Monday, May 14, 2012

အမေ့ စိတ်ထဲကအတိုင်း ဖြစ်ပါစေ

ဘုန်းဘုန်း ဦးပညာ(ပဉ္စနိကာယ်)

မင်္ဂလာပါ ကလေးတို့ရေ-


ဒီလမှာတော့ ကလေးတို့ကို အဆောင်ကောင်းကောင်း ပေးလိုက်ပါတယ်။ ဘယ်လို အခက်အခဲ အကြပ်အတဲတွေနဲ့ ဘဝမှာ ကြုံနေပါစေ အဲဒီ အခက် အခဲတွေကို လွန်မြောက်ဖို့ အန္တရာယ်ကင်းဖို့ ဘုန်းဘုန်းပေးတဲ့ အဆောင်လေးကိုသာ မြဲမြဲစွဲစွဲ ယုံယုံကြည်ကြည် ဘဝ တစ်လျှောက်လုံး ဆောင်ထားရင် ကလေးတို့အဖို့ အရာအားလုံးဟာ “အေးဆေးဘဲ”နော်။

ဒီစာရေးနေတဲ့အချိန်က ကျောင်းသား ကျောင်းသူတွေ တက္ကသိုလ်ဝင်တန်း ဖြေနေတဲ့ အချိန်နဲ့တိုက်ဆိုက်နေလို့ ဘုန်းဘုန်း သတိထားမိတာလေးကို ကလေးတို့လည်း သတိပြုစေဖို့ ရေးပြလိုက်ရတာပါ။

စာမေးပွဲမဖြေဆိုခင် တစ်ရက်အလို အသိဒကာမတစ်ဦးနဲ့ တွေလို့ “ဒေါ်ဆင့်၊ ဘာလို့ရအောင် ရန်ကုန်လာတာလဲ”လို့ ဘုန်းဘုန်းက မေးမိတယ်။ သူ့သား စာမေးပွဲ ဖြေမှာမို့ စောင့်ဖိုလာတာလို့ အဲဒီ ဒကာမက ပြန်ပြောတယ်။

အော်-ကလေးတို့ရေ ဒကာမဆိုတာ အမျိုးသမီးများကို ဘုန်းကြီးများက ခေါ်ဆိုရတဲ့ အခေါ်စကားဖြစ်တယ်။

အဲဒီ အသိ ဒကာမက ဖျာပုံမြို့နယ်ထဲက ခါးပြတ်ဆိုတဲ့ ဟို ပင်လယ်ကမ်းစပ်ရွာကနေ ရန်ကုန် ဘော်ဒါဆောင်မှာ ကျောင်းအိပ် ကျောင်းစား ထားတဲ့ သူ့သား တက္ကသိုလ်ဝင်တန်းဖြေမှာမို့ စာမေးပွဲရက်မှာ စောင့်ရှောက်ပေးဖို့ အဝေးကြီးကနေ လာရတာကွဲ့။

မိဘတွေက ဘော်ဒါဆောင်တွေမှာ ကလေးတို့ ပညာရေးအတွက် ငွေတွေ အများကြီး အကုန်အကျခံပြီး ထားပေးကြ ရတယ်။ ဒါနဲ့မပြီးနိုင်သေးဘူး စာမေးပွဲဖြေတဲ့ရက်တွေမှာလည်း ကလေးတို့ စားစရာ သောက်စရာ စီမံပေးကြရတယ်၊ အိပ်ရေး မပျက်အောင်၊ ကျန်းမာရေး ကောင်းအောင် ဂရုစိုက် ပေးခဲ့ကြရတယ်။

ကလေးတို့က အရိပ်ကောင်းတဲ့ ကျောင်းဆောင်တွေ အထဲမှာ စာမေးပွဲဖြေနေကြသလို၊ ကလေးတို့ရဲ့ အမေတွေက အရိပ် မကောင်းတဲ့ကျောင်းပြင် ဖက်မှာ ကလေးတို့ စာမေးပွဲကောင်း ကောင်းမွန်မွန် ဖြေနိုင်ပါစေကြောင်း အချိန်ပြည့် ဆုတောင်း ပေးနေကြရတယ်။ ညကြတော့လဲ ကလေးတို့နဲ့အတူ စာကူ ကျက် ပေးကြပြန်ရော၊ အမေတွေလည်း ပင်ပန်းကြမယ်ဆိုတာကိုရော ကလေးတို့ သတိထားမိကြရဲ့လား။

ဒါတင်လားဆိုတော့ မဟုတ်သေး၊ ကလေးတို့က စာမေးပွဲဖြေပြီးလို့ အိမ်မှာ ခေတ္တ နားနေချိန်မှာ မေမေက ရွှေတိဂုံ ဘုရားတက် နောက်နေ့ စာမေး ပွဲဖြေမဲ့ ကလေးတို့အတွက် ညောင်ရေအိုးမှာ ပန်းသပြေဆိုတဲ့ အောင်ပန်းတွေထိုးပြီး ဆုတောင်း ပေးကြရပြန်တယ်။ အိမ်ဘုရားဆောင်မှာလည်း တက်ကျွမ်း နားလည်ကြတဲ့ ဗေဒင်ဆရာများထံမှ အကြံဉာဏ်ကို ယူပြီး ချေထားလိုက်တဲ့ယတြာတွေ၊အဆောင်တွေကလည်း ဘုရားရှေ့မှာ အပြည့်မှ အပြည့်ဘဲနော်။ တွေ့ရဲ့မို့လား။

အဲဒီရက်မှာ ဘုန်းဘုန်းကျောင်းထဲ ဂန့်ဂေါ်ညွန့်၊ အုန်းညွန့်လာတောင်းကြတာတွေ များလှတယ်။ စာမေးပွဲဖြေမဲ့ သားအတွက်၊ သမီးအတွက် ယကြာချေ ဖို့လေ။ ကလေးတို့ရဲ့ ဒီကနေ့ခေတ် မိဘတွေက အများစု ခေတ်ပညာတတ်တွေမို့ ကိုယ့်သား သမီး စာကျက်မှ၊ စာကျေမှ အောင်နိုင်တယ်ဆိုတာ သိကြပေမယ့် သားလေးအတွက်၊ သမီးလေးအဖို့ ဘာဆိုဘာမှမ လိုအောင် မဟုတ်သော်ရှိ ဟုတ်သော်ရှိ ခြေချော် လက်ချော်မဖြစ်စေဖို့ အတက်နိုင် ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြတယ်။

ကလေးတို့ စာမေးပွဲ ဖြေကြတဲ့ရက်တွေမှာ ကလေးတို့ မေမေတွေ စိတ်မောလူမော ဖြစ်ခဲ့ကြပေမယ့် သားသမီး အ ရေးကိစ္စဆိုတဲ့ ဇော(စိတ်) ကပ်နေလေတော့ မောရမှန်း၊ ပင်ပန်းရမှန်း မသိကြဘူးနော်။ အမေတွေရဲ့ မေတ္တာစိတ်ဟာ အတော် အံ့ဩစရာကောင်းလှတာကို သိစေချင်လို့ ကလေးတို့ကို ရေးပြရတာပါ။

ကလေးတို့ကိုယ်တိုင် စာမေးပွဲခန်းထဲ ဝင်သွားစဉ် ကြည့်နေတဲ့ အမေရဲ့ အားပေးအကြည့်၊ စာမေးပွဲခန်းထဲမှ ဖြေပြီးလို့ ထွက်လာတဲ့အခါ ဖြေဆိုနိုင်လို့ ကြည်လင်ရွှင်ပြတဲ့ မျက်နှာကို မျှော်လင့်ချက်ကြီးစွာကြည့်နေတဲ့အမေရဲ့အကြည့်တွေကို ကလေးတို့ကိုယ်တိုင် တွေ့မြင်ကြရပြီးမို့ ဘုန်းဘုန်းစကားတွေ ဟာ အပို စကားတွေတစ်လု့းမှ မပါဘူးဆိုတာ နားလည်ကြမှာပါ။

သားသမီးချစ်တဲ့စိတ်၊ သာသမီးကြီးပွား တိုးတက်ချမ်းသာလိုတဲ့စိတ်၊ ပညာတတ်ကြီးတွေ ဖြစ်စေလိုတဲ့စိတ်တွေဟာ မိဘတို့ရဲ့ မေတ္တာကို အခြေခံ တယ်ကွယ်တို့။ အခုလို အမေတွေ အဲလို စောင့်ရှောက်နိုင်အောင်လို့ ဖေဖေတွေက နောက်မှနေပံ့ပိုးပေးနေကြတယ်ဆိုတာကိုလည်း ကလေးတို့ သိနေကြရပါမယ်။

ကလေးတို့ဘဝတစ်လျှောက်လုံး အားပေးအကြည့်၊ မျှော်လင့်ချက် အကြည့်တွေနဲ့ ကြည့်လေ့ရှိတဲ့ မိဘတွေရဲ့ မျက်နှာကို ဖတ်တတ်၊ မြင်တတ်ကြပြီး မိဘတွေရဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေကို အကောင်အထည်ဖေါ်နိုင်အောင် ကလေးတို့ အားထည့်ပြီး စာကို ကျိုးစားကြရမှာ။

အဲလိုမှ မိဘတွေ မျှော်လင့်ထားသလိုမျိုး မကြိုးစားနိုင်ရင်တော့ မိဘတွေကို အားနာစရာ ကောင်းလှတယ်၊ မိဘတွေက ကိုယ်အပေါ် အလွန်ကောင်းပါလျှက် ကိုယ်က ဘာမှ စွမ်းဆောင် မပေးနိုင်ဘူးဆိုရင် ရှက်စရာကြီးနော်၊ ဘုန်းဘုန်းတော့ မျက်နှာ ပူတယ်၊ အဲ ပြောစရာလေး ကျန်သွားတယ်၊ မိဘတွေအကြည့်မှာ တစ်ချိန်ချိန်မှာ ငါ့သား/ငါ့သမီးကို အားကိုးရမယ်ဆိုတဲ့ အကြည့် ကတော့ လုံးဝ(လုံးဝ)ကို မရှိတာ။ မိဘဆိုတာ သားသမီးတွက် ပေးဆပ်သူ စစ်စစ်တွေသာ ဖြစ်ကြလို့ပါ။ ပေးဆပ်သူတို့နှစ်လုံး သားဆိုတာ မိဘတွေရဲ့စိတ်ကို ပြောတာ။ မိဘတို့ဆန္ဒကို ပြည့်စေခြင်းနဲ့ မိဘကျေးဇူးကို သိတတ်ကြရမယ်။

ကလေးတို့ အရွယ်ရောက်လာလို့ လူလောကကြီးထဲ ကိုယ်တိုင် ပါဝင် ပတ်သက်ရပြီးဆိုတဲ့ အချိန်ကြရင် အားပေးကြည့်၊ အားကိုးကြည့်၊ အဖျက်ကြည့်၊ အဖြေ့ကြည့်စတဲ့ လောကရဲ့ အကြည့်မျိုးစုံကို ကိုယ်တိုင် အကြည့်ခံရပြီဆိုရင် မိဘတွေရဲ့ အကြည့်ဟာ ဖြည့်ပေးဖို့ ကြည့်တဲ့ အကြည့်ဆိုတာကို နားလည်ပါလိမ့်မယ်။ လောကမှာ သူတစ်ပါးအတွက် ဖြေ့ပေးပို့ ကြည့်တဲ့ အကြည့်ဟာ ဘုရားနဲ့ မိဘကလွဲပြီ တခြားမရှိနိုင်ဘူး။ ဒါကြောင့် မိဘဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းလို့ ပြောကြတာပေါ့။

သားသမီးတို့အဖို့ အကြီးကျယ်ဆုံးနဲ့ အနက်ရှိုင်းဆုံး မေတ္တာရှင်ဟာ မိဘများသာ ဖြစ်ကြပါတယ်။ မြေကြီးရဲ့ ကျယ်ပြန့်ခြင်းဟာ မိဘမေတ္တာ နဲ့ နှိုင်းယှဉ်က ဝါးရွက်လောက်ပဲ ရှိသတဲ့။ မြင့်မိုရ်တောင်ရဲ့ မြင့်မားခြင်းဟာ မိဘမေတ္တာနဲ့နှိုင်း ယှဉ်က နွားဦးချိုမျှဖြစ်သတဲ့။ မဟာသမုဒ္ဒရာရဲ့ နက်ရှိုင်းခြင်းဟာ မိဘမေတ္တာနဲ့ နှိုင်းယှဉ်က နွားခြေရာခွက်ထဲက ရေလောက် သာရှိသတဲ့။ မိဘတို့ရဲ့မေတ္တာဟာ ရေထု မြေထုတို့ထက်မက ကြီးကျယ်ခြင်း၊ အတိုင်းအဆမဲ့ခြင်း၊ အကန့်အသတ်မဲ့ခြင်း၊ သိပ်သည်းခြင်းတို့ အပြည့်အဝရှိတယ်။
ဒါ့အပြင် သားသမီးဒုက္ခ မရောက်လိုတာလည်း မိဘတွေဘဲဖြစ်တြယ်။ ဘယ်မိဘကမှ ကိုယ့်သား သမီးဒုက္ခရောက်အောင် ချောက်တွန်းတယ် ဆိုတာမျိုး ရှိကိုမရှိတာ။ ဒုက္ခရောက်တဲ့ သားသမီးကို အသက်စွန့်ပြီး ကယ်တတ်တာလည်း လောကမှာမိဘ တွေဘဲရှိတယ်။ သားသမီး ဒုက္ခရောက်ရင် နှလုံးကြေမွ ဝမ်းနည်းကြတာလည်း မိခင်တွေသာ ဖြစ်ကြတယ်။ ကလေးတို့ နေထိုင် မကောင်းရင် အနားမှာ စိတ်ပူနေကြတာ အမေတွေဘဲ မဟုတ်လား။

မိဘကို ကိုယ့်ကြောင့် စိတ်မဆင်းရဲစေကြနဲ့၊ မျက်ရည် မကျစေကျနဲ့၊ မေမေဖေဖေတို့ကို အမြဲတမ်း အားရကျေးနပ်စေတဲ့ သားသမီးတွေ ဖြစ်ကြ ရမယ်နော်၊ ဘာလို့လဲဆိုရင် မိဘတွေက သူ့တို့ထက်ပင် ကလေးတို့ကို ဂရုစိုက်ကြလို့ပေါ့။

ဘုန်းဘုန်းဖတ်ဖူးတဲ့ ပုံပြင်ကလေး တစ်ပုဒ်အကြောင်း ကလေးတို့ကို ပြောပြရဦးမယ်။ ပုံပြင်ကလေးက [B]English by stages-READING BOOK-2[/B] စာအုပ်မှာ [B]Mother[/B][B]’[/B][B]s Love[/B] ဆိုတဲ့ စာအုပ်ကလေးထဲမှာပါတယ်။

တောင်ခြေနားမှာ ရွာကလေတစ်ရွာရှိသတဲ့။ တောင်က အလွန်ကြီးမမြင့်လို့ တက်လို့တော့ လွယ်ပါတယ်။ ဒါပေမယ့် အဲဒီ တောင်မှာ နံရန်လို ချွန်တက်နေတဲ့ တောင်ထွဋ်လည်း ရှိပါသတဲ့။ စင်းလုံးချောမတ်စောင့်နေလို့ တက်ဖို့ခက်ခဲသတဲ့။

ရွာကလေမှာ ငယ်ရွယ်ကြတဲ့ လက်လုပ်လက်စား လင်မယားနှစ်ယောက်နဲ့ လသားအရွယ် ကလေးငယ်ကလေးရှိတဲ့ မိသားစု လည်း နေကြပါ တယ်။ နေ့စဉ်မနက်တိုင်း လင်သားက မိုးလင်းတာနဲ့ အပြင်ထွက်အလုပ်လုပ်ရပြီး၊ ဇနီးသယ်ကလေး ကတော့ ကလေးထိန်းရင်း အိမ်အလုပ်တွေ နေ ကုန် လုပ်နေရလို့ ကလေးနားမှာ အမြဲမရှိတတ်ဘူး။

ခုလို နွေရာသီရဲ့ နေ့လယ် အိမ်အပြင် အရိပ်အောက်မှာ ကလေးငယ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး၊ အိမ်မွေး ခွေးကလေးက ကလေးငယ်ရဲ့ ပုခက်ခြင်းကလေးဘေးမှာ စောင့်ရှောက်နေပါတယ်။ အမေဖြစ်သူက အိမ်ထဲမှာ အိမ်အလုပ်တွေ လုပ်နေပါတယ်။ ထိုအခိုက် သိမ်းငှက်ကြီး တစ်ကောင်ဟာ ထိုးဆင်းပြီး သားငယ်နဲ့အတူ ပုခက်ခြင်းကို သုတ်ချီ သွားပါတယ်။ ခွေးကလေးက ခုန်အုပ်ပေမယ့် နောက်ကျသွားလို့ ကလေးငယ်လေးကို မရလိုက်ဘူး။

ငှက်ကြီးက တဖြေးဖြေး တောင်ထွဋ်ဖက်သို့ ဦးတည်ပျံသန်းပြီး တောင်ထွဋ်ပေါ်မှာ ပုခက်ခြင်းကို ချထားကာ အဝေးသို့ ပျံသွားတယ်။ ရွာသူရွာသားတွေ တစ်ရွာလုံး ပြေးထွက် လာကြပြီး ခြောက်လှန့်ကြတယ်။ အမျိုးသမီးများဆို စိုးရိမ်စိတ်ကြောင့် မျက်နှာတွေ ဖြူဖတ် ဖြူယော် ကို ဖြစ်လို့ပေါ့ ။ ယောကျာ်း သားများက ရဲရင့်ကြပေမယ့် တောင်ပေါ်ကိုတော့ ဘယ်ယောကျာ်းမှ မတက်ရဲကြဘူး ဖြစ်နေကြတယ်။

ထိုအခိုက် တောင်ပေါ်သို့ တရွှေ့ရွှေ့နဲ့ အမျိုးသမီးငယ်တစ်ဦး တက်လာတာကို မြင်လိုက်ကြရပါတယ်။ တောင်ခြေက ရွာသူရွာ သားတွေက အန္တရာယ်ရှိ တယ်၊ သေလိမ့်မယ် ပြန်ဆင်းခဲ့ပါလို့ တကြော်ကြော် အော်နေကြပေမယ့် အမျိုးသမီးငယ်က မကြားသလို ခက်ခက်ခဲခဲ ကုပ်ကပ်ပြီး တက်မြဲတက်နေ ပါတယ်။ ကလေးတို့ရေ အဲလို ခက်ခက်ခဲခဲ တက်လာတဲ့ အမျိုးဟာ ကလေးရဲ့ အမေဖြစ်တယ်။

တောင်ထွဋ်ပေါ်ရောက်သွားတော့ သားငယ်ရဲ့ခြင်းဘေးမှာ အိပ်လှဲပြီး သားငယ်ကို ပွေ့ကာ နမ်းနေပါတယ်။ ခဏအမောဖြေပြီး ပုခက်ခြင်း တောင်းမှာ သားငယ်ကို ပြန်ထည့်ပြီး ဆင်ဖို့ပြင်ပါတော့တယ်။ မက်စောက်တဲ့ စင်းလုံးချောတောင်ဟာ တက်ရန်ခက်သလို၊ ဆင်းတာက ပိုပြီးခက်ပါတယ်။ အန္တရာယ်လည်း သိပ်ကြီးပါတယ်။ မိခင်ငယ်ဟာ တရွှေ့ရွှေနဲ့ ဆင်းလာနေပါတယ်။ တောင်ခြေကကြည့်နေတဲ့ လူတွေမှာတော့ အသက်တောင်ပြင်းပြင်း မရှုရဲကြဘူး၊ စိုးထိတ်နေကြတယ်။ ယခု ဆင်းလာတာက အတက်လို တစ်ယောက်ထဲမဟုတ်၊ လက်တစ်ဖက်က ပုခက်ခြင်းကိုကိုင်ပြီးဆင်နေရတာမို့ အတက်ထက်ကို အချိန်ပိုကြာနေတယ်။

ရဲရင့်တဲ့မိခင်ငယ်ဟာ လိမ့်မကျဘဲ ကလေးနဲ့အတူ တောင်ခြေကို အန္တရာယ်ကင်းစွာ ပြန်ဆင်းနိုင်ခဲ့တယ်။ အဲဒီမှာ စာရေးဆရာက We only know that sometime a mother's love can do '' impossible'' things. (မိခင်ရဲ့မေတ္တာဟာ တစ်ခါတစ်ရံမှာ မဖြစ်နိုင်တဲ့ အရာတွေကိုတောင် ဖြစ်နိုင်စွမ်းရှိတာကို ကျွန်ုပ်တို့ သိလိုက်ရတယ်)လို့ မှတ်ချက်ချပြီး ပုံပြင် ကလေးကို အဆုံး သတ်ပေးထားတယ်။

နိုင်ငံရပ်ခြား စာရေးဆရာရဲ့ ပုံပြင်ကလေးဖြစ်ပါတယ်။ ဒီပုံပြင်ကလေးကို ထောက်ဆကြည့်ရင် ဘယ်လူမျိုးမဆို မိခင်ရဲ့မေတ္တာဟာ သားသမီးအပေါ် နက်ရှိုင်းခြင်း ၊ကြီးမားကျယ်ပြန့်ခြင်း၊ အလေးထားတတ်ခြင်း ဆိုတာကို တွေ့နိုင်တယ်။

နောက်ဇာတ်တော်လေးတစ်ခုကတော့ မိဘတွေဟာ သားသမီးတွေကို ဆုံးမကြတဲ့အခါ အသံတွေ၊ ဟန်မူအရာတွေဟာ မာကြောခက်ထန် ကြမ်းတမ်းချင်းကြမ်းတမ်းပါလိမ့်မယ်။ ဒါပေမယ့် နှလုံးသား(စိတ်)ကတော့ ထာဝရနူးညံ့ကြတယ်။

ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်တွေထဲမှာ မိဘများဟာ နှုတ်ထွက်စကားသံဟာ ကြမ်းတမ်း မာကြော ချင်မာကျောကြပေမယ့် သူတို့စိတ်ကတော့ သားသမီးတိုင်းအပေါ်မှာ မှဲ့တစ်ပေါက်တောင် အစွန်းအထင်းမခံလိုကြဘူးဆိုတာကို ဒီလို ဟောပြထားတော်မူပါတယ်။

သားက တောထဲကို အမဲလိုက် သွားချင်လို့ အမေကို ပူဆာနေတယ်။

အမေက အမဲလိုက်တယ်ဆိုတာ တိရစ္ဆာန်တွေရဲ့ အသက်ကို သတ်ရတာမို့ မကောင်းတဲ့ အကုသိုလ်အလုပ်မို့ မလုပ် စေချင်လို့ သားကို အမေက“နင့်ကို တောထဲရောက်ရင် တောကျွဲကြီး ခတ်သတ်ပါစေဟယ်” လို့ မသွားစေချင်လို့ ကျိန်ဆဲလိုက် ပါတယ်။

အမေတွေရဲ့စိတ်မှာ သားသမီးအပေါ်ကျရောက်တော့မဲ့ အန္တရာယ်ကို ကြိုပြီးသိနေဟန်တူရဲ့။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ တောထဲအရောက်မှာတော အမေကျိန်ဆဲသလို တောကျွဲကြီးနဲ့ ပက်ပင်းတိုးတော့တာပါဘဲ။

တောကျွဲကြီးကလည်း ဦးဂျိုဝှေ့ပြီး ခပ်ရအောင်ပြေးလာနေတယ်။

ဒီအခါမှာ သားဖြစ်သူက “အမေ့စကားအတိုင်း မဖြစ်ပါစေနဲ့၊ အမေ့စိတ်ထဲက အတိုင်း ဖြစ်ပါစေ” လို့ တိုင်တည် လိုက်သတဲ့။ ခပ်ရန်လာ တဲ့ တောကျွဲကြီးက နောက်ဆုတ်ပြန်သွားသတဲ့။

အဲဒါ ဘာကြောင့်လဲ?

အမေ့တွေရဲ့စိတ်ဟာ သားသမီးတွေကို ကျွဲခတ်ခံရဖို့ မဆိုထားနဲ့ မြူမှုန်လေးကျတာကိုပင် လိုလားသူများ မဟုတ်ကြဘူး။ ခုလို့ တောကျွဲကြီး ခပ်ခံရခြင်း ဆိုတဲ့ ဘေးအန္တရာယ် ကင်းသွားခြင်းဟာ အမေ့မေတ္တာကြောင့် ဖြစ်တယ်ဆိုတာကို အသေအခြာ မှတ်သားထားကြပါ ကလေးတို့။ သားသမီးတိုင်းကို ဒုက္ခမရောက်စေ လိုတာ၊ အရာအားလုံး အကောင်းချည်း ဖြစ်စေလိုတာ မိဘတွေရဲ့စိတ်ဖြစ်ပါတယ်။ ၊(ဖရုသာဝါစာအဖွင့်)

ကဲကလေးတို့ရေ-ဘုန်းဘုန်းပေးမဲ့အဆောင်ကတော့ စာမေးပွဲ ဖြေတော့မယ်ဆိုရင်၊ ခရီးထွက်ခါနီး ကားပေါ်တက်ပြီဆိုရင် ဘယ်ကိစ္စမျိုးကိုမဆို လုပ်ဆောင်တော့ မယ်ဆိုရင်၊ “အမေ့စိတ်ထဲကအတိုင်း ဖြစ်ပါစေ” လို့သာ သုံးကြိမ် ယုံယုံကြည် ကြည်လေး ဆိုလိုက်ပါနော်။ ဟုတ်ပြီးလား။

ဒါဆို ကလေးတို့ ဘဝတစ်လျှောက်လုံး အရာအားလုံးဟာ “အေးဆေးပြီး လန်းနေ” လိမ့်မယ်၊ ဆိုတာပါဘဲ။


ဘုန်းဘုန်းဦးပညာ(ပဉ္စနိကာယ်)

Shared from Shwe Yee

No comments:

Post a Comment