တဲ့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင် ကိုလုပ်ကျွေးချင်ကြပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန် ပြုသွားပြီဆိုတော့ မြတ်စွာဘုရားရှင်ကို ကာယကံမြောက်လုပ်ကျွေးခွင့် မရနိုင်ပါဘူး။ မြတ်စွာဘုရားရှင်ကို အမှန်စင်စစ်လုပ်ကျွေးချင်တယ်ဆိုရင်တော့ မြတ်စွာဘုရားဆုံးမထားတဲ့ အဆုံးအမ အတိုင်း ဂိလာနလို့ခေါ်တဲ့ နာမကျန်း မသန်မစွမ်းဖြစ်နေတဲ့ ပုဂ္ဂိုလ်များကို လုပ်ကျွေးကြရပါမယ်။ ဒီလို မိမိတတ်နိုင်သလောက် လှူဒါန်း ပေးကမ်းခြင်းသည်ပင်လျှင် လုပ်ကျွေးသမှု ပြုခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တိုင်လည်း နာမကျန်းဖြစ်တဲ့ ဂိလာနရဟန်းများကို ကိုယ်တိုင် ပြုစုစောင့်ရှောက်လုပ်ကျွေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ထိုထဲမှ အထင်ရှားဆုံးဝတ္ထုကတော့ ပူတိဂတ္တ တိဿမထေရ် ဝတ္ထုဖြစ်ပါတယ်။

နောက် တော်လေးဝ အပါအဝင်ဖြစ်တဲ့ ကောသလမင်းကြီး၏ မိဖုရားမလ္လိကာ အလောင်းအလျာဖြစ်မယ့် သမ္ဗုလာ မိဖုရားသည်လည်း နုနာသည် လင်ယောင်္ကျားအား ပြုစုလုပ်ကျွေးလုပ်ခဲ့တဲ့ ဇာတ်တော်လည်းရှိ ပါသေးတယ်။ မလ္လိကာမိဖုရားဖြစ်မယ့် သမ္ဗုလာမိဖုရားသည် အလွန်တည်ငြိမ်ခန့်ငြားလှပ၏။ ကောင်းခြင်း ငါးဖြာနှင့်လည်းပြည့်စုံပါ၏။ လေငြိမ်ရာအရပ်တွင် ထွန်းအပ်သောဆီးမီးတောက်ကဲ့သို့သော ကိုယ်ရေအဆင်း ဝင်းဝါတောက်ပ၏။ လင်ဝတ်တရားကိုကျေပွန်စွာဆောင်ရွတ်တတ်သော မိဖုရားဖြစ်၏။ လျပ်ပေါ်လော်လီခြင်း လည်းကင်း၏။ ထိုထိုကောင်းခြင်းများစွာနဲ့ ပြည့်စုံတဲ့ သမ္ဗုလာမိဖုရားသည် နုနာရောဂါ စွဲကပ်နေသော သောတ္ထိသေန မင်းသားအားကိုပြုစုလုပ်ကျွေးခဲ့ဖူးပါသည်။

သောတ္ထိနသေနမင်းသားတွင် ယားယံသော ရောဂါမှတစ်စတစ်စ ကုသရင်းကပင် နူနာစွဲလာ၏။ ကုတ်ရင်း ကပင် ကိုယ်ရည်စိုရွှဲကာ ရွံဖွယ်လိလိ ဖြစ်လာ၏။ သမားတော်ကြီးများပင် ကံနာဝဋ်နာအဖြစ်ထားကာ လက်လျော့ရပါ၏။ သောတ္ထိသေနမင်းသားသည် မိမိကိုယ်တိုင်ကိုပင် ရွံရှာ၍ လာ၏။ ဤသို့သော လူတကာ ရွံရှာဖွယ်ရာသော ခန္ဓာကိုယ်ဖြင့် မင်းအဖြစ်ပြုလုပ်ရလျှင် အဘယ်အကျိုးရှိမည်နည်း။ လူသူမနီးတောကြီးထဲ မှာပင် တစ်ကိုယ်တည်းနေကာ အသေခံပါတော့မည်ဟု ခမည်းတော်ကြီးအား လျှောက်ကြား၍ ရွှေအိမ်ရွှေနန်း စွန့်ကာ မြို့မှ ထွက်ခွာသွား၏။

ထိုထိုအခြင်းအရာကို ထောက်ဆကြည့်လျှင် အနာရောဂါဖြစ်သူများဟာ မိမိကိုယ်ကို စိတ်အားငယ်တတ်ကြ ပါတယ်။ လူအများစုနဲ့ တစ်စုတည်းတစ်ဝေးတည်း နေထိုင်ဖို့ မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ထိုထို သို့သော အနာရောဂါသည်များကို လျစ်လျှူရှုမထားဘဲ တတ်စွမ်းသမျှ ပြုစုပေးမည်ဆိုလျှင် အတော်ပင် နေရာကျ လှပါတယ်။ ထိုသို့ပြုစုလုပ်ကျွေးမည်ဆိုပါလျှင် လူနာများမှာ စိတ်အား ညှိုးငယ်မှုတွေ ကင်းရှင်းနိုင်ပါ တယ်။ မိမိပြုစုလုပ်ကျွေးလိုက်တင်ဆိုလျှင်ပဲ ထိုထိုသော သူနာများမှာ ကိုယ်နာသော်လည်း စိတ်မနာဘဲ စိတ်ဓာတ်တတ်ကြွမှုများ ဖြစ်စေနိုင်ပါတယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြှင့်တင်တဲ့သဘောလို့ ဆိုမည် ဆိုပါက ဆိုနိုင်ပါတယ်။

သောတ္ထိသေနမင်းသားသည် သစ်သီးသစ်ငယ် ရလွယ်ပြီး အရိပ်အာဝါသကောင်း၍ ရေမိုးပြည့်စုံမည့်အရပ်၌ ကျောင်းသင်္ခမ်းဆောက်၍ နေ၏။ သမ္ဗုလမင်းသမီးသည် သောတ္ထိသေနမင်းမထမီ နံနက်စောစောကပင်ထပြီး ကျောင်းကိုတံမြက်လှည်း သောက်ရေသုံးရေတို့ထည့်။ ခင်ပွန်းနိုးလာလျှင် သွားတိုက်စရာဒန်ပူနှင့် မျက်နှာသစ် ရေကို ဆက်ကပ်ပြီးဆေးမြစ်ဆေးရွက်တို့ကိုကျိတ်၍ နူနာတို့ကို တစ်ကိုယ်လုံးလူးပေး၏။ ထိုနောက် ကောင်းမြတ်ချိုမြိန်မည့် သစ်သီးတို့ကို ရွေးချယ်ရေဆေး အခွံခွာစားနိုင်ရန် အသင့်ပြုပြင်၍ ခင်ပွန်းကို စားစေပြီး၊ မိမိသည် နောက်မှစားသောက်၏။ ပြီးစီးသည်နှင့်တပြိုင်နက် မိမိ၏ခံတွင်း၊ လက်တို့ကိုဆေးကြော၏။ထို့နောက် “အရှင့်သား သတိနှင့်နေတော်မူပါ။ မမေ့မလျော့ပါနှင့်” ဟု မှာကြားပြီး ခင်ပွန်းကို ရှိခိုးကာ တောင်း၊ တူရွင်း၊ ချိတ်၊ တံချူတို့ကိုယူပြီး သစ်သီးရှာရန် တောတွင်းသို့ ထွက်သွား၏။

သစ်သီးရှာမှ ပြန်လာပြီးလျှင် ကောင်းစွာထားရှိ၍ ရေအိုးဖြင့် ရေကိုခပ်လာပြီး သောတ္ထိသေန မင်းသားကို ရေလောင်းပေး၍ ကသယ်မှုန့် မြေညက်တို့ဖြင့် ပွတ်တိုက်ကာ ရေချိုးပေး၏။ ထိုနောက် သစ်သီးတို့ကို ကျွေးမွေး ပြန်၏။မိမိလည်း သစ်သီးတို့ကိုစားပြီး အိပ်ရာ၌ လဲလျောင်းသည်နှင့် သမ္ဗုလမင်းသမီးသည် မင်းသားကို နှိပ်နယ် ပေးပြီး မင်းသားအိပ်မှ မိမိလည်း မင်းသား၏ အနီးတွင် လဲလျောင်း၍ အိပ်၏။ ဤသို့ဖြင့် နေ့စဉ် ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုစုပေး၏။ ဤအခြင်းအရာကိုထောက်ဆပြီး မိမိတို့အနေနဲ့ ထိုထိုနူနာရောဂါသည်များကို အနီးကပ်ပြုစုမပေးနိုင်သော်လည်း ထိုလူနာများအတွက် အသုံးဝင်မည့် ငွေကြေး၊ စားဖွယ်သောက်ဖွယ်၊ အဝတ်အထည်၊ နေစရာအိပ်ခင်းစတာတွေ တတ်စွမ်းသမျှ လှူဒါန်းသင့်ကြောင့်ထင်ရှားလှပါတယ်။ ထိုသို့ လုပ်ပေးခြင်းဟာ အောက်ကျစရာ အဆင့်အတန်းနိမ့်စရာမရှိပါ။ မြတ်စွာဘုရားလမ်းကြောင်းအတိုင်း လျှောက်လှမ်းတာဖြစ်တဲ့အတွက်၊ မြတ်စွာဘုရား အဆုံးအမကိုလိုက်နာတာဖြစ်သောကြောင့် လူသူတော် ကောင်းများ နတ်ကောင်းနတ်မြတ်များက သာဓုခေါ်ဆိုမှာဖြစ်ပါတယ်။

မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ခန္ဓာကိုယ်ကြီး အရှင်လတ်လတ်ပုပ်ဆွေးနေတဲ့ ပူတိဂတ္တတိဿမထေရ်ကို အနီးကပ် စေတနာ မေတ္တာထားကာ ပြုစုစောင့်ရှောက်တော်မူခဲ့ပါတယ်။ ထိုသို့ပြုစုတော်မူပြီးနောက် ရဟန်းတို့ကို လည်း သြဝါဒပေးတော်မူခဲ့ပါတယ်။ အဲဒီသြဝါဒက အပေါ်မှာဖော်ပြထားခဲ့သည့်အတိုင်း “မြတ်စွာ ဘုရားက သူ့ကိုလုပ်ကျွေးချင်လျှင် သူအို သူနာများကိုလုပ်ကျွေးပါလို့ ဆုံးမခဲ့ပါတယ်။ ”မြတ်စွာဘုရားရှင်၏ အဆုံးအမကို နာခံမှတ်သားက မြတ်စွာဘုရားချမှတ်တော်မူခဲ့တဲ့ အဆုံးအမလမ်းစဉ်အတိုင်း သူအို၊ သူနာများကို တတ်စွမ်းသမျှ ငွေကြေး၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါး၊ နေရာထိုင်ခင်းများကို ပေးလှူခြင်း အားဖြင့် ကုသိုလ်ပြုသင့်ပါတယ်။ ထိုသို့ ကုသိုလ်ပြုလုပ်ပေးမည်ဆိုပါက မိမိသည်လည်း ဖြစ်လေရာဘဝတိုင်းမှာ ဆေးဝါးလှူဒါန်းခြင်းကြောင့် အနာရောဂါများကင်းရှင်းစေခြင်း၊ အဝတ်အထည်များပေးလှူခြင်းကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ပဒေသာပင်မှပေါက်သော အကောင်းစားအဝတ်အထည်များပေါများခြင်း၊ အစား အသောက်များကိုပေးလှူခြင်းကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်းစတဲ့ အကျိုးတရားများစွာကို ရရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် မြတ်စွာဘုရားချမှတ်တော် မူခဲ့တဲ့ အဆုံးအမကိုလက်ကိုင်ထားပြီး မြတ်စွာဘုရားရှင်ကို လုပ်ကျွေးပြုစုတဲ့အနေနဲ့ သူအို သူနာများကို တတ်စွမ်းသမျှ ပေးလှူကြပါလို့တိုက်တွန်းအသိပေးလိုက်ရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.in/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာနိုင်ပါသည်။
Posted by ashinwimalawuntha on မတ် 16, 2012 at 11:04am

ဘုရားစူးပါ့စေ တကယ့်အဖြစ်လေး



အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။

ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။

ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန် ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။

ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင် ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။

၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။

၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့ ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။

၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။

သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။

တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။

သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။

ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။

အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင် အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။ လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။

ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။

အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။ ပင်စင်စားကြီးပေါ့၊ သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင် အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။

ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။ အဖွား ဘာဖြစ်လို့ ဆိုင်ဘက် မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊ အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။

ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။

အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့ ဘဝတွေပါ။

ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။

ခင်ငြိမ်းသစ် www.naytthit.net မှ

Posted by ye htat aung on ဒီဇင်ဘာ 2, 2011 at 10:51pm

ဖတ်စေချင်... လူတွေပြောကြတဲ့အကြောင်း...

ကကစူပမသုတ်မှာ ဘုရားရှင်ဟောပြတော်မူတာကတော့..
လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့၊

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်၊(လိုရင်တမျိုး မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်၊

လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့..

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီငါးမျိုးထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ
ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့..
ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲ စိတ်ကို ဘာမှမဖြစ်စေပါနဲ့၊

သူတို့ဘာပြောပြော ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့စကားကိုလဲ မပြောမိစေနဲ့(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

ပြောချင်သလိုသာ ပြောကြပါတော့ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်၊
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ၊

ရန်လိုမှု မုန်းတီးမှု မကျေနပ်မှု မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်. တဲ့။ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ မှန်တာ မခွဲခြားနိုင်ဘဲ လိုရင် လိုသလို မလိုရင် မလိုသလို ပြောတတ်ဆိုတတ်ကြပါတယ်၊ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့.လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့လို့လဲ မိန့်တော်မူလိုတာဖြစ်ပါတယ်။
ကိုယ့်ပေါ်ကို မကျေနပ်သူ အထင်အမြင်လွဲသူ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ၊ ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော..မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး၊ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက…ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်၊ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်၊

တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ စိတ်သဘောထားကြီးမြတ်သူဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ မတုန်းမလှုပ်ရှိနိုင်ရမှာပါ၊ ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြော ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်၊ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ၊

(yaw community) မှ ဖော်ပြပါသည်၊

Shared from သီရိနန္ဒ

ရပ်ဝေးမြေမှ ချစ်သမီးသို့ ......... (ခံစားနေရသောအရာ)

ရပ်ဝေးမြေမှ ချစ်သမီးသို့






အတွေးတို့က ယိမ်းထိုးနေသည်။ တည်ငြိမ်မှု မရှိ။

အင်တာနက်ကဖေးပေါ်မှာ ဝေးဝေးမှ တခါတရံပဲတွေ့ခွင့်ရတဲ့ ချစ်သမီးလေးက “အဖေ သမီးတို့ကို ချစ်သေးရဲ့လား” တဲ့..

နှလုံးအိမ်အတွင်းမှာ ထိခိုက်နာကျင်သွားသည်… “မေးရက်လိုက်တာ သမီးလေးရယ်..” ပေါ့။

အတိတ်ရပ်ဝန်းဆီသို့ အတွေးတို့ ခုန်ထွက်သွားပြီး..?

ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်အတွင်းရှိ နန်းဆွယ်ရွာလေး၏ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ ကျနော် ရောက်ရှိသွားခဲ့ သည်။ ရည်ရွယ်ချက်မဲ့စွာ ပွဲဈေးတန်းအတွင်း လှည့်ပတ်ကြည့်ရှုနေဆဲ၊ ကျနော့်မျက်လုံးများက မြန်မာပြည်မှ လာရောက် ရောင်းချသော ဘုရားပုံကားချပ်များကို အကြည့်ရောက်သွားခဲ့သည်။ လိုချင်တပ်မက်စိတ်တို့ကလည်း ထိန်းသိမ်း၍ပင် မရခဲ့။ အိတ်ကပ်အတွင်းမှာ ငွေနှင့်တူ၍ ခြူးတပြားမှ မပါ။ အိမ်မှာလည်း မရှိ။ မိသားစု စားဝတ်နေရေး မပြည့်စုံ မချောင် လည် သည့်ဘဝ။ ဒီကြားထဲ ကျန်းမာရေးမကောင်း၍ ဗိုက်ခွဲကုသခံခဲ့ရသည်။ ဝမ်းဗိုက်မခွဲခင် သေလုမျောပါးဖြစ်နေသော ကျနော့်ကို အားလုံးကလက်လျှော့ထားလိုက်ကြသည်။ သေမည့်နေ့ကို စောင့်ကြည့်နေကြသလို။ ဘာမျှမတတ်နိုင်ကြ။

အဲဒီအချိန်မှာ ကံတရားက ဖေးမကူညီလိုက်သည်လားတော့ မသိ။ သူငယ်ချင်းတဦးရောက်လာပြီး ဆိုင်ကယ်နှင့် မဲ ဟောင် ဆောင်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားသည်။ ဆေးရုံကို ရောက်ရောက်ချင်း ဆရာဝန်နှင့်သူနာပြုများမှအရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်ကြောင်းပြောကာ ချက်ချင်းပင် ခွဲစိတ်ခန်းအတွင်းသွင်းပြီး အသက်လု ခွဲစိတ်ကုသပေးမှုကြောင့် သာ ယနေ့အချိန်ထိ အသက်ရှင်နေထိုင်နိုင်ခြင်း ဖြစ်သည်။ ဆရာဝန်နှင့် သူနာပြုဆရာ ဆရာမတို့ ကျေးဇူးတရားကို ကျနော် ဘယ်သောခါမျှ မမေ့နိုင်တော့။ ဆေးရုံမှဆင်းခွင့်ရသောအခါတွင်လည်း ခွဲစိတ်ခကုန်ကျစရိတ် မပေးနိုင်သည်ကို ခွင့်လွှတ်ပေးရုံတင်မက ဆက်လက်သောက်သုံးရန် ဆေးဝါးနှင့်တကွ အိမ်အပြန်လမ်းစရိတ်ငွေ ၂၀၀ ဘတ်ကိုပင်ပေး ကမ်း လိုက်သေးသည်။

မီးထွန်းပွဲတော်၌ ကျနော်လည်ပတ်နေချိန်တွင် ဆေးရုံဆင်းခဲ့ပြီးနောက် ၆ လကျော်ကျော်အချိန်ဖြစ်သည်။ ပွဲဈေးထဲလှည့် လည်လျှောက်သွားရင်း လက်ဝှေ့စင်တခုအနီးသို့ ရောက်ရှိသွားမိသည်။ စိတ်တို့က ဟိုရောက် ဒီရောက်၊ အတွေးနှင့် မျက် လုံးအိမ်အတွင်းသို့ ဘုရားပုံကားချပ်များကတလှည့် မွေးဖွားခါနီး အိမ်သူဇနီး၏ မျက်နှာကတလှည့် လူ့လောကသို့ အပြစ် မဲ့စွာ ဝင်ရောက်လာမည့် ရင်သွေးငယ်အတွက် ထွေးပတ်စရာအနှီးပင် မစုဆောင်းရသေး။ ကျနော့်အတွက် ငွေကြေးအပူ တပြင်း လိုအပ်နေပေပြီ။

ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည်။ လိုအပ်သော ငွေရရှိရန်အတွက် လက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက် ထိုး သတ်ယှဉ်ပြိုင်ရန် စာရင်းသွင်းလိုက်သည်နှင့် ထိုင်းလက်ဝှေ့ဒိုင်လူကြီးများက ကျနော်နှင့် ထိုးသတ်ရမည့် ပြိုင်ဘက်ကို ရွေးပေးကြသည်။ ကိုယ်နှင့် ယှဉ်ပြိုင်ဘက်ကို ကြည့်လိုက်သောအခါ အရပ်အမောင်း အလွန်ကောင်းပြီး ကျစ်လစ်ခိုင်ခန့် နေသည်ကို တွေ့ရသည်။ အနိုင်ထိုးသတ်နိုင်လျှင် ဆုကြေးငွေ ဘတ် ၅၀၀ ရရှိမည် ဖြစ်ပြီး ရှုံးနိမ့်ပါက ဘတ် ၂၅၀ သော ငွေကြေးကိုသာ ရရှိမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျနော်ထိုးသတ်ရန် သဘောတူ၍ စိန်ခေါ်လိုက်သည်။

ခက်နေသည်က ကျနော့်ကို ရေတိုက်ပြုစုမည့်သူပင်မရှိ။ တဘက်လူအတွက် မှာတော့ အစစအရာရာ ပြည့်စုံနေပေသည်။ ထိုးသတ်ရာတွင် ဝတ်ဆင်ရန်အတွက် ဘောင်းဘီတိုမရှိ၍ ငှားရ သေးသည်။ လက်ဝှေ့စင်ပေါ်သို့ ရောက်သောအခါ သူ့ကို အားပေးမည့် ပရိသတ်ကအပြည့် ကျနော့်ဘက်မှာက မြန်မာပြည်မှ ဘုရားပုံကားချပ်များကို လာရောက်ရောင်းချသော ရှမ်းပအို့ဖြစ်သူ ကိုဆောင်းဦး တဦးသာ ရှိနေပေသည်။ ဒိုင်လူကြီးမှ စလွှတ်သည်နှင့် သူနှင့်ကျနော်တည်၍ ထိုးသတ်ကြ သည်။ အရပ်ပုသော်လည်း လက်မြန်ခြေမြန်ရှိသော ကျနော့်ကို တော်တော်နှင့်မထိုးနိုင်။ အရှောင်အတိမ်းကောင်းသော ကြောင့် အတော်သက်သာရာရခဲ့သည်။

ပရိသတ်ကလည်း ပွဲဆူနေပေပြီ။ ပထမအချီမှ တတိယအချီသို့ပင် ရောက်ရှိခဲ့ပါသည်။ ကျနော်အလွန်မောဟိုက်နေသော် လည်း မမြင်ရသေးသည့် ရင်သွေးငယ်အတွက် ခွန်အားတို့က ပြည့်ဝနေခဲ့သည်။ တဘက်လူက ကျနော့်အားနည်းချက်ကို မည်သို့သိရှိသွားသည်မသိ။ တတိယအချီ တာလွှတ်သည့်နှင့် ဝမ်းဗိုက်ကိုသာ သဲကြီးမဲကြီး ဦးတည်တိုက်ခိုက်သည်။ ခြေထောက်နှင့်ကန်သည်။ ပူးမိလျှင်လည်း ဒူးနှင့်တိုက်သည်။ နောက်ဆုံး ကြိုးဝိုင်းထဲမှာ ကျနော် ဘုန်းဘုန်းလဲကျသွား တော့သည်။ လဲကျနေသော ကျနော့်ကို ကိုဆောင်းဦးက တွဲကူ၍ စင်အောက်သို့ဆင်းခဲ့ရသည်။ အရှုံးအတွက် ဆုကြေး ငွေ ၂၅၀ ဘတ် ရရှိလိုက်သည်။

အသက်ရှူမှား လောက်အောင် ခံစားနေရသော ကျနော့်ကို ကိုဆောင်းဦးမှ “ညီလေး မင်းကိုလေးစားတယ်၊ ကိုယ့်မြေ ကိုယ့်ရေမှာ မဟုတ်ပေမဲ့ သတ္တိရှိရှိနဲ့ အကောင်းဆုံးရင်ဆိုင် ထိုးသတ်ခဲ့တယ်။ မင်းကိုဂုဏ်ပြုတဲ့အနေနဲ့ လိုချင်တဲ့ ဘုရား ပုံကားချပ်တွေ ကြိုက်တာကိုသာ ရွေးယူလိုက်ကွာ။ အကိုမင်းအတွက် လက်ဆောင်ပေးမယ်။ မြန်မာဆိုတာ ဘယ်နေရာ ရောက်ရောက် သတ္တိအရာမှာ မခေဘူးဆိုတဲ့ဂုဏ်ပုဒ်နဲ့တင် အကိုကျေနပ်တယ်” တဲ့။

လေးလံထိုင်းမှိုင်းနေသော ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရင်း လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ငွေ ၂၅၀ ဘတ်ဟာ လူ့လောကကြီးထဲကို ရောက်လာတော့မယ့် ရင်သွေးငယ်အတွက် အကျိုးတစုံတရာရှိမယ်ဆိုတာ ကျနော် ယုံ ကြည်နေမိပါတော့သည်။

(၁၀ နှစ်နီးပါး အနေဝေးကွာနေသော ချစ်သမီး သိစေရန် ရည်ညွှန်းရေးသားပါသည်။)


အုပ်ကြီးဖေ

Posted by www.naytthit.net
Posted by clementzaw on မတ် 2, 2012 at 8:34pm

ပြိတ္တာ ဖြစ်ရခြင်းအကြောင်းရင်း

ပုတီးစွဲလျှင်ပြိတ္တာခွင်

အော်… အဲဒီကထဲမှာ ပြိတ္တာဘ၀ ရောက်သွားရင်ကြောက်စရာကောင်းတဲ့ အကြောင်း ဘုန်းဘုန်းပြောမလို့နော်။ ပြိတ္တာဖြစ်ဖို့က သတ္တ၀ါအများစုမှာ အလွန်နီးစပ် တယ်။ ပရိသတ်ရေနော်။ ငရဲကျဖို့ဆိုတာ ထားလိုက်ပါဦး။ တိရစ္ဆာန်ဖြစ်ဖို့ဆိုတာ ထားလိုက် ပါဦး။အဲဒီမှာ နံပါတ်(၄) အရူပဘုံအသညသတ်ဘုံရောက်တယ်ဆိုတာ ဈာန်ရမှရောက် တာ။ ထားလိုက်ဦးနော်။ ဘုရားနဲ့ရဟန္တာမရောက်တဲ့ပစ္စန္တရာဇ်အရပ်၊ ဒါ ထားလိုက်ဦးနော်။ မိစ္ဆာဒိဋ္ဌိဘ၀ တို့လွတ်နေတယ်။ ဒီဘ၀။ နံပါတ်(၈) တို့လွတ်မြောက်နေတယ်။ ဘုရားပွင့်တဲ့အခါ ဒီမှာ လူဖြစ်နေတယ်။ အဲဒီကတည်းက ပရိသတ်ရေ နောက်ဘ၀ဆိုတာလေးကိုစဉ်းစားလိုက်ရင်ပြိတ္တာ ဖြစ်ဖို့နီးစပ်တယ်။ နောက်ဘ၀ စဉ်းစားလိုက်ရင်ဘာဖြစ်ဖို့နီးစပ်သလဲ။

( ပြိတ္တာဖြစ်ဖို့နီးစပ်ပါတယ်ဘုရား )

ပြိတ္တာဖြစ်ဖို့နီးစပ်တယ်။ ဒကာ.. ဒကာမတို့အဲဒါလေး သတိထားရမယ်နော်။

( မှန်ပါဘုရား )

အော်… ဘုန်းဘုန်း ပြောပြမယ်။ ပြိတ္တာ ဘာလို့ဖြစ်သလဲဆိုရင်အဋ္ဌသာလိနီ အဋ္ဌကထာ ဖွင့်တာလေးကိုဘုန်းဘုန်း ပြောပြမယ်နော်။

ယေဘုယျေန ဟိသတ္တာ တဏှာယ ပေတ္တိဝိသယံဥပပဇ္ဇန္တိ။ (ဏီ၊ ဋ္ဌ၊ ၁၇၂။) ယေဘုယျေန -

များသောအားဖြင့်။

သတ္တာ -

သတ္တ၀ါတို့သည်။

တဏှာယ -

တဏှာသံယောဇဉ်ကြောင့်။

ပေတ္တိဝိသယံ

- ပြိတ္တာဘုံသို့။

ဥပပဇ္ဇန္တိ

- ရောက်ကြရရှာလေကုန်၏။ သတ္တ၀ါတွေဟာ များသောအားဖြင့်တဏှာကြောင့်ပြိတ္တာဖြစ်တာ ဘာကြောင့်လဲ။

( တဏှာကြောင့်ပါဘုရား)


မှတ်ထားနော်။ ဘာကြောင့်ပြိတ္တာဖြစ်ရတာလဲ။

( တဏှာကြောင့်ပြိတ္တာဖြစ်ရတာပါဘုရား )

တဏှာဆိုတာ ပရိသတ်သာမန်အားဖြင့်တို့ဒကာ ဒကာမတွေတစ်ယောက်နဲ့ တစ်ယောက်ရာဂနဲ့ချစ်တာ တဏှာလို့ထင်ကြမှာပေါ့။ အဲဒါတင်မကဘူး။ အတွယ်အတာ မှန်သမျှ တဏှာချည်းပဲ။ အတွယ်အတာမှန်သမျှ ဘယ်လိုလဲ။

( တဏှာချည်းပါဘုရား )

တဏှာချည်းပဲနော်။ ဒါ… ဗိုလ်လိုပြောတော့(ခရေးဗင်း) လို့ခေါ်တယ်။ အတွယ် အတာ မှန်သမျှ တပ်မက်မှုမှန်သမျှ တဏှာချည်းပဲ။ အဲဒီတဏှာကြောင့်ပြိတ္တာဖြစ်တာ။ တဏှာကြောင့်ဘာဖြစ်လဲ။

( ပြိတ္တာဖြစ်တာပါဘုရား )

အဲဒါ ဘုန်းဘုန်းတစ်ခုပြောပြမယ်။ ဒကာမ တစ်ယောက်ကလေ သူက ပုတီးတကုံး ကောက်ရထားတယ်။ သူ့ပုတီးလေးကကိုးလုံးပုတီး၊ ပုတီးမည်းမည်းလေး။ ဆေးပုတီးပေါ့ ဗျာ။ ဆိုကြပါစို့အဲဒီပုတီးလေးရဲ့အပေါ်မှာ သူက သံယောဇဉ်ဖြစ်နေတာနော်။ (ခရေးဗင်း) ဖြစ်နေတာပေါ့။ အတွယ်အတာလေးဖြစ်နေတာ။ သွားလေရာပါတယ်အဲဒီပုတီးလေး။ အဲဒီတော့ပရိသတ်ကြီး သဘောပေါက်ထားရမှာက ပုတီးကိုမစွဲနဲ့။ ဂုဏ်တော်ကိုစွဲ ရမယ်။ ဘာကိုမစွဲနဲ့။ ဘာကိုစွဲရမလဲ။

( ပုတီးကိုမစွဲနဲ့ဂုဏ်တော်ကိုစွဲရမှာပါဘုရား )

“ဟဲ့.. ငါ့ပုတီးလေး ဘယ်နားထားတုန်း” ပုတီးလေး ပျောက်သွားရင်လိုက်ရှာနေပြီ။ အဲဒါသဘောပေါက်လိုက်။ ပုတီးရဲ့အပေါ်မှာ ဒါ … အစွဲအလမ်းဖြစ်နေတာ။ ပရိသတ်တို့ ဖြစ်တတ်တယ်နော်။

( ဖြစ်တတ်ပါတယ်ဘုရား



ဆေးပုတီးလေးများ ရထားရင်ပိုပြီးတော့တွယ်တာသေးတယ်။ “ဒါက ကျိုက်ထို ဘုန်းဘုန်းပေးခဲ့တာ။ ပယောဂတွေဘာတွေကောင်းသတဲ့။” အံမယ်ကျိုက်ထိုဘုန်းကြီးက လည်း အရွှီးအရွှမ်းကလည်း ကောင်းတာကိုးဗျာ့နော်။ “ဒီပုတီးလေး ဆောင်ထား။ ရေလေးနဲ့စိမ်သောက်။ ပယောဂဆိုတစ်ခါတည်း လွင့်သွားမယ်။” ကျိုက်ထိုဘုန်းကြီးကလည်း အပြောကောင်းဆိုပဲ။ ကျုပ်တော့မသိပါဘူး အဲဒီဘုန်းကြီး။ အဲဒါနဲ့ပရိသတ်တို့ရေ အညာဘက်မှာပါ။ အဲဒီ အမျိုးသမီးတစ်ယောက်က အဲဒီ ကိုးလုံးပုတီးလေးကိုအတွယ်အတာလေးဖြစ်နေတာ။ သူ့ပုတီးပျောက်မှာ သိပ်စိုးရိမ်တာ။ တခါတလေများ အထားမှားလို့ရှိရင်တစ်ခါတည်း မူးနောက်နေအောင်ရှာရတာ။ အဲဒါနဲ့ဆိုကြပါစို့သူက ပရိသတ်ရေ ဂုဏ်တော်ကိုမစွဲဘဲနဲ့ဘာကိုစွဲနေလဲ။

( ပုတီးကိုစွဲနေတာပါဘုရား )

အမှန်က ဂုဏ်တော်စွဲလို့ရှိရင်ပရိသတ်ပုတီးမပါဘဲလည်းပဲပွားနိုင်ရမယ်။

( မှန်ပါဘုရား )

ပုတီးမပါလည်းပဲ

( ပွားနိုင်ရမှာပါဘုရား )

ပွားများနိုင်ရမယ်။ ပွားများနိုင်တဲ့အရည်အချင်း ရှိရပါလိမ့်မယ်။ “ငါ့ပုတီးမှင့ါပုတီးရယ်” လို့အစွဲအလမ်း ထားလို့ရှိရင်ကတော့အဲဒါ ပုတီးရဲ့ အပေါ်မှာ အတွယ်အတာ တဏှာဖြစ်ပါပြီဟုတ်လား။

( မှန်ပါဘုရား )

အဲဒါနဲ့ဆိုကြပါစို့ဗျာ။ အဲဒါ သူ့ရဲ့အမျိုးသား သူ့ရဲ့သားသမီးတွေက “အော်… င့ါဇနီး ငါတို့အမေဟာ သူ့ပုတီးလေးကိုသိပ်စွဲတာပဲဘယ်သူမှမကိုင်နဲ့” ဆိုပြီး သေချာသိမ်းပးကြ တယ်


အဲဒါနဲ့နောက်ပိုင်းကျတော့ပရိသတ်ရေ အဲဒီအမျိုးသမီး သေသွားပြီ။ သေသွားတဲ့ အခါကတော့သူ့ယောက်ျားနဲ့သားသမီးတွေက အဲဒီပုတီးလေးကို“အော်… တို့အမေ အင် မတန်နှစ်သက်တဲ့ပုတီးလေး” ဆိုပြီး ခေါင်းထဲထည့်ပေးလိုက်တာ။ ပါသွားပြီ။ ဘယ်နောက်ပါသွားတုန်း။

( အခေါင်းထဲပါသွားတာပါဘုရား )

အခေါင်းထဲပါသွားပြီ။ အဲဒီအမျိုးသမီးကကော ဘယ်နောက်ပါသွားတုန်း။ ပုတီးထဲ ပါသွားပြီ။ ဘယ်ထဲပါသွားလဲ။

( ပုတီးထဲပါသွားပါတယ်ဘုရား )

အဲဒါနဲ့ပရိသတ်ရေ မြှုပ်လိုက်ရောပေါ့ဗျာ။ သုဿာန်ထဲသွားမြှုပ်လိုက်။ မြှုပ်တဲ့အခါ ကျတော့ပရိသတ်အားလုံး ပြီးစီးသွား။ ကာလတွေကြာသွားပြီ။ ကြာသွားတဲ့အခါကတော့ အဲဒီနေရာလေးက ဆွေးမြေ့ဟောင်းနွမ်းသွားပြီပေါ့။ ကိစ္စက ပြီးသွားပြီအောက်မေ့တာ။ ရက်လည်တာကော၊ လလယ်တွေကော၊ နှစ်ပတ်လည်တွေကော အကြိမ်ကြိမ်လုပ်။ အဲဒါနဲ့နောက်ပိုင်းကျတော့ဒီမြေစာပုံအဟောင်းနေရာလေးမှာ၊ ထပ်တူပြီးတော့ နောက်အလောင်းတစ်လောင်း မြှုပ်တော့ဒီပုတီးလေး ပေါ်လာတယ်။ ပုတီးလေးက မဆွေး သေးဘူး။ အဲဒါနဲ့အဲဒီပုတီးလေးကိုပရိသတ်ရေ တွင်းတူးတဲ့လူတွေက ယူလာရော။ အိမ် ရောတော့ဟော ညကျတော့လာတောင်းတာပေါ့။ “ငါ့ပုတီး ပြန်ပေး ငါ့ပုတီး ပြန်ပေး” “ဟဲ့ဘယ်ကပါလိမ့်မတုန်း။ အမယ်လေးကြောက်လိုက်တာ အသံကြီးက အကြီးကြီး” “ငါ့ပုတီး ပြန်ပေး ငါ့ပုတီး ပြန်ပေး”


အဲဒါနဲ့ပရိသတ်တို့ရေ စုံစမ်းလိုက်တဲ့အခါကျတော့နော်အဲဒီပုတီးလေးကို အင်မတန်အတွယ်အတာ ဖြစ်လွန်းအားကြီးလို့သူ့ရဲ့မိသားစုက အခေါင်းထဲ ထည့်ပေးလိုက်တာ။ အဲဒါ နဲ့ပရိသတ်တို့ဟိုက မကျွတ်ဘဲဖြစ်ပြီးတော့ဘယ်မှာစွဲနေလဲ။

( ပုတီးမှာပါ ဘုရား )

ပုတီးမှာ စွဲနေတယ်။ ပုတီးမှာ စွဲလို့လည်း မကျွတ်တာပဲ။ အဲဒါ ပုတီးစိပ်တဲ့ အမျိုးသမီး ပြိတ္တာဖြစ်တယ်။ ပြောရတော့လည်း အားတော့နာစရာကောင်းပါတယ်။ ပရိသတ်ရေ ဂုဏ်တော်ကြောင့်မဟုတ်ဘူးဆိုတာတော့သဘောပေါက်ထားနော်။

( မှန်ပါဘုရား )

ဘာကြောင့်ပြိတ္တာဖြစ်တာလဲ။

( ပုတီးကြောင့်ပါဘုရား )

ပုတီးကိုစွဲတဲ့တဏှာကြောင့်တိတိကျကျ ပြောရအောင်နော်။ ဘာကြောင့်ပြိတ္တာ ဖြစ်ရတာလဲ။

( ပုတီးကိုစွဲတဲ့တဏှာကြောင့်ပါဘုရား )

ပုတီးကိုစွဲတဲ့တဏှာကြောင့်ပြိတ္တာဖြစ်တာ။ အဲဒါနဲ့အိပ်လို့မရတဲ့အခါကျတော့သူ က ဆရာတော်ကြီးတွေသွားလျှောက်။ ဆရာတော်ကြီးတွေက “အော်အဲဒီပုတီးကိုစွဲသေ တဲ့လူရှိလိမ့်မယ်ကွ။ အဲဒီတော့မင်းဆွမ်းလေးတစ်အုပ်သင်္ကန်းလေးတစ်စုံလောက်နဲ့ သံဃာတွေဆွမ်းကပ်ပြီးတော့အမျှအတန်းဝေလိုက်” ဆိုတော့ပရိသတ်ရေ အဲဒီမှာ အမျှ အတန်းဝေလိုက်တော့မှကျွတ်သွားတာ နောက်မလာတော့ဘူးနော်။ ဒါကြောင့်အတွယ်အတာ အင်မတန်ခက်တယ်ဟုတ်လား။ အဲဒီတော့ပရိသတ် ပြိတ္တာဖြစ်ဖို့မနီးစပ်ဘူးလား။

( နီးစပ်ပါတယ်ဘုရား )

ကျောင်းကိုစွဲလည်း ပြိတ္တာပဲ

ဟော … ပရိသတ်တို့ရေ ပြောရဦးမယ်။ မကွေးတိုင်ဖက်မှာ အရပ်ဒေသတွေက ဒီ ဘုန်းဘုန်းရဲ့မင်မိုရီထဲမှာ အကုန်လုံးရှိနေတယ်။ ဒါပေသိသူတို့ရဲ့သိက္ခာအရ ရွာတွေတော့ချန်ထားမယ်နော်။ အဲဒီကျောင်းက ဆရာတော်က ပရိသတ်တို့ရေ ဆရာတော်ကြီး ပျံလွန်တော်မူသွားရော။ ပျံလွန်တော်မူသွားတဲ့အခါကျတော့ဆရာတော်ကြီးကလေ ပျံလွန်တော်မမူခင်ဘာ အားကြီးတုန်းလို့ဆိုတော့သူ့ကျောင်းသံယောဇဉ်သိပ်အားကြီးတာ။ “င့ါဗီရိုမကိုင်နဲ့။ ငါ့နာရီ မကိုင်နဲ့” ရှိသမျှ ငါ့ပစ္စည်းချည်းပဲလုပ်တာနော်။

( မှန်ပါဘုရား ) “

ငါ့ပစ္စည်းမကိုင်နဲ့။ ငါ့နာရီမကိုင်နဲ့။ ငါ့သင်္ကန်းတွေမကိုင်နဲ့။ ငါ့စာအုပ်တွေမထိနဲ့။ ဒီ ဟာက ၀တ္ထုထားတာ ဒီနား ဘယ်ကောင်မှမသွားနဲ့” အဲဒီလိုဖြစ်နေတာနော်။ အဲဒါနဲ့ဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အခါကျတော့ပရိသတ်ရေ အဲဒီမှာ နောက်ဘုန်းကြီး ကျောင်းထိုင်၊ ရက်လည်လည်းလုပ်ပါရဲ့။ လလည်ဆွမ်းတွေလည်း လုပ်ပါ ရဲ့၊ နှစ်ပတ်လည်တွေလည်း လုပ်ပါရဲ့။ ဒါပေသိဆရာတော်ကြီး မကျွတ်ဘူး။ အဲဒါနဲ့ပရိသတ်ဘာဖြစ်တုန်းဆိုတော့နောက်ထိုင်တဲ့ကိုယ်တော်လေးကိုညညကျ ဆွဲဆွဲချတာ။ ခြေထောက်ဆွဲချတာ။ “ငါ့ကျောင်း မနေနဲ့” ကိုင်း … ဘယ်လိုလုပ်နေရဲတော့ မလဲ။ ဆရာတော်ကြီး သက်တော်ရှစ်ဆယ်ကျော်မှပျံတော်မူသွားတာ။ အဲဒီ ဆရာတော်ကြီး က ပြောပြတာ ဘုန်းဘုန်းကို။ အဲဒါနဲ့ဆရာတော်ကြီးဦးကောသလ္လအပါအ၀င်ပေါ့ဗျာ။ သံဃာတွေညနေစောင်း ကျောင်းပေါ်ပင့်ပြီးတော့ပရိရွတ်ကြမလို့။ ဒကာ၊ ဒကာမတွေက ပရိတ်မရွတ်ခင်တစ်ခါ တည်း သံဃာတွေကိုလက်ဖက်ရည်နဲ့ထန်းလျက်ခဲကပ်ထားတာ


ညနေ လက်ဖက်ရည်ကြမ်းနဲ့ထန်းလျက်ခဲကပ်ထားတဲ့အခါကျတော့အဲဒီမှာ စားပွဲ မှာ ထိုင်ပြီးတော့သံဃာတွေဘုဉ်းပေးနေလိုက်တာ။ ဒီနား တစ်ဝိုင်း။ ဟိုနားတစ်ဝိုင်းပေါ့။ တစ်ဆယ့်ငါးပါးလောက်ရှိတယ်။ ဘေးကဆရာတော်တွေပင့်ထားတာ။ အဲဒီမှာ ပရိသတ်ရေ ကြောက်စရာကောင်း။ ဆရာတော်ဦးကောသလ္လတို့ဝိုင်းက ရေနွေးခရားကြီးက ပရိသတ်ရေ ကောင်းကင်တက်သွားတာ လွင့်လွင့်လွင့်လွင့်နဲ့။ “ဟာ …ဟာ ဘယ်လိုတုန်း” လန့်ကုန်ပြီ။ ခေါင်းတွေကြီးကုန်ပြီ။ ဟိုကျောင်းခေါင်မိုး ကိုထိခဲ့ပြီးတော့မှဖြည်းဖြည်းချင်း ပြန်ကျလာတာ။ အမယ်သူက ပညာသားတော့ပါတယ်။ တကယ့်ဖြစ်ရပ်နော်ပရိသတ်။ အဲဒါနဲ့စားပွဲပေါ် အသာလေး ပြန်ကျတော့ရေနွေးခရားကိုမကိုင်ရဲကိုင်ရဲနဲ့ကိုင် ကြည့်လိုက်တော့ရေနွေးတစ်စက်မှမပါတော့ဘူး။ သူသောက်နိုင်တယ်နော်။ သရဲကြီး သောက်နိုင်တယ်။ ပြိတ္တာကြီး ရေနွေးအပူတွေသောက်နိုင်တယ်။ ကပ်ပြီး စုပ်လိုက်မှာပေါ့။ သူက ပြီးသွားပြီနော်။ တစ်ပေါက်မှမပါတော့ဘူး။ ရေနွေးတွေ။ ဟာ … တစ်ခါတည်း ဘုန်းကြီးတွေပရိတ်မရွတ်ရဲတော့ဘူး။ “ကိုင်း .. ဒကာတို့ တို့တော့ပြေးပြီဟေ့” ဘုန်းကြီးတွေက စထွက်ပြေးတော့ဒကာတွေလည်း မနေနိုင်တော့ ဘူး။ ဟာ … ဖိနပ်တွေနေခဲ့ကောက်မနေတော့ဘူး နေပလေ့စေ။ ကျောင်းပေါ် ဘယ်သူမှ မကျန်တော့ဘူး။ ထွက်ပြေးတာ။ အကုန်ထွက်ပြေးပြီးတော့ပရိသတ်ရေ ဘုန်းကြီးတွေကော ဒကာမတွေကော ရွာထဲသွားတိုင်ပင်ကြပြီ။ “တို့… ဘယ်လိုလုပ်မလဲ။ ဒီဘုန်းကြီးပြိတ္တာ သိပ်ကြမ်းတာ” ဟုတ်တယ်။ ပရိသတ် ဘုန်းကြီးများ ပြိတ္တာဖြစ်ရင်သိပ်မလွယ်ဘူး။ ကျွတ်ဘူး။ ကြည့်လေ သူတို့က ပရိတ်ကြီး (၁၁) သုတ်အကုန်ရထားတာလေ။

သမန္တာ စက္က၀ါဠေသု-

ဆိုရင်သူက

အတြာဂစ္ဆန္တုဒေ၀တာ

- ဆိုတယ်။ ပဋ္ဌာန်းရွတ်မလား လာခဲ့။

ဟေုတပစ္စယော -

ဆိုရင်သူက

အာရမ္မဏပစ္စယော

ဆိုတယ်။ ဘယ်လိုလုပ်ရွတ်မတုန်း


ဒါကြောင့်ဘုန်းကြီးပြိတ္တာက ပဌာန်းလည်း မနိုင်ဘူး။ ကမ္မ၀ါလည်း မနိုင်ဘူး။

သုဏာတုမေ ဘန္တေသံဃော

-ဆိုရင်သူက

ဣမေ

- ဆိုပြီးတော့ရှေ့ကချည်းသွားနေတာ။ သရဏဂုံလည်း မကြောက်ဘူး။

ဗုဒ္ဓံသရဏံဂစ္ဆာမိ-

ဟိုက ကြောက်ကြောက်နဲ့ဆိုရင် သူက

ဓမ္မံသရဏံဂစ္ဆာမိ

ဆိုတယ်။ ရှေ့က သွားနေတာ။ အဲဒီလိုဆိုတော့ကျွတ်ဖို့မလွယ် တော့ဘူး။အဲဒါနဲ့“ကိုင်း ဒီလိုဆိုရင်ဘယ်လိုလုပ်မလဲ” “ပယောဂ ဆရာပင့်မယ်” ပရိသတ်ဘာဆရာလဲ

( ပယောဂဆရာပါဘုရား )

ဒီဘုန်းကြီးပြိတ္တာကိုနှင်ထုတ်ဖို့တဲ့။ ဒါကြောင့်သတိထားနေရတယ်နော်။ ဘုန်းဘုန်းတို့လည်းပဲတရားပဲဂရုစိုက်အားထုတ်နေရတယ်။ တော်ကြာ ပယောဂဆရာ အပ်မှာ ကြောက်ရတယ်။ အဲဒါနဲ့ပယောဂဆရာ ငှားရောပေါ့ဗျာ။ ပင့်တော့ပယောဂဆရာ လာတယ်။ကျောင်းပေါ်မတက်ရဲဘူး။ ပယောဂဆရာကလည်းပဲတစ်ခါတည်း ကျောင်းရဲ့ခေါင်း ရင်းမှာ သူက စည်းဝိုင်း ၀ိုင်းလိုက်တယ်။ ဟိုဘက်ထန်းပင်ဒီဘက်ထန်းပင်၊ ဟိုဘက်အုန်း ပင်၊ ဒီဘက်အုန်းပင်၊ ဟိုဘက်က တင်းကုတ်၊ ဒီဘက်က တိုင်ပေါ့။ အဲဒီမှာ လေးရပ်နယ် စည်း သတ်မှတ်ပြီးတော့အဲဒီကတည်းက ပွဲတွေထိုးတာ။ ပွဲတွေထိုးပြီးတော့တစ်ခါတည်း မန်းမှုတ်ပေါ့လေနော်။ ဘုရားငါးဆူအမိန့်ဘာညာ တွေပေါ့လေ။ သူ့အမိန့်ကတော့ဘာမှမရှိဘူး။ သူက အမိန့်မပေးနိုင်ဘဲနဲ့ဘုရားငါးဆူ အမိန့်ဆိုပြီးတော့သူက အမိန့်တွေဘာတွေပေးပြီးတော့မန်းမှုတ်နေတုန်းမှာ အပေါ်က စာရွက်တစ်ရွက်ကျလာတာ။ အဲဒီက အထဲကိုစာရွက်က ၀ါနေပြီ။ စာရွက်ဟောင်းကြီး။ “ဟေ့စာရွက်ကျလာပြီ


စာရွက်က အဲဒီစည်းထဲတည့်တည့်ကျလာတာ။ ကောက်ဖတ်ကြည့်လိုက်တော့ ပရိသတ်ရေ ပြိတ္တာရေးတဲ့စာ၊ ဘုန်းကြီးပြိတ္တာ စာပါတတ်တာနော်။ “ပယောဂဆရာ မင်းမသေချင်ရင်မြန်မြန်ပြန်” ဟာ … ပရိသတ်ရေ ပယောဂဆရာ ဖိနပ်တောင်မကောက်နိုင်ဘူး။ ထပြေးတာ။ အဲဒီတော့ပရိသတ်တို့ဘာလုပ်ရမှတ်သလဲ။ အဲဒီကျောင်းကြီးကိုဘယ်ဘုန်းကြီးမှမထိုင်ရဲ ဘူး။အဲဒီတော့ဘုန်းကြီးမရှိလည်းမဖြစ်တော့။အဲဒီကကျောင်းခြံထဲမှာပဲကျောင်းတစ်ကျောင်း အသစ်ထပ်ဆောက်ရတယ်။ အသစ်ထပ်ဆောက်ပြီးတော့အသစ်ဆောက်တဲ့ကျောင်း ပေါ်မှာ ဒကာတွေနဲ့ညညစောင့်အိပ်ပြီး နောက်ဘုန်းကြီးက နေရတယ်။ အဲဒီမူလကျောင်းဟောင်းကြီးပေါ်ကိုဘယ်လိုမှ တက်လို့မရတော့နောက်ဆုံးဖျက်ပြီး တော့ပုံထားရတယ်ဗျာ။ ကျောင်းကြီးဖျက်ပြီးတော့ ပုံထားတော့မှပြိတ္တာကြီး နေစရာ မရှိတော့ဘယ်ရောက်သွားတုန်း မပြောတတ်ပါဘူးနော်။ ကျိုက်ထိုဘက်ရောက်လာတယ်လို့တော့မပြောရဲဘူး။ ညည ကြောက်မှာစိုးလို့။

ပြိတ္တာဖြစ်ခြင်း အကြောင်းရင်း

အဲဒီတော့ပရိသတ်ရေ ဆိုလိုတာက ပြိတ္တာဖြစ်ဖို့မနီးစပ်ဘူးလား။

( နီးစပ်ပါတယ်ဘုရား )

ပြိတ္တာဖြစ်ဖို့နီးစပ်တယ်။ အဲဒါကြောင့်အဋ္ဌသာလိနီအဋ္ဌကထာမှာ ဖွင့်ထားတယ်။

ယေဘုယျေန ဟိသတ္တာ တဏှာယ ပေတ္တိဝိသယံဥပပဇ္ဇန္တိ။ (ဏီ၊ ဋ္ဌ၊ ၁၇၂) ယေဘုယျေန -

များသောအားဖြင့်။

သတ္တာ -

သတ္တ၀ါအပေါင်းတို့သည်၊

တဏှာယ -

တဏှာကြောင့်။

ပေတ္တိဝိသယံ-

ပြိတ္တာဘုံသို့။

ဥပပဇ္ဇန္တိ-

ရောက်ကြရလေကုန်၏။

ဣတိ-

ဤသို့လျှင်။

ဒဋ္ဌဗ္ဗော -

ကောင်းစွာမသွေမှတ်ထိုက်ပါပေတော့သတည်း။


သာဓု… သာဓု… သာဓုပါဘုရား ပြိတ္တာဖြစ်တာ ဘာကြောင့်လဲ။

( တဏှာကြောင့်ပါဘုရား )

တဏှာကြောင့်ရောက်တာလို့နော်။ အဲဒီတော့တဏှာရယ်၊ လောဘရယ်၊ ရာဂရယ် ပရိသတ်တစ်သဘောတည်းပဲနော်။

( မှန်ပါဘုရား )

တစ်သဘောတည်းပဲ လောဘ ဆိုတာကျတော့ဘာလဲ။ လောဘသည်ဆင်းရဲခြင်းရဲ့အကြောင်းတရား။ လိုချင်မှုပေါ့။ တဏှာဆိုတာကျတော့တွယ်တာတပ်မက်မှုစွဲလမ်းမှု(ခရေးဗင်း) လို့ခေါ် တယ်။ ရာဂဆိုတာကျတော့ပရိသတ်ရေ လိုချင်တပ်မက်တတ်တဲ့တရားတဲ့။ ရာဂဆိုတာ ဘာတရား။

( လိုချင်တပ်မက်တဲ့တရားပါဘုရား )

အဲဒါ တော်တော်ခက်တယ်နော်။ (အဲ့တဲ့ခ်ျမဲ့န်တ်) ဆိုတာ တို့ပရိသတ်သိပါတယ်။ (အဲ့တဲ့ခ်ျမဲ့န်တ်) လို့ပြောလိုက်ရင်သံယောဇဉ်မရှိဘူး ဆိုပေမယ့်လို့ပရိသတ်ရေ အတွယ် အတာလေးတော့ရှိတယ်။ ဘာလေးတော့ရှိသလဲ။

( အတွယ်အတာလေးတော့ရှိပါတယ်ဘုရား )

အဲဒီအတွယ်အတာလေး တွေကြောင့်ပြိတ္တာ ဖြစ်တာ၊ တစ်ချို့ဇာတ်ကားတွေထဲမှ ဘုန်းဘုန်းတို့က ဒီတရားသဘောလေးတွေသိနေတဲ့အခါကျတော့ဟာ တစ်ခါတည်း သူ့ ချစ်သူသူ့ဇနီးကိုပေါ့လေ တအားလွမ်းပြီးတော့သေဆုံးသွားကြတယ်။ ဇာတ်လမ်းအရပေါ့။ သေခါနီး သူ့ဇနီးက သွားတွေ့တယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း မတည့်တဲ့အခါ ကျတော့လက်ကိုဆွဲချင်လို့လက်ကလေး ကမ်းတယ်။ ဟိုကလည်းပဲမတည့်တော့လက်ကမ်းမပေးဘူး။ အဲဒီအချိန်အခါမှာ ပရိသတ်ရေ ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်ကတမ်းတပြီးတော့သေသွားတယ်။ ကိုင်း … ပရိသတ်စဉ်းစားကြည့်စမ်း။ တရားသဘောနဲ့။ အဲဒီယောက်ျား ပြိတ္တာဖြစ်ဖို့ မသေချာဘူးလား။

( သေချာပါတယ်ဘုရား )

ကိုင်း … ပရိသတ်ဘယ်လိုသေကြမတုန်း။ ပြိတ္တာဖြစ်ဖို့က တော်တော်ကိုသေချာ တယ်။ ကြည့်လေ ပရိသတ်ရှေးတန်းက ဒါတရားသဘောနဲ့ပြောမလို့ပါ။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကိုအင်မတန်ချစ်တယ်။ အင်မတန်ချစ်တဲ့အခါကျတော့အဲဒီကောင်မလေးဆီက ဓာတ်ပုံလေးယူပြီးတော့အမြဲတမ်း သူ့ဓာတ်ပုံလေး ကြည့်ကြည့်ပြီးတော့သီချင်းလေး ညည်းသတဲ့ပရိသတ်ရေနော်။ “ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့… မေ” ဓာတ်ပုံလေး ကြည့်ပြီးဆိုတာ။ ဘုန်းဘုန်းဆိုတာ မဟုတ်ဘူး။ အဲဒီကောင်လေး ဆို တာနော်။“ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့… မေ။ သဉ္ဇာညောင်ဗွေအမြဲပင်တမ်းတနေ၊ မောင် ကြည့်လေ လွမ်းမပြေ၊ မေ့ဓာတ်ပုံလေး ပြုံးယောင်သမ်းလို့…. နေ” သူ့ရဲ့ချစ်သူမေရဲ့ဓာတ်ပုံလေးက အမြဲတမ်းပြုံးနေတာ။ အံမယ်သဘောတွေကျလို့ ဓာတ်ပုံတစ်ကိုင်ကိုင်နဲ့။ ပြိတ္တာဖြစ်ဖို့မသေချာဘူးလား။

( သေချာပါတယ်ဘုရား )

““ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့… မေ။ သဉ္ဇာညောင်ဗွေအမြဲပင်တမ်းတနေ၊ မောင် ကြည့်လေ လွမ်းမပြေ၊ မေ့ဓာတ်ပုံလေး ပြုံးယောင်သမ်းလို့…. နေ” ဓာတ်ပုံလေးက အမြဲတမ်း ပြုံးနေတာပေါ့နော်။ အဲဒါနဲ့ပရိသတ်တစ်နေ့သောအခါ ကျတော့အိမ်သာတက်ရင်း ဆိုတယ်

သူ့ဓာတ်ပုံက အမြဲတမ်းပါသွားနေတာကို၊ အိပ်ကပ်ထဲအမြဲပါသွားတော့အိမ်သာ အပေါက်ပိတ်ပြီးတော့ပရိသတ်ရေ အိမ်သာထဲမှာ ထိုင်ပြီးတော့တစ်ခါတည်း နောက်ဖေး သွားရင်းနဲ့သီချင်းဆိုနေတာ။ ဆိုနေရင်းနဲ့ပရိသတ်ဓာတ်ပုံလေးက အောက်ကျသွားရော။ ဓာတ်ပုံလေး အောက်ကျသွားတော့ဘယ်သူမှသိတာမှမဟုတ်ဘဲနဲ့အိမ်သာကလည်းပဲ ဒီခေတ်လိုရေအိမ်သာမဟုတ်ဘူး။ တွင်းကြီး။ ရွာသူရွာသားတွေစွန့်ထားတာလို့ဆိုတော့ တစ်ခါတည်း မိလ္လာတွေပြည့်ခါနီးနေပြီ။ အဲဒီမှာ သူ့ချစ်သူဓာတ်ပုံက ပရိသတ်မှောက်ဝါးထိုးလေးကျတာ။ချစ်သူဓာတ်ပုံလေး က မျက်နှာလေး အောက်ကကျ။ မရရအောင်လှမ်းကောက်တယ်။ လက်ပြင်တွေများ အောင့်လို့တဲ့။ သူပြောပြတာ။ ပြန်ယူလိုက်တော့ဟော သီချင်းစာသားက ပြောင်းသွားပြီ။ ဆိုကြည့်လေ … “ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့… မေ။ သဉ္ဇာညောင်ဗွေအမြဲပင်တမ်းတနေ၊ မောင် ကြည့်လေ လွမ်းမပြေ၊ မေ့ဓာတ်ပုံလေး ချီးတွေပေလို့…. နေ” စာသားက ပြောင်းသွားတာ။ အဲဒီတော့ပရိသတ်ရေ ဒါ-ပြိတ္တာဖြစ်ဖို့မနီးစပ်ဘူးလား။

( နီးစပ်ပါတယ်ဘုရား )

ဟုတ်တယ်ပရိသတ်ဒါ ဘုန်းဘုန်းက ဥာဏ်ဖွင့်ပေးနေတာနော်

( မှန်ပါဘုရား )

“မေ့ဓာတ်ပုံလေး ချီးတွေပေလို့နေ” အဲဒီလိုဖြစ်သွားတာနော်။ ပြိတ္တာဖြစ်ဖို့နီးစပ်တဲ့အကြောင်း ဘုန်းဘုန်း ပြောပြတာ နော်။အဲဒါကြောင့်တဏှာ, လောဘ, ရာဂ, သံယောဇဉ်လေးနဲ့သေလိုက်ရင်ပရိသတ် ဘာဖြစ်ဖို့များသလဲ။

( ပြိတ္တာဖြစ်ဖို့များပါတယ်ဘုရား )

Shared from U Ko Ko Aung

စံကင်း ဆရာတော်ဘုရား

စိတ်ဝင်စားလွန်းလို့ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်တဲ့ ထေရုပတ္တိ စာအုပ်တွေထဲမှာ စံကင်းဆရာတော်ရဲ့ ထေရုပ္ပတ္တိ စာအုပ်လည်း တစ်အုပ်အပါအ၀င်ပါ။ ရေးသားပြုစုတဲ့ ဆရာတော်ဦးမာနိတသိရီနဲ့ ဦးနန္ဒမာလာဘိဝံသတို့ကလည်း အရေးကောင်းပါ။ ဒါကြောင့် ကိုယ်နဲ့ နွယ်ရာနွယ်ရာတွေကိုတောင် ပေးဖတ်ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်က ထေရုပ္ပတ္တိစာအုပ် သက်သက် မဟုတ်ပါဘူး။ သာသနာ့သမိုင်း ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွေပါ ပူးတွဲပါနေပါတယ်။ ဘာသာရေးသမိုင်း သုတေသီ တွေအတွက် အဖိုးတန်စာအုပ် တစ်အုပ်ပါ။
သာသနာ့နယ်ပယ်က ထင်ရှားတဲ့ဆရာတော်တွေ၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ခေါင်းဆောင်တွေ၊ စာပေနယ်က ထင်ရှားတဲ့စာရေးဆရာတွေ၊ နိုင်ငံခြားက ခေါင်းဆောင်တွေ စသည်ဖြင့် နယ်ပယ်စုံက ပုဂ္ဂိုလ်မျိုးတွေ၊ ၄င်းပုဂ္ဂိုလ်တွေနဲ့နွယ်ပြီး စံကင်းဆ ရာတော်မိန့်ခဲ့တဲ့ သြ၀ါဒတွေဟာ ဘ၀တစ်သက်တာ အမှတ်ရစရာတွေပါ။ အဲဒီအထဲက အချို့ လောက်ကို ရွှေစကားအဖြစ် ဖော်ပြပါရစေ။

စံကင်းဆရာတော်ဆိုတာ န၀မမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ပါ။ ရွှေကျင်သာသနာ ပိုင်ဆရာတော်တွေဟာ သက်တော်ရှည်ကြတယ်လို့ အများပြောကြတဲ့အတိုင်း စံကင်းဆရာတော်ဟာ လည်း သက်တော် (၁၀၂)နှစ်အထိ သက်တော်ရှည်ခဲ့ပါတယ်။ သက်တော်ရှည်သလို အသိဥာဏ် လည်းရှည်တယ်လို့ ဆိုရပါမယ်။ ဆရာတော့်ထေရုပ္ပတ္တိစာအုပ် ဖတ်လို့သာဆုံးသွားတယ် အသိဥာဏ် မဲ့တဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်မျိုး တစ်စက်မှ မတွေ့ရပါဘူး။ အမည်ဗျုပ္ပနဲ့လိုက်အောင် စံကင်းဆရာတော်လို့သာ ခေါ်နေကြတာ စံကင်းရွာဇာတိ မဟုတ်ပါဘူး။ ဆရာတော့်ဇာတိက စစ်ကိုင်း တိုင်း၊ လင်းယဉ်ရွာပါ။ စံကင်းဆရာတော်လို့ အမည်တွင်ရခြင်းကတော့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘု ရားကြီးရဲ့အမိန့်အရ ဓနုဖြူမြို့နယ်၊ စံကင်းရွာကိုသွားပြီး သီတင်းသုံးခဲ့လို့ စံကင်းဆရာတော်ရယ်လို့ အမည်တွင်ခဲ့တာပါ။ ပြီးတော့ ဆရာတော်က အသက် ၁၅-နှစ်အရွယ်မှာ သီပေါမင်း ပါတော်မူပုံမြင် ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူပါ။ ဒါတွေကတော့ စံကင်းဆရာတော်ရဲ့ ဘ၀ကောက်ကြောင်း အကျဉ်းကို အရင်ပြောပြထားတာပါ။

ဟိုဘက်ကာလ ဆရာတော်တွေကို ဘွဲ့တံဆိပ်ဆက်ကပ်တာ အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ အဘိဓဇမ ဟာရဋ္ဌဂုရုဆိုတဲ့ ဘွဲ့နှစ်မျိုးပဲ ဆက်ကပ်ပါတယ်။ ပြီးတော့ ဆက်ကပ်ခံရသူ အပါးအရေအတွက်လည်း အလွန်နည်းပါတယ်။ သမ္မတအိမ်တော်မှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဆက်ကပ် တာဆိုတော့ တစ်ဘွဲ့ဆို ဆိုသလောက် ရဟန်းပရိသတ်၊ လူပရိသတ် အလွန်တန်ဖိုးထားကြပါတယ်။ ဒါ့ကြောင့် ကိုယ့်နယ် ကိုယ်ဒေသက ဆရာတော်တစ်ပါးပါး ဘွဲ့ရပြီဆိုရင် ဂုဏ်ယူမဆုံးဖြစ်ပြီး ခြိမ့်ခြိမ့်သဲပူဇော်ပွဲ တွေလုပ်ကြတာ တော်တော်နဲ့မပြီးနိုင်တော့ဘူးလို့ ဆိုပါတယ်။

၁၉၅၃-ခုနှစ်မှာ စံကင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရမဲ့အကြောင်း သတင်းရောက်လာပါတယ်။ ဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကပ်ဖို့ အဆိုပြုသူမှာ နိုင်ငံတော်အကြီးအကဲကိုယ် တိုင်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ခံယူမဲ့ ဆရာတော်ဟာ အဂ္ဂမဟာပဏ္ဍတဘွဲ့ ရရှိ ပြီးဖြစ်ရမယ်ဆိုတဲ့ မူရှိပါတယ်။ စံကင်းဆရာတော်က အဂ္ဂမဟာပဏ္ဍတဘွဲ့ မရသေးပါဘူး။ ဒါကြောင့် မူအရ ဘွဲ့ပေးဖို့ ခက်နေပြန်ပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ သာသနာရေးဝန်ကြီးတို့ တိုင်ပင်ကြပါ တယ်။ နောက်ဆုံး ဘယ်လိုဆုံးဖြတ်ချက်ချလိုက်ကြသလဲဆိုတော့ “စံကင်းဆရာတော်ဆိုတာ ရွှေကျင်သာသနာပိုင် ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍတဘွဲ့ကပ်မထားပေမဲ့ ဆက်ကပ်ထားသလို ပညာရှိ တယ်။ ဒါ့ကြောင့် ဆက်ကပ်သင့်တယ်”ဆိုပြီး ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ အတည်ပြုလိုက်ပါတယ်။ ဆရာ တော့်ဆီကိုလည်း ဘွဲ့တံဆိပ်ဆက်ကပ်ခံယူဖို့ လေယဉ်လက်မှတ် (၄)စောင်ကို တစ်ခါတည်း ပို့ပေး လိုက်တယ်လို့ ဆိုပါတယ်။

အဘိဓဇပူဇော်ပွဲမှာ ဒကာဒကာမတွေ လှူဒါန်းကြတာ အချိန်တော်တော်လေး ကြာသွားပါ တယ်။ လှူဒါန်းမှုတွေပြီးသွားမှ နားနေခန်းမှာပြန်ပြီး အနားယူရပါတယ်။ ဒီလိုအနားယူနေချိန်မှာ ရန်ကုန်ကျောင်းတော်ရာ သုံးထပ်ဆရာတော် ဦးသီလက္ခန္ဓ အနားရောက်လာပြီး ၀မ်းပမ်းတသာနဲ့ အလ္လာပ သလ္လာပစကားတွေပြောကြရင်း “ရန်ကုန်မှာ ဆရာတော်ဘုရားကို အခုလို အများက သိလာကြ ကြည်ညိုလာကြတာ တပည့်တော်တို့ဂိုဏ်းကြီးလည်း ပိုပြီး အရောင်ထွက်လာနိုင်ပါတယ် ဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ ဆရာတော်က…..“သုံးထပ်ရယ် ကိုယ့်ဘုန်းဟုတ် မထင်ပါဘူး။ ဂိုဏ်းဘုန်းပါ။ ဂိုဏ်းကပေးတဲ့ တံဆိပ်ပါ။ ဂိုဏ်းကပေးတဲ့ ဂုဏ်ထူး၊ ဂိုဏ်းကခိုင်းတဲ့ တာဝန်၊ ဂိုဏ်းကခိုင်းလို့ အခု ရန်ကုန်ရောက်လာရတာပါ။ သုံးထပ်ဆရာတော် မကြားဖူးဘူးလား၊ အညာဆီမှာ ကလေးတွေ ထန်းပလပ်ကို မြင်းသဏ္ဌာန်လုပ်ပြီး စီးကြတာလေ၊ မြင်းပြေးလေ ပင်ပန်းလေ၊ ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်း စီးရတာလိုပါပဲ၊ ဘုန်းကြီးလေ ပင်ပန်းလေပေါ့”လို့ ပြန်မိန့်တော်မူပါတယ်။

“ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်း စီးရတာလိုပါပဲ” ဆိုတဲ့စကားဟာ ဆရာတော်ရဲ့ ကိုယ့်ကိုယ်ကို နှလုံးသွင်းမှန်မှန်နဲ့ အတွေးမှန်မှန် သုံးသပ်ပြတဲ့စကားပါ။ ဒီစကားဟာ အလွန်အတုယူ စရာနဲ့ သတိထားစရာပါ။ ဒီစကားကို သုံးထပ်ဆရာတော်က သဘောကျလွန်းလို့ အခွင့်သင့်တိုင်း တပည့်တွေကို ပြန်ပြန်ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ဟာ မန္တလေးရောက်တိုင်း ဆရာတော်ကို ၀င်ဝင်ဖူးလေ့ရှိပါတယ်။ ၁၃၂၃-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅-ရက်နေ့ညနေ ၄-နာရီမထိုးမီ ၁၅-မိနစ်လောက်အလိုမှာ သာသနာရေးဝန်ကြီးဦးဘစောနဲ့ လူထုဦးလှတို့ ဦးစွာရောက်လာပြီး သတင်းပို့ပါတယ်။ မကြာခင်မှာပဲ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ ရောက်လာကြပါတယ်။ ရောက်ရောက်ချင်းပဲ နိုင်ငံတော်အကြီးအကဲက ဆရာတော်ကို စကား စဆိုပါတယ်။ “ဆရာတော်ဘုရားကြီး နေကောင်းပါရဲ့လား” “အင်း…..ကောင်းပါရဲ့”။ “အခု ၉၂-နှစ်ထဲ ရောက်လာပြီ။ ဆရာဝန်မခေါ်ရဘူး။ နတ်တော်လက ၉၂-နှစ်ထဲ ရောက်လာတာ။ စားနေကျဆေး များလည်း စားနေတယ်”။ “ဗီတာမင်ဆေးများဟာ အဖျားရောဂါတို့ ဘာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်ဘုရား၊ အဲဒါဘုဉ်းပေးရင် သင့်တော်ပါတယ်ဘုရား”။ “အဲဒီဗီတာမင်ဆေးလည်း တစ်နေ့ ၂-လုံး စားပါရဲ့၊ ကံ စိတ် ဥတု အာဟာရ လေးမျိုးအနက် ကံဟောင်းကို မပြုပြင်နိုင်ပေမဲ့ ကံသစ်ကိုတော့ ပြုပြင်ကြရတယ်။ စိတ်လည်း ထို့အတူပဲ။ ငယ်ငယ်တုန်းကစိတ်တွေ အသက်ကြီး လာတော့ ကောင်းအောင်ပြုပြင်နိုင်တယ်။ ဥတု အာဟာရ တို့က ပိုထင် ရှားတယ်။ ဒကာကြီးတို့ ကိစ္စအမျိုးမျိုး ဆောင်ရွက်နေနိုင်တာ ကျမ်းမာလို့ ဖြစ်မှာပေါ့။ တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။ ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူအောင်စီမံထားတယ်။ တူတဲ့နေရာတူပေမဲ့ မတူတဲ့အရာတွေကလည်း အများကြီးရှိတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက (ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ)လို့ ဟောတော်မူတာပဲ။ မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။ မိမိအလုပ်ကိစ္စ မိမိကံပဲ။ ဘေးအန္တရာယ်ဖြစ်အောင် ဘယ်သူလုပ်သလဲ မိမိကံလုပ်တာပဲ။ ဥပမာ….ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်မှာနေတဲ့လူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းတဲ့လူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ ဘေးအန္တရာယ်တွေရှိပေမဲ့လည်း အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူကို ဘေးအန္တရာယ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မကောင်း ကျိုးကိုဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ကံယုတ်ကိုသာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရာယ်တွေကို ကြောက်စရာမလိုဘူး”။
“ဂြိုဟ်တွေပူးတာနဲ့ ဘေးဥပဒ်ဖြစ်ပါသလားဘုရား”
“ဂြိုဟ်တွေပူးပူး မပူးပူး ဇာတိ ဇရာ မရဏစတဲ့ သံသရာဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေ ကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းကံပါလာလို့ ကပ်ကြီးသုံးပါး တွေ့ကြရ သံသရာဒုက္ခ ခံကြရတယ်”။ “ဂြိုဟ်ကြီးရှစ်လုံးပူးတာနဲ့ သတ္တ၀ါတွေ ဘေးဥပဒ်ဖြစ်နိုင်တယ်ဆိုတာ ဟုတ်မှန်ပါသ လားဘုရား” “ခုနကပြောခဲ့တဲ့ အဓိပ္ပါယ်ပါပဲ။ ဘေးရန်တွေက မိမိမှာ လာဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေဖြစ်ကြရတာ။ အမှန်ကတော့ ကိုယ့်ရဲ့စိတ်ပါ ပဲ။ အတိတ်နိမိတ်ဆိုတာကတော့ တစ်ခါတစ်ရံ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ်ရှိပေမဲ့ ငရဲကြီးရှစ်ထပ်က ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင် တယ်”။
ဆရာတော်နဲ့ နိုင်ငံတော်အကြီးအကဲတို့ ပြောခဲ့တဲ့စကားတွေထဲက စကားတစ်ချို့ပါ။ တစ်ခြား ဘာသာရေး သာသနာရေး တိုင်းပြည်အရေး တွေကိုပြောပြီး ပြန်သွားကြပါတယ်။ ဆရာတော့်အ ကြောင်းရေးရင် မဖြစ်မနေပါရမဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဆရာတော့်ဇာ တာကြည့်ပြီး အာယုဒသာဖြတ်ကြတာပါ။ မန္တလေးက ဗေဒင်ကျော်ပညာရှိကြီးတွေ အောက်ပါအတိုင်း ဖြတ်ကြပါတယ်။
ညောင်ကန်နည်းအရ ၉၇-နှစ်၊ ၅-လ၊ ၂၅-ရက်၊ ၉-နာရီ။
ဂွေချိုနည်းအရ ၉၇-နှစ်၊ ၇-လ၊ ၁၃-ရက်၊ ၈-နာရီ။
အပရေ၀ါဒအရ ၁၀၅-နှစ်၊ ၅-လ၊ ၂၅-ရက်၊ ၉-နာရီ။
ဒီလိုနဲ့ ဆရာတော် သက်တော် ၉၇-နှစ်ကျော်သွားပြီး အထက်နည်းတွေလွဲသွားချိန်မှာ ဆရာ တော်ကြီးက ဒီသတင်းကြားတော့…..
”သူတို့က ငယ်ငယ်တုန်းကဇာတာကိုကြည့်ပြီး ဟောကြတာကိုး၊ တို့က ငယ်ငယ်တုန်းကလိုမှ မဟုတ်ဘဲနဲ့၊ အခု လုပ်နေတဲ့အလုပ်ကြည့်ပြီးဟောမှ မှန်တော့မပေါ့”လို့ မိန့်တော်မူပါတယ်။ ဒါပေမဲ့ ဗေဒင်သုံးနည်းလုံး လွဲသွားခဲ့ပါတယ်။ နီးစပ်မှုတောင်မရှိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် က သက်တော် ၁၀၂-မှာ ပျံလွန်တော်မူသွားလို့ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရင်းလည်းရင်းနှီး ဗေဒင်လည်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါးကိုမေးကြည့်တော့ သီလ သမာဓိ ပညာ စရဏတွေနဲ့ ပြည့်
စုံနေတဲ့ဘုန်းကြီးကို ဗေဒင်ဟောရင် မှန်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဆရာတော့်ဖြစ် စဉ်ဟာ နှောင်းလူတွေအတွက် အသိပွားစရာနဲ့ သတိထားစရာတွေ ကောင်းလှတယ်လို့ပဲ ဆိုလိုက်ပါ ရစေ။

ရဝေနွယ်(အင်းမ)

Shared from Shwe Yee

Tuesday, April 24, 2012

ကမ္ဘကို ပြန့်နှံ့လှပစေတဲ့ လူ့အရည်အသွေးများ

ဗုဒ္ဓဘာသာဝင်တို့ဆိုတာ မွေးဖွားလာကတည်းက “ရတနာသုံးပါး ဦးထိပ်ထား၍ ၊ မာတာမိခင် ဖွားသန့်စင် သည်၊ အမည်သညာ ခေါ်စရာကား၊ မောင် ဘယ်သူ မဘယ်သူ အသက်တစ်ရာနှစ်ဆယ် ရှည်စေသော်”ဆိုပြီး မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံး ရတနာခန္ဓာ၊ ရတနာဘဝကြီး ဖြစ်စေဘို့ မိဘတို့ရဲ့ ပုဗ္ဗမင်္ဂလာစကားကို ဦးထိပ်ရွက် ပန်ဆင်လာကြတာပါ။

မိမိတို့ရဲ့ ဘဝကိုသာမက မိမိတို့နေထိုင်ရာ အိုးအိမ်များကိုလည်း “ကျက်သရေအိမ်ကြီး” ဖြစ်စေ ဘို့အတွက် “သီရိဂေဟာ”လို့ အမည်ကင်ပွန်း တပ်လေ့ရှိကြပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကြီးကိုရော ၊ ကိုယ်နေထိုင်ရာ အိုးအိမ်၊ ရပ်ရွာ၊ နိုင်ငံကစပြီး ကိုယ်နေတဲ့ ကမ္ဘာကြီးတစ်ခု လုံးကိုပါ အမြဲကျက်သရေရှိနေတဲ့ သီရိကမ္ဘာကြီးအထိ ဖြစ်စေဘို့ ဘုရားရှင် ဟောညွှန်တော်မူတဲ့ အဆုံးအမ စကားကို အခြေခံပြီးတော့ နည်းနည်းပြောပါမယ်။

မြတ်စွာဘုရားရှင်က လူတို့ရဲ့ခန္ဓာကိုယ်ကြီးဆိုတာ ဘာပစ္စည်းမှ ထည့်မထားတဲ့ ဖန်ဗူး၊ ပုလင်းခွန် ကြီးနဲ့ တူပါတယ်တဲ့။ ပုလင်းခွန်ကြီးဟာ ဒီအတိုင်းတော့ ဘာအမည်ထူးမျှ မရှိသေးဘူး၊ အဲဒီပုလင်းခွန်ကြီးထဲကို အဆိပ် တွေ ထည့်လိုက်ရင်တော့ ဒီပုလင်းကြီးက “အဆိပ်ပုလင်းကြီး ”ရယ်လို့ ဖြစ်သွားမယ်။ အဆိပ်ပုလင်းဖြစ်သွားပြီဆိုရင် ပိုင်ဆိုင်သူဟာ ကိုယ်တိုင်သောက်လည်း သေစေနိုင်သလို သူတစ်ပါးကို တိုက်ရင် လည်း သေစေ တတ်ပါတယ်။

အဲဒီပုလင်းလွတ်ကြီးထဲကို နို့ချိုတွေ ထည့်လိုက်ရင်တော့ “နို့ချိုပုလင်းကြီး”ရယ်လို့ ဖြစ်သွားမယ်။ နို့ချိုပုလင်းကြီး ဖြစ်သွားပြီဆိုရင် ပိုင်ဆိုင်သူဟာ ကိုယ်တိုင်သောက်ရင်လည်း ခွန်အားဖြစ်ပါတယ်။ သူတစ်ပါးကို တိုက်ရင်လည်း ခွန်အားဖြစ်စေတတ်ပါတယ်။

အဲသလိုပါပဲ၊ ဒီခန္ဓာကိုယ်ကြီးဟာလည်း မူလကတော့ ပုလင်းခွန်ကြီးပမာ ဘာမျှ ထည့်မထားသေးပါဘူး။ အမိဝမ်းမှာ ပဋိသန္ဓေတည်နေစက ဘယ်လိုကုသိုလ် အကုသိုလ်မှ မလုပ်ခဲ့ကြသေးပါဘူးလို့ ဆိုလိုတာနော်။ အဲဒီ ခန္ဓာကိုယ်ကြီးဟာ အကုသိုလ်တွေ ပြုခဲ့မည်ဆိုရင်တော့ အကုသိုလ် ခန္ဓာကိုယ်ကြီး ဖြစ်သွားပါမယ်၊ အကုသိုလ်ခန္ဓာ ကိုယ်ကြီး ဖြစ်သွားရင် ကိုယ်တိုင်လည်း အပါယ်တွင်း ကျရောက်နိုင်သလို သူတစ်ပါး တို့ကို ဝေငှပေး ရင်လည်း အပါယ်တွင်းကျရောက်မည့် အကုသိုလ်ခန္ဓာကိုယ်တွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှေးဆရာတော် ကြီးများ ရေးခဲ့တဲ့ လင်္ကာပိုဒ် ကလေးကိုလည်း မှတ်ဆောင်ထားစေချင်ပါတယ်…..

+ ဖန်ဗူးပုလင်း အဆိပ်သွင်း၊ ပုလင်းအဆိပ် ဖြစ်သည့်နှယ်။

+ ခန္ဓာကိုယ်တွင်း၊ အကုသိုလ်သွင်း၊ ပါယ်တွင်းခန္ဓာ ဖြစ်ရတယ်။

+ ဖန်ဗူးပုလင်း ၊ နို့ချိုသွင်း၊ ပုလင်းနို့ချို ဖြစ်သည့်နှယ်။

+ ခန္ဓာကိုယ်တွင်း၊ ကုသိုလ်သွင်း၊ ပါယ်ကင်းခန္ဓာ ဖြစ်ရတယ်.. တဲ့။

ခန္ဓာကိုယ်ကြီးထဲကို အကုသိုလ်တွေ ထည့်လိုက်လို့ အကုသိုလ် ခန္ဓာကိုယ်ကြီး ဖြစ်သွားပြီဆိုရင် ဒီခန္ဓာကိုယ်ကြီးက ကျက်သရေ မရှိနိုင်တော့ ပါဘူး။ ကျက်သရေမရှိတော့ရင် ကျက်သရေမရှိသူတို့ လားရောက်ရာ ဖြစ်တဲ့ အပါယ်တွင်းထဲကို ကျရောက်သွားမယ်လို့ သတိပေးလိုတာပါ။

ဒီခန္ဓာကိုယ်ကြီးထဲကို ကုသိုလ်တွေ ထည့်လိုက်ရင်တော့ “ကုသလံ အနဝဇ္ဇ သုခဝိပါက လက္ခဏံ” ဆိုတဲ့အတိုင်း၊ အပြစ်လည်းကင်း၊ ချမ်းသာခြင်း ကိုလည်း ဆောင်နိုင်တဲ့အတွက် ကျက်သရေ ရှိသွားပါတယ်။

ကျက်သရေရှိသွားပြီဆိုရင် ကျက်သရေရှိသူတို့ရဲ့ လားရောက်ရာဖြစ်တဲ့ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာဆီကိုသာ ဦးတည် သွားကြရမှာပါ ။

လူတို့ရဲ့ ခန္ဓာကိုယ်ကြီးလိုပဲ လူတို့နေထိုင်ရာ အိုး အိမ်၊ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံက စလို့ ကမ္ဘာကြီးအထိ သြကာသလောကကြီးတစ်ခုလုံးဟာလည်းပဲ ဖန်ဗူးပုလင်းလွတ်ကြီးလိုပါပဲ။ နေထိုင်သူတို့ ကျက်သရေ ရှိတဲ့အခါ နေထိုင်ရာ အိုးအိမ်ကစပြီး ကမ္ဘာကြီးအထိဟာလည်း ကျက်သရေအိုးအိမ်၊ ကျက်သရေရပ်ရွာ၊ ကျက်သရေ မြို့နယ်၊ ကျက်သရေနိုင်ငံ၊ ကျက်သရေကမ္ဘာကြီးလို့ ဆိုနိုင်သွားပါလိမ့်မယ်။

နေထိုင်သူတို့က ကျက်သရေမဲ့လာပြီဆိုရင်တော့ အိုးအိမ်၊ တိုက်တာတွေဆိုတာ စိန်တွေ၊ ရွှေတွေနဲ့ မွမ်းမံ ထားတဲ့ ဘုံနန်းပြဿဒ်ကြီး ပဲဖြစ်နေစေအုံးတော့ ကျက်သရေ မဲ့တဲ့ အိုးအိမ်ကြီးလို့သာ ဆိုရမှာပါ။ အိုးအိမ်တွေ ကျက်သရေမဲ့ပြီဆိုရင် ရပ်ရွာတွေ၊ မြို့နယ်တွေကစလို့ ကမ္ဘာကြီး အထိဟာလည်း ကျက်သရေမဲ့တဲ့ ကမ္ဘာကြီး ဖြစ်သွားမယ်ဆိုတာ လူတိုင်းသဘောပေါက်ကြမှာပါ။

ဒီနေ့ အချို့ အိုးအိမ်တွေ၊ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံတွေမှာ “ သုဂတိလူ့ဘုံသားတို့ နေရာ” ဆိုတဲ့ ဂုဏ်နဲ့ မတန် လောက်အောင် ကျက်သရေမဲ့နေ တဲ့ ဖြစ်ရပ်တွေကို ကမ္ဘာအဝှမ်းမှာပဲ တွေ့မြင် ကြားသိနေကြရပါတယ်။

အကြောင်းရင်းက ဘာလဲလို့ စဉ်းစားလိုက်ရင် အားလုံးသဘောပေါက်ကြမှာပါ၊ နေထိုင်သူတွေ၊ တာဝန်ရှိသူတွေကိုယ်တိုင် ကျက်သရေ မဲ့ကြလို့ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူတို့တစ်တွေ ကျက်သရေမဲ့ရခြင်းရဲ့ အကြောင်းကို ဆက်ပြီးတော့ ရှာကြည့်မယ်ဆိုရင်တော့. အကုသိုလ်တွေ သွင်းထားကြ လို့ပါပဲ၊ ဘာဖြစ်လို့ သုဂတိ လူဘုံသားရဲ့ ခန္ဓာကိုယ်ထဲမှာ အကုသိုလ်တွေ သွင်းနေကြရတာလဲလို့ ဆက်ပြီး အကြောင်း ရှာကြည့် ရင်တော့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာဒေသနာနည်းအတိုင်း ပြောရမယ်ဆိုရင်.. လောဘ ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ် ရေသောက်မြစ် တွေ သန်မာနေကြလို့ပါပဲတဲ့။

အဲဒီရေသောက်မြစ်သုံးခုထဲမှာလည်း အခြေခံအကျဆုံးက “အဝိဇ္ဇာ၊ တဏှာ ဒွေးမူလ”ဆိုတဲ့အတိုင်း အသိဉာဏ်မဲ့မှုနဲ့ အလိုရမ္မက်ကြီးမှုတို့ပါပဲ။ ဒါကလည်း ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အိုးအိမ်၊ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံတို့ အကြောင်း ပြန်ပြီးစဉ်းစားကြည့်လိုက်ရင် ထင်းထင်း ကြီး ပေါ်လွင်နေ ကြမှာပါ။ နေထိုင်သူ၊ တာဝန်ရှိသူတွေ အသိဉာဏ်လဲခေါင်းပါး၊ အလိုရမ္မက်ကလည်းကြီးမားလာပြီဆိုရင် သူတို့ ပြုလုပ်သမျှ ၊ ဦးဆောင် သမျှ ၊ ညွှန်ကြား သမျှရဲ့အောက်က လုပ်ဆောင်ရတဲ့ လုပ်ရပ်တွေကလည်း အကုသိုလ်ကံတွေသာဖြစ်ပြီး သူတို့ကိုယ်တိုင်ကစလို့ သူတို့နဲ့ ဆက်စပ်ရာ သတ္တလောက၊ သြကာသလောကကြီး တစ်ခုလုံးဟာလည်း ကျက်သရေမဲ့ သွားကြတယ်ဆိုတာ အားလုံးတွေ့ကြုံ ကြားသိ ခံစားဖူးကြမှာပါ။

မြတ်ဗုဒ္ဓအလိုကျ အဲဒီလို ကျက်သရေမဲ့တဲ့ ခန္ဓာကနေ ကျက်သရေမဲ့တဲ့ ကမ္ဘာကြီးအထိ မဖြစ်စေကြပဲ မိမိတို့ တစ်ကိုယ်ရေ ခန္ဓာကိုယ်ကြီးကစလို့ ကမ္ဘာကြီးအထိ ကျက်သရေတွေ ပြန့်နှံ့လှပသွားအောင် ဆောင်ရွက် နိုင်ကြဘို့အတွက် ဥပမာလေးတစ်ခုနဲ့ ပြောပြချင်ပါတယ်။

လူတို့၊ အထူးသဖြင့်တော့ အမျိုးသမီးများပေါ့နော် ဆင်မြန်းကြတဲ့ ကျောက်မျက်ရတနာတွေထဲမှာ ခရမ်းရောင်လွင်လွင်လေးနဲ့ လှပပြီး ကျက်သရေရှိတဲ့ “ခရမ်းစွဲ”ဆိုတဲ့ ကျောက်ကလေးတစ်ခုကို တွေ့ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ခရမ်းစွဲဆိုတာ ရတနာစာရင်းဝင်တဲ့ ကျောက်မျက်တစ်ခုတော့ မဟုတ်ပါဘူး။ သာမာန် သလင်းကျောက်ကလေးပါပဲ။ အဲဒီသလင်းကျောက်ကလေးမှာ ထူးခြားတာကတော့ ကျောက်တုံးကလေးတွေရဲ့ ထောင့်မှာ ခရမ်းရောင် အရည်စွဲကလေး နဲနဲပါပါတယ်၊ အဲဒီအရည်စွဲနေတဲ့ ထောင့်စွန်နေရာကလေးကလွဲလို့ ကျန်တဲ့ ကျောက်တုံးတစ်ခုလုံးကတော့ သာမာန်သလင်းကျောက်လို အဖြူရောင်ပါပဲ။

ဒါပေမယ့် အဲဒီ ခရမ်းစွဲလေးပါတဲ့ သလင်းကျောက်ကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေက စနစ်တကျ အကွက်ပေါ်အောင်သွေးပြီး ခရမ်းစွဲနဲ့ တူရူဖြစ်တဲ့ မျက်နှာပြင်ကိုလည်း ညီညာ ချောမွေ့အောင် သွေးပေးလိုက်တဲ့ အခါမှာတော့ မျက်နှာပြင်တစ်ခုလုံးဟာ ခရမ်းရောင်လေးနဲ့ ပြည့်နှက်တောက်ပပြီး ကျက်သရေရှိတဲ့ ကျောက်မျက်ရတနာ တစ်ခုပမာ လူတို့ရဲ့ အလှဆင် ရတနာ စာရင်းထဲ ဝင်လာပါတော့တယ်။

အဲသလိုပါပဲ၊ လူဆိုတာဟာလည်း “သုဂတိလူ့ဘုံသား” ဆိုတဲ့အတိုင်း ကောင်းတဲ့ ကုသိုလ်ကံမျိုးစေ့က ပို့ပေးလို့ ရောက်လာကြသူများပီပီ၊ လူတိုင်း လူတိုင်းမှာ “ကုသိုလ်ကံ” ဆိုတဲ့ အရည်စွဲလေးတွေ ကိုယ်စီပါကြ ပါတယ်။ လူဖြစ်လာရုံမျှမက သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါ သာသနာတော်ကို ကြည်ညိုရကောင်းမှန်း သိလာ ကြသူများ ဆိုရင်တော့ ကုသိုလ်ကံအရည်စွဲသာမက “ပါရမီ”အရည်စွဲကလေးတွေပါ ကိုယ်စီကိုယ်ငှ ပါလာကြ ပါတယ်။

စောစောကပြောတဲ့ ခရမ်းစွဲဆိုတဲ့ ကျောက်ကလေးမှာ အနည်းငယ်သာပါတဲ့ အရည်စွဲလေးကို အခြေခံပြီး စနစ်တကျ အကွက်ပေါ်အောင် သွေးပေး လိုက်ရင် မျက်နှာတပြင်လုံး ခရမ်းစွဲရောင် အပြည့်နဲ့ လှပတင့်တယ်ပြီး ကျက်သရေရှိလာသလိုပေါ့၊ လူတိုင်းမှာပါတဲ့ ကုသိုလ်ကံ အရည်စွဲ ၊ ပါရမီအရည် စွဲလေးတွေကိုလည်း စနစ်တကျ အကွက်ပေါ်အောင် ပြုပြင်ပေးလိုက်ရင် လူ့တစ်ကိုယ်လုံးဟာလည်း ကုသိုလ်ခန္ဓာကိုယ်၊ ပါရမီခန္ဓာကိုယ်ကြီး ဖြစ် သွားပြီး ကျက်သရေတုံး ကျက်သရေခဲကြီးလို တင့်တယ်သွားမှာ မလွဲပါဘူး။

ဘုရားသာသနာတော်ကြီး ပေါ်ပေါက်လာတာ၊ ဘုရားရှင်တို့ ဟောညွှန်ဆုံးမတာတွေဆိုတာ အဲဒီ ကုသိုလ် အရည်စွဲ၊ ပါရမီအရည်စွဲလေးတွေကို စနစ်တကျ အကွက်ပေါ်အောင် ဖေါ်နည်းတွေပါပဲ။

ဒီခန္ဓာကိုယ်ကြီးကို ရတနာသုံးပါးတို့ ၊ သရဏဂုံသုံးပါးတို့၊ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားတို့ဆိုတဲ့ အကွက်ကလေးတွေနဲ့ ပုံဖေါ်လိုက်ရင်ကို ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်လောက် လှပတင့်တယ် ကျက်သရေရှိသွားမလဲဆိုတာ စဉ်းစားကြည့်လိုက်ပေါ့။

အဲသည်ထက်ပိုပြီးတော့ မဂ္ဂင်ရှစ်ပါးတို့နဲ့ပါ အကွက်ဖေါ်ပြီး သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါး အရည်အသွေးတွေ တက်လာအောင် အကွက်ဖေါ်နိုင်ပြီး ဆိုရင်တော့ ဒီခန္ဓာကိုယ်ကြီးဟာ ဒုဂ္ဂတိဘုံကို ကျရောက် စေမည့် အပါယ်မျိုးစေ့ ကိလေသာ အညစ်အကြေးတွေပါ ကင်းစင်သွားတဲ့အတွက် တကယ့်ကိုယ်မှ လူနတ် ဗြဟ္မာ သတ္တဝါအားလုံးတို့က ဦးထိပ်ထက် ပန်ဆင်လောက်အောင်အထိ အမြင့်မြတ်ဆုံး ရတနာ အစစ်ကြီး ဖြစ်သွားမှာ မလွဲပါဘူး။

မူလက ရတနာစာရင်းမဝင်သေးတဲ့ ခရမ်းစွဲကျောက်ကလေးဟာ စနစ်တကျအကွက်ဖော် သွေးပေးလိုက် တဲ့အတွက် လူတို့အလှ ဆင်စရာ ကျောက်မျက်ရတနာ တန်းဝင်သွားသလိုပဲ သာမန်ပုထုဇဉ်များဖြစ်တဲ့ မိမိတို့ဟာ လည်းပဲ မွေးရာပါ ကံအရည် အစွဲ၊ ပါရမီအရည် အစွဲလေးတွေကို မြတ်ဗုဒ္ဓရဲ့ နည်းပေးဆုံးမချက်များနဲ့ အညီ အကွက်ဖော်ပေး လိုက်ရင် အရိယာသံဃာရတနာ စစ်စစ်ဖြစ်သည့်အထိ တန်းဝင် သွားနိုင်တယ် ဆိုတဲ့ ကိုယ်ရဲ့ အရည်အသွေးကလေးများကို တန်ဘိုးထား မြှင့်တင်ပေး တတ်ကြဘို့ သတိပေးလိုက် ရတာပါ။

ဒါကတော့ အမြင့်မြတ်ဆုံးအဆင့်ကို ပြောတာပါ။ အဲဒီလို အရိယာသံဃာတန်းဝင်သွားတဲ့ တစ်မဂ် တစ်ဖိုလ် အထိရောက်အောင် အကွက် မဖေါ်နိုင်ကြသေးဘူး ဆိုရင်တောင်မှ မိဘများ ဗျာဒိပ်ထားခဲ့သလို ရတနာသုံးပါး ဦးထိပ်ထားခြင်းကစလို့ နိုင်သမျှ နိုင်သမျှလေးတွေ တိုးတိုးပြီး သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်တို့ ပေါ်အောင် အကွက်ကလေးတွေ ဖေါ်ဆောင် နိုင်ကြရင်ကိုပဲ တစ်ဆင့်ထက် တစ်ဆင့် ကျက်သရေတွေ တိုးတိုး လာကြမှာပါ။

ပဋ္ဌာန်း ဟေတုပစ္စည်း အတိုင်း ပြောရမည်ဆိုရင်တော့ ဒီလို တစ်ဆင့်ထက်တစ်ဆင့် တိုးတက်မြင့်မြတ်ပြီး ကျက်သရေ အရောင်တွေ တက်တက် လာအောင် သရုပ်ဖေါ်ဖို့ဆိုရင် မိမိတို့ ရှိရင်းစွဲဖြစ်တဲ့ ကုသိုလ်အရည်အသွေး ပါရမီ အရည်အသွေးတို့ရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ဟိတ်ကောင်း သုံးပါးတို့ ကြီးထွားသန်မာအောင် သတိ ဝီရိယများနဲ့ ဖေါ်ဆောင်ရမည်လို့ ဆိုပါတယ်။

အဲဒီသုံးပါးထဲမှာလည်း အဓိကကတော့ အမောဟဆိုတဲ့ အသိပညာ တရားပါပဲ။ အသိပညာလည်းရှိ၊ စွန့်လွှတ်နိုင်စွမ်းဖြစ်တဲ့ အလောဘတို့၊ ခွင့်လွှင့်နိုင်စွမ်းဖြစ်တဲ့ အဒေါသတို့လည်း သန်မာ အားကောင်းလာပြီဆိုရင် တော့ ရေသောက်မြစ်ကောင်းက စုပ်ယူတဲ့ သစ်ပင်ကြီးဟာ သစ် ပင်ကောင်းကြီး ဖြစ်ပြီးတော့ အခက်အလက် ကောင်း ၊ အပွင့်ကောင်း၊ အသီးကောင်းတို့နဲ့လည်းဝေဆာ၊ အရိပ်အာဝါသ အနံ့အရသာတို့နဲ့ လည်း ပြည့်စုံလာ သလို၊ ဒီခန္ဓာကိုယ်ကြီး တစ်ခုလုံးဟာလည်း ကုသိုလ်ပင်ကြီးအဖြစ်နဲ့ ကုသိုလ်အခက်အလက်၊ အပွင့်၊ အသီးတွေနဲ့ ဝေဆာပြီး ကျက် သရေ တွေ တိုးတက်ပြည့်ဝနေမှာပါပဲ။

အဲဒီလို တစ်ဦးချင်း၊ တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ကြီးတွေ ၊ ကျက်သရေပြည့်ဖြိုး အလှတိုးလာပြီဆိုရင် ဒီခန္ဓာ ပိုင်ရှင်တွေနေတဲ့ အိမ်ကြီးဟာလည်း ရတနာထည့်တဲ့ ဖန်ပုလင်းကြီးပမာ တကယ့်ကိုယ်မှ သီရိဂေဟာအစစ်ကြီး ဖြစ်သွားမှာပါ။ ဒီအိမ်မျိုးတွေနဲ့ စုပေါင်းထားတဲ့ ရပ်ရွာ၊ မြို့နယ်၊ နိုင်ငံကစလို့ လူသားတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးဟာလည်း ကျက်သရေအဖြာဖြာ ဂုဏ်ပေါင်းတွေဝေဆာနေတဲ့ သီရိကမ္ဘာကြီး ဖြစ်မှာ မလွဲပါဘူး။

အဲဒီလိုဖြစ်လာပြီဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံးဟာ ခက် ရွက် ပွင့် သီးတွေ ဝေဆာနေတဲ့ ဥယျာဉ်ကြီး တစ်ခုပမာ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့အတွက် ပန်းမှု၊ နွမ်းမှု၊ လွမ်းမှုတို့ ဖြေဆည်ရာဖြစ်တဲ့အပြင် အပြင်ပူရော၊ အတွင်းဆွေးပါ ငြိမ်းအေး သွားကြ မှာလဲ သေချာ ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ လူတိုင်း လူတိုင်းဟာ မိမိတို့မှာ တစ်ကိုယ်ရေ တစ်ခန္ဓာကစလို့ တစ်ကမ္ဘာလုံးအထိ အလှဆင်နိုင်စွမ်းရှိတဲ့ လူရည်အစစ်လို့ဆိုရမည့် ကံစွမ်းရည်၊ ပါရမီစွမ်းရည်တွေ ပါရှိကြတာကို အလေးအနက် သတိပြု တန်ဘိုးထားကြပြီး တစ်ကိုယ်ရေ တစ်နေရာကစလို့ တစ်ကမ္ဘာလုံးတိုင်အောင် ကျက်သရေတွေနဲ့ ဖြန့်ကျက်လှပစေနိုင်အောင် ဘုရားရှင် နည်းပေးလမ်းပြတဲ့အတိုင်း ကြိုးစား သွေးပွတ်ပြီး အကွက် ဖေါ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း အနုမောဒနာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံး မိမိကိုယ်တိုင်မှစ၍ တစ်လောကလုံးကို လူရည် လူသွေးအစစ်များနဲ့ အလှဆင်နိုင်ကြပါစေ..။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
Shared from Shwe Yee

Sunday, April 22, 2012

ခွင့်လွတ်တယ်ဆိုတာ...

လူ့ဘောင်မှရင်နာစရာများကို တွန်းဖယ်ဘို့။
ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြား ဖူးတဲ့သူက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအား လုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။

ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာ တွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေ့တယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့စဉ်းစားပါနော်…

Disappointment– ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ကတိအတိုင်းမတည်လို့စိတ်ဆင်းရဲရတာ…

Rejection– ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကို လေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…

Abandonment– စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…

Ridicule– လှောင်တာ၊ ပြောင်တာ၊ သရော်တာ…

Humiliation– ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…

Betrayal– သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ် ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…

Deception– လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကို တစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေ မရှိတော့လို့ပဲ…

Physical Abuse– ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…

Emotional Abuse– ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံးတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွား မယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီး တာက တရားဖက်မှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။

ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျ ခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကို ကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။

ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးဟာ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလို စိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင် တယ်။ စဉ်းစားနိုင်တယ်။

လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။

ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…

ဆရာတော်ဦးဇောတိက

Shared from သီရိနန္ဒ

သင်္ချိုင်းကုန်းကြီး တခုလို

သုဿန်သင်္ချိုင်း၌ အပြစ်ငါးမျိုးရှိကြောင်းကို မြတ်စွာဘုရားက ဤသို့ ဟောကြားတော်မူခဲ့ပါသည်။
“ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ..........

(၁) မစင်ကြယ်၊
(၂) မကောင်းသော အနံ့ရှိ၏၊
(၃) ဘေးဘျမ်းရှိ၏၊
(၄) သရဲသဘက်တို့ နေရာဖြစ်၏။
(၅) များစွာသော လူအပေါင်းတို့ ငိုကြွေးရာဖြစ်၏၊
“ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ဤသင်္ချိုင်းကို ဥပမာပြု၍ သင်္ချိုင်းကုန်းနှင်းတူသော ပုဂ္ဂိုလ်ကိုလည်း ဟောဖော်ညွန်ကြား
တော်မူခဲ့ပေသည်။ ထိုပုဂ္ဂိုလ်မှာ.......

(၁) အသုစိ - မစင်ကြယ်သော ကာယကံ၊ ၀စီကံ၊ မနောကံနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊

(၂) ဒုဂ္ဂန္ဓ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည်စုံသဖြင့် မကောင်းသတင်းထွက်၍
အပုပ်နံ့လှိုင်သောပုဂ္ဂိုလ်။

(၃) သပ္ပဋိဘယ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည်စုံသဖြင့် သီလကို ချစ်မြတ်နိုးကြ
ကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ပစ်ပယ်ခံရသောပုဂ္ဂိုလ်၊

(၄) ၀ါဠာနံ အမနုဿာနံ အာဝါသ - မိမိကိုယ်တိုင် မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံ
သည့်အပြင် မိမိနှင့်သဘောတူ မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့နှင့်သာ
ပေါင်းသင်းနေထိုင်သော ပုဂ္ဂိုလ်၊

(၅) ဗဟုဇနအာရောဒန - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ရဟန်းအပေါင်း
သူတော်ကောင်းတို့က ကဲ့ရဲ့ရှုတ်ချခံရသော ပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။
(သိဝထိကသုတ်) (အံ၊ ၂၊ ၂၃၅။ မြန်မာပြန်၊ ၃၀၀ - ၃၀၁)

အဓိပ္ပါယ်မှာ.............

(၁) သင်္ချိုင်းသည် မစင်ကြယ်သကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိခြင်း၊

(၂) သင်္ချိုင်းသည် မကောင်းသော အနံ့ရှိသကဲ့သို့ မကောင်းသတင်းထွက်ခြင်း၊

(၃) သင်္ချိုင်းသည် ဘေးအန္တရယ်ရှိသောအရပ်ဖြစ်၍ ထိုသင်္ချိုင်းကို လူအများက ရှောင်ရှား
သွားကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကိုလည်း ကိုယ်ကျင့်သီလကို ချစ်မြတ်
နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ရှောင်ရှားသွားကြခြင်း၊

(၄) သင်္ချိုင်း၌ ဘီလူးသရဲများ နေကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူထံ၌လည်း
မစင်ကြယ်သော ကံသုံးပါးရှိသူတို့သာ နေထိုင်ကြခြင်း၊

(၅) သင်္ချိုင်း၌ လူအများငိုကြွေးကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကို သီလကို
ချစ်မြတ်နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ကဲ့ရဲ့ ရှုတ်ချကြခြင်း အားဖြင့်
ဒုဿီလပုဂ္ဂိုလ်သည် သင်္ချိုင်းကုန်းနှင့် ဥပမာတူလေသည်။

အထက်ပါ အင်္ဂါရပ်များတွင် နံပါတ် (၄) အင်္ဂါအရ
သင်္ချိုင်းကုန်း၌ ဘီလူးသရဲများသာ နေထိုင်ကြသကဲ့သို့ မစင်ကြယ်သောပုဂ္ဂိုလ်ထံသို့လည်း
မစင်ကြယ်သော ပုဂ္ဂိုလ်များသာ ဆည်းကပ်ကြသည်ကို တွေ့ရှိရပေမည်။
သို့ဖြစ်၍ ခြေင်္သေ့စစ်မှန်က မြက်ကို မစားသကဲ့သို့ မြက်စားလျှင်လည်း ခြေင်္သေ့မစစ် ဟု
ဆုံးဖြတ်နိုင်ပါသည်။
ဟင်္သာမင်းစစ်က ကျီးကန်းကို မခစားသကဲ့သို့ ကျီးကန်းကို ဆည်းကပ်လျှင်လည်း ဟင်္သာ
မစစ်ဟု သတ်မှတ်နိုင်ပါသည်။

နံပါတ် (၅) အင်္ဂါအရ
သူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချခြင်းနှင့် လူအပေါင်းတို့ ငိုကြွေးခြင်းတူကြပုံမှာလည်း
ဤသို့ဖြစ်ပါသည်။ သူတော်ကောင်းတို့သည် ဒုဿီလပုဂ္ဂိုလ်နှင့် မလွှဲသာ မရှောင်သာ
ပေါင်းဖော်နေရလျှင်ပင် “ငါတို့သည် ဒီလိုကောင်ကြီးနှင့်မှ ပေါင်းသင်းဆက်ဆံနေရပေ၏။
ထိုသို့ ပေါင်းသင်းဆက်ဆံနေရခြင်းမှာ ငါတို့အတွက် ဆင်းရဲကြီးစွတကား” ဟု မြည်တန်း
ညည်းညူတတ်ပါသည်။ ထိုသို့ သူတော်ကောင်းတို့ ညည်းညူခြင်းကိုပင် လူအပေါင်းတို့
ငိုကြွေးခြင်းနှင့် ဥပမာပြုထားခြင်းဖြစ်ပါသည်။

သို့ဖြစ်၍ စာဖတ်သူအပေါင်းသူတော်ကောင်းတို့သည် ဆရာသမားထံ နည်းခံတော့မည်
ဆိုလျှင် သင်္ချိုင်းကုန်းနှင့် တူသော ပုဂ္ဂိုလ်ကို ဝေးစွာရှောင်၍ ပွတ်သစ်စ ဂရုသင်းကဲ့သို့
ဆွတ်ဆွတ်ဖြူသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော၊ စန္ဒကူးနံ့သာကဲ့သို့ မွှေးကြိုင်သော
သီလရနံ့ရှိသော ကမ္မဌာန်းဆရာထံ နည်းခံနိုင်ပါစေ - ဟု ဆန္ဒပြုမိပေသည်။

ဝီရသူ - (မစိုးရိမ်)

အရှင်ဝရသာမိ
http://www.sbay-student.org/
www.dhammaanalysis.multiply.com/

Shared from http://www.sbay-student.org/2010/10/blog-post.html

Saturday, April 21, 2012

ကိုယ့်စိတ်ကိုစစ် စိတ်မညစ်နဲ့

လူအတော်များများနဲ့ တွေ့ဆုံမိတဲ့အခါတိုင်း သူတို့ဆီက မကြာမကြာ ကြားရတတ်တဲ့ စကားလေးတွေက “စိတ်မကောင်းဘူး၊ စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ပင်ပန်းတယ်၊ စိတ်ဖိစီးတယ်၊ စိတ်ရှုတ်တယ်” စတာတွေပဲ များနေတတ်ပါတယ်။ ဟုတ်ပါတယ်လေ။ ကောင်းနေတယ်ဆိုရင်လည်း ဒီအကြောင်းတွေက ပြောစရာမှ မဟုတ်တော့တာ။ ပြောရမယ်ဆိုရင် အားလုံးကောင်းနေရင် အတော်များများက ဘုရားကျောင်းကန်နဲ့ ဘုန်းကြီးအနား ကပ်ဖို့ကို သတိတောင်မှ မရတတ်ဘူး မဟုတ်လား။ ဒီလို စိတ်ဒုက္ခလေးတွေ၊ သောကလေးတွေရှိမှပဲ အားကိုရာ ကျောင်းကန်ဘုရား၊ ဆရာသမားများကို ရှာတတ်ကြတာ ဆိုတော့ ကျန်တာတွေနဲ့ မဖြေဘဲ ဘာသာတရား အဆုံးအမနဲ့ ဖြေဆည်ဖို့ ချည်းကပ်လာတာကိုပဲ ရှာကြံပြီး ကျေးဇူးတင်ရပါဦးမယ်။

ဟုတ်ပါတယ်။ လူတော်တော်များများရဲ့ ဒုက္ခမှန်သမျှဟာ စိတ်ကို အခြေခံပြီးပဲ ဖြစ်လေ့ရှိကြတာဆိုတော့ ပြောရင်လည်း စိတ်အကြောင်းကိုပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ အဆိုးအကောင်း ရလာဘ်အားလုံးရဲ့ တရားခံဟာ စိတ်ကြောင့်ပဲဖြစ်သလို အရာအားလုံးကို ဦးဆောင်ထားလည်း ဒီစိတ်ပဲဖြစ်တဲ့အတွက် ကောင်း၊ မကောင်းတဲ့ ရလာဘ်တွေ အပေါ်မှာ လိုက်ခံစားတာလည်း စိတ်ကပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ရှိသမျှ လိုက်ခံစားမိတဲ့အတွက်ကြောင့်လည်း ခုနပြောခဲ့တဲ့ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပင်ပန်းတာ၊ စိတ်ဖိစီးတာ စတာတွေလည်း ဖြစ်လာကြတော့ ဖြစ်ပါတယ်။ အရင်းစစ်တော့ အရာအားလုံးဟာ စိတ်ကြောင့်ပဲ ဖြစ်တယ်ဆိုတာ အထင်အရှား တွေ့မြင်ရတာ ဖြစ်ပါတယ်။

“စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု” ဆိုတဲ့ စကားအတိုင်း စိတ်ဟာရုပ်တရားကိုလည်း ပြောင်းလဲထောက်ပံ့ ပေးနိုင်တာ ဖြစ်ပါတယ်။ ရုပ်ကိုဖောက်ပြန်စေတတ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ဒီအကြောင်းတရား လေးပါးမှာ စိတ်ကြောင့် ရုပ်တရား ပြောင်းလဲဖောက်ပြန်မှုဟာလည်း သတ္တဝါအများ အများဆုံး ကြုံတွေ့ကြရတတ်တဲ့ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှု များတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့ သူတွေ၊ စိတ်သောကတွေနဲ့ မပြတ်ကြုံနေရတဲ့ သူတွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ သူတို့ရဲ့ ခံစားမှုတွေက အလိုလို ထင်ဟပ်ပြနေသလို ဖြစ်နေတတ်ပါတယ်။ ဒီလိုပဲ စိတ်အစဉ် ကြည်လင်နေတဲ့သူတွေ၊ စိတ်ပျော်ရွှင်နေတဲ့ သူတွေ၊ စိတ်မှာ အပူအပင် ကင်းနေတဲ့သူတွေရဲ့ မျက်နှာအမူအရာတွေကျပြန်တော့ အေးချမ်းကြည်လင်နေတဲ့ အသွင်ကို ဆောင်နေတတ်တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ဆောင်လို့ ရုပ်ပြောင်တဲ့သဘော၊ စိတ်ထောင်းလို့ ရုပ်ပြောင်းတဲ့ သဘောပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က “စိတ္တေန နိယျတေ လောကော = စိတ်ဟာ လောကကို ဆောင်တယ်”လို့ ဟောတော်မူပါတယ်။ သက်ရှိသက်မဲ့ အရာအားလုံးမှာ စိတ်ကအခရာကျပြီး လောကကြီးတစ်ခုလုံးကို စိတ်ကရှေ့ဆောင် ပြုထားကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ လောကတစ်ခု အနေနဲ့ ပြောရင် သတ္တဝါ တစ်ဦးဦးရဲ့ ရုပ်နာမ်အစု ခန္ဓာကိုယ် တစ်ခုလုံးဟာ လောကတစ်ခုပဲ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အားလုံးမှာ စိတ်ကအဓိက ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒီအမူအရာ အားလုံးမှာ စေတနာကောင်းပါတဲ့စိတ်၊ စေတနာဆိုးပါတဲ့ စိတ်တွေက အကျိုးသက်ရောက်မှုကို ဖြစ်စေတာ ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ စိတ်စေတနာကို အထူးသတိပြု လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

စိတ်ရဲ့သဘောကလည်း အာရုံနဲ့ ထိတွေ့တဲ့အခါ အလွယ်တကူ ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနဲ့တွေတဲ့အခါ အဲဒီအာရုံတွေနောက်ကို စိတ်က အလွယ်တကူ လိုက်သွားတတ်ပြီး ခံစားမှုကိုလည်း အလွယ်တကူ ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ ကောင်းတဲ့အာရုံ တစ်ခုခုမှာ စိတ်အစဉ် တည်တံ့နေအောင် ကြိုးစားအားထုတ်ဖို့ ခက်ခဲတတ်ပေမယ့် မကောင်းတဲ့ အာရုံမှာဆိုရင်တော့ အလိုလိုကို ပျော်နေမိတော့တာ ဖြစ်ပါတယ်။ ကောင်းတဲ့အာရုံတွေဟာ သီးသန့်ကြိုးစား အားထုတ်ယူမှ ရတတ်ပေမယ့် မကောင်းတဲ့ အာရုံတွေကတော့ တစ်ယောက်တည်းနေလည်း ဖြစ်နေတတ်သလို အများနဲ့နေလည်း ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အကောင်းအဆိုး အမျိုးမျိုးဟာ အာရုံတွေမှာ စိတ်ကပါနေကြလို့ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား စိတ်ညစ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ စတာတွေဟာ ကိုယ့်စိတ်ကို အာရုံတွေမှာ လိုက်ပြီး ခံစားနေမိကြလို့ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ မြင်ရတဲ့အာရုံ၊ ကြားရတဲ့အာရုံ စတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတွေမှာ စိတ်ကလိုက်ပြီး ခံစားနေမိတတ်တဲ့အတွက် မမြင်ချင်တာကို မြင်ရတဲ့အခါ၊ မကြားချင်တာကို ကြားရတဲ့အခါ၊ မခံစားချင်တာကို ခံစားရတဲ့အခါ စတာတွေမှာ အဲဒီအာရုံတွေရဲ့ ဆွဲရာကို ပါသွားတဲ့ စိတ်အစဉ်မှာလည်း မကျေနပ်မှုတွေ၊ မကြည်လင်မှုတွေ၊ မပျော်ရွှင်မှုတွေ စသဖြင့် ဖြစ်လာတော့တာ ဖြစ်ပါတယ်။ အာရုံတွေရဲ့ ဆွဲရာနောက်ကို စိတ်ကာ ကြာကြာလိုက်သွားမိလေ ကိုယ့်မှာစိတ်ခံစားမှုတွေ ကြာကြာဖြစ်လေ၊ အာရုံတွေနောက်ကို စိတ်က များများလိုက်ပြီး ခံစားလေလေ ကိုယ့်မှာ စိတ်ခံစားမှုတွေ များလေပဲ ဖြစ်ပါတယ်။ စိတ်ဟာ ကောင်းတဲ့အာရုံတွေကို လိုက်ဖို့ခက်ပေမယ့် မကောင်းတဲ့ အာရုံတွေဆိုရင်တော့ အလျဉ်အမြန် ထုတ်ပစ်ဖို့ ခက်တတ်ပါတယ်။ ဒါကြောင့်လည်း လူအတော်များများမှာ စိတ်နဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားမှုတွေ များများဖြစ်နေတတ်ကြတာ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ အဖြေက ရှင်းပါတယ်။ စိတ်ညစ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ စတာတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်စိတ်ကို အာရုံတွေနောက်မှာ လိုက်မခံစားမိဖို့၊ အာရုံတွေရဲ့ ဆွဲရာနောက်ကို ပါမသွားမိဖို့ပဲ လေကျင့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေကျင့်ဖို့ဆိုတာကလည်း ကိုယ့်စိတ်ကို သိမှပဲ လေ့ကျင့်လို့ ရမှာ ဖြစ်ပါတယ်။ သိဖို့ဆိုတာကလည်း သတိရှိမှပဲ ဖြစ်မှာပါ။ သတိရှိဖို့အတွက်ကတော့ သမာဓိကို အခြေခံတဲ့ အာရုံကောင်းတွေမှာ စိတ်အစဉ် တည်နေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စိတ်ဟာ မကောင်းတက်ဘက်မှာပဲ ပျော်မွေ့တတ်တာများတဲ့အတွက် အာရုံကောင်းတွေနဲ့ ပျော်မွေ့နိုင်ဖို့ ကိုယ့်ကိုယ်ပြုပြင်နိုင်တဲ့၊ ပြုပြင်ချင်တဲ့ စိတ်စေတနာ၊ ထက်သန်တဲ့ သဒ္ဓါတရား၊ ကြိုးစားအားထုတ်လိုတဲ့ ဝိရီယတရား၊ အကြောင်းအကျိုးကို ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ အရာအားလုံးမှာ အချုပ်ဖြစ်တဲ့ သတိတရားတွေ ပိုမိုတိုးပွားလာအောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ မမေ့မလျော့ သတိရှိနေဖို့ပဲ ဖြစ်ပါတယ်။ သတိရှိနေရမယ်ဆိုတာက ကိုယ့်စိတ်ကို သိနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

အမှန်တော့ စိတ်မှာမကောင်းတဲ့ ခံစားချက် အမျိုးမျိုးဖြစ်နေကြတာ၊ အဲဒီခံစားမှုနောက်ကို အချိန်အကြာကြီး လိုက်ခံစားနေကြတာတွေဟာ ကိုယ့်သန္တာမှာ သတိမရှိလို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်မှာရှိတဲ့ ခံစားချက်ကို မသိလို့ဘဲ ဖြစ်ပါတယ်။ ခံစားချက်ရဲ့ သဘောကလည်း အဲဒီခံစားချက်ကို မသိဘူးဆိုရင် ဆက်ကာဆက်ကာ လိုက်ပြီးခံစားနေတတ်တာ ဖြစ်ပါတယ်။ ဘယ်လိုအာရုံမျိုးလေးပဲ ဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးပဲ ဖြစ်ဖြစ် ထစ်ခနဲဆို လိုက်ခံစားနေတတ်တဲ့အတွက် ခံစားလွယ်တာနဲ့အမျှ စိတ်ပင်ပန်းမှုတွေလည်း ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ အာရုံတွေနောက်ကို စိတ်ကလိုက်ခံစားနေတာကို သတိမမူမိဘဲ ပြင်းပြင်းထန်ထန် လိုက်ခံစားနေမိတဲ့အခါ ကိုယ့်သန္တာန်မှာ စိတ်ရဲ့ပင်ပန်းမှုတွေဟာလည်း ပိုမိုပြင်းထန်နေတော့တာ ဖြစ်ပါတယ်။ သတိကင်းလေး ခံစားမှုပြင်းလေ၊ မသိမှုများလေ ခံစားမှုများလေပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသဘောတွေ လျော့နည်းလာဖို့ ခံစားချက်ကို သိအောင်ကြိုးစားကြစို့လို့ ဆိုခြင်းဖြစ်ပါတယ်။

ခံစားမှုနဲ့ ပတ်သက်ပြီး တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ တစ်ချို့ စိတ်ရဲ့မကောင်းတဲ့ ခံစားချက်တွေဟာ သိလို့ဖြစ်တာလား၊ မသိလို့ ဖြစ်တာလားဆိုရင် မသိလို့ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ မသိလို့ဘဲ “ဘယ်သူကတော့ ငါ့ကို ဘယ်လိုပြောလိုက်တာ၊ ဘယ်သူကတော့ ငါ့ကို ဘယ်လိုဆက်ဆံလိုက်တာ၊ ငါ့ကိုမှ ဒီလိုလာပြီး လုပ်ရက်ပါပေ့” စသဖြင့် တနုံ့နုံ့တွေးရင်း တစိမ့်စိမ့် လိုက်ခံစားနေမိတာ ဖြစ်ပါတယ်။ အဲဒီလို လိုက်ခံစားနေသမျှ ကိုယ့်စိတ်ရဲ့ အတွေးခံစားချက်တွေဟာ ပျောက်ပျက်မသွားဘဲ ခံစားချက်ကို ပိုမိုပြီး အားကောင်းနေစေမှာ ဖြစ်ပါတယ်။

အကယ်၍ အဲလိုခံစားချက်ကို မသိလိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်မှာ ခံစားသမျှကို ခံစားတဲ့အခိုက်မှာ အသိကပ်ပြီး ဘာခံစားတယ်ဆိုတာ သိလိုက်မယ်ဆိုရင်တော့ အဲဒီခံစားချက်ဟာ ပျောက်သွားပြီး သိတယ်ဆိုတဲ့ သိစိတ်လေးက ရောက်လာတော့တာ ဖြစ်ပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်နောက်စိတ်လေးတွေက သတိကပ်ပြီး လိုက်လိုက်သိပေးနေရင် စိတ်မှာအစွဲဆိုတာလည်း လျော့လျော့လာတော့တာ ဖြစ်ပါတယ်။ ဘယ်သူက ဘာပြောလိုက်တာ ဆိုတဲ့ မသိမှုအစွဲလေးတွေကို စိတ်မှာခံစားတာနဲ့ ချက်ချင်းသိလိုက်မယ်ဆိုရင် အဲဒီအစွဲဟာလည်း ချက်ချင်းပျောက်သွားတော့တာ ဖြစ်ပါတယ်။ အဲဒီလို စိတ်မှာတစ်ခုခု ခံစားတိုင်း အသိစိတ်က လိုက်ပြီး သိနေနိုင်မယ်ဆိုရင် ဘယ်ခံစားမှုမျိုးမှ ကိုယ့်စိတ်ကို လွှမ်းမိုးပြီး အကြာကြီး ခံစားနေမှာ မဟုတ်ပါဘူး။ စိတ်မှာ အကောင်းအဆိုး ခံစားမှုတွေ ကင်းနေမယ်ဆိုရင် ခံစားမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်အစဉ် ပင်ပန်းမှု ဆိုတာတွေလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ခံစားမှု ကင်းနေတဲ့စိတ်ဟာ အခိုက်အတန့် အားဖြင့်တော့ ငြိမ်းချမ်းနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ သတ္တဝါတိုင်း၊ သတ္တဝါတိုင်း စိတ်အစဉ် မငြိမ်းချမ်းကြခြင်းဟာ သတိမရှိကြလို့၊ ခံစားမှုကို မသိကြလို့ဘဲ ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ အဲဒီမသိမှုဟာ သူများကို မသိမှုထက် ကိုယ့်ကိုယ်ကို မသိကြလို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မသိတာဟာ ကိုယ့်စိတ်ကို မစစ်မိကြလို့ဘဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကို မစိစစ်ဘဲ သူများကို လိုက်ပြီးစိစစ်နေ၊ ကိုယ့်ကိုယ်ကို မမြင်ဘဲ သူများကို လိုက်မြင်နေ၊ ကိုယ့်ခံစားချက်ကို မဆင်ခြင်ဘဲ သူများခံစားချက်ကို လိုက်ပြီးထင်မြင်နေကြလို့ဘဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုမမြင်၊ ကိုယ့်ခံစားချက်ကို မပြင်၊ ကိုယ့်စိတ်ကို မဆင်ခြင်၊ ကိုယ့်သန္တာန်မှာ အသိမဝင်ဘဲ နေမိနေသမျှ စိတ်အစဉ် ပင်ပန်းမှုတွေဟာ ရှိကိုရှိနေကြတော့မှာ ဖြစ်ပါတယ်။ ပြောင်းပြန်အနေနဲ့ ဒီလို စိတ်ပင်ပန်းမှုတွေ မရှိချင်ရင်၊ လျော့နည်းသွားစေချင်ရင်တော့ ကိုယ့်ကိုယ်ဆင်ခြင်၊ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ကိုယ့်စိတ်ကို ကိုယ်ပြင်နိုင်အောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကိုအကြောင်းပြုပြီး စိတ်ခံစားမှု အမျိုးမျိုး ကြုံနေကြရတဲ့ သူတွေအနေနဲ့ ဒီစိတ်ခံစားချက်ကို ကုစားရာမှာ စိတ်ကို စိတ်နဲ့ပဲ ကုစားနိုင်တာ ဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ခံစားခံစား အဲဒီခံစားမှုများကို သတိကပ်ပြီး ကိုယ့်ရဲ့ခံစားချက်ကို မြင်အောင်ကြည့်ကာ ကိုယ့်ကိုယ်ကိုစစ်ပြီး ကောင်းတဲ့စိတ်၊ ဖြူစင်သန့်ရှင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် ညစ်နွမ်းတဲ့စိတ်ကို အစားထိုးနိုင်အောင် ကြိုးစားရင်း သူများကို မစစ်ဘဲ ကိုယ့်ကိုယ်ကို စစ်နိုင်အောင်သာ အပ္ပမာဒတရား လက်ကိုင်ထားကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။

by မနာပဒါယီ အရှင်ဝိစိတ္တ on Saturday, April 21, 2012 at 11:14pm

မြတ်စွာဘုရားရှင်၏ ဥဒါန်းစကားတော် (၀မ်းသာစွာပြောဆိုတော်မူခဲ့သော စကားတော်)

အား ♣♣တောသူမလေး♣♣ ရေးသားပါသည် ဧပြီ 20, 2012 at 2:04pm

မြတ်စွာဘုရားဟာ ဒီလိုကျင့်ပြီး ဒုက္ခတွေအားလုံး ကင်းစင်ပြီး ဒုက္ခနယ်ထဲက လွတ်မြောက် သွားတော်မူတဲ့အခါမှ ဥဒါန်းကျူးရင့်တဲ့စကားတွေက ၀ိပဿနာ တရားအားထုတ်ကျင့်ကြံနေတဲ့ သူတွေတိုင်းတွက် အင်မတန် သွန်သင်စရာ နိုးဆော်စရာကောင်းတာပါပဲ။

“အနေက ဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိပုနပ္ပုနံ။

ဂဟကာရက ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။

ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။”

ဘုရားဖြစ်တော်မူတဲ့ညမှာ မြတ်စွာဘုရားလောင်းလျာဟာ ညဦးယံကစပြီး တရားကိုရူတော့ စိတ်ဓါတ်ဟာ သန့်ရှင်းစင်ကြယ်လာလိုက်တာ စိတ်ထဲမှာ အညစ်အကြေးဆိုလို့ မြူမူန်မျှလောက်တောင်မရှိတော့ပဲ လုံးဝကင်းစင်သွားတဲ့ အခါကျတော့ ဘ၀ဘ၀ဟောင်းတွေကို ပြန်ပြီးသိမြင်နိုင်တဲ့ ပုဗ္ဗေနိဝါသနုဿတိဉာဏ်တော်ကို ရရှိခဲ့ပါတယ်။ ဘ၀တွေကို ပြန်ပြီးသုံးသပ်လိုက်တော့ သံသရာကြီးထဲမှာ ဘ၀တွေ မရေတွက်နိုင်လောက်အောင် ဘ၀ပေါင်း အသေင်္ချေဖြစ်ခဲ့ရပြီး တစ်ဘ၀ကနေ တစ်ဘ၀၊ တစ်ဘ၀ကနေ တစ်ဘ၀မရပ်မနားအဆက်မပြတ်တစ်ပြေးတည်း ပြေးခဲ့ရတာ ပြေးခဲ့ရတာ၊ မွေးရာကစ သေရာနဲ့ဆုံး၊ မွေးရာကာစ သေရာနဲ့ဆုံး ဖြစ်ဖြစ်လာ လိုက်တာ (၁)မိနစ်၊ (၁)စက္ကန့်လေးတောင်မှ မရပ်မနားခဲ့ပါဘူး။


နေဖို့ရာအိမ်တစ်လုံးပြီးတစ်လုံး အသစ်တွေဆောက်ခဲ့ရသလိုပါပဲ။ ၀ိဉာဏ်အတွက် ကလည်း ခန္ဓာအိမ်တစ်ခုပြီးတစ်ခု၊ တစ်မျိုးပြီး တစ်မျိုးနဲ့ အဆက်မပြတ်ဖြစ်နေခဲ့ရပါတယ်။ အိမ်အသစ်တွေ တစ်လုံးပြီး တစ်လုံး ဆောက်ပေးနေခဲ့ရပါတယ်။ ခန္ဓာကိုယ်အိမ် အသစ်တွေကိုလည်း အဆက်မပြတ် တစ်ခုပြီး တစ်ခု ဆောက်ပေးနေခဲ့ရပါတယ်။ ဒီဘ၀မှာ သေသွားတာနဲ့ ဒီခန္ဓာကိုယ်ကို ပစ်ခဲ့ရပြီး နောက် ဘ၀မှာ နောက်ခန္ဓာအိမ်အသစ်နဲ့ နေခဲ့ရပါတယ်။


ဒီလိုခန္ဓာအိမ်အသစ်တွေ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆောက်လုပ်ပေးနေတဲ့ ဆောက်လုပ်သူ လက်သမား ဆရာကြီး ဗိသုကာကြီးဟာ ဘယ်သူ ဘယ်ဝါမှန်း မသိခဲ့ရလို့ ရှာဖွေမိခဲ့ပါတယ်။ မရေတွက်နိုင်တဲ့ ဘ၀ဘ၀တွေမှာ အဆုံးမရှိ အတိုင်းအတာမရှိတဲ့ ဒုက္ခဆင်းရဲတွေကိုလည်း ခံစားခဲ့ရပါတယ်။ အခုတော့ဖြင့် ခန္ဓာကိုယ်အိမ်တွေကို ဆောက်လုပ်ပေးနေတဲ့ ဗိသုကာဆရာကြီး၊ သင့်ကိုကျွန်ုပ် အခုတွေ့မြင်ရပါပြီ အိမ်ဆောက်ဖို့ရန်လိုအပ်တဲ့ ပစ္စည်းတွေအားလုံးနဲ့ အိမ်ခေါင်ကိုလည်း ဖျက်စီးချေမူန်းလိုက်ပါပြီ သင်ဟာ ကျွန်ုပ်အတွက် နောက်ထပ် ခန္ဓာကိုယ်အိမ် အသစ်တစ်လုံး ဆောက်လုပ်မပေးနိုင်တော့ပါဘူး။ ကျွန်ုပ်ရဲ့စိတ်ထဲမှာ သင်္ခါရတွေအားလုံး လုံးဝကုန်စင်သွားပါပြီလို့ ဥဒါန်းကျူးရင့်တော်မူပါတယ်။


ကုသိုလ် အကုသိုလ်၊ ကောင်းကံ ဆိုးကံ သင်္ခါရဆိုလို့ အမူန့်တောင် မကျန်တော့တဲ့ ဘ၀ဆိုတော့ နောက်ထပ်ဘ၀အသစ် ဖြစ်ဖို့ရာ မရှိတော့ပါဘူး။ နောက်ထပ်ပြီး လိုချင်တပ်မက်မူတွေ တဏှာ လောဘတွေလည်း မရှိတော့ပါဘူးတဲ့ ဘ၀ဆိုတော့ သင်္ခါရအဟောင်းတွေ၊ ကံအဟောင်းတွေ အားလုံးကုန်စင်သွားပြီး နောက်ထပ်ဘ၀သစ်လဲ မဖြစ်တော့ပါဘူး။ သင်္ခါရတွေအားလုံး ကင်းစင်သွားတော့ ဘ၀အသစ် နောက်ထပ် မဖြစ်တော့ဘဲ လောကအနှောင်အဖွဲ့၊ ဘ၀အနှောင်အဖွဲ့တွေ အားလုံးက လွတ်မြောက်သွားတာ ဖြစ်ပါတယ်။


တစ်ဘ၀ပြီးတစ်ဘ၀ ဆက်ဆက်နေအောင် ပြုလုပ်ဆောက်တည်ပေးနေတဲ့ ဗိသုကာကြီးက ဘယ်သူပါလဲလို့ ရှာဖွေကြည့်လိုက်တဲ့ အခါကျတော့ လူတွေဟာ ဘ၀တွေ အဆက်ဆက်မှာ အပြင်လောကကြီးထဲမှာပဲ အမှားတွေနဲ့ ရှာဖွေခဲ့ကြပါတယ်။ အရေးကြီးတာကတော့ တစ်လံမျှသာရှိသော မိမိရဲ့ ခန္ဓာကိုယ်အတွင်း ရုပ်နာမ်အစုထဲမှာသာ အမှန်တရား သစ္စာတရားကို တွေ့ရှိပြီးတော့ အနုသယကိလေသာ အညစ်အကြေးတွေ ဘာမှမကျန်အောင် အားလုံးကုန်စင်သွားပြီး ပရမတ္ထသစ္စာတရား အဆုံးစွန်သောတရားကို ရောက်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြရန် ဖြစ်ပါတယ်။ နောက်ထပ်ပြီး သံသရာမှာ မကျင်လည်ကြတော့ပဲ လုံးဝလွတ်ငြိမ်းချမ်းသာကြရမှာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းဟာ ဒီလွတ်လပ်ရေး ငြိမ်းချမ်းရေး ချမ်းသာကို ရနိုင်ကြပါတယ်။


ဒါဟာ မြတ်စွာဘုရားတစ်ပါးတည်းရဲ့ မူပိုင်မဟုတ်ပါဘူး။ လျှောက်ရမယ့် လမ်းစဉ်ကတော့ အင်မတန် အင်မတန်ကိုပဲ ရှည်လျားတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းစဉ်ပေါ်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း မှန်မှန်လျှောက်သွားမယ် ဆိုရင်တော့ နောက်ဆုံးပန်းတိုင်ကို ရောက်ရမှာမလွဲပါဘူး။ ဒီလမ်းစဉ်ပေါ်ကို ၀ိပဿနာကျင့်သူ တရားအားထုတ်သူတွေဟာ စပြီး ခြေလှမ်းလှမ်းကြပြီဆိုတာ အင်မတန် ကောင်းလှပါတယ်။ ထူးလှပါတယ်။ ခြေလှမ်းတွေ လှမ်းနိုင်သမျှ လှမ်းနိုင်သလောက် ဆက်ဆက်ပြီးလှမ်းပြီး ကိလေသာ အညစ်အကြေးတွေက တတ်နိုင်သမျှ စင်ကြယ်လာအောင် ပြုလုပ်ကြပါ။ အရေးအကြီးဆုံးကတော့ ဒီကမ္မဋ္ဌာန်းနည်းကို သိရှိဖို့ဖြစ်ပြီး ဒီနည်းနဲ့ တစ်သက်တာလုံးဆက်ပြီး ကျင့်သွားကြဖို့ပါပဲ။ ဒါဟာ ဘ၀တစ်သက်တာလုံးရဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒီဘ၀တွင်သာမက ဒီလမ်းစဉ်ကို အုတ်မြစ်ချပြီး ဘ၀ဘ၀တွေမှာလဲ ဆက်လက်ကျင့်သုံးကြရဦးမှာ ဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။ တရားထုတ်သူရော အားမထုတ်ဖူးသူများရော ဘာသာရေးအသိအတွေးအမြင်ရစေဘို့ရယ်။မိမိတို့အိမ်တွေမှာ သံဃာပင့်ပြီးအနေကဇာတင်တဲ့အခါ သံဃာတော်များရွတ်သေား ဂါထာတော်ရဲ့ဆိုလိုသောအဓိပ်ပယ်ကိုသိစေရန်အတွက်ရယ် မြတ်ဘုရားရှင်ပထမဦးဆုံးဘုရားဖြစ်ပြီး ရွတ်တော်မူခဲ့သောဂါထာ ဖြစ်ပါတယ်။

ဦးဇင်း..

by သီရိ နန္ဒ on Saturday, April 21, 2012 at 4:45am

Friday, April 20, 2012

Some Dhamma Knowledge

တစ်ခါက လူငယ်အချို့၏ ပြောဆိုသံကို ကြားခဲ့ဖူး၏။ သူတို့ထဲမှ တစ်ယောက်က မိမိ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အရက်ဆိုင်တွင် အရက်ဒကာခံမည့်အကြောင်း၊ နိုက်ကလပ်တွင် ဒကာခံမည့်အကြောင်း ပြောဆိုသည်ကို အခြား သူငယ်ချင်းများကလည်း သာဓုပါဗျာဟု ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သံကိုလည်း ကြားခဲ့ရ၏။ ကြားရသည်မှာ စိတ်မကောင်းဖြစ်ရသကဲ့သို့ သာဓုကို အလွဲသုံးစား ခေါ်နေကြပါလားဟုလည်းတွေးကာ မသိမှုများ များလာကြသည့် ယနေ့ခေတ် လူငယ်အချို့အတွက် အားမလိုအားမရ ဖြစ်ခဲ့ရ၏။ စင်စစ် ထိုမွေးနေ့ရှင် ဒကာလေးပြောသကဲ့သို့ မွေးနေ့မှာ အရက်ဒကာခံခြင်းသည် အလှူမမြောက်သည့်အပြင် ကုသိုလ်လည်း ရမည်မဟုတ်ပေ။ ဒါနအတုခေါ် မလှူကောင်းသည့် အလှူကို လှူခြင်းဖြစ်သဖြင့် ငွေသာကုန်ပြီး အကျိုးမရှိသည့် အလှူမျိုးသာ ဖြစ်နေပေ၏။ ကုသိုလ်မရလျှင်တော်သေး၏။ အကုသိုလ်ပါ ရလိုက်ခြင်းကား မကောင်းသည့် တန်ပြန်သက်ရောက်မှုအထိ ဖြစ်ပေါ်စေနိုင်ပေ၏။ အရက်နောက်တွင် ပါလာသည့် အကုသိုလ်များ၊ နိုက်ကလာပ်တွင် ရလာသည့် ကိလေသာများကား ဒါနအတုကို အလှူပြုခဲ့မှု၏ လက်တွေ့အပြစ်များပင် ဖြစ်နေပြီး ထိုအပြစ်များဖြင့် ဘဝအဆုံးသတ်သွားလျင်ကား အပါယ်အထိပင် လားစေနိုင်ပေ၏။ ထို့ကြောင့် အရာရာတွင် ဒကာခံလိုသူများ သတိပြုရမည်မှာ လှူတိုင်းဒါနမဖြစ်သည့် အလှူများကို စေတနာကောင်းကောင်းဖြင့် မလှူမိကြရန် ဖြစ်ပါ၏။

ဗုဒ္ဓစာပေတွင် မလှူသင့်သည့် အလှူဒါန သို့မဟုတ် ဒါနအတုခေါ် ဒါနမမည်သော အရာငါးမျိုးရှိကြောင်း ဖော်ပြထား၏။ ထိုငါးမျိုးမှာ

၁။ သေရည်သေရက် ဘိန်းစသည့် မူးယဇ်ဆေးဝါးများကို ပေးလှူခြင်း မဇ္ဇဒါန

၂။ ကပွဲသဘင်ကျင်းပပေးခြင်း သမဇ္ဇဒါန

၃။ မေထုန်အလို့ငှါ မိန်းမများကို ပေးလှူပေးခြင်း ဣတ္ထိဒါန

၎။ နွားမတို့အလယ်သို့ နွားထီးကို လွှတ်ပေးခြင်း ဥသဘဒါန နှင့်

၅။ ရာဂကို လှုံဆော်ပေးတတ်သည့် ပန်းချီးပန်းပုစသည်တို့ကို ပေးလှူခြင်း စိတ္တကမ္မဒါန ဟူသော ဤငါးမျိုးပင် ဖြစ်၏။ (ဝိ၊ ၅၊ ပါ၊ ၂၃၁) ဤဒါန အမျိုးအစား ငါးမျိုးတို့သည် ပေးကမ်းလှူဒါန်းခြင်းဖြင့် ဒါနမမြောက်သကဲ့သို့ အလှူခံ ပုဂ္ဂိုလ်များအားလည်း ကိလေသာကာမနှင့် အကုသိုလ်တရားသာ တိုးပွားစေသဖြင့် ကုသိုလ်မဖြစ်ဘဲ အကုသိုလ်ကိုသာ ဖြစ်စေတတ်ပေ၏။ ထို့ကြောင့် စစ်မှန်သည့် အလှူဒါနကို ပြုလုပ်လိုသူများသည် အထက်ပါ ဒါနအတု ငါးမျိုးကိုလည်း ရှောင်ရှားကြရန်လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

မူရင်းလင့်ခ် = အလှူဒါနပြုကြရာတွင် (http://www.venvicitta.com/2011/06/blog-post_03.html )

********************************************


ဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းခြင်းနှင့် စပ်လျဉ်း၍
ဆုံးမစကား ဆိုတော်မူခဲ့သော ဆရာတော်ကြီးနှစ်ပါး၏ အဆုံးအမ မှာ -

“တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ရွာဘုရားပွဲ မလုပ်ကြနဲ့၊
ဇာတ်ပွဲတွေ ငါ့ကိုလှူကြပါ”
(ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီး)

“ဗုဒ္ဓဘာသာ သာသနာကို ဘာသာဝင်တွေက ဖျက်နေကြတာ၊
ဘုရားပူဇော်တဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ
တခြိမ့်ခြိမ့်တသဲသဲ လုပ်နေကြတာ
ဘုရားပူဇော်ရာ မရောက်ပါဘူး။
ဘုရားကိုလည်း အာရုံမရောက်ပါဘူး။
ကုသိုလ်မရတဲ့အပြင် ငရဲတောင်ကြီးပါသေးတယ်။
နောင်လာနောင်သားတွေကို ပြင်ပေးကြ”
(အရှင်ဇနကာဘိဝံသဆရာတော်ကြီး )

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါတော်များ (စာ-၆) - မှ ရေးသားပူဇော်ပါသည်။

By: YeWin Tun

*******************************************


မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ။ မကောင်းတဲ့စိတ် ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ၊ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ အကုသိုလ် ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေ ကတော့ ဖြစ်နေမှာပါပဲ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့် အရာလည်းမဟုတ်ပါဘူး။ ဖြစ်တာနဲသိ၊ သိတာနဲ့မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အကုသိုလ်စိတ် တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှု ပီတိတွေ ဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပိတိတွေ ဖြစ်လာရင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ပျော်ရွှင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။

အဲဒီလိုပါပဲ ကိုယ့်စိတ်ညံ့လေးတွေကို ပြုပြင်ယူယူသွားရတာပါပဲ။ ကိုယ်က ပြုပြင်ချင်တဲ့ စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့ စိတ်ရယ် ရှိဖို့ပဲ အရေးကြီးပါတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ စိတ်ထားတွေ မြင့်မြတ်သူ ဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့ အကုသိုလ်တွေ မကောင်းတဲ့ စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတောင် ဖြစ်နေပါဦးမယ်။

ကဲ ..စာဖတ်သူ ..မကောင်းတဲ့ စိတ်ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ပစ်ကြည့်ပါလား.. အကုသိုလ်ကနေ အမြတ်ဆုံး ဝိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။

ရဝေနွယ် (အင်းမ)

စာစီ စာရိုက် ပူဇော်သူ ..ပုလုကွေး

By: အနှိုင်းမဲ့ စာတိုပေစများ

*********************************************


‎***ဆရာတော်ဦးဇောတိက ၏ ***ဆုံး မ သြ ၀ါ ဒ ။

***လူတွေဟာ စိတ်ထဲမှာ ပြည့်ကျပ်နေတာပဲ။ လူတွေရဲ့စိတ်ဟာ ဘာမှအသုံးမ၀င်တဲ့ ပစ္စည်းအဟောင်းအမြင်းတွေကို စုပြုံပြီးတော့ ပြည့်ကျပ်အောင် သိမ်းထားတဲ့ ကုန်လှောင်ရုံကြီးနဲ့ တူနေတယ်။

***ဒီလို တရားထိုင်ပြီး လုံးလုံး စိတ်ရှင်းသွားတော့ စိတ်မှာ ကြည်လင်အေးချမ်း ငြိမ်းချမ်းပြီး အင်မတန် သန့်ရှင်းသွားတာ၊ ကိုယ့်စိတ်က ဘုရားခန်းလေးလို ဖြစ်သွားတယ်။ ပစ္စည်းအပိုဆိုလို့ ဘာမှ ဒီအထဲမှာ မရှိတော့ဘူး။ မြင့်မြတ်တဲ့ စိတ်ကလေးပဲ ရှိတယ်။

***သတိလေးနဲ့ နေတဲ့အခါမှာ အတွေးအတော မရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ်၊ ချမ်းသာ တဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ မြင်ရတယ်။ ဘယ်လိုဝေဒနာ သဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ်ဖြစ်၊ ကျဉ်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေး လျော့ထားပြီးတော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ် လုံးဝမရှိပဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့သဘာဝ ဟာ ပြောင်းသွားမယ်။ စိတ်ကို relax လုပ်ပြီးတော့ နူးညံ့နေတဲ့စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမှု လည်းရသွားတယ်။ တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲရောက်အောင် နာလို့မရပါဘူး။

***နောင်တစ်ချိန်ချိန်မှာ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတော့တဲ့ ဝေဒနာတစ်ခုခု၊ မသွားနိုင် မလာနိုင် အိပ်ရာထဲမှာပဲ အိပ်ပြီးတော့ ဝေဒနာတစ်ခုခုကို တာရှည်ခံစား ရမယ်ဆိုရင် ခန္ဓာကိုယ်မှာပင် နာသော်လည်းပဲ စိတ်မှာ မနာအောင် ဘယ်လိုနေမလဲ။ ဘယ်လိုစိတ်ထားမျိုးနဲ့ ကြည့်မှာလဲ။ အဲဒီစိတ်ထားမျိုးကို ကြိုတင်ပြင်ဆင်ထားဖို့ ကောင်းတယ်။ အဲဒီအတွက် အခုကတည်းက ကြိုတင်ပြီးတော့ လေ့ကျင့်ထားပါ။

***ဆရာတော်ဦးဇောတိက*** ၏ (သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ)

By: Soe Yan Naing

အဘယ့်ကြောင့် ဒေ၀ဒတ်ကို ရဟန်းပြုပေးပါသနည်း

မိလိန္ဒမင်းကြီးက
အရှင်နာဂ
သိန်မထေရ်ကို“အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးလိုက်လျှင်နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော”ဟု မေးလျှောက်ရာ

အရှင်နာဂသိန်မထေရ်က“မင်းကြီး၊ ဒေ၀ဒတ်သည် နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟုမြတ်စွာဘုရား မြင်တော်မူ၏။ မြင်တော်မူသော်လည်း အကယ်၍ ရဟန်းပြုမပေးကသံဃဘေဒက = သံဃာကို သင်းခွဲသောကံထက် ဆိုးဝါးကြမ်းကြုတ်သည့်နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြုလိမ့်မည် ဧကန်ဖြစ်၏။
သံဃဘေဒကကံသည် အပါယ်သို့ ကျစေမည်ဖြစ်သော်လည်း ကာလအပိုင်းအခြားရှိသေး၏။ ရဟန်းပြုမပေးလျှင် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြု၍ ကာလအပိုင်းအခြားမရှိ ငရဲဒုက္ခခံရမည်ကို သိမြင်တော်မူသောကြောင့်
“ငါဘုရား၏သာသနာ၌ ရဟန်းပြုလျှင် ဒေ၀ဒတ်ခံရမည့် ဒုက္ခသည် အပိုင်းအခြားရှိလိမ့်မည်ဟု သနားတော်မူသောကြောင့်ကြီးလေးသောဒုက္ခ ပေါ့အောင်ပြုသည့်အနေ(ဖြင့်)မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးပေသည်”
စသည်ဖြင့် ဥပမာအမျိုးမျိုး ဖော်ပြဖြေဆိုတော်မူသည်။
(မိလိန္ဒပဥှာ၊ ၄-မေဏ္ဍက၀ဂ်၊ ၃-ဒေ၀ဒတ္တပဗ္ဗဇ္ဇပဥှာ၊ စာ ၁၁၃ မှ)ဗုဒ္ဓ၀င် ပတွဲ၊ 
မု ....................................


http://www.dhammagarden.com/2012/03/blog-post_13.html
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။.................................... စိတ်ဝင်စားစရာကောင်းတာလေးက အရှင် ဒေ၀ဒတ် သည် သံဃာကို သင်းခွဲပြီး မြတ်စွာဘုရားကို လုပ်ကြံခဲ့သောလည်း၊ သံဃာကို သင်းမခွဲခင် ကြိုးစားအားထုတ်တရားမှတ်ခဲ့ သောကြောင့် နောင်တစ်ချိန်တွင် ပစ္စေကဗုဒ္ဓ ဖြစ်မည်ဟု သိရပါသည်။ 



For More About Devadatta In English
Shared from Ray Win

သဒ္ဓါနဲ့ ပညာ

ဘုရားရှင်ကို မေးတဲ့ နတ်သားရဲ့ နံပါတ် (၃) မေးခွန်းကကိံသု နရာနံ ရတနံ -အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။
အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း ဒီမေးခွန်းကို ဒကာကြီးကို မေးကြည့်တော့ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား တဲ့။ သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပဲ။

လူတွေရဲ့ ရတနာဆိုတဲ့ နတ်သားရဲ့ စကားမှာပါတဲ့ လူဆိုတာ ဗုဒ္ဓဘာသာဝင်တွေကိုသာ လူလို့ခေါ်တာမဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အင်္ဂလိပ်ရော တရုတ်ရော၊ ကုလားရော လူတွေပဲ။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီလူတွေအတွက် ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။ ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။
ဘုရားရှင်ရဲ့ အဖြေက “ ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်” တဲ့။
ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။ အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာလဲ ပါရမယ်လို့ ဘုရားရှင်ဆိုလိုဟန် ရှိပါတယ်။
ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာပါ။ ဒါကြောင့် ပညာဟာ လူသားအားလုံးရဲ့ ရတနာပါ လို့ ဘုရားရှင်ဖြေကြားခဲ့တာလို့ နားလည်မိတယ်။
မှန်ပါတယ်။ ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ) ဟာ အကြည်ညိုမှားတတ်ပါတယ်။ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။ တစ်ခုက တစ်ခုထက်ပိုလွန်သွားရင် မကောင်းတတ်ပါဘူး။
မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုက သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအားနည်းတယ်လို့ ဆိုရမလားပဲ။ ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။ မှား၏ မှန်၏ မဝေဘန်ကြဘူး။
ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင် ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့ မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။
မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့ အတော်စိတ်မသက်မသာဖြစ်မိတယ်။ ဘယ့်နှယ်၊ မြွေက ဘုရားဖြစ်သွားရတာတုန်း၊ ဘုရားက မြွေဖြစ်သွားရတာတုန်း လို့ ချက်ချင်း အတွေးဝင်လာတယ်။နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့ ရိုက်စားလုပ်ထားမှန်းသိရတယ်။
ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလဲ ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက ကြိတ်ကြိတ်တိုးပဲ။ ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။
" စာပေမှာတော့ ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။ "
အဓိပ္ပါယ်က ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊ ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညိုတတ်၏ တဲ့။
အနောက်နိုင်ငံက ပုဂ္ဂိုလ်များကြတော့ ပညာအားကြီးပြီး သဒ္ဓါတရားအားနည်းတယ်။ သိဒ္ဓတ္ထမင်းသားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။ မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာလာနေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့အကျင့်ဆီကို မရောက်နိုင်တော့ဘူး။
ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက်စာပေမှာလာတာက ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသောအဖို့ ကောက်ကျစ်သည့်အပိုင်းသို့ ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ ယုံကြည်မှု သဒ္ဓါအားကြီးတာလည်း မကောင်းဘူး။ ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။
သဒ္ဓါနဲ့ ပညာ ညီမျှနေဘို့ လိုပါတယ်။ 

by Dhamma Garden
Shared from Ray Win

Thursday, April 19, 2012

ကျူးလွန်ခဲ့မိသော မုသာဝါဒ

ကျွန်တော်

မုသာဝါဒ ကံ အချို့ကို

ခပ်ပါးပါးလေး ကျူးလွန်မိတယ်



ဒါတင်ဘဲလားဆိုတော့

ဘယ်ဟုတ်လိမ့်မလဲ

ယုံကြည်မှုဆိုတဲ့ နာမ်စားကိုလဲ

(နည်းနည်းလေး)အလွဲသုံးစားလုပ်လို့


ကျုပ်ဘ၀လေး အဖြူရောင်ပေါ်မှာ

အညစ်အထေးအဖြစ် အမည်းစက်လေး

စွန်းထင်းခဲ့ရတယ်…….။



အမှတ်မထင်ပါဘဲ……..

တကယ့်ကို အမှတ်မထင်ပါဘဲ



ဖြစ်စဉ်ကို အခြေခံကြည့်တော့

ရည်ရွယ်ချက် တစ်စုံတစ်ရာမရှိပါဘဲ

ကိုယ်ဟာ ပြစ်မှုကျူးလွန်ခဲ့ရတယ်



ထို့အတူ

မေတ္တာတွေ

သစ္စာတွေ

သိက္ခာတွေ

တစ်ချိန်က ကောင်းခဲ့သမျှ (ရင်းထားခဲ့ရသမျှ) အားလုံးဟာ

အလဟသ ဖြစ်ခဲ့ရတယ်



နောက်ဆုံးတော့လဲ ကိုယ်ဟာ

ကိုယ်ပါဘဲ ……..



သူဖြစ်စေချင်တဲ့ ကျွန်တော်ဆိုတာ

ဘယ်သောအခါမျှ ဖြစ်လာခဲ့မှာ

မဟုတ်သလို

ကျွန်တော်ဖြစ်စေချင်တဲ့

သူဆိုတာလဲ

ဖြစ်လာမှာမဟုတ်ပါဘူး



အရာအားလုံးဟာ

အစီအစဉ်တကျ ရွှေ့လျားသွားမှာပါဘဲ



လွမ်းနေသူ

by လွမ်းနေ သူ on Wednesday, April 18, 2012 at 10:21pm

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း



ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ

ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်

နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်

ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း

သီလက္ခန္ခ၀ဂ် - ၉၃-မှတ်

မဟာဝဂ် - ၉၇-မှတ်

ပါတိက၀ဂ် - ၉၇-မှတ်

ပါရာဇိကဏ် - ၈၉-မှတ်

ပါစိတ်ပါဠိတော် - ၉၉-မှတ်

မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်

စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်

ပရိဝါပါဠိတော် - ၁၀၀-မှတ်

စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး

ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)

Shared from Buddha In My Life

တန်ဖိုးရှိအောင် ဘယ်လိုနေထိုင်မလဲ

လောကကြီးမှာ ဘုရားပွင့်တာလာဟာ အဟောင်းတွေကို တော်လှန်ဖျက်စီးပစ်ဖို့

မဟုတ်ဘဲ ရှိပြီးသားအဟောင်းတွေအပေါ်မှာ အသစ်ကို အထွတ်တင်ဖို့ဖြစ်တယ်

ဆိုရင်မှားမယ်မထင်ပါဘူး။ သဘာဝဓမ္မတရားတွေဟာ ဘုရားပွင့်ပွင့် မပွင့်ပွင့် တည်ရှိနေကြပါတယ်။

ဒါပေမယ့် အဲ့ဒီသဘာဝဓမ္မတွေကို ရှာဖွေထုတ်ဖော်ပြီး လူ့အသိဥာဏ်ထဲရောက်အောင်

ချပြနိုင်တဲ့သူကတော့ ရှိရပါမယ်။ ဘုရားရှင်ဟာ အဲ့ဒီရှိပြီးသား သဘာဝဓမ္မတွေကို

ရှာဖွေဖော်ထုတ်တဲ့သူဖြစ်ပါတယ်။ သူရှာဖွေဖော်ထုတ်လို့ သိရှိလာတဲ့ သဘာဝဓမ္မတွေကို

လူသားတွေအတွက် ချမှတ်ခဲ့လို့လည်း အခုအချိန်မှာ သဘာဝဓမ္မတရားတွေကို

ကျင့်သုံးခွင့်ရနေကြတာ ဖြစ်ပါတယ်။



လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၅၅)နှစ်က ဘုရားရှင်ရှာဖွေဖော်ထုတ်ခဲ့တဲ့တရားဓမ္မတွေဟာ

အခုခေတ်လူသားတွေနဲ့ အံဝင်ဂွင်ကျမဖြစ်တော့ဘူး၊ ဆီလျော်မှုမရှိတော့ဘူးဆိုတာ

ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။



ဘာ့ကြောင့်လည်းဆိုတော့ ဘုရားရှင်ဟောကြားခဲ့တဲ့တရားတွေဟာ သဘာဝဓမ္မ

တရားတွေ ဖြစ်နေလို့ပါပဲ။ ဒီတရားတွေဟာ အတိတ်အနာဂတ်ပစ္စုပ္ပန် ကာလသုံးပါး

လုံးမှာ မှန်ကန်နေမှာပဲဖြစ်ပါတယ်။



ဘုရားရှင်ဟာ လောကလူသားတွေကျင့်သုံးဖို့အတွက် နည်းမျိုးစုံနဲ့ ဟောကြားခဲ့ပါတယ်။

ဘုရားရှင်ဟောတဲ့တရားဓမ္မတွေဟာ ဘယ်အချိန်ဘယ်ကာလမှာပဲဖြစ်ဖြစ် အမြဲတမ်း

သစ်လွင်နေပါတယ်။ လူ့ဘဝလူ့လောက နယ်ပယ်အသီးသီးမှာ နေထိုင်ကြတဲ့လူသား

တွေအတွက်ကတော့ ဘုရားရှင်ရဲ့ တရားဓမ္မတွေဟာ တန်ုဖိုးမဖြတ်နိုင်အောင် တန်ဖိုး

ကြီးလှပါတယ်။ တန်ဖိုးကြီးလှတဲ့ တရားဓမ္မတွေထဲက မှတ်သားစရာတရားလေးတစ်ပုဒ်

ကို ပြောပြချင်ပါတယ်။ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသက နိပါတ် မဟာနာမသုတ်မှာ

ဖော်ပြထားတဲ့တရားလေးပါ။



တစ်နေ့သောအခါမှာ မဟာနာမ်သာကီဝင်မင်းကြီးဟာ ဘုရားရှင်သီတင်းသုံးတဲ့

နိဂြောဓာရုံကျောင်းရောက်လာပြီးတော့ မေးလျှောက်ပါတယ်။



လူ့လောက နယ်ပယ်အသီးသီးမှာ နေထိုင်ကြတဲ့ လူသားတွေအနေနဲ့ ဘယ်လိုကျင့်သုံး

နေထိုင်နိုင်မှ အကျိုးရှိတဲ့နေထိုင်နည်းဖြစ်သလဲတဲ့။



မဟာနာမ်မင်းကြီးရဲ့အမေးလေးက သိပ်ပြိးတော့ အဖိုးတန်လွန်းလှပါတယ်။ ဒီအမေးစကားလေး

ကြားတော့ ဘုရားရှင်က သိပ်ကောင်းတဲ့ မေးခွန်းလေးပဲမဟာနာမ်လို့ ချီးမွှမ်းပြီး သာဓုခေါ်တော်

မူပါတယ်။ ပြီးမှ သူ့မေးခွန်းကို တိုတိုကျဉ်းကျဉ်း လိုရင်းလေး ဖြေကြားပါတယ်။



မဟာနာမ်.....

လူ့လောက နေထိုင်နည်းအမျိုးမျိုးနဲ့နေကြတဲ့ လူတွေဟာ သဒ္ဓါ(ယုံကြည်မှု)၊

ဝီရိယ(အားထုတ်မှု)၊ သတိ(အမှတ်ရဆင်ခြင်မှု)၊ သမာဓိ(တည်ကြည်မှု)၊

ပညာ(ထိုးထွင်းသိမြင်မှု)လို့ခေါ်တဲ့ အခြေခံတရားငါးပါး ရှိဖို့အရေးကြီးပါတယ်တဲ့။



အဲ့ဒီအခြေခံတရားငါးပါးလက်ကိုင်ထားပြီးတော့-

(၁) ဗုဒ္ဓါနုဿတိဘာဝနာ(ဘုရားဂုဏ်ကိုပွားများခြင်း)

(၂) ဓမ္မာနုဿတိဘာဝနာ(တရားဂုဏ်ကို ပွားများခြင်း)၊

(၃) သံဃာနုဿတိဘာဝနာ(သံဃာ့ဂုဏ်ကို ပွားများခြင်း)၊

(၄) သီလာနုဿတိဘာဝနာ (ကိုယ့်သီလကို ဆင်ခြင်ခြင်း)၊

(၅) စာဂါနုဿတိဘာဝနာ(ကိုယ့်အလှူကို ဆင်ခြင်ခြင်း)၊

(၆) ဒေဝတာနုဿတိဘာဝနာ(နတ်တွေမှာရှိတဲ့ သူတော်ကောင်းတရားတွေ

ငါ့သန္တာန်မှာလည်း ရှိတယ်လို့ ဆင်ခြင်ပွားများခြင်း)



ဆိုတဲ့ ဒီအနုဿတိဘာဝနာတွေကို ပွားများပြီးနေတဲ့သူဟာ အကျိုးရှိတဲ့

နေခြင်းဖြစ်တယ်လို့ ဖြေကြားတော်မူခဲ့ပါတယ်။



လောကလူသားအများစုဟာ မနက်မိုးလင်းတဲ့အချိန်ကစပြီး နေဝင်မိုးချုပ်တဲ့အချိန်အထိ

စားဝတ်နေရေးဆိုတဲ့အရေးသုံးပါးနဲ့ ပြေးလွှားရုန်းကန်လှုပ်ရှားပြီး နေကြတဲ့သူတွေဖြစ်ကြတယ်။

အေးအေးဆေးဆေး နေထိုင်ပြီး ဘဝကိုကုန်ဆုံးတဲ့သူဟာ အလွန်ပဲ ရှားပါးလှပါတယ်။



ဒီလိုပြေးလွှားလုပ်ကိုင်ရှာဖွေနေကြတဲ့သူတွေရဲ့သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန

တွေဟာ အချိန်ပြည့်နေရာယူထားကြမှာပါ။



လောဘ၊ ဒေါသ၊ မာန်မာနတွေအပြည့်နဲ့သာ ဘဝနိဂုံးအဆုံးသတ်သွားကြမယ်ဆိုရင်

ဘဝရှေ့ရေးဟာ မတွေးရဲလောက်အောင်ကိုပဲ ကြောက်စရာကောင်းလှပါတယ်။



ဒါ့ကြောင့် ဘုရားရှင်က အိပ်နေတုန်းပဲဖြစ်ဖြစ်၊ ရပ်နေတုန်းပဲဖြစ်ဖြစ်၊ သွားနေတုန်းပဲဖြစ်ဖြစ်၊

ထိုင်နေတုန်းပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ သားမယားတွေနဲ့ ကျဉ်းမြောင်းတဲ့

အိပ်ရာထက်မှာ နေနေတုန်းမှာပဲဖြစ်ဖြစ် ဒီအနုဿတိဘာဝနာကို ပွားများကြဖို့လိုကြောင်း

မိန့်ကြားတော်မူခဲ့ပါတယ်။



ဟုတ်ပါတယ်။ လောကလူသားအများစုဟာ အမှုမဲ့အမှတ်မဲ့ နေကြတဲ့သူက များပါတယ်။

ဘုရားရှင်က အမှုမဲ့ အမှတ်မဲ့ မနေဘဲ လျောင်းထိုင်ရပ်သွား ဣရိယာပုထ် လေးပါးလုံးမှာ

သာမက အလုပ်လုပ်နေတဲ့အချိန်မှာတောင် ဘုရားဂုဏ်တော်ဖြစ်ဖြစ်၊ တရားဂုဏ်တော်ပဲ

ဖြစ်ဖြစ် ပွားများပြီးနေဖို့ တိုက်တွန်းတော်မူပါတယ်။ ဘုရားဂုဏ်တော်ပွားများတဲ့သူဟာ

လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေမဖြစ်ဘူးတဲ့။ စိတ်ဟာ အေးချမ်းပြီးတော့

နေတယ်တဲ့။ စိတ်အေးချမ်းမှ ကိုယ်အေးချမ်းမှာပါ။ ကိုယ်စိတ်တွေ အေးချမ်းမှလည်း

ချမ်းသာသုခဆိုတာ ခံစားရမှာဖြစ်တယ်လို့ မိန့်ကြားပါတယ်။



ဘုရားရှင်မိန့်ကြားတဲ့ နေနည်းထိုင်နည်းလေးဟာ တန်ဖိုးရှိလွန်းလှတာမို့ ကိုယ့်သန္တာန်မှာ

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေနဲ့ ရောပြွမ်းပြီး လောဘဒေါသ မာန်မာနတွေ နေရာယူ

ထားတဲ့ နေရာမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာလို့ခေါ်တဲ့ အခြေခံတရားငါးပါးနဲ့ အစားထိုးပြီး

ဘဝကို တန်ဖိုးရှိရှိနေထိုင်သွားဖို့ လိုပါလားဆိုတာကို သဘောပေါက်မိတော့တယ်။



ဒါ့ကြောင့် တန်ဖိုးရှိအောင် နေထိုင်ဖို့ အနုဿတိဘာဝနာကို ပွားကြစို့တိုက်တွန်းရင်း.....



Dhamma Garden Ashin

by Dhammagarden Ashin on Thursday, April 19, 2012