Friday, May 25, 2012

နေရင်းထိုင်ရင်း... သွားရင်းလာရင်း...



လူတွေက ကိုယ်ဘယ်တော့ သေရမလဲဆိုတာကို မသိနိုင်ကြဘူး။ မသိနိုင်ကြတာထက် ပိုဆိုးတာက သေမယ်လို့ကို မထင်တာ။ အစီအစဉ်တွေချကြတယ်။ အဲဒီအစီအစဉ်တွေ မပြီးမြောက်ခင် (သို့) မစကို မစလိုက်နိုင်ခင်မှာပဲ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာကို မဆင်ခြင်မိကြတာ များပါတယ် (ခိုင် အပါအ၀င်ပေါ့)။ အဲဒီတော့ တရားအားထုတ်ဖို့ဆိုလည်း ပင်စင်ယူပြီးမှ၊ အသက်ကြီးမှ၊ ကျောင်းပြီးမှ၊ အလုပ်ကိစ္စတွေ ရှင်းလင်းပြီးလို့ အချိန်တွေ အားသွားတော့မှ ဆိုပြီး ရွှေ့နေကြတာ။
တကယ်တမ်းကတော့... ပင်စင်မယူမီ၊ အသက်ကြီးခွင့် မရလိုက်မီ၊ ကျောင်းလေးတောင် ပြီးအောင် မတက်နိုင်ခင်၊ အလုပ်ကိစ္စတွေအားလုံး မရှင်းလင်း မပြီးမြောက်နိုင်သေးခင်မှာကိုပဲသေသွားနိုင်ပါတယ်။ စီစဉ်ထားတာတွေ ဘာမှဖြစ်မလာခင်၊ မပြီးမြောက်ခင်မှာတင်ကိုပဲ သေမင်းက ၀ရုန်းသုန်းကားနဲ့ လာခေါ်ရင် ကမန်းကတန်း ကောက်ထပြီး လိုက်သွားလိုက်ရမှာ။

အရှင်ဆန္ဒာဓိက ဟောထားသလိုပေါ့... အားမှ သေမှာလား၊ သေမှ အားမှာလား... ဆိုတာ။ ခိုင်ကလည်း လောလောဆယ် စာမေးပွဲတွေ ဖြေထားတော့ စာမေးပွဲဥပမာတွေပဲ စဉ်းစားမိနေတယ်။ ဥပမာ... မနက်ဖြန် အရေးကြီးတဲ့ ခက်ခဲတဲ့ စာမေးပွဲကြီးတစ်ခု ဖြေရမယ် ဆိုရင် သေချာတာက ဒီနေ့မှာ ငါးရံ့ပြာလူး ဖြစ်နေမှာပဲ။ စိုးရိမ်ပူပန်မှုတွေနဲ့ စာနဲ့ ခေါင်းနဲ့မခွါနိုင်အောင် ဖတ်နေရမှာ။ အဲဒီလို ကိုယ့်အတွက် အရေးကြီးတဲ့ စာမေးပွဲဖြေရတော့မယ့်အချိန်မှာ တစ်ယောက်ယောက်က လာပြောတယ်... နင့်ရဲ့ သေခြင်းတရားက အချိန်မရွေး ရောက်လာနိုင်တယ်နော်... ဒီနေ့ တရားလေးမရရအောင် ထိုင်လိုက်၊ မှတ်လိုက်ပါဦးဆိုရင် (မှတ်နေကျသူ မဟုတ်ခဲ့ရင်) လာပြောတဲ့သူကို ဒေါသတောင် ထွက်လိုက်ဦးမယ်။ ... ငါ ဒီလောက် စိတ်ပင်ပန်း၊ လူပင်ပန်းပြီး အရေးကြီးနေတာကို ဒါတွေ လာပြောနေသေးတယ် ဆိုပြီးတော့ပေါ့။

မဟုတ်မှ လွဲရော၊ မသေမှ ရှင်ရော... တကယ်တမ်းသာ စာမေးပွဲကြီးက မနက်ဖြန် နေ့လယ် ၁ နာရီမှာ ဖြေရမယ်။ ကိုယ်သက်တမ်းက မနက် ၁၁း၃၀ မှာတင် ကုန်နေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဖတ်လို့မပြီးသေးတဲ့ စာမျက်နှာတွေကိုပဲ ထိုင်ဖတ်ရမှာလား၊ တရားပဲ ထအားထုတ်ရမှာလား။ (စာမေးပွဲ ဖြေဖို့သွားရင်း... ကျောင်းမရောက်ခင် သေခဲ့သူတွေလည်း နည်းမှာ မဟုတ်တော့ဘူးနော်။ အရေးကြီးတဲ့ အလုပ်အစည်းအဝေး မသွားမီ အကြောင်းကြောင်းကြောင့် သေခဲ့ရသူတွေလည်း ရေလို့ကုန်နိုင်မှာ မဟုတ်တော့ဘူး။)

ဟိုတစ်လောက ဖတ်လိုက်ရတဲ့ တရားလေးကို တော်တော်သဘောကျမိပါတယ်။
ပြောနေကျ၊ သုံးနှုန်းနေကျ စကားပုံလေးကို အမှန်ကန်ဆုံးဖြစ်အောင် ပြန်ပြုပြင်ထားတဲ့ စာလေးပါ...
ငယ်တဲ့အရွယ်မှာ ပညာလည်းရှာ၊ တရားလည်းရှာ...
လတ်တဲ့အရွယ်မှာ စီးပွားလည်းရှာ၊ တရားလည်းရှာ...
ကြီးတဲ့အရွယ်မှာ တရားလည်းရှာ၊ တရားလည်းဆက်ရှာ... တဲ့။ အရှင်ဆန္ဒာဓိက ဟောထားသလိုမျိုး... ဘုရားကတော့ ၀င်သက် မထွက်မီ နဲ့ ထွက်သက် မ၀င်မီမှာကိုတင် သေနိုင်တယ်လို့ နှလုံးသွင်းပြီး တရားအားထုတ်ရမယ်တဲ့။ ဒါပေမယ့် သေမယ်လို့ကို မထင်ထားတဲ့ ခိုင်တို့လို သာမန်လူတွေအနေနဲ့ကတော့ အဲဒီလောက်ကြီး နီးနီးကပ်ကပ် သေခြင်းတရားကို နှလုံးမသွင်းနိုင်ရင်တောင် ဒီနေ့က ဒီဘ၀ရဲ့ နောက်ဆုံး အသက်ရှင်ရမယ့်နေ့။ မနက်ဖြန်ဆိုရင် သေရတော့မယ်လို့ကို နှလုံးသွင်းလိုက်ပါတော့တဲ့။

အဲဒီလိုလုပ်မှပဲ ဘာမပြော၊ ညာမပြော အချိန်မရွေး လာခေါ်မယ့် သေမင်းနောက်ကို စိတ်ချလက်ချ အေးအေးချမ်းချမ်းလေး လိုက်နိုင်မယ် ထင်ပါတယ်။
ခိုင် စဉ်းစားမိတာလေးကို ပြန်ပြောပြရုံပါ။ ကိုယ်တိုင်ကတေ့ အစချီဖို့ ချီမယ့်အစကို လိုက်ရှာနေရတုန်းပါ... :)
ခိုင်ခိုင်

http://www.mediafire.com/?z4ewrbogxzubfqy.

No comments:

Post a Comment