Monday, May 7, 2012

"တရားမင်းသခင် - ၄၇။ နာကြားခြင်းနှင့် နာကြည်းခြင်း"

ပုဏ္ဏားလင်မယားတို့ ပါရမီ ရင့်သန်နေသူများ ဖြစ်ကြကြောင်း သိတော်မူထားသည့် ဘုရားရှင်သည် ပုဏ္ဏားကြီးကို မိန့်တော်မူ၏။

“ပုဏ္ဏားကြီး . . . ဘယ်အမျိုးသမီးက သင့်မယား၊ ဘယ်အမျိုးသမီးက သင့်သမီးဆိုတာ ပြောပါဦး။”

“မင်းသား . . . မေးစရာ မလိုတဲ့ မေးခွန်းကို ဘာဖြစ်လို့ မေးနေရတာလဲ။ ငါ့မယားနဲ့ ငါ့သမီးကို အရူးအကန်းတောင်မှ ခွဲခြားသိနိုင်ပါတယ်။”

“ငါတော့ မသိဘူး ပုဏ္ဏားကြီး . . .။ မေးသင့်လို့ မေးရတာပါ။ သူတို့နှစ်ယောက်ကို ငါ မခွဲခြားနိုင်ဘူး။ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တူနေကြတာပဲ။ ငါ ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ။”

“ငါ့လို အိုနေတဲ့ အဖွားကြီးက ငါ့မယား။ နှင်းပန်းတစ်ပွင့်လို သန့်သန့်ပြန့်ပြန့်နဲ့ လန်းဆန်းပြီး နုပျိုနေတဲ့ ကလေးမက ငါ့သမီးပဲ။”

“ဒီလောက် ပြောပြရုံနဲ့ သူတို့နှစ်ယောက်ကို ငါ မခွဲခြားနိုင်သေးဘူး။”

“မင်းသား . . . ငါ့သမီးကို မြင်လိုက်ရလို့ သင် ရူးသွားပြီလား။ သင့်ရှေ့ တည့်တည့်မှာ ရပ်နေတာက ငါ့မယား။ ငါ့မယားနောက်က ကျော့ကျော့မော့မော့ ပြင်ဆင်ထားတာက ငါ့သမီးပဲ”ဟု ပုဏ္ဏားကြီးက မသက်မသာနှင့် ဖြေ၏။

“ပုဏ္ဏားကြီး . . . အခုမှ သဘောပေါက်တော့တယ်။ သူတို့နှစ်ယောက်က အသက်ကြီးတာနဲ့ အသက်ငယ်တာ . . . ဒီနှစ်ခုသာ ကွဲလွဲတာပဲ။ တစ်ယောက်က လှတယ်၊ တစ်ယောက်က အရုပ်ဆိုးတယ်လို့ ငါ မမြင်ဘူး။ ပုဏ္ဏားကြီး . . . လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် သုံးဆုံးတုန်းက သင့်မယားရဲ့ အခြေအနေ ဘယ်လိုရှိခဲ့လဲ။”

“မင်းသား . . . အခု ငါ့သမီး လှသလို လှခဲ့တာပေါ့။”

“နောက်လာမယ့် နှစ်ပေါင်း သုံးဆယ် လေးဆယ်ဆိုရင် သင့်သမီး ဘယ်လိုရှိနေမယ်ဆိုတာ ပြောစမ်းပါဦး။”

“ငါ့သမီးလည်း ငါ့မယားလိုပဲ အကျည်းတန်တဲ့ အဖွားအိုကြီး ဖြစ်သွားမယ် ထင်ပါတယ်။”

“သင်နဲ့ သင့်မယားရော ဘယ်လိုနေကြမလဲ။”

“နှစ်ပေါင်း သုံးလေးဆယ်ဆိုရင် ငါရော ငါ့မယားပါ သေတောင် သေလောက်ပြီ။”

“ပုဏ္ဏားကြီး . . . အခု သင် အိုနေပြီ။ သင့်ရဲ့ ငယ်ဘ၀ကို ပြန်စဉ်းစား ကြည့်လိုက်စမ်းပါ။ သင် ငယ်ငယ်တုန်းက နမ်းရှိုက်တာတွေ၊ ပွေ့ဖက်တာတွေ၊ စိတ်လွတ်ကိုလွတ် ရယ်မောခဲ့တာတွေ လုပ်ခဲ့တာပဲ။ ခုတော့ အရွယ်ရင့်နေပြီ။ အိုနေပြီ။ ငယ်ငယ်က လုပ်ခဲ့တာတွေအပေါ်မှာ အခု ဘယ်လို သဘောထားရှိသလဲ။”

“အကျိုးမဲ့တာတွေပဲ။ အဓိပ္ပာယ်မရှိတာတွေပဲ။ ရူးသွပ်မှုတွေပဲ။ မိုက်မဲမှုတွေပဲ။ အဲဒါတွေ ပြန်စဉ်းစားရင် ရှက်မိတယ်။ ငယ်ဘ၀အကြောင်း စဉ်းစားစားမိရင် မပျော်ဘူး။”

ပုဏ္ဏားကြီး၏ စကားအဆုံး၌ ဘုရားရှင်သည် ပုဏ္ဏေးမကြီးကို စူးစူးစိုက်စိုက် ကြည့်၍ မေးတော်မူ၏။

“ဉာဏ်ပညာ ထက်မြက်တဲ့ ပုဏ္ဏေမကြီး . . .။ သတ္တ၀ါတွေဟာ ဘ၀သံသရာမှာ ထပ်တလဲလဲ မွေးဖွားနေရတယ်။ အိုခြင်းသဘော နာခြင်းသဘောတွေ ရှိနေတဲ့ ဘ၀အပေါ်မှာ တပ်မက်စွဲလန်းနေကြတယ်။ ဘ၀ရည်မှန်းချက်၊ ဘ၀ဓိပ္ပာယ်က ဘာလဲ။”

ပုဏ္ဏေးမကြီးသည် ရိုးသားစွာ ပြန်ကြားလျှောက်ထား၏။

“ရှင်တော်ဘုရား . . . တပည်တော်မှာ ဘ၀ရည်မှန်းချက် မရှိပါဘုရား။ ဘ၀ပေး တာဝန်ပဲ ရှိပါတယ် ဘုရား။ သမီးကို သင့်တော်သူနဲ့ နေရာချပေးပြီးလို့ သူ့နောင်ရေး စိတ်အေးရပြီဆိုရင် တပည့်တော့် တာဝန် ကုန်ပါပြီ ဘုရား။ သမီးက တပည့်တော်ရဲ့ ၀န်ထုပ်ပါ ဘုရား။ သမီးကို အိမ်ထောင်ရက်သား ချပေးဖို့ ပုဏ္ဏားကြီးက တပည့်တော်ကို တာဝန်ပေးထားပါတယ် ဘုရား။ အရှင်ဘုရားဟာ လောကီသာယာမှုတွေကို တပ်မက်စွဲလမ်းတဲ့သူ မဟုတ်ဘူး ဆိုတာကို အရှင်ဘုရားရဲ့ ခြေတော်ရာကို ကြည့်လိုက်ကတည်းက တပည့်တော် သိပါတယ် ဘုရား။ ဒါကြောင့် သမီးကို အိမ်ထောင်ချပေးဖို့အရေး လောလောဆယ် အထမမြောက်နိုင်သေးဘူးဆိုတာ တပည့်တော် သိခဲ့ပြီးသားပါ ဘုရား။”

ဘုရားရှင်၏ တင့်တယ်သည့် ရူပကာယ အသရေတော်ကို ငေးမောရင်း အနာဂတ်အတွက် စိတ်ကူးယဉ်အိပ်မက် မက်နေသူ မာဂဏ္ဍီ အမျိုးသမီးသည် ပုဏ္ဏေးမကြီး၏ နောက်ဆုံးစကားကို သဲသဲကွဲကွဲ ကြားလိုက်၏။ နှလုံးသားကို အပ်နှင့် ထိုးဆွလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ နှိမ်ချစော်ကား ခံလိုက်ရပြီဟုလည်း ထင်မိသည်။ ရှက်ရွံ့နားကြည်းစိတ်ဖြင့် မျက်ရည်သွန်၍ ငိုလေ၏။ ကရုဏာတော်သခင် ဘုရားရှင်သည် မာဂဏ္ဍီကို မိန့်တော်မူ၏။

“နှမ . . . ရမ္မက်ဆန္ဒကြောင့် သောကရောက်ရတယ်။ မတပ်မက် မစွဲလမ်းပါနဲ့။ တပ်မက်စွဲလမ်းတာလည်း မခံပါနဲ့။ တည်ကြည်တဲ့ ငါ့မျက်နှာကို စေ့စေ့ ကြည့်လိုက်စမ်းပါ။ ကာမဂုဏ်ဆန္ဒတွေ ပျောက်သွားပြီး အပြစ်ကင်းတဲ့ ပီတိသုခကို ခံစားရပါလိမ့်မယ်။ နှမ . . . မင်းက ခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ်။ ငါ့အသက်က လေးဆယ့်ကိုးနှစ် ရှိပါပြီ။ မင့်အသက်ရဲ့ သုံးဆပေါ့။ ငါက ဆွမ်းခံစားပြီး ရိုးရိုးရှင်းရှင်း နေနေတဲ့ သူတော်စင် သူတော်မြတ်ပါ။ မင်းလို ကောင်းခြင်းလက္ခဏာတွေနဲ့ ပြည့်စုံတဲ့ မိန်းမချော တစ်ယောက်နဲ့ ငါ လက်ထပ်ခဲ့သေးတယ်။ အရင်တုန်းကတော့ ငါဟာ မင်းသားတစ်ပါးပါ။ အရာရာကို စွန့်လွှတ်ပြီး ရသေ့ရဟန်း ပြုခဲ့တာပဲ။ သစ္စာတရားကို ငါ သိထားပြီးပြီ။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ ရှိတဲ့ မြို့ရွာတွေ လှည့်လည်ပြီး ၀ိမုတ္တိ အကျင့်လမ်း ဟောကြားနေတာပဲ။

မြေပြင်ကို ငေးကြည့်နေသော မာဂဏ္ဍီ အမျိုးသမီးသည် သူ့ဦးခေါင်း၌ ပန်ဆင်ထားသည့် ပန်းတို့ကို ဆွဲဖြုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ကျဲလွှင့်ပစ်ပေါက်ကာ အရူးမ တစ်ယောက်ကဲ့သို့ ကမန်းကတန်း ထွက်ပြေးလေ၏။

ပုဏ္ဏား လင်မယားတို့သည် တအံ့တသြနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြ၏။ ဘုရားရှင်က သိမ်မွေ့သည့် အသံတော်ဖြင့် မိန့်တော်မူလိုက်၏။

“ပုဏ္ဏားကြီး . . . ပုဏ္ဏေးမကြီးတို့ . . . တဏှာရာဂ ကာမစ္ဆန္ဒရဲ့ သဘောသဘာဝကို မြင်အောင်ကြည့်လိုက်ကြစမ်းပါ။ ကာမတဏှာ ရှိနေတဲ့ သင်တို့သမီးဟာ အနှောင်အတွယ်ကင်းတဲ့ ငါ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာကို မကြည့်နိုင်ရှာဘူး။ သူက ငါ့ကို ပိုင်ဆိုင်ချင်တာ။ သူက ငါ့ကို ပွေ့ဖက်ဖို့ တောင့်တောင့်တတ ဖြစ်နေခဲ့တာ။ သူ့လိုအင်ဆန္ဒ မပြည့်ဝတော့ ငါ့ကို မုန်းသွားတယ်။ ငါ့ကို မြင်မြင်ချင်း သူ့မှာ ချစ်စိတ် ၀င်သွားတယ်။ သူက မိဘတွေ ဖြစ်ကြထက် သင်တို့ကို ချစ်တာထက် ပိုပြီးတော့တောင် ငါ့ကို ချစ်သွားတာ။ မကြာခင်မှာပဲ နားကြည်းစိတ်နဲ့ ငါ့ကို မုန်းသွားပြန်တယ်။ လောဘ ဒေါသ မောဟတွေကြောင့် လူတွေဟာ အမှားတွေကို ကျူးလွန်နေကြတာပဲ။ ဘ၀တဏှာကြောင့် သံသရာထဲမှာ ထပ်တလဲလဲ မွေးဖွားကြရတယ်။ ကာမစ္ဆန္ဒနဲ့ ရှုပ်ထွေးနေကြရတယ်။ လူ့သဘာဝဟာ ဒီလိုချည်းသာ ဖြစ်နေမယ်ဆိုရင် သံသရာ ခရီးမှာ ကျင်လည်ရတာ အဓိပ္ပာယ် ရှိပါ့မလား။ ငါဟာ ရေထဲက ထိုးထွက်လာပြီး ရေပြင်ရဲ့ အထက်မှာ တင့်တင့်တယ်တယ် ပွင့်နေတဲ့ ကြားပန်းလိုပဲ။ ငါဟာ တည်ကြည်တယ်။ ဘာကိုမှ မတွယ်တာဘူး။ ဘာကိုမှလည်း နှောင်ဖွဲ့ခြင်း မရှိဘူး။ ငါလိုဖြစ်အောင် ကြိုးစားကြပါ။ မတွယ်တာပါနဲ့။ နှောင်ဖွဲ့ခြင်း ကင်းပါစေ။ ဒါဟာ အမြင့်မြတ်ဆုံး ချမ်းသာကို ရရှိနိုင်တဲ့ နည်းလမ်းပဲ။”

“ရှင်တော်ဘုရား . . . တပည့်တော်တို့ရဲ့ သမီးဟာ တပည့်တော်တို့ သံသရာ့ သဘောသွားကို သိမြင်ဖို့ နိမိတ်ကောင်း ပါပဲ . . .။ တပည့်တော်ရဲ့ ညီဆီမှာ သမီးကို အပ်နှံပြီး တပည့်တော်တို့ သာသနာ့ဘောင် ၀င်ရောက်ပါမယ် ဘုရား . . .။ တပည့်တော်တို့ကို ၀ိမုတ္တိအကျင့် သင်ပြပေးတော်မူပါ ဘုရား . . .။ နည်းလမ်း ညွှန်ပြတော်မူပါ ဘုရား . . .”ဟု ပုဏ္ဏားကြီးက ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဒူးထောက်လျက် တောင်းပန်လျှောက်ထားလေ၏။

မာဂဏ္ဍိယ ပုဏ္ဏားကြီး ဘုရားရှင်ကို ရှိခိုးဦးချပြီး ဘေးသို့ ကပ်လိုက်သောအခါ ဇနီးဖြစ်သူ ပုဏ္ဏေးမကြီးလည်း မြေပြင်သို့ ဦးခေါင်းစိုက်ချကာ ဘုရားရှင်ကို ဦးချကန်တော့လေ၏။


(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

Shared from Ashin Acara

No comments:

Post a Comment