Monday, May 28, 2012

တစိမ့်စိမ့်တွေးမယ်

သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။

အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။

ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှူ လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။

မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။

သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။

ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။

အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။

ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။

တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။

သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်၊ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။

ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

ဆရာတော် ဦးဇောတိက

Shared from Shwe Yee

No comments:

Post a Comment