Saturday, May 19, 2012

မွေးနေ့ဆိုတာ ခန္ဓာအိမ်ရတာပဲ

ဘဝပစ္စာယာ ဇာတိ..မြတ်စွာဘုရားဟော ပါဠိအရ ကမ္မဘဝကြောင့် ဥပပ္ပတ္တိဘဝဖြစ်တယ်။ တနည်း ပြောရရင် အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ယခုဘဝမှာ လာပြီး လူဖြစ်တယ် တိရိစ္ဆာန်ဖြစ်တယ်။ လူဖြစ်ရင် ဘဝရတယ်။ ဘဝရရင် ခန္ဓာရတယ်။ ခန္ဓာဘယ်အချိန်ကစပြီး ရခဲ့တာလဲ။ အမိ ဝမ်းကကျွတ်လို့ မွေးဖွားတဲ့နေကစပြီး ခန္ဓာရခဲ့တယ်။ ဒါကြောင့် မွေးနေ့၊ မွေးနေ့ဆိုတာ ခန္ဓာအိမ်ကိုရတဲ့နေ့၊ ခန္ဓာတည်ဆောက်တဲ့နေ့။

လောကမှာ ကိုယ်နေဖို့အိမ်ဆောက်ကြရင် အိမ်ပုံစံလှလှကလေးတွေကို ရွေးချယ်ပြီး ဆောက်ကြတယ်။ ဆောက်ပြီးတော့ ပိုလှအောင် ဆေးရောင်အမျိုးမျိုး သုတ်ကြတယ်။ ဒီတော့ အိမ်ကလေးဟာ နေချင်စရာ ကောင်းလိုက်တာလို့ တွေ့မြင်တဲ့ လူအားလုံးက ချီးကျူးကြတယ်။မျက်စိ ကျကြတယ်။ ဒီအတိုင်းပါပဲ။ မိမိ ခန္ဓာကိုယ်အိမ်ကလေး လှလှပပ၊ သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ် ဖြစ်ချင်ရင် လက်သမားအငှားမမှား စေနဲ့။

အကုသိုလ်ကံ လက်သမားကတော့ ဖြစ်ကလက်ဆန်းတော်သလို လျော်သလို ပြီးပြီးရောဆိုပြီး ရွဲ့ရွဲ့ စောင်းစောင်း အမြန်ပြီးစလွယ် ဆောက်တတ်တဲ့ အကျင့်ရှိတယ်။ မြန်စောင်းပျက်တာ အကုသိုလ်ကံ လက်သမားပါ။ လောက ကတော့ မြန်ကောင်းသက်သာတဲ့။ မြန်ရင်မကောင်းနိုင်ဘူး။ သက်သာချင်ရင်တော့ သက်သာကောင်းသက်သာမယ်။ ဒီကနေ့ ဈေးနဲ့ မနက်ဖြန်ဈေးမတူလို့ပါပဲ။

ကုသိုလ်ကံ လက်သမားကတော့ ကျကျနန ဒီဇိုင်းလှလှ စရွေးကျကျခိုင်ခံလှပအောင် ဆောက်တတ်ပါတယ် အကုသိုလ်ကံ လက်သမားဆောက်တဲ့ အိမ်နှင့် ကုသိုလ်ကံလက်သမားဆောက်တဲ့အိမ် နှိုင်းယှဉ်ကြည့်လျှင် လုံးဝမတူပါဘူး။

အဲဒါကြောင့် ဘဝခန္ဓာအိမ်လှလှပပ ဆောက်ချင်ရင် ရချင်ရင်ကုသိုလ်ကံ လက်သမားနဲ့ပေါင်းဆောက်ဖို့ လိုပါတယ်။ ဆောက်ပြီးတဲ့ ဘဝခန္ဓာအိမ် အသစ်ကလေးဟာ လှလို့ပလို့ တင့်တောင့်တင့်တယ် ကျက်သရေ ရှိရှိ အကြောင့်မကြ မတောင်းမတ နေရ ထိုင်ရတတ်ပါတယ်။

အဲဒီလို ဘဝခန္ဓာအိမ်အသစ်ပေါ် နေရတယ်ဆိုပြီး မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေဖို့လည်း မသင့် မြတ်ဘူး။လောကတိုက်အိမ်ကြီး ဆောက်လုပ်ပြီးလို့ တစ်နှစ်ကြလာတော့ အရောင်တွေ မှိန်လာတတ်ပါ တယ်။ရေညှိတွေ နံရံမှာ တက်လာတတ်ပါတယ်။ အဲဒါလိုဖြစ်လာရင် တိုက်အိမ်ရှင်က ပိုက်ဆံနှမြောမနေဘဲ သတိ ဝီရိယထားပြီး တစ်ခါ နှစ်ခါ ဆေးသုတ်ပေးရင် တိုက်အိမ်ကြီးဟာ ပကတိ အသစ်ကဲ့သို့ ကောင်းမွန် လှပ နေမှာဖြစ်ပါတယ်။

အဲဒီအတိုင်းပါပဲ။ မိမိတို့ ရရှိထားတဲ့ ဆောက်လုပ်ထားတဲ့ လူ့ဘဝခန္ဓာအိမ်ကို ထာဝရလှပအောင် တစ်နှစ် တစ်ခါဆိုသလို မွေးနေ့ကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ဆေးရောင်တွေ သုတ်သင့်ပါတယ်။ ကုသိုလ်ဆေး ရောင်တွေ ခြယ်သလိမ်းကျံတစ်နှစ်တစ်ခါ သုတ်ပေးမယ်ဆိုရင် လူ့ဘခန္ဓာအိမ်ဟာလည်း အမြဲထာဝရ အသစ်ကဲ့သို့ လှပသေသပ် ကျက်သရေမင်္ဂလာရှိနေမှာဖြစ်ပါတယ်။

ဒါကြောင့် လူ့ဘဝခန္ဓာအိမ်မှာ ကပ်နေတဲ့ အကုသိုလ် ရေညှိတွေခြစ်ထုတ်ပြီး ကုသိုလ်ဆေးရောင်တွေ တစ်နှစ် တစ်ခါ သုတ်နိုင်ကြပါစေ။ ကုသိုလ်ဆေးရောင်တွေခြယ်သ သုတ်လိမ်းရတဲ့ အတွက် ယခုဘဝမှာ လည်း ချမ်းသာသုခ အဝဝရရှိကြ၍ နောင်ဘဝမှာလည်း အထက်တန်းချမ်းသာများကို ရရှိခံစား သုံးဆောင်နိုင် ပါစေ။ တစ်နှစ်တစ်ခါလည်း ဘဝခန္ဓာအိမ်ကို ကုသိုလ်ဆေးရောင်တွေ သုတ်လိမ်းနိုင်ကြပါစေ အကုသိုလ် ရေညှိတွေကိုလည်း ခြစ်ထုတ်နိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိနိုင်ငံ)

http://www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။


Posted by ashinwimalawuntha on ဇန်န၀ါရီ 6, 2012 at 9:39pm

No comments:

Post a Comment