Friday, May 4, 2012

လူ့ဘဝကို လေ့လာကြည့်ခြင်း

လူတို့၏ အသက်တမ်းကို ဗုဒ္ဓလက်ထက်က (၁ဝဝ) တမ်းဟု သတ်မှတ်ခဲ့ပြီး နှစ်ပေါင်း (၁ဝဝ) ကြာလျှင် (၁)နှစ်လျော့သည်ဟု ဖတ်မှတ်ခဲ့ဖူး ပါသည်။ ဤသို့ဆိုသော် ဗုဒ္ဓ၏ ဝါတော်(၄၅)ဝါနှင့် ဗုဒ္ဓပရိနိဗ္ဗာန်စံခဲ့ပြီးနောက် နှစ်ပေါင်း (၂၅၅၅) ကိုပေါင်းလျှင် (၂၆ဝဝ) တင်းတင်းပြည့် ခဲ့လေပြီ။ လူတို့၏ အသက်တမ်းလည်း ၁ဝဝတမ်းမှ (၂၆) နှစ်လျော့နည်းခဲ့ပြီမို့ အခုဆိုရင် လူတို့၏ အသက်တမ်းကား (၇၄) နှစ်သက်တမ်း ဟု ပြောရပေမည်။ ထို (၇၄) နှစ်ဆိုသည်မှာလည်း လူတိုင်း သက်တမ်းစေ့နေရသည်တော့ မဟုတ်။ အမျိုးမျိုးသော ကံကြမ္မာအလှည့် အပြောင်းရှိတာမို့ အကြောင်းတစ်မျိုးမျိုးနဲ့ သေခဲ့ကြရသူတွေလည်း ဒုနဲ့ဒေးပင်။ မည်သို့ပင်ဆိုစေကာမူ သက်တမ်းစေ့နေရသည့် ပုဂ္ဂိုလ် တစ်ယောက်အကြောင်းကို ကျွန်ုပ်လေ့လာကြည့်ချင်မိသည်။



၇၄ နှစ်ရှိ သက်တမ်းစေ့သူတစ်ယောက်ဆိုပါတော့။ အများအမြင်မှာတော့ သူဟာ ၇၄ နှစ်အသက် ရှည်တဲ့သူပေါ့။ သူတကယ် အသက်ရှည်တာ ၃၇ နှစ်လို့ ကျွန်ုပ် ပြောလိုက်ရင် လွန်များနေမလား။ ငါ့စကားနွားရဆိုတဲ့သဘောမျိုးနဲ့ ကျွန်ုပ်ပြောခြင်း မဟုတ်ဘူးဆိုတာကိုတော့ ဖတ်ရင်းနဲ့ သိလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ နေ့ခင်းမှာ အလုပ်လုပ်ကြပြီး ညပိုင်းကျရင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို တစ်ညတာ အိပ်စက် အနားယူတတ်ကြတာ သဘာဝပဲလေ။ ဒါ့ကြောင့် တစ်ရက်မှာ ၂၄နာရီရှိသည့်အနက် နေ့ပိုင်း၁၂ နာရီကို နိုးနေတဲ့အချိန်လို့သတ်မှတ်ပြီး ညပိုင်း၁၂နာရီကိုတော့ အလုပ်မလုပ်ဘဲ အိပ်စက်အနားယူတဲ့ အချိန်လို့ ခွဲခြားလိုက်ပါ။ သက်ရှိသတ္တဝါတိုင်း ပဋိသန္ဓေ္စစိတ်ရယ်(မိခင်ဝမ်းထဲမှာ ရှိနေခြင်း)၊ ဘဝင်စိတ်ရယ်(အိပ်စက်ခြင်း)၊ စုတိစိတ်ရယ်(သေခြင်း)က အတူတူပဲဆိုတာကို ဗုဒ္ဓအဘိဓမ္မာမှာ အတိအလင်း ဟောကြားထားပါ တယ်။ ဒီလိုဆိုအိပ်ပျော်နေသူ တစ်ယောက်မှာ ဘဝင်စိတ်ဖြစ်နေတာမို့ သူ့မှာ ဘာကုသိုလ်မှ မရသလို ဘာအကုသိုလ်မှလည်း မရနိုင်ပါဘူး။ ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်တဲ့သူတစ်ယောက် အတွက် လူ့လောကမှာနေတာဟာ အလကားနေသလိုဖြစ်မနေဘူးလားဗျာ။ ဒါကြောင့် ခုနက ၇၄ နှစ်သက်တမ်းရှိသူတစ်ယောက်ရဲ့ အိပ်စက်ခြင်းအချိန်တွေကို နှုတ်လိုက်မယ်ဆို ရင် သူအသက်ရှည် တာဟာ ၃၇ နှစ်ပဲ အသက်ရှည်တယ်လို့ ကျွန်ုပ်ပြောခဲ့ခြင်း ဖြစ်ပါတယ်။



၃၇နှစ် အသက်ရှည်တဲ့လူသားတစ်ယောက် လူ့ဘဝနေရတဲ့အခိုက် ကောင်းတာတွေနဲ့ချည်း နေခဲ့ရသလား ဆိုတာ ထပ်စဉ်းစားကြည့်ရအောင်။ ရှေးဦးစွာ ဗာလဆိုတဲ့စကားလုံးလေးကို သတိပြုကြည့်လိုက်ပါ။ ဗာလဆိုတဲ့စကားလုံးကိုတော့ စာဖတ်သူများ ကြားဖူးပြီးဖြစ်မှာပါ မင်္ဂလသုတ် မှာ ဗုဒ္ဓဟောကြားခဲ့ပါ တယ်။ ဗာလကို ကျွန်ုပ်က ၂ မျိုးခွဲပြချင်တယ်။



၁။ဗာလ=မသိခြင်း။ မသိခြင်း ဆိုတာ ကုသိုလ်+ အကုသိုလ်ခွဲခြားမသိတာကိုဆိုလိုချင်တာပါ။ နို့စို့အရွယ်ကလေးဘဝကစပြီး ပညာသင်ကြားလို့ရမယ့် အရွယ် ၄ နှစ်၊၅နှစ်အရွယ်ထိဆိုပါတော့။ အဲ့ဒီအချိန်မှာ သူ့တို့လေးတွေ ရဲ့စိတ်ထင်မှာ အချိန်တန်စား အချိန်တန်အိပ် အချိန်တန်ဆော့ဖို့လောက်ပဲသိသေးတာမို့ ကုသိုလ်+ အကုသိုလ် တစ်ခုခုပြုမိသော် လည်း ခွဲခြားမသိသေးတာမို့ ဗာလ=မသိခြင်းလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။



၂။ဗာလ=မိုက်မဲခြင်း(လူမိုက်)။ လူမိုက်ဆိုကတည်းက သိလျက်နဲ့မိုက်တယ်ဆိုတာ သဘောပေါက် သင့်ပါပြီ။ အသက်ကြီးလာ အသိကြီး လာပေမယ့် အမှားကို မှားမှန်းသိလျက်နဲ့ မပြုပြင်ဘဲ မိုက်နေကြ သူတွေကို ဆိုလိုတာပါ။ စာဖတ် သူများရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့် ရင် သိနိုင်ပါတယ်။



နောက်တစ်ခုက ဇရာဆိုတဲ့ပါဠိစကားလုံးလေးတစ်လုံးပါ။ မြန်မာလိုတော့ အိုမင်းခြင်းသဘောလို့ အဓိပ္ပါယ်ရပါတယ်။ လူ့သားတို့ အိုးမင်း မစွမ်းဖြစ်လာပြီဆိုရင် နီးလျက်နဲ့ဝေးရတဲ့ ရထားသံလမ်းများ ဘယ်တော့မှ ပြန်မဆုံဖြစ်ကြသလို စိတ်နဲ့ကိုယ်နဲ့ ဘယ်လောက်နီးနေပေမယ့်လို့ ဘယ်တော့မှ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ ဒါကြောင့် ဘုရားသွားကျောင်းတက်ချင်စိတ်ရှိပေမယ့် ကိုယ့်အိမ်က ဘုရားစင်ရှေ့ သွားဖို့တောင် အနိုင်နိုင်။ ကုသိုလ်ကောင်းမှု ဘယ်လောက်ပြုချင်ပေမယ့် ပြုလုပ်ဖို့အခွင့်အလမ်းတွေ ကင်းမဲ့နေတာကို တွေ့ရမှာပါ။ စာဖတ်သူများအနေနဲ့ ၃၇ နှစ်ပဲအသက်ရှည်တယ် ဆိုတာကို မမေ့လိုက်ပါနဲ့။ အဲ့ဒီ ၃၇နှစ်ကို ဗာလနဲ့ဇရာတရားက ဝါးမျိုးသွားလိုက်တာ ထက်ဝက် လျော့သွားပြီဆိုတာကို သိလိုက်ပါ။ ဘာကြောင့်လဲဆိုရင် လူတွေအသက်ရှင် လှုပ်ရှားနေတဲ့ အချိန်တွေမှာ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်နေလို့ပါပဲ။ ဗာလနဲ့ဇရာတရား လက်ဝယ်ပိုက်ထွေး ထားသူများအတွက် ကုသိုလ်နဲ့အကုသိုလ် ဘယ်ဟာဖြစ်မလဲဆိုတာ ကို တွေးကြည့်လိုက်ရင် ကျွန်ုပ်ပြောတာ လက်ခံမယ်လို့ထင်ပါတယ်။ ဒါဆို သက်တမ်းစေ့နေသူ တစ်ယောက် တကယ်အသက် ရှည် နေသွားရတာက ၁၈ နှစ်နဲ့ ၆လပဲ ရှိပါတော့တယ်။



အဲ့ဒီ ၁၈နှစ်နဲ့၆လကိုရော ကုသိုလ်တွေနဲ့ ပျော်ပျော် ရွှင်ရွှင် အသက်ရှင်ခဲ့ရသလားဆိုတာ သုံးသပ်ကြည့်ကြအုံးစို့။ ဗျာဓိ=နာခြင်းတရား ဆိုတာကို ကြားဖူး ကြမှာပါ။ မွေးဖွားလာစဉ်ကတည်းက လူသားနှင့် အတူလက်တွဲဖော်အဖြစ် ပါလာခဲ့တဲ့တရားလို့ ပြောလို့ရပါတယ်။ လူ့ဘဝခဏတာ လေးအတွင်းမှာ နာခြင်းအမျိုးမျိုး ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ကြဖူးပါပြီ။ သေးသေးမွှားမွှားဗျာဓိရော ကြီးကြီးမားမားဗျာဓိရောပေါ့။ တစ်ခါတစ်ခါ အစားအသောက်မှားလို့ ဗိုက်အောင့်ဗိုက်နာဖြစ်တာတို့၊ လေနာတာတို့ ခံစားရပြီဆိုမှဖြင့် သေတာကမှ ကောင်းသေးတယ် လို့ သေခြင်းတရားကိုတောင် လက်ယပ်ခေါ်မိကြတာ ကြားဖူးကြမှာပါ။ ကျွန်ုပ်သူငယ်ချင်းတစ်ယောက် အူအတက်ပေါက်လို့ ဗိုက်အောင့်တဲ့ဝေဒနာခံစားရတုန်းကတော့ "ဒီဝေဒနာခံစားရတာထက် သေတာကမှ ကောင်းသေးတယ်ကွာ"ဟု ညည်းတွားသံကို ကိုယ်တိုင်ကြားခဲ့ဖူးပါသည်။ ထို့ကြောင့် ၁၈နှစ် ၆လ လုံးလုံး အကောင်းနဲ့ချည်း အသက်ရှင်ရသည်မဟုတ်၊ ဗျာဓိတရားနဲ့ နပန်းလုံးပြီးမှ အသက်ရှင်ကြရပါသည်။



“လူတစ်ခု ပူမှုရယ်တဲ့ဆယ်ကုဋေ”ဆိုသည့်စကားအတိုင်း လူသားတစ်ယောက်အဖို့ လူမှုကိစ္စ အဝဝ ရှိကြမည်မှာ မလွဲပေ။ လူဖြစ်လာစ အချိန်ကစပြီး လူသားတစ်ယောက်ရဲ့တာဝန်သည် အလိုအလျောက် ပါလာစမြဲဖြစ်၏။ အရွယ်ကြီးလာသည်နှင့်အမျှ လိုချင်မှုများလည်း ပိုပိုကြီးလာကြပေသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရှာဖွေရုန်းကန်ကြရင်း လောဘတဏှာတွေရဲ့ ကြီးစိုးမှုဒဏ်ကို အလူးအလဲ ခံစား ကြရပေသည်။ တစ်ဝမ်းတစ်ခါးအတွက်သာ ရှာဖွေစားသောက်နေရုံနှင့် အားမရ မတင်းတိမ် နိုင်ကြဘဲ လောဘတဏှာတို့က နှစ်ဝမ်းနှစ်ခါး အတွက် ရှာဖွေရန်စေခိုင်းသောအခါ “အချစ်” ဆိုတာကြီး လူသားတို့၏ နှလုံးသားဝယ် ကိန်းအောင်းလာရတော့သည်။



ထိုအခါ လင်မယားဇနီးမောင်နှံ ဖြစ်ဖို့အရေး (ဝါ) နှစ်ဝမ်းနှစ်ခါးရှာဖွေစားသောက်ဖို့အရေး လူသားတို့ မရအရ ကြိုးပမ်းကြတော့၏။ ဒါကိုပဲ လူသားတို့က “အချစ်”(တပ်မက်ခြင်း)ဟု နာမည်ကင်ပွန်းတပ်ကာ လောကကို အရောင်ခြယ်လိုက်ကြခြင်းဖြစ်ပါသည်။ "အချစ်တစ်ခုရှိရင် ဒုက္ခတစ်ခုရှိသည်" ဆိုသည့်အတိုင်း အချစ်တို့ပေါင်းဆုံရာမှ ဒုက္ခတုံးလေးများ လောကထဲ ပေါများလာကြ၏။ ဒုက္ခတုံးလေး များဟူသည် ကျွန်ုပ်တို့ လူသားများပင်ဖြစ်ပါသည်။ ဒုက္ခတုံးလေးများလေ ပိုရှာဖွေရလေဖြစ်၏။ နှစ်ဝမ်းနှစ်ခါးတင် မဟုတ်တော့ ဝမ်းဗိုက်ပေါင်းများစွာ အတွက်၊ တိုးပွားလာသည့် သားစဉ်မြေးဆက်အတွက်၊ ဆွေစဉ်မျိုး ဆက်အတွက်၊ ရပ်ကျိုးရွာကျိုးအတွက်၊ ထို့မှတဆင့် မြို့နယ်-တိုင်း-နိုင်ငံ အကျိုးအတွက် စသည်စသည် …။



၁၈နှစ် ၆လပတ်လုံး လူမှုဝန်ထမ်းဘဝဖြင့် အချိန်ကုန်ကာ ဝမ်းစရှာခဲ့ရ၏။ ထိုလူသား၏ ဘဝ နောက်ဆုံးခရီးတွင် မိမိချစ်ခင်မြတ်နိုးရသည့် ဇနီးမယား သမီးသားနှင့် ဆွေမျိုးများကို ထာဝရအပြီး အပိုင် ခွဲခွါသွားရတော့မည်ဆိုလျှင် ထိုလူသားအတွက် လူ့ချမ်းသာ ဆိုသည်မှာ အင်မ တန်မှ နည်းပါးလှပေသည်။



အို.... စာရှုသူ သူငယ်ချင်းအပေါင်းတို့…. လူ့ဘဝရခိုက် ဘုရားသာသနာတော်နှင့်လည်းကြုံခိုက် လူ့သက်တမ်းဟာ တကယ်ပင် တိုတောင်းလှသမို့ မဝေးတော့တဲ့ သေခြင်းတရားကိုပြေးမြင် ဆင်ခြင်ကာ လူ့ချမ်းသာအစစ်(ကုသိုလ်တရားများ)ကို အရယူပြီး ပျော်ရွှင်နိုင် ကြမယ်ဆိုရင်........အောက်ပါကဗျာဖြင့် ဂုဏ်ပြုလိုက်ချင်ပါသည်။



လူ့အသက်… အလုအယက်တစ်ရာ။

အိပ်ခြင်း ထက်ဝက်ခြမ်း… ခြမ်းဝက်နိုးလာ။

ဗာလနဲ့ဇရာ… တာတဝက်ကုန်သွား။

ဗျာဓိရယ် လာငြိတယ် မကြာမကြာပေါ့

တခါတခါ သေလောက်နီးပါပဲ။

ကြီးလိုက်လေ လူမှုထမ်းရာက

ဝမ်းစာရှာ ခင်တာနဲ့ခွဲရရင်

သုခရယ်ဆိုဖို့ပဲ

နည်းလှချည်လား…။


by ဇဝန အရှင် on Tuesday, March 20, 2012 at 4:42am

No comments:

Post a Comment